← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) ဆေးမီးဖိုဂိုဏ်း ပေါင်းစည်းလာခြင်း

လင်းဖန်၏ “သုံးဦးသုံးဖလှယ်လုံး အနိုင်ရခြင်း” ဆိုသည့် စကားကို ကြားသောအခါ ကြည့်ရှုသူ အများ အပြားမှာ အံ့အားသင့်သွားကြလေသည်။

လင်းဖန်၏ စကားမှာ အမှန်တရားဖြစ်သည်ဟု ခံစားရသော်လည်း တစ်ခုခုတော့ လွဲချော်နေသလို ခံစားချက်မျိုး ပေးစွမ်းနေဆဲ ဖြစ်သည်။ သို့သော် တတိယအဖွဲ့ဖြစ်သော သူတို့ကိုယ်တိုင်လည်း အနိုင်ရ သည်ဆိုသော စကားကို ကြားလိုက်ရသည့်အခါတွင်မူ သူတို့အားလုံးမှာ ပျော်ရွှင်စွာဖြင့် ဝိုင်းဝန်းထောက် ခံကြလေတော့သည်။

အမှန်စင်စစ် ဤသည်မှာ သူတို့အတွက် အမှန်တကယ်ပင် ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ပါလား။

“ဟားဟား...၊ မှန်တာပေါ့...။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဤအဖြူရောင်ဓါးသွား ကို မှော်လက်နက်အဖြစ် အသုံးပြုနိုင်တယ်ဆိုတာက မယုံနိုင်စရာပဲ...။ ဒါက လုံးဝကို ထုံးစံတွေကို ချိုးဖျက်လိုက်တာပဲ...။”

“ဟုတ်တယ်...။ ငါလည်း ခဏနေရင် ဒီရှားပါးရတနာတွေထဲက တစ်ခုလောက်ကို သွားပြီး မှာယူ ရမယ်...။”

“ငါ့ရဲ့ ကျင့်ကြံမှုက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီဆိုတာနှမြောဖို့ကောင်းလိုက်တာ..။ မဟုတ်ရင် ငါ့ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးတစ်လုံး လောက် ဝယ်ချင်မိသေးတယ်...။”

“နှမြောမနေပါနဲ့ဦး...။ ဟင်းလင်းပြင်မျှော်စင်မှာ အဆင့်မြင့်၊ အလယ်အလတ်နဲ့ အသေးစား အားသစ် လောင်းဆေးလုံးတွေလည်း ရှိသေးတာပဲ...၊ ဒါတွေက တိုက်ပွဲတွေမှာ အသုံးဝင်တဲ့ ဆေးကောင်းတွေပဲ လေ...။”

ဆေးမီးဖိုဂိုဏ်းနှင့် ဟင်းလင်းပြင်မျှော်စင်တို့၏ ပြိုင်ပွဲမှာ ပရိသတ်အများအပြား၏ ဆွေးနွေးငြင်းခုံမှုများ ကြားတွင်ပင် အဆုံးသတ်သွားခဲ့လေသည်။

ဆေးမီးဖိုဂိုဏ်းဝင်များသည် သူတို့၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါကာ ဂိုဏ်းသို့ ပြန်သွားခဲ့ကြပြီး ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ ပေါင်းစည်းရန် စောင့်ဆိုင်းနေခဲ့ကြလေသည်။

သူတို့မှာ အနည်းငယ် ဝန်လေးနေကြသော်လည်း သူတို့၏ ဘိုးဘေးကိုယ်တိုင်က သဘောတူထားသဖြင့် မည်သည့်စကားကို ဆိုနိုင်ပါဦးမည်နည်း။

ထို့ပြင် အခြားရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ပေါင်းစည်းခြင်း မှာ ဆိုးရွားလှသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သူတို့သာ ပေါင်းစည်းလိုက်ပါက အဓိကဂိုဏ်းကြီး လေးဂိုဏ်းနှင့် အင်မော်တယ် လေးပါးတို့အပြင် ကျုံးကျိုး၏ ပဉ္စမမြောက် မြင့်မြတ်နယ်မြေ ဖြစ်လာ နိုင်သည် မဟုတ်ပါလား။

တစ်ဖက်တွင်မူ လင်းဖန်က သူ၏ လူများကို ဦးဆောင်ကာ ဟင်းလင်းပြင်မျှော်စင်သို့ ပြန်လာခဲ့သည်။ သူတို့ ဟင်းလင်းပြင်မျှော်စင်သို့ ပြန်ရောက်သည်နှင့် ကျင့်ကြံသူ အမြောက်အမြားမှာ တံခါးဝအထိ လိုက်ပါလာကြလေသည်။

ထိုသူများမှာ ပြိုင်ပွဲကို ကြည့်ရှုခဲ့ကြသော ကျင့်ကြံသူများပင် ဖြစ်ကြသည်။ သူတို့ ဤနေရာသို့ လာရ ခြင်း၏ ရည်ရွယ်ချက်မှာ လင်းဖန်၏ ဆေးလုံးများနှင့် မှော်ရတနာများကို စိတ်ဝင်စားသွားခဲ့ကြသော ကြောင့် ဖြစ်လေသည်။

ဟင်းလင်းပြင်မျှော်စင်၏ ရှေ့တွင် များပြားလှသော ဝယ်ယူသူများကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဂုဏ်ယူမှုများ အထင်းသား ပေါ်လွင်နေသည်။ သူသည် မြင့်မြတ်နယ်မြေမှ အဖွဲ့ဝင်များကို ထိုသူတို့အား ကြိုဆိုရန် အလျင်အမြန် စီစဉ်လိုက်လေသည်။

“ငါတို့ရဲ့ ဟင်းလင်းပြင်မျှော်စင်မှ ကြိုဆိုပါတယ်...။”

“ဒီနေ့ လူတွေက အရမ်းများနေတာမို့ ဧည့်ဝတ်ကျေပွန်မှုမှာ လိုအပ်ချက်တွေရှိရင် ခွင့်လွှတ်ပေးကြ ပါဦး...။”

“ငါတို့ ဟင်းလင်းပြင်မျှော်စင်က ထျန်းယွမ်မြို့မှာ ဆိုင်ခွဲတွေ အများကြီး ရှိပါတယ်...။ မင်းတို့ တခြား ဟင်းလင်းပြင်မျှော်စင်တွေကိုလည်း ခွဲပြီး သွားရောက်ကြည့်ရှုနိုင်ပါတယ်...။”

“ဟင်းလင်းပြင်မျှော်စင်က ဆေးလုံးတွေနဲ့ မှော်ရတနာတွေအားလုံးက အရည်အသွေး စိတ်ချရတယ်လို့ ငါ အာမခံပါတယ်...။”

ထိုစကားများကို ပြောကြားပြီးနောက် လင်းဖန်က မြင့်မြတ်နယ်မြေမှ အဖွဲ့ဝင်အချို့ကို ဝယ်ယူသူများ အား အခြားသော ဟင်းလင်းပြင်မျှော်စင် ဆိုင်ခွဲများဆီသို့ ဦးဆောင်ခေါ်သွားရန် စေခိုင်းလိုက်လေသည်။

လူအုပ်စုအချို့ ထွက်ခွာသွားသော်လည်း တံခါးဝရှေ့တွင် လူအမြောက်အမြား ရှိနေဆဲ ဖြစ်သည်။ လင်းဖန်သည် ယခုအခါ စီးပွားရေး အလွန်ကောင်းမွန်နေမှုကြောင့် အလုပ်များကာ ဗျာများနေရသည်။ ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင် ထိုသူများကို ဧည့်ခံနေရန် မလိုပေ။

များပြားလှသော ဝယ်ယူသူများကို မြင့်မြတ်နယ်မြေ၏ တပည့်များထံ လွှဲအပ်ခဲ့ပြီးနောက် လင်းဖန်က လှည့်ထွက်ကာ မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်အတွင်းသို့ ပြန်ဝင်ခဲ့လိုက်လေသည်။

ပြိုင်ပွဲကွင်းတွင် မခွဲခွာမီကပင် လင်းဖန်သည် ဆက်သွယ်ရေးနှင့် တည်နေရာ ရှာဖွေနိုင်ရန်အတွက် ကျိုးဟွာကို ဟင်းလင်းပြင်တိုကင်ပြား တစ်ခု ပေးထားခဲ့လေသည်။ ထို့ကြောင့် သူသည် လက်ရှိတွင် ကျိုးဟွာထံမှ သတင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။

မကြာမီမှာပင် ကျိုးဟွာထံမှ သူ၏ ဂိုဏ်းသို့ ပြန်ရောက်ပြီဖြစ်ကြောင်း သတင်းရောက်လာခဲ့ပေသည်။ လင်းဖန်သည် ဟင်းလင်းပြင် တည်နေရာမှတ် လုပ်ဆောင်ချက်ကို အသုံးပြုကာ မဆိုင်းမတွပင် ထိုနေ ရာသို့ တယ်လီပို့လုပ်ကာ သွားလိုက်လေတော့သည်။

လင်းဖန်က သူတို့၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ဆေးမီးဖိုဂိုဏ်းဝင်များမှာ လန့်ဖျပ်သွားခဲ့ကြလေသည်။ ကံကောင်းသည်မှာ ကျိုးဟွာက အနီးအနားတွင် ရှိနေသဖြင့် သူတို့အား စိတ်လိုက်မာန်ပါ မလုပ်မိစေရန် တားဆီးပေးလိုက်နိုင်လေသည်။

“အဟမ်း...၊ ရောင်းရင်းတို့...၊ သိပ်ပြီး မစိုးရိမ်ကြပါနဲ့...။ အခုကစပြီး ငါတို့အားလုံးက မိသားစုဝင်တွေ ဖြစ်သွားကြပြီပဲ...။”

လင်းဖန်၏ စကားကို ကြားသောအခါ ကျိုးဟွာမှလွဲ၍ ဆေးမီးဖိုဂိုဏ်းဝင်များထဲမှ မည်သူမျှ မပျော်ရွှင် နိုင်ကြပေ။ အဓိကဂိုဏ်းကြီး လေးဂိုဏ်း ပူးပေါင်းလိုက်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရှိမည်မှာ မှန်သော်လည်း သူတို့သည် အခြားသူများ၏ ဝါးမြိုခြင်းကို ခံရမည့်အစား သူတို့ကိုယ်တိုင်ကသာ အခြား ဂိုဏ်း သုံးဂိုဏ်းကို ဝါးမြိုပစ်ချင်ကြသူများ မဟုတ်ပါလား။

“ရောင်းရင်း...။ မင်းက ငါတို့နောက်ကို ဒီအထိ လိုက်လာရတာက ငါတို့ ကတိဖျက်မှာကို အဲဒီလောက် တောင် စိုးရိမ်နေလို့လား...။”

ဟန်ရွှမ်၏ မကျေမနပ် ပြောဆိုသံကို ကြားသောအခါ လင်းဖန်က ပြုံးလိုက်ပြီး တစ်ဖက်လူ၏ အမှားကို ထောက်ပြလိုက်လေသည်။

“ဟားဟား...၊ ရောင်းရင်း... ငါက မင်းတို့နောက်ကို လိုက်လာတာ မဟုတ်ဘူး...။ ဒီကို တိုက်ရိုက် တယ်လီပို့လုပ်ပြီး ရောက်လာတာပါ...။”

“တယ်လီပို့” ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ဟန်ရွှမ်နှင့် အခြားသူများ၏ မျက်လုံး သူငယ်အိမ်များမှာ ကျုံ့သွားကြလေတော့သည်။ ထို့နောက် လင်းဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တံခါး တစ်ခု ထိုနေရာတွင် ပေါ်လာခဲ့လေသည်။

ရုတ်တရက် ပေါ်လာသော ဟင်းလင်းပြင်တံခါးကို လူတိုင်းက အံ့အားသင့်စွာ ကြည့်နေကြစဉ် လင်းဖန် က ဆက်လက် ရှင်းပြလိုက်လေသည်။

“မင်းတို့ ထျန်းယွမ်မြို့ကနေ ပြန်လာရတာ အရမ်း ပင်ပန်းနေမှာပဲ...။ ဒါပေမဲ့ မြင့်မြတ်နယ်မြေကို ပေါင်းစည်းပြီးရင်တော့ ဒီလို ဒုက္ခမျိုးတွေ ထပ်ပြီး ခံစားရမှာ မဟုတ်တော့ဘူး...။”

“မင်းတို့ ဒီတံခါးကို မြင်လား...။ ဒါက ငါတို့ မြင့်မြတ်နယ်မြေရဲ့ နည်းစနစ်တွေထဲက တစ်ခုပဲ...။”

“ဒါက မြင့်မြတ်နယ်မြေရဲ့ အဖွဲ့ဝင်တွေအားလုံးကို မတူညီတဲ့ မြို့တွေကြားမှာ လျင်မြန်စွာ တယ်လီပို့ လုပ်နိုင်အောင် ကူညီပေးလိမ့်မယ်...။”

လင်းဖန်၏ စကားက ဟန်ရွှမ်နှင့် အခြားသူများကိုသာ တုန်လှုပ်စေခဲ့သည်မဟုတ်။ အညံ့ခံခဲ့ပြီးဖြစ်သော ကျိုးဟွာပင်လျှင် မယုံနိုင်စရာ ဖြစ်နေခဲ့ရပေသည်။ လင်းဖန်တွင် ပြောစရာများစွာ ရှိနေသည်ကို မြင် သောအခါ ကျိုးဟွာက တိုက်ရိုက် အကြံပြုလိုက်သည်။

“ငါတို့ တိုင်ပင်ဆွေးနွေးရာ ခမ်းမကို အတူတူသွားပြီး အဲဒီမှာပဲ အေးအေးဆေးဆေး စကားပြောကြရင် ဘယ်လိုလဲ...။”

ထိုစကားကို လင်းဖန်က ခေါင်းခါပြလိုက်လေသည်။

“ငါ့မှာ ပိုကောင်းတဲ့ နေရာတစ်ခု ရှိတယ်...။ အားလုံးပဲ ငါနဲ့ လိုက်ခဲ့ကြပါ...။ ငါ မင်းတို့ကို အသစ်အဆန်း တစ်ခု ပြစရာ ရှိတယ်...။”

ထိုသို့ ပြောပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်တံခါး အတွင်းသို့ ဦးဆောင်၍ ဝင်သွားခဲ့လေသည်။ ကျိုးဟွာသာ ရှိနေလျှင် ဆေးမီးဖိုဂိုဏ်းဝင်များ လိုက်လာလိမ့်မည်ဟု လင်းဖန် ယုံကြည်ထားသည်။

အမှန်တကယ်ပင် လင်းဖန် ဝင်သွားပြီးနောက် ကျိုးဟွာက စကားဆိုလိုက်သည်။

“အကြီးအကဲဆွန်း...၊ မင်းသွားပြီး ဂိုဏ်းရဲ့ အဆင့်မြင့် အဖွဲ့ဝင်တွေ အားလုံးကို ခေါ်လိုက်...။ ငါနဲ့ တခြား လူတွေက အရင်ဝင်သွားပြီး မင်းတို့ကို အထဲမှာ စောင့်နေမယ်...။”

ထိုသို့ ပြောပြီးနောက် သူသည် ဟန်ရွှမ်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဟင်းလင်းပြင်တံခါး အတွင်း သို့ တိုက်ရိုက် ဝင်သွားတော့သည်။ ဟင်းလင်းပြင်တံခါး အတွင်းသို့ ရောက်သွားသော အုပ်စုသည် သူတို့ ၏ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ချက်ချင်းပင် မှင်တက်သွားကြတော့သည်။

“ဒါ...၊ ဒါက မြင့်မြတ်တဲ့ နယ်မြေပဲ...။”

“ဘယ်လောက်တောင် ကျယ်ပြောလိုက်တဲ့ ဟင်းလင်းပြင်ကြီးလဲ...။ ဒါက နယ်မြေတစ်ခုတင် မဟုတ်ဘဲ ကမ္ဘာသစ်တစ်ခုလို ဖြစ်နေတာပဲ...။”

“ဒီမှာရှိတဲ့ စိတ်ဝိညာဉ်ချီက အရမ်းကို ထူးကဲလွန်းတယ်...။ မြင့်မြတ်နယ်မြေက လူတွေက ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံကြတာလား...။”

“မဟုတ်ဘူး...၊ ငါ အရင်က တခြား မြင့်မြတ်နယ်မြေတွေရဲ့ မြင့်မြတ်တဲ့ နယ်မြေတွေကို မရောက်ဖူးပေမဲ့ ကြားဖူးသမျှအရဆိုရင်တော့ ဒီနေရာကို လုံးဝ မမီနိုင်ဘူး...။”

လူအုပ်၏ ဆွေးနွေးမှုများကို နားထောင်ရင်း လင်းဖန်က ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ဟဲဟဲ... အဲဒီ မြင့်မြတ်နယ်မြေ လေးခုရဲ့ မြင့်မြတ်တဲ့ နယ်မြေတွေက ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ် နယ်မြေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...။”

“ငါ့ရဲ့ နယ်မြေက အမြဲတမ်း ကြီးထွားနေတာလေ...။”

“အခု ရှိနေတဲ့ စိတ်ဝိညာဉ်ချီ ပြင်းအားက ဘာမှ မဟုတ်သေးဘူး...။ အနာဂတ်မှာ ငါတို့ အင်မော်တယ်ဘုံ ကို တက်လှမ်းတဲ့အခါ ဒီနေရာက စိတ်ဝိညာဉ်ချီတွေက အင်မော်တယ်စွမ်းအင်တွေအဖြစ် တဖြည်း ဖြည်း ပြောင်းလဲသွားလိမ့်မယ်...။”

အားလုံးက ထိုနယ်မြေကို လှည့်ပတ်ကြည့်ရှုနေစဉ်မှာပင် ဆေးမီးဖိုဂိုဏ်းမှ အခြားသော အဆင့်မြင့် အဖွဲ့ဝင်များလည်း မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဤသည်မှာ သူတို့အားလုံးအတွက် အံ့သြတုန်လှုပ်စရာ ဖြစ်ခဲ့ရသည်မှာ မလွဲဧကန်ပင်။

“ဘုရားရေ...။ အကယ်၍ ငါတို့သာ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကို ဖန်တီးနိုင်မယ်ဆိုရင် ပိုပြီးတော့ အစွမ်းထက်တဲ့ ပစ္စည်းတွေကို သေချာပေါက် ထုတ်လုပ်နိုင်မှာပဲ...။”

“ဒီလို ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဤဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို ပေါင်းစည်းတာက ဆိုးရွားတဲ့ ကိစ္စတစ်ခု မဟုတ်တော့ဘူးပေါ့...။”

“ဟုတ်တယ်...၊ ဂိုဏ်းတစ်ခုထဲကို ဝင်တာဆိုရင်တော့ ဝါးမြိုခံရတာလို့ ခေါ်နိုင်ပေမဲ့ ဒီဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းထားတဲ့ နေရာပဲလေ...။”

ဆေးမီးဖိုဂိုဏ်းဝင်များ၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းဖန်က အချိန်ကိုက် ဝင်ပြောလိုက်လေသည်။

“ဟဲဟဲ...။ ဒီရောင်းရင်း ပြောတာ မှန်ပါတယ်...။”

“ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေဆိုတာ အင်အားစု အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုပါ...။ ဒါကြောင့် ဝါးမြိုခံရတယ်ဆိုတဲ့ မေးခွန်းမျိုး မရှိပါဘူး...။”

“ဆေးမီးဖိုဂိုဏ်း ပေါင်းစည်းလာတာက ငါတို့ရဲ့ မိသားစုကြီးထဲကို နောက်ထပ် အဖွဲ့ဝင်သစ် တစ်ဦး တိုး လာတာနဲ့ အတူတူပါပဲ...။”

လင်းဖန်သည် ယခုအခါတွင် ဆေးမီးဖိုဂိုဏ်းမှ အဆင့်မြင့် အဖွဲ့ဝင်များကို အတင်းအကျပ် ကျေးကျွန် ပြုနိုင်သော်လည်း သူတို့သည် လင်းဖန်အတွက် အလွန်ပင် တန်ဖိုးရှိသော ဆေးဆရာများနှင့် လက်နက် ဖန်တီးသူများ ဖြစ်ကြပေသည်။ ထို့ကြောင့် လင်းဖန်သည် သူတို့ကို နူးညံ့သိမ်မွေ့သော နည်းလမ်းဖြင့် ချဉ်းကပ်ကာ အလုပ်ခန့်ထားမှု သဘောတူစာချုပ်ဖြင့် သိမ်းသွင်းလိုခြင်းသာ ဖြစ်ချေသည်။

အမှန်စင်စစ် အခြားသော အကြောင်းပြချက်တစ်ခုမှာမူ သူတို့ကို စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးနှင့် နတ်ဘုရားသတ်နှင်တံဖြင့် ကျေးကျွန်ပြုရန်မှာ အလွန်ပင် အလုပ်ရှုပ်လွန်းသောကြောင့် ဖြစ်သည်။ အလုပ်ခန့်ထားမှု သဘောတူစာချုပ်ပေါ်တွင် ကတိသစ္စာ ရွတ်ဆိုခိုင်းခြင်းက ပို၍ များစွာ လွယ်ကူ ပေသည်။

ထို့နောက်တွင် လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများ အကြောင်းကို အားလုံးကို ပြောပြလိုက်လေသည်။ နောက်ဆုံးတွင် ကျိုးဟွာက ပေါင်းစည်းရန် ဆန္ဒ ရှိကြောင်း စတင် ထုတ်ဖော်ပြောကြားပြီးနောက် အခြားသူများကလည်း သူတို့၏ ဆန္ဒများကို လိုက်လံ ထုတ်ဖော်ကြတော့သည်။

“ဟားဟား...။ အားလုံးကို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကနေ ကြိုဆိုပါတယ်...။ အခုကစပြီး ငါတို့ အားလုံးက မိသားစုဝင်တွေပါပဲ...။”

ထို့နောက်တွင်မူ ကိစ္စရပ်များက ရိုးရှင်းသွားလေသည်။ ကျိုးဟွာ၏ ပူးပေါင်းမှုဖြင့် ဆေးမီးဖိုဂိုဏ်းမှ လူအားလုံးသည် အလုပ်ခန့်ထားမှု သဘောတူစာချုပ်ပေါ်ရှိ ကတိသစ္စာများကို အတူတကွ ရွတ်ဆို ကြပြီး ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ တရားဝင် ပေါင်းစည်းသွားကြလေတော့သည်။

“မြင့်မြတ်သောအရှင်...၊ အခု ငါတို့က မြင့်မြတ်နယ်မြေထဲကို ပေါင်းစည်းလိုက်ပြီဆိုတော့ ငါတို့ရဲ့ ဆိုင်ကို ဆေးမီးဖိုမျှော်စင်လို့ ခေါ်ဖို့ မသင့်တော်တော့ဘူး ထင်တယ်...။”

“ဟုတ်ပါတယ်...။ ဟင်းလင်းပြင်မျှော်စင်လို့ပဲ နာမည်ပြောင်းသင့်ပါတယ်...။”

ဟန်ရွှမ်နှင့် အခြားသူများ၏ အကြံပြုချက်ကို ကြားသောအခါ လင်းဖန်က သဘောတူညီစွာ ခေါင်းညိတ် လိုက်ပေသည်။

“ကောင်းပြီ...။ မင်းတို့ မပြောရင်တောင် ငါ အဲဒီအကြောင်းကို ပြောမလို့ပါပဲ...။”

All Chapters