အခန်း ၂၅၆
Vol. 26 Ch. 256
အခန်း (၂၅၆) လူအများရှေ့ အရှက်ကွဲရသည့် အတိဒုက္ခဖြတ်ကျော်ခြင်း လုပ်ငန်းစဉ်
“ငါတို့ဂိုဏ်းက အကြီးအကဲဟယ် က ဒါကို ခံတောင့်ခံနိုင်ပါ့မလား...။”
တစ်ဖက်လူက ဤပြဿနာအတွက် စိုးရိမ်နေသည်ကို မြင်သောအခါ လင်းဖန်က ပို၍ပင် ယုံကြည်မှု ရှိသွားခဲ့လေသည်။
တစ်ဖက်လူက မိုးကြိုးအတိဒုက္ခကို ခံတောင့်မခံနိုင်လျှင်တောင်မှ လင်းဖန်၏ စွမ်းရည်များဖြင့် သူ့ကို ဝန်ထမ်းပေးရန် ကူညီခြင်းမှာ အလွန်လွယ်ကူသောအရာပင် ဖြစ်သည်။ အခြားသော ကျင့်ကြံသူများ၊ အင်မော်တယ်များပင်လျှင် မိုးကြိုးအတိဒုက္ခက ပိုမိုအားကောင်းလာပြီး သူတို့နောက်သို့ လိုက်လာမည် ကို စိုးရိမ်သောကြောင့် အတိဒုက္ခမိုးကြိုးကို ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။
သို့သော် လင်းဖန်တွင်မူ ထိုသို့သော စိုးရိမ်ပူပန်မှုများ မရှိခဲ့ပေ။
“ကျင့်ကြံသူ ရောင်းရင်းတို့...၊ စိတ်ချပါ...။ သူ ခံတောင့်မခံနိုင်ရင်တောင်မှ သူ့ရဲ့ လုံခြုံရေးကို ကျွန်တော် တာဝန်ယူပေးနိုင်သလို တစ်ချိန်တည်းမှာပဲ အင်မော်တယ်ဖြစ်လာမယ့် သူ့ရဲ့ လမ်းကြောင်းကိုလည်း အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး...။”
လင်းဖန်၏ အာမခံချက်ကြောင့် လူတိုင်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြသည်။
မြင့်မြတ်နယ်မြေတစ်ခု၏ အရှင်သခင်အနေဖြင့် သူ၏ လက်အောက်တွင် အင်မော်တယ်ကိုးယောက် ရှိနေ လေသည်။ ဤကိစ္စနှင့် ပတ်သက်၍ လင်းဖန်က အလွတ်သဘော ကတိပေးမည်မဟုတ်ဟု သူတို့ ယုံကြည်ထားကြပေသည်။
“ဒါဆိုရင် ခဏနေကျရင် စောင့်ကြည့်ပေးဖို့ ကျင့်ကြံသူ ရောင်းရင်းကို အကူအညီတောင်းရတော့မယ်..။”
ထိုသို့ပြောဆိုရင်း ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများသည် တောင်တန်းများထဲတွင် စောင့်ဆိုင်းနေကြသူ များထံသို့ သူတို့၏ အသံများကို ပေးပို့လိုက်ကြသည်။
“အကြီးအကဲဟယ်... စတင်လိုက်ကြရအောင်...။”
စိတ်ချင်းဆက်သွယ်ထားသော သတင်းစကားကို ကြားသောအခါ အကြီးအကဲဟယ်သည် လင်းဖန် ကြိုတင်ပေးထားသော မိုးကြိုးနှင်တံကို ထုတ်ယူလိုက်လေသည်။ လင်းဖန် ရှင်းပြထားသော အသုံးပြုပုံ ကို တွေးတောပြီးသည့်နောက်တွင် အကြီးအကဲဟယ်သည် အနည်းငယ် တွန့်ဆုတ်နေဆဲ ဖြစ်သည်။
သို့သော် သွားကိုကိုက်ကာ အံကြိတ်ပြီးနောက် သူသည် မိုးကြိုးနှင်တံကို ပြတ်သားစွာ ရမ်းခါလိုက်ပြီး သူ၏ကိုယ်သူ ပြန်လည် ရိုက်နှက်လိုက်တော့သည်။
“အာ... တအား ကျင်တာပဲ...။”
မိုးကြိုးနှင်တံက သူ့ကို ရိုက်ခတ်သွားသောအခါ အကြီးအကဲဟယ်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော လျှပ်စစ် စီးကြောင်းများနှင့်အတူ ရုတ်တရက် တဖြတ်ဖြတ် မြည်ဟည်းသွားခဲ့လေသည်။ အကြီးအကဲ ဟယ်၏ အော်ဟစ်သံများမှာ အနည်းငယ်ပင် ပြာတက်သွားခဲ့လေသည်။
အဝေးမှကြည့်လျှင် အကြီးအကဲဟယ်သည် ဒုတိယအဆင့်သို့ အသွင်ပြောင်းထားသော စူပါဆိုင်းယန်း တစ်ယောက်နှင့် လုံးဝ တူညီနေပေသည်။ သူ၏ အော်ဟစ်သံများသည် တောင်ကြားတစ်ခုလုံးသို့ ပဲ့တင် ထပ်သွားပြီး လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့လေသည်။
“ဘုရားရေ...၊ အကြီးအကဲဟယ်က အတိဒုက္ခ မစတင်ခင်ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီ ပဲ...။”
“ဒုက္ခပါပဲ...။ ကောင်းကင်ကို ကြည့်လိုက်စမ်း... အတိဒုက္ခမိုးကြိုးက လာနေပြီ...။”
“အကြီးအကဲဟယ်...၊ ဆေးလုံးကို မြန်မြန်သောက်လိုက်ပါ...။ အတိဒုက္ခက ရောက်လာတော့မယ်...။”
ဤအချိန်တွင် အကြီးအကဲဟယ်၏ အထက်၌ မည်းမှောင်သော တိမ်တိုက်များသည် လျင်မြန်စွာ စုရုံးလာ ပြီး ကြီးမားသော တိမ်တိုက်အစုအဝေးကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ တိမ်တိုက်များအတွင်း၌ လျှပ်စီးကြောင်းများက တဖျပ်ဖျပ် လက်နေပြီး အောက်ဘက်ရှိ အကြီးအကဲဟယ်၏ ခန္ဓာကိုယ်မှ ထွက် ပေါ်နေသော လျှပ်စစ်အလင်းရောင်နှင့် အပြန်အလှန် တုံ့ပြန်နေကြပေသည်။
အကြီးအကဲဟယ်သည် လျှပ်စစ်စီးကြောင်း၏ ထုံကျင်စေသော သက်ရောက်မှုကို တဖြည်းဖြည်း ကျင့်သားရလာပုံပေါ်ပေသည်။ သူသည် တစ်ကိုယ်လုံး တုန်ယင်နေဆဲ ဖြစ်သော်လည်း အော်ဟစ်သံများ သည်ကား ရပ်တန့်သွားခဲ့ပြီ ဖြစ်လေသည်။
ဇူးချွဲ မြင့်မြတ်နယ်မြေမှ အော်ဟစ်သံများကိုလည်း သူ သဲ့သဲ့မျှ ကြားလိုက်ရသည်။
ထို့နောက် သူ၏ ဒဏ်ရာများနှင့် ဝိညာဉ်စွမ်းအားကို ပြန်လည်ကုသရန် ကြိုတင်ရရှိထားသော ကြီးမြတ် သောပြန်လည်ကုသခြင်းဆေးလုံးကို ထုတ်ယူရန် မသိစိတ်အရ ပြင်ဆင်ထားလိုက်လေသည်။သို့သော် ထုံကျင်ခြင်း သက်ရောက်မှုအောက်တွင် ရှိနေစဉ် သူ၏ လက်မောင်းများကတုန်ယင်နေခဲ့ပေသည်။
မည်မျှပင် ကြိုးစားစေကာမူ သူသည် ဆေးလုံးကို ပါးစပ်ထဲသို့ တိတိကျကျ ထည့်၍ မရနိုင်ခဲ့ပေ။
အကြီးအကဲဟယ်၏ အခြေအနေကို မြင်သောအခါ လူတိုင်းက ထပ်မံ၍ စိုးရိမ်လာကြပြီး စိတ်ပျက် အားငယ်စွာဖြင့် ပြောလိုက်ကြသည်။
“အကြီးအကဲဟယ်...၊ လက်မောင်းကို ထိန်းချုပ်လို့မရရင် ဆေးလုံးကို ပါးစပ်ထဲထည့်ဖို့ စိတ်ဝိညာဉ်စွမ်း အားကို ဘာလို့ မသုံးရတာလဲ....။”
“ဒုက္ခပါပဲ... အကြီးအကဲဟယ် ဓာတ်လိုက်ပြီး ရူးမသွားဖို့ မျှော်လင့်ရတာပဲ...။”
လူတိုင်းထံမှ သတင်းစကားများကို ကြားသောအခါ အကြီးအကဲဟယ်သည် ဘာဖြစ်နေသည်ကို နောက်ဆုံး တွင် သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူသည် လူတိုင်း အကြံပြုသည့်အတိုင်း ဆေးလုံးများကို ပါးစပ်ထဲသို့ထည့်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို စတင် အသုံးပြုလိုက်သည်။
သို့သော် လျှပ်စစ်စီးကြောင်းက အလွန်အားကောင်းလွန်းလှသဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို တုန်ယင်သွားခဲ့စေပုံရသည်။ သူသည် ဆေးလုံးကို ထိန်းချုပ်ကာ ပါးစပ်ထဲသို့ ထည့်ရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ရှင်းလင်းစွာ အသုံးပြုနေသော်လည်း အဆုံးတွင်မူ နှာခေါင်းပေါက်ထဲသို့ တိုက်ရိုက် ထိုးသိပ် ခံလိုက်ရလေတော့သည်။
အပြင်ဘက်တွင် လူအများအပြား စောင့်ကြည့်နေကြသဖြင့် သူ၏ နှာခေါင်းပေါက်ထဲသို့ ထိုးသိပ်ခံလိုက် ရသော ဆေးလုံးကို သူ သဘာဝကျကျပင် မသောက်ချင်တော့ပေ။
သူသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းကာ အင်မော်တယ်ဘုံသို့ တက်လှမ်းရတော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မြင့်မြတ်နယ်မြေရှိ လူတိုင်းက သူ့ကို စီနီယာတစ်ဦးအဖြစ် သိရှိကြမည်ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာကို သူ ဂရုမစိုက်ဘဲ နေနိုင်ပါ့မည်လား။
ပုလင်းထဲတွင် ဆေးလုံးများ အတော်လေး ကျန်ရှိနေသေးသည်ကို တွေးမိလိုက်ပြီးနောက် သူသည် နောက်ထပ်တစ်လုံးကို သောက်ရန် ဆုံးဖြတ်လိုက်ပေသည်။
သို့သော် အချိန်အတော်ကြာ အချိန်ဆွဲနေခဲ့ပြီးဖြစ်ရာ အတိဒုက္ခမိုးကြိုးသည် သူ့ကို ထပ်မံ၍ စောင့်ဆိုင်း နေတော့မည် မဟုတ်ကြောင်း ရှင်းလင်းလှသည်။ သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ မည်းနက်သော မိုးကြိုးကြောင်းတစ်ခုက ရိုက်ချလာခဲ့လေသည်။
၎င်းကိုမြင်သောအခါ ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများသည် ထိတ်လန့်သွားကြပြီး သတိပေးရန် အလျင် အမြန် အော်ဟစ်လိုက်ကြလေသည်။
“အကြီးအကဲဟယ်... ပထမဆုံး မိုးကြိုးအတိဒုက္ခက လာနေပြီ...။ မြန်မြန် ခုခံလိုက်ပါ...။”
လူတိုင်းပြောသည်ကို ကြားသောအခါ အကြီးအကဲဟယ်သည် ကောင်းကင်သို့ မသိစိတ်အရ မော့ကြည့် လိုက်လေသည်။ မိုးကြိုးကြောင်းက လက်တစ်ကမ်းအကွာသို့ရောက်ရှိနေသည်ကို မြင်သောအခါ အကြီးအကဲဟယ်တွင် ခုခံမှုပြင်ဆင်ရန် အချိန်မရှိတော့ပေ။
ထို့အပြင် ဤမိုးကြိုးကြောင်း၏ စွမ်းအားကို အကဲဖြတ်ကြည့်ပါက သူ၏ လက်ရှိအခြေအနေအရ သူ အနိုင်ရရန် မဖြစ်နိုင်ချေ။ သူ၏ နှာခေါင်းပေါက်ထဲတွင် အဆုံးထိ မဝင်သွားဘဲ တစ်ဝက်တစ်ပျက်ညပ်နေ သော ဆေးလုံးတစ်လုံး ရှိနေသေးသည်ကို တွေးမိလိုက်လေသည်။
အကြီးအကဲဟယ်သည် ဂုဏ်သိက္ခာထိန်းရန်ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် နှာခေါင်းပေါက်မှတစ်ဆင့် ချက်ချင်းပင် အသက်ကိုပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် အကြီးအကဲဟယ်သည် သူ၏ နှာခေါင်း ပေါက် အပြင်ဘက်တွင် တစ်ဝက်တစ်ပျက် ထွက်နေသော ဆေးလုံးကို ပါးစပ်ထဲသို့ တိုက်ရိုက် ရှူသွင်း လိုက်လေတော့သည်။
“ဟိုက်...”
လူတိုင်းက အကြီးအကဲဟယ်၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသော်လည်း အကြီးအကဲဟယ်၏ လုပ်ရပ်ကို မြင်သောအခါ လူအုပ်ကြီးသည် သူတို့၏ ရွံရှာမှုကို မဖုံးကွယ်နိုင်တော့ပေ။
သို့သော် ဤအချိန်တွင် အခြားသူများ ဘာပြောနေသည်ကို အကြီးအကဲဟယ် မကြားနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် မိုးကြိုးကြောင်းက သူ့ကို ရိုက်ခတ်သွားပြီဖြစ်ရာ စူပါဆိုင်းယန်း (၂ )သည် ထပ်မံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
“အာ... တအား ကျင်တာပဲ...၊ အိုး...။”
နောက်ထပ် အော်ဟစ်ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာပြန်သည်။ ကောင်းကင်မှ ရိုက်ချလိုက်သော လျှပ်စီးမိုးကြိုးသည် မူလနှင်တံမှ လျှပ်စစ်ထက် များစွာပိုမိုအားကောင်းသော ထုံကျင်မှုအာနိသင် ရှိနေ သည်မှာ သိသာထင်ရှားလှသည်။
အကြီးအကဲဟယ်၏ တုံ့ပြန်မှုမှတစ်ဆင့် အကဲဖြတ်ကြည့်ရလျှင် ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများသည် လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြလေသည်။
“ဟင်... အကြီးအကဲဟယ်ရဲ့ အသံက အရင်ကနဲ့ နည်းနည်း ကွာခြားနေသလိုပဲ...။”
“အင်း... နောက်ထပ် အသံတစ်ခု ပါနေသလိုပဲ...၊ အဲဒါက ဘယ်လိုလဲဆိုတော့...။”
“နာကျင်မှုရော သာယာမှုရော နှစ်ခုစလုံးကို ခံစားနေရသလိုမျိုးလား...။”
ဤအချိန်တွင် အကြီးအကဲဟယ်သည် လူအုပ်ကြီး၏ သံသယများကို ဂရုမစိုက်နိုင်တော့ပေ။ ဤမိုးကြိုး အတိဒုက္ခသည် သူ့အတွက် လုံးဝ အကာအကွယ်မဲ့သည့် အခြေအနေဖြစ်လာကြောင်း သူ ရှာဖွေတွေ့ရှိ လိုက်ပေသည်။
ရှစ်ကြိမ်မြောက် အတိဒုက္ခများ မတိုင်မီက အတိဒုက္ခများကို သူ ဤနည်းလမ်းဖြင့် ဖြတ်ကျော်ခဲ့ခြင်း မဟုတ်ပေ။ ထိုအချိန်က မိုးကြိုးအတိဒုက္ခကို ချေဖျက်ရန်အတွက် နည်းလမ်းအမျိုးမျိုးနှင့် မှော်ရတနာ များကို ခုခံကာကွယ်ရန် အသုံးပြုနိုင်ခဲ့သည်။ သို့သော် ဤအတိဒုက္ခ၏ အစကတည်းကပင် သူ့မှာ ခုခံရန် အခွင့်အရေး မရှိခဲ့ပေ။
မိုးကြိုးနှင်တံ၏ ထုံကျင်မှုအာနိသင် ပျောက်ပြယ်သွားချိန်တွင် ပထမဆုံး လျှပ်စီးမိုးကြိုးက သူ့အပေါ် ကျရောက်လာခဲ့ပြီး ပိုမိုအားကောင်းသော ထုံကျင်မှုအာနိသင်ကို ယူဆောင်လာခဲ့သည်။
ပထမဆုံး မိုးကြိုးအတိဒုက္ခမှ ထုံကျင်မှုက မပျောက်ကင်းသေးမီမှာပင် ယခု ဒုတိယမြောက် မိုးကြိုး အတိဒုက္ခက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လုံးဝ မလှုပ်ရှားနိုင်တော့သဖြင့် သူသည် အတိဒုက္ခမတိုင်မီက သူ ပြင်ဆင်ထားခဲ့သော အတိဒုက္ခဖြတ် ကျော်ခြင်း မှော်ရတနာများနှင့် အခြားသော နည်းလမ်းများကို အသုံးမပြုနိုင်ခဲ့ပေ။ သူသည် ကုသရေး ဆေးလုံးများကို သောက်ရန်ပင် အခက်အခဲ ရှိနေခဲ့ပေသည်။
နောက်လာမည့် အတိဒုက္ခများသည် ပို၍ပို၍ အားကောင်းလာနိုင်ပြီး သူ့ကို ဆေးသောက်ရန် အချိန်ပေး လိမ့်မည်မဟုတ်ကြောင်း တွေးမိလိုက်သည်။
အကြီးအကဲဟယ်သည် သွားကိုက်ကာ အံကြိတ်လိုက်ပြီး အရှုံးပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ထုံကျင်မှု ပျောက်ကင်းသွားသည့်အခိုက်အတန့်တွင် သူသည် ဆေးပုလင်းကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်သည်။ ဆေးပုလင်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် ကွဲကြေသွားပြီး အတွင်းရှိ ဆေးလုံးများ ပြန့်ကျဲသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲဟယ်သည် မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲကျသွားပြီး မှောက်လျက်သား ဖြစ်သွားခဲ့လေသည်။ သူ၏ မျက်နှာကျရောက်သွားသော နေရာသည် ဆေးလုံးများ ပြန့်ကျဲနေသော နေရာနှင့် ကွက်တိပင် ဖြစ်နေသည်။ ထိုအချိန်မှာပင် ဒုတိယမြောက် မိုးကြိုးအတိဒုက္ခက သူ့ကို ရိုက်ခတ် သွားခဲ့လေသည်။
ထို့နောက် အကြီးအကဲဟယ်က ပါးစပ်ဟကာ နာကျင်စွာ အော်ဟစ်လိုက်ချိန်တွင် သူ၏ ပါးစပ်အောက်၌ ဖိမိနေသော ကြီးမားသည့် ဆေးလုံးတစ်လုံးသည် ပါးစပ်ထဲသို့ ဝင်သွားခဲ့လေသည်။
ဤလုပ်ရပ်ကြောင့် အဝေးမှ စောင့်ကြည့်နေကြသော လင်းဖန်နှင့် ဇူးချွဲ မြင့်မြတ်နယ်မြေမှ အခြားသူများ မှာ “ကျစ်...” ဟု အာမေဍိတ်သံ ထွက်ပေါ်သွားစေခဲ့သည်။
“အဟမ်း...၊ ခင်ဗျားတို့ မြင့်မြတ်နယ်မြေက ဒီအကြီးအကဲက တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ...။ ဒီလိုနည်းလမ်းမျိုးကိုတောင် စဉ်းစားနိုင်တယ်ပေါ့...။”
လင်းဖန်၏ ချီးကျူးစကားကို ကြားသောအခါ ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများ၏ နှုတ်ခမ်းများ တွန့်ကွေး သွားကြလေသည်။
*ဒါတွေအားလုံးက မင်း သူ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့လို့ မဟုတ်ဘူးလား...။* ဟု သူတို့က စိတ်ထဲမှ တွေးလိုက်ကြသည်။
ခုခံကာကွယ်ရေး နည်းလမ်းများက အသုံးမဝင်ဘဲ ဆေးလုံးများကလည်း အာနိသင် မရှိသောကြောင့် ဤအလိုအလျောက် ဆေးခွံ့သည့် နည်းလမ်းကသာ ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ် နေခဲ့သည်။
သို့သော် အခြေအနေက ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ သူတို့အနေဖြင့် သူတို့၏ အကြီးအကဲများ ကို ဆက်လက်၍ ကာကွယ်ပြောဆိုပေးနေရန် သဘာဝကျကျပင် မလိုအပ်တော့ပေ။
အတိဒုက္ခ အမြန်ဆုံး ပြီးဆုံးသွားရန်နှင့် သူတို့၏ အကြီးအကဲဟယ် ဤအရှက်ရဖွယ် အခြေအနေမှ အမြန် ဆုံး ရုန်းထွက်နိုင်ရန်ကိုသာ သူတို့ မျှော်လင့်နိုင်တော့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အကြီးအကဲဟယ်က အင်မော်တယ်ဘုံသို့ တက်လှမ်း သွားပြီး အင်မော်တယ်ဘိုးဘေး ဖြစ်လာမည်ဆိုလျှင်တောင်မှ...၊အကြီးအကဲဟယ်၏ ပုံစံကို တွေးမိတိုင်း သူတို့သည် သူ့အား “ဘိုးဘေး” ဟု ခေါ်ဆိုရန် ဝန်လေးနေကြမည် ဖြစ်သည်။
တကယ်ကို မျက်နှာပူစရာကောင်းလွန်းလှသည်ပင်။
ဤအချိန်တွင် အကြီးအကဲဟယ်သည် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သူ၏ ပါးစပ် အောက်တွင် ဖိထားသော ဆေးလုံးမှာ ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ထုံကျင်နေသော အခြေအနေတွင် သူသည် သူ၏မျက်နှာကို အနည်းငယ်မျှ လှုပ်ရှားကာ လျှာကို အသုံးပြု၍ သူ၏ဘေးနားရှိ ဆေးလုံးများ ကို လျှာဖြင့်လျက်ရန်သာ တတ်နိုင်တော့ပေသည်။