အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) သစ်ရွက်ကိုယ်စားထိုး လုပ်ဆောင်ချက်ကို မျှော်လင့်ခြင်း
[ကောင်းပါပြီ...၊ ပိုင်ရှင် သိထားရမှာက အင်မော်တယ်ဘုံက သူတော်စင်တွေက ဒီဆေးမီးဖိုကို လိုက်ရှာ နေကြတယ်ဆိုတာပါပဲ...။]
[ပြီးတော့ ခရမ်းရွှေနတ်နဂါးထီးနဲ့ သူ့ရဲ့ အဖော်တွေဖြစ်တဲ့ ရတနာတွေကိုလည်း သူတော်စင်တွေက လိုက်ရှာနေကြတာပါ...။]
“...ဒါဆိုရင်တော့….။”
[ဒါကြောင့် ဒီရတနာ နှစ်မျိုးစလုံးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားတာက မင်းအတွက် အန္တရာယ် များလှ ပါတယ်...။]
ထိုစကားကို ကြားသောအခါ လင်းဖန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့လေသည်။ ခဏအကြာတွင်တော့ လင်းဖန်က ပြတ်သားစွာ ပြောလိုက်လေသည်။
“ငါကသာ အမြဲတမ်း သူတစ်ပါး ပစ္စည်းကို လိုချင်တပ်မက်ခဲ့သူ ဖြစ်ခဲ့တယ်...။”
“အခုတော့ တစ်ယောက်ယောက်က ငါ့ကို အကွက်ချဖို့ ကြံစည်နေတာလား...။ သူတို့ရဲ့ အတွေးတွေက တကယ်ကို အန္တရာယ် များလွန်းတာပဲ...။”
[ဒါပေါ့...၊ ပိုင်ရှင်အနေနဲ့ ဒီလို စိတ်ဓာတ်မျိုး ရှိနေဖို့ လိုအပ်ပါတယ်...။]
[အခုတော့ ပိုင်ရှင်မှာ သစ်ရွက်ကိုယ်ပွား ရှိနေပြီဆိုတော့ ဘယ်လို အန္တရာယ်ရှိတဲ့ လုပ်ရပ်ကိုမဆို စိတ်ကြိုက် လုပ်ဆောင်နိုင်ပြီပေါ့...။]
[ကိုယ်ပွားတစ်ခု သေသွားရင်လည်း နောက်တစ်ခု ထပ်ဖန်တီးပြီး ဆက်ကစားရုံပဲလေ...။]
လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ဘေးနားရှိ ကမ္ဘာဦးသစ်ပင်ကို လှည့်ကြည့်လိုက်လေ သည်။
“တကယ်လို့ ဒီလိုဆိုရင်တော့ ငါ့ရဲ့ သစ်ရွက်ကိုယ်ပွားတွေကို သေချာ ချွေတာပြီး သုံးရမှာပဲ...။”
[ဟုတ်ပါတယ်...၊ ပြီးတော့ ပိုင်ရှင်အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်ထားသင့် ပါတယ်...။]
[ခုနက ပြောခဲ့တဲ့ အခြေအနေတွေအပြင် တခြား အသုံးဝင်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်...။]
လင်းဖန်သည် စနစ်၏ အကြံပေးချက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်လေသည်။ မည်သို့ပင်ဆို ဤသည် က အနာဂတ်တွင် အင်မော်တယ်ဘုံ၌ လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင် နေသည်ပင် မဟုတ်ပါလား။
လင်းဖန်သည် ကမ္ဘာဦးသစ်ပင် ဘေးတွင် ရပ်လျက် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်လေသည်။ လင်းဖန်၏ စိတ်ဝိညာဉ် ထွက်ခွာသွားသည် နှင့်...၊
ကမ္ဘာဦးသစ်ပင် ဘေးရှိ လင်းဖန်၏ ကိုယ်ပွားမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် သစ်ရွက်တစ်ရွက်သာ ကျန်ရစ်တော့လေသည်။ ထို့နောက် ကမ္ဘာဦးသစ်ပင်ရှိ အပေါက်မှာ ပြန်လည် ပွင့်လာပြီး လင်းဖန်၏ မူလခန္ဓာကိုယ်မှာ ထိုအပေါက်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။
“ဝါး...၊ ကိုယ်ပွားကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက်မှာ သစ်ရွက်အဖြစ် ပြန်ပြောင်းသွားတာပဲ...။ ဒါဆိုရင် ငါ ဒါကို ထပ်ပြီး သုံးလို့ရသေးတာပေါ့...။”
ထို့နောက် လင်းဖန်က မြေပြင်ပေါ်ရှိ သစ်ရွက်ကို ကောက်ယူကာ သစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက် ကို ထပ်မံ စတင်လိုက်လေသည်။ ယခုတစ်ကြိမ်တွင် ကမ္ဘာဦးသစ်ပင်ရှိ အပေါက်မှာ ပွင့်မလာတော့ပေ။ သို့သော် လင်းဖန်၏ လက်ထဲရှိ သစ်ရွက်မှာ စုပ်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လင်းဖန်ကို ဆွဲသွင်းလိုက်လေသည်။
လင်းဖန်သည် သစ်ပင်အပေါက်အတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီး သူ၏ မြင်ကွင်းမှာ မှောင်မိုက် သွားပြန်လေသည်။ သူ၏ စိတ်ဝိညာဉ်ကို သစ်ရွက်ပေါ်သို့ ပြန်လည် သွင်းလိုက်ပြီးနောက် လင်းဖန်၏ ပုံရိပ်မှာ ပြန်လည် ထွက်ပေါ်လာပြန်လေသည်။
“ဝါး...၊ ဒါက တကယ်ကို ပျော်စရာ ကောင်းတာပဲ...။ ဒီသစ်ရွက်တွေက ငါ့ကို ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ပင် အပေါက်ထဲကိုပါ စုပ်ယူသွားနိုင်တာပဲ...။”
“ဒီနည်းနဲ့ဆိုရင် ငါ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ ငါ့ဆီမှာ သစ်ရွက်တွေ ရှိနေသရွေ့ သစ်ပင်အပေါက်ထဲကို အချိန်မရွေး ဝင်နိုင်တော့မှာပေ့ါ...။”
ထို့နောက် လင်းဖန်၏ သစ်ရွက်ကိုယ်ပွားသည် ကမ္ဘာဦးသစ်ပင်ပေါ်တွင် ကျန်ရှိနေသော သစ်ရွက်နှစ်ရွက် ထံသို့ ကြည့်လိုက်လေသည်။ ခဏမျှ စဉ်းစားပြီးနောက် အကုန်ယူလိုသော စိတ်ကို ထိန်းချုပ်ကာ တစ်ရွက်ကိုသာ ယူလိုက်လေသည်။
ထို့နောက် လင်းဖန်က အသစ်ဆွဲနှုတ်လိုက်သော သစ်ရွက်ကို အဝေးသို့ ပစ်လိုက်သည်။ ပြီးနောက် သူ၏ စိတ်ဝိညာဉ်ကို အဝေးရှိ သစ်ရွက်ဆီသို့ ပို့လွှတ်လိုက်လေသည်။ ထို့နောက်တွင် ကမ္ဘာဦးသစ်ပင် ဘေးရှိ လင်းဖန်၏ သစ်ရွက်ကိုယ်ပွားမှာ သစ်ရွက်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်ကို တွေ့ရလေသည်။ အဝေးရှိ သစ်ရွက်မှာမူ လင်းဖန်၏ သစ်ရွက်ကိုယ်ပွားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
“ဘုရားရေ...။ ဒါ...၊ ဒါကလည်း အလုပ်ဖြစ်တာပဲ...။”
“အနာဂတ်မှာ ကမ္ဘာဦးသစ်ပင်မှာ သစ်ရွက်တွေ ပိုများလာတဲ့အခါ ငါက အင်မော်တယ်ဘုံရဲ့ ထောင့်တိုင်း မှာ သစ်ရွက်တွေကို ဝှက်ထားမယ်...။ ဒါဆိုရင် ငါက ဘယ်နေရာကိုမဆို အချိန်မရွေး ရောက်နိုင်သွားမှာ မဟုတ်လား...။”
“ဟဲဟဲဟဲ...၊ အနာဂတ်မှာ ရန်သူ့အသိုက်ကို ဝင်လုတဲ့အခါ ဒီနည်းလမ်းက တော်တော်လေးကို အဆင်ပြေမှာပဲ...။”
“အရင်ဆုံး ရန်သူ့အသိုက်ကို သွားပြီး သူတို့ကို ရန်စမယ်၊ ပြီးတော့ သစ်ရွက်အချို့ကို ချန်ထားခဲ့မယ်...။”
“သူတို့ ငါ့နောက်ကို လိုက်လာတဲ့အခါ သူတို့ကို ဟိုဟိုဒီဒီ လျှောက်ခေါ်သွားမှာပေါ့...။”
“သူတို့ အဝေးကို ရောက်သွားပြီဆိုမှ ငါ့ရဲ့ စိတ်ဝိညာဉ်ကို ရန်သူ့အသိုက်ထဲက သစ်ရွက်ဆီကို ပြောင်း လိုက်မယ်၊ ပြီးရင်တော့ သူတို့ရဲ့ အခြေစိုက်စခန်းကို လုယက်ပြီး ထွက်ပြေးရုံပဲ...။ လုံးဝပြည့်စုံလိုက် ခြင်းပေါ့ ...။”
လင်းဖန်သည် သစ်ရွက်ကိုယ်ပွား နည်းစနစ်၏ အသုံးချပုံများကို ပို၍ ပို၍ ကျွမ်းကျင်လာလေသည်။ သူ၏ စိတ်ထဲတွင် အင်မော်တယ်ဘုံ၌ လျှောက်သွားနေသည့် ပုံရိပ်များမှာ စတင် ထွက်ပေါ်နေပြီ ဖြစ် သည်။
အမှန်စင်စစ် ဤကျင့်ကြံခြင်းလောကသို့ သူ ရောက်ရှိလာကတည်းက လင်းဖန်သည် အမြဲတမ်း စိုးရိမ် စိတ်များ ရှိနေခဲ့သည်။ အထူးသဖြင့် သူ၏ ကျင့်ကြံမှုမှာ အတိဒုက္ခအဆင့်သို့ မရောက်ရှိသေးမီ အချိန်က ဖြစ်သည်။
ခရမ်းရွှေနတ်နဂါးထီးနှင့် မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ကဲ့သို့သော အသက်ကယ် ရတနာများ ရှိနေ သော်လည်း သူသည် လုံခြုံသည်ဟု တစ်ခါမျှ မခံစားခဲ့ရပေ။
*ဘာပဲဖြစ်ဖြစ် ဒါတွေက အသက်ကယ် နည်းလမ်းတွေပဲလေ... မတော်တဆ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ…။*
ယခုမူ လင်းဖန်သည် နောက်ဆုံးတွင် လုံခြုံသည်ဟု ခံစားလိုက်ရလေသည်။ ဘာကြောင့်လဲဆိုသော် သစ်ရွက်ကိုယ်ပွား စွမ်းရည်ကြောင့် သူသည် အသက်ပေါင်းများစွာ ရှိနေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ အသက်အတွက် စိုးရိမ်စရာ မလိုတော့ပြီ ဖြစ်သဖြင့် မတော်တဆ အခြေအနေများကိုလည်း ကြောက်နေစရာ မလိုတော့ပေ။
“အခုကစပြီး ငါ့ရဲ့ မူလခန္ဓာကိုယ်က ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲမှာပဲ နေတော့မယ်၊ အပြင်ကို မထွက်တော့ဘူး...။ လောကကြီးကို လှည့်လည်ဖို့အတွက် ငါ့ရဲ့ ကိုယ်ပွားတွေကိုပဲ သုံးတော့မယ်...။”
“ငါ အင်မော်တယ်ဘုံမှာ အနှိုင်းမဲ့ ဖြစ်လာတဲ့နေ့ကျမှ ငါ့ရဲ့ မူလခန္ဓာကိုယ်က မြင့်မြတ်နယ်မြေကနေ ထွက်ခွာမှာ ဖြစ်တယ်...။”
[အဲ...၊ ဒီလောက်အထိ စောင့်နေဖို့ မလိုပါဘူး...။]
[ဘာပဲဖြစ်ဖြစ် ပိုင်ရှင်အနေနဲ့ သစ်ရွက်တစ်ရွက်ကို ဆောင်ထားသရွေ့ ပိုင်ရှင်က ဘေးကင်းမှာပါ...။]
ထိုစကားကို ကြားသောအခါ လင်းဖန်က ခေါင်းခါယမ်းလိုက်လေသည်။
“ဒါက အဆင်မပြေဘူး...။ ဒီလောက်နဲ့တင် မလုံလောက်သေးဘူး...။”
“ရန်သူက ငါ သိတောင် မသိလိုက်ခင်မှာ ရုတ်တရက် တိုက်ခိုက်ပြီး သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ...။”
[...ဒါဆိုရင်လည်း ပိုင်ရှင်အနေနဲ့ အဆင့်တွေ ပိုတက်အောင် လုပ်ပါဦး...။ လုပ်ဆောင်ချက် အသစ်တွေ ထပ်တိုးလာနိုင်ပါတယ်...။]
[သစ်ရွက်ကိုယ်ပွား ရှိမှတော့ သစ်ရွက်ကိုယ်စားထိုး ဆိုတာလည်း ရှိနိုင်တာပဲလေ...။]
[သစ်ရွက်ကိုယ်ပွားက စိတ်ဝိညာဉ်ရဲ့ ဖော်ပြချက် ဖြစ်ပေမဲ့ သစ်ရွက်ကိုယ်စားထိုးကတော့ တစ်စုံတစ် ယောက်ရဲ့ နေရာမှာ အလိုအလျောက် အစားထိုးနိုင်တဲ့ စွမ်းရည် ရှိရမှာ ဖြစ်ပါတယ်...။]
[အဲ့ဒီလိုဆိုရင် ရန်သူက ပိုင်ရှင် မသိလိုက်ခင်မှာ သတ်လိုက်ရင်တောင် ပိုင်ရှင်ရဲ့ ကိုယ်စား သစ်ရွက်ကပဲ သေပေးသွားမှာ ဖြစ်တယ်...။]
စနစ်၏ စကားများကြောင့် လင်းဖန်၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်။ အကယ်၍ ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုးသာ အမှန်တကယ် ပေါ်လာမည်ဆိုပါက သူသည် တကယ်ကို မသေနိုင်သောသူ ဖြစ်လာပေလိမ့်မည်ပင်။
“ဘုရားရေ...၊ ကမ္ဘာဦးသစ်ပင်မှာ ဒီလို လုပ်ဆောင်ချက်မျိုး ရှိမှာလား...။ ဘယ်တော့ ရမှာလဲ...။”
[ငါက ရှိနိုင်တယ်လို့ပဲ ပြောတာပါ...။ သေချာပေါက် ရှိမယ်လို့ မပြောပါဘူး...။]
စနစ်က ထိုသို့ ပြောခဲ့သော်လည်း လင်းဖန်၏ အတွေ့အကြုံအရ စနစ်က ဤသို့ ထုတ်ဖော် ပြောဆိုခဲ့ လျှင် ထိုအရာမှာ သေချာပေါက် ရှိနေမည် ဖြစ်သည်။ ဤအချိန်တွင် လင်းဖန်သည် အဆင့်တက်ရန် အလွန်အမင်း ဆန္ဒပြင်းပြလာတော့သည်။
“အဆင့်တက်ရမယ်...၊ အခုချက်ချင်း အဆင့်တက်ရမယ်…။”
“ဝိညာဉ်ကြောတွေ...၊ ဟုတ်သားပဲ...။ ငါ့ကို ဝါးမြိုခဲ့ဖို့ စောင့်နေတဲ့ ဝိညာဉ်ကြော လေးခု ရှိသေးတာ ပဲ...။”
အဆင့်တက်ရန် စိတ်အားထက်သန်နေသော လင်းဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်က မြင့်မြတ် နယ်မြေသို့ ရောက်ရှိလာသော ဂိုဏ်းအကြီးအကဲများကို နောက်ဆုံးတွင် သတိရသွားတော့သည်။
ရွှီကျန့်သည် သူ၏ ကတိကဝတ်များကို သူတို့ထံသို့ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သေချာ ပြောပြပြီးလောက်ပြီ ဖြစ်ချေသည်။
သူတို့ကို သွားတွေ့ရမည့် အချိန်ပင်။ ရွှီကျန့်နှင့် အခြားသူများ ရှိရာနေရာကို ရှာဖွေပြီးနောက် လင်းဖန် သည် ထိုနေရာသို့ ချက်ချင်း တယ်လီပို့ သွားလိုက်လေသည်။
“မြင့်မြတ်သောအရှင်ကို ဂါရဝပြုပါတယ်...။”
သူ့ဘေးတွင် လင်းဖန် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ရွှီကျန့်က အရင်ဆုံး နှုတ်ဆက်လိုက် လေသည်။ အခြား ဂိုဏ်းဘိုးဘေး လေးယောက်မှာလည်း ခဏမျှ မှင်တက်သွားပြီးနောက် ဘာဖြစ်နေ သည်ကို တစ်ပြိုင်တည်း သဘောပေါက်သွားကြလေသည်။
“မြင့်မြတ်သောအရှင်ကို ဂါရဝပြုပါတယ်...။”
သူ၏ ရှေ့မှောက်ရှိ လူအုပ်ကို ကြည့်ကာ လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့ လေးယောက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြစမ်း...။ မင်းတို့ရဲ့ နာမည်တွေနဲ့ ဂိုဏ်းနာမည်တွေ အပါအဝင်ပေါ့...။”
ထိုစကားကို ကြားသောအခါ လေးယောက်စလုံး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ယောက် ချင်းစီ မိတ်ဆက်ခဲ့ကြလေသည်။
“ကျွန်တော်မျိုးက ယွီကျန့်ဂိုဏ်းက ဝူကျန့် ဖြစ်ပါတယ်...။”
“ကျွန်တော်မျိုးက ထျန်းကျီးဂိုဏ်းက ဟွမ်ယီ ဖြစ်ပါတယ်...။”
“ကျွန်တော်မျိုးက သားရဲယဉ်ပါးစေသောဂိုဏ်းက ဟဲလုံ ဖြစ်ပါတယ်...။”
“ကျွန်တော်မျိုးက ထျန်းယန့်ဂိုဏ်းက ရွှီဝမ် ဖြစ်ပါတယ်...။”
လေးယောက်စလုံး သူတို့၏ နာမည်များကို ပြောပြီးနောက် လင်းဖန်က ခေါင်းညိတ်ပြလိုက်လေသည်။
“မြင့်မြတ်နယ်မြေရဲ့ အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်းကို ရွှီကျန့်က မင်းတို့ကို ပြောပြပြီး လောက်ပြီဆိုတော့ ငါ ထပ်ပြီး အသေးစိတ် မပြောတော့ဘူး...။”
“မင်းတို့ နောက်ထပ် လုပ်ဆောင်ရမယ့် ကိစ္စ နှစ်ခု ရှိတယ်...။”
“ပထမဆုံးအနေနဲ့ မင်းတို့ကို မင်းတို့ရဲ့ ဂိုဏ်းက ဝိညာဉ်ကြောတွေဆီ ခေါ်သွားခိုင်းပြီး အဲဒီ ဝိညာဉ်ကြော တွေကို မြင့်မြတ်နယ်မြေထဲကို ဝါးမြို ထည့်သွင်းရမယ်...။”
“အဲဒီအချိန်ကျရင် မင်းတို့အနေနဲ့ မြင့်မြတ်နယ်မြေထဲက ဧရိယာတစ်ခုကို မင်းတို့ဂိုဏ်းရဲ့ ကျင့်ကြံရေး နယ်မြေအဖြစ် ရွေးချယ်နိုင်မှာ ဖြစ်တယ်...။”
ဤနေရာတွင် လင်းဖန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆက်၍ ပြောလိုက်သည်။
“ကတိသစ္စာ ဆိုရမယ့် ကိစ္စကို ငါ မေ့တော့မလို့ပဲ...။”
“မင်းတို့ ပြန်သွားပြီးရင် ဂိုဏ်းအတွင်းမှာ ရှိတဲ့ လူတွေကို ကတိသစ္စာ တစ်ခုကို ဆိုခိုင်းဖို့ နည်းလမ်း ရှာရမယ်...။ အဲဒါမှ မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်တာလို့ သတ်မှတ်မှာ ဖြစ်တယ်...။”
“အဲဒါကို ဘယ်လို ရှင်းပြမလဲဆိုတာကိုတော့ မင်းတို့ ကိုယ့်ဘာသာကိုယ်ပဲ နည်းလမ်းရှာကြပေါ့...။”
ဤနေရာတွင် လင်းဖန်က ကတိသစ္စာကို လူတိုင်းအား ရွတ်ပြလိုက်လေ၏။ သူတို့ကိုလည်း အသံထွက် ၍ ဖတ်ခိုင်းလိုက်လေသည်။
ဂိုဏ်းထဲတွင် လူများလွန်းသောကြောင့် လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးကို အသုံးပြု၍ ထိန်းချုပ်သည့် ဖြုန်းတီးသော နည်းလမ်းကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် လင်းဖန်သည် သူ၏ လက်အောက်သို့ ရောက်ရှိလာမည့် အင်အားစု အားလုံးအတွက် အလုပ်ခန့်ထားမှု စာချုပ်များဖြင့် အစားထိုးရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
အထူးသဖြင့် ကမ္ဘာဦးသစ်ပင်၏ အံ့သြဖွယ် စွမ်းရည်များကို မြင်တွေ့ပြီးနောက် လင်းဖန်သည် သူ၏ အလုပ်ခန့်ထားမှု စာချုပ်ကို ပို၍ ပို၍ တန်ဖိုးထားလာမိတော့သည်။
မည်သို့ပင်ဆိုစေ ဤအလုပ်ခန့်ထားမှု စာချုပ်သည်လည်း ကမ္ဘာဦးသစ်ပင်မှ ဖန်တီးထားပေးခြင်းပင် မဟုတ်ပါလား။