အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) ဘိုးဘေးကြီး၏ ဒုတိယမြောက် နွေဦးအတွက် ဂုဏ်ယူပါတယ်
မြင့်မြတ်နယ်မြေဟင်းလင်းပြင်အတွင်းရှိ အခြားသစ်ပင်များမှာ စိမ်းလန်းစိုပြေနေသော်လည်း...။ ရှေ့ မှောက်ရှိ ကမ္ဘာဦးသစ်ပင်ကြီးမှာမူ အရွက်တစ်ခက်မျှမရှိဘဲ ပြောင်သလင်းခါနေလေသည်...။
အခြားသစ်ပင်များနှင့် နှိုင်းယှဉ်ပါက ဤသစ်ပင်ကြီးမှာ သီးခြားရာသီဥတုတစ်ခုထဲတွင် ရောက်ရှိနေ သကဲ့သို့ပင်...။
လင်းဖန်၏ စကားကို ကြားပြီးနောက် စနစ်က ကမ္ဘာဦးသစ်ပင်အတွက် ကိုယ်စားဝင်၍ ရှင်းပြပေးလိုက် လေသည်...။
[ကမ္ဘာဦးသစ်ပင်ဟာ စွမ်းအင်ဖြည့်တင်းမှု မရရှိခဲ့တာ ကြာပြီဖြစ်တဲ့အတွက် အခုလို ညှိုးနွမ်းနေ တာက ပုံမှန်ပါပဲ...။ နောက်ပိုင်းမှာတော့ သူဟာ မြင့်မြတ်နယ်မြေဟင်းလင်းပြင်အတွင်းက စိတ်ဝိညာဉ် ချီတွေနဲ့ တခြားအရင်းအမြစ်တွေကို ဖြည်းဖြည်းချင်း စုပ်ယူသွားပါလိမ့်မယ်...။ အာဟာရဓာတ် လုံလုံ လောက်လောက် ရရှိသွားပြီဆိုရင်တော့ အရွက်တွေနဲ့ တခြားအရာတွေက သဘာဝအတိုင်း ပြန်လည် ထွက်ပေါ်လာမှာပါ...။]
ထိုရှင်းပြချက်ကို ကြားပြီးနောက် လင်းဖန်က ခေါင်းညိတ်လိုက်သော်လည်း ပြဿနာအသစ်တစ်ခုကို သတိထားမိသွားပြန်လေသည်...။
“ဟာ...၊ ဘာလို့ ဒီအမြစ်တွယ်တဲ့ လုပ်ဆောင်ချက်ကို ပယ်ဖျက်လို့ မရတာလဲ...။ ဒါဆို စိတ်စိတ်ဝိညာဉ် ကျောက်တုံးတွေကနေ ပစ္စည်းတွေ ကျပန်းထုတ်ပေးတဲ့ ရတနာသေတ္တာ လုပ်ဆောင်ချက်က ပျောက် သွားပြီပေါ့ ဟုတ်လား...။”
[ မဟုတ်ပါဘူး... ပုံစံပြောင်းသွားတာပါ...။ ကမ္ဘာဦးသစ်ပင်က စွမ်းအင်လုံလောက်အောင် စုပ်ယူပြီးလို့ ထွက်လာမယ့် အရွက်တစ်ရွက်ချင်းစီဟာ ပစ္စည်းတစ်ခုအဖြစ် ကျပန်းပြောင်းလဲသွားမှာပါ...။]
“ဪ...၊ အဲ့လိုလား...။ ဟားဟား...၊ ဒါဆိုရင်လည်း အဲ့အတိုင်းပဲ ပြောင်နေပါစေဦး...။ ထွက်လာသမျှ အရွက်တွေကို ငါက တစ်ရွက်ချင်း လိုက်ဆိတ်ပစ်မှာ...။”
[ ... ]
ကမ္ဘာဦး ရတနာသေတ္တာအကြောင်း သိရှိပြီးနောက် လင်းဖန်သည် ခဏတာ မေ့လျော့ခြင်း ခံထားရသော သုံးဘီးစက်ဘီး စိတ်ဝိညာဉ်ကို သတိရသွားခဲ့လေသည်...။
“ဟေ့...၊ ငှက်ကလေး...။ ထွက်လာခဲ့စမ်း...။”
လင်းဖန် အကြိမ်ကြိမ် ခေါ်ပြီးနောက်တွင်မှ တုံ့ပြန်မှုတစ်ခု ပြန်ရလာခဲ့လေသည်...။
“သခင်...၊ ကျွန်တော့်ကို နာမည်ပြောင်းပေးဖို့ တောင်းဆိုလို့ ရမလား...။”
“အို...၊ မင်းက တောင်းဆိုချက်တွေတောင် ထုတ်တတ်နေပြီပဲ...။ တော်တော်လေး ဉာဏ်ရည်ထက်မြက် လာတာပဲ...။ ငှက်ကလေးဆိုတဲ့ နာမည်က ဘာဖြစ်လို့လဲ...။ မင်းနဲ့ အရမ်းလိုက်ဖက်တာကို...။”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သုံးဘီးစက်ဘီး စိတ်ဝိညာဉ်သည် သူ၏ ကံကြမ္မာကို လက်ခံလိုက် ပုံရလေသည်...။
“သခင် ပျော်ရွှင်မယ်ဆိုရင်လည်း ရပါတယ်...။”
လင်းဖန်က ပျော်ရွှင်နေသော်လည်း စိတ်ဝိညာဉ်၏ အသံကို ကြားရသည်မှာ စိတ်ပျက်နေပုံ ပေါ်ပေသည် ...။ သုံးဘီးစက်ဘီးသည် သူ၏ သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် ကြိုးကြိုးစားစား တာဝန်ထမ်းဆောင် နေသည်ကို ထောက်ထား၍ လင်းဖန်က နာမည်ပြောင်းပေးရန် သဘောတူလိုက်လေသည်...။
“ကောင်းပြီလေ...။ မင်းက ငှက်ကလေးဆိုတဲ့ နာမည်ကို မကြိုက်ဘူးဆိုရင် ငါ ပြောင်းပေးမယ်...။ဟုတ် ပြီ...။ ရွှေကျီးလေးလို့ပဲ ခေါ်ရအောင်...။ ဒါက နာမည်စဉ်းစားတုန်းက ပါတဲ့ အရံနာမည်အပိုတစ်ခုပဲ...။”
သုံးဘီးစက်ဘီး စိတ်ဝိညာဉ်သည် ထိုနာမည်ကို သိသိသာသာ သဘောကျသွားခဲ့လေသည်...။
“ကျေးဇူးတင်ပါတယ် သခင်...။ ရွှေကျီးလေးဆိုတာ ကောင်းပါတယ်...။”
ထိုသို့ဖြင့် သုံးဘီးစက်ဘီး စိတ်ဝိညာဉ်၏ နာမည်ကို တရားဝင် သတ်မှတ်လိုက်လေသည်...။
“အင်း...၊ ရွှေကျီးလေး...။ မင်းက သုံးဘီးစက်ဘီးရဲ့ စိတ်ဝိညာဉ်အနေနဲ့ ဘာစွမ်းရည်တွေ ရှိလဲ...။”
လင်းဖန်၏ မေးခွန်းကို ကြားသောအခါ ရွှေကျီးလေးက ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလေ သည်..။
“သခင်...။ ကိုယ်တိုင်မောင်းနှင်တဲ့ စနစ်ကရော စွမ်းရည်ထဲ ပါသလား...။”
“......”
ယခုတွင်မူ လင်းဖန် ဆွံ့အသွားရပြန်သည်...။
*ကျင့်ကြံခြင်းလောကမှာ ကိုယ်တိုင်မောင်းနှင်တဲ့စနစ်က ဘာအသုံးဝင်မှာလဲ...။*
“အမ်...။သခင် စိတ်မပူပါနဲ့...၊ ကျွန်တော်က စိတ်ဝိညာဉ်ချီတွေကို ကိုယ်တိုင်စုပ်ယူနိုင်ပါတယ်...။ ဒီလို ဆိုရင် ကျွန်တော် ရွှေကျီးကန်း တိုက်လေယာဉ် ပုံစံပြောင်းထားတဲ့အခါ သခင်ရဲ့ စိတ်ဝိညာဉ်ကျောက် တုံးတွေကို အများကြီး သက်သာစေမှာပါ...။”
စိတ်ဝိညာဉ်ကျောက်တုံးများ သက်သာမည်ဟု ကြားမှသာ လင်းဖန် ကျေနပ်သွားခဲ့လေသည်...။
ရွှေကျီးကန်း တိုက်လေယာဉ်တွင် စွမ်းအင်စနစ် နှစ်မျိုးရှိပေသည်...။ ခြေနင်းဖြင့် နင်း၍ မောင်းနှင်ခြင်း သို့မဟုတ် စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးခြင်းပင် ဖြစ်သည်...။ စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ပျံသန်းခြင်းမှာ ခြေနင်းထက် သိသိသာသာ ပိုမြန်သည်မှာ အမှန်ပင်...။
အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံးများ မလိုအပ်တော့ပါက လင်းဖန်သည် လေယာဉ်ကို စိတ်ကြိုက် ပျံသန်းနိုင်တော့မည် ဖြစ်သည်...။ မြန်နှုန်းမြင့် ပျံသန်းမှုကို ခံစားရသလို မောင်းနှင်ရခြင်း၏ ပျော်ရွှင်မှု ကိုလည်း ရရှိနိုင်ပေသည်...။
“မဆိုးဘူးပဲ...၊ ဒါဆို မင်းကို မြင့်မြတ်နယ်မြေဟင်းလင်းပြင်ထဲမှာပဲ အချိန်အများစု ထားခဲ့မယ်...။ စိတ် ဝိညာဉ်ချီတွေကို အများကြီး စုပ်ယူထားပြီး အမြဲတမ်း စွမ်းအင်ပြည့်ဝနေအောင် လုပ်ထားလိုက်...။”
“စိတ်ချပါ သခင်...။ ကျွန်တော် အမြဲတမ်း စွမ်းအင်အပြည့်နဲ့ ရှိနေစေရပါမယ်...။”
လင်းဖန်နှင့် ရွှေကျီးလေးတို့ စကားပြောနေစဉ်...။ ရွှမ်းထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရွှီဟိုင်ချွမ်သည် လည်း ဂိုဏ်း၏ နောက်တောင်ကုန်းရှိ ဂူဗိမာန်တစ်ခုသို့ ဆေးလုံးများ ယူဆောင်လာခဲ့လေသည်...။
“ဘိုးဘေးကြီး...။ တပည့်မှာ တင်ပြစရာ အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ...။”
ရွှီဟိုင်ချွမ်၏ အသံသည် ဂူဝသို့ တိုးဝင်သွားခဲ့လေသည်...။ ဂူအတွင်းတွင်မူ သေခါနီးဆဲဆဲ ဖြစ်နေသော ဘိုးဘေးတစ်ဦးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်...။ ဂိုဏ်းအသီးသီးမှ အခြားသော ကျဆုံးအင်မော်တယ် ဘိုးဘေးများကဲ့သို့ပင် ဤဘိုးဘေးသည်လည်း နိုးနိုးချင်းတွင် ခဏတာ ဝေဝေဝါးဝါး ဖြစ်နေသည်ပင်...။
ရုတ်တရက် အသိပြန်ဝင်လာသော ဘိုးဘေးသည် ချက်ချင်းပင် သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက် လေသည်...။ ထို့နောက် ဂိုဏ်း၏ အဖိုးတန်ရတနာများကို ထုတ်ယူကာ အချိန်မရွေး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်...။ ဂူတံခါး ပွင့်သွားပြီး ဘိုးဘေးသည် ပြတ်သားသော မျက်လုံးများဖြင့် အပြင်သို့ လှမ်းထွက်လာခဲ့လေသည်...။
“နောက်ဆုံးတော့ ဒီအချိန် ရောက်လာပြီပေါ့လေ...။”
“ငါ့ရဲ့ သက်တမ်းက ဒီတိုက်ပွဲမှာ ပါဝင်ဖို့ မလုံလောက်တော့ဘူး...။”
“အဆုံးသတ်မှာတော့ ရန်သူကို ကာကွယ်ဖို့ ငါကိုယ်တိုင် ပေါက်ကွဲတဲ့နည်းကိုပဲ သုံးရတော့မှာပဲ...။ ပြော စမ်း...၊ ဘယ်သူက ငါတို့ ရန်သူလဲ...။”
ဘိုးဘေး ထွက်လာသည်နှင့် ဂိုဏ်းအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရွှီဟိုင်ချွမ် ၏ ရင်ထဲတွင် တုန်လှုပ်သွားရလေသည်...။ အကယ်၍ သူတို့သာ ဤဆေးလုံးကို မရရှိခဲ့ပါက...။ သူတို့၏ ဘိုးဘေးကြီးသည် သူ၏ သက်တမ်းမကုန်ဆုံးမီ ဂိုဏ်းအတွက် နောက်ဆုံးအကြိမ် စတေးသွားရတော့ မည် ဖြစ်ပေသည်...။
“ဘိုးဘေးကြီး...။ ရန်သူမရှိပါဘူး...။ ဒါက တခြားကိစ္စပါ...။”
ရွှီဟိုင်ချွမ် စကားမဆုံးခင်မှာပင် ဘိုးဘေး၏ ဒေါသတကြီး ငေါက်ငမ်းခြင်းကို ခံလိုက်ရလေသည်...။
“ရန်သူမရှိဘူးလား...၊ ရန်သူမရှိရင် ငါ့ကို ဘာလို့ နှိုးတာလဲ...။”
“ဒါက ငါ့အတွက် နောက်ဆုံးအကြိမ် နိုးထခြင်းဆိုတာ မင်း မေ့နေတာလား...။”
“ရန်သူမရှိရင်လည်း သွားရှာချေ...၊ ငါ တိုက်ချင်တယ်...။”
ဘိုးဘေးက ဆဲဆိုနေစဉ် ရွှီဟိုင်ချွမ်သည် အသံတစ်ချက်မျှ မထွက်ရဲပေ...။ ဘိုးဘေးက အာပေါက် အောင် ပြောပြီးမှသာ သူက ပြန်ပြောခွင့်ရတော့လေသည်...။
“ဘိုးဘေးကြီး...၊ ကျွန်တော့်မှာ အံ့ဩစရာ သတင်းကောင်း ရှိပါတယ်...။ ဘိုးဘေးကြီး သေစရာ မလို တော့ပါဘူး...။”
“ကျွန်တော် ပျက်စီးနေတဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်တဲ့ ဆေးလုံးတစ်မျိုး ရထားပါ တယ်...။”
“ဒီဆေးလုံးနဲ့ဆိုရင် ဘိုးဘေးကြီး အစစ်အမှန် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ပြီး သက်တမ်းလည်း သိသိသာသာ တိုးလာမှာပါ...။”
ပြောပြောဆိုဆိုဖြင့် အင်မော်တယ်ရုပ်သေးဆေးလုံး ပါရှိသော ဆေးပုလင်းကို ထုတ်ယူ၍ ဘိုးဘေးထံ ကမ်းပေးလိုက်လေသည်...။ သူ၏ စကားများကြောင့် ဘိုးဘေး၏ ဒေါသများသည် အံ့ဩခြင်းနှင့် သံသယများအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်...။
“အင်မော်တယ် ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်တဲ့ ဆေးလုံး ဟုတ်လား...။”
“မင်း နာမည်က ဘယ်သူလဲ...။”
“ဒါကို ဘယ်က ရခဲ့တာလဲ...။”
“ငါတို့တွေ အလိမ်ခံလိုက်ရတာ မဟုတ်ဘူးလား...။”
ဘိုးဘေး၏ မေးခွန်းသုံးခုကြောင့် ရွှီဟိုင်ချွမ် ထိတ်လန့်သွားခဲ့လေသည်...။
“ဒါကို...၊ အင်မော်တယ်ဆေးလုံးလို့ ခေါ်မယ် ထင်ပါတယ်.... နာမည်ကိုတော့ သေချာ ဂရုမစိုက်မိလိုက် ဘူး...။ ရလာတဲ့ နေရာကတော့ လတ်တလောမှ ထွက်ပေါ်လာတဲ့ အင်အားကြီးဂိုဏ်းတစ်ခုဆီက ဝယ်ခဲ့ တာပါ...။ အတုတော့ မဖြစ်နိုင်ပါဘူး...၊ ဆေးမီးဖိုဂိုဏ်းရဲ့ ဘိုးဘေးတောင် ဒီဆေးလုံးကို သုံးပြီး သူ့ရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် ကုသနိုင်ခဲ့တယ်လို့ ပြောကြပါတယ်...။”
ဘိုးဘေးသည် ရွှီဟိုင်ချွမ်၏ အဖြေကို သံသယရှိနေဆဲပင်...။
“ဒီလို အစွမ်းထက်တဲ့ ဆေးလုံးမျိုးကို သူတို့က ဘာလို့ အလွယ်တကူ ရောင်းချပေးနေရတာလဲဆိုတာ မင်း စဉ်းစားဖူးဘူးလား...။”
ရွှီဟိုင်ချွမ်က ပြုံး၍ ပြန်ဖြေလိုက်လေသည်...။
“ဘိုးဘေးကြီး...၊ သူတို့မှာ သူတို့လူတွေအတွက် လုံလောက်နေလို့ ပိုတာတွေကို ထုတ်ရောင်းတာပါ...။”
ထိုရှင်းပြချက်ကို ကြားသော်လည်း ဘိုးဘေးက အေးစက်စွာ ရယ်မောလိုက်လေသည်...။
“ဟွန့်... ကိုယ့်အတွက် ပိုတာကို ရောင်းစားတယ် ဟုတ်လား...။ ရန်သူကို အားပေးသလို ဖြစ်မှာကို မကြောက်ဘူးလား...။ ကိုယ့်အင်အားစုထဲမှာပဲ အင်မော်တယ်တွေ ရှိနေအောင် ဒီဆေးလုံးတွေကို ထိန်းချုပ်ထားတာက ပိုမကောင်းဘူးလား...။ မင်းသာဆိုရင် ဒီလိုဆေးမျိုးကို အများပြည်သူကို ရောင်း မှာလား...။”
ဘိုးဘေး၏ စကားများကြောင့် ရွှီဟိုင်ချွမ် အံ့ဩသွားခဲ့လေသည်...။ သူ ဤအချက်ကို တစ်ခါမျှ မစဉ်း စားမိခဲ့ပေ...။
“ဪ...၊ ဒါဆို ဒီဆေးလုံးမှာ ပြဿနာရှိနေနိုင်တာလား...။”
“ဒါက ကျဆုံးအင်မော်တယ်တွေကို သတ်ဖို့ ထုတ်ထားတဲ့ အဆိပ်ဖြစ်နေမလား...။ နဝမအဆင့် ဂိုဏ်း တစ်ခုရဲ့ ဘိုးဘေးကို ရှင်းပစ်ဖို့ ကြံစည်နေတာလား...။”
“ကျွန်တော်က ဘိုးဘေးကြီးကို ကယ်ချင်ဇောနဲ့ အဆိုးဆုံးကို မတွေးမိခဲ့ဘူး...။ အတူတူဝယ်ခဲ့တဲ့ တခြား ဂိုဏ်းတွေလည်း ဒီလိုဖြစ်မယ်လို့ မထင်ထားမိဘူး...။ ထားလိုက်ပါတော့ ဘိုးဘေးကြီး...၊ မသောက်ပါ နဲ့တော့...။ ကျွန်တော် တခြားနည်းလမ်း ရှာပေးပါ့မယ်...။”
ဘိုးဘေးက ခေါင်းခါလိုက်လေသည်...။
“ဟင်း...။ ငါ ဒါတွေကို ပြောပြတာက မင်း နောက်ပိုင်းမှာ ကိစ္စတွေကို သေချာ စဉ်းစားတတ်အောင်လို့ ပါ...။ မင်း ဒီဆေးလုံးကို ယူလာမှတော့ ငါ သောက်လိုက်ပါ့မယ်...။ ဘာပဲဖြစ်ဖြစ် ငါ့မှာ အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ ကျန်တော့တာ...၊ အဆိပ်ဖြစ်လည်း ဘာကြောက်စရာ ရှိမှာလဲ...။”
ထို့နောက် ရွှီဟိုင်ချွမ်၏ ဟန့်တားမှုကို ဂရုမစိုက်ဘဲ ဘိုးဘေးသည် ဆေးပုလင်းထဲမှ ဆေးလုံးကို ထုတ်ယူ ကာ ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်...။
“ဘိုးဘေးကြီး...”
“ဟင်...၊ ကောင်းကင်ဘုံကို တက်လှမ်းသွားတာလား...။”
ရွှီဟိုင်ချွမ် အော်ပင်မအော်လိုက်ရသေး...၊ သူ၏ ဘိုးဘေးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အင်မော်တယ် အရှိန်အဝါများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်...။ ထို့ကြောင့် ထိုသူ၏ ရုပ်သွင်မှာ အိုမင်း ရင့်ရော်နေရာမှ အနည်းငယ် လူလတ်ပိုင်း အရွယ်သို့ ပြောင်းလဲသွားလေသည်...။ အိုနေသေးသည်ဟု ဆိုနိုင်သော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ ကြီးမားလှပေသည်...။
“ဘိုးဘေးကြီး...၊ ဘိုးဘေးကြီး...၊ ဘိုးဘေးကြီးရဲ့ ဘဝမှာ ဒုတိယမြောက် နွေဦးကို ပြန်လည် ပိုင်ဆိုင် လိုက်တာလား...။”