အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) အင်မော်တယ်ဘုံ... လင်ရွှီ အင်မော်တယ်နယ်မြေ...
ဤစကားများက လင်းဖန်၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့သည်...။
*ဟုတ်သားပဲ...၊ အရင်တုန်းကလည်း ဖျင်ကြမ်းအိတ်ဟာ ဟင်းလင်းပြင် အဆောင်ပြားတစ်ခု ပေါင်းထည့်လိုက်မှသာ လူတွေကို မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ဆီပို့ဆောင်ပေးနိုင်ခဲ့တာ မဟုတ်လား...။*
ဤသို့တွေးတောရင်း လင်းဖန်သည် ဟင်းလင်းပြင် အဆောင်ပြားတစ်ခုကို ချက်ချင်းထုတ်ယူကာ မီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်...။
“သွားပါပြီ...၊ ကျွန်တော့်ကို ထပ်ပြီး သန့်စင်ဦးမလို့လား...။ ကယ်ကြပါဦး...။”
ထို့နောက် ရှောင်လင်၏ အော်ဟစ်ငိုယိုသံများကြားမှာပင် လင်းဖန်သည် အင်မော်တယ်စံအိမ် အဆောင် ပြားကိုပါ ထည့်လိုက်လေတော့သည်...။
သို့သော်လည်း ရှောင်လင်၏ ဝိညာဉ်လေး လောင်ကျွမ်းမသွားစေရန် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ဖို့ မြည်းလေးကို သူ သတိပေးခဲ့ပေသည်...။
မည်သို့ပင်ဆိုစေ အင်မော်တယ်စံအိမ်၏ ဝိညာဉ်ဖြစ်သည့်အတွက် ဤဝိညာဉ်လေးမှာ လင်ရွှီ အင်မော် တယ်စံအိမ်၏ အိမ်တော်ထိန်းသဖွယ် ဖြစ်နေပြီး အသုံးဝင်မည့်အချက်များစွာ ရှိနေသေးသည် မဟုတ်ပါ လော...။
မကြာမီမှာပင် သန့်စင်မှု အောင်မြင်သွားကြောင်း “ဒင်...” ဟူသော အသံ ထွက်ပေါ်လာလေသည်...။
လင်းဖန် မီးဖိုကို ဖွင့်လိုက်ရုံရှိသေး ရှောင်လင်၏ အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်...။
“ဒါက တော်တော်လေးကို ကြောက်စရာ ကောင်းလွန်းပါတယ်...။ ရက်စက်လိုက်တာ သခင်ရယ်...၊ နောက်တစ်ခါ ကျွန်တော့်ကို သန့်စင်မယ်ဆိုရင် အရင်ဆုံး အိပ်ပျော်အောင်ပဲ လုပ်ထားပေးပါတော့...။”
“ကိုယ့်ကိုယ်ကိုယ် သန့်စင်ခံနေရတာကို ကြည့်နေရတဲ့ ခံစားချက်က တကယ့်ကို ထိတ်လန့်စရာကြီး မို့လို့ပါ...။”
လင်းဖန်က သူ၏နှာခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်လေသည်...။
“အဟမ်း...၊ စိတ်မပူပါနဲ့...၊ ဒါဟာ မင်းအတွက် နောက်ဆုံးအကြိမ် ပြန်လည် သန့်စင်တာ ဖြစ်ရပါမယ်..။”
“ကဲ...၊ တယ်လီပို့တာကို စလိုက်ကြစို့...။ လင်ရွှီ အင်မော်တယ်စံအိမ် သွားကြမယ်...။”
လင်းဖန်၏ အမိန့်ပေးမှုအောက်တွင် ရှောင်လင်သည် အော်ဟစ်နေသည်များကို ရပ်လိုက်ပြီး အမိန့်ကို စတင် အကောင်အထည်ဖော်လိုက်လေသည်...။
ယခုတစ်ကြိမ်တွင်တော့ မည်သည့် မတော်တဆမှုမျှ မရှိတော့ချေ...။ ထူးခြားသော အခြေအနေမျိုး လည်း မပေါ်ပေါက်ခဲ့တော့ချေ...။ လင်းဖန်နှင့် အင်မော်တယ်စံအိမ် အဆောင်ပြားတို့သည် မြင့်မြတ် နယ်မြေ ဟင်းလင်းပြင်အတွင်းမှနေ၍ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်...။
အင်မော်တယ်ဘုံရှိ လင်ရွှီ အင်မော်တယ်နယ်မြေ၏ ဗဟိုချက်မတွင် ဧရာမ အင်မော်တယ် နန်းတော်ကြီး တစ်ခု တည်ရှိနေပေသည်...။ ဤအင်မော်တယ်စံအိမ် တစ်ခုလုံး၏ အကျယ်အဝန်းမှာ ဟင်းလင်းပြင်မြို့ တစ်မြို့လုံးထက်ပင် များစွာ ပိုမို ကြီးမားလှပေသည်...။
ဤအင်မော်တယ်စံအိမ်ကြီးအတွင်း၌ လူသူမရှိခဲ့သည်မှာ မည်မျှ ကြာခဲ့ပြီကို မည်သူမျှ မသိသော်လည်း ...၊ ဟောင်းနွမ်းစုတ်ပြတ်နေခြင်းမျိုးတော့ လုံးဝ မရှိချေ...။
အင်မော်တယ်စံအိမ် တစ်ခုလုံးကို ကြည်လင်သော ကာကွယ်ရေး အတားအဆီးတစ်ခုက အပြည့်အဝ လွှမ်းခြုံထားလေသည်...။ ဤသည်မှာ အင်မော်တယ်စံအိမ်၏ ကာကွယ်ရေး အစီအရင် ဖြစ်ရပေ မည်...။
ဤမန္တန်အစီအရင်မှာ လူသူမရှိသည့်တိုင်အောင် အဆက်မပြတ် လည်ပတ်နေနိုင်ခြင်း ဖြစ်ပေသည်...။ ကြည့်ရသည်မှာ ဤအင်မော်တယ်စံအိမ်အောက်တွင် ဧရာမ အင်မော်တယ် ဝိညာဉ်ကြောကြီးတစ်ခုက ထောက်ပံ့ပေးနေပုံရပေသည်...။ အင်မော်တယ် စွမ်းအားများ အဆက်မပြတ် ဖြည့်တင်းပေးနေခြင်း ကြောင့်သာ ဤမန္တန်အစီအရင်မှာ အမျိုးမျိုးသော စူးစမ်းချင်သည့် အကြည့်များကို ဟန့်တားထားနိုင် ခြင်းဖြစ်ချေသည်...။
ဤမန္တန်အစီအရင်၏ ကာကွယ်နိုင်စွမ်းမှာ အလွန်ပင် ကြီးမားလှသဖြင့် အင်မော်တယ်အရှင် တစ်ပါးပင် လျှင် ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်...။
ရုတ်တရက်ဆိုသလို... နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော ထိုကာကွယ်ရေး အတားအဆီးမှာ ပြင်းထန် စွာ တုန်ခါလာတော့သည်...။ ၎င်းမှာ စူးရှတောက်ပသော အလင်းတန်းများကိုလည်း ထုတ်လွှတ်နေ လေသည်...။
ဤမြင်ကွင်းသည် အင်မော်တယ်စံအိမ် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် အင်အားစုများ၏ အာရုံ စိုက်မှုကို ချက်ချင်းပင် ရရှိသွားစေခဲ့သည်...။
“ငါ... ငါ မျက်စိမှားနေတာလား...။”
“ကြည့်စမ်း...။ အင်မော်တယ်အရှင်ရဲ့ စံအိမ်က ကာကွယ်ရေး အတားအဆီးမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ...။”
“ဘာဖြစ်တာလဲ...၊ အင်မော်တယ်စံအိမ်က နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ အစီအရင်က စွမ်းအင် တွေ ကုန်သွားပြီလား...။”
“သွားပြီ...။ တကယ်လို့ အင်မော်တယ်စံအိမ်ရဲ့ ကာကွယ်ရေး အစီအရင်သာ ပျောက်သွားရင်...၊ ငါတို့ရဲ့ လင်ရွှီ အင်မော်တယ်နယ်မြေကတော့ မငြိမ်မသက် ဖြစ်တော့မှာပဲ...။”
“ဟုတ်တယ်...၊ ဒီအင်မော်တယ်စံအိမ်ကို မျက်စိကျနေတဲ့သူတွေ အများကြီး ရှိတာလေ။ အင်မော်တယ် ဧကရာဇ်တွေနဲ့ အင်မော်တယ်အရှင်တွေတောင် တိတ်တဆိတ်စောင့်ကြည့်နေကြတာ...။”
“ဒီအင်မော်တယ်စံအိမ်က လင်ရွှီ အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ် စွမ်းအားတွေ စုဝေးရာ နေရာ မှာ ရှိတာလေ...။ ဘယ်လိုလုပ်ပြီး စွမ်းအင် ကုန်သွားနိုင်မှာလဲ...။”
ပတ်ဝန်းကျင်က ကျင့်ကြံသူများ ဘာဖြစ်နေသလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေစဉ်မှာပင်လင်ရွှီ အင်မော် တယ်စံအိမ်၏ ကာကွယ်ရေး အတားအဆီးမှာ လျင်မြန်စွာပင် တည်ငြိမ်သွားပြီး ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်လာခဲ့လေသည်...။
သို့သော်လည်း ခုနက ဖြစ်ပျက်သွားသော ထူးခြားသည့် ဖြစ်ရပ်မှာ ကျင့်ကြံသူများ၏ ဆွေးနွေးမှုများမှ တစ်ဆင့် လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်...။
၎င်းမှာ အင်မော်တယ်အရှင်၏ စံအိမ်နှင့် ပတ်သက်နေသဖြင့် အင်မော်တယ်သခင်များနှင့် အင်မော်တယ် ဧကရာဇ် များစွာတို့မှာ ဘာဖြစ်သည်ကို သိရှိရန်အတွက် အင်မော်တယ်စံအိမ်ရှိရာသို့ အသည်းအသန် ပြေးလာကြတော့သည်...။
အချို့သော အင်မော်တယ်အရှင်များမှာမူ ကိုယ်တိုင် ရောက်မလာသော်လည်း သူတို့၏ လက်အောက်ခံ များကို စေလွှတ်လိုက်ကြသည်...။ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်ရွှီ အင်မော်တယ်နယ်မြေ တစ်ခု လုံး စည်ကားသွားလေတော့သည်...။
အင်မော်တယ်စံအိမ် အတွင်း၌ရှိနေသော လင်းဖန်ကတော့ အပြင်ဘက်က အုတ်အော်သောင်းနင်း ဖြစ်နေသည်များကို လုံးဝ မသိရှိချေ...။ သူသည် အင်မော်တယ်စံအိမ်အတွင်းရှိ အရာရာတိုင်း၏ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ကြည့်ရင်း ငေးမောနေမိလေသည်...။
“အားပါးပါး...။ ဒါက အင်မော်တယ်အရှင်ရဲ့ စံအိမ်လား...၊ အင်မော်တယ်ဘုံလား...။”
“ဒီအဆောက်အအုံတွေကို ဘာပစ္စည်းတွေနဲ့ ဆောက်ထားတာလဲ...၊ တကယ့်ကို အဆင့်မြင့်လွန်းတာ ပဲ...။”
“ဒီစားပွဲတွေ၊ ကုလားထိုင်တွေနဲ့ ခုံတန်းလျားတွေ အားလုံးက အင်မော်တယ်သစ်သားတွေနဲ့ လုပ်ထား တာလား...။ ကြည့်ရတာ တော်တော်လေးခိုင်ခံ့မယ့်ပုံပဲ...။”
ထိုသို့ပြောရင်း လင်းဖန်သည် သူ၏ စနစ်ဟင်းလင်းပြင်ထဲမှ ဓားပျံတစ်လက်ကို ထုတ်ယူကာ စားပွဲ တစ်ခုကို အမှတ်မထင် ခုတ်ချလိုက်လေသည်...။
“ဒေါင်...” ဟူသော အသံနှင့်အတူ ဓားပျံမှာ နှစ်ပိုင်းကျိုးသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့ သည်...။
“ဟာ...။ ဒါ... ဒါက...၊ ငါ ဘာလို့ ဒီလောက်တောင် စိတ်လိုက်မာန်ပါ လုပ်မိသွားတာလဲ...။ ငါ့ရဲ့ ဓားလေး တော့ သွားပါပြီ...။”
အခြားသူများ၏ ဓားပျံများကို အမြဲတမ်း ပိုင်းဖြတ်နိုင်ခဲ့သောထက်မြက်လှသည့် ဓားသွားမှာ ယခု တစ်ကြိမ်တွင်တော့ သူ့ဘာသာသူ ကျိုးသွားရသည် မဟုတ်ပါလော...။ ထို့အပြင် ၎င်းမှာ လင်းဖန်က အင်မော်တယ် စွမ်းအားများ ပေါင်းထည့်၍ ဖော်စပ်ထားသော အဖြူရောင်အင်မော်တယ်ဓားသွား ဖြစ်ပေသည်...။
ဓားလေးအတွက် ခေတ္တမျှ နှမြောတသ ဖြစ်နေပြီးနောက် လင်းဖန် တစ်ခုကို သတိရသွားလေသည်...။
“ငါ ဘာလို့ ဝမ်းနည်းနေရမှာလဲ...။ အောက်ဘုံက ထိပ်တန်း ဓားပျံတွေဆိုတာ အင်မော်တယ်ဘုံမှာတော့ အမှိုက်တွေပဲလေ...။”
အဖြူရောင်အင်မော်တယ်ဓားသွားမှာ အင်မော်တယ်အဆင့်သို့ ရောက်နေပြီဆိုသော်လည်း...။ ၎င်း၏ အဆင့်မှာ “တစ်ပိုင်း” သာ ရှိသေးသည် မဟုတ်ပါလော...။
အင်မော်တယ်ဘုံတွင် ထူးခြားသော စွမ်းဆောင်ရည်များ ရှိနေဦးမည် ဆိုလျှင်တောင်မှ...၊ ဤအရာကို
စိတ်ဝင်စားမည့်သူမှာ အလွန်ပင် နည်းပါးပေလိမ့်မည်...။
“ဟုတ်တယ်... ။ အရင်က ငါ သန့်စင်ခဲ့တဲ့ အရာတွေက ခေတ်နောက်ကျကုန်ပြီ...။ နောက်ကျရင် အင်မော်တယ်ဘုံက ပစ္စည်းတွေကိုပဲ သန့်စင်ရတော့မယ်...။”
“ဒီစားပွဲက တော်တော်လေး မာတာပဲ...။ လက်နက် သန့်စင်ဖို့အတွက် ကုန်ကြမ်းအဖြစ် သုံးလို့ရ၊ မရ ငါ ကြည့်ရမယ်...။”
“အင်မော်တယ်အရှင်ရဲ့ အိမ်က စားပွဲတစ်လုံးတောင်မှ အင်မော်တယ်ဘုံမှာ သာမန် ပစ္စည်းတစ်ခုတော့ ဖြစ်မှာ မဟုတ်ဘူး...။”
ထိုအချိန်မှာပင် ရှောင်လင်၏ အသံက လင်းဖန်၏ နားထဲသို့ ရောက်လာပြီး သတိပေးလိုက်သည်...။
“သခင် ပြောတာ မှန်ပါတယ်...။ ဒီစားပွဲကိုသာ အပြင်ကို ပစ်ထုတ်လိုက်မယ်ဆိုရင် အင်မော်တယ်သခင် တစ်ပါးတောင်မှ လုယူကြမှာပါ...။”
“ဒါ့အပြင်...၊ သခင်ကြီးရဲ့ ကျင့်ကြံမှုအဆင့် မတက်သေးခင်မှာတော့ ဘယ်ပစ္စည်းကိုမှ မထိတွေ့ဖို့ ကျွန်တော် တောင်းဆိုပါရစေ...။”
ထိုစကားကို ကြားသောအခါ လင်းဖန်က ဝေခွဲမရစွာ မေးလိုက်လေသည်...။
“ဘာကို ဆိုလိုတာလဲ...။”
ရှောင်လင်က ဆက်လက် ရှင်းပြလေသည်...။
“သခင်ကြီးရဲ့ ခန္ဓာကိုယ်က အင်မော်တယ် ခန္ဓာကိုယ်အဖြစ် မပြောင်းလဲသေးသလို...။ အစစ်အမှန် အင်မော်တယ်လည်း မဖြစ်သေးပါဘူး...။”
“ပြီးတော့ ဒီစားပွဲက အင်မော်တယ်ဘုံရဲ့ အဖိုးတန် အင်မော်တယ်သစ်သားတွေနဲ့ လုပ်ထားတာလေ...။”
“အကယ်၍ သခင်ကြီးသာ ဤအင်မော်တယ်စံအိမ်ရဲ့ ပိုင်ရှင် ဖြစ်မနေခဲ့ဘူးဆိုရင်...။ ခုနက စားပွဲကို ခုတ်လိုက်တဲ့ အရှိန်ပြန်ကန်မှုနဲ့တင် သခင်ကြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်...။”
ထိုစကားကို ကြားရသောအခါ လင်းဖန်၏ နှုတ်ခမ်းများမှာ တွန့်သွားတော့သည်...။
အမှန်ပင်...။ မကြာသေးမီက ထျန်းယွမ်တိုက်ကြီး၌ အနှိုင်းမဲ့ ဖြစ်နေခဲ့သဖြင့် သူ အကျင့်ပါနေခဲ့ခြင်း ဖြစ်သည်...။ သတိလက်လွတ် ဖြစ်သွားပြီးနောက် ဤနေရာမှာ အင်မော်တယ်ဘုံ ဖြစ်သည်ကို သူ မေ့သွားခဲ့သည် မဟုတ်ပါလော...။
အင်မော်တယ်အရှင် ဆိုသည်မှာ အင်မော်တယ်ဘုံ၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်ရာ ကွာခြားချက် မှာ အလွန်ပင် ကြီးမားလှပေသည်...။ ဤအချက်ကို သူ စဉ်းစားမိသွားသော်လည်း လင်းဖန်သည် သူ သတိလက်လွတ် ဖြစ်သွားခြင်းကို ဝန်မခံလိုပေ...။
“ဟင်း...၊ ဒါက ငါ့ရဲ့ သစ်ရွက်ကိုယ်ပွား ဆိုတာ မင်း မေ့နေတာလား...။ အဆိုးဆုံး ဖြစ်လာရင် ကိုယ်ပွား တစ်ခု ဆုံးရှုံးရုံပဲပေါ့...။”
“ပြီးတော့ သူတို့ နှစ်ခုလုံးက သစ်ပင်ကလာတာချင်း အတူတူပဲကို...။ ဒီစားပွဲအစုတ်က ငါ့ရဲ့ ကမ္ဘာဦး သစ်ပင် သစ်ရွက်တွေထက် ပိုပြီး အဆင့်မြင့်နေလို့လား...။”
လင်းဖန်၏ ဆင်ခြေကြောင့် ရှောင်လင်မှာ ပြောစရာ စကား မရှိတော့ပေ...။ လင်းဖန်ကလည်း ထို အကြောင်းကို ဆက်မပြောတော့ဘဲ ဆက်လက် မေးမြန်းလိုက်သည်...။
“ဒီအင်မော်တယ်စံအိမ်ရဲ့ တံခါးက ဘယ်ဘက်မှာလဲ...။ ငါ အပြင်ထွက်ပြီး ဒီအင်မော်တယ်ဘုံက ဘယ်လိုလဲဆိုတာ ကြည့်ချင်သေးတယ်...။”
ထိုစကားကို ကြားသောအခါ ရှောင်လင်က လင်းဖန်၏ အပြုအမူကို သဘောမတူသည့် အနေဖြင့် ထပ်မံ ပြောလိုက်လေသည်...။
“သခင်...။ အခုချက်ချင်း အပြင်မထွက်သေးဘဲ ခဏလောက် စောင့်ကြည့်ဖို့ ကျွန်တော် အကြံပြုချင်ပါ တယ်...။”
“သခင် တယ်လီပို့လာတဲ့ ခဏမှာ အင်မော်တယ်စံအိမ်က တုန်ခါသွားခဲ့တာဆိုတော့...၊ အပြင်ကလူတွေ ထူးဆန်းတာကို သတိထားမိသွားကြပြီလေ...။”
“ယခုအချိန်မှာ အင်မော်တယ်စံအိမ် ပတ်ပတ်လည်မှာ စုံစမ်းဖို့ ရောက်လာတဲ့သူတွေ အများကြီး ရှိနေလောက်ပါပြီ...။”
“အဲဒီထဲမှာ အင်မော်တယ်သခင်၊ အင်မော်တယ်ဧကရာဇ် ဒါမှမဟုတ် အင်မော်တယ်အရှင်တွေတောင် ပါဝင်နေနိုင်ပါတယ်...။”
“အကယ်၍ အခုချက်ချင်း အပြင်ထွက်မယ်ဆိုရင်တော့ စိုးရိမ်စရာ ရှိတာပေါ့...။”
“ဟုတ်ပါတယ်...။ သခင်ကြီးက ကိုယ်ပွားဖြစ်နေတော့ အန္တရာယ်ကို မကြောက်ဘူးဆိုတာ ကျွန်တော် သိပါတယ်...။ ဒါပေမဲ့ လူတွေက သခင်ကြီးရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါကို မှတ်မိသွားရင်တော့ နည်းနည်း စိတ်ရှုပ်စရာ ကောင်းလာမှာလေ...။”
ရှောင်လင်၏ အကြံပေးချက်ကို ကြားပြီးနောက် လင်းဖန်သည်လည်း ထိုအတွေးကို လက်လျှော့လိုက် လေသည်...။ ‘သစ်ရွက်တစ်ရွက်ဖြင့် အမြင်အာရုံကို ဖုံးကွယ်ခြင်း’ စွမ်းရည် ရှိနေသော်လည်း နောက်ဆုံး တွင်တော့ သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျနေဆဲ ဖြစ်သည်ပင်...။
ဤမျှ နိမ့်ကျသော ကျင့်ကြံမှုအဆင့်နှင့် ထိုစွမ်းရည်ကို အသုံးပြုခြင်းက...၊ အင်မော်တယ်ဧကရာဇ်များ သို့မဟုတ် အင်မော်တယ်အရှင်များကို လှည့်စားနိုင်ပါမည်လောဆိုသည်ကို မည်သူမျှ မသိနိုင်ချေ...။
“ကောင်းပြီ... ဒါဆိုရင်လည်း အခုလောလောဆယ် အပြင်မထွက်တော့ဘူး...။ လူတွေ နည်းနည်း ကျဲသွားမှပဲ အပြင်ထွက်ပြီး အပျော်ရှာတာပေါ့...။”
“သူတို့တွေကပဲ စောင့်ကြည့်နေဦးမယ်ဆိုရင်တော့...၊ တက်လှမ်းခြင်း လမ်းကြောင်းကနေ ဝင်လာတာ မျိုးလို တခြား နည်းလမ်းတစ်ခုခုနဲ့ အင်မော်တယ်ဘုံကို ဝင်လာဖို့ ငါ စဉ်းစားရမှာပဲ...။”