အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း (၂၆၃) ဇာတိမြေသို့ ပြန်လည်လည်ပတ်သည့် ပထမဆုံး ဖောက်သည်
"ဩော်... ကျင့်ကြံမှုအဆင့်ကို ပြောတာလား…။ အခု ခင်ဗျား မြင်နေရတာက အင်မော်တယ်သခင် အဆင့်ပါ…။"
ဤအကြောင်းနှင့် ပတ်သက်၍ အစစ်အမှန် အင်မော်တယ်အဖြစ် အခုမှ တက်လှမ်းလာသူ တစ်ယောက် က ဘာကြောင့် ဤမျှမြန်မြန် အင်မော်တယ်သခင် ဖြစ်သွားရသနည်းဆိုသည်ကို ရှင်းပြရန် ခက်ခဲသဖြင့် လင်းဖန်က အကြောင်းပြချက်တစ်ခု လုပ်ကြံကာ ဆက်ပြောလိုက်လေသည်။
"ငါက မူလက ထျန်းယွမ်တိုက်ကြီးက မဟုတ်ဘူး။ အရင်က အောက်ဘုံကို သွားခဲ့တာက ဘဝအတွေ့ အကြုံသစ် ရဖို့အတွက်ပဲ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပတ်သက်ရင်တော့ သိတဲ့လူတွေက သိကြပါ တယ်…။"
လင်းဖန်၏ စကားကြောင့် လျိုပိုင်ချွမ်းနှင့် ကျန်သူများ၏ မျက်နှာတွင် "ဒါကြောင့်ကိုး" ဟူသော အမူ အရာများ ပေါ်လာကြလေသည်။ လင်းဖန်၏ အံ့ဩဖွယ် စွမ်းဆောင်ရည်များကို တွေ့ကြုံဖူးကြသဖြင့် ဤရှင်းပြချက်က သူတို့အတွက် ယုတ္တိတန်နေပေသည်။
"ကဲ... ရှောင်မာ၊ ခင်ဗျား ဇာတိကို ပြန်ကြည့်ချင်တယ် မဟုတ်လား…။ ဒီ ဟင်းလင်းပြင်တံခါးထဲကို ဝင် သွားလိုက်ပါ၊ ဒါဆို ပြန်ရောက်သွားပါလိမ့်မယ်….။"
"ပြန်လာချင်ရင်လည်း ဒီတံခါးကနေပဲ ပြန်လာလို့ရပါတယ်…။ စမ်းကြည့်လိုက်လေ…။"
အံ့ဩတုန်လှုပ်မှုကို ထိန်းချုပ်ပြီးနောက် မာဟုန်းယွမ်သည် တွေဝေမနေတော့ဘဲ ဟင်းလင်းပြင်တံခါး အတွင်းသို့ လှမ်းဝင်လိုက်လေတော့သည်။ လင်းဖန် ပြသခဲ့သည့် အင်မော်တယ်သခင်အဆင့် ကျင့်ကြံမှု နှင့်ဆိုလျှင် သူ့ကို အန္တရာယ်ပြုလိုပါက ဤမျှ ဒုက္ခခံနေစရာ မလိုမှန်း သူ နားလည်ထားသည်ပင်။
မာဟုန်းယွမ် ဝင်သွားသည်နှင့် လင်းဖန် စိုးရိမ်စရာတစ်ခုကို သတိရသွားခဲ့လေသည်။ တစ်ဖက်လူက ရွှေအင်မော်တယ် အဆင့် ဖြစ်ပေသည်။ သူ၏ ဟင်းလင်းပြင် အင်မော်တယ်ဘုံ အတွင်းထဲမှာတော့ ပြဿနာမရှိသော်လည်း ထျန်းယွမ်တိုက်ကြီးထဲသို့ ရောက်သွားလျှင် ဘာတွေ ဖြစ်လာနိုင်ပါသနည်း…။
ဥပမာအားဖြင့်- ထျန်းယွမ်တိုက်ကြီး၏ ကျင့်ကြံမှု ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း သို့မဟုတ် ထျန်းယွမ် တိုက်ကြီး၏ ကမ္ဘာ့စည်းမျဉ်းများက သူ့ကို နှင်ထုတ်ခြင်းမျိုး ဖြစ်နိုင်ပေသည်။ ထျန်းယွမ်တိုက်ကြီးသည် အစစ်အမှန် အင်မော်တယ် အဆင့်အထိ ကျင့်ကြံသူများကိုသာ လက်ခံနိုင်စွမ်း ရှိသည်မဟုတ်ပါလား။
ဤသည်ကို တွေးမိရင်း လင်းဖန်သည် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရန် နောက်မှ အမြန်လိုက် သွားလေတော့သည်။ အနာဂတ်တွင် ဤကဲ့သို့ ဇာတိပြန်လည်လည်ပတ်ရေး အစီအစဉ်များကို ထပ်မံ လုပ်ဆောင်မည်ဆိုပါက ကျင့်ကြံမှုအဆင့် မြင့်မားသူများလည်း ပါဝင်လာနိုင်ရာ သူတို့၏ ကျင့်ကြံမှုကို အစစ် အမှန် အင်မော်တယ် အဆင့်အောက်သို့ ဖိနှိပ်ထားနိုင်မည့် နည်းလမ်းတစ်ခု လိုအပ်ပေသည်။
ဟင်းလင်းပြင် အင်မော်တယ်ဘုံအတွင်း၌ လင်းဖန် ပြန်ရောက်လာချိန်တွင် မာဟုန်းယွမ်မှာ အံ့အားသင့် စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
လင်းဖန်ကို မြင်လျှင် မာဟုန်းယွမ်က အမြန်မေးလိုက်လေသည်။
"စီနီယာလင်း...၊ ဒါ... ဒါက ဘယ်နေရာလဲ…။"
တစ်ဖက်လူ၏ တုန်လှုပ်နေသော အမူအရာကို မြင်သဖြင့် လင်းဖန်က နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒါက ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ရဲ့ အဓိက အခြေစိုက်စခန်းပဲလေ။ ခင်ဗျားလည်း တခြား မြင့်မြတ်နယ်မြေ လေးခုထဲက တစ်ခုက လာတာဆိုတော့ ဒီလို မြင့်မြတ်နယ်မြေမျိုးကို မြင်ဖူးမှာပေါ့…။"
မာဟုန်းယွမ်က အဝေးတစ်နေရာကို ညွှန်ပြရင်း ပြောလိုက်လေသည်။
"စီနီယာ... ခင်ဗျားက ဒါကို မြင့်မြတ်နယ်မြေ လို့ပဲ ပြောတာလား….။ ဒီမှာ ပျံ့နှံ့နေတဲ့ အင်မော်တယ် အရှိန်အဝါတွေက မြင့်မြတ်နယ်မြေ ဆိုတဲ့ အဆင့်ထက်တောင် သာလွန်နေသလိုပဲ…။"
တစ်ဖက်လူ ညွှန်ပြရာကို ကြည့်လိုက်မှ လင်းဖန်လည်း အံ့အားသင့်သွားရသည်။ သူ စဝင်လာတုန်းက ကျင့်ကြံမှုကို ဘယ်လို ဖိနှိပ်မလဲဆိုတာပဲ စဉ်းစားနေမိသဖြင့် ဟင်းလင်းပြင် အင်မော်တယ်ဘုံ၏ ပြောင်း လဲမှုများကို သတိမထားမိခဲ့ခြင်း ဖြစ်လေသည်။
ဟင်းလင်းပြင် အင်မော်တယ်ဘုံတွင် အင်မော်တယ်စွမ်းအင်များ အမြဲတမ်း ရှိနေခဲ့သော်လည်း အလွန် နည်းပါးလှပေသည်။ ယခင်က လင်းဖန်သည် ထိုစွမ်းအင်အားလုံးကို ကမ္ဘာဦးသစ်ပင် အနီးနားသို့သာ စုစည်းထားခဲ့လေသည်။
သို့သော် အခု လှည့်ပတ်ကြည့်လိုက်သောအခါ...
နယ်မြေအနှံ့အပြားတွင် အင်မော်တယ်စွမ်းအင်များ စုစည်းနေသော နေရာများစွာကို တွေ့လိုက်ရသည်။ စူးစမ်းကြည့်လိုက်ရာ ထိုနေရာများသည် အင်မော်တယ်စွမ်းအင် စမ်းရေတွင်းများကဲ့သို့ ဖြစ်နေပြီး စွမ်းအင်များကို မနားတမ်း ထုတ်လွှတ်ပေးနေလျှက်ရှိကြပေသည်။
ဤတွေ့ရှိချက်ကြောင့် လင်းဖန် အလွန်ဝမ်းသာသွားရလေသည်။ သူ၏ ဟင်းလင်းပြင် အင်မော်တယ်ဘုံ မှာ အမည်နှင့်လိုက်အောင် ပိုမို ပြည့်စုံလာနေပြီဖြစ်သည်။ ဤပြောင်းလဲမှုမှာ သူ၏ ကျင့်ကြံမှု အင်မော် တယ်သခင် အဆင့်သို့ ရောက်ရှိသွားခြင်းနှင့် တိုက်ရိုက် သက်ဆိုင်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဆက်လက်၍ အလယ်ဗဟိုသို့ သွားကြည့်ရာ ယခင်နှင့် လုံးဝမတူတော့သော ကမ္ဘာဦးသစ်ပင်ကြီးကို တွေ့လိုက်ရလေတော့သည်။ ကမ္ဘာဦးသစ်ပင်သည် ယခင်ကဲ့သို့ သစ်ပင်ပေါက်ကလေး မဟုတ်တော့ဘဲ သစ်ကိုင်းသစ်ရွက်များဖြင့် ဝေဝေဆာဆာဖြစ်နေသော သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်ပေသည်။ လင်းဖန် သေချာရေတွက်ကြည့်ရာ သစ်ရွက်အားလုံး (၁၀၀) ကျော် ရှိနေပြီး မပေါက် သေးသည့် သစ်ရွက်လေးများလည်း အများကြီး ရှိနေသည်ကို တွေ့လိုက်ရပေသည်။
ကျင့်ကြံမှုအဆင့် ထပ်မတိုးလျှင်တောင် အချိန်ကြာလာသည်နှင့်အမျှ သစ်ရွက်များ ဆက်လက် ပေါက် လာဦးမည်မှာ သေချာပေသည်။ ဟင်းလင်းပြင် အင်မော်တယ်ဘုံ၏ ပြောင်းလဲမှုများကို စစ်ဆေးပြီး နောက် လင်းဖန်သည် ကျင့်ကြံမှု ဖိနှိပ်ရေးကိစ္စကို ပြန်အာရုံစိုက်လိုက်လေသည်။
သူက မာဟုန်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျား အခုလောလောဆယ် ထျန်းယွမ်တိုက်ကြီးကို သွားလို့ မရသေးဘူး။ ဒီမှာ ခဏ စောင့်နေဦး…။"
မာဟုန်းယွမ်က နားမလည်သော အမူအရာဖြင့် ကြည့်လာရာ လင်းဖန်က ဆက်ရှင်းပြလိုက်သည်။
"ခင်ဗျားရဲ့ ကျင့်ကြံမှုက ရွှေရောင်အင်မော်တယ် အဆင့် ရောက်နေပြီ။ ဒါက ထျန်းယွမ်တိုက်ကြီး ခံနိုင် ရည်ရှိတဲ့ အစွန်းဆုံးအမှတ်ကို အများကြီး ကျော်လွန်နေတယ်။ ခင်ဗျား အဲ့ဒီကို ဒီအတိုင်း ဇွတ်ဝင်သွား ရင် ထျန်းယွမ်တိုက်ကြီးရဲ့ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားမှာ စိုးလို့ပဲ…။"
ထိုစကားကို ကြားမှ မာဟုန်းယွမ်လည်း သဘောပေါက်သွားတော့သည်။
"ဟုတ်သားပဲ... ။ ကျွန်တော် ဒါကို လုံးဝ မေ့သွားတယ်။ ရွှေရောင်အင်မော်တယ် ကျင့်ကြံမှုနဲ့တော့ အဲ့ဒီကို သွားလို့ မဖြစ်ဘူးပဲ…။"
ထျန်းယွမ်တိုက်ကြီးမှ တက်လှမ်းလာသူတစ်ယောက်အနေဖြင့် မိမိ၏ ဇာတိမြေကို ထိခိုက်အောင် မလုပ်လိုသည်မှာ သဘာဝပင်။ ခဏစဉ်းစားပြီးနောက် မာဟုန်းယွမ်က ဆက်ပြောလိုက်သည်။
"စီနီယာ... ကျွန်တော် ကျင့်ကြံမှုကို ကိုယ်တိုင် ဖိနှိပ်ထားလို့ ရပါတယ်။ ဒါမှမဟုတ် စီနီယာကပဲ စိတ်မ ချရင် ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို အစစ်အမှန် အင်မော်တယ် အဆင့်အောက် ရောက်အောင် ဖိနှိပ်ပေး လိုက်ပါဦး။ ဒါဆို အဆင်ပြေမှာပါ…။"
လင်းဖန်က ခေါင်းခါလိုက်လေသည်။
"ဒီနည်းလမ်းက ပြဿနာကို ခေတ္တပဲ ဖြေရှင်းနိုင်တာ၊ အမြဲတမ်းအတွက် မဟုတ်ဘူး။ ငါတို့က နောင်မှာ ဇာတိပြန်လည်လည်ပတ်ရေး စီးပွားရေးကို ချဲ့ထွင်ဖို့ စဉ်းစားရမယ်။ လူတိုင်းကို လိုက်ပြီး ဖိနှိပ်ပေးနေဖို့ ဆိုတာက အရမ်း အလုပ်ရှုပ်လွန်းတယ်…။"
"ပြီးတော့ ခင်ဗျားဘာသာ ဖိနှိပ်ထားဖို့ဆိုတာကလည်း စိတ်မချရဘူး။ တကယ်လို့ ခင်ဗျားက မတော် တဆ စွမ်းအားကို မထိန်းနိုင်ဘဲ ဖိနှိပ်မှုက ပေါက်ထွက်သွားရင် ထျန်းယွမ်တိုက်ကြီး ပျက်စီးသွားမှာကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး…။"
တကယ်တော့ လင်းဖန် မပြောခဲ့သည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိနေပေသေးသည်။ ၎င်း မှာ နောင်တွင် သူ လုပ်ဆောင်လိုသည့် "အောက်ဘုံသို့ သွားရောက် လည်ပတ်ခြင်း" ခရီးသွားလုပ်ငန်း အတွက် ကျင့်ကြံမှုကို အလွယ်တကူ ဖိနှိပ်နိုင်မည့် နည်းလမ်းတစ်ခု လိုအပ်နေခြင်းပင် ဖြစ်သည်။
"အခုလောလောဆယ်တော့ ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲမှာပဲ လျှောက်ကြည့်နေလိုက်ဦး။ သင့်တော်တဲ့ နည်းလမ်းရပြီဆိုရင် ငါ အကြောင်းကြားမယ်။ အချိန်တိုအတွင်း နည်းလမ်းမရရင်တော့ ငါကိုယ်တိုင်ပဲ ဖိနှိပ်ပေးလိုက်ပါမယ်…။"
မာဟုန်းယွမ်လည်း ဘာမှ ထပ်မပြောတော့ဘဲ အရိုအသေပေးကာ နှုတ်ဆက်ပြီး ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေလေတော့သည်။ ဆန်းကြယ်လှသော ဤဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှာ သူ့အတွက် အလွန် စိတ်ဝင်စားစရာ ကောင်းနေသည်ပင်မဟုတ်ပါလား…။
မာဟုန်းယွမ်ကို လွှတ်လိုက်ပြီးနောက် လင်းဖန်သည် လက်နက် ဝိညာဉ်များကို ဆက်သွယ်ကာ ဖြေရှင်းနည်း ရှိ၊ မရှိ မေးမြန်းလိုက်သည်။ ဤမေးမြန်းမှုမှ အသုံးဝင်သော အချက်အလက်တစ်ခု ရရှိခဲ့သည်။
သားရဲလေး : "သခင်... သခင်က ဟင်းလင်းပြင်စွမ်းအားနဲ့ ဟင်းလင်းပြင်အဆောင်ပြားကို သုံးကြည့်ပါ လား…။"
လင်းဖန်: "ဩော်... ဘယ်လိုမျိုးလဲ ပြောစမ်းပါအုန်း…။"
သားရဲလေး: "ဟင်းလင်းပြင်စွမ်းအားဆိုတာ 'ဘာမှမရှိခြင်း'၊ 'ဗလာဖြစ်ခြင်း' ရဲ့ စွမ်းအားပဲ။ သူက ဟင်းလင်းပြင်တွေကို ဖန်တီးနိုင်သလို၊ တည်ရှိမှုတွေကို ဖျက်ဆီးပစ်နိုင်ပြီး စွမ်းအင်တွေကိုလည်း ဝါးမြိုနိုင်စွမ်း ရှိပါတယ်…။"
"သခင်က ဟင်းလင်းပြင်အဆောင်ပြားထဲကို ဟင်းလင်းပြင်စွမ်းအားတွေ ထည့်သွင်းပြီး သန့်စင်လိုက် ပါ။ ပြီးရင် စွမ်းအား ကန့်သတ်ချက်တစ်ခု သတ်မှတ်ပေးလိုက်ပါ…။"
"အဲ့ဒီ ရွှေရောင်အင်မော်တယ်ကို အဲ့ဒီအဆောင်ပြားကို တစ်ချိန်လုံး ဆောင်ထားခိုင်းလိုက်ပါ။ အဲ့ဒီအခါ အဆောင်ပြားမှာ ပါတဲ့ ဟင်းလင်းပြင်စွမ်းအားက သူ့အပေါ်မှာ တစ်ချိန်လုံး သက်ရောက်နေပါလိမ့် မယ်…။"
"တကယ်လို့ သူ့ဆီက ထွက်လာတဲ့ စွမ်းအင်က သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်သွား တာနဲ့ ဟင်းလင်းပြင်စွမ်းအားက အဲ့ဒီစွမ်းအင်ကို ဝါးမြိုပြီး ဘာမှမရှိတဲ့ အခြေအနေကို ပြောင်းပစ်လိုက် ပါလိမ့်မယ်…။"
"ဒီနည်းနဲ့ဆိုရင် တစ်ဖက်လူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ထျန်းယွမ်တိုက်ကြီးကို ထိခိုက် အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူးပေါ့…။"
ထိုစကားကို ကြားသောအခါ လင်းဖန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ သို့သော် သားရဲလေးက ဟင်းလင်းပြင်စွမ်းအားအကြောင်းကို သူ့ထက် ပိုသိသဖြင့် သူ ဖြစ်နိုင်သည်ဟု ဆိုပါက ပြဿနာမရှိနိုင် ပေ။
"သားရဲလေး...၊ တကယ်လို့ တစ်ဖက်လူက အဆောင်ပြားကို ပျောက်သွားအောင် လုပ်လိုက်ရင်ရော…၊ ဒါဆိုရင် အဲ့ဒီနည်းလမ်းက အသုံးမဝင်တော့ဘူး မဟုတ်လား…။"