← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈) လုပ်ဆောင်ချက်အသစ်...၊ သစ်ရွက်တစ်ရွက်ဖြင့် အမြင်အာရုံကို ဖုံးကွယ်ခြင်း...

“သံသယရှိတယ်ဆိုတာက မသေချာသေးဘူးလို့ အဓိပ္ပာယ်ရတာပဲ...။ ဒီကိစ္စက အရမ်းအရေးကြီးတာမို့ လို့ တိကျတဲ့ရလဒ်ရဖို့ ငါတို့ သေချာစုံစမ်းရဦးမယ်...။”

“ဟုတ်ပါတယ်...။ ထူးခြားတဲ့ ဟင်းလင်းပြင်တွေက အများကြီးရှိတာပဲ...။ အဲဒီနေရာက တခြားအမျိုး အစားလည်း ဖြစ်နိုင်တာပဲလေ...။”

“သူတို့မှာ မြင့်မြတ်နယ်မြေ ရှိနေရင်တောင်...၊ အထက်ဘုံမှာ အခြေခံအုတ်မြစ်မရှိသေးသရွေ့တော့ သူတို့ကို မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်လို့ မရသေးပါဘူး...။”

“အဲဒါကတော့ မှန်တယ်...။ ဒါပေမဲ့ အချိန်တစ်ခုပေးလိုက်ရင်တော့ သူတို့က ပဉ္စမမြောက် မြင့်မြတ် နယ်မြေ ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာလေ...။”

“မင်းကိုယ်တိုင်ပဲ ပြောတာလေ...။ အချိန်ပေးမှ ဖြစ်မှာလို့...၊ ဒါဆို ငါတို့က ဘာလို့ သူတို့ကို အချိန်ပေး ရမှာလဲ...။”

“ဘာတွေ ပြောနေတာလဲ...။ အင်မော်တယ် ကိုးယောက်တောင် ရှိတာကို...၊ အချိန်မပေးလို့ကော မင်းက ဘာလုပ်နိုင်မှာလဲ...။”

“ဟင်း...၊ ဒါက ငါတို့ ရွှမ်းဝူ မြင့်မြတ်နယ်မြေ တစ်ခုတည်းရဲ့ ကိစ္စမဟုတ်ပါဘူး...။ မြင့်မြတ်နယ်မြေ တစ်ခုတည်းကတော့ သူတို့လောက် အင်မော်တယ် မများပေမဲ့...၊ မြင့်မြတ်နယ်မြေ လေးခုလုံး ပူးပေါင်း လိုက်ရင်တော့ ပုံစံတစ်မျိုးပြောင်းသွားမှာပေါ့...။”

လူအများ၏ ဆွေးနွေးမှုများကို နားထောင်ပြီးနောက် ဝမ်ရွှမ်က ဆက်ပြောလိုက်လေသည်...။

“ဒီကိစ္စကို သေချာစဉ်းစားဖို့ လိုသေးတယ်...။”

“ဖမ်းဆီးခံထားရတဲ့ ငါတို့ မြင့်မြတ်နယ်မြေ လေးခုရဲ့ အကြီးအကဲတွေကိုတော့ ဒီအတိုင်း ပစ်ထားလို့ တော့မဖြစ်ဘူး...။”

“ဒါပေမဲ့ တစ်ဖက်လူရဲ့ အင်အားကိုလည်း လျှော့တွက်လို့ မရတဲ့အတွက် ငါတို့ ဇွတ်အတင်းတော့ လုပ်လို့ မဖြစ်ဘူးပေါ့...။”

“ပထမဆုံး လုပ်ရမှာက သူတို့ရဲ့ တယ်လီပို့ အစီအရင်ထဲက ဆန်းကြယ်တဲ့ ဟင်းလင်းပြင်ဟာ အင်မော် တယ်တွေ နေထိုင်လို့ရတဲ့ မြင့်မြတ်နယ်မြေ ဟုတ်၊ မဟုတ်အတည်ပြုဖို့ပဲ...။”

“တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ ကိစ္စက ပိုလွယ်သွားပြီ...။ တစ်ယောက်ယောက်ကို အင်မော်တယ် ဘုံဆီ တက်လှမ်းဖို့ စီစဉ်လိုက်ပြီး...၊ အဲဒီအင်မော်တယ် ကိုးယောက်ကိုပါ အင်မော်တယ်ဘုံဆီ အတင်း အကျပ် ပါသွားအောင်လုပ်လိုက်ရုံပဲ...။”

“အဲဒီအခါကျရင် ကျန်တဲ့သူတွေက ငါတို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူးပေါ့...။”

ဤနည်းလမ်းကို ကြားသောအခါ လူတိုင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ လေသည်...။

ဂိုဏ်းမရှိသော အင်မော်တယ်များမှာ အင်မော်တယ်ဘုံသို့ မဝင်ရောက်နိုင်သော်လည်း...၊ အစစ်အမှန် အင်မော်တယ်များမှာမူ ဝင်ရောက်နိုင်ပေသည်...။ အကယ်၍ တစ်စုံတစ်ဦးက ကိုးကြိမ်မြောက် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်ပါက...၊ တက်လှမ်းခြင်း လမ်းကြောင်း ပွင့်လာပေလိမ့်မည်...။

ထိုတက်လှမ်းခြင်း လမ်းကြောင်းက အခြားသော အင်မော်တယ်များကိုပါ အင်မော်တယ်ဘုံသို့ အတင်း အကျပ် ဆွဲခေါ်သွားပေလိမ့်မည်...။ မြင့်မြတ်နယ်မြေတစ်ခုအတွင်း ပုန်းအောင်းနေခြင်းဖြင့်သာ ထိုတက် လှမ်းခြင်း လမ်းကြောင်း၏ ဆွဲဆောင်မှုကို ရှောင်လွှဲနိုင်မည် ဖြစ်သည်...။

မြင့်မြတ်နယ်မြေ လေးခုမှ အင်မော်တယ်များသည်လည်း ဤနည်းလမ်းဖြင့်ပင် ထျန်းယွမ်တိုက်ကြီး၌ ကျန်ရစ်ခဲ့ကြခြင်း ဖြစ်လေသည်...။

“ဒါဆိုရင်တော့...၊ ငါတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့တာပေါ့...။”

“သူတို့ကို ပဉ္စမမြောက် မြင့်မြတ်နယ်မြေအဖြစ် အသိအမှတ်ပြုမလား...။ ဒါမှမဟုတ် မြင့်မြတ်နယ်မြေ လေးခု ပူးပေါင်းပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်မလား ဆိုတာပဲ...။”

ထိုနေရာတွင် ဝမ်ရွှမ်က ခေတ္တရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်...။

“ဒါပေမဲ့ ဒီရလဒ် နှစ်ခုလုံးက ငါတို့ ဖြစ်စေချင်တာတွေ မဟုတ်ဘူး...။”

“မြင့်မြတ်နယ်မြေ လေးခုရဲ့ အုပ်ချုပ်မှုက လုံလောက်နေပါပြီ...။ တကယ်လို့သာ ပဉ္စမမြောက် မြင့်မြတ် နယ်မြေကိုသာ လက်ခံလိုက်ရင် ငါတို့ရဲ့ အကျိုးစီးပွားတွေကိုထိခိုက်လာလိမ့်မယ်...။”

“ဒါပေမဲ့ စစ်ပွဲသာ ဖြစ်လာရင်...၊ ငါတို့ နိုင်ရင်တောင်မှ တစ်ဖက်က အင်မော်တယ်ကိုးယောက်ကြောင့် ငါတို့ မြင့်မြတ်နယ်မြေ လေးခုရဲ့ အင်အားကလည်း အတော်လေး အထိနာသွားလိမ့်မယ်...။”

ဤအချက်ကို စဉ်းစားမိသောအခါ ဝမ်ရွှမ်မှာ ခေါင်းခဲလာတော့သည်...။ မကြာသေးမီကမှ သူတို့ ဂရု မစိုက်ခဲ့သော အင်အားစုမှာ ယခုအခါ အလွန်ပင် ခက်ခဲသော ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့ချေပြီ...။

အစည်းအဝေး ခန်းမအတွင်းရှိ လူများကို ကြည့်ကာ ဝမ်ရွှမ်သည် သူတို့နှင့် ဆွေးနွေးနေ၍ဘာမှ ထူးလာ မည်မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက တိုက်ရိုက်ပင်အမိန့်ပေးလိုက်တော့သည်...။

“ကဲ...၊ အားလုံးပဲ အပြင်ထွက်ပြီး သတင်းအချက်အလက်တွေ စုဆောင်းကြတော့...။”

“သူတို့ရဲ့ ဆန်းကြယ်တဲ့ ဟင်းလင်းပြင်အကြောင်းကို အသေးစိတ် သိအောင် လုပ်ကြစမ်း...။”

“ငါကတော့ ဒီကိစ္စကို ဘိုးဘေးဆီ သွားပြီး သတင်းပို့လိုက်ဦးမယ်...။”

ထိုသို့ပြောပြီးနောက် ဝမ်ရွှမ် ထွက်ခွာသွားလေတော့သည်...။ အကြီးအကဲများသည်လည်းကိစ္စမှာ မည်မျှ အရေးကြီးကြောင်း နားလည်သွားကြသည်။ သူတို့သည်ယခင်ကကဲ့သို့ ပေါ့ပေါ့တန်တန် မလုပ် ကြတော့ဘဲ၊ အားလုံးက နေရာမှထကာစုံစမ်းစစ်ဆေးမှုများ စတင်ရန် ထွက်ခွာသွားကြတော့သည်...။

တစ်ဖက်တွင်မူ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အတွင်း၌...

လင်းဖန်သည် မြင့်မြတ်နယ်မြေ လေးခုမှ လူများ မကြာမီ တိုက်ခိုက်လာလိမ့်မည်ဟု ယူဆထားခဲ့ လေသည်။ သို့သော် မမျှော်လင့်ဘဲ ရက်ပေါင်းများစွာကုန်ဆုံးသွားခဲ့သော်လည်း တစ်ဖက်လူမှာ ပေါ်မလာခဲ့သေးချေ...။

ထိုအတောအတွင်းမှာပင် သူသည် အဋ္ဌမအကြိမ် အတိဒုက္ခအဆင့်သို့ပင် တက်လှမ်းသွားခဲ့ပြီဖြစ် လေသည်...။

ဟုတ်ပါသည်...၊ ခုနကတင် သူသည် စနစ်၏ အသိပေးချက်ကို လက်ခံရရှိခဲ့လေသည်...။ နောက်ထပ် ထိပ်တန်းအဆင့် ဝိညာဉ်ကြောတစ်ခုမှာ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရပြီ ဖြစ်ပေသည်...။

[ဒင်...၊ ထိပ်တန်းအဆင့် ဝိညာဉ်ကြောကို အောင်မြင်စွာ စုပ်ယူပြီးပါပြီ...။ ပိုင်ရှင်အနေနဲ့ အဋ္ဌမအကြိမ် အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်...၊ လုပ်ဆောင်ချက်အသစ်တစ်ခုကို ရရှိလိုက်ပါပြီ...။]

“ဟင်း...၊ ဒီမြင့်မြတ်နယ်မြေ လေးခုက ဘာဖြစ်နေတာလဲ မသိဘူး...။”

“မင်းတို့ ငါ့ကို လာမရှာရင်လည်း...၊ ငါကတော့ ဒီထျန်းယွမ်တိုက်ကြီးမှာ ဆက်ပြီး ကစားမနေတော့ဘူး နော်...။”

“နောက်ထပ် ဝိညာဉ်ကြောကို စုပ်ယူပြီးဖို့က ရက်အနည်းငယ်ပဲ လိုတော့မှာ...။ အဲဒီအခါကျရင် ငါ အင်မော်တယ်ဘုံဆီ သွားပြီး ပျော်စရာတွေရှာလို့ရပြီလေ...။”

“ဒါပေမဲ့ အင်မော်တယ်ဘုံကို မသွားခင်မှာတော့...၊ ဒီ မတည်ငြိမ်တဲ့ အင်အားစုလေးခုကိုတော့ သေချာ ပေါက် ဖြေရှင်းသွားရမယ်...။”

ဆုံးဖြတ်ချက် ချပြီးနောက် လင်းဖန်သည် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ လုပ်ဆောင်ချက် အသစ်ကို မျှော်လင့်တကြီးဖြင့်ကြည့်လိုက်သည်...။ သူ မျှော်လင့်နေသည်မှာ စနစ်က ယခင်ကပြောခဲ့ဖူး သော သစ်ရွက်အစားထိုး လုပ်ဆောင်ချက်ပင် ဖြစ်ပေသည်...။

၎င်းမှာအင်မော်တယ်ဘုံသို့ တက်လှမ်းပြီးနောက် သူ၏ အသက်ရှင်သန်မှုကိုအာမခံပေးမည့် ဝှက်ဖဲ တစ်ခု ဖြစ်သည် မဟုတ်ပါလော...။

သို့သော် လင်းဖန်သည် လုပ်ဆောင်ချက်အသစ်ကို ကြည့်လိုက်သောအခါ အနည်းငယ်စိတ်ပျက်သွား ခဲ့သည်။ အဋ္ဌမအကြိမ် အတိဒုက္ခအဆင့်၏လုပ်ဆောင်ချက်အသစ်မှာ ကမ္ဘာဦးသစ်ပင်နှင့် ပတ်သက် နေဆဲ ဖြစ်သော်လည်းသူလိုချင်သော အရာတော့ မဟုတ်ခဲ့ပေ...။

[လုပ်ဆောင်ချက်အသစ် - သစ်ရွက်တစ်ရွက်ဖြင့် အမြင်အာရုံကို ဖုံးကွယ်ခြင်း...။]

၎င်းမှာလည်း မည်သည့် ရှင်းပြချက်မျှ မပါဘဲ ရိုးရှင်းသော စာသားလေးသာ ဖြစ်လေသည်...။

“ဟေး...၊ ငတုံးလေး...။ ထွက်လာပြီး ဒီလုပ်ဆောင်ချက်က ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းပြအုန်း...။”

[ဘာကို ဆိုလိုတာလဲ ဟုတ်လား...၊ စာသားအတိုင်းပဲလေ...။]

စနစ်၏ အဖြေကြောင့် လင်းဖန်မှာ စကားပင် မပြောနိုင်တော့ပေ...။

“စာသားအတိုင်း ဟုတ်လား...။ အပေါ်ယံ အသွင်အပြင်ကြောင့် အဖြစ်မှန်ကို မမြင်နိုင်တာမျိုးလား...။”

“ဒါက မျက်လှည့်ပြတဲ့ စွမ်းရည်မျိုးလား...။”

[အင်း...ဈ ပိုင်ရှင် ခန့်မှန်းတာ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်...။ ဒါပေမဲ့အကုန်လုံးတော့ မဟုတ် ဘူးပေါ့...။ ပိုင်ရှင်ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါ...။]

စနစ်က မပြောလျင်တောင် လင်းဖန်က ထိုလုပ်ဆောင်ချက်ကို ကိုယ်တိုင် စမ်းကြည့်ရန် ကြံရွယ်ထား ပြီးသား ဖြစ်လေသည်...။

*ကောင်းပြီ...။ ဒါပေမဲ့ သစ်ရွက် ဆိုတဲ့ စာလုံးပါနေတော့ ဒါက သစ်ပင်ရဲ့ အရွက်တွေနဲ့ပတ်သက်နေတာ သေချာတယ် မဟုတ်လား...။*

ထိုသို့တွေးရင်း လင်းဖန်သည် ကမ္ဘာဦးသစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ထုတ်ယူကာ သစ်ရွက်တစ်ရွက် ဖြင့် အမြင်အာရုံကို ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်...။

လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်နှင့် လင်းဖန်၏ လက်ထဲရှိ သစ်ရွက်မှာ သူ၏ အမြင်အာရုံ နှင့် စိတ်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်...။

ပိုင်ရှင်ဖြစ်သည့်အတွက် လင်းဖန်သည် သစ်ရွက်မှာ သူ၏လက်ထဲတွင်ရှိနေဆဲဖြစ်ကြောင်း သဘာဝကျ စွာ ခံစားသိရှိနိုင်သော်လည်းတခြားမည်သူမျှတော့ တွေ့ရှိနိုင်မည် မဟုတ်ချေ...။

*ကိုယ်ပျောက်တာ သက်သက်ပဲလား...။ ဒီလောက်တော့ မရိုးရှင်းလောက်ဘူးမလား...။*

ထိုသို့တွေးရင်း လင်းဖန်က စမ်းသပ်မှုကို တစ်ဖန် ပြန်စလိုက်လေသည်...။

မကြာမီ လင်းဖန်၏လက်ထဲမှ သစ်ရွက်မှာ ပြန်လည် ပေါ်လာပြီးနောက် ကျောက်ခဲတစ်လုံး အဖြစ် ပြောင်းလဲသွားခဲ့လေသည်...။

“ဟား...၊ ငါ ထင်တဲ့အတိုင်းပဲ...။ ဒါက ကိုယ်ပျောက်ရုံတင် မဟုတ်ဘူး...၊ တစ်ဖက်လူကို လှည့်စား ဖို့အတွက် အသွင်အပြင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်တာပဲ...။”

“ဒါ့အပြင် ဒီလိုပြောင်းလဲတာတွေက ကိုယ့်ရဲ့ စိတ်ကူးထဲကအတိုင်း ဖြစ်ပေါ်လာတာကိုး...။”

ပထမဆုံး စတင် အသုံးပြုစဉ်က လင်းဖန်သည် သူ၏ စိတ်ထဲ၌ မည်သည့်အရာကိုမျှ ပုံဖော်ခြင်းမရှိခဲ့ ချေ...။ ထို့ကြောင့် သစ်ရွက်မှာ ကိုယ်ပျောက်သွားခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လင်းဖန်က ကျောက်ခဲကို စဉ်းစားလိုက်သောအခါ ၎င်းကကျောက်ခဲအဖြစ် ပြောင်းလဲသွားခြင်းပင်...။

ထို့နောက်တွင်တော့ လင်းဖန်သည် ဆန်းပြားသော အရာများစွာကို ဆက်လက် ပုံဖော်ကြည့်နေတော့ သည်...။

သက်မဲ့ပစ္စည်းများဖြစ်သော ဆေးလုံးများနှင့်ဓားပျံများမှစ၍...၊ ငှက်များနှင့် ပုရွက်ဆိတ်များကဲ့သို့သော သက်ရှိ သတ္တဝါများအထိ အရာအားလုံးမှာ အစစ်အတိုင်း တူညီစွာ ပေါ်ထွက်လာခဲ့လေသည်...။

“ဒါပေမဲ့ ဒီစွမ်းရည်က ဘာအတွက် အသုံးဝင်မှာလဲ...၊ မျက်လှည့်ပြဖို့အတွက်လား...။”

ထိုစဉ် လင်းဖန်၏ စိတ်ထဲ၌ အတွေးသစ်တစ်ခု ရုတ်တရက် ဝင်လာခဲ့သည်...။

*မဟုတ်ဘူး... ဒီစွမ်းရည်က အသုံးဝင်တယ်...၊ အတော်လေးကို အသုံးဝင်တာ...။*

*ဒီသစ်ရွက်တွေက ငါ့ရဲ့ ကိုယ်ပွားတွေအဖြစ် ပြောင်းလဲနိုင်တာပဲ...။*

*တကယ်လို့ သစ်ရွက်ကိုယ်ပွား နည်းစနစ်နဲ့ အမြင်အာရုံ ဖုံးကွယ်ခြင်း စွမ်းရည်ကိုသာ ပေါင်းပြီး သုံးလိုက်မယ်ဆိုရင်...၊ ငါက သက်ရှိသက်မဲ့ အရာအားလုံးအဖြစ် လွတ်လွတ်လပ်လပ် အသွင်ပြောင်း နိုင်သွားမှာ မဟုတ်ဘူးလား...။*

*ဒါက... မဟာသူတော်စင်ရဲ့ အသွင်ပြောင်းလဲခြင်း (၇၂) မျိုးပဲ မဟုတ်ဘူးလား...။*

ဤအတွေး ရရှိပြီးနောက် လင်းဖန်သည် ချက်ချင်းပင် လက်တွေ့ စမ်းသပ်လိုက်၏။ သူသည် သစ်ရွက် ကိုယ်ပွား လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်တော့သည်...။

သူ့ရှေ့တွင်ရှိသောသစ်ရွက်များက လင်းဖန်ကို သစ်ပင်၏ အခေါင်းပေါက်ထဲသို့ တိုက်ရိုက်ဆွဲခေါ်သွား တော့သည်။ လင်းဖန်၏ စိတ်ဝိညာဉ်ရောက်ရှိနေသော သစ်ရွက်ကိုယ်ပွားမှာလည်း ထိုနေရာ၌ပင် ပေါ်လာခဲ့လေသည်...။

*ဒီလုပ်ဆောင်ချက် နှစ်ခုကို ပေါင်းသုံးလို့ ရ၊ မရဆိုတာ မကြာခင် သိရတော့မှာပဲ...။ ပထမဆုံး ဘာအဖြစ် ပြောင်းကြည့်ရမလဲ...။*

*အင်း...၊ ကိုယ်ပျောက်တာကိုပဲ အရင် စမ်းကြည့်ရအောင်...။*

လင်းဖန် စိတ်ထဲမှ ပုံဖော်လိုက်သည်နှင့်...၊ သူ့ရှေ့တွင်ရှိနေသော လင်းဖန်၏သစ်ရွက်ကိုယ်ပွားမှာ အမြင်အာရုံနှင့် စိတ်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်...။

“ဟားဟားဟား...၊ တကယ် ရတာပဲ...။ ငါ့မှာ တကယ်ပဲ အသွင်ပြောင်းလဲခြင်း (၇၂) မျိုး စွမ်းရည် ရှိသွားပြီ...။”

“ဒါက ဒီစွမ်းရည်ရှိတဲ့ သစ်ရွက်ကိုယ်ပွားတစ်ခုပဲ ဆိုပေမဲ့...၊ ငါကိုယ်တိုင်နဲ့တော့ သိပ်မထူးပါဘူး...။”

ယခုအချိန်တွင် လင်းဖန်၏ အသံကိုသာ ကြားရပြီး သူ့ကိုတော့ မမြင်ရတော့ချေ...။ အကယ်၍တစ်စုံ တစ်ဦးသာ ဤနေရာမှ ဖြတ်သွားမည်ဆိုပါက သေချာပေါက်ထိတ်လန့်သွားပေလိမ့်မည်...။

All Chapters