← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉) မစင်ထဲမှာ အဆိပ်ပါနေတာလား

ဤသို့ဖြင့် ကောင်းကင်ယံတွင် ပျံသန်းနေသော ရှောင်ယင်နှင့် မြေပြင်ပေါ်တွင် ပုန်းကွယ်နေသော လင်းဖန် တို့သည် စတင်လှုပ်ရှားကြလေတော့သည်။

"ဆေးလုံးတွေလာပြီနော်...၊ လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားတဲ့ ဆေးလုံးတွေ...။ ဟင်းလင်းပြင် ကုန်သည်ဆီက ဆေးလုံးတွေပါ...။"

ရှောင်ယင်က ပျံသန်းရင်း အော်ဟစ်လိုက်သဖြင့် ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားခဲ့လေသည်။

အင်မော်တယ်ဘုံတွင် စကားပြောနိုင်သော စိတ်ဝိညာဉ်သားရဲများမှာ ရှားပါးလှသည်မဟုတ်သော်လည်း ယခုကဲ့သို့ ထွက်၍ ဈေးရောင်းနေသည်ကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်ပေသည်။

ထို့အပြင် ရှောင်ယင်၏ အက်ကွဲကွဲ အသံကြီးက လူတိုင်း၏ သိချင်စိတ်ကို နှိုးဆွပေးနေ၏။

လူများ ပိုမိုစုရုံးလာသည်နှင့်အမျှ ရှောင်ယင်သည် သူ၏သခင် ပေးအပ်ထားသော တာဝန်ကို မမေ့လျော့ ခဲ့ချေ။

"လာကြပါ... ကြည့်သွားကြပါဦး...။ ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို ဈေးပေါပေါနဲ့ ရောင်းပေးနေပါ တယ်နော်...။"

"ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုတိုးတက်နှုန်း နှေးကွေးနေလို့ စိတ်ပူနေတုန်းပဲလား...။ စိတ်မပူပါနဲ့တော့...။ ကယ်တင်ရှင် ရောက်လာပါပြီ...။"

"လျိုဝေ့တိဟွမ် ဆေးလုံးဆိုတာ အစစ်အမှန် အင်မော်တယ်ကနေ အင်မော်တယ်ဘုရင်အဆင့်အထိ ကျင့်ကြံဖို့အတွက် မြင့်မြတ်တဲ့ အားဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်...။"

"ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို ဟိုဟာလုပ်သလိုမျိုး မြန်ဆန်သွားစေမှာပါ...။ ခင်ဗျားတို့ သိကြ ပါတယ်...။"

ရှောင်ယင်၏ ကြော်ငြာစကားကြောင့် စောင့်ကြည့်နေသူအချို့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့ကြလေသည်။

ထိုအထဲတွင် ဝတ်စုံတူ ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ဦး ပါဝင်ပြီး တစ်ဦးမှာ ဝကာ အခြားတစ်ဦးမှာ ပိန်ပါးလေသည်။ ထိုနှစ်ဦးက အပြစ်ရှာရန် စကားစလိုက်သည်။

"ဟွန့်... အဲဒီဟာတွေလိုပဲ အချိန်အရမ်း ကြာလွန်းပါတယ်ကွာ...။"

"ဟုတ်တယ်... တကယ် စိတ်ပျက်ဖို့ကောင်းတယ်...။ အမြဲတမ်း အချိန်အကြာကြီး ယူရတယ်...။"

ဤကျင့်ကြံသူနှစ်ဦး၏ စကားကို ကြားသောအခါ အခြားသူများအားလုံးက သူတို့ကို နားမလည်နိုင်စွာ ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

သူတို့ ဘာတွေ ပြောနေကြသနည်း၊ တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းများလောဟု အားလုံးက တွေးလိုက်ကြသည်။

လူနှစ်ဦး၏ စကားကို ကြားသောအခါ ရှောင်ယင်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟင်... ထွက်သက်ဝင်သက် ဆယ်ကြိမ်လောက် အချိန်ယူရတာကို ကြာတယ်လို့ ထင်နေတာလား...။"

ရှောင်ယင်၏ ရိုးသားသော စကားကြောင့် လူနှစ်ဦးမှာ အနည်းငယ် အရှက်ရသွားကြလေသည်။

ထပ်မံ ငြင်းဆိုချင်သော်လည်း ရှင်းပြလေလေ သူတို့၏ အပြစ်က ပို၍ ပေါ်လွင်လေလေ ဖြစ်မည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် နှာခေါင်းရှုံ့ကာ ဟွန့် ဟု နှစ်ခါမျှ အသံပြုလိုက်ပြီးနောက် ဘာမှ ဆက်မပြောတော့ချေ။

ဤအဖြစ်အပျက်လေး ပြီးသွားပြီးနောက် အခြားသူများကလည်း နောက်ဆုံးတွင် ဆေးလုံးများနှင့် ပတ်သက်၍ စတင် မေးမြန်းလာကြလေတော့သည်။

ထို့ကြောင့် ရှောင်ယင်သည် သူ၏ အက်ကွဲကွဲ အသံကြီးကို အသုံးပြုကာ တိဟွမ်ဆေးလုံးများ၏ အဆင့် အမျိုးမျိုးကို လူတိုင်းအား မိတ်ဆက်ပေးလိုက်သည်။

မိတ်ဆက်ပေးပြီးနောက် ကျင့်ကြံသူအချို့မှာ လျင်မြန်စွာ စိတ်ဝင်စားလာကြလေသည်။

"မင်းပြောတဲ့ ဒီဆေးလုံးမျိုးကို ဘယ်မှာ ဝယ်လို့ရမလဲ...။"

ထိုမေးခွန်းကို ကြားသောအခါ ရှောင်ယင်၏ မျက်လုံးများ အရောင်လက်သွားပြီး နေရာတစ်နေရာမှ ပိတ်အိတ်တစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

၎င်းမှာ လင်းဖန် သန့်စင်ဖန်တီးထားပြီး အထူး အင်မော်တယ်ရတနာအဖြစ် ပြောင်းလဲထားသော ပိတ်အိတ်ပင် ဖြစ်လေသည်။

ရှောင်ယင်၏ ထိန်းချုပ်မှုအောက်တွင် ပိတ်အိတ်ပွင့်သွားပြီး ဆေးပုလင်း အများအပြား လွင့်မျောထွက် လာခဲ့လေသည်။

"အားလုံးပဲ ကြည့်လိုက်ကြပါ...။ ဒါက ကျွန်တော့်ရဲ့ သခင် ဟင်းလင်းပြင် ကုန်သည် ကိုယ်တိုင် သန့်စင် ထားတဲ့ လျိုဝေ့တိဟွမ် ဆေးလုံးပဲ ဖြစ်ပါတယ်...။"

"ပုလင်းတွေပေါ်မှာ တိဟွမ်ဆေးလုံး အမျိုးအစားတွေကို အသီးသီး ဖော်ပြထားပါတယ်...။ ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကိုက်ညီမယ့်ဟာကို ရွေးချယ်လိုက်ရုံပါပဲ...။"

"အင်မော်တယ် ကျောက်တုံးတွေကို အိတ်ထဲ ထည့်လိုက်တာနဲ့ ဆေးလုံးတွေကို ရရှိနိုင်ပါပြီ...။"

"မလောကြပါနဲ့...၊ တစ်ယောက်ချင်းစီ လာကြပါ...။"

"ဆေးလုံးတွေရဲ့ အာနိသင်ကို ပွဲချင်းပြီး စမ်းသပ်ကြည့်ဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်...။တကယ် လို့ အာနိသင် မရှိဘူးဆိုရင် ဆယ်ဆ ပြန်လျော်ပေးပါ့မယ်...။"

ရှောင်ယင်၏ အာမခံချက်ကို ကြားပြီးနောက် အားလုံးသည်လည်း ဝယ်ယူရန် စိတ်ဝင်စားသွားကြသည်။

စောစောက အပြစ်ရှာရန် ကြိုးစားနေခဲ့သည့် လူနှစ်ဦးမှာလည်း ယခုအခါ နိုးကြားတက်ကြွသွားကြ လေသည်။

သူတို့နှစ်ဦး အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်ပြလိုက်ကြလေသည်။

ပိန်ပါးသော ကျင့်ကြံသူက ဆေးလုံးကို ဝယ်ယူရန် ပထမဆုံး စတင်ပြောဆိုလိုက်လေသည်။

"ရွှေရောင်အင်မော်တယ်အဆင့် အရသာလေးမျိုး တိဟွမ်ဆေးလုံး တစ်ပုလင်း လိုချင်တယ်...။"

ထိုသို့ပြောရင်း သူက အရသာလေးမျိုး တိဟွမ်ဆေးလုံးအတွက် လိုအပ်သော အင်မော်တယ် ကျောက် တုံးများကို ထည့်ကာ ဆေးတစ်ပုလင်းကို ယူလိုက်လေသည်။

ဤသည်ကို မြင်သောအခါ အခြား စောင့်ကြည့်နေသူများလည်း ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ စတင် ဝယ်ယူကြလေတော့သည်။

သို့သော် ယခု စောင့်ကြည့်နေသူများမှာ ကျင့်ကြံမှုအဆင့်များ နှိုင်းယှဉ်ရလျှင် နိမ့်ကျကြပြီး အမြင့်ဆုံးမှာ ပိန်ပါးသော ကျင့်ကြံသူကဲ့သို့ ရွှေရောင်အင်မော်တယ်အဆင့်သာ ဖြစ်ကြလေသည်။

ထို့ကြောင့် ရှောင်ယင် ပြသထားသော အရသာငါးမျိုးနှင့် လျိုဝေ့တိဟွမ် ဆေးလုံးများကို မည်သူကမျှ အာရုံမစိုက်ကြချေ။

ဤအချိန်တွင် အရိပ်ထဲ၌ ပုန်းကွယ်နေသော လင်းဖန်သည် ဤမြင်ကွင်းကို မြင်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

ရှောင်ယင်က အရည်အချင်းပြည့်မီသော ဝန်ထမ်းတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူက အော်ဟစ် ဈေးခေါ်နိုင်ရုံသာမက စီးပွားရေး အရောင်းအဝယ်ကိုပါ သီးခြား လွတ်လပ်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်ပေသည်။

ထို့အပြင် ဤလူများ၏ သဘောထားကောင်းမွန်မှုမှာ သူတို့၏ ကျင့်ကြံမှုအဆင့် နိမ့်ကျခြင်းကြောင့် လော၊ သို့မဟုတ် အခြား အကြောင်းရင်း တစ်ခုခုကြောင့်လော ဆိုသည်ကိုတော့ ရှင်းလင်းစွာ မသိရချေ။

ရှောင်ယင်၏ ဆူညံသံများကြောင့် ပြဿနာများ ဖြစ်လာမည်ကို သူ စောစောက စိုးရိမ်ခဲ့သော်လည်း တကယ်တမ်း၌ ဖြစ်မလာခဲ့ပေ။

လင်းရွှီမြို့မှ ကျင့်ကြံသူများမှာ အတော်လေး ဖော်ရွေကြပုံရလေသည်။

လင်းဖန် သက်ပြင်းချနေစဉ်မှာပင် ဆေးလုံးကို ပထမဆုံး ဝယ်ယူခဲ့သော ပိန်ပါးသည့် ကျင့်ကြံသူက လည်း ဆေး၏ အာနိသင်ကို စတင် စမ်းသပ်တော့သည်။

ပိန်ပါးသော ကျင့်ကြံသူက ဆေးပုလင်းထဲမှ အရသာလေးမျိုး တိဟွမ်ဆေးလုံး တစ်လုံးကို ထုတ်ယူ လိုက်ပြီးနောက် သူ၏ဘေးရှိ ဝဖြိုးသော ကျင့်ကြံသူကို တစ်ချက် ကြည့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးသည် အချင်းချင်း တိတ်တဆိတ် အသံလွှင့်ကာ ဆက်သွယ်လိုက်ကြ လေသည်။

"စီနီယာအစ်ကို... ကျွန်တော် ဆေးသောက်ပြီးသွားတာနဲ့ အဆိပ်မိသွားသလိုမျိုး သရုပ်ဆောင်လိုက် မယ်...။ ကျန်တာကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တော့တယ်...။ ရလာတဲ့ အမြတ်ကို ငါးဆယ်စီ ခွဲကြတာပေါ့...။"

"ပြဿနာမရှိပါဘူး ဂျူနီယာညီလေး...။ မင်း သဘာဝကျကျ သရုပ်ဆောင်ဖို့တော့ လိုမယ်နော်...။ ဒီနေရာမှာ လူတွေ အများကြီးပဲ...၊ မင်း သရုပ်ဆောင်တာ မပီပြင်ရင် သူတို့ကို လှည့်စားနိုင်မှာ မဟုတ် ဘူး...."

"စိတ်မပူပါနဲ့ စီနီယာအစ်ကို...။ ကျွန်တော်က သေချင်ယောင်ဆောင်တဲ့ နည်းစနစ်ကို ပြီးပြည့်စုံတဲ့အထိ ကျွမ်းကျင်ထားတာပါ...။ ဒီလူတွေ ဘယ်လိုမှ ရိပ်မိမှာ မဟုတ်ဘူးလို့ အာမခံပါတယ်...။"

ထိုသို့ပြောရင်း ပိန်ပါးသော ကျင့်ကြံသူက တိဟွမ်ဆေးလုံးကို သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက် လေတော့သည်။

ဆေးလုံးကို မျိုချလိုက်သည့် အခိုက်အတန့်တွင် ပိန်ပါးသော ကျင့်ကြံသူမှာ အဆိပ်မိဟန်ပင် ဆက် မဆောင်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပါးစပ်ထဲမှ အလွန်ဆိုးရွားသော မစင်အနံ့ကြီးကို ရုတ်တရက် ရှူရှိုက်မိလိုက်သောကြောင့်ပင်။

ထိုအနံ့ကြောင့် သူ လန့်ဖြန့်သွားပြီး "ချီးပဲ" ဟူသော စကားလုံးကို အမှတ်တမဲ့ ရေရွတ်လိုက်မိလေသည်။

ထို့နောက် ပျို့အန်ချင်စိတ်များ တက်လာကာ စတင်၍ အန်ချင်သလို ဖြစ်လာခဲ့လေသည်။

"ချီး... ဒီဆေးလုံးက... အု...။"

ပိန်ပါးသော ကျင့်ကြံသူ၏ တုံ့ပြန်မှုကို မြင်သောအခါ ဝဖြိုးသော ကျင့်ကြံသူက စတင်သရုပ်ဆောင်နေပြီ ဟု ထင်မှတ်လိုက်သဖြင့် ချက်ချင်း ရှေ့သို့တိုးကာ စိုးရိမ်ပူပန်ဟန် ဆောင်လိုက်လေသည်။

"ဂျူနီယာညီလေး...၊ ဂျူနီယာညီလေး...၊ ဘာဖြစ်လို့လဲ...။"

အဘယ်ကြောင့်ဆိုသော် ပိန်ပါးသော ကျင့်ကြံသူက ဆေးလုံးကို ပထမဆုံး ဝယ်ယူကာ ပထမဆုံး သောက်သုံးခဲ့သူ ဖြစ်ပြီး အခြားသူများမှာမူ ဆေးပုလင်းများကို ယခုမှသာ ဖွင့်နေကြဆဲ ဖြစ်သော ကြောင့်ပင်။

ဤသို့ ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဆေးလုံးများ ရရှိထားသော အခြားသူများလည်း ဆေးသောက်ရန် ရပ်တန့်လိုက်ကြလေသည်။

သူတို့က ဝဖြိုးသူနှင့် ပိန်ပါးသူ ကျင့်ကြံသူနှစ်ဦးကို စူးစမ်းချင်စိတ်များဖြင့် ကြည့်လိုက်ကြလေသည်။

ပိန်ပါးသော ကျင့်ကြံသူအား စိုးရိမ်ဟန်ဖြင့် စကားအနည်းငယ် ပြောပြီးနောက် ဝဖြိုးသော ကျင့်ကြံသူ သည် ရှောင်ယင်ဘက်သို့ လှည့်ကာ စတင် ဆဲဆိုလေတော့သည်။

"မင်းလို တိရစ္ဆာန်က ဘယ်လိုဆေးလုံးမျိုးတွေ ရောင်းနေတာလဲ...။ ငါ့ရဲ့ ဂျူနီယာညီလေး သောက်လိုက် တာက...၊ ချီးတွေလား...။"

ဆဲဆိုနေသော ဝဖြိုးသည့် ကျင့်ကြံသူမှာ ပိန်ပါးသော ကျင့်ကြံသူက ပျို့အန်ကာ 'ချီး' ဟူသော စကားလုံး ကို ထပ်ခါတလဲလဲ ရေရွတ်နေသည်ကို ကြားလိုက်ရသဖြင့် ရုတ်တရက် ကြက်သေ သေသွားခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။ အရင်က သူတို့နှစ်ယောက် အတူတူ အလုပ်လုပ်ခဲ့ကြတုန်းက ဇာတ်ညွှန်းက ဤသို့မဟုတ်ပေ။

*ဂျူနီယာညီလေး...၊ မင်းက နောက်ဆုံးအချိန်ကျမှ ဇာတ်ညွှန်း ပြောင်းလိုက်တာလား...။*

ဤသို့တွေးလိုက်မိပြီးနောက် ဝဖြိုးသော ကျင့်ကြံသူက ပိန်ပါးသော ကျင့်ကြံသူအား မေးခွန်းထုတ်ချင် သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ဝဖြိုးသော ကျင့်ကြံသူ၏ မျက်လုံးများကို ကြည့်ကာ ပိန်ပါးသော ကျင့်ကြံသူသည် အဆိပ်မိဟန်ဆောင် ရမည့် ကိစ္စကို သတိရသွားခဲ့လေသည်။

ထို့ကြောင့် သူသည် ပျို့အန်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်း သည်းခံကာ သူ၏ သရုပ်ဆောင် မှုကို စတင်လိုက်တော့သည်။

သူသည် ပျို့အန်ချင်နေပုံ ပေါက်နေသော်လည်း မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာကို အတင်း အကျပ် ဖော်ပြလိုက်ကာ သူ၏ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ပါးစပ်မှ အမှတ်တမဲ့ ထွက်သွားခဲ့သော 'ချီး' ဟူသည့် စကားလုံးကို သတိရ လိုက်သဖြင့် စကားကိုသာ ဆက်လိုက်ရတော့သည်။

"ချီး... ချီးထဲမှာ အဆိပ်တွေ ပါနေတယ်...၊ ဝေါ့...။"

လေချဉ်တက်သံနှင့်အတူ ပိန်ပါးသော ကျင့်ကြံသူက သေချင်ယောင်ဆောင်သည့် နည်းစနစ်ကို အသုံးပြု လိုက်ပြီး နေရာမှာပင် သေဆုံးသွားဟန် ဆောင်လိုက်လေတော့သည်။

သူသည် မြေပြင်ပေါ်တွင် တောင့်တင်းစွာ လဲကျသွားခဲ့တော့သည်။

"မစင်ထဲမှာ အဆိပ်တွေ ပါနေတယ်" ဟူသော စကားကို ကြားလိုက်ရသဖြင့် ဝဖြိုးသော ကျင့်ကြံသူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။

သို့သော် သူ၏ ဂျူနီယာညီလေးမှာ ဇာတ်သိမ်းသွားပြီ ဖြစ်သည်ကို မြင်သောအခါ သူသည်လည်း မိမိ၏ အခန်းကဏ္ဍကို ဆက်လက်တာဝန်ယူကာ သရုပ်ဆက်ဆောင်လေတော့သည်။

"ဂျူနီယာညီလေး...၊ ဂျူနီယာညီလေး...။ ငါ့ကို လာမခြောက်ပါနဲ့ကွာ...။ ထပါဦး ဂျူနီယာညီလေးရာ...။"

"ဂျူနီယာညီလေး...၊ မင်းမရှိဘဲ ငါ ဘယ်လို ဆက်အသက်ရှင်ရမှာလဲ...။"

ဝဖြိုးသော ကျင့်ကြံသူက ဝမ်းနည်းပူဆွေးနေသည့် မျက်နှာထားဖြင့် ပိန်ပါးသော ကျင့်ကြံသူကို အကြိမ် အနည်းငယ် လှုပ်ယမ်းလိုက်လေသည်။

တစ်ဖက်လူက လုံးဝ မလှုပ်ရှားတော့သည်ကို မြင်သောအခါ သူသည် ဝမ်းနည်းကြေကွဲနေသည့် အကြည့်များဖြင့် ရှောင်ယင်ဘက်သို့ တစ်ဖန် လှည့်လိုက်ပြန်လေသည်။

"မင်း... မင်းလို ယုတ်မာတဲ့ တိရစ္ဆာန်က ငါ့ရဲ့ ဂျူနီယာညီလေးကို ဘယ်လို ဆေးလုံးမျိုး ပေးလိုက်တာ လဲ...။"

"ဒါက ဆေးလုံးမှ မဟုတ်တာ...၊ ငါ့ညီလေး ပြောတာကို ကြားတယ်မလား...။ ဒါက မင်းရဲ့ ငှက်ချီးတွေနဲ့ လုပ်ထားတာများလား...။"

"ငှက်ချီးတွေကို သုံးထားတာက ထားပါတော့...၊ မင်းက အဲဒီထဲကို အဆိပ်တွေပါ ထပ်ထည့်ထားသေး တယ်ပေါ့...။"

"ငါ့ရဲ့ ဂျူနီယာညီလေးရဲ့ အသက်အတွက် အလျော်ပြန်ပေးစမ်း...။"

All Chapters