အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) ပတ်ဝန်းကျင်က တာအိုမိတ်ဆွေတို့ရေ... ဒီကို ကြည့်ကြပါဦး
စိတ်ဝိညာဉ်အပျက်အစီး မြို့ပြင်က ပြက်လုံးတစ်ခုအပြီးမှာတော့ လင်းဖန်ဟာ မြို့ထဲကို နောက်ဆုံးမှာ ဝင်ရောက်နိုင်ခဲ့ပါတော့တယ်။
မြို့ထဲမှာ ဟိုဟိုဒီဒီ သွားလာနေကြတဲ့ အစည်ကားဆုံး လူအုပ်ကြီးကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်လေ သည်။
"ဟဲဟဲ... ဒီ လင်ရွှီမြို့တော်ဟာ ကြီးမြတ်တဲ့ အင်မော်တယ်နယ်မြေ (၁၂) ခုထဲက တစ်ခုဖြစ်တဲ့ စိတ်ဝိညာဉ်အပျက်အစီး နယ်မြေရဲ့ အဓိကမြို့ပဲ…။"
"တကယ်လို့ ငါ့ရဲ့ 'ဟင်းလင်းပြင်ကုန်သည်' ဆိုတဲ့ အမည်က ဒီမြို့ထဲမှာ လူတိုင်းသိသွားမယ်ဆိုရင် အဲ့ဒီ ကျော်ကြားမှုက ငါ့ကို အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်အထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင် လိမ့်မယ်လို့ ထင်ရတယ်…။"
ထိုကဲ့သို့သော မျှော်လင့်ချက်များနှင့်အတူ လင်းဖန်သည် သူ တတ်နိုင်သမျှ အသံကုန် အော်ဟစ်လိုက်ပါ တော့သည်။
"ကပ်ကြေးသွေးမလား…၊ ဓားသွေးမလား…။"
အလွန်ကျယ်လောင်တဲ့ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်က လူတိုင်းဟာ ကြောင်တောင်တောင် အမူ အရာများ ဖြစ်ကုန်ကြလေ၏။
လူများက စိတ်ထဲကနေ "ဒီအရူးက ဘယ်က ရောက်လာတာလဲ…၊ ကျင့်ကြံရင်းနဲ့ ရူးသွားတာ ဖြစ်မှာပဲ" ဟု တွေးနေကြလေသည်။
လင်းဖန်ကတော့ သူများတွေ ဘာတွေးတွေး ဂရုမစိုက်ချေ။ လူတိုင်း၏ အာရုံကို အောင်မြင်စွာ ဖမ်းစား နိုင်ပြီးသည့်နောက်မှာတော့ သူ၏ စီးပွားရေးကို စတင် ကြော်ငြာလေတော့သည်။
လူတွေကို ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိစေရန်အတွက် လင်းဖန်သည် ကြော်ငြာသည့်နေရာတွင် သီချင်းဆိုပြီး တမင် လုပ်ဆောင်ခဲ့လေသည်။
"ပတ်ဝန်းကျင်က တာအိုမိတ်ဆွေတို့ရေ... ဒီကိုကြည့်ကြပါဦး၊ ဒီကိုကြည့်ကြပါဦး၊ ဒီကိုကြည့်ကြပါ ဦး…။"
"ဒီမှာရှိတဲ့ ပစ္စည်းတွေက အံ့ဩဖို့ကောင်းတယ်၊ မမြင်ချင်ယောင် ဆောင်မနေကြပါနဲ့ဦး…။"
"ပတ်ဝန်းကျင်က တာအိုမိတ်ဆွေတို့ရေ... ဒီကိုကြည့်ကြပါဦး! ဆေးလုံးတွေနဲ့ အင်မော်တယ် လက်နက်တွေ ရှိတယ်ဗျို့…။"
"ငါ့ရဲ့ ဈေးနှုန်းကို ကြည့်ပြီး ကြောက်မပြေးကြပါနဲ့ဦး၊ မဝယ်ချင်ယောင် ဆောင်မနေကြပါနဲ့ဦး…။"
လင်းဖန်၏ သီချင်းသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ကြည့်နေသော လူများသည် နားကို ပိတ်ပြီး တစ်ဖက်ကို လှည့်ထွက်သွားကြသည်ကို သူ သတိထားမိ လိုက်ခြင်းကြောင့်ပင် ဖြစ်လေ၏။
"တောက်... ဂီတပါရမီ မရှိတဲ့ လူအုပ်ကြီးပဲ၊ သီချင်းကောင်းကို နားမလည်ကြဘူး…။"
လင်းဖန်က ညည်းတွားနေသော်လည်း သူ၏ မျက်နှာမှာတော့ ကျေနပ်နေတဲ့ အပြုံးတစ်ခု ရှိနေပေသည်။
အခုနက သူ၏ သီချင်းဆိုမှုက ဖောက်သည်တွေကို ဆွဲဆောင်နိုင်ခြင်း မရှိသလို ပိုက်ဆံလည်း မရခဲ့ပေ။ သို့ပေမဲ့ သူ ကျော်ကြားမှုနှင့် လူသိများမှုကိုတော့ ရရှိခဲ့လေသည်။
အခုနက သူ့ကို ကြည့်သွားသော လူများသည် သူ၏ သီချင်းဆိုသံကြောင့် သူ့ကို ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိသွား မှာ သေချာပေသည်။
ဒါက လမ်းပေါ်မှာ သူစိမ်းတစ်ယောက်ကို မြင်လိုက်ရသလိုပါပဲ၊ မျက်စိတစ်မှိတ်အတွင်းမှာ မေ့သွား နိုင်ပေမဲ့ အဲ့ဒီလူက မင်းရဲ့ အာရုံကို ဆွဲဆောင်မယ့် တစ်ခုခု လုပ်လိုက်မယ်ဆိုရင်တော့ မေ့ဖို့အတွက် အကြိမ်အနည်းငယ် ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ အဲ့ဒီလူစိမ်းရဲ့ အပြုအမူက မင်းရဲ့ ခံစားချက်ကိုပါ လှုံ့ဆော်နိုင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီလူကို မင်း အချိန်အတော်ကြာ မှတ်မိနေမှာဖြစ်ပြီး ရံဖန်ရံခါလည်း ပြန်တွေးမိနေမှာပါ။
ဒါက လင်းဖန်ရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ သုံးတဲ့ နည်းဗျူဟာပါပဲ။ လူတွေ ပိုပြီး သတိ ထားမိအောင်နဲ့ သူတို့အပေါ် စွဲထင်ကျန်ရစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေတာပါ။
မှတ်မိသွားတဲ့ အရာက ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အဲ့ဒါက သူ၏ ကျင့်ကြံမှုအဆင့်အတွက် အထောက်အကူ ဖြစ်စေပါတယ်။
နောက်ပိုင်း အချိန်များတွင်တော့ လင်းဖန်သည် လင်ရွှီ မြို့တော်ထဲတွင် လျှောက်သွားနေခဲ့လေသည်။ သူ၏ အော်ဟစ်သံနှင့် ထူးဆန်းသော သီချင်းသံသည် လမ်းမတစ်ခုပြီးတစ်ခုတွင် ဟိန်းထွက်နေခဲ့ လေတော့သည်။
ညရောက်လာသောအခါ မြို့ထဲ၌ လူတွေ ကျဲသွားခဲ့လေသည်။ ဤအချိန်မှာတော့ လင်းဖန်သည် သူ၏ တစ်နေ့တာ အလုပ်ကို အဆုံးသတ်လိုက်လေတော့သည်။
"အဟွတ်... အဟွတ်။ ငါ့ရဲ့ ကျော်ကြားမှုက တကယ်ပဲ မြန်မြန် တိုးတက်လာပေမဲ့ ဒီနည်းလမ်းက ငါ့အသံ အတွက်တော့ အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီပဲ….။"
အခုအချိန်မှာတော့ လင်းဖန်၏ အသံသည် မနားတမ်း အော်ဟစ်သီချင်းဆိုနေခဲ့ရခြင်းကြောင့် တော် တော်လေး ဝင်နေပြီ ဖြစ်လေ၏။
"ဟူး... နှမြောဖို့ကောင်းလိုက်တာ၊ ဒီ အင်မော်တယ်ဘုံမှာသာ အသံချဲ့စက် ရှိရင် သိပ်ကောင်းမှာပဲ…။"
"တကယ်လို့ အဲ့ဒါသာ ရှိရင် ငါ အသံသွင်းပြီး အမြဲတမ်း ဖွင့်ထားလိုက်လို့ ရတယ်၊ ဒါဆို ငါ ကိုယ်တိုင် အော်နေစရာ မလိုတော့ဘူးပေါ့…။"
သက်ပြင်းချပြီးသည့်နောက် လင်းဖန်က ခဏမျှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူ၏ နဖူးကို လက်နဲ့ ရိုက်လိုက်လေတော့သည်။
*ငါကတော့ တကယ်ပဲ အူကြောင်ကြောင် နိုင်လိုက်တာ။ အသံချဲ့စက် မရှိရင် ငါကိုယ်တိုင် တစ်ခု လုပ်လိုက်လို့ ရတာပဲ…။*
ထိုသို့တွေးပြီးနောက် လင်းဖန်သည် ဆိတ်ငြိမ်သော ထောင့်တစ်ခုကို ရှာပြီး သူ၏ စိတ်ဝိညာဉ်ကို မူလ ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်လေတော့သည်။
ထိုထောင့်လေးမှာ လင်းဖန် ပျောက်ကွယ်သွားချိန်၌ သစ်ရွက်တစ်ရွက်သည် မြေပြင်ပေါ်ကို ဖြည်းဖြည်း ချင်း ကျဆင်းလာခဲ့ပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားလေတော့သည်။
ဟင်းလင်းပြင် အင်မော်တယ်ဘုံအတွင်း ကမ္ဘာဦးသစ်ပင်ရဲ့ ဘေး၌...၊
ပြန်ရောက်ရောက်ချင်းပင် လင်းဖန် နေရာမှာတင် ငြိမ်သက်ပြီး စဉ်းစားနေခဲ့လေသည်။
သူ စဉ်းစားနေသည်ကတော့ အသံချဲ့စက် လုပ်ဆောင်ချက်ပါသော မှော်လက်နက်တစ်ခုကို ဘယ်လို သန့်စင်ဖော်စပ်ရမလဲ ဆိုခြင်းပင်။
ခဏအကြာမှာတော့ လင်းဖန်ဟာ မျက်လုံးတွေကို ဖွင့်လာလေတော့သည်။ သူ ဖြေရှင်းနည်း ရှာတွေ့ သွားပုံ ရပေသည်။
သူ 'ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို'ဆီကို တိုက်ရိုက်သွားလိုက်ပြီး သန့်စင်မှုကို စတင်လေတော့သည်။
လင်းဖန်သည် ဆေးမီးဖိုကို တိုက်ရိုက်အသုံးမပြုဘဲ 'အရာခပ်သိမ်းကို သန့်စင်ခြင်း' စွမ်းရည်နဲ့လည်း လုပ်ဆောင်လို့ ရပေသည်။ သို့ပေမဲ့ အင်မော်တယ်လက်နက်များကို သန့်စင်ရန်အတွက် ကုန်ကြမ်းများ လိုအပ်ပြီး လင်းဖန်မှာတော့ ဆေးမီးဖိုလိုမျိုး ငွေကြေးကနေ ကုန်ကြမ်းကို ပြောင်းလဲနိုင်သော စွမ်းရည် မရှိပေ။
သူ၏ ကိုယ်ပေါ်မှာရှိသော ဆေးလုံးများနှင့် မှော်ရတနာများသည် လင်ရွှီ အင်မော်တယ်စံအိမ်၏ ဘဏ္ဍာတိုက်မှ ရခဲ့သော ကုန်ကြမ်းများနှင့် သန့်စင်ထားခြင်းပင်ဖြစ်၏။
အခု သူ သန့်စင်တော့မယ့် အင်မော်တယ်လက်နက်အတွက်တော့ ဘာကုန်ကြမ်းတွေ လိုအပ်မှန်း သူကိုယ်တိုင် မသိသည့်အတွက် ဆေးမီးဖိုကို သုံးရမှာပင် ဖြစ်လေ၏။
ဆေးမီးဖိုကို ဖွင့်ပြီးသည့်နောက် လင်းဖန်သည် ပထမဆုံး အင်မော်တယ်ကျောက်တုံး အမြောက်အမြား ကို အထဲကို ထည့်လိုက်လေတော့သည်။
ဖိုအဖုံးကို ပိတ်ပြီး သန့်စင်မှု စတင်ချိန်မှာပင် လင်းဖန်သည် သူလိုချင်သည့် အာနိသင်ကိုသာ အာရုံစိုက် ပြီး တွေးနေတော့သည်။
လင်းဖန်၏ တောင်းဆိုချက်အရ ဆေးမီးဖိုသည် အင်မော်တယ်ကျောက်တုံးများကို လိုအပ်သော ကုန်ကြမ်းများအဖြစ် တစ်ခုပြီးတစ်ခု စတင်ပြောင်းလဲပေးနေတော့သည်။
ကုန်ကြမ်း အားလုံး အသင့်ဖြစ်ပြီဆိုသော အချိန်မှာတော့ လင်းဖန်သည် ထိုအင်မော်တယ်လက်နက်၏ ပုံသဏ္ဌာန်ကို စတင် စဉ်းစားလေတော့သည်။
*ရည်ရွယ်ချက်က အသံလွှင့်ဖို့ဆိုတော့ ဒီမှော်လက်နက်ဟာ အသံထွက်နိုင်တဲ့ အရာတစ်ခု ဖြစ်ရမယ်။*
*အင်း... အင်မော်တယ်လက်နက်ရဲ့ ပုံစံကို တူရိယာတစ်ခုခုလို လုပ်ရင် ကောင်းမလား…။ စောင်းလား၊ ဗျက်စောင်းလား၊ ဒါမှမဟုတ် နှဲ လား…။*
*မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒီလို ပုံစံမျိုးဆိုရင် တူရိယာတီးတတ်မှ သုံးလို့ရမှာ၊ အဲ့ဒါဆိုရင် အသုံးမဝင်ဘူး။ အလွယ်ကူဆုံး ဖြစ်တာက အကောင်းဆုံးပဲ…။*
*ဗုံလား၊ လင်းကွင်းလား…၊ အဲ့ဒါကလည်း လက်နဲ့တီးနေရဦးမှာ…။*
*ဟင်…၊ ရပြီ၊ ခေါင်းလောင်းပဲ…။*
*ခေါင်းလောင်းက အသံထွက်နိုင်သလို ကိုယ်တိုင်လည်း တီးနေစရာ မလိုဘူး…။ ငါ ထမ်းထားတဲ့ အလံ တိုင်မှာ ချိတ်ထားလိုက်ရင် ငါ လှုပ်ရှားလိုက်တိုင်း အသံထွက်နေမှာပဲ…။*
ခေါင်းလောင်းပုံစံဟု ဆုံးဖြတ်ပြီးသည့်နောက် လင်းဖန်သည် နာမည်ကြီးသော ခေါင်းလောင်းပုံစံ မှော်လက်နက်များကို စတင် စိတ်ကူးကြည့်တော့သည်။ ခရမ်းရွှေခေါင်းလောင်း၊ စိတ်ဝိညာဉ်နစ်မြုပ် ခေါင်းလောင်း၊ ဆန်းချင်းခေါင်းလောင်းကနေ အရှေ့ဘက်ဧကရာဇ်ခေါင်းလောင်းနဲ့ အစမရှိခေါင်း လောင်းတွေ အထိ သူ စဉ်းစားလိုက်တော့သည်။
ထိုမှော်ရတနာများ၏ ပုံရိပ် အကုန်လုံးသည် သူ၏ စိတ်ထဲတွင် ပေါ်လာပြီး ဆေးမီးဖိုကို သင့်တော်သော ပုံစံတစ်ခု ရွေးချယ်ခိုင်းလိုက်လေသည်။
အင်မော်တယ်လက်နက်ရဲ့ ပုံသဏ္ဌာန်ကို အတည်ပြုပြီးသည့်နောက်မှာတော့ လင်းဖန်သည် အဆောင် ပြားဝိညာဉ် ကိစ္စကို စဉ်းစားခဲ့လေသည်။
*အင်မော်တယ်လက်နက် အဆင့်ကို ရောက်ပြီဆိုရင် အဆောင်ပြားဝိညာဉ်ဆိုတာ ရှားပါးတဲ့ အရာမ ဟုတ်ပါဘူး…။။ အဆောင်ပြားဝိညာဉ် မရှိလည်း ရပေမဲ့ အဆောင်ပြားဝိညာဉ်ရှိတဲ့ အင်မော်တယ် လက်နက်ကတော့ ပိုပြီး အစွမ်းထက်နိုင်တယ်….။*
"မြည်းကလေး... မင်းရဲ့ ပြောင်းလဲခြင်း လုပ်ဆောင်ချက်က အင်မော်တယ်ကျောက်တုံးတွေကို သုံးပြီး ဝိညာဉ်အဖြစ် ပြောင်းလဲလို့ ရမလား…။"
အင်မော်တယ်လက်နက် တစ်ခုရဲ့ ဝိညာဉ်ဟာ သူ့အလိုလို ပေါ်လာတာဖြစ်ဖြစ်၊ သက်ရှိတစ်ဦး၏ ဝိညာဉ် ကို ထုတ်ယူပြီး အထဲမှာ ချိပ်ပိတ်ထားခြင်းဖြစ်ဖြစ် ဖြစ်နိုင်ပေသည်။ လင်းဖန်မှာတော့ ပထမတစ်ခုကို စောင့်ရန် အချိန်မရှိသလို ဒုတိယတစ်ခုအတွက်လည်း မရှိချေ။
"ရပါတယ်... ရပါတယ်၊ ကျွန်တော် လုပ်နိုင်ပါတယ်..။"
မြည်းကလေး၏ အော်သံကို ကြားသောအခါ လင်းဖန်၏ နှုတ်ခမ်းများ တွန့်သွားခဲ့လေသည်။ ကြာလှပြီ ဖြစ်သော်လည်း ဒီမြည်းကလေးရဲ့ ဉာဏ်ရည်ကတော့ သိပ်တိုးတက်လာခြင်းမရှိသေးချေ။ စကားမပြော ခင် မြည်းလို အော်တတ်သော အကျင့်ကလည်း မပျောက်သေးပေ။
"ကောင်းပြီ၊ ငါ့အတွက် ဝိညာဉ်တစ်ခု ဖန်တီးပေးစမ်း…။"
"အင်း... ကြက်တူရွေးလိုမျိုး သားရဲရဲ့ ဝိညာဉ်အဖြစ် ပြောင်းလဲပေးလိုက်…။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် အဆောင်ပြားဝိညာဉ်ကို ပြောင်းလဲရန်အတွက် အင်မော်တယ် ကျောက်တုံးများကို ဆေးမီးဖိုထဲ ထပ်ထည့်လိုက်လေသည်။ ကြက်တူရွေးများက စကားသံကို တုပနိုင်သည့်အတွက် ဤမှော်လက်နက်အတွက် အသင့်တော်ဆုံး ဝိညာဉ်ပင်။
အဆောင်ပြားဝိညာဉ်ကို အတည်ပြုပြီးသည့်နောက် လင်းဖန် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ဟင်းလင်း ပြင်အဆောင်ပြား တစ်ခုကို ထုတ်ပြီး ဆေးမီးဖိုထဲ ထည့်လိုက်လေသည်။
*ကိုယ်တိုင်သုံးမယ့် မှော်လက်နက်မှာ ကောင်းတဲ့ပစ္စည်းတွေ များများထည့်ထားတာက အကောင်းဆုံးပါ ပဲ။ ဟင်းလင်းပြင်အဆောင်ပြားကို ထည့်လိုက်တာက ဒီလက်နက်အတွက် နောက်ထပ် လုပ်ဆောင်ချက် အသစ်တွေ တိုးလာစေနိုင်မှာ မဟုတ်ဘူးလား…။*