အခန်း (၆၃၉-၆၄၀)
Vol. 54 Ch. 639-640
အခန်း(၆၃၉)
ဒရုန်းရဲ့ သုံးဖက်မြင် ပွင့်လင်းမြင်သာပုံရိပ်စစ်က သူ့စိတ်ထဲမှာ ပေါ်လာပြီး ငြိမ်သက်စွာ လည်ပတ်နေတယ်။
သူက အဆင့်မြှင့်တင်မှုဆိုင်ရာ ဆိုင်ခန်းထဲက [မှော်ကမ္ဘာငယ်လေး] ကဏ္ဍကို နှိပ်လိုက်ပြီး [လွတ်လပ်သော အာကာသနယ်မြေ] ရွေးချယ်စရာကို ယူလိုက်တယ်။
[အဆင့်မြှင့်တင်မှုကို ဝယ်ယူနေပါသည်…]
သိပ်မကြာခင်မှာပဲ ဒရုန်းရဲ့ မျက်နှာပြင်ကနေ နာနိုမှုန်လေးတွေ ထွက်ပေါ်လာပြီး စွမ်းရည်အသစ်ကို အဆင့်မြှင့်တင်ဖို့အတွက် အလုပ်စလုပ်ကြတော့တာပေါ့။
စိတ်ဝင်စားဖို့ကောင်းတာက ဒီအဆင့်မြှင့်တင်မှုအသစ်ကို ကိုယ်စားပြုတဲ့ ပုံစံက ဒရုန်းရဲ့ ကိုယ်ထည်အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ရိုးရှင်းတဲ့ တံခါးနှစ်ချပ်ပုံစံ ဖြစ်နေတာပဲ။
၁၅ မိနစ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ အဆင့်မြှင့်တင်မှုက ပြီးဆုံးသွားခဲ့ပြီ။
ဒါဆို ဒါက ဘယ်လို အလုပ်လုပ်တာလဲ။
သူက ဒရုန်းပေါ်က တံခါးနှစ်ချပ်ကို သတိလက်လွတ်နဲ့ ထိလိုက်မိတဲ့အခါ တံခါးတွေက ခလုတ်တစ်ခုလို ကိုယ်ထည်ထဲကို ကျွံဝင်သွားတယ်။
ချက်ချင်းဆိုသလိုပဲ သူဟာ ဘာနာဘီက သူ့ရဲ့ လေလံပွဲ ကစားနည်းတွေအတွက် သုံးခဲ့တဲ့ တယ်လီပို့စွမ်းရည်မျိုးလိုမျိုး ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရတယ်။
ပထမတစ်စက္ကန့်မှာ သူက သူ့အခန်းထဲမှာ ရှိနေခဲ့ပေမဲ့ နောက်တစ်စက္ကန့်မှာတော့ စတုရန်းမီတာ တစ်ရာပတ်လည်လောက် ကျယ်ဝန်းပြီး လေးမီတာလောက် မြင့်တဲ့ မျက်နှာကြက်ရှိတဲ့ ပိတ်ဆို့ထားတဲ့ သံမဏိအခန်းတစ်ခုထဲမှာ ရောက်နေခဲ့ပြီ။
သူ့ကို ချက်ချင်း အံ့ဩသွားစေတဲ့ ပထမဆုံးအချက်ကတော့ ဒီသံမဏိအခန်းကို ဝန်းရံထားတဲ့ ဖန်သားပြင်ကြီးတွေကြောင့် ဒရုန်းရဲ့ အပြင်ဘက်ကိုပါ လှမ်းမြင်နေရလို့ပဲ။
သူကိုယ်တိုင် ဒရုန်းအကြီးကြီးထဲမှာ သေးငယ်သွားပြီး ရောက်နေသလိုမျိုး ခံစားရတာပေါ့။
ဒါက ရိုးရိုး မှော်ကမ္ဘာငယ်လေး တင်မဟုတ်ဘဲ စစ်ရေးအတွက် သီးသန့်လုပ်ထားတဲ့ အနာဂတ်ဆန်တဲ့ ဗုံးခိုကျင်းတစ်ခုနဲ့ တူနေတယ်။
ဒရုန်းရဲ့ အရှေ့ဘက်ဆုံးမှာ သိပ္ပံရုပ်ရှင်ထဲကအတိုင်း ထွက်ပေါ်လာတဲ့ ဟိုလိုဂရမ် ထိန်းချုပ်မှု ခလုတ်ခုံတွေ ရှိနေပြီး အပူချိန်၊ လေဖိအား၊ လေတိုက်နှုန်းနဲ့ လက်ရှိ လေထုရဲ့ တိုင်းတာချက်မျိုးစုံကို ပြသနေတဲ့ ဂရပ်ဖ်တွေ မျိုးစုံ ရှိနေတာပေါ့။
အခန်းရဲ့ အလယ်ဗဟိုမှာတော့ လက်ရှိ အခန်းရဲ့ တည်နေရာနဲ့ ယှဉ်ပြီး ဒရုန်းရှိနေတဲ့နေရာကို ပြသထားတဲ့ စက်ဝိုင်းပုံစံ မြေမျက်နှာသွင်ပြင် မြေပုံတစ်ခု ရှိနေတယ်။ သူက သူ့ရဲ့ စာရေးစားပွဲ၊ သူ့အခန်း၊ ပြီးတော့ သူ့ဘေးနားက ရုံးခန်းထဲမှာ ကာစတယ်လ်တစ်ယောက် လာပြီးစုံစမ်းမေးမြန်းသူတွေကြောင့် အာရုံနောက်နေတာကိုပါ လှမ်းမြင်နေရတယ်။
ဒါတွေက နာနိုမှုန်တွေနဲ့ ဖန်တီးထားတာမို့ ပုံရိပ်တွေက သဘာဝကျကျနဲ့ တကယ့်အစစ်အတိုင်း တူလွန်းတယ်။
ပြီးတော့ အခန်းရဲ့ အပေါ်ဘက် ထောင့်တွေမှာ နောက်ထပ် ဟိုလိုဂရမ် ထိန်းချုပ်မှု ခလုတ်ခုံတွေကို သူ မြင်လိုက်ရပြန်တယ်။ ဒါပေမဲ့ သူ့မျက်လုံးကို ဖမ်းစားသွားတာက အဲဒါမဟုတ်ဘဲ အဲဒီထောင့်တွေက ဒရုန်းရဲ့ သဟဇာတသေနတ် ပြောင်းဝတွေနဲ့ ကွက်တိ ဖြစ်နေတာပဲ။
ထိန်းချုပ်မှုတွေရဲ့ အရှေ့က ပွင့်လင်းမြင်သာတဲ့ ဖန်သားပြင်တွေကနေတစ်ဆင့် သူက လှမ်းမြင်နေရတာပေါ့။
ဒါက သဟဇာတသေနတ် ကို ကိုယ်တိုင် ထိန်းချုပ်ပစ်ခတ်လို့ ရတယ်ဆိုတဲ့ သဘောပဲ။
ပစ်မှတ်ချိန်ကွင်း ပြသနေတဲ့ စခရင်နဲ့ ချိတ်ဆက်ထားတဲ့ ခလုတ်တွေနဲ့ မောင်းတံတွေက သူ့ရဲ့ အတွေးကို ချက်ချင်း သက်သေပြနေတယ်။
အခုလောလောဆယ်တော့ သူ့ရဲ့ စိတ်အာရုံနဲ့တင် ထိန်းချုပ်လို့ ရနေပါလျက်နဲ့ ဘာလို့ ဒီလို ကိုယ်တိုင်ထိန်းချုပ်တဲ့ စနစ်မျိုး လိုအပ်လဲဆိုတာ သူ ချက်ချင်း နားမလည်သေးဘူး။
ဒါပေမဲ့ ဒါက မှော်ကမ္ဘာငယ်လေး ဖြစ်တာမို့ တခြားလူတွေကိုပါ ဒီထဲ ခေါ်လာပြီး သေနတ်ပြောင်းတွေကို ကူပြီး ထိန်းချုပ်ခိုင်းလို့ ရတာကြောင့် သူ့ရဲ့ စိတ်အာရုံ စိုက်ရမှုကို လျှော့ချပေးနိုင်မယ်ဆိုတာ သူ သဘောပေါက်သွားတယ်။
သူ့ဘာသာသူ ဒရုန်းကို ထိန်းချုပ်တာက ပိုပြီး ထိရောက်မှု ရှိနေသေးပေမဲ့ တကယ်လို့ သေးငယ်တဲ့ ဒရုန်းအကောင် ၂၀ လောက် တစ်ပြိုင်နက် ပျံသန်းနေမယ်ဆိုရင်တော့ ဒါက တကယ့်ကို အသုံးဝင်လာမှာ သေချာတယ်။
ဒရုန်းအသေးအကြောင်း ပြောရရင်တော့ အခန်းရဲ့ အနောက်ဘက်မှာ အပြင်က ဒရုန်းအသေးနဲ့ တိုက်ရိုက် ချိတ်ဆက်ထားပုံရတဲ့ နောက်ထပ် ထိန်းချုပ်မှုဘောင်တစ်ခုကို သူ မြင်လိုက်ရတယ်။ အဲဒီကနေတစ်ဆင့် ၃၆၀ ဒီဂရီ ကင်မရာတင်မကဘဲ အပူလှိုင်းပုံရိပ်ဖော် စကင်ဖတ်စွမ်းရည်တွေနဲ့ပါ ဒရုန်းရဲ့ အမြင်အတိုင်း လှမ်းမြင်နိုင်တာပေါ့။
ဒါက ဒရုန်းထက်စာရင် သင်္ဘောတစ်စင်းနဲ့ ပိုတူနေတယ်။
တော်သေးတာပေါ့ ဒီနေရာ က ဒီတင်တင် ပြီးဆုံးသွားတာ မဟုတ်ဘူး။ ဒရုန်းရဲ့ မှော်ကမ္ဘာငယ်လေးရဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခုဆီ သွားတဲ့ တံခါးတစ်ချပ် ရှိနေသေးတယ်။
သူ ရောက်လာတာကို သိတာနဲ့ တံခါးက ပွင့်သွားပြီး ထိန်းချုပ်ခန်းကနေ ဒီနေရာရဲ့ တခြားအပိုင်းဆီကို သွားတဲ့ လေလုံအခန်းငယ်တစ်ခုကို ဖန်တီးပေးထားတဲ့ နောက်ထပ် တံခါးတစ်ချပ် ပေါ်လာတယ်။
သူ အဲဒီထဲကို ဝင်လိုက်တာနဲ့ ပိုပြီး ရင်းနှီးတဲ့ အရာတစ်ခုနဲ့ မျက်နှာချင်းဆိုင် တိုးတော့တာပဲ။ အဲဒီမှာ လုံးဝ ဗလာဖြစ်နေတဲ့ ဧရာမ ပွင့်လင်းနယ်မြေကြီး ရှိနေပြီး ထိန်းချုပ်ခန်းထက် အများကြီး ပိုကျယ်တဲ့ အဖြူရောင် ကမ္ဘာကြီးပေါ့။
ဒီနေရာကတော့ စိတ်ကြိုက် ပြင်ဆင်လို့ ရတာပေါ့။
တကယ်လို့ သူက အိမ် ဆောက်ချင်တာပဲဖြစ်ဖြစ်၊ အခန်း ဆောက်ချင်တာ၊ ဥယျာဉ် ခြံမြေ လုပ်ချင်တာပဲဖြစ်ဖြစ် ဘာမဆို ဒီနေရာမှာ ဖန်တီးလို့ ရတယ်။
အခုလောလောဆယ်တော့ ဘာမှမရှိဘဲ ပြောင်တလင်း ဖြစ်နေသေးပေမဲ့ ဒီမှော်ကမ္ဘာငယ်လေးထဲမှာ ပိုပြီး ပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတာကို သူ အသေအချာ ပုံဖော်ကြည့်နိုင်တယ်။
ဒါက သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေး ဖြစ်လာနိုင်တာပေါ့။
အကောင်းဆုံးအချက်ကတော့ သူ ဒီ နေရာထဲမှာ ရှိနေရင်တောင် ဒရုန်းကို ဆက်ပြီး ထိန်းချုပ်လို့ ရနေသေးတာပဲ။ မျက်မှန်ကို ဝတ်ထားရင်းနဲ့ သူ့ရဲ့ ဒရုန်းကနေတစ်ဆင့် အမြင်အာရုံအားလုံးကို အပြည့်အဝ ရရှိနေတယ်။ သူက ဒါကို သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်ပျံလိုမျိုး မောင်းနှင်နေတာပေါ့။
ဒီနေရာကို သူကတော့ ကိုယ်ပိုင်ကမ္ဘာငယ်ဆိုတဲ့ ‘ရေဂီယို’ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်
ဒါကို စမ်းသပ်ကြည့်ဖို့အတွက် သူက ထိန်းချုပ်ခန်းဆီ ပြန်သွားပြီး ဒရုန်းကို ရီနေးတား ဌာနချုပ် အနီးအနားမှာ ပျံသန်းဖို့ မောင်းနှင်လိုက်တယ်။
ပထမဆုံးအနေနဲ့ သူက ဒရာဂွန်ဘွန်းတွေဆီ သွားပြီး သူတို့အနားမှာ ပျံဝဲနေလိုက်တယ်။
"အာ... ဒါ မိုက်ကယ်အစ်ကိုကြီးရဲ့ ဒရုန်းပဲ" လို့ ဇိုင်ယွန်က အော်ပြောလိုက်တယ်။ "ဘယ်သူ အရင်ဆုံး ဖမ်းမိလဲ ကြည့်ရအောင်"
ဒါက လာပြီးစုံစမ်းမေးမြန်းသူတွေကြားထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေတယ်။ ဗီဗီက ကောင်းဘွိုင်တစ်ယောက်လိုမျိုး စီးနင်းဖို့ ရည်ရွယ်ချက်နဲ့ ဒရုန်းဆီကို ပျံတက်လာတာပေါ့။ အသေအချာပါပဲ သူက သူမကို ရှောင်ကွင်းဖို့အတွက် ရှောင်တိမ်းတဲ့ လှုပ်ရှားမှုအချို့ လုပ်လိုက်ရတယ်။
ဖတ်ချ်က ခုန်လိုက်ပြီး သူ့ရဲ့ အရိပ်နဲ့ ဖမ်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။
ဂရီးဗ်ကတော့ တခြား သုံးယောက်နဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ သူက ဒရုန်းကို ကြောက်လန့်တုန်လှုပ်ပြီး တခြားတစ်ဖက်ကို အော်ဟစ်ရင်း ထွက်ပြေးသွားရှာတယ်။
"အား... ဒါက မိစ္ဆာကြီးပဲ ဟို ဟိုး ဟိုး"
* * * * * * * *
"မင်းသမီး ဆရီနာ... ကျွန်တော်တို့ အင်အားကြီး ဂိုဏ်းတွေနဲ့ တွေ့ဆုံဖို့ အချိန်တန်ပြီ ထင်တယ်။ သူတို့ဆီကနေ ပစ်ဇီမှုန့်တွေကို ဝယ်ရမယ်" လို့ ရေလူသားတစ်ယောက်က ပြောလိုက်တယ်။
"ငါတို့မှာ အဲဒီအတွက် အချိန်မရှိဘူး။ သူတို့ နေထိုင်တဲ့ တောအုပ်ဆီကို ငါတို့ကို ခေါ်သွားပေးမယ်လို့ ကတိပေးထားတဲ့ လူသားတချို့ ရှိတယ်"
မင်းသမီး ဆရီနာဆီကို အကြံဉာဏ်မျိုးစုံ ပေးကြပေမဲ့ သူမက တစ်ခုမှ သဘောမကျဘူး ဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ မြင်းစီးလာတဲ့ တော်ဝင်သဝဏ်လွှာပို့ဆောင်သူတစ်ယောက် သူတို့ဆီ ချဉ်းကပ်လာတာကြောင့် သူတို့ရဲ့ အစည်းအဝေး ပျက်ပြားသွားရတယ်။
ရေလူသားတွေက ဆရီနာ့အနားမှာ အကာအကွယ်ပုံစံနဲ့ ချက်ချင်း ပိတ်ရပ်လိုက်ကြပေမဲ့ တော်ဝင်သဝဏ်လွှာပို့ဆောင်သူရဲ့ ဝတ်စုံပေါ်က တော်ဝင်တံဆိပ်ကို မြင်တာနဲ့ သူမက သူတို့ကို ဖယ်ခိုင်းလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ" လို့ သူမက မေးလိုက်တယ်။
"မြို့စားကတော်က မင်းသမီးဆီ သတင်းစကား ပါးလိုက်လို့ပါ" လို့ သဝဏ်လွှာပို့ဆောင်သူက ကြေညာလိုက်ပြီး ပုရပိုက်လိပ်တစ်ခုကို ပေးကာ ရောက်လာတုန်းကလိုပဲ အမြန် ပြန်ထွက်သွားတော့တယ်။
ဆရီနာက စိတ်လှုပ်ရှားစွာနဲ့ ပုရပိုက်လိပ်ကို ဖွင့်ပြီး အထဲက အကြောင်းအရာတွေကို ဖတ်လိုက်တာပေါ့။
“မိုက်ကယ် ဗန်ဒါဘစ်က ပစ်ဇီ ဘုရင်မအကြောင်း သိထားတယ်”
ဆရီနာ သူမမျက်လုံးကိုတောင် မယုံနိုင်ဘဲ ဖြစ်သွားရတယ်။ သူမ စိတ်ဝင်စားနေတဲ့ ကောင်လေးက တကယ်ပဲ ပစ်ဇီ ဘုရင်မနဲ့ ဆက်နွှယ်မှု ရှိနေတာလား။
သူမရဲ့ အပြုံးက သူမလည်ပင်းမှာ ဆင်မြန်းထားတဲ့ ပုလဲတွေလိုမျိုး တောက်ပလို့နေတယ်။
"ဒါ တကယ်ကြီးလား"
ချက်ချင်းဆိုသလိုပဲ သူမရဲ့ စိုးရိမ်ပူပန်မှုတွေအားလုံး လွင့်ပျောက်သွားပုံရတယ်။ တကယ်လို့ မြို့စားကတော်က ပြောတယ်ဆိုရင် ဒါက အသေအချာပဲလေ။
တခြား ရေလူသားတွေကတော့ နည်းနည်း သံသယဝင်နေကြတာပေါ့။ နတ်သူငယ်တစ်ကောင်ကို ရှာဖို့တင် မလွယ်ကူတာကို ပစ်ဇီ ဘုရင်မကို ရှာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာလေ။ သူမက ပင်လယ်ဧကရာဇ်နဲ့ နဂါးဘုရင်မတို့လိုမျိုး အဆင့်အတန်း တူညီတဲ့သူလေ။
လူသားတစ်ယောက်က ပစ်ဇီ ဘုရင်မရဲ့ ပုန်းခိုရာနေရာကို ရှာတွေ့ဖို့ဆိုတာ ရာခိုင်နှုန်း သိပ်ကို နည်းလွန်းတယ်။
"ဒါ အတော်ပဲ။ ငါတို့ တခြား ရေလူသားတွေကို ဒီသတင်းကောင်း ပြောပြလို့ ရပြီ"
သူတို့ အခုလောလောဆယ် ရောက်နေရတဲ့ အကြောင်းရင်းကတော့ အတ္တလန်တစ်ကနေ တိုက်ရိုက်လာမယ့် တခြား ရေလူသားတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတာ ရှိလို့ပဲ ဖြစ်တယ်။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့ ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေက ရေထဲက သိမ်မွေ့တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို အာရုံခံမိပြီး သူတို့ဆီကို လူတွေ လာနေပြီဆိုတာ သိလိုက်ရတယ်။
"သူတို့ ရောက်လာကြပြီ"
* * * * * * * *
စာစဉ်(၅၄)
အခန်း(၆၄၀)
ရေလူသားတွေ ရေထဲကနေ ဝုန်းခနဲ ထွက်လာကြဖို့ သိပ်မကြာလိုက်ဘူး။ သူတို့ရဲ့ အကြေးခွံတွေက ကုန်းပေါ်က လေထုနဲ့ ထိတွေ့လိုက်တာနဲ့ ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း ပြန်ဝင်သွားကြတော့တယ်။
ဆရီနာက ရေပြင်ကို လက်ကလေးနဲ့ သာသာလေး ပုတ်လိုက်ပြီး လူသစ်တွေဆီကို လှိုင်းဂယက်လေးတစ်ခု ဖြန့်ကျက်ပြီး ပို့လွှတ်လိုက်တယ်။ ဒါက ရေလူသားတွေ အချင်းချင်း ရိုရိုသေသေ နှုတ်ဆက်ကြတဲ့ နည်းလမ်းပေါ့။
"နှုတ်ဆက်ပါတယ် အကြီးအကဲတို့" လို့ သူမက ပြောလိုက်တယ်။ "ငါတို့မှာ သတင်းထူးကြီး ရှိတယ်လို့ မင်းတို့ကို သတင်းပို့ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ။ ပစ်ဇီဘုရင်မကို ရှာတွေ့သွားပြီ"
ရေလူသားတွေက သူမကို အံ့ဩတကြီးနဲ့ ကြည့်လာကြတယ်။
"သူမက ဘယ်မှာလဲ" လို့ အသက်ကြီးကြီး ရေသူမတစ်ယောက်က မေးလိုက်တယ်။
"လူသားတစ်ယောက်က ငါတို့ကို ပစ်ဇီဘုရင်မနဲ့ တခြား နတ်သူငယ်တွေဆီ ချိတ်ဆက်ပေးနိုင်တယ်လို့ ငါ သတင်းရထားတယ်" လို့ သူမက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
ဒါပေမဲ့ ဒီသတင်းကို သူတစ်ယောက်တည်းပဲ ဝမ်းသာနေပုံရတယ်။
ထပ်ရောက်လာတဲ့ ရေလူသားတွေက သူမရဲ့ အခြွေအရံတွေလိုပဲ ဒီသတင်းအပေါ် သံသယတွေ၊ အယုံအကြည်မရှိမှုတွေနဲ့ပဲ တုံ့ပြန်ကြတယ်။
"ဒီလူသားက ဘယ်သူလဲ။ သူက လူသားတွေ သိပ်ဂုဏ်ယူနေကြတဲ့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ဝင်တွေ ဒါမှမဟုတ် မှော်ဆရာကြီးတွေထဲက တစ်ယောက်လား"
"မဟုတ်ဘူး" လို့ သူမက ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်တယ်။ "သူက လူသားတွေရဲ့ သတ်မှတ်ချက်အရ အသက် တစ်ဆယ့်သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ပါ"
သူမ အဲလို ပြောလိုက်တာနဲ့ ရေလူသားတွေရဲ့ မျက်လုံးတွေက စိတ်ပျက်အားလျော့တဲ့ အရောင်အဆင်းအဖြစ် ပြောင်းလဲသွားတော့တယ်။
"မင်းသမီး... မင်း အလိမ်ခံလိုက်ရပြီ ထင်တယ်" လို့ အသက်ကြီးကြီး ရေသူမတစ်ယောက်က ပြောတယ်။ "ယေဘုယျအားဖြင့် နတ်သူငယ်တွေဆိုတာ တခြားလူသားတွေနဲ့ ရောရောနှောနှော နေရတာကို မုန်းတီးပြီး သီးသန့်ခွဲနေတတ်တဲ့ သတ္တဝါတွေလို့ ပြောကြတာလေ။ အထူးသဖြင့် ပစ်ဇီဘုရင်မဆိုရင် ပိုတောင် ဆိုးသေးတယ်။ တောအုပ်ထဲမှာ နတ်သူငယ်တစ်ကောင် တွေ့ခဲ့တယ်လို့ ပြောရင်တောင် ယုံရတာ ပိုလွယ်ဦးမယ်။ ဒါပေမဲ့ ပစ်ဇီဘုရင်မ ဟုတ်လား... ဒါက အပေါစား လိမ်ညာမှုသက်သက်ပဲ"
သူမရဲ့ လေယူလေသိမ်းအရ ပစ်ဇီဘုရင်မအပေါ် သူတို့ထားတဲ့ ရိုသေလေးစားမှုက သူတို့ရဲ့ ပင်လယ်ဧကရာဇ်ကို ရိုသေတာနဲ့တောင် မယှဉ်နိုင်ကြောင်း ထင်ရှားနေတယ်။
"မင်းသမီးလို မြင့်မြတ်တဲ့အရှင်က လူသားကောင်လေးတစ်ယောက်နဲ့ သိကျွမ်းဖို့ နှိမ့်ချမှာ မဟုတ်ဘူး။ ဒါကို ငါတို့အရှင်နဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်လေ။ တကယ်လို့ ငါက ငါတို့ ပင်လယ်ဧကရာဇ်ဟာ လူသားကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်သွားတယ်လို့ ပြောရင် မင်း ယုံနိုင်ပါ့မလား"
ဒီနေရာမှာတော့ ဆရီနာ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ သူမကိုယ်တိုင်လည်း ဒါတွေအားလုံးကို မြို့စားကတော်ရဲ့ စကားတွေပေါ်မှာပဲ အခြေခံထားတာမို့ သူတို့မှားကြောင်း သက်သေမပြနိုင်ဘူးလေ။ အမှန်တရား ဟုတ်မဟုတ်ဆိုတာကိုလည်း သူမ ကိုယ်တိုင်တောင် အတည်မပြုရသေးဘူး။
"နာခံစေ မင်းသမီး... ပင်လယ်ဧကရာဇ်က မင်းကို အတ္တလန်တစ်ဆီ ပြန်လာပြီး မင်းရဲ့ ပညာသင်ကြားမှုကို အဆုံးသတ်ဖို့ အမိန့်ပေးထားတယ်။ သူ မင်းကို တာဝန်တစ်ခု ပေးခဲ့ပေမဲ့ မင်းကတော့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး"
"နေဦး... သတ်မှတ်ရက်မတိုင်ခင် ငါ့မှာ ဒီရေနှစ်ခါတက်တဲ့ အချိန်ကာလ ကျန်သေးတယ်လေ" လို့ သူမက တောင်းဆိုလိုက်တယ်။
"စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ရေလူသားတွေနဲ့ မှော်သားရဲမျိုးနွယ်အားလုံးအတွက် သိပ်ကို အရေးကြီးတယ်။ ပင်လယ်ဧကရာဇ်က ဒီတာဝန်ကို တခြားတစ်ယောက်ဆီ လွှဲပေးတော့မှာ"
မင်းသမီး ဆရီနာတစ်ယောက် ပျာယာခတ်သွားတော့တယ်။ ဒါက သူမရဲ့ အစီအစဉ်ထဲမှာ မပါဘူးလေ။
"ငါ့ကို နောက်ထပ် တစ်ရက်ပဲ အချိန်ပေးပါ။ ငါတို့ ပစ်ဇီဘုရင်မနဲ့ စကားပြောနိုင်တယ်ဆိုတာကို ငါ သက်သေပြနိုင်ပါတယ်။ ငါ့ကို မက်ထရိုပိုလစ်ဆီ ပြန်သွားခွင့်ပြုပါ" လို့ သူမက ရေတိမ်ပိုင်းထဲကနေ ဖြည်းဖြည်းချင်း လှမ်းထွက်ရင်း ပြောလိုက်တယ်။
ဒါပေမဲ့ ရေလူသားမရဲ့ နောက်ထပ်စကားတွေက သူမရဲ့ ခြေလှမ်းတွေကို တန့်သွားစေတယ်။
"ပင်လယ်ဧကရာဇ်က ငါတို့ သွားမယ့်နေရာကို ပြောင်းလဲဖို့လည်း အမိန့်ချမှတ်လိုက်ပြီ။ ငါတို့ မက်ထရိုပိုလစ်ကို ကျော်ပြီး ကွင်းစ်နယ်မြေရဲ့ အထက်ဘက်ပိုင်းဆီ ရွှေ့ဖို့ စီစဉ်နေတာ"
ဒါဆိုရင် သူတို့အားလုံး ပြင်ဆင်နေကြတဲ့ လှည့်လည်ပွဲကြီးက အလကား ဖြစ်သွားတော့မှာပေါ့။
"ဘာလို့လဲ" လို့ သူမက ဇဝေဇဝါနဲ့ ဒေါသတကြီး မေးလိုက်တယ်။
"ပစ်ဇီဘုရင်မကို ရှာဖို့ဆိုတာ မသေချာတဲ့အရာမှန်း ပင်လယ်ဧကရာဇ်က သိပြီးသားပဲ။ ဒါကြောင့် မင်း တာဝန်မကျေပွန်ခဲ့ရင် သုံးဖို့အတွက် သူက တခြားအစီအစဉ်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးသား။ နတ်သူငယ်တွေမပါဘဲ ဒီအစီအစဉ်ကို လုပ်ရတာက ပိုခက်ခဲလိမ့်မယ်ဆိုပေမဲ့ အနည်းဆုံးတော့ ဖြစ်နိုင်ခြေ ရှိတာပေါ့"
မင်းသမီး ဆရီနာတစ်ယောက် မယုံနိုင်ဘဲ မတ်တတ်ရပ်နေမိတယ်။ သူမက ဒီကို ပုံမှန် စစ်ဆေးမှုတစ်ခုအတွက်ပဲ လာတယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမရဲ့ ကုန်းပေါ်က ကမ္ဘာဆီ ခရီးစဉ်က သက်တမ်းတိုသွားရတော့မှာပေါ့။
"ကျေးဇူးပြု၍ မရုန်းကန်ပါနဲ့ မင်းသမီး။ ဒါက မင်းကောင်းဖို့အတွက်ပါပဲ" လို့ ရေလူသားတွေက ကဏန်းလက်မ သံခြေကျင်းတွေကို ကိုင်ပြီး သူမဆီ တိုးကပ်လာရင်း ပြောလိုက်တယ်။
သူတို့ သူမရဲ့ လက်တွေကို မဖမ်းမိခင်မှာပဲ မင်းသမီး ဆရီနာက သူမရဲ့ တန်ခိုးကို ထုတ်သုံးလိုက်ပြီး သူမပတ်ပတ်လည်က ရေတွေကို ထိန်းချုပ်ကာ ထက်မြက်တဲ့ လှံသွားပုံစံ ပြုလုပ်လိုက်တယ်။
ပင်လယ်ဧကရာဇ်ရဲ့ လမ်းကြောင်းပြောင်းမယ့် အစီအစဉ်ကို အသေးစိတ် ဖော်ပြထားတဲ့ လင်းလက်နေတဲ့ စာလုံးတွေက ရေလုံးကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လာတယ်။
ရေလှံက လေထဲမှာ လည်ပတ်သွားပြီး မက်ထရိုပိုလစ်ဆီကို၊ မြို့စားကတော်ရဲ့ အိမ်ရှေ့တံခါးဆီ တည့်တည့်ဖြစ်တဲ့ အနောက်တောင်ဘက်ဆီကို ဦးတည်လိုက်တော့တယ်။
ဒါက သူမရဲ့ နောက်ဆုံး အကူအညီတောင်းခံသံပဲ။
သူမက သူမရဲ့ တန်ခိုးကို အသက်သွင်းလိုက်တာနဲ့ ရေလှံက လေထုကို ဖြတ်ပြီး မျက်စိတစ်မှိတ်အတွင်း အရှိန်နှုန်းနဲ့ ပျံသန်းသွားတော့တယ်။
"အလကားပါပဲ မင်းသမီး။ သူတို့ ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး" လို့ အသက်ကြီးကြီး ရေသူမက ပြောတယ်။ "ကဲ... သွားကြစို့။ ငါတို့ မင်းသမီးကို သူမရဲ့ ရဲတိုက်ဆီ ပြန်လိုက်ပို့ရမယ်"
ရေလူသားတွေက ဆရီနာကို လက်ထိတ် အောင်မြင်စွာ ခတ်လိုက်နိုင်ပြီး သူမ လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမရှိအောင် လုပ်လိုက်ကြတယ်။
မင်းသမီးကို ဖမ်းဆီးပြီးတဲ့နောက်မှာတော့ အသက်ကြီးကြီး ရေသူမက လက်ကို လေထဲမြှောက်ပြီး သူမရဲ့ တန်ခိုးကို ထုတ်သုံးလိုက်တယ်။ သူမရဲ့ ဆွဲကြိုးပေါ်က ပုလဲလုံးက လင်းလက်လာပြီး သူတို့တစ်ဖွဲ့လုံးရဲ့ ပတ်ပတ်လည်မှာ ပါးလွှာတဲ့ ရေလွှာတစ်ခု ပေါ်လာကာ အလင်းကို ပြန်ကန်ထွက်စေပြီး သူတို့ပတ်ပတ်လည်မှာ မျက်လှည့်တစ်ခုကို ဖန်တီးလိုက်တော့တယ်။
သူတို့တစ်တွေ အမြင်အာရုံထဲကနေ လုံးဝ ပျောက်ကွယ်သွားသလိုမျိုးပဲ။ သူတို့ လှုပ်ရှားလိုက်လို့ ဖြစ်ပေါ်လာတဲ့ လှိုင်းဂယက်တွေတောင် မမြင်ရတော့ဘူး။
အသက်ကြီးကြီး ရေသူမက ကျေနပ်သလို ခေါင်းငြိမ့်လိုက်တယ်။ အခုဆိုရင် ဘယ်လူသားမှ သူတို့ကို ခြေရာခံနိုင်တော့မှာ မဟုတ်ဘူး။
* * * * * * * *
ဒရုန်းကို စမ်းသပ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ အချိန်မဖြုန်းတော့ဘဲ ထွက်ခွာလာခဲ့တယ်။
သူက ထရူးဂန် ရေလက်ကြားဆီကို အရှိန်အပြည့်နဲ့ အရှေ့မြောက်ဘက်ကို မောင်းနှင်ခဲ့တယ်။
သူက ဒရုန်းရဲ့ မှော်ကမ္ဘာငယ်လေးထဲမှာ သက်တောင့်သက်သာ ရှိနေတုန်းပဲမို့ ဒရုန်းက အရှိန်ပြင်းပြင်းနဲ့ ပျံသန်းနေချိန်မှာ သူကတော့ အနားယူပြီး လက်ဖက်ရည်တစ်ခွက် သောက်နေနိုင်တာပေါ့။
ဒါပေါ့... အချိန်နဲ့ စွမ်းအင်ကို ချွေတာဖို့အတွက် သူက လေယာဉ်ပျံတွေရဲ့ နည်းဗျူဟာကို အသုံးပြုပြီး လေထုခုခံမှု သိပ်ကို နည်းပါးတဲ့ ပိုမြင့်တဲ့ အမြင့်ပေဆီကို တက်ခဲ့တာကြောင့် သူ့ရဲ့ အမြင့်ဆုံး အရှိန်နှုန်းကို ချိုးဖျက်နိုင်ခဲ့တယ်။
တစ်နာရီလောက် ကြာတဲ့အခါ သူ မြေပြင်ဆီ ပြန်ဆင်းဖို့ စတင်လိုက်ချိန်မှာပဲ ထိန်းချုပ်ခန်းထဲမှာ အချက်ပေးသံတစ်ခုက ရုတ်တရက် မြည်ဟည်းလာတော့တယ်။
သူ့ပတ်ပတ်လည်မှာ အနီရောင်မီးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာမို့ သူ ချက်ချင်း ထရပ်ပြီး ဒရုန်းရဲ့ မြင်ကွင်းကို ကြည့်လိုက်တယ်။
အဲဒီမှာ ကောင်းကင်ယံကို ဖြတ်ပြီး သူလာခဲ့တဲ့ နေရာဆီ တည့်တည့် ဦးတည်ပျံသန်းနေတဲ့ ပါးလွှာပြီး မြန်ဆန်တဲ့ အရာဝတ္ထုတစ်ခုကို သူ မြင်လိုက်ရတယ်။
ဒါက ရေနဲ့ လုပ်ထားတဲ့ လှံတစ်စင်းလား။
အဲဒီအခါကျမှ ထိန်းချုပ်ခန်းက ဘာလို့ အချက်ပေးသံ ထွက်လာလဲဆိုတာ သူ သဘောပေါက်သွားတော့တယ်။
ဒီရေလှံက မှော်စွမ်းအင် ဒါမှမဟုတ် မှော်ပညာနဲ့ လုပ်ထားတာ မဟုတ်ဘူး။
ဒါက တန်ခိုးစွမ်းရည်နဲ့ လုပ်ထားတာပဲ။ ဒါက အခြား အကြိမ်တွေတုန်းက စွမ်းရည်တစ်ခု ထုတ်သုံးတာကို သူမြင်ခဲ့ရတဲ့ အတိုင်းပဲ လိမ္မော်ရောင် အလင်းတန်းတွေနဲ့ လင်းလက်နေတယ်။
ဟင်... ဒီနားမှာ မက်ဂ်နက်တစ် တစ်ယောက် ရှိနေတာလား။
သူက ရေလှံရဲ့ လာရာလမ်းကြောင်းကို ချက်ချင်း လိုက်ကြည့်လိုက်ပြီး ရေပိုက်နက်အထိ ရေထဲမှာ ကူးခတ်နေတဲ့ ရေလူသားတွေကို မြင်လိုက်ရလို့ အံ့ဩသွားမိတယ်။
ဒါတင်မကဘဲ အဲဒီ လိမ္မော်ရောင် ဆံပင်နဲ့ ရေလူသားမက သိပ်ကို ရင်းနှီးနေသလိုပဲ။
နေဦး... သူမက မင်းသမီး ဆရီနာလား။ ပြီးတော့ ဒီရေလှံက... သူမဆီကနေ ထွက်လာတာလား။
သူ အခုလေးတင် မြင်လိုက်ရတဲ့ အရာကြောင့် လုံးဝကို ဇဝေဇဝါ ဖြစ်သွားရတယ်။ မက်ဂ်နက်တစ်တွေပဲ စွမ်းရည်တွေကို အသုံးပြုနိုင်တာ မဟုတ်ဘူးလား။ ပြီးတော့ လူသားတွေပဲ မက်ဂ်နက်တစ် ဖြစ်နိုင်တာလေ။
ဒါပေမဲ့ အခုတော့ မင်းသမီး ဆရီနာက စွမ်းရည်ရဲ့ ပုံတူအတိအကျ ဖြစ်တဲ့ တန်ခိုးတစ်ခုကို ထုတ်ဖော်နိုင်စွမ်း ရှိနေပုံရတယ်။
သူ့မှာ မေးခွန်းတွေ အများကြီး ရှိနေပေမဲ့ အခုက မေးရမယ့် အချိန်မဟုတ်သေးပုံပဲ။
ဆရီနာ လက်ထိတ်ခတ်ခံနေရတဲ့ အချက်ကို ကြည့်ရုံနဲ့တင် သူ ဝင်ရောက်စွက်ဖက်ရမယ့် အချိန်တန်ပြီဆိုတာ သိသာနေတယ်။
သူက ထိန်းချုပ်ခန်းက ထွက်ပေါက်တံခါးဆီ ချက်ချင်း သွားလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ပုံမှန်ကမ္ဘာဆီ ပြန်ရောက်အောင် လုပ်လိုက်တယ်။
သူက ရေထဲမှာ ပင်ပန်းတကြီး လျှောက်လှမ်းနေကြတဲ့ ရေလူသားတွေကို ငုံ့ကြည့်ရင်း လေထဲမှာ ပျံဝဲလျက် ပေါ်လာခဲ့တော့တယ်။
"ဟို... တဆိတ်လောက်။ အကူအညီ လိုအပ်ပါသလား"
* * * * * * * *