အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆) ချိုမြိန်ခြင်းနောက်ကွယ်က ခါးသက်ခြင်းရဲ့ ဖျက်ဆီးအား
ဝမ်ရှန်းသည် သူ၏ အရသာခံအာရုံကို ပိတ်လိုက်ပြီးနောက် 'အရသာသုံးမျိုး တိဟွမ်ဆေးလုံး' ကို တွေဝေမနေဘဲ ပါးစပ်ထဲ ထည့်လိုက်လေသည်။ ဆေးလုံးက ပါးစပ်ထဲ ရောက်သွားသည်နှင့် ဝမ်ရှန်း၏ မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။
တစ်ဖက်လူက အနည်းငယ်သာ အံ့ဩသွားသည်ကို မြင်ရသဖြင့် လင်းဖန် စဉ်းစားနေမိသည်။
*ဒီကောင် ကံကောင်းသွားတာလား…။ ကောင်းတဲ့အရသာတစ်ခုခုကို ကျပန်းတိုးသွားတာလား…။"
"စီနီယာ... ဒီဆေးလုံးက တကယ် အံ့ဩဖို့ကောင်းတာပဲ…။ အရသာခံအာရုံကို ပိတ်ထားတာတောင် တစ်ခုခုကို ခံစားနေရတုန်းပဲ….။"
အစပိုင်းတွင် အံ့ဩသွားသော်လည်း နောက်ပိုင်းတွင် ဝမ်ရှန်းက ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
"ဒါပေမဲ့ စီနီယာ...၊ အရသာက တကယ့်ကို ကောင်းပါတယ်။ တော်တော်လေး ချိုတာပဲ။ စိတ်ကိုတောင် ကြည်နူးစေတဲ့ အချိုမျိုးပဲ…။"
"ဒီအရသာက တကယ်ကို ကောင်းလွန်းတယ်။ အရသာခံအာရုံကို ပိတ်ထားမိတာ မှားသွားပြီ…။"
ပြောပြောဆိုဆိုဖြင့် ဝမ်ရှန်းသည် ထိုကြည်နူးဖွယ် အချိုအရသာကို အပြည့်အဝ ခံစားရန် သူ၏ အရသာ ခံအာရုံကို ပြန်ဖွင့်လိုက်လေသည်။ ဤအချိန်တွင် သူသည် ကျင့်ကြံမှု တိုးတက်ခြင်း၊ မတိုးတက်ခြင်း ထက် ဆေးလုံး၏ အရသာအပေါ်တွင် ပို၍ အာရုံရောက်နေခဲ့ပေသည်။
သို့သော်လည်း ဝမ်ရှန်းက သူ၏ အရသာခံအာရုံကို ဖွင့်လိုက်ပြီးသည့် နောက်တစ်ခဏမှာပင်...၊
သူ၏ မျက်နှာမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားနေရသကဲ့သို့ ချက်ချင်းပင် ရှုံ့မဲ့သွားတော့ သည်။ ပါးစပ်က အလိုအလျောက် ဟလာပြီး တံတွေးများ စီးကျလာကာ လက်များကလည်း မထိန်းချုပ် နိုင်ဘဲ လေထဲမှာ ယမ်းခါနေလေတော့သည်။ တစ်ကိုယ်လုံးမှာလည်း အားကုန်သုံးပြီး ရုန်းကန်နေရသ ကဲ့သို့ ရှိနေပေသည်။
တစ်ဖက်လူက သွားရည် တမြားမြား ကျနေသည်ကို မြင်သောအခါ လင်းဖန်က "ဒုတိယအရသာက ချဉ်တာများလား" ဟု ခန့်မှန်းလိုက်မိလေသည်။
"အား... အား...။ စီနီယာ...၊ ခါးတယ်... အရမ်းခါးလွန်းတယ်...။"
တစ်ဖက်လူ၏ ဗလုံးဗထွေး အော်ဟစ်သံကို ကြားမှ လင်းဖန်၏ နှုတ်ခမ်းများ တွန့်သွားရသည်။ သူ ခန့်မှန်းတာ မှားသွားခဲ့သည်ပင်။
ဟုတ်ပါသည်... ချိုချဉ်အရသာဆိုသည်မှာ ကောင်းမွန်သော အရသာဖြစ်ရာ ၎င်းကို ဘေးထွက်ဆိုးကျိုး ဟု ခေါ်၍မရပေ။ လူသားမဆန်သော ဘေးထွက်ဆိုးကျိုးများက အသုံးပြုသူကို ဘယ်သောအခါမှ အကျိုးမပြုနိုင်မှန်း သူ သိခဲ့သင့်သည်။ ပြင်းထန်သော ဝေဒနာက သူတို့ကို စောင့်ကြိုနေခဲ့ခြင်း ဖြစ်သည်။
ခါးသက်မှုတစ်ခုတည်းကပင် နှိပ်စက်မှုဖြစ်နေပြီဖြစ်ရာ ယခုကဲ့သို့ အလွန်အမင်း ချိုမြိန်ခြင်းနောက်တွင် အလွန်အမင်း ခါးသက်ခြင်းက ထိုခါးသက်မှုကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်ပင်။
တစ်ဖက်လူ၏ နာကျင်နေသော အမူအရာကို ကြည့်ကာ လင်းဖန်က ဝေဒနာသက်သာစေရန် နှစ်သိမ့် စကား ပြောလိုက်ရလေသည်။
"အဟမ်း...။ သူငယ်... ခဏလေး အောင့်ထားလိုက်ပါ၊ မကြာခင် ပြီးသွားမှာပါ။ မင်းရဲ့ ကျင့်ကြံမှုအဆင့် ကို ကြည့်လိုက်ဦး၊ အရင်ကထက် အများကြီး တိုးတက်လာပြီး အခုထိလည်း တိုးနေတုန်းပဲ မဟုတ် လား…။"
"ဒီအာနိသင်က ဈေးကွက်ထဲမှာရှိတဲ့ တခြားဆေးလုံးတွေထက် အများကြီး သာလွန်တယ် မဟုတ် လား…။"
လင်းဖန်၏ နှစ်သိမ့်စကားကို ဝမ်ရှန်း ပြန်မပြောနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တတိယမြောက် အရသာက ရောက်ရှိလာပြီဖြစ်သောကြောင့်ပင်။
"ဝေါ့... "
ဝမ်ရှန်း ပျို့အန်နေသည်ကို မြင်သောအခါ လင်းဖန်သည် ထိုအရသာက ဘာဖြစ်မည်ကိုပင် မခန့်မှန်းရဲ တော့ပေ။ ခဏအကြာတွင် အရသာသုံးမျိုးစလုံး၏ အာနိသင် ကုန်ဆုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံမှု တိုးတက်စေသည့် အာနိသင်မှာလည်း ရပ်တန့်သွားတော့သည်။
ယခုအချိန်တွင် ဝမ်ရှန်း၏ အကြည့်များမှာ ဆေးလုံးနှင့် လင်းဖန်ဆီသို့ အပြန်အလှန် ကူးပြောင်းနေ ခဲ့လေသည်။ သူသည် ကျင့်ကြံမှုကို ဆက်လက် မြှင့်တင်ချင်သော်လည်း ထိုအရသာဆိုးကြီးကိုလည်း အလွန်အမင်း ကြောက်လန့်နေပုံရသည်။
နောက်ဆုံးတွင်တော့ ကျင့်ကြံမှု တိုးတက်လိုစိတ်က ကြောက်ရွံ့မှုကို အနိုင်ယူသွားခဲ့လေသည်။
"စီနီယာ... ကျွန်တော့်ကို တစ်ပုလင်း ပေးပါ…။"
ထိုကြည်နူးဖွယ် အသံကို ကြားလိုက်ရသည်နှင့် လင်းဖန်သည် ဆေးပုလင်းကို တစ်ဖက်လူထံသို့ အမြန်ကမ်းပေးလိုက်လေသည်။ အရောင်းအဝယ်မှာ ခဏချင်းပင် ပြီးဆုံးသွားခဲ့ပေသည်။
လင်းဖန်၏ မျက်နှာမှာ ပြုံးပျော်နေသော်လည်း ဝမ်ရှန်း၏ မျက်နှာမှာမူ မျှော်လင့်ချက်နှင့် ကြောက်ရွံ့ မှုတို့ ရောပြွမ်းနေခဲ့လေသည်။
သူတို့နှစ်ဦး၏ အရောင်းအဝယ်ကို စိတ်ဝိညာဉ်အပျက်အစီး မြို့တံခါးဝရှိ လမ်းသွားလမ်းလာများက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပေသည်။ ဝမ်ရှန်း ခံစားခဲ့ရသော ဝေဒနာကို သူတို့ နားမလည်ကြသော် လည်း သူ၏ ကျင့်ကြံမှုအဆင့် သိသိသာသာ တိုးတက်သွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မြင်လိုက် ရသည်ပင်။ ဤကဲ့သို့သော တိုးတက်မှုမျိုးမှာ ဈေးကွက်ထဲရှိ သာမန်ဆေးလုံးများထက် များစွာ သာလွန်လှပေသည်။
ချက်ချင်းပင် လူအများအပြားမှာ လင်းဖန်၏ ကိုယ်ပေါ်ရှိ ဆေးပုလင်းများဆီသို့ စုပြုံရောက်ရှိလာ ကြလေသည်။ လင်းဖန်သည် သူ့ကို ဝိုင်းအုံလာကြသော လူအုပ်ကြီးကို ကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်သည်။
"ဟားဟား...။ မလောကြပါနဲ့၊ အကုန်ရှိတယ်၊ အကုန်ရှိတယ်။ ကျင့်ကြံမှု တိုးတက်စေတဲ့ဆေး၊ ဒဏ်ရာ ပျောက်ဆေး အစုံရှိတယ်…။"
"ကျင့်ကြံမှုအဆင့်နဲ့ ပတ်သက်ရင် မင်းတို့က အစစ်အမှန် အင်မော်တယ်ပဲဖြစ်ဖြစ်၊ အင်မော်တယ်ဘုရင် ပဲဖြစ်ဖြစ် ငါ့ဆီမှာ သင့်တော်တဲ့ ဆေးလုံးတွေ ရှိပါတယ်….။"
ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများစွာက သူတို့၏ အဆင့်နှင့် လိုအပ်ချက်များကို အော်ဟစ် ပြောဆိုလာကြတော့သည်။
"စီနီယာ... ကျွန်တော်က ကောင်းကင်အင်မော်တယ် အဆင့်ပါ၊ ကျင့်ကြံမှုအတွက် တစ်ပုလင်းလောက် ဝယ်ချင်ပါတယ်…။"
"ကျွန်တော်လည်း ဝယ်မယ်…။ ရွှေရောင်အင်မော်တယ် ကျင့်ကြံသူတွေအတွက် တစ်ပုလင်းပေးပါ…။"
"စီနီယာ... ကျွန်တော်က အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်မှာ ပိတ်မိနေတာ ကြာပါပြီ၊ အဆင့်တက်ဖို့ ကူညီပေးနိုင်မယ့် ဆေးမျိုး ရှိသလား ….။"
ဖောက်သည်များစွာ၏ ဆူညံသံများကြားတွင် လင်းဖန်သည် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"မလောကြပါနဲ့…၊ မလောကြပါနဲ့….၊ တစ်ယောက်ချင်းစီပဲ ရောင်းပေးပါမယ်…။"
"မင်း အရင်ယူ... ပြီးရင် မင်း။... ကောင်းကင်အင်မော်တယ်လား… ရော့...။ မင်းအတွက် 'အရသာ နှစ်မျိုး တိဟွမ်ဆေးလုံး' ...။ ရွှေအင်မော်တယ်လား…၊ မင်းကတော့ 'အရသာလေးမျိုး တိဟွမ်ဆေးလုံး' ကို သုံးရမယ်…။"
"အဲ့ဒီ အစစ်အမှန် အင်မော်တယ်က အဆင့်မတက်နိုင်တာ စွမ်းအင်မလုံလောက်လို့ ဖြစ်နိုင်တယ်၊ 'အရသာနှစ်မျိုး' လောက် အရင်စမ်းကြည့်မလား…။"
လင်းဖန်၏ တိဟွမ်ဆေးလုံးမှာ အရသာသုံးမျိုးတည်း ရှိသည်မဟုတ်ပေ။ လက်ရှိတွင် သူ၏ ကျင့်ကြံမှု ဖြင့် 'အရသာတစ်မျိုး' မှ 'အရသာခြောက်မျိုး' အထိ ဖော်စပ်ထားပြီး ၎င်းတို့မှာ အစစ်အမှန် အင်မော် တယ်မှ အင်မော်တယ်ဘုရင်အထိ နယ်ပယ်ခြောက်ခုနှင့် ကိုက်ညီပေသည်။
လင်းဖန်သည် ဤဆေးလုံးကို ပထမဆုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့စဉ်က အလွန်အံ့ဩသွားခဲ့သည်။ သူ၏ အင်မော်တယ်သခင် အဆင့်နှင့် အင်မော်တယ်ဘုရင် အဆင့်သုံးနိုင်သော ဆေးလုံးကို ဖော်စပ်နိုင် လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ လင်းဖန်၏ ကျင့်ကြံမှုအဆင့် တိုးတက်လာလျှင် ခုနစ်မျိုး၊ ရှစ်မျိုး သို့မဟုတ် အရသာကိုးမျိုး များကို ဖော်စပ်ရန်မှာလည်း မခက်ခဲတော့ပေ။
မကြာမီမှာပင် လင်းဖန်၏ ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါး၏ လက်ထဲတွင် ဆေးပုလင်း တစ်လုံးစီ ရောက် ရှိနေခဲ့ပြီဖြစ်၏။ ဆေးကို ရရှိသည်နှင့် လူတိုင်းမှာ တွေဝေမနေဘဲ ထိုနေရာမှာတင် ချက်ချင်း သောက် လိုက်ကြလေတော့သည်။
"ဟောဗျာ…၊ မင်းတို့ကလည်း ဒီလောက်တောင် လောဖို့ လိုလို့လား…။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုခု ရှာပြီးမှ အေးအေးဆေးဆေး မသောက်ကြဘူးလား…။"
ထိုသို့ပြောရင်း လင်းဖန်သည် လူအုပ်နှင့် ဝေးရာသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ အဘယ် ကြောင့်ဆိုသော် နောက်ပိုင်းတွင် ဖြစ်ပျက်လာမည့် ပရမ်းပတာ မြင်ကွင်းများကို သူ မမြင်ချင်သလို၊ လမ်းသွားလမ်းလာများက သူ့ကို အရူးတစ်ယောက်လို ကြည့်မည်ကိုလည်း မလိုလားသောကြောင့်ပင် ဖြစ်ချေသည်။
"ဟင်... နေဦး...။ ငါက ကျော်ကြားမှုကို တိုးအောင် လုပ်ရမှာ မဟုတ်လား…။ ဒီလို အရူးတွေလို ဖြစ်နေမှ ပိုပြီး လူသိများလာမှာပေါ့…။"
လင်းဖန်သည် ကျော်ကြားမှု တိုးလာရန် အကြံရသွားသဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြန်တိုးလိုက် သည်။ စိတ်ဝိညာဉ်အပျက်အစီး မြို့တံခါးဝတွင် လူအဝင်အထွက် အလွန်များပြားသည်။ သူ၏ ထူးဆန်း သော ဝတ်စုံက လူတွေကို မှတ်မိစေသလို၊ နောက်ပိုင်းတွင် တစ်ဆင့်စကားဖြင့် သူ၏ ကျော်ကြားမှုမှာ ပိုမို ပျံ့နှံ့သွားပေလိမ့်မည်။
*တကယ်လို့ စိတ်ရောဂါသည်တွေလို ရူးသွပ်နေတဲ့ လူအုပ်ကြီးကိုသာ ပေါင်းထည့်လိုက်ရင် ပိုပြီး အာရုံ စိုက်မခံရပေဘူးလား…။ ဒီဖောက်သည်တွေက ဘယ်သူဘယ်ဝါမှန်း လူတွေ မှတ်မိမှာ မဟုတ်ပေမဲ့ "ဟင်းလင်းပြင်ကုန်သည်" ဆိုတဲ့ စာလုံးလေးလုံးပါတဲ့ အလံကို ထမ်းထားတဲ့ သူ့ကိုတော့ ဘယ်သူမှ မေ့မှာ မဟုတ်ဘူး….။*
လင်းဖန်သည် နောင်တွင် လူတွေ သူ့အကြောင်းကို ဘယ်လိုပြောကြမလဲဆိုသည်ကို ကြိုတင် မြင်ယောင် နေမိတော့သည်။
*ရောင်းရင်း... ကြားပြီးပြီလား…။ မြို့ပြင်ကနေ ထူးဆန်းတဲ့လူတစ်ယောက် ရောက်လာတယ်၊ သူ့မှာ ကူးစက်တတ်တဲ့ စိတ်ရောဂါတစ်မျိုး ပါလာတယ်၊ သူ့ကိုတွေ့ရင် သတိထားနော်…။*
*ဩော်... ကျင့်ကြံသူတွေတောင် ကူးစက်ရောဂါ ရတတ်လို့လား…။ ကျင့်ကြံမှုမှာ တစ်ခုခု မှားယွင်းနေ လို့ ဖြစ်မှာပါ….။*
*ငါ ကိုယ်တိုင် မြင်ခဲ့တာကွ၊ ထူးထူးဆန်းဆန်း ဝတ်ထားတဲ့ လူတစ်ယောက်ပဲ။ တစ်ယောက်ယောက်က သူ့နားကို ကပ်သွားတာနဲ့ မျက်နှာတွေ ရှုံ့မဲ့လာပြီး ဟိုယမ်းဒီယမ်းတွေ လုပ်ကုန်ရော။ အစကတော့ တစ် ယောက်တည်းပဲ၊ နောက်တော့ တဖြည်းဖြည်း များလာပြီး လူအုပ်ကြီး တစ်ခုလုံး သရဲစီးနေသလိုမျိုး ကခုန်နေကြတာ…။*
လင်းဖန် ထိုသို့ တွေးနေစဉ်မှာပင်... ဖောက်သည်များစွာ၏ ခန္ဓာကိုယ်ထဲတွင် ဆေးအာနိသင်များ စတင် ပြသလာလေတော့သည်။
ချဉ်၊ ချို၊ ခါး၊ စပ်၊ ငန်၊ ညှီ၊ နံ... စသည့် အမျိုးမျိုးသော အရသာများမှာ လူတိုင်း၏ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်ကုန်ကြသည်။ မြို့တံခါးဝရှိ ဖောက်သည်များမှာ တကယ့်ကို ပရမ်းပတာ ဖြစ်ကုန်ကြပြီး အချို့က မျက်နှာပျက်ယွင်းနေကြသလို၊ အချို့က သွားရည်များ ကျနေကြပြီး အချို့ကလည်း သူတို့၏ ဆံပင်များကို ဆွဲနှုတ်နေကြလေတော့သည်။
ဤသည်ကို မြင်သောအခါ လင်းဖန်သည် အလွန်ဝမ်းသာသွားပြီး လူအများ၏ အာရုံစိုက်မှုကို ခံယူရန် ထိုလူအုပ်ကြီး၏ အလယ်ဗဟိုသို့ သွားရပ်လိုက်လေသည်။
"ဂေ့...။ "
ရုတ်တရက် ကျင့်ကြံသူ တစ်ယောက်က လေချဉ်တက်လိုက်လေသည်။ အလယ်ဗဟိုမှာ ရပ်နေသည့် လင်းဖန်သည် ချက်ချင်းပင် နှာခေါင်းကို ပိတ်ကာ ထိုနေရာမှ အမြန် ပြေးထွက်သွားရလေတော့သည်။
"တောက်... ဒါက အရသာတင် မဟုတ်ဘူးလား..။ ဘာလို့ အနံ့ဆိုးတွေပါ ထွက်လာရတာလဲ…။ အား... ရွံစရာကြီးကွာ…။"