← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) အဆင့်ကိုးဂိုဏ်းဝင်များ ဆေးလာတောင်းခြင်း

“အခုကစပြီး ဟင်းလင်းပြင်မျှော်စင်မှာ ငါကိုယ်တိုင် ဖန်တီးထားတဲ့ မြည်းတံဆိပ် ဆေးလုံးတွေနဲ့ မှော်လက်နက်တွေတင် မဟုတ်ဘဲ မင်းတို့ သန့်စင်ထားတဲ့ သာမန် ဆေးလုံးတွေနဲ့ ရတနာတွေကိုလည်း ရောင်းချသွားမယ်...။”

“ဒီလိုလုပ်ခြင်းအားဖြင့် ဒီလောကမှာရှိတဲ့ ကျင့်ကြံသူအားလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် မှာလည်း ဖြစ်တယ်...။”

ဤသည်မှာ ဆေးမီးဖိုဂိုဏ်းကို သိမ်းသွင်းရန် လင်းဖန် စီစဉ်ခဲ့စဉ်ကတည်းကပင် ရှိခဲ့သော မူလ ရည်ရွယ်ချက်ပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆေးလုံးများနှင့် မှော်ရတနာများမှာ ဘေးထွက်ဆိုးကျိုးအချို့ ပါဝင်နေသောကြောင့်ပင်။

ဘေးထွက်ဆိုးကျိုးများကို လက်မခံနိုင်သော ဝယ်ယူသူများအတွက် ဆေးမီးဖိုဂိုဏ်း၏ အဖိုးတန် ဆေးလုံးများကို ရောင်းချပေးခြင်းက ဖြစ်နိုင်ချေရှိသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ဆိုင်၏ အမည်ကို ပြောင်းလဲခြင်းကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ဆေးမီးဖိုဂိုဏ်းမှ လူများမှာ စတင် လှုပ်ရှားကြတော့လေသည်။

လင်းဖန် ပေးထားသော ဟင်းလင်းပြင်တိုကင်ပြားများကို ကိုင်ဆောင်ကာ တပည့်အမြောက်အမြား သည် မြို့အသီးသီးရှိ ဆိုင်များဆီသို့ သွားရောက်ကြလေသည်။ ဤသည်မှာ လင်းဖန်အနေဖြင့် တည်နေ ရာမှတ်များကို အသုံးပြုကာ ထိုနေရာသို့ တယ်လီပို့လုပ်ရန်နှင့် ဟင်းလင်းပြင်တံခါးတစ်ခု တပ်ဆင်ရန် အတွက် လွယ်ကူစေရန်ပင် ဖြစ်သည်။

ဤအခွင့်အရေးကို အသုံးပြုကာ လင်းဖန်သည် ဆေးမီးဖိုဂိုဏ်း၏ ဝိညာဉ်ကြော ရှိရာသို့ ကျိုးဟွာကို ခေါ်ဆောင်ခိုင်းလိုက်လေသည်။ လင်းဖန်ကို အံ့အားသင့်စေခဲ့သော အချက်မှာ...၊

ဤဆေးမီးဖိုဂိုဏ်းသည် အဆင့်ကိုးဂိုဏ်းများထဲတွင် အဆင့်အမြင့်ဆုံး ဂိုဏ်းဖြစ်သည်ဟူသော သူ၏ ကျော်ကြားမှုနှင့်အညီ အထွတ်အထိပ် ဝိညာဉ်ကြော နှစ်ခုကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။ ဤဝိညာဉ် ကြော နှစ်ခုသည် လင်းဖန်ကို ဆဌမမြောက် အတိဒုက္ခအဆင့်အထိ တက်လှမ်းနိုင်ရန် လုံလောက်သော စွမ်းအင်များကို ပေးစွမ်းနိုင်ပေသည်။

လင်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို မဆိုင်းမတွပင် စတင်လိုက်တော့သည် ။ လင်းဖန်၏ ကျင့်ကြံမှုအဆင့်မှာ စတုတ္ထမြောက် အတိဒုက္ခအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ယခု တစ်ကြိမ်တွင် ဝိညာဉ်ကြောများ စုပ်ယူမှု အရှိန်မှာလည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။

မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်သည် ဝိညာဉ်ကြော နှစ်ခုကို အစာခြေဖျက်ပြီး လင်းဖန်အား ဆဌမ မြောက် အတိဒုက္ခအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်ရန်မှာ အချိန်အကြာကြီး လိုတော့မည် မဟုတ်ပေ။

မကြာမီမှာပင် မြို့အသီးသီးသို့ သွားရောက်ခဲ့ကြသော တပည့်များ ပြန်ရောက်ပြီဖြစ်ကြောင်း ကျိုးဟွာ ထံမှ သတင်းရောက်လာခဲ့လေသည်။ ထို့ကြောင့် လင်းဖန်မှာ ထပ်မံ၍ အလုပ်များသွားပြန်သည်။

သူသည် မြို့များအကြားတွင် မမောမပန်း ကူးသန်းသွားလာနေရသည်။ မြို့အသီးသီးရှိ ဟင်းလင်းပြင် မျှော်စင်များတွင်သာမက လျူပိုင်ချွမ်းနှင့် အခြားသူများ ဝယ်ယူထားသော နေရာများတွင်ပါ ဟင်းလင်း ပြင်တံခါးများကို တပ်ဆင်ခဲ့လေသည်။

ဤသို့ သွားလာပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်မျှော်စင် အလုံအလောက် ရှိပြီဟု ခံစားလိုက်ရ သည်။ တယ်လီပို့ အစီအရင် ဝန်ဆောင်မှုကိုလည်း နောက်ဆုံးတွင် တရားဝင် စတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မြင့်မြတ်နယ်မြေ၏ လက်အောက်ရှိ အဓိကဂိုဏ်းကြီး လေးဂိုဏ်းမှ တပည့်များကို မြို့အသီး သီးသို့ သွားရောက်ကာ သတင်းဖြန့်ခိုင်းလိုက်လေသည်။ သူတို့၏ ကြော်ငြာမှုများကြောင့် ဟင်းလင်းပြင် မျှော်စင်နှင့် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ၏ အမည်နာမမှာ ကျုံးကျိုးရှိ ကျင့်ကြံသူအားလုံး၏ နားထဲ တွင် တရားဝင် ဟိန်းထွက်သွားလေတော့သည်။

“ဟေး... ၊ နောက်ဆုံးရ သတင်းတွေကို ကြားပြီးပြီလား...။”

“ဟင်းလင်းပြင်မျှော်စင်ရဲ့ တယ်လီပို့ အစီအရင်အကြောင်း ပြောတာလား...။”

“ဟုတ်တယ်...။ ရုတ်တရက် ပေါ်လာတဲ့ ဒီဟင်းလင်းပြင်မျှော်စင်ရဲ့ နောက်ခံက ဘာများ ဖြစ်မလဲလို့ ငါ စဉ်းစားနေတာ...။”

“အဲဒါကို ငါ ကြားဖူးတယ်...။ အဆင့်ကိုးဂိုဏ်း လေးဂိုဏ်း ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အင်အားစုလို့ ပြောကြတယ်...။ သူတို့ကိုယ်သူတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေလို့ ခေါ်ကြတယ်တဲ့...။”

“ဟူး...။ အဆင့်ကိုးဂိုဏ်း လေးဂိုဏ်းတောင်လား...၊ ဘယ်ဂိုဏ်းတွေလဲ...။”

“အင်မော်တယ်တိမ်တိုက်ဂိုဏ်း၊ ရွှမ်းမင်ဂိုဏ်း၊ လင်းရှောင်းဂိုဏ်းနဲ့ ဆေးမီးဖိုဂိုဏ်းတို့ပဲ...။”

“ဘုရားရေ...။ ဆေးမီးဖိုဂိုဏ်းတောင် ပါတာလား...၊ အဲဒါက အဆင့်ကိုးဂိုဏ်းတွေထဲမှာ ထိပ်တန်း အဆင့် ရှိတဲ့ ဂိုဏ်းလေ...။”

“အဆင့်ကိုးဂိုဏ်းကြီး လေးဂိုဏ်း ပူးပေါင်းလိုက်ပြီဆိုတော့ သူတို့ရဲ့ အင်အားက မြင့်မြတ်နယ်မြေတွေနဲ့ ယှဉ်နိုင်မလား...။”

“မဖြစ်နိုင်တာ... နှစ်ပေါင်းများစွာအတွင်း ကျုံးကျိုးမှာ မြင့်မြတ်နယ်မြေ လေးခုပဲ ရှိခဲ့တာလေ...။ သူတို့ရဲ့ အဆင့်အတန်းက အဲဒီလောက် လွယ်လွယ်နဲ့ လှုပ်ခတ်သွားပါ့မလား...။”

“သာမန်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့...။ ဒါပေမဲ့ အဲဒီ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှာ အစစ်အမှန် အင်မော်တယ် လေးပါး ရှိနေရင်ကော...။”

“ဘာ... အစစ်အမှန်အင်မော်တယ် ဟုတ်လား...။ မင်း ဘာကို ဆိုလိုတာလဲ...။”

“မကြာသေးခင်က ထျန်းယွမ်မြို့မှာ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း ပြိုင်ပွဲတစ်ခုကို ငါ သွားကြည့်ခဲ့တယ်...။ ပြိုင်ပွဲတုန်းက ဆေးမီးဖိုဂိုဏ်းရဲ့ ဘိုးဘေးကို ချက်ချင်း အင်မော်တယ်အဖြစ် တက်လှမ်းနိုင်အောင် ကူညီပေးတဲ့ ဆေးလုံးတစ်လုံးကို သန့်စင်ပြခဲ့တာ...။”

“ဘုရားရေ...။ ဒီလို ဆေးလုံးမျိုး တကယ် ရှိတာလား...။ ဒါပေမဲ့ အဲဒါက အင်မော်တယ် တစ်ပါးတည်းပဲ ရှိတာလေ...။”

“ဟဲဟဲ...။ တစ်ပါးတည်း ဟုတ်လား...။ အဲဒီစီနီယာက ဆေးမီးဖို တစ်ခုတည်းနဲ့တင် အများကြီး သန့်စင် ခဲ့တာ...။ ဂိုဏ်းလေးခုက ကျဆုံးအင်မော်တယ်တွေကို အင်မော်တယ်တွေဖြစ်အောင် ကူညီပေးဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်...။”

“ဒါ့အပြင် ဒီလို ဆေးလုံးမျိုးကို အများပြည်သူကို ရောင်းချပေးတယ်ဆိုကတည်းက ဒီဆေးလုံးကို အမြဲတမ်း သန့်စင်နိုင်တယ်လို့ ဆိုလိုတာပဲ...။”

“ဒါဆိုရင် ကျန်တဲ့ အဆင့်ကိုးဂိုဏ်းတွေလည်း ငြိမ်နေကြမှာ မဟုတ်တော့ဘူး...။”

“မှန်တာပေါ့...။ အဆင့်ကိုးဂိုဏ်း အတော်များများက ထျန်းယွမ်မြို့ကို လူလွှတ်ပြီး ဆေးလာတောင်း နေကြပြီလို့ ငါ ကြားတယ်...။”

ဤနေ့တွင် လင်းဖန်သည် ထျန်းယွမ်မြို့ရှိ ဟင်းလင်းပြင်မျှော်စင်အတွင်း၌ အထူးဧည့်သည်အချို့ကို လက်ခံတွေ့ဆုံနေသည်။ ထိုသူများသည် သာမန်လူများ မဟုတ်ကြဘဲ အဆင့်ကိုးဂိုဏ်းများအတွင်း အရေးကြီးသော ရာထူးများကို ရယူထားသည့် အဆင့်မြင့် အတိဒုက္ခအဆင့် ကျင့်ကြံသူများ ဖြစ်ကြ သည်။ အချို့သော အဆင့်ကိုးဂိုဏ်းများမှ ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ရောက်ရှိလာကြသည်။

သူတို့အားလုံးသည် တူညီသော အကြောင်းပြချက်တစ်ခုဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့ဂိုဏ်း၏ ဘိုးဘေးများ၏ အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် ထုဆစ်ပေးနိုင်မည့် ဆေးလုံးများ ကို ဝယ်ယူရန်ပင် ဖြစ်ချေသည်။

“မင်းတို့ ဘာကြောင့် ရောက်လာသလဲဆိုတာ ငါ နားလည်ပါတယ်...။”

“ဒါပေမဲ့ ဒီဆေးလုံးရဲ့ အဖိုးတန်မှုကိုလည်း မင်းတို့ နားလည်သင့်တယ်...။”

“ဒီဆေးလုံးကို ဝယ်ယူဖို့အတွက် မင်းတို့ ဘယ်လို စျေးနှုန်းမျိုး ပေးဖို့ ပြင်ဆင်ထားကြလဲ...။”

အားလုံး၏ လိုအပ်ချက်များကို နားထောင်ပြီးနောက် လင်းဖန်က တိုက်ရိုက်ပင် သူတို့ ပေးနိုင်မည့် စျေးနှုန်းကို မေးမြန်းလိုက်လေသည်။

ဤမေးခွန်းက ရောက်ရှိနေသူ အားလုံးကို အကျပ်ရိုက်သွားစေခဲ့သည်ပင်။ ဤဆေးလုံး၏ တန်ဖိုးမှာ အလွန်မြင့်မားလှသဖြင့် မည်သည့်စျေးနှုန်းကို ပေးရမည်ကို သူတို့ ခဏတာ မသိဖြစ်သွားကြသည်။ ထို့ကြောင့် သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အခြားသူများ မည်သို့ ကမ်းလှမ်းမည်ကို စောင့်ကြည့် ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ခ

သို့သော် လူတိုင်းက ထိုသို့ပင် တွေးတောနေကြသဖြင့် ခဏတာ ငြိမ်သက်သွားခဲ့ကြလေသည်။ ဤ အခြေအနေက လင်းဖန်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။

“မင်းတို့ တစ်ခုခု ကမ်းလှမ်းသင့်တယ်လေ...။ သင့်တင့်တဲ့ စျေးနှုန်းတစ်ခု ပေးမယ်... ။ပြီးရင် ငါတို့ စျေးဆစ်ကြမယ်...။ ဒါဆိုရင် အရောင်းအဝယ်က ပြီးသွားပြီပေါ့...။”

အမှန်စင်စစ် လင်းဖန်အနေဖြင့် အင်မော်တယ်ရုပ်သေးဆေးလုံးကို ရောင်းချရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိရန် မဟုတ်ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ထိုဘိုးဘေးများ ဆေးလုံးကို သောက်သုံးပြီးနောက် သူတို့ကို ကျေးကျွန်ပြုရန်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုသူတို့၏ တစ်ဂိုဏ်းလုံးမှာ သူ၏ လက်အောက်သို့ ရောက်ရှိလာမည် မဟုတ်ပါလား။

ဤအခြေအနေတွင် လင်းဖန်သည် စျေးနှုန်းတစ်ခုကို စတင်ပြောရန် မဝံ့မရဲ ဖြစ်နေသည်။ အကယ်၍ စျေးနှုန်းက အလွန်နိမ့်နေပါက တစ်ဖက်လူက သံသယဝင်သွားနိုင်ပေသည်။ စျေးနှုန်းက အလွန်မြင့်မား နေပါကလည်း တစ်ဖက်လူက လန့်သွားပြီး ဆေးလုံးဝယ်ယူမည့် အစီအစဉ်ကို လက်လွှတ်သွားနိုင်ပေ သည်။ မိမိဘက်မှ စျေးနှုန်းကို အနည်းငယ် မြှင့်ထားခြင်းက သံသယများကို ဖယ်ရှားရန် အလွယ်ကူဆုံး နည်းလမ်းပင် ဖြစ်သည်။

“အဟမ်း...။ အားလုံးက ဘာလို့ ဒီလောက် တိတ်ဆိတ်နေကြတာလဲ...။”

“မင်းတို့က ဆေးလုံးကို တကယ်ဝယ်ချင်လို့ လာတာဆိုရင် စျေးနှုန်းကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါ...၊ ငါတို့ အတူတူ ဆွေးနွေးလို့ ရတာပဲလေ...။”

လင်းဖန်က ငြိမ်သက်မှုကို ဖြိုခွဲလိုက်ပြီးနောက် အခြားသူများက စတင် စကားပြောလာခဲ့ကြလေသည်။ ဤကဲ့သို့သော အဆင့်မြင့် ဆေးလုံးမျိုးကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် စျေးမဖြတ်နိုင်တော့သဖြင့် သူတို့သည် ပစ္စည်းချင်း ဖလှယ်သည့် နည်းလမ်းကို စတင် ကမ်းလှမ်းလာခဲ့ကြလေသည်။

“ဟားဟား...၊ မင်း ဒီလိုပြောမှတော့ ငါ စတင် ကမ်းလှမ်းပါ့မယ်...။ ငါကတော့ အဆင့်မြင့် စိတ်စိတ်ဝိညာဉ် ကျောက်တုံး တွင်းတစ်ခုနဲ့ လဲလှယ်ဖို့ စီစဉ်ထားပါတယ်...။”

“မင်းက အခုတလော ဆိုင်တွေဖွင့်ပြီး စီးပွားရေး ချဲ့ထွင်နေတာ ငါ မြင်ပါတယ်...။ ဒါကြောင့် ငါ့ဆီက ဆိုင်အချို့နဲ့ လဲလှယ်ဖို့ ငါ စဉ်းစားထားပါတယ်...။”

“ရောင်းရင်း...။ မင်းက ဆေးသန့်စင်ဖို့နဲ့ လက်နက်ဖန်တီးဖို့ ကုန်ကြမ်းတွေ လိုအပ်မှာပဲ မဟုတ်လား...။ ငါ့ဂိုဏ်းရဲ့ သိုလှောင်ရုံထဲမှာ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ကုန်ကြမ်းတွေ အများကြီး ရှိပါတယ်...”

“ငါ့ဂိုဏ်းမှာလည်း...”

လူအုပ်ကြီး ကမ်းလှမ်းသော စျေးနှုန်းများမှာ အမျိုးမျိုး ကွဲပြားနေသော်လည်း ဆေးလုံး သို့မဟုတ် မှော်ရတနာများ ပါဝင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဂိုဏ်းများ၏ ဆေးလုံးနှင့် မှော်ရတနာ အတော်များများမှာ ဆေးမီးဖိုဂိုဏ်းထံမှ လာခြင်းကြောင့်ပင် ဖြစ်ပေသည်။

အားလုံး၏ ကမ်းလှမ်းမှုများကို နားထောင်ပြီးနောက် လင်းဖန်သည် သူတို့ လက်ခံနိုင်မည့်၊ သို့သော် သံသယမဝင်မည့် စျေးနှုန်းတစ်ခုကို မည်သို့ သတ်မှတ်ရမည်ကို စဉ်းစားလိုက်သည်။ ထိုစဉ်မှာပင် လင်းဖန်၏ စိတ်ထဲသို့ အတွေးတစ်ခု ချက်ချင်း ဝင်လာခဲ့လေသည်။

“အားလုံး ကမ်းလှမ်းတဲ့ စျေးနှုန်းတွေက နည်းနည်းတော့ ကွဲပြားနေတယ်...၊ အဲဒီလိုဆိုရင် မင်းတို့ထဲက တချို့က နစ်နာတယ်လို့ ခံစားရနိုင်တယ်...။”

“အားလုံးရဲ့ ကမ်းလှမ်းမှုတွေအပေါ် အခြေခံပြီး ငါ့မှာ အကြံတစ်ခု ရှိတယ်...။ အဲဒါက ဖြစ်နိုင်မလား ဆိုတာ မင်းတို့ စဉ်းစားကြည့်ပေးကြပါ...။”

အားလုံး၏ အကြည့်များမှာ သူ၏အပေါ်သို့ ရောက်ရှိလာသည်ကို မြင်သောအခါ လင်းဖန်က ဆက်ပြော လိုက်လေသည်။

“ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို အဓိကဂိုဏ်းကြီး လေးဂိုဏ်း ပူးပေါင်း တည်ထောင်ထားတာ ဖြစ်ပေမဲ့ အင်အားစုအသစ်တစ်ခုလို့ပဲ ယူဆလို့ ရပါသေးတယ်...။”

“အဆင့်ကိုးဂိုဏ်းတွေကိုတောင် ကျော်လွန်တဲ့ အင်အားစုတစ်ခုအနေနဲ့ ထိုက်တန်တဲ့ မြို့ကြီးတစ်မြို့ ကိုတော့ အခြေစိုက်စခန်းအဖြစ် လိုအပ်တာပေါ့...။”

“ဒါကြောင့် ထျန်းယွမ်မြို့ကို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ တရားဝင်မြို့အဖြစ် သတ်မှတ်ဖို့ ငါ ရည်ရွယ်ထားတယ်...။ အားလုံးက ဒီအချက်ကို ထောက်ခံပေးနိုင်မလားဆိုတာ သိချင်ပါတယ်...။ ပြီးတော့ ထျန်းယွမ်မြို့ပေါ်မှာ ရှိတဲ့ မင်းတို့ရဲ့ အာဏာတွေကို စွန့်လွှတ်ပေးဖို့ပါပဲ...။”

လင်းဖန်၏ စကားကြောင့် ရောက်ရှိနေသူ အားလုံးမှာ မျက်မှောင်ကြုတ်သွားခဲ့ကြလေသည်။ ဤ အခြေအနေမှာ ကြည့်တတ်လျှင် အလွန်ပင် ကြီးမားသလို၊ မကြည့်တတ်လျှင်လည်း အလွန်ပင် သေးငယ်လှပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လင်းဖန်နှင့် သူ၏ အဖွဲ့အတွက်မူ ဤအချက်မှာ အလွန်ပင် အကျိုး အမြတ် များလှပေသည်။ သို့သော် ဤအဆင့်ကိုးဂိုဏ်းများ အတွက်မူ ဆုံးရှုံးမှုမှာ အမှန်တကယ်ပင် သေးငယ်လှပေသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်မြို့မှာ မူလကတည်းက ပိုင်ရှင်မဲ့ နယ်မြေဖြစ်နေသောကြောင့်ပင်။ ဤမြို့ကို အင်အားကြီး အဖွဲ့အစည်းများနှင့် မြင့်မြတ်နယ်မြေ လေးခုတို့က ပူးပေါင်း စီမံခန့်ခွဲနေကြခြင်း ဖြစ်သည်။ ဂိုဏ်းတစ်ခုချင်းစီမှာ ထျန်းယွမ်မြို့တွင် အနည်းငယ်သော အာဏာကိုသာ ရရှိထားကြသည်။

အကျိုးအမြတ်နှင့် ပတ်သက်လျှင်လည်း အင်အားစု အများအပြား ခွဲဝေယူနေကြသဖြင့် ဂိုဏ်းတစ်ခု ချင်းစီ ရရှိသော ဝေစုမှာ အလွန်ပင် သေးငယ်လှပေသည်။

All Chapters