အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း (၂၄၉) မြင့်မြတ်နယ်မြေ လေးခု၏ သဘောထား...
လင်းဖန်က ဤနေရာမှာပင် ရှိနေသော်လည်း မည်သည့်နည်းလမ်းဖြင့် စုံစမ်းစစ်ဆေးသည်ဖြစ်စေ သူ၏ အရိပ်အယောင်ကိုပင် ရှာမတွေ့နိုင်ချေ...။
“ဒါသိပ်တော့ မသေချာသေးဘူး...။ အသွင်ပြောင်းလို့ ရ၊ မရဆိုတာ ထပ်စမ်းကြည့်ရဦးမယ်...။ အရင်ဆုံး ဆေးလုံးတစ်လုံးအဖြစ် ပြောင်းကြည့်ရအောင်...။”
လင်းဖန် စကားပြောပြီးသည်နှင့်...၊ သူ၏ သစ်ရွက်ကိုယ်ပွား ရှိနေသော နေရာ၌ ဆေးလုံးတစ်လုံးက ရုတ်တရက် ပေါ်လာခဲ့လေသည်...။
“ဟားဟား...၊ တကယ် ရတာပဲ...။”
“အင်း...၊ စကားပြောတတ်တဲ့ ဆေးလုံးတစ်လုံးကို လူတွေ မြင်ရင်တော့ တော်တော်လေး ထိတ်လန့် သွားကြမှာပဲ...။”
“ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး...၊ အင်မော်တယ်ဘုံက အင်မော်တယ်ဆေးလုံးတွေထဲ မှာလူ့ အသွင်ပြောင်းပြီး စကားပြောနိုင်တဲ့ အရာတွေ ရှိမှာပါ...။ ဒါက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်လောက် ဘူး...။”
ထို့နောက်တွင် လင်းဖန်သည် စမ်းသပ်မှု အမျိုးမျိုးကို စတင်လေတော့သည်...။
သူသည်ငှက်များ၊ ပုရွက်ဆိတ်များ၊ နဂါးများနှင့် အခြားသော သက်ရှိ သတ္တဝါအမျိုးမျိုးကို ပုံဖော်ကြည့် နေခဲ့သည်။ ထို့နောက် စားပွဲများ၊ခုံတန်းရှည်များနှင့် တူကဲ့သို့သောသက်မဲ့ပစ္စည်းများကိုလည်း တစ်ခု ချင်းစီ စမ်းသပ်ကြည့်နေခဲ့လေသည်...။
နောက်ဆုံးတွင် လင်းဖန်သည် နတ်သမီးဝတ်စုံ တစ်ထည်အဖြစ်ပင် အသွင်ပြောင်းလိုက်ပေသေး သည်။၎င်းမှာ ကမ္ဘာဦးသစ်ပင်က အင်မော်တယ်ဘုံမှ ခိုးယူလာခဲ့သော နတ်သမီးဝတ်စုံပင်ဖြစ်သည်...။
*ဟဲဟဲ...၊ သူများရဲ့ နတ်သမီးဝတ်စုံကို ငါ ခိုးထားတာဆိုတော့ ပြန်တော့ပေးရဦးမှာပဲ...။*
*ငါ အသွင်ပြောင်းထားတဲ့ ဒီနတ်သမီးဝတ်စုံကိုပဲ သူ့ဆီ ပြန်ပေးလိုက်ရင် ဘယ်လိုလဲ...။*
*နတ်သမီးလေးတစ်ယောက်က ဒါကို ဝတ်ထားရင် ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲဆိုတာ ငါ တကယ် သိချင်နေမိပြီ...။*
*ဟဲဟဲဟဲ...။*
[...]
စနစ်၏ ရုတ်တရက် အသံထွက်ပေါ်လာမှုကြောင့် လင်းဖန်၏ အတွေးများ ပြတ်တောက်သွားရလေ သည်...။
ထို့နောက် သူသည် သစ်ရွက်ကိုယ်ပွားနှင့် အမြင်အာရုံ ဖုံးကွယ်ခြင်း စွမ်းရည်များကို ပြန်လည် ရုပ်သိမ်း လိုက်လေသည်...။
“ဟေး...၊ ငတုံးလေး...၊ ငါ့ကို အထင်မလွဲနဲ့ဦး...။ ငါက ဒီအတိုင်း အပျော်တွေးကြည့်တာပါ...။ ဘယ်တော့မှ ပြန်မပေးပါဘူး...။”
“ကိုယ့်အရည်အချင်းနဲ့ကိုယ် ခိုးထားတဲ့ နတ်သမီးဝတ်စုံကို ငါက ဘာလို့ ပြန်ပေးရမှာလဲ...။”
[...]
စနစ်၏ တိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ လင်းဖန်သည် အမြင်အာရုံ ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်၏ အခြားသော အကျိုးကျေးဇူးများကို ဆက်လက်ရှာဖွေနေတော့သည်...။
“ဟုတ်တယ်...၊ ဒီစွမ်းရည်က ငါ့ရဲ့ အဖိုးတန် သစ်ရွက်တွေအတွက်လည်း လုံခြုံရေး တစ်မျိုးပဲလေ...။”
“နောင်ကျရင် ငါ့ရဲ့ စိတ်ဝိညာဉ်က မူလခန္ဓာကိုယ်ဆီ ပြန်သွားပြီး အပြင်မှာ ရှိနေတဲ့သစ်ရွက် ကိုယ်ပွား တွေက သစ်ရွက်အဖြစ် ပြန်ပြောင်းသွားတဲ့အခါ...၊ အမြင်အာရုံဖုံးကွယ်ခြင်း ကို သုံးထားရင် ဘယ်သူမှ ငါ့ကို တွေ့မှာ မဟုတ်တော့ဘူး...။”
“ဒီကမ္ဘာဦးသစ်ပင်က တကယ်ကို အစွမ်းထက်တာပဲ...။ သူ့ရဲ့ ဘယ်စွမ်းရည်မှ အပိုမဖြစ်နေဘူး...။”
ကမ္ဘာဦးသစ်ပင်ကို အကြိမ်အနည်းငယ် ထပ်မံ ချီးကျူးပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ် နယ်မြေမှ ထွက်ခွာခဲ့လေသည်...။
ဝိညာဉ်ကြော တစ်ခုကို ဝါးမြိုပြီးပြီဖြစ်ရာ နောက်တစ်ခုဆီသို့ သွားရန် အချိန်တန်ပြီ မဟုတ်ပါလော...။
ထိုအချိန်မှာပင် ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သောအရှင် ဝမ်ရွှမ်သည်လည်း သူ၏ကိုယ်ပိုင် မြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားလေသည်။ မန္တန်အစီအရင်ပုံစံအမျိုးမျိုးဖြင့် တန်ဆာဆင် ထားသော ဂူစံအိမ်တစ်ခု၏ အဝင်ဝသို့ရောက်သောအခါ ဝမ်ရွှမ်က ရိုသေစွာ ပြောကြားလိုက်သည်...။
“တပည့် ဝမ်ရွှမ်...၊ ဒုတိယ ဘိုးဘေးထံ သတင်းပို့စရာ အရေးကြီးတဲ့ ကိစ္စ ရှိလို့ပါ...။”
ထို့နောက် ဂူတံခါးမှာ ဖြည်းညင်းစွာ ပွင့်လာပြီး ဝမ်ရွှမ်သည် အတွင်းသို့ အမြန်ပင် ဝင်သွားတော့သည်...။ ဝမ်ရွှမ် ဝင်သွားပြီးနောက် တံခါးမှာလည်း ချက်ချင်းပင် ပြန်ပိတ်သွားခဲ့ပေသည်...။ တစ်ခုခု ပေါက်ကြား သွားမည်ကို စိုးရိမ်နေသည့်နှယ် ရှိလှပေသည်...။
အတွင်းပိုင်း အခြေအနေကို ကြည့်လိုက်လျှင် အကြောင်းရင်းကို သိနိုင်ပေသည်။ အကြောင်းမှာ ဤ ဂူငယ်လေးအတွင်း၌ ဝိညာဉ်ချီစွမ်းအားများ မဟုတ်ဘဲအင်မော်တယ် စွမ်းအင်များဖြင့် ပြည့်နှက်နေ သောကြောင့် ဖြစ်ပေသည်...။
ဤထူးခြားသော အရှိန်အဝါများမှာ ဤဂူ၏ အတွင်းအပြင်တွင် ထွင်းထုထားသော မန္တန်အစီအရင်များ မှတစ်ဆင့် ပြောင်းလဲလာခြင်း ဖြစ်ရပေမည်...။
ဒုတိယ ဘိုးဘေးဟု ခေါ်သော ဂူအတွင်းမှ အဘိုးအိုမှာလည်း အင်မော်တယ်အဆင့်တွင်ရှိနေသည်မှာ ထင်ရှားလှသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် စွမ်းအင်များမှာ လျိုပိုင်ချွမ်း တို့ထက် များစွာ ပိုမို အစွမ်းထက်လှပေသည်...။
ထို့အပြင် ဝမ်ရွှမ်၏ ခေါ်ဝေါ်မှုအရ တစ်ဖက်လူမှာ ဒုတိယ ဘိုးဘေး ဖြစ်သည့်အတွက် ပထမဘိုးဘေး လည်း ရှိနေဦးမည်မှာ သေချာသလောက်ပင်။ တတိယ ဘိုးဘေးနှင့်အခြားသူများလည်း ရှိနေနိုင်သေး သည်...။
သူတို့၏ အင်အားကိုကြည့်ခြင်းအားဖြင့် မြင့်မြတ်နယ်မြေ လေးခုသည် ကျုံးကျိုးကို အဘယ်ကြောင့် ဤမျှကြာရှည်စွာ အုပ်စိုးနိုင်ခဲ့သည်မှာ မဆန်းတော့ချေ။ မြင့်မြတ်နယ်မြေအောက်တွင် အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည် ဟူသော စကားမှာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ...။
“ဝမ်ရွှမ်လေး...၊ ဒီနေ့ ဘာကိစ္စရှိလို့ ရောက်လာတာလဲ...။”
“နတ်သမီးဝတ်စုံ ကိစ္စမှာများ တစ်ခုခု ထူးခြားလာလို့လား...။”
အဘိုးအို၏ မေးခွန်းကို ကြားသောအခါ ဝမ်ရွှမ်က ခေါင်းယမ်းလိုက်လေသည်...။
“ဒုတိယ ဘိုးဘေးထံ သတင်းပို့ပါတယ်...၊ နတ်သမီးဝတ်စုံ ကိစ္စကတော့ စုံစမ်းနေဆဲပါ...။ အခုထိတော့ ဘာသဲလွန်စမှ မရသေးပါဘူး...။”
“ကျွန်တော် ရောက်လာတာက ငါတို့ မြင့်မြတ်နယ်မြေ လေးခုမှာ အင်အားကြီးတဲ့ ရန်သူတစ်ယောက်နဲ့ တွေ့နေလို့ပါ...။ အဲဒီအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဒုတိယ ဘိုးဘေးဆီကနေ လာတောင်းတာ ပါ...။”
ဝမ်ရွှမ်၏ စကားကြောင့် ဒုတိယ ဘိုးဘေးမှာ သူ ကြားလိုက်ရသည်ကို မှားသွားသလားဟု မျက်မှောင် ကြုတ်လိုက်မိလေသည်။ ထို့နောက် ဝမ်ရွှမ်က ဆက်လက်ရှင်းပြလိုက်သည်...။
“မကြာသေးခင်က ကျုံးကျိုးမှာ နဝမအဆင့်ဂိုဏ်း ကိုးဂိုဏ်းနဲ့ ဖွဲ့စည်းထားတဲ့ ဟင်းလင်းပြင် မြင့်မြတ် နယ်မြေ ဆိုတဲ့ အင်အားစုတစ်ခု ရုတ်တရက် ပေါ်လာပါတယ်...။”
“အကယ်၍ နဝမအဆင့်ဂိုဏ်းတွေ ပူးပေါင်းတာ သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ဂရုစိုက်နေမှာ မဟုတ်ပါဘူး...။”
“ဒါပေမဲ့ အဲဒီ ဂိုဏ်းကိုးဂိုဏ်းက ကျဆုံးအင်မော်တယ်တွေဟာ ဘာကြောင့်မှန်းမသိရဘဲ သူတို့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် တည်ဆောက်နိုင်ခဲ့ပြီး အစစ်အမှန် အင်မော်တယ်တွေ ဖြစ်သွားကြပါတယ်...။”
“ဒါကြောင့် အဲဒီ အင်အားစုအပေါ် ကျွန်တော်တို့ ဘယ်လို သဘောထားမျိုး ထားသင့်လဲဆိုတာကို ဒုတိယ ဘိုးဘေးဆီကနေ အကြံညဏ်လာတောင်းတာပါ...။”
“သူတို့ ရှိနေတာကို အသိအမှတ်ပြုပေးရမလား...၊ ဒါမှမဟုတ် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုအမြစ်ပြတ် သုတ်သင်ပစ်ရမလား...။”
ထိုစကားကို ကြားသောအခါ ဒုတိယ ဘိုးဘေးမှာ မျက်မှောင်ကြုတ်ကာ အတွေးထဲ နစ်ဝင်သွားတော့ သည်...။
“ဒီကိစ္စကို အလျင်စလို မဆုံးဖြတ်သေးနဲ့ဦး... တခြား မြင့်မြတ်နယ်မြေက မိတ်ဆွေတွေနဲ့ အရင် ဆွေးနွေးကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့...။”
ထို့နောက် ဒုတိယ ဘိုးဘေးသည် ဆက်သွယ်ရေး အဆောင်ပြားတစ်ခုကို ထုတ်ယူကာ စတင်၍ ဆွေးနွေးတော့သည်...။
တစ်ဖက်တွင်မူ အသူရာနဂါး၊ အဖြူရောင်ကျားနှင့် ဇူးချွဲ မြင့်မြတ်နယ်မြေသုံးခုအတွင်း၌လည်း...၊
သူတို့၏ ဘိုးဘေးများသည် သူတို့၏ မျိုးဆက်များထံမှ ဤသတင်းကို သဘာဝကျစွာပင် လက်ခံရရှိ ထားကြလေသည်...။
ထိုအချိန်တွင် ရွှမ်းဝူမြင့်မြတ်နယ်မြေမှ ဒုတိယ ဘိုးဘေး၏ သတင်းရောက်ရှိလာသဖြင့် သူတို့သည် လည်း စတင် ဆွေးနွေးကြတော့သည်...။
လူအများ တစ်ပြိုင်နက်တည်း ဆွေးနွေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့်ဤအဆောင်ပြားမှာ အဖွဲ့လိုက် စကားပြောဆိုနိုင်သော ကိရိယာတစ်ခုဖြစ်ပုံရချေသည်...။
ရွှမ်းဝူ - “အားလုံးပဲ သတင်းရကြပြီ မဟုတ်လား...။ အဲဒီ အင်အားစုအသစ်ကို ဘယ်လို ကိုင်တွယ်ကြ မလဲ...။”
အသူရာနဂါး - “သူတို့က အစစ်အမှန် အင်မော်တယ်အဆင့်ကို အခုမှတက်လှမ်းထားတဲ့သူတွေပဲလေ...၊ သူတို့ကို နှိမ်နင်းဖို့က သိပ်မခက်ပါဘူး... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ငါ ထင်တယ်...။”
ဇူးချွဲ - “သဘောတူတယ်... မကြာသေးခင် နှစ်တွေအတွင်းမှာ ငါတို့ ထျန်းယွမ်တိုက်ကြီးကနေ အင်မော် တယ်ဘုံဆီ တက်လှမ်းနိုင်တဲ့သူတွေ နည်းသထက် နည်းလာပြီလေ...။ အင်မော်တယ်ဘုံမှာ ရှိနေတဲ့ ငါတို့ စီနီယာတွေရဲ့ အဖွဲ့အစည်းတွေမှာလည်း အဖွဲ့ဝင်အသစ်တွေမဖြည့်တင်းနိုင်တော့ဘူး...။ အဲဒီဘက်မှာ တိုးတက်ဖို့ထက်ဆုတ်ယုတ်ဖို့ပဲ များနေတာ...။”
အဖြူရောင်ကျား - “မှန်တယ်... အင်မော်တယ်ဘုံရဲ့ ပတ်ဝန်းကျင်က အလွန် ရှုပ်ထွေးတာလေ...၊ ထျန်းယွမ်တိုက်ကြီးက တက်လှမ်းလာတဲ့သူ အချင်းချင်းဆိုရင်တော့ တစ်ယောက်တိုးလာတာက အကူအညီ ပိုရတာပေါ့...။”
အသူရာနဂါး - “အေးလေ... ဒါဆိုရင်တော့ သူတို့ကို ပဉ္စမမြောက် မြင့်မြတ်နယ်မြေအဖြစ် အသိအမှတ် ပြုပေးလိုက်ကြတာပေါ့...။ ဒါပေမဲ့ သူတို့ရဲ့ အင်မော်တယ် အရေအတွက်အများကြီးကို ထျန်းယွမ်တိုက် ကြီးမှာ ဆက်ပြီး ရှိနေခွင့်တော့မပေးနိုင်ဘူး...။”
ရွှမ်းဝူ - “အင်မော်တယ် ကိုးယောက်ဆိုတာကတော့ တကယ်ကို မသင့်တော်ပါဘူး...။ အများဆုံး သုံးယောက်ထက် ပိုပြီး ချန်ထားခွင့် မပေးနိုင်ဘူး...။”
ဇူးချွဲ - “ဟုတ်တယ်...၊ ငါ့ရဲ့ ဇူးချွဲ မြင့်မြတ်နယ်မြေက တစ်ယောက်ကလည်းအင်မော်တယ်ဘုံဆီ တက် လှမ်းဖို့ အတိဒုက္ခကျော်ဖြတ်တော့မှာလေ...။ အဲဒီအချိန်ကျရင်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက အင်မော်တယ် အနည်းဆုံးခြောက်ယောက်ကို သူ့နောက်ကနေ အင်မော်တယ်ဘုံဆီ အတင်းအကျပ် ပါသွားအောင် လုပ်ခိုင်းရမယ်...။”
အဖြူရောင်ကျား - “ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီနော်... ကိုယ်စားလှယ် တစ်ယောက်စီ လွှတ်ပြီး တစ်ဖက်လူနဲ့ ဒီကိစ္စကို ဆွေးနွေးခိုင်းလိုက်ကြတာပေါ့...။”
ရွှမ်းဝူ - “ငါတို့ကိုယ်တိုင် သွားမှ ဖြစ်မှာပါ...။ ဘာပဲဖြစ်ဖြစ် တစ်ဖက်မှာ အင်မော်တယ် ကိုးယောက် တောင် ရှိတာလေ... အတိဒုက္ခအဆင့်ကျင့်ကြံသူတွေကိုပဲ ထပ်လွှတ်နေရင်တော့ လက်ဗလာနဲ့ပဲ ပြန်လာရလိမ့်မယ်...။”
အသူရာနဂါး - “ဒါဆိုရင်တော့ ငါတို့ထဲက အင်မော်တယ် တစ်ယောက်စီ သွားကြတာပေါ့...။”
ဤသို့ဖြင့် မြင့်မြတ်နယ်မြေ လေးခုမှ အင်မော်တယ် ဘိုးဘေးများသည် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အပေါ် ထားရှိမည့် သဘောထားကို စကားအနည်းငယ်ဖြင့်ပင် ဆုံးဖြတ်လိုက်ကြတော့သည်...။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် မြင့်မြတ်နယ်မြေ လေးခုမှာ လျင်မြန်စွာပင်လှုပ်ရှားကြလေတော့သည်...။ သူတို့သည် အင်မော်တယ် တစ်ဦးစီနှင့် အတူ အခြွေအရံအဖြစ် အတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ဦးစီကို ဟင်းလင်းပြင်မြို့သို့ ချက်ချင်းပင် စေလွှတ်လိုက်ကြတော့သည်...။
မြင့်မြတ်နယ်မြေ လေးခုမှ အင်မော်တယ်များ ဟင်းလင်းပြင်မြို့သို့ ရောက်ရှိလာသောအခါ သူတို့သည် ဗဟုသုတ အလွန် ကြွယ်ဝကြသူများ ဖြစ်ကြသော်လည်း ဟင်းလင်းပြင်မြို့၏ မြင်ကွင်းကို မြင်လိုက်ရ သောအခါ မှင်သက်သွားကြရလေသည်...။
အသူရာနဂါး အင်မော်တယ် - “ဒီဟင်းလင်းပြင် မြင့်မြတ်နယ်မြေက မရိုးရှင်းဘူးပဲ...၊ ငါတို့ သူတို့ကို လျှော့တွက်ခဲ့မိတာပဲ...။”
ရွှမ်းဝူ အင်မော်တယ် - “ဟုတ်တယ်...၊ ဒီလို ကာကွယ်ရေး အစီအရင်မျိုးက အောက်ဘုံက ပစ္စည်း မဟုတ်တာ သေချာတယ်...။ ငါတို့ ဖျက်ဆီးနိုင်မယ်လို့လည်းယုံကြည်ချက် မရှိဘူး...။”
ဇူးချွဲ အင်မော်တယ် - “အကယ်၍ သူတို့က ငါတို့ရဲ့ တောင်းဆိုချက်တွေကိုသဘောမတူရင်ရော...၊ ငါတို့ သူတို့ကို ဘာမှမလုပ်နိုင်တော့ဘူးလား...။”
အဖြူရောင်ကျား အင်မော်တယ် - “မဟုတ်ဘူး...။ သူတို့က အင်အားစုတစ်ခုကိုတည်ထောင်ထားတယ် ဆိုမှတော့... ဒါကို တိုးတက်အောင်လုပ်ချင်မှာပဲလေ... အချင်းချင်း အဆင်မပြေဖြစ်တာက သူတို့ရဲ့ တိုးတက်မှုကိုလည်းထိခိုက်စေမှာပဲ...။ သူတို့က ဒီမြို့ထဲမှာပဲ ထာဝရ အောင်းနေလို့မှ မရတာ...။”