← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) အဆင့်လေးဆင့် ဆက်တိုက် တက်လှမ်းခြင်း

မကြာမီမှာပင် လင်းဖန်၏ရှေ့တွင် အဆင့်မြင့်အင်မော်တယ်ကျောက်တုံးများမှာ တောင်ပုံရာပုံ စုပုံလာ ခဲ့လေသည်။ ထိုအင်မော်တယ်ကျောက်တုံးများမှ ထွက်ပေါ်နေသော အရှိန်အဝါတစ်ခုတည်းနှင့်ပင် မာဟုန်းယွမ်ပေးခဲ့သော ကျောက်တုံးများထက် အဆပေါင်းများစွာ သာလွန်နေသည်မှ သိသာလှသည်။

ရှေ့မှ အင်မော်တယ်ကျောက်တုံးများကို ကြည့်ကာ လင်းဖန် ပြုံးလိုက်မိသည်။ အင်မော်တယ် ခန္ဓာကိုယ် ပြောင်းလဲခြင်း ပြီးဆုံးကတည်းက သူ တွေးထားခဲ့ပြီးသား ဖြစ်ပေသည်။ သူ၏ တိုးတက်မှုနှုန်းနှင့်ဆို လျှင် အင်မော်တယ်ဧကရာဇ် ၊ အင်မော်တယ်အရှင်သခင် သို့မဟုတ် သူတော်စင် အဆင့်သို့ ရောက်ရန် မှာ အလှမ်းမဝေးတော့ပေ။

ဤယုံကြည်ချက်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် စနစ်ကြောင့်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာတော့ 'အင်မော်တယ်အရှင်သခင် လင်ရွှီ' ချန်ထားခဲ့သော အရင်းအမြစ်များကြောင့်ပင် ဖြစ်ပေသည်။

စီနီယာဟယ်နှင့်အတူ အင်မော်တယ်ဘုံသို့ တက်လှမ်းလာခဲ့သည့် အကြောင်းရင်းမှာ ထျန်းယွမ် မျှော်စင် မှ လမ်းညွှန်သူများမှတစ်ဆင့် အင်မော်တယ်ဘုံအကြောင်းကို ပိုမိုနားလည်နိုင်ရန် ဖြစ်သည်။ ယခုအခါ အခြေခံအချက်အလက်များကို သိရှိပြီးဖြစ်ရာ နောက်တစ်ဆင့်မှာ ကျင့်ကြံမှုကို စတင်မြှင့်တင်ရန် ဖြစ်ပေသည်။

ကျင့်ကြံမှုအဆင့် တက်ပြီးလျှင် ဘာလုပ်မည်နည်း…။

သဘာဝကျကျပင် ထိုသူတော်စင်နှစ်ပါးနှင့် ရန်ကြွေးဟောင်းများကို ရှင်းရပေမည်။ ယနေ့ မာဟုန်းယွမ် ၏ ပြောပြချက်များအရ 'မြည်းသူတော်စင်' ပျောက်ကွယ်သွားခြင်းမှာ ဆေးလုံးသူတော်စင်၊ လက်နက် သူတော်စင်တို့နှင့် ပတ်သက်နေသည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။

'ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို' က သူ့ကို ကူညီပေးခဲ့သည်မှာ ကြာပြီဖြစ်ရာ သူတို့အတွက် ဤစာရင်းကို ရှင်းပေးရန်မှာ သူ၏ တာဝန်ပင် ဖြစ်ပေသည်။

ထို့ပြင် လင်းဖန်သည် အင်မော်တယ်ဘုံရှိ စီးပွားရေးလုပ်ငန်းအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ် အောင် လုပ်ရန် ရည်ရွယ်ထားလေသည်။ အထူးသဖြင့် အရေးကြီးဆုံးဖြစ်သော ဆေးလုံးသန့်စင်ခြင်းနှင့် လက်နက်ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဖြစ်သည်။

ထို့ကြောင့် မြည်းသူတော်စင်အတွက် လက်စားချေရန် မဟုတ်လျှင်တောင်မှ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရင်း ထိုသူတော်စင်နှစ်ပါးနှင့် ရန်သူဖြစ်လာရန်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်ဘုံသို့ အခုမှ ရောက်ရှိလာသော လင်းဖန်တွင် ကြီးမားသော ရန်သူတော်ကြီး နှစ်ပါး ရှိနေခဲ့ပြီဖြစ်သည်။

ဤသည်ကို တွေးမိရင်း လင်းဖန်သည် ကျင့်ကြံမှုကို မြှင့်တင်ရန် ပိုမို စိတ်အားထက်သန်လာခဲ့လေသည်။

"ရှောင်လင်...၊ ဒီက ကျောက်တုံးတွေ ကုန်သွားရင် ထပ်ယူလာပေးဦး…။"

ရှောင်လင်ကို မှာကြားပြီးနောက် လင်းဖန်သည် စနစ်ကို ခေါ်လိုက်လေသည်။

"ဟေ့... အသုံးမကျတဲ့ကောင်၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးစမ်း…။"

လင်းဖန်၏ မူလခန္ဓာကိုယ် အင်မော်တယ်ဘုံသို့ ရောက်ရှိလာသည့် ခဏမှာပင် ခေတ္တတိတ်ဆိတ်နေသော စနစ်၏ မြှင့်တင်ခြင်း စာမျက်နှာမှာလည်း အလိုအလျောက် အဆင့်မြှင့်တင်သွားခဲ့လေသည်။ အဆင့်မြှင့် တင်ရန် လိုအပ်သည့် ပစ္စည်းမှာ ထိပ်တန်းဝိညာဉ်ကြောများမှ အင်မော်တယ်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

[ဒင်...။ အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါပြီ။ အဆင့်တက်သွားခြင်းအတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...။]

[လုပ်ဆောင်ချက်အသစ်များကို ဖွင့်လှစ်လိုက်ပါပြီ….။]

အကြောင်းကြားစာများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်နှင့်အမျှ လင်းဖန်ရှေ့တွင်ရှိသော အင်မော်တယ် ကျောက်တုံးများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

တစ်ဖက်တွင်လည်း ရှောင်လင်က စံအိမ်တော်၏ ဘဏ္ဍာတိုက်မှ ကျောက်တုံးများကို မနားတမ်း ပို့ဆောင် ပေးနေခဲ့လေသည်။

[ဒင်…၊ ပိုင်ရှင်အား 'အင်မော်တယ်သခင်'အဆင့်သို့ တက်လှမ်းနိုင်ခြင်းနှင့် လုပ်ဆောင်ချက်အသစ်များ ရရှိခြင်းအတွက် ဂုဏ်ယူပါတယ်…။]

အင်မော်တယ်သခင် အဆင့်သို့ ရောက်ရှိပြီးနောက် စနစ်၏ အကြောင်းကြားစာမှာ ရပ်တန့်သွားခဲ့လေ သည်။ လင်းဖန်က နားမလည်နိုင်ဖြစ်သွားသဖြင့် စနစ်ကို မေးလိုက်လေသည်။

"ဟေ့ကောင်... ဘာလို့ ရပ်သွားတာလဲ။ ငါ့မှာ ပိုက်ဆံရှိသေးတယ်လေ…။"

[ပိုင်ရှင်...။ အင်မော်တယ်လမ်းစဉ် ကျင့်ကြံမှု တက်လှမ်းခြင်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ အင်မော်တယ်သခင် အဆင့်မရောက်ခင်အထိ အင်မော်တယ်ကျောက်တုံးတွေကို သုံးပြီး အားဖြည့်နိုင်ပါ တယ်…။]

[ဒါပေမဲ့ အင်မော်တယ်သခင် အဆင့်ကို ရောက်ပြီးတာနဲ့ အဆင့်တက်ဖို့အတွက် ကျောက်တုံးတွေကို သုံးစရာ မလိုတော့ပါဘူး…။]

စနစ်၏ စကားကို ကြားသောအခါ လင်းဖန်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ထိုးဆင်းသွားခဲ့သည်။ ဤတစ်ခေါက် အားဖြည့်ခြင်းဖြင့် အင်မော်တယ်အရှင်သခင် အဆင့်ထိ မရောက်လျင်တောင်မှ အင်မော် တယ်ဧကရာဇ် အဆင့်အထိတော့ အသာလေး ရောက်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်လေ သည်။ သို့သော် မထင်မှတ်ဘဲ အင်မော်တယ်သခင် အဆင့်မှာတင် ရပ်တန့်သွားခဲ့ပေသည်။

"ဒါဆို ပြောစမ်း...၊ ဘယ်လိုနည်းနဲ့ ဆက်ပြီး မြှင့်တင်ရမှာလဲ…။"

[အင်မော်တယ်သခင် အဆင့်ကစပြီး အဆင့်တက်ဖို့ လိုအပ်တာက အရင်းအမြစ်တွေ မဟုတ်တော့ပါ ဘူး။ အင်မော်တယ်ဘုံမှာရှိတဲ့ ပိုင်ရှင်ရဲ့ 'ကျော်ကြားမှုနဲ့ ဂုဏ်သတင်း' ပဲ ဖြစ်ပါတယ်…။]

စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းဖန် နားလည်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် အကြံ တစ်ခုက သူ၏ ခေါင်းထဲသို့ ချက်ချင်း ဝင်လာခဲ့သည်။

*ကျော်ကြားမှု ဟုတ်လား….။ အဲ့ဒါက လွယ်ပါတယ်….။*

*"သတင်းကောင်းက အိမ်ပြင်မထွက်ပေမဲ့ သတင်းဆိုးကတော့ ကီလိုမီတာ ထောင်ချီ ပျံ့နှံ့တယ်" ဆိုတဲ့ စကားပုံ ရှိသားပဲ။ ကျော်ကြားမှုဆိုတာ ကောင်းတဲ့ဘက်ကပဲ ဖြစ်ရမယ်လို့ စနစ်က မပြောထားခဲ့ဘူး လေ…။*

အဲ့ဒီလိုသာဆိုရင်တော့ စိတ်မရှိကြပါနဲ့ဦးခင်ဗျာ။ ကျင့်ကြံမှု တိုးတက်ဖို့အတွက် လင်းဖန်တစ်ယောက် လူကောင်းလုပ်မှာ မဟုတ်တော့ဘူး။

ဆုံးဖြတ်ချက် ချပြီးနောက် လင်းဖန်သည် အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိသွားသဖြင့် ရရှိ လာသော စွမ်းရည်အသစ် လေးခုကို စတင်စစ်ဆေးလိုက်လေသည်။

ပထမစွမ်းရည်မှာ 'ခရမ်းရွှေနတ်နဂါးထီး' ၏ နဂါးလွှမ်းမိုးခြင်း ဖြစ်လေသည်။ ၎င်းက လင်းဖန်ကို အင်မော်တယ်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများကို အကန့်အသတ်မရှိ သုံးစွဲခွင့် ပေးလေသည်။

ဒုတိယစွမ်းရည်မှာ 'သုံးခြေထောက် ရွှေကျီးကန်း စက်' ၏ ရွှေကျီးကန်းလွှမ်းမိုးခြင်း ဖြစ်သည်။ ၎င်းက လင်းဖန်ကို မီးတောက်များအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းကို ပေးလေသည်။

တတိယစွမ်းရည်မှာ 'ဟင်းလင်းပြင်သားရဲတဲ' ၏ ဟင်းလင်းပြင်လွှမ်းမိုးခြင်း ဖြစ်သည်။ ၎င်းက လင်းဖန်ကို ဟင်းလင်းပြင်စွမ်းအားအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ပေးလေသည်။

စတုတ္ထစွမ်းရည်မှာ 'ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို' ၏ အရာခပ်သိမ်းကို အရည်ကျိုဖျက်ဆီးခြင်း ဖြစ် လေသည်။ ၎င်းက လင်းဖန်ကို မည်သည့်အရာကိုမဆို အရည်ကျိုပြီး သန့်စင်နိုင်စွမ်း ပေးသည်။

ဥပမာ အားဖြင့် လင်းဖန်သည် တောင်ကြီးတစ်လုံးကို အရည်ကျိုပြီး ၎င်း၏ အနှစ်သာရကိုသာ ကျန်ခဲ့ အောင်လုပ်နိုင်ပေသည်။ သို့မဟုတ် သူတစ်ပါး၏ အင်မော်တယ်လက်နက်များကို အရည်ကျိုပြီး ကုန်ကြမ်း များအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။

ဤစွမ်းရည်များမှာ လင်းဖန်၏ စွမ်းဆောင်ရည်ကို များစွာ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ သစ်ရွက်ကိုယ်ပွားမှာ သူ၏ မူလခန္ဓာကိုယ်နှင့် ကွဲပြားမှုမရှိရာ ကိုယ်ပွားအနေနှင့်လည်း ဤစွမ်းရည် များကို အသုံးပြုနိုင်ပေသည်။

ဤစွမ်းရည်သစ်လေးခုကို ကြည့်ရင်း လင်းဖန်သည် အနာဂတ်တွင် ကျော်ကြားလာမည့် သူ၏ အခြေ အနေကို ပို၍ပင် ယုံကြည်မှု ရှိလာခဲ့ပေသည်။ ရန်စရှာမည့် အစီအစဉ်များစွာမှာ သူ၏ ခေါင်းထဲတွင် တခုခြင်းစီ တန်းစီ ပေါ်လာလေတော့သည်။

လင်းဖန် တစ်ယောက် ပြဿနာရှာရန် နည်းလမ်းများ စဉ်းစားနေစဉ်မှာပင် လျိုပိုင်ချွမ်းထံမှ ဟင်းလင်း ပြင်အဆောင်ပြားမှ တစ်ဆင့် သတင်းပို့ချက် တစ်ခု ရောက်လာလေသည်။

"အရှင်... ဘယ်ကို သွားနေတာလဲ….၊စီနီယာမာက ကိစ္စအချို့ ဆွေးနွေးဖို့ ကျွန်တော်တို့ အခန်းကို လာရင်း နဲ့ အရှင် မရှိတာကို တွေ့သွားလို့ အရမ်းစိုးရိမ်နေပါတယ်…။"

ထိုသတင်းပို့ချက်ကို ရရှိသည်နှင့် လင်းဖန်သည် သူ၏ သစ်ရွက်ကိုယ်ပွားသို့ ချက်ချင်း ပြောင်းလဲလိုက် ပြီး လင်ရှောင်းအင်မော်တယ်ဘုံ ရှိ အခန်းသို့ ပြန်သွားလိုက်လေသည်။

လင်းဖန်၏ အခန်းထဲတွင် လူစုဝေးနေကြစဉ် လင်းဖန် ရုတ်တရက် ပေါ်လာသည်ကို မြင်သော်လည်း မည်သူမျှ လန့်မသွားခဲ့ကြပေ။ အထူးသဖြင့် လင်းဖန်၏ စွမ်းရည်ကို မသိသေးသော မာဟုန်းယွမ်ပင် မလန့်သည့်အပြင် ဝမ်းသာအားရ ဖြစ်သွားလေသည်။

"ရှောင်ဟယ် ပြောတာတွေက တကယ်ပဲလား….။ မင်းမှာ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ တည်နေရာကူး ပြောင်းနိုင်စွမ်း တကယ်ရှိတာလား…။"

မာဟုန်းယွမ်၏ စကားကို ကြားလျှင် စီနီယာဟယ်က သူ ယခင်က မြင့်မြတ်နယ်မြေမှ လူများကို ပြောပြ ခဲ့သည့် 'ဇာတိပြန်လည်လည်ပတ်ခြင်း' စီးပွားရေးအကြောင်းကို ပြောပြထားသည်ဟု လင်းဖန် နားလည် လိုက်လေသည်။

ယခင်ကဆိုလျှင် လင်းဖန်သည် သူ၏ စွမ်းရည်ကို ဖော်ပြလိုက်သည့်အတွက် စီနီယာဟယ်ကို အပြစ် တင်မိပေလိမ့်မည်။ သို့သော် ယခုမူ သူသည် 'အင်မော်တယ်သခင်' အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ စွမ်းရည်အသစ်များကြောင့် တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အင်မော်တယ်သခင် အဆင့်ထက် များစွာ သာလွန်နေပြီဖြစ်ရာ ဤအရာများကို ဂရုမစိုက်တော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ တည်နေရာကူးပြောင်းနိုင်စွမ်းကို သိသွားခြင်းက သူ၏ ကျော်ကြားမှုကို တိုးစေပြီး ကျင့်ကြံမှုအဆင့် တက်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။ ဤသည်ကို တွေးမိပြီးနောက် လင်းဖန်သည် ဖုံးကွယ်မထားတော့ဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်၊ ကျွန်တော် အခုနက တချို့ကိစ္စတွေကို သွားရှင်းနေလို့ အခန်းထဲမှာ မရှိတာပါ။... မင်းတို့ ထဲကရော ဘယ်သူတွေ ပြန်သွားကြည့်ချင်သေးလဲ…။"

လင်းဖန်က လူအုပ်ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ လျိုပိုင်ချွမ်းနှင့် ကျန်သူများ ကတော့ တည်ငြိမ်နေသော်လည်း မာဟုန်းယွမ်ကတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။

အင်မော်တယ်ဘုံမှာ ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် သူလည်း ဇာတိမြေသို့ ပြန်ကြည့်ချင်လှပေသည်။ ရှောင်ဟယ် ပြောပြတုန်းက သူ မယုံခဲ့သလို အခုထိလည်း အပြည့်အဝ မယုံသေးပေ။ သို့သော် လင်းဖန် ၏ ယုံကြည်ချက်ရှိသော အမူအရာကို မြင်သဖြင့် မျှော်လင့်ချက်ကလေးတစ်ခုတော့ ထားမိနေသေး သည်။

"ရှောင်လင်း...၊ ငါရော ပြန်သွားဖို့ ကြိုးစားကြည့်လို့ ရမလား…။"

'ရှောင်လင်း' ဟူသော ခေါ်ဝေါ်မှုကို ကြားသောအခါ လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက စကားဖြင့် မပြင်ပေးဘဲ လက်တွေ့လုပ်ရပ်ဖြင့်သာ ပြသလိုက်လေသည်။

လင်းဖန်သည် သူ၏ အင်မော်တယ်သခင် အဆင့်ရှိသော ကျင့်ကြံမှု အရှိန်အဝါကို လူတိုင်းရှေ့တွင် ထုတ် ဖော်ပြလိုက်လေသည်။ တစ်ချိန်တည်းမှာပင် အခန်းထဲတွင် ဟင်းလင်းပြင်တံခါး တစ်ခုကိုလည်း တိုက် ရိုက် ဖွင့်လှစ်လိုက်လေသည်။

ရုတ်တရက် ပေါ်လာသော ဟင်းလင်းပြင်တံခါးကို ကြည့်ကာ မာဟုန်းယွမ် တုန်လှုပ်သွားသည်။ သို့သော် သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ ရုတ်တရက် ကျရောက်လာသော လင်းဖန်၏ ကျင့်ကြံမှု ဖိအားပင် ဖြစ် ပေသည်။

"စီနီယာလင်း... စီနီယာလင်း။ ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်က...။"

ခေါ်ဝေါ်ပုံ ပြောင်းလဲသွားသည်ကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ပြုံးလိုက်လေတော့သည်။

All Chapters