← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) အင်မော်တယ်ဘုံမှာ လမ်းလျှောက်ထွက်ကြရအောင်

ရုတ်တရက် ပေါ်ထွက်လာသော အရောင်ခုနစ်မျိုးရှိသည့် တံခါးတစ်ချပ်ကို ကြည့်ကာ လင်းဖန်သည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။

သို့သော် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးသည် သူပြောသည်ကို မကြားလိုက်ကြပေ။ သူတို့သည် သူတို့ ၏ ကိုယ်ပိုင်အတွေးများနှင့်သာ အလုပ်များနေသကဲ့သို့ တက်လှမ်းခြင်း လမ်းကြောင်းနှင့် ပတ်သက်၍ ဆက်လက် ဝေဖန်ပြောဆိုနေလေသည်။

လူတိုင်း ခဏမျှ ဆွေးနွေးပြီး စောင့်ကြည့်ပြီးနောက်တွင် ယခုအချိန်အထိ တိတ်ဆိတ်နေသော အကြီးအကဲဟယ်က နောက်ဆုံးတွင် စကားဆိုလာခဲ့သည်။

“အားလုံးပဲ... တက်လှမ်းခြင်း လမ်းကြောင်းရဲ့ စုပ်ယူအားက ပိုပိုပြီး အားကောင်းလာတယ်...။ ကျွန်တော် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး...။ သွားကြစို့...။”

အကြီးအကဲဟယ်၏ စကားကို ကြားပြီးနောက် လူတိုင်းက ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် သဘော ပေါက်သွားခဲ့ကြသည်။ ဤတက်လှမ်းခြင်း လမ်းကြောင်းက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းကို ဆွဲဆောင်ထုတ်ယူခဲ့သူအပေါ် ဆွဲငင်အားတစ်ခု သက်ရောက်လာမည် ဖြစ်ပေသည်။

ထို့အပြင် ဤဆွဲဆောင်မှုသည် ပစ်မှတ်ထားခံရသူက ဆက်လက်မခုခံနိုင်တော့ဘဲ အတင်းအဓမ္မ စုပ်ယူ ခံရသည်အထိ ပို၍ပို၍ အားကောင်းလာမည် ဖြစ်သည်။ သူတို့က ဘာကိုမျှ မခံစားရသော်လည်း အကြီးအကဲဟယ်မှာမူ ဆွဲငင်အားကို ခုခံရန် ရုန်းကန်နေခဲ့ရပေသည်။

အကြီးအကဲဟယ် ဆက်၍ မခံတောင့်နိုင်တော့သည်နှင့် တက်လှမ်းခြင်း လမ်းကြောင်းထဲသို့ စုပ်ယူခံရမည် ဖြစ်သည်။ ရည်မှန်းချက်မရှိပါက တက်လှမ်းခြင်း လမ်းကြောင်းသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ မြင့်မြတ်နယ်မြေလေးခုမှ လူများသည် လျိုပိုင်ချွမ်းနှင့် အခြားသူများ ကို ချက်ချင်း နှုတ်ဆက်လိုက်ကြလေသည်။

“အချိန်က အရေးကြီးတယ်...၊ ကြီးမြတ်တဲ့ မြင့်မြတ်နယ်မြေက ကျင့်ကြံသူ ရောင်းရင်းတို့...၊ ကျေးဇူး ပြုပြီး အမြန်ဆုံး ထွက်ခွာကြပါ...။”

“ဟုတ်တယ်...၊ မြန်မြန်သွားကြစို့...။ အင်မော်တယ်ဘုံက စီနီယာတွေက ခင်ဗျားတို့ကို ဧည့်ခံ လျှောက်လမ်းမှာ စောင့်နေကြပြီ...။”

လူတိုင်းက သူ့ကို အလျင်လိုနေကြသည်ကို ကြားသောအခါ...

လင်းဖန်၏ အချက်ပြမှုကို လက်ခံရရှိပြီးနောက် လျိုပိုင်ချွမ်းနှင့် အခြားသူများသည် တက်လှမ်းခြင်း လမ်းကြောင်းဆီသို့ ပျံသန်းသွားကြလေတော့သည်။

လင်းဖန်ကလည်း အနီးကပ် လိုက်ပါသွားခဲ့လေသည်။

“ဟင်...၊ ကျင့်ကြံသူ ရောင်းရင်းလင်း... ၊ဘယ်သွားမလို့လဲ...။ အဲဒါက အန္တရာယ်များတယ်လေ...။”

“တက်လှမ်းခြင်း လမ်းကြောင်းက ပေါ်လာတဲ့အခါ...၊ သူ့အနားကို ချဉ်းကပ်လာတဲ့ အင်မော်တယ် အဆင့်အောက် ကျင့်ကြံသူတွေကို ကျူးကျော်သူတွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခံရလိမ့်မယ်...။”

သူ့နောက်မှ လူအုပ်ကြီး၏ အံ့သြတကြီး အော်ဟစ်သံများကို ကြားသောအခါ လင်းဖန်က အနည်းငယ် ပြုံးလိုက်လေသည်။ သူသည် အစစ်အမှန် အင်မော်တယ်အဖြစ် သူ၏ ကျင့်ကြံမှုအဆင့်ကို မဖုံးကွယ် ထားတော့ဘဲ သူ၏ ပြီးပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကို လူတိုင်းရှေ့တွင် တိုက်ရိုက် ပြသလိုက် လေတော့သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျင့်ကြံသူ ရောင်းရင်းတို့...။ ဒါပေမဲ့ ကျွန်တော်က အစစ် အမှန် အင်မော်တယ်အဆင့်ကို ရောက်နေပါပြီ...။”

“သူတို့နဲ့အတူ အင်မော်တယ်ဘုံကို သွားပြီး လေ့လာစူးစမ်းကြည့်မလို့ပါ...။ ကျွန်တော် သွားပြီ...။”

ထိုသို့ပြောပြီးနောက် လင်းဖန်၊ လျိုပိုင်ချွမ်းနှင့် အခြားသူများသည် တက်လှမ်းခြင်း တံခါးဆီသို့ တိုက်ရိုက် ပျံသန်းဝင်ရောက် သွားကြလေတော့သည်။

ဤအချိန်တွင် အကြီးအကဲဟယ်သည် နောက်ဆုံး၌ ဆွဲငင်အားကို အရှုံးပေးလိုက်ရသည်။ နောက်မှ လိုက်ပါလာသူများသည်လည်း တက်လှမ်းခြင်း တံခါးထဲသို့ စုပ်ယူခံလိုက်ရသည်။

အကြီးအကဲဟယ် စုပ်ယူခံလိုက်ရသည်နှင့် တစ်ပြိုင်နက်...

တက်လှမ်းခြင်း တံခါးနှင့် ၎င်း၏နောက်မှ တက်လှမ်းခြင်း လမ်းကြောင်းသည် လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် တက်လှမ်းခြင်း တံခါးကို ဖြတ်သန်းလာခဲ့သော လင်းဖန်သည် တောက်ပပြီး အရောင်သွေးစုံလင်လှသော မှောင်မိုက်သည့် ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေလေသည်။ အချိန်မည်မျှ ကြာအောင် စောင့်ဆိုင်းခဲ့ရသည်ကို မသိခဲ့ချေ။ လင်းဖန်သည် သူ၏ပတ်ဝန်းကျင်တွင် အဖြူရောင် အလင်းတန်းများ စတင်ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူ၏ အမြင်အာရုံ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသောအခါ သူ၏ရှေ့ရှိ မြင်ကွင်းကို သူ မြင်တွေ့နိုင်ခဲ့သည်။ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ လျိုပိုင်ချွမ်းနှင့် အခြားသူများပင် ဖြစ်ပေသည်။

ထိုအဖွဲ့ကို မြင်သောအခါ လင်းဖန် သက်ပြင်းချလိုက်မိသည်။

သူက ထျန်းယွမ်တိုက်ကြီးမှ မဟုတ်သောကြောင့် အင်မော်တယ်ဘုံသို့ တက်လှမ်းပြီးနောက် သူ၏ ပြန်လည်မွေးဖွားမည့်နေရာသည် သူတို့နှင့် ကွာခြားသွားမည်ကို သူ စိုးရိမ်နေခဲ့သည်။ ပြန်တွေးကြည့် ပါက သူ အနည်းငယ် စိုးရိမ်လွန်သွားခဲ့ပုံရပေသည်။

သေချာပေါက်ပင်... ၎င်းက သူ ဖြတ်လမ်းမှတစ်ဆင့် အင်မော်တယ်ဘုံသို့ တက်လှမ်းလာသောကြောင့် လည်း ဖြစ်နိုင်ပေသည်။ အကြီးအကဲဟယ်၏ တက်လှမ်းခြင်း လမ်းကြောင်းမှတစ်ဆင့် တက်လှမ်းလာ သူများသည် ထျန်းယွမ်တိုက်ကြီးမှ ကျင့်ကြံသူများအတွက် သတ်မှတ်ထားသော ပြန်လည်မွေးဖွားမည့် နေရာများတွင် သဘာဝကျကျပင် ပေါ်လာမည် ဖြစ်သည်။

လင်းဖန်သည် သူ၏ပတ်ဝန်းကျင်ကို ဆက်လက် အကဲခတ်ကြည့်လိုက်ရာ အနီးအနားတွင် မတ်မတ်ရပ် နေသော ကြီးမားသည့် ကျောက်စာတိုင်ကြီးတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။

အနက်ရောင်မျက်နှာပြင်ရှိသော ကျောက်စာတိုင်သည် တွင်းနက်ကြီးတစ်ခုကဲ့သို့ အာရုံစိုက်မှုကို ဆွဲဆောင်နေခဲ့ပေသည်။ သို့သော်ဝန်းကျင်တစ်ဝိုက်တွင် အရောင်ခုနစ်မျိုးရှိသော အလင်းတန်းများ ဖြာထွက်နေခဲ့လေသည်။

လင်းဖန်က သိချင်စိတ်ဖြင့် ရှေ့သို့သွားကာ စစ်ဆေးရန် ပြင်ဆင်နေစဉ်...၊

ရုတ်တရက် ကျောက်စာတိုင်၏ အနက်ရောင်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထလာပြီးနောက် ၎င်း၏ အထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ သေချာစွာ ကြည့်လိုက်သောအခါ ၎င်းသည် တက်လှမ်းခြင်း တံခါးကို နောက်ဆုံးမှ ဖြတ်သန်းလာခဲ့သော အကြီးအကဲဟယ်ပင် ဖြစ်နေခဲ့သည်။

သူ ပေါ်လာပြီးနောက် ကျောက်စာတိုင်ပေါ်ရှိ လှိုင်းဂယက်များ ပျောက်ကွယ်သွားခဲ့လေသည်။

၎င်းကိုမြင်သောအခါ လင်းဖန်သည် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။

*ကျစ်... ငါတို့အားလုံး ဒီနေရာကနေ ပျံထွက်လာခဲ့တာကိုး...။*

*ဒါဆိုရင် ဤကျောက်စာတိုင်က အောက်ဘုံအသီးသီးကို ဆက်သွယ်ပေးထားတဲ့ တံခါးပေါ့...။*

ကျောက်စာတိုင်အကြောင်းကို သိရှိပြီးနောက် လင်းဖန်သည် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။ ကျောက်စာတိုင် တည်ရှိရာ နေရာတစ်ဝိုက်တွင် အဆောက်အအုံများစွာ ရှိနေသည်ကို သူ တွေ့ရှိလိုက် ရလေသည်။

လင်းဖန် စဉ်းစားနေစဉ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းဖန်နှင့် အခြားသူများကို သတိ ဝင်သွားစေခဲ့သည်။

“ဟားဟား... ယနေ့ကတော့ ကံကောင်းတဲ့နေ့ပဲ...။ တက်လှမ်းလာသူ ရှစ်ယောက် တစ်ပြိုင်နက်တည်း

ပေါ်လာတယ်ပေါ့...။”

အသံလာရာဆီသို့ ကြည့်လိုက်သောအခါ သူတို့၏ နောက်ကွယ်ရှိ အဆောက်အအုံတန်းလျားတစ်ခုမှ အင်မော်တယ် ဆယ်ယောက်ကျော်ခန့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ဤလူများ ပေါ်လာခြင်း က လျိုပိုင်ချွမ်းနှင့် အခြားသူများကို ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အင်မော်တယ်အဆင့်သို့ ယခုလေးတင် တက်လှမ်းလာခဲ့သူများဖြစ် ရာ ဤအင်မော်တယ်ဘုံတွင်မူ ပုရွက်ဆိတ်များထက် မပိုလှပေ။သူတို့ဆီ ရောက်လာမည့် မည်သည့် အင်မော်တယ်မဆို သူတို့ထက်ကျင့်ကြံမှုအဆင့် များစွာ ပိုမြင့်မားနေနိုင်ပေသည်။

အကယ်၍ သူတို့ထက် ကျင့်ကြံမှုအဆင့် နိမ့်ပါးသူတစ်ဦးဦးနှင့် တွေ့ဆုံပါက ၎င်းသည် ပို၍ပင် ထိတ်လန့် စရာ ကောင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောသူများသည် အင်မော်တယ်ဘုံတွင် မွေးဖွားလာသူများ ဖြစ်လေ့ရှိပြီး သူတို့တွင် မည်သို့သော နောက်ခံရှိသည်ကို မည်သူမျှ မသိနိုင်သော ကြောင့် ဖြစ်ချေသည်။

မည်သို့ပင်ဆိုစေ အင်မော်တယ်ဘုံတွင် ကလေးမွေးဖွားနိုင်သူများသည် အတိုင်းအတာတစ်ခုအထိ ခွန်အား သို့မဟုတ် သြဇာလွှမ်းမိုးမှု ရှိရမည်ဖြစ်သည်။ သို့မဟုတ်ပါက မိမိကိုယ်ပိုင် ဘေးကင်းလုံခြုံမှု ကိုပင် အာမမခံနိုင်ပါက မည်သူက သားသမီးရယူလိုပါမည်နည်း။

မကြာမီမှာပင် အင်မော်တယ် ဆယ်ယောက်ကျော်ခန့်သည် လင်းဖန်နှင့် အခြားသူများ၏ ရှေ့သို့ ရောက်ရှိ လာခဲ့ပြီး သူတို့ကို စတင်ကြည့်ရှု အကဲခတ်ကြလေသည်။

“ကျင့်ကြံသူ ရောင်းရင်းတို့က ဘယ်အောက်ဘုံကနေ လာကြတာလဲ...။ ခင်ဗျားတို့ကို လမ်းညွှန်ပေး မယ့်သူ ရှိလား...။”

မေးခွန်းကို ကြားသောအခါ လင်းဖန် စကားမပြောနိုင်မီ အကြီးအကဲဟယ်က အရင်ဝင်ပြောလိုက်သည်။

“လေးစားရတဲ့ စီနီယာတို့...။ ကျွန်တော်တို့က ထျန်းယွမ်တိုက်ကြီးကနေ လာတာပါ...။ မလာခင်က တည်းက အင်မော်တယ်တွေနဲ့ ဆက်သွယ်ထားခဲ့ပါတယ်...။ သူ...သူက...။”

ဤနေရာအရောက်တွင် အကြီးအကဲဟယ်သည် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေပြီး ဘာဆက်ပြောရမှန်း မသိဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့က လာကြိုမည်ဟု ပြောခဲ့သော စီနီယာအပေါ် မကျေ မနပ် ဖြစ်လာခဲ့လေသည်။

*ငါတို့ကို ဧည့်ခံပလက်ဖောင်းမှာ စောင့်နေရမှာ မဟုတ်ဘူးလား...။ သူတို့ ဘယ်တွေကိုရောက်နေကြ တာလဲ...။*

သူ စိုးရိမ်နေစဉ်မှာပင် အဝေးရှိ အဆောက်အအုံတစ်ခုမှ နောက်ထပ် လူအနည်းငယ် ပျံသန်းလာလေ သည်။

လူမရောက်လာမီကပင် အသံက အရင်ရောက်လာခဲ့သည်။

“ကျင့်ကြံသူ ရောင်းရင်းတို့... သူတို့က ကျွန်တော့်ရဲ့ ထျန်းယွမ်မျှော်စင်က ဂျူနီယာတွေပါ...။ ကျေးဇူးပြု ပြီး သူတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ အခက်မတွေ့စေပါနဲ့...။”

ဤအသံကို ကြားသောအခါ အရင်ရောက်နှင့်နေသော လူဆယ်ယောက်ကျော်၏ မျက်နှာပေါ်ရှိ အပြုံး များ ပျောက်ကွယ်သွားလေတော့သည်။

“သြော်... ထျန်းယွမ်မျှော်စင်က လူပဲ...၊ တော်တော် စိတ်ပျက်စရာကောင်းတာပဲ...။”

“ထားလိုက်ပါ...၊ ထျန်းယွမ်မျှော်စင်ရဲ့ မျှော်စင်သခင်ကို ငါတို့ မစော်ကားရဲဘူးလေ...။”

“ဟွန့်... သူက ကံကောင်းသွားရုံပါ...။ အဲဒီလို ခေါင်ဖျားတဲ့ အောက်ဘုံကလာတဲ့သူက တကယ်ပဲ အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်ဖြစ်လာတယ်ပေါ့...။”

“ဘယ်သူက ငြင်းနိုင်မှာလဲ...။ အင်မော်တယ်ဧကရာဇ်က ထျန်းယွမ်မျှော်စင်ရဲ့ မျှော်စင်သခင်ဆီမှာ ဘာကိုမြင်ခဲ့သလဲဆိုတာကိုတောင် ငါ သိချင်မိတယ်...။”

“သူ့ရဲ့ အောက်ဘုံကနေ တက်လှမ်းလာသူ မရှိတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီကို...။ အခု တစ်ပြိုင်နက် တည်း ရှစ်ယောက်တောင် ပေါ်လာတယ်...။ ကြည့်ရတာ ထျန်းယွမ်မျှော်စင်သခင်က အောက်ဘုံကို အကျိုးကျေးဇူးတွေ တော်တော်လေးပေးခဲ့ပုံရတယ်...။”

“ဟူး... ဒါက လူတစ်ယောက် အလင်းရောင်ရသွားတာနဲ့ ဆွေမျိုးရောင်းရင်းတွေပါ အကျိုးခံစားရတယ် ဆိုတဲ့ ဖြစ်ရပ်တစ်ခုလို့ သတ်မှတ်လို့ရတယ်...။”

အင်မော်တယ် ဆယ်ယောက်ကျော်၏ တီးတိုးစကားများကို ကြားသောအခါ လင်းဖန်လည်း အတော် လေး အံ့သြသွားခဲ့လေသည်။

*အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်တဲ့လား...။ မြင့်မြတ်နယ်မြေလေးခုက လူတွေက အဲဒီအကြောင်း မပြောခဲ့ကြပါဘူး...။*

သူ့ဘေးရှိ အကြီးအကဲဟယ်ကို ကြည့်လိုက်သောအခါ အကြီးအကဲဟယ်၏ မျက်နှာပေါ်တွင်လည်း အံ့သြ တကြီး ဖြစ်နေသော အမူအရာကို တွေ့လိုက်ရသည်။ ဤအရာက လင်းဖန်ကို ချက်ချင်း သဘောပေါက် သွားစေခဲ့လေသည်။

တစ်ဖက်လူက တမင်သက်သက် မပြောပြခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင်လည်း ဤအကြောင်းကို မသိရှိကြခြင်းသာ ဖြစ်ပေလိမ့်မည်။

လင်းဖန် စဉ်းစားနေစဉ် သူတို့ကိုယ်သူတို့ ထျန်းယွမ်မျှော်စင်မှဟု ခေါ်ဆိုသော လူတစ်စုသည် သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

တွေ့ဆုံပြီးနောက် လူဆယ်ယောက်ကျော်ခန့်သည် ထျန်းယွမ်မျှော်စင်မှ လူများနှင့် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ကြသည်။

“သြော်... ခင်ဗျားက ထျန်းယွမ်မျှော်စင်က ကျင့်ကြံသူ ရောင်းရင်းပဲ...။ မမှတ်မိလိုက်တဲ့အတွက် တောင်းပန်ပါတယ်...။”

“ခင်ဗျားက သဘောကောင်းလွန်းပါတယ် ကျင့်ကြံသူ ရောင်းရင်းရယ်...။”

ထိုအင်မော်တယ် ဆယ်ယောက်ကျော်ခန့်သည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေခဲ့ကြသော်လည်း... ယခုအခါ ထျန်းယွမ်မျှော်စင်မှ လူများက သူတို့ရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ လူကိုယ်တိုင် လှောင်ပြောင် နေမည်မဟုတ်သည်မှာ သဘာဝကျပေသည်။

လင်းဖန်နှင့် အခြားသူများကိုမူ အလေးအနက် မထားခဲ့ကြပေ။

သူတို့၏ မျက်နှာကို တိုက်ရိုက်မပြောသရွေ့ လင်းဖန်နှင့် အခြားသူများက ညည်းညူမည်ဆိုလျှင်တောင် မှ အရေးမကြီးပေ။

ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးနောက် ထိုလူဆယ်ယောက်ကျော်ခန့်သည် ဆက်မနေကြတော့ပေ။ သူတို့သည် အဆောက်အအုံသို့ တိုက်ရိုက် ပြန်သွားကြပြီး အသစ်တက်လှမ်းလာသူများ ပေါ်လာမည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းနေလိုက်ကြသည်။

ဤအချိန်တွင် ထျန်းယွမ်မျှော်စင်မှ လူများသည် လင်းဖန်နှင့် အခြားသူများထံသို့ နောက်ဆုံးတွင် အာရုံပြောင်းလိုက်ကြလေသည်။

All Chapters