← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း (၂၆၄) စိတ်ဝိညာဉ်အပျက်အစီး အင်မော်တယ်နယ်မြေ... စတင်ကြစို့

လင်းဖန်၏ စိုးရိမ်မှုကို ကြားသော် သားရဲလေးက ဆက်လက် ရှင်းပြလေသည်။

"သခင် စိတ်မပူပါနဲ့…၊ ကျွန်တော်က ဟင်းလင်းပြင်အဆောင်ပြားမှာ အလိုအလျောက် တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည် ထည့်ပေးလို့ ရပါတယ်။ အဆောင်ပြားက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်နဲ့ ကွာသွား တာနဲ့ တစ်ပြိုင်နက် တည်နေရာရွှေ့ပြောင်းမှု စတင်ပြီး သူတို့ကို ဟင်းလင်းပြင် အင်မော်တယ်ဘုံထဲ ပြန်ပို့ပေးမှာ…။"

ထိုစကားကို ကြားမှ လင်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

"အင်း... အဲ့ဒီလိုဆိုရင်တော့ ဒါက နည်းလမ်းကောင်းတစ်ခုပဲ…။ ဒါဆို အဆောင်ပြား သန့်စင်တဲ့အပိုင်းကို ငါတာဝန်ယူမယ်၊ အလိုအလျောက် တည်နေရာရွှေ့ပြောင်းတဲ့အပိုင်းကိုတော့ မင်းပဲတာဝန်ယူလိုက် တော့…။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် 'ဟင်းလင်းပြင်သားရဲတဲ' ၏ ဟင်းလင်းပြင်လွှမ်းမိုးခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ရာ ဟင်းလင်းပြင်စွမ်းအားအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ရရှိလာခဲ့လေသည်။ ထို့နောက် တစ်ခါသုံး ဟင်းလင်းပြင်အဆောင်ပြား အမြောက်အမြားကို ထုတ်ယူကာ စွမ်းအားကန့်သတ် ချက်အလိုက် အမျိုးအစားခွဲ၍ စတင်သန့်စင်လေတော့သည်။

ထိုသို့ အမျိုးအစားခွဲခြားရာတွင် စွမ်းအားအမြင့်ဆုံး ကန့်သတ်ချက်များကို အစစ်အမှန် အင်မော်တယ် အဆင့်၊ အတိဒုက္ခအဆင့်၊ မဟာယနတက်လှမ်းခြင်းအဆင့် စသည်ဖြင့် သတ်မှတ်ပေးလိုက်လေသည်။

ဤနည်းဖြင့် နောင်တွင် အောက်ဘုံသို့ သွားရောက်လည်ပတ်လိုသည့် ဖောက်သည်များအတွက် မိမိတို့ စိတ်ကြိုက် အဆင့်ကို ရွေးချယ်နိုင်မည် ဖြစ်လေသည်။

မကြာမီမှာပင် လင်းဖန်သည် လုံလောက်သော အဆောင်ပြား အရေအတွက်ကို ရရှိသွားသဖြင့် အလုပ် ကို ရပ်နားလိုက်လေသည်။ ထို့နောက် မာဟုန်းယွမ်ကို ခေါ်ယူကာ ပထမဆုံး စမ်းသပ်ခိုင်းလိုက်လေ၏။

"စီနီယာ...၊ ဒီကိစ္စကို အပြီးတိုင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီလား…။"

လင်းဖန်ရှေ့သို့ ရောက်သည်နှင့် မာဟုန်းယွမ်က မအောင့်နိုင်ဘဲ မေးလိုက်လေသည်။ ဤ အချိန်တို အတွင်း သူသည် ဟင်းလင်းပြင် အင်မော်တယ်ဘုံကို အနှံ့လျှောက်ကြည့်ပြီးနေပြီ ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ဇာတိမြေသို့ ပြန်ရန်ဖြစ်ရာ ဤနေရာတွင် အချိန်အကြာကြီး မဖြုန်းလိုပေ။

"ဟုတ်တယ်၊ ဖြေရှင်းနည်း ရပြီ…။ ဒီအဆောင်ပြားကို ယူထားပြီး ခင်ဗျားနဲ့ မကွာ ဆောင်ထားပါ။ ဘယ်တော့မှ ကိုယ်ကနေ မခွာပါစေနဲ့…။"

လင်းဖန် ကမ်းပေးသော အဆောင်ပြားကို မာဟုန်းယွမ်က စူးစမ်းစွာ လှမ်းယူလိုက်လေသည်။ သို့သော် အဆောင်ပြားကို ရရှိပြီးနောက်တွင်လည်း ထူးခြားသော ပြောင်းလဲမှုကို မခံစားရသဖြင့် လင်းဖန်ကို နားမလည်စွာ ကြည့်လိုက်လေသည်။

လင်းဖန်က ဆက်ပြောလိုက်လေသည်။

"ဟဲဟဲ... ခင်ဗျားရဲ့ အင်မော်တယ်စွမ်းအားတွေ၊ ဒါမှမဟုတ် ရွှေအင်မော်တယ်အဆင့် မန္တန်အချို့ကို သုံးကြည့်လိုက်လေ…။"

လင်းဖန်၏ ညွှန်ကြားချက်အတိုင်း မာဟုန်းယွမ်သည် အဝေးတစ်နေရာသို့ မန္တန်တစ်ခုကို တွေဝေမနေဘဲ ပစ်လွှတ်လိုက်လေသည်။ သို့သော် အံ့ဩစရာတစ်ခု ဖြစ်ပျက်လာခဲ့လေသည်။

သူ မူလက ထုတ်ဖော်လိုက်သော ရွှေရောင်အင်မော်တယ်အဆင့် စွမ်းအားမှာ အလွန်တရာ အားနည်း သွားသည်ကို တွေ့လိုက်ရလေသည်။ ထိုစွမ်းအားမှာ သူ အတိဒုက္ခအဆင့်မှာ ရှိစဉ်က သုံးခဲ့သော စွမ်းအားလောက်သာ ရှိပေတော့သည်။

"စီနီယာ...၊ ဒါက... ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ...။ ဒီအဆောင်ပြားကြောင့်လား…။"

လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ဒီအဆောင်ပြားကို ဆောင်ထားသရွေ့ ခင်ဗျားထုတ်လွှတ်တဲ့ ဘယ်လိုစွမ်းအားမျိုးမဆို အတိဒုက္ခအဆင့်ထက် ကျော်လွန်မှာ မဟုတ်ဘူး….။ ငါ့မှာ မဟာယာနအဆင့်၊ ဒါမှမဟုတ် ရွှေအမြုတေ အဆင့်ထက် မကျော်အောင် ကန့်သတ်ထားတဲ့ အဆောင်ပြားတွေလည်း ရှိသေးတယ်၊ စမ်းကြည့်ချင် သေးလား….။"

မာဟုန်းယွမ်က အမြန် လက်ကာပြလိုက်လေသည်။

"မလိုပါဘူး၊ မလိုပါဘူး...။ အတိဒုက္ခအဆင့်ဆိုရင် လုံလောက်ပါပြီ…။"

မာဟုန်းယွမ်သည် အံ့ဩမှုများစွာဖြင့် မန္တန်အချို့ကို ဆက်တိုက် စမ်းသပ်ကြည့်နေမိသည်။ သူ၏ ကျင့်ကြံမှုအဆင့် လျော့ကျသွားသည်ဟု မခံစားရသော်လည်း ထွက်ပေါ်လာသော စွမ်းအားများမှာ အဆပေါင်းများစွာ လျော့နည်းသွားခြင်းမှာ သူ့အတွက် နားမလည်နိုင်စရာပင်။

*ဒါကို ဘယ်လိုများ လုပ်ထားတာလဲမသိဘူး…။*

လင်းဖန်ကတော့ ထိုအကြောင်းကို ရှင်းမပြဘဲ ထပ်မံ သတိပေးလိုက်လေသည်။

"ထျန်းယွမ်တိုက်ကြီးကို ရောက်သွားရင် ဒီအဆောင်ပြားကို ကိုယ်ကနေ မခွာဖို့ သတိထားပါ။ မဟုတ်ရင် ခင်ဗျားက ငါ့ရဲ့ ဟင်းလင်းပြင် အင်မော်တယ်ဘုံထဲကို အလိုအလျောက် ပြန်ရောက်လာလိမ့်မယ်။ အဲ့ဒီ အခါကျရင် ခင်ဗျားရဲ့ ခရီးစဉ်က အဆုံးသတ်သွားပြီလို့ မှတ်ထားလိုက်တော့…။"

ထူးခြားဆန်းပြားသော စွမ်းရည်အကြောင်းကို ကြားရပြန်သဖြင့် မာဟုန်းယွမ် ပို၍ စူးစမ်းချင်သွားသည်။ သို့သော် ရှေ့က စီနီယာ၏ နောက်ခံအကြောင်းကို စပ်စုရန်လောက်တော့ သူ မမိုက်မဲပေ။

"စီနီယာ... ကျွန်တော် နားလည်ပါပြီ။ ဒီခရီးစဉ် မပြီးမချင်း အဆောင်ပြားကို ကိုယ်ကနေ မခွာစေရဘူးလို့ ကတိပေးပါတယ်…။"

လင်းဖန်က ခေါင်းညိတ်ပြပြီးနောက် သူ၏ ဘေးတွင် ဟင်းလင်းပြင်တံခါးတစ်ခုကို ဖွင့်ပေးလိုက်လေ သည်။

"ကောင်းပြီ၊ ဒါဆို ခင်ဗျားဘာသာ ပြန်လို့ရပြီ။ ဒီတံခါးက ဟင်းလင်းပြင်မြို့ ကို ရောက်လိမ့်မယ်။ ဩော် ... ဟင်းလင်းပြင်မြို့ဆိုတာ အရင်က ထျန်းယွမ်မြို့ကို ပြောတာပါ….။"

ဟင်းလင်းပြင်မြို့သို့ ရောက်လျှင် မာဟုန်းယွမ်အနေဖြင့် အသူရာနဂါး မြင့်မြတ်နယ်မြေ သို့ ပြန်ရာလမ်း ကို သိရှိမည်မှာ သေချာပေသည်။ သူသည် လင်းဖန်ကို အမြန် ဦးညွှတ် နှုတ်ဆက်ကာ ဟင်းလင်းပြင် တံခါးအတွင်းသို့ လှမ်းဝင်သွားလေတော့သည်။

ဇာတိပြန်လည်လည်ပတ်ရေး ကိစ္စကို ဖြေရှင်းပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင် အင်မော်တယ်ဘုံ တွင် ဆက်မနေတော့ပေ။ သူသည် သစ်ရွက်ကိုယ်ပွားကို အသုံးပြုကာ 'လင်ရွှီ အင်မော်တယ်စံအိမ်' ဆီသို့ တိုက်ရိုက် သွားလိုက်လေသည်။

သူ၏ ကျော်ကြားမှုကို မြှင့်တင်ရန်အတွက် လင်းဖန်သည် စိတ်ဝိညာဉ်အပျက်အစီး အင်မော်တယ်နယ် မြေမှ စတင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ခရမ်းရောင်တိမ်တိုက် နယ်မြေကို မရွေးချယ်ရခြင်းမှာ လျိုပိုင်ချွမ်းနှင့် ကျန်သူများကို ဒုက္ခမရောက်စေလိုခြင်းကြောင့် ဖြစ်သည်။ အင်မော်တယ်လက်ခံရေး စင်မြင့်မှာတုန်းက လူအများအပြားသည် လင်းဖန်နှင့် လျိုပိုင်ချွမ်းတို့ကို အတူတူ မြင်တွေ့ခဲ့ကြသည်။

အကယ်၍ လင်းဖန်က ပြဿနာရှာလို့ ရန်ငြိုးဖွဲ့ခံရပါက ပြေးပေါက်ပေါင်းစုံရှိသော လင်းဖန်ကို သူတို့ ဘာမှ မလုပ်နိုင်သော်လည်း ထျန်းယွမ်တိုက်ကြီးမှ တက်လှမ်းလာခဲ့သော လျိုပိုင်ချွမ်းတို့ကိုတော့ ဒုက္ခ ပေးနိုင်သည်မဟုတ်ပါလား။ ထိုလူများကို ဓားစာခံလုပ်ပြီး လင်းဖန်ကို ခြိမ်းခြောက်လာလျင် သူ တွေဝေ သွားရပေလိမ့်မည်။

သို့သော် စိတ်ဝိညာဉ်အပျက်အစီး အင်မော်တယ်နယ်မြေကတော့ မတူပေ။ ဤနေရာတွင် လင်းဖန်သည် တစ်ကိုယ်တည်းဖြစ်ပြီး ပတ်သက်သူ တစ်ယောက်မှ မရှိချေ။ အကယ်လို့ သူ ပြဿနာများ အကြီးအ ကျယ် ရှာခဲ့လျင်ပင် နယ်မြေနှစ်ခုကြားမှာ အလွန်ဝေးကွာလွန်းသည့် အကွာအဝေးကြောင့် ရန်သူများက လျိုပိုင်ချွမ်းတို့ကို ခြေရာခံနိုင်မည် မဟုတ်ချေ။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာတော့ လက်ရှိ စိတ်ဝိညာဉ်အပျက်အစီး အင်မော်တယ်နယ်မြေ သည် အရှင်သခင်မရှိဘဲ ပရမ်းပတာ ဖြစ်နေသည့် အခြေအနေမှာ ရှိနေခြင်းကြောင့်ပင်။

*အင်မော်တယ်အရှင်သခင် လင်ရွှီ ပျောက်ကွယ်သွားပြီးနောက်မှာ ဒီနယ်မြေဟာ စီမံအုပ်ချုပ်မယ့်သူမရှိ ဘဲ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေမှာ သေချာတယ်။ ဒီလိုနေရာမျိုးမှာ ပြဿနာရှာတာက အင်မော်တယ်ဘုံရဲ့ စည်းမျဉ်းတွေအောက်မှာ ပိတ်မိနေမှာ မဟုတ်သလို၊ တိုက်ပွဲတွေ များလေလေ အခွင့်အရေးတွေ ပိုရ လေလေပဲ ဖြစ်လိမ့်မယ်…။*

စံစံအိမ်တော်အတွင်း၌ လင်းဖန်သည် ရှောင်လင်ကို ထပ်မံ ခေါ်ယူလိုက်လေသည်။

"ရှောင်လင်... ရှောင်လင်၊ ဒီ အင်မော်တယ်စံစံအိမ်တော် အပြင်ဘက်မှာ စောင့်ကြည့်နေတဲ့လူတွေ ရှိသေး လား…။"

လင်းဖန် စံအိမ်တော်ထဲကို စဝင်စဉ်က အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ်အရှင်သခင်များ ပင် ရောက်လာခဲ့ကြလေသည်။ လင်းဖန်၏ အခု ကျင့်ကြံမှု အင်မော်တယ်သခင် အဆင့်နဲ့ဆိုပါလျင် သူတို့နှင့် ထိပ်တိုက်မတွေ့ခြင်းက အကောင်းဆုံးပင်။

"ရှိပါတယ် သခင်…။"

"အရင်နေ့ကလောက် လူမများတော့ပေမဲ့ အခုထိ အင်မော်တယ်အရှင်သခင် တစ်ပါးနဲ့ အင်မော်တယ် ဧကရာဇ် တစ်ဒါဇင်ကျော်လောက် စံအိမ်တော်အနီးမှာ ကင်းပုန်းဝပ်နေကြတုန်းပဲ။ အင်မော်တယ်ဘုရင် တွေဆိုရင်တော့ ပိုတောင် များသေးတယ်…။"

ထိုစကားကို ကြားသောအခါ လင်းဖန် စိတ်ပျက်သွားခဲ့လေသည်။

"မဟုတ်မှလွဲရော... အင်မော်တယ်ဘုံက လူတွေက အဲ့လောက်တောင် အားနေကြတာလားမသိဘူး….။"

"ဖြစ်ရပ်လေး တစ်ခုတည်းကို ဒီလောက်အထိ အချိန်ကုန်ခံပြီး စောင့်နေကြဖို့ လိုလို့လား။ ပြီးတော့ အဲ့ဒီ အင်မော်တယ်အရှင်သခင်ကလည်း အရှင်သခင်အဆင့်တောင် ရောက်နေပြီကို ဘာလို့ တခြားအရှင် သခင်ရဲ့ ပစ္စည်းတွေကို မျက်စိကျနေရတာလဲ…။"

လင်းဖန်၏ ညည်းတွားမှုကို ကြားသော် ရှောင်လင်က ပြန်ပြောလေသည်။

"သခင်... အင်မော်တယ်တိုင်းက မတူကြဘူးလေ…။"

"အင်မော်တယ်ဘုံမှာ အင်မော်တယ်အရှင်သခင်အဆင့်တွေ ရှိနေသေးပေမဲ့ ကျွန်တော်တို့ သခင်ဟောင်း လင်ရွှီလို အရှင်သခင်ကြီး (၁၂) ပါးထဲက တစ်ပါးဖြစ်ဖို့ကတော့ မလွယ်ဘူးလေ။ အခု အင်မော်တယ် အရှင်သခင် လင်ရွှီ ကွယ်လွန်သွားပြီဆိုတော့ တခြားအရှင်သခင်တွေက သူ့နေရာကို အစားထိုးချင်ကြ တာ သဘာဝပါပဲ…။"

ရှောင်လင်၏ စကားကို ကြားမှ လင်းဖန် သက်ပြင်းချလိုက်မိသည်။

"ဟူး... ငါ့ရဲ့ ကျင့်ကြံမှုအဆင့် မမြင့်မချင်း ဒီစံအိမ်တော်ကို ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးဘူးပဲ။ ရှောင်လင်... တကယ်လို့ ငါတို့ ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တစ်ရွက်ကို အပြင်ကို တိတ်တိတ်လေး လွှတ်လိုက်ရင် အပြင်က စောင့်နေတဲ့ အရှင်သခင်တွေ သတိမထားမိနိုင်ဘူး မဟုတ်လား….။"

ရှောင်လင်က ပြန်ဖြေသည်။

"တခြားအရာတွေဆိုရင်တော့ မပြောတတ်ဘူး၊ ဒါပေမဲ့ ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်ဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူး…။"

"အဲ့ဒီသစ်ရွက်တွေက အရှိန်အဝါကို ဖုံးကွယ်နိုင်တယ် မဟုတ်လား…။ သခင်...၊ သစ်ရွက်ကို အရှိန်အဝါ ဖုံးကွယ်ပြီး ကျွန်တော့ဆီ ပေးလိုက်ပါ…။"

လင်းဖန်သည် သစ်ရွက်တစ်ရွက်ကို ချက်ချင်းထုတ်ယူကာ "သစ်ရွက်တစ်ရွက်က အမြင်အာရုံကို ဖုံး ကွယ်ခြင်း" လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်။ ထို့နောက် ရှောင်လင်၏ ထိန်းချုပ်မှု အောက်တွင် ထိုသစ်ရွက်ကလေးမှာ စံအိမ်တော်အတွင်းမှ အပြင်ဘက်သို့ တိတ်ဆိတ်စွာ လွင့်မျောထွက် သွားလေတော့သည်။

လင်းဖန်သည် သူ၏ စိတ်အာရုံကို အပြင်ဘက်ရှိ သစ်ရွက်ပေါ်တွင် ရှိနေသော ကိုယ်ပွားဆီသို့ ချက်ချင်း ပြောင်းလဲလိုက်လေတော့သည်။

All Chapters