အခန်း (၆၄၁-၆၄၂)
Vol. 54 Ch. 641-642
အခန်း(၆၄၁)
မင်းသမီး ဆရီနာက မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက် လေထဲမှာ ပျံဝဲနေတာကို တွေ့လိုက်ရတယ်။
"မိုက်ကယ်" လို့ သူမက အော်ဟစ်လိုက်ရင်း သူ့ရဲ့ အာရုံစိုက်မှုကို ရအောင် လက်ထိတ်ခတ်ထားတဲ့ လက်နှစ်ဖက်ကို လေထဲမှာ ယမ်းပြရှာတယ်။
"သူ မင်းကို မမြင်နိုင်သလို မကြားနိုင်ပါဘူး မင်းသမီးရဲ့။ သူ တခြားတစ်ယောက်ယောက်နဲ့ စကားပြောနေတာ နေမှာပါ" လို့ သူမဘေးမှာ ရှိနေတဲ့ ရေလူသားက ပြောလိုက်တယ်။
အဲဒီလူသားက သူတို့ဆီကို တည့်တည့်ကြီး စိုက်ကြည့်နေတဲ့ ပုံစံပေါ့။ ဒါပေမဲ့ အဲဒါက ဘယ်လိုမှ မဖြစ်နိုင်တာမို့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်။
ရေလူသားတွေက ဆရီနာကို ပင်လယ်အဝေးဆီ ခေါ်ဆောင်သွားဖို့ ပြင်ကြပြီး ခြေလှမ်းတိုင်းမှာ ရေအမှတ်က တဖြည်းဖြည်း မြင့်တက်လာတယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေထဲ နစ်မြုပ်သွားတော့မှာဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲသွားကာ သမုဒ္ဒရာထဲမှာ အကြွင်းမဲ့ မြန်နှုန်းနဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ရရှိတော့မှာပေါ့။
အဲဒီအချိန်ကျရင်တော့ ဘယ်လူသားမှ သူတို့ကို မှီအောင် လိုက်နိုင်မှာ မဟုတ်တော့ဘူး။
"ဟေး... ငါ မင်းကို စကားပြောနေတာလေ..."
မိုက်ကယ်က ချက်ချင်းပဲ အောက်ကို ငုပ်လျှိုးဆင်းလာပြီး သူ့ရဲ့ ဦးတည်ချက်က ထင်ရှားနေတာပဲ။ သူ သူတို့နောက်ကို လိုက်လာတာ။
ရေလူသား အဖွားအိုနဲ့ ဆရီနာကို ဝိုင်းရံထားတဲ့ ကျန်တဲ့ ရေလူသားတွေအားလုံး လုံးဝကို အံ့ဩသွားကြတယ်။ လူသားကောင်လေးက သူတို့ဆီကို တည့်တည့်ကြီး လာနေတာကိုး။
ရေလူသား အဖွားအိုရဲ့ တန်ခိုးက သူတို့ကို လူသားတွေရဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်အောင် ဖုံးကွယ်ထားပေးရမှာလေ။ ဒါပေမဲ့ ဒီကောင်လေးက ရေတွေကို ဖောက်မြင်နေရသလိုမျိုး သူတို့ဆီ စိုက်ကြည့်နေတာပဲ။
မိုက်ကယ်က ရေလူသားတွေကို ဝန်းရံထားတဲ့ ရေအကာအကွယ်ရဲ့ အနားသတ်ဆီ ရောက်လာပြီး ခြေလှမ်းတွေကို မဖြစ်မနေ ရပ်တန့်လိုက်ရတယ်။
ရေလူသား အဖွားအိုက သက်ပြင်းချရင်း စိတ်အေးသွားရှာတယ်။ သူမရဲ့ ရေတန်ခိုးက သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာက သန္တာကျောက်တန်းတွေ၊ သတ္တုတွေလိုပဲ မာကျောတာလေ။ လူသားကောင်လေးအနေနဲ့ သူတို့ မလွတ်မြောက်ခင် ဒါကို မြန်မြန်ဆန်ဆန် ဖောက်ထွက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်ပါဘူး။
သူမက လက်ကို ယမ်းလိုက်ပြီး ရေအကာအကွယ်ရဲ့ ဂုဏ်သတ္တိကို ပြောင်းလဲလိုက်တယ်။ ၎င်းရဲ့ မာကျောတဲ့ အပြင်ဘက်အခွံကို ထိန်းထားဆဲ ဖြစ်ပေမဲ့ အခုဆိုရင် အလင်းနဲ့ အသံ နှစ်ခုလုံး အထဲကို ဖြတ်သန်းသွားနိုင်ပြီ ဖြစ်တယ်။
"မင်းက ဘယ်သူလဲ၊ ပြီးတော့ အတ္တလန်တစ်ရဲ့ မင်းသမီးဆီက ဘာလိုချင်လို့လဲ" လို့ ရေလူသား အဖွားအိုက သံသယစိတ်နဲ့ မေးလိုက်တယ်။ "မင်း ဒီလိုလုပ်ရပ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ဖြစ်သွားနိုင်တယ်ဆိုတာ မသိဘူးလား"
မိုက်ကယ်က ဆရီနာကို ကြည့်လိုက်တော့ သူမမျက်လုံးထဲက မျှော်လင့်ချက်မဲ့နေတဲ့ အကြည့်တွေကို မြင်လိုက်ရတယ်။ "သူမက မင်းတို့နဲ့ လိုက်ချင်ပုံမရဘူး။ ပြီးတော့ သူမက မင်းသမီးဆိုရင် မင်းတို့က သူမ လိုချင်တဲ့အရာကို လိုက်လုပ်ပေးရမှာ မဟုတ်ဘူးလား။ ဒါက ပြန်ပေးဆွဲတာများ ဖြစ်နေမလား"
ရေလူသား အဖွားအိုက သူ့မေးခွန်းကို ပြန်မဖြေဘဲ စူးစမ်းတဲ့ မျက်လုံးတွေနဲ့သာ စိုက်ကြည့်နေတယ်။ "မင်းက ငါ့ရဲ့ တန်ခိုးတွေကို ဘယ်လိုလုပ် ဖောက်မြင်နိုင်တာလဲ"
သူက ပခုံးတွန့်ပြလိုက်တယ်။ "မြင်နိုင်လို့ပေါ့"
သူ့ရဲ့ ဒရုန်းအမြင်အာရုံကြောင့် ဒီရေအကာအကွယ်ကို တစ်မိုင်အကွာကတည်းက မြင်နေရတာလို့တော့ သူ သူမကို ပြောပြမှာ မဟုတ်ပါဘူး။ အဲဒါက ရေလယ်ခေါင်မှာ လင်းထိန်နေတဲ့ အလင်းလုံးကြီးအတိုင်းပဲလေ။
ထပ်ပြီး အထင်လွဲတာတွေ မဖြစ်အောင် ဆရီနာက ကြားထဲက ဝင်ပြောလိုက်တယ်။
"ဒါက မိုက်ကယ် ဗန်ဒါဘစ် လေ။ သူက အခု မက်ထရိုပိုလစ်မှာ ရှိတဲ့ လူငယ်မျိုးဆက်တွေထဲမှာ ပါရမီအရှိဆုံးလို့ အမွှန်းတင်ခံထားရတဲ့သူ။ မင်း အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်ကို သိတယ်မလား။ သူက ကစားပွဲတစ်ခုမှာ သူတို့ကို အနိုင်ယူနိုင်ခဲ့တာ"
ရေလူသား အဖွားအိုရဲ့ မျက်နှာမှာ အံ့ဩတုန်လှုပ်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
သူမရဲ့ အလုပ်တာဝန်အရ တော်ဝင်တိုက်ကြီးမှာ ရှိတဲ့ အင်အားအကောင်းဆုံး လူသားတွေအကြောင်းကို သိထားတာပေါ့။ ကောင်းကင်ဘုံစစ်သည်တော်တွေနဲ့ သူတို့ရဲ့ ပါရမီရှင်တွေ၊ ပြီးတော့ မှော်ပညာရှင်တွေနဲ့ သူတို့ရဲ့ ပါရမီရှင်တွေ အားလုံးကိုပေါ့။
ဒါကြောင့် အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ဟာ လူသားတွေရဲ့ အင်အားနဲ့ဆိုရင် ဘယ်လောက်တောင် သန်မာလဲဆိုတာ သူမ ကောင်းကောင်း သိတာပေါ့။
ဒါပေမဲ့ ဒီကောင်လေးအကြောင်းကိုတော့ သူမ တစ်ခါမှ မကြားဖူးပါဘူး။
"အဲဒါက မဖြစ်နိုင်တာကြီးပဲ။ သူတို့က သူတို့ရဲ့ ကျင့်စဉ်နယ်ပယ်မှာ အထွတ်အထိပ် ရောက်နေကြတာလေ၊ သူကတော့ အလယ်အလတ်အဆင့်မှာပဲ ရှိသေးပုံရတာကို"
"တကယ်ပါ အဘွားရဲ့။ သမီးတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ" လို့ ဆရီနာရဲ့ အခြံအရံတွေက ပြောလိုက်တယ်။
"ပြီးတော့ အဲလ်ရစ်က သူ့ရဲ့ ကျင့်စဉ်အထွတ်အထိပ်မှာတင် ရှိနေတာ မဟုတ်ဘူး။ သူက အဲဒါကို ကျော်လွန်သွားပြီ။ သူက သန္ဓေဝိညာဉ် နယ်ပယ်ကို ရောက်သွားတာ" လို့ ဆရီနာက ရှင်းပြလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ကျန်တဲ့ ရေလူသားတွေတောင် သူတို့ရဲ့ တည်ငြိမ်မှုကို မထိန်းနိုင်ကြတော့ဘူး။
"သန္ဓေဝိညာဉ်"
"အဲလ်ရစ်လို ငယ်ငယ်လေးနဲ့ လူသားတစ်ယောက်က အဲဒီနယ်ပယ်ကို ရောက်သွားတာလား"
"လူသားတွေက နောက်ထပ် အင်အားကြီး စစ်သည်တော်တစ်ယောက် ရသွားပြန်ပြီပေါ့..."
သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် ရေလူသားတွေက မက်ဂ်နက်တစ် ကျင့်စဉ်အပေါ် ဘယ်လို မြင်လဲဆိုတာ ထင်ရှားနေတာပဲ။ ဘာပဲဖြစ်ဖြစ် သန္ဓေဝိညာဉ် နယ်ပယ်ကို ရောက်သွားတဲ့ လူသားတစ်ယောက်နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လုံးဝ မရင်ဆိုင်ဖို့ သူတို့အားလုံးကို သင်ကြားထားတာကိုး။
ရေလူသားတွေက လူသားတွေထက် ပိုသန်မာတယ်လို့ ပြောလို့ရပေမဲ့ သန္ဓေဝိညာဉ် နယ်ပယ်ကို ရောက်သွားတဲ့အခါမှာတော့ အဲဒီအချက်က ပြောင်းလဲသွားပြီလေ။
"မင်းတို့အားလုံး တုံ့ပြန်ပုံ လွဲနေပြီ။ ဒီလူသားကောင်လေးက သန္ဓေဝိညာဉ် နယ်ပယ်မှာ ရှိနေတဲ့ အဲလ်ရစ်ကို ကစားပွဲတစ်ခုမှာ နိုင်ခဲ့တာလို့ ပြောတာ"
ဒါပေမဲ့ ရေလူသား အဖွားအိုကတော့ သံသယရှိနေတုန်းပဲ။ အဲဒါက အမှန်တရားဖြစ်ဖို့အတွက် သိပ်ကို စိတ်ကူးယဉ်ဆန်လွန်းနေတာကိုး။
"မင်းသမီး ဆရီနာ။ ငါ မင်းနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တယ်" လို့ မိုက်ကယ်က ကောင်းကင်ယံကနေ လှမ်းအော်လိုက်တယ်။
ပြီးတော့ ဘာသတိပေးချက်မှ မရှိဘဲ သူက အောက်ကို ဆင်းလာပြီး သူ့အိတ်ကတ်ထဲက သဟဇာတဓါးကို ထုတ်လိုက်ကာ သူ့လက်ထဲမှာ အစွမ်းထက်ဆုံး လက်နက်တစ်ခုကို ပုံဖော်လိုက်တော့တယ်။
သူက သူ့ရဲ့ ဓားကို လွှဲယမ်းလိုက်ရာ ၎င်းရဲ့ သဟဇာတ အမှုန်အမွှားတွေက ရေမှုန်တွေကို သန့်စင်တဲ့ မြူခိုးတွေအဖြစ် လောင်ကျွမ်းပစ်လိုက်တယ်။ ၎င်းရဲ့ မျက်နှာပြင်ပေါ်မှာ ပြတ်ရှရာတစ်ခု ပေါ်လာပြီး ရေအကာအကွယ်တစ်ခုလုံး ပူဖောင်းတစ်လုံးလို 'ဖောက်' ခနဲ ပေါက်ထွက်သွားတော့တယ်။
"ဘာ" လို့ ကျန်တဲ့ ရေလူသားတွေက ရင်သပ်ရှုမော ဖြစ်သွားကြတယ်။
အောက်ကနေ ဒါကို စောင့်ကြည့်နေတဲ့ ရေလူသား အဖွားအိုဟာ သူမရဲ့ ကိုယ်ပိုင်တန်ခိုးက သူတို့အပေါ် မိုးရေလို စီးဆင်းကျလာတဲ့ ရေငွေ့တွေအဖြစ် ပြောင်းလဲသွားတာကို မြင်ပြီး ဆွံ့အမှင်တက်သွားရတယ်။
"...."
"ဟုတ်တယ်... ဆက်လုပ် မိုက်ကယ်" လို့ ဆရီနာက အားပေးအော်ဟစ်လိုက်တယ်။
မိုက်ကယ်က ရေထဲကို ဆင်းလာပြီး အကြွင်းမဲ့သဟဇာတအကာအကွယ်က အလုပ်လုပ်ကာ ရေတွေကို ကာကွယ်ပေးတဲ့ အလွှာတစ်ခုကို ဖန်တီးပေးလို့ သူ ရေမစိုဘဲ ဖြစ်နေခဲ့တယ်။
ရေလူသား အဖွားအိုက မိုက်ကယ်ကို စိုက်ကြည့်ရင်း ဆရီနာပြောနေတဲ့အရာတွေထဲမှာ အမှန်တရား အနည်းငယ် ရှိကောင်းရှိနိုင်တယ်ဆိုတာကို စတင် နားလည်လာပုံရတယ်။
သူမရဲ့ ရေအကာအကွယ်က ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့တော့ မပျက်စီးသင့်ဘူးလေ။
ဖြစ်နိုင်တာကတော့ အံ့ဩစရာအကောင်းဆုံးအပိုင်းက ဒီလို အစွမ်းထက်တဲ့ ကောင်လေးက လူသားတွေရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းတွေထဲမှာ မပါဝင်တာပဲ ဖြစ်ရမယ်။ အဲဒါက သူ့ရဲ့ စစ်မှန်တဲ့ ပါရမီကြောင့် သက်သက်ပဲ။
"မိုက်ကယ်။ မြို့စားကတော်က ပြောတယ် မင်း နတ်သူငယ်အရှင်သခင်မ ဘယ်မှာ နေလဲဆိုတာ သိတယ်ဆို၊ ဟုတ်လား" လို့ ဆရီနာက သူမကိုယ်သူမ သက်သေပြချင်စိတ်တွေ ပြင်းပြနေရင်း မေးလိုက်တယ်။
သူက ခေါင်းငြိမ့်ပြတယ်။ "ဒါကြောင့်ပဲ ငါ ဒီကို ရောက်နေတာလေ"
"မင်း ဒါကို သက်သေပြနိုင်မလား" လို့ ရေလူသား အဖွားအိုက မေးတယ်။ "မင်းရဲ့ အင်အားကိုတော့ ငါ မယုံကြည်ဘဲ မနေနိုင်ပေမဲ့ နတ်သူငယ်အရှင်သခင်မ အကြောင်း မင်းပြောတာကိုတော့ ဒီအတိုင်း ယုံကြည်ရုံနဲ့ လက်မခံနိုင်ဘူး။ ဒါက ရေလူသား မျိုးနွယ်စုတစ်ခုလုံးအတွက်တင်မကဘဲ ယေဘုယျအားဖြင့် မှော်သားရဲတွေအားလုံးအတွက်ပါ သိပ်ကို အရေးကြီးလို့ပဲ"
သူက ခေါင်းငြိမ့်ပြတယ်။ "ရတာပေါ့။ ခဏလေး စောင့်ဦး"
သူက သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်ပြီး ဗီဗီကို သူတို့ရဲ့ ဌာနချုပ်ကနေ မျှားခေါ်ဖို့ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်တယ်။ အဲဒါက လွယ်ပါတယ်လေ။ သူ ပြောလိုက်တာက စားသုံးဖို့ အဆင်သင့်ဖြစ်နေတဲ့ အံ့ဩတုန်လှုပ်စရာ စိတ်ခံစားချက်တွေ အများကြီး ရှိနေတယ်လို့ ကတိပေးလိုက်တာပဲ။
မကြာခင်မှာပဲ သူ့ခြေဖဝါးအောက်က အရိပ်က အကာအကွယ်တစ်ခုလို ပုံပြောင်းသွားပြီး တစ်စက္ကန့်အကြာမှာပဲ ပျောက်ကွယ်သွားကာ ရေလူသားတွေရဲ့ ရှေ့မှာ လင်းထိန်နေတဲ့ ဗီဗီရဲ့ ပုံရိပ် ပေါ်လာတော့တယ်။
နတ်သူငယ်အရှင်သခင်မဆိုတဲ့ သူမက လက်နှစ်ဖက်ကို ဆန့်တန်းပြီး လေထဲမှာ ပျံဝဲနေရင်း သူမရဲ့ နောက်ကွယ်မှာ နတ်သူငယ်မှုန့်တွေ ကြွေကျကျန်ရစ်ခဲ့တယ်။
"ရှင် ကတိတည်ဖို့ မျှော်လင့်ပါတယ် မစ္စတာ ရီနေးတား" လို့ ဗီဗီက သူ့ကို ပြောလိုက်တယ်။
"အေးပါ... အေးပါ..."
အဲဒီအချိန်မှာပဲ ဗီဗီက သူမရဲ့ ခေါင်းကို ချက်ချင်း လှည့်လိုက်ပြီး သူမရှေ့မှာ ရှိနေတဲ့ ရေလူသားတွေကို ကြည့်လိုက်တယ်။
"အိုး... သိပ်ကို များပြားလှတဲ့ အံ့ဩစရာတွေပဲ။ ငါ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အဝစားလို့ ရပြီ"
ရေလူသားတွေက ဗီဗီကို သူတို့ရှေ့မှာ တည့်တည့်ကြီး မြင်လိုက်ရတဲ့အခါ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိကြတော့တယ်။ သူတို့ထဲက တချို့ဆိုရင် သူတို့ရဲ့ အံ့ဩမှုကို ပြသတဲ့အနေနဲ့ လည်ပင်းက ပါးဟက်တွေကိုတောင် မသိစိတ်ကနေ ဖွင့်လိုက်မိကြရှာတယ်။
ဆရီနာတောင် အံ့ဩသွားပြီး မိုက်ကယ်က နတ်သူငယ်တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သူ့ရှေ့ကို ဒီလိုမျိုး ရိုးရိုးလေးပဲ တယ်လီပို့ လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။
"ကြည့်ပါဦး၊ အဲဒါက ယုံရခက်မှန်း ငါ သိပါတယ်၊ ဒါပေမဲ့ သူမက သာမန် နတ်သူငယ်တစ်ယောက် မဟုတ်ဘူး" လို့ သူက သူ့ရဲ့ အခြေအနေကို ရှင်းပြလိုက်တယ်။ "သူမက တကယ်တော့"
"နတ်သူငယ်အရှင်သခင်မ" လို့ ရေလူသား အဖွားအိုက အော်ဟစ်လိုက်ပြီး ရေထဲကို နက်ရှိုင်းစွာ ငုပ်လျှိုးကာ ရိုသေလေးစားစွာနဲ့ ရေအောက် အရိုအသေပေးမှုကို ပြုလုပ်လိုက်တော့တယ်။
* * * * * * * *
စာစဉ်(၅၄)
အခန်း(၆၄၂)
ရေလူသားတွေအားလုံးဟာ ရေထဲမှာ ဝပ်စတွင်းချလိုက်ကြပြီး သူတို့အပေါ်မှာ ပျံဝဲနေတဲ့ သေးငယ်ပြီး ကလူမြူတူးနေတဲ့ နတ်သူငယ်လေးဆီကို သူတို့ရဲ့ အမြင့်ဆုံး အရိုအသေကို ပြသလိုက်ကြတယ်။
"ဘာလဲ... သူတို့က ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး မှတ်မိသွားကြတာလဲ" လို့ သူက ညည်းတွားလိုက်မိတယ်။ သူမရဲ့ အမူအရာနဲ့ အနေအထိုင်တွေက ဘယ်လိုမှကို ဘုရင်မတစ်ပါးရဲ့ အရှိန်အဝါမျိုး မရှိတာတောင်မှ သူတို့က သူမကို ပစ်ဇီဘုရင်မကြီးမှန်း ခွဲခြားနိုင်ကြတာကို သူ ဘယ်လိုမှ မယုံနိုင်ဘဲ ဖြစ်နေရတာလေ။
"ဟိဟိ... ကျွန်မ ပြောသားပဲ မစ္စတာရီနေးတားရဲ့။ ကျွန်မက အစစ်အမှန်ကြီးပါဆို" လို့ ဗီဗီက သူမရဲ့ နှာခေါင်းလေးကို ပွတ်ရင်း ကြွားလုံးထုတ်လိုက်တယ်။
ရေလူသား အဖွားအိုက ရေပြင်ပေါ်ကို တက်လာပြီး ခေါင်းကို ငုံ့ထားကာ မျက်လုံးချင်းမဆုံမိအောင် ရှောင်ရင်း ဗီဗီကို စကားပြောရှာတယ်။
"အမြင့်မြတ်ဆုံးသော အရှင်သခင်နဲ့ ခုလို မျက်မှောက်ပြုခွင့်ရတာ ကျွန်မတို့အတွက်တော့ သိပ်ကို ဂုဏ်ယူစရာကောင်းလှပါတယ်"
သူမအနားမှာရှိတဲ့ တခြား ရေလူသားတွေကလည်း သူမရဲ့ စကားကို တစ်လုံးမကျန် လိုက်ဆိုကြတာပေါ့။
"ဟိဟိ... တွေ့ရတာ ဝမ်းသာပါတယ်လို့" သူမက ရေတွေကို အားရပါးရ ရိုက်ခတ်လိုက်ရင်း ပြောလိုက်တာမို့ ရေပြင်ပေါ်မှာ လှိုင်းတွန့်တွေ ဗရဗွတ်ဖြစ်သွားတော့တယ်။
ဗီဗီက သူတို့ရဲ့ ယဉ်ကျေးမှု အတိုင်း နှုတ်ဆက်လိုက်တဲ့အတွက် ရေလူသားတွေဟာ ချက်ချင်းပဲ အုန်းအုန်းကြွကြွ စိတ်လှုပ်ရှားသွားကြတာပေါ့။
ဓလေ့ထုံးတမ်းအရဆိုရင် ရေပြင်ကို ညင်ညင်သာသာ တစ်ချက်ပဲ ပုတ်ရတာလေ။ ဗီဗီလုပ်သလိုမျိုး အများကြီးလုပ်တာက တကယ်တော့ ရိုင်းရာကျတယ်လို့ သတ်မှတ်လို့ရပေမဲ့ အမြင့်မြတ်ဆုံးသော အရှင်သခင်က သူတို့ကို အရင်ဆုံး နှုတ်ဆက်တယ်ဆိုတဲ့ အချက်ကတင် သိပ်ကို အံ့ဩဖို့ကောင်းနေပါပြီ။
"ကျွန်မတို့က အရှင်သခင်မရဲ့ အလိုအတိုင်းပါပဲ... အို... အမြင့်မြတ်ဆုံးသော အရှင်သခင်"
ဗီဗီအပေါ် ထားရှိတဲ့ သူတို့ရဲ့ သဘောထားကတော့ လုံးဝဥဿုံ နာခံမှုအပြည့်ပဲ။ သူမက စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ သူတို့က ဘာမေးခွန်းမှ မမေးဘဲ သူမခိုင်းသမျှကို လုပ်ကြမယ့် ပုံစံမျိုးပေါ့။
"မိုက်တယ်" ဗီဗီက သူမလက်ထဲက တန်ခိုးအာဏာကို သဘောကျပြီး စိတ်လှုပ်ရှားသွားတယ်။ "မင်းတို့တွေ လင်းပိုင်လိုမျိုး အော်ပြနိုင်မလား။ အူး... အူး... ဝေလငါးလိုမျိုး မင်းတို့ရဲ့ ပါးဟက်တွေထဲကနေ ရေတွေ မှုတ်ထုတ်နိုင်မလား။ နေဦး... ရေလူသားတွေရဲ့ ဆံပင်က ရေမှော်ပင်တွေနဲ့ လုပ်ထားတာလို့ ငါ ကြားဖူးတယ်။ ငါ စမ်းကြည့်လို့ရမလား"
ဗီဗီက သူမ စိတ်ထဲရှိတာမှန်သမျှကို လျှောက်ပြောပြီး တောင်းဆိုမှုတွေကို အားရပါးရ လုပ်နေတော့တယ်။
ပြီးတော့ သိပ်ကို အံ့ဩဖို့ကောင်းတာက ရေလူသားတွေက ဘာမေးခွန်းမှ မမေးဘဲ သူမပြောတဲ့အတိုင်း တသမတ်တည်း လိုက်လုပ်ကြတာပဲ။
ပထမဆုံးအနေနဲ့ သူတို့က ပါးစပ်တွေကို ဖွင့်ပြီး လင်းပိုင်တွေရဲ့ အသံမျိုးနဲ့ တူတဲ့ စူးရှရှအသံတွေကို ဖန်တီးလိုက်ကြတယ်။ ပြီးတော့ ပင်လယ်ထဲကို ငုပ်လျှိုးသွားပြီး သူတို့ရဲ့ ပါးဟက်တွေကို ဖွင့်ကာ ရေတွေကို အစွမ်းကုန် စုပ်ယူလိုက်ကြပြီးမှ ရေပြင်ပေါ် ပြန်တက်လာပြီး ပါးဟက်တွေထဲကနေ ရေတွေကို မှုတ်ထုတ်လိုက်ကြတာပေါ့။
အထူးဆန်းဆုံးအပိုင်းကတော့ ဒီရေလူသားတွေက ရှက်ရွံ့နေတဲ့ ပုံစံမျိုး လုံးဝ မပေါက်တာပဲ။ တကယ်တော့ သူတို့က ဂုဏ်ယူနေတဲ့ ပုံတောင် ပေါက်သေးတယ်။
ရေလူသား အဖွားအိုတောင်မှ ဗီဗီအတွက် ဒီလို ဆန်းဆန်းပြားပြား မျက်လှည့်တွေ ပြသနေရတာကို မရှက်မကြောက်ဘဲ လုပ်နေရှာတယ်။ ပစ်ဇီဘုရင်မကြီးက သူမရဲ့ ပြသမှုကို တောင်းဆိုတာမို့ ဂုဏ်ယူမိတယ်လို့ ခံစားနေရတာပေါ့။
ပြီးတော့ ဗီဗီရဲ့ နောက်ဆုံး တောင်းဆိုမှုအတွက် ရေလူသားတွေက သူတို့ရဲ့ ဆံပင်တွေကို ဆုပ်ကိုင်ပြီး ခေါင်းပေါ်ကနေ ဆွဲနှုတ်ဖို့ ပြင်လိုက်ကြတယ်။
နေဦး... သူတို့ရဲ့ ဆံပင်တွေက တကယ်ကြီး ရေမှော်ပင်တွေနဲ့ လုပ်ထားတာလား။
'မဟုတ်ပါဘူး... ဗီဗီက လမ်းဘေးက အခြေအမြစ်မရှိတဲ့ စာအုပ်တစ်အုပ်ထဲက ကောလာဟလကို ကြားဖူးရုံတင်ပါ။ စာအုပ်ထဲက အကြောင်းအရာတွေကို အကျဉ်းချုပ် သိချင်ပါသလား' လို့ နိုဗာ က ပြောလိုက်တယ်။
ဒါက လွန်သွားနိုင်တယ်ဆိုတာ သိလိုက်တာမို့ သူ ဝင်တားရမယ်ဆိုတာ နားလည်လိုက်တယ်။
"ဗီဗီ... တော်လောက်ပြီ။ သူတို့ ဆံပင်တွေက ရေမှော်ပင်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူး"
သူ အဲလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ရေလူသားတွေက သူ့ကို ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့စရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်လာကြတော့တယ်။
အဲဒါက ပစ်ဇီဘုရင်မကြီးလေ။ ဒါပေမဲ့ ဒီလူသားကောင်လေးက သူမကို လူသားကလေးတစ်ယောက်လိုမျိုး အမိန့်ပေး ညွှန်ကြားနေတာ ဖြစ်နေလို့ပဲ။
ရေလူသားတွေက ပစ်ဇီဘုရင်မကြီးအတွက် စိတ်ဆိုးဒေါသထွက်သွားကြတယ်။ မိုက်ကယ်ရဲ့ ရိုင်းစိုင်းမှုအတွက် သူတို့က ပြစ်တင်ဆုံးမချင်နေကြတာပေါ့။
အမြင့်မြတ်ဆုံးသော အရှင်သခင်တွေကိုတော့ အရိုအသေပေးပြီး ဂုဏ်ပြုရမှာလေ။
"လူသား မိုက်ကယ်... မင်း ပစ်ဇီဘုရင်မကြီးကို ဒီလိုမျိုး စကားမပြောနိုင်ဘူးဆိုတာ သိသင့်တယ်" လို့ ရေလူသား အဖွားအိုက တင်းမာတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "မင်းရဲ့ အမှားကို ပြင်ဆင်ဖို့အတွက် မင်းပါ ငါတို့နဲ့အတူ ပူဇော်ချီးမွမ်းခြင်းမှာ ပါဝင်တာက ပိုကောင်းလိမ့်မယ်..."
သူမ စကားကိုတောင် ဆုံးအောင် မပြောနိုင်ခင်မှာပဲ ဗီဗီက မိုက်ကယ်ဆီကို ပျံသန်းလာပြီး သူ့ရဲ့ ပုခုံးပေါ်မှာ နားလိုက်တော့တယ်။
"ဟိဟိ ဆောရီးနော်... ငါ စိတ်လွန်သွားလို့။ နင် ငါ့ကို စိတ်ခံစားချက်တွေ စားခွင့် ပေးဦးမှာမလား"
သူက ခေါင်းငြိမ့်ပြလိုက်တယ်။ "ရပါတယ်... ဒါပေမဲ့ နည်းနည်းပဲနော်... ဟုတ်ပြီလား"
"ဟုတ်ကဲ့"
ဗီဗီက သူ့ရဲ့ ပုခုံးပေါ်မှာပဲ နေပြီး သူမရဲ့ ကိုယ်ပိုင် ဆိုဖာတစ်ခုလိုမျိုး သူ့ရဲ့ ညှပ်ရိုးလေးပေါ်မှာ မှီတွယ်ကပ်ချွဲနေတော့တယ်။
"...."
ရေလူသားတွေကတော့ လုံးဝကို ပြောစရာစကားမဲ့သွားကြရတယ်။ သူတို့ အခုလေးတင် မြင်တွေ့လိုက်ရတဲ့ အရာကို ဘယ်လို နားလည်ရမလဲဆိုတာ မသိတော့ဘူး ဖြစ်နေရှာတယ်။
ပစ်ဇီဘုရင်မကြီးက လူသားကောင်လေးတစ်ယောက်ရဲ့ အမိန့်ကို နာခံနေတာပေါ့။
သူမက နိမ့်ကျတဲ့ သတ္တဝါတစ်ကောင်လို ဖြစ်နေပြီး သူက အမြင့်မြတ်ဆုံးသော အရှင်သခင် ဖြစ်နေသလိုပဲ။ သူတို့ရဲ့ အခန်းကဏ္ဍတွေက လုံးဝကို ပြောင်းပြန် ဖြစ်နေခဲ့ပြီ။
"ဘယ်လိုဖြစ်ပြီး..."
ဆရီနာတောင်မှ မှင်တက်မိနေရှာတယ်။ မြို့စားကတော်က သူမကို မိုက်ကယ်က ပစ်ဇီဘုရင်မကြီး ရှိတဲ့နေရာကို သိတယ်လို့ပဲ ပြောပြခဲ့တာလေ။ သူမက အဲဒါကို သူက သူမနဲ့ နတ်သူငယ်တွေအပေါ် ရိုကျိုးတာ ဒါမှမဟုတ် ရင်းနှီးတာမျိုးပဲလို့ မှတ်ယူခဲ့တာပေါ့။
ဒါပေမဲ့ သူမ မြင်လိုက်ရတဲ့ အရာအရတော့ ပစ်ဇီဘုရင်မကြီးက သူ့အပေါ်မှာ ရိုကျိုးနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
"...ပစ်ဇီဘုရင်မကြီး" လို့ ရေလူသား အဖွားအိုက အားတင်းပြီး မေးရှာတယ်။ "ကျွန်မရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ... ဒါပေမဲ့ အရှင်က ဘာလို့ ဒီလူသားကောင်လေးကို နာခံနေရတာလဲဟင်"
ဗီဗီက မိုက်ကယ်ရဲ့ ပုခုံးပေါ်မှာ ထိုင်လိုက်ရင်း "အို... အဲဒါက ကျွန်မနဲ့ နတ်သူငယ်တွေ အားလုံးက သူ့ရဲ့ နိုင်ငံသားတွေ ဖြစ်နေလို့လေ။ ကျွန်မတို့က ရီနေးတား ပြည်သူတွေပေါ့" လို့ ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။
ရေလူသားတွေက သူတို့ အခုလေးတင် သိလိုက်ရတဲ့ သတင်းအချက်အလက်ကို နှလုံးသွင်းနေကြတာမို့ တစ်မိနစ်နီးပါးလောက် တိတ်ဆိတ်မှုကြီး စိုးမိုးသွားခဲ့တယ်။
နတ်သူငယ်တွေက... ရီနေးတား ပြည်သူတွေ ဟုတ်လား။ ပစ်ဇီဘုရင်မကြီးကောပဲလား။
ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးတာမို့ ရေလူသားတွေက ဘယ်လို တုံ့ပြန်ရမလဲဆိုတာတောင် မသိတော့ဘူး ဖြစ်နေရှာတယ်။ ဘယ်အမြင့်မြတ်ဆုံးသော အရှင်သခင်ကမှ သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို တခြားနိုင်ငံတစ်ခုဆီ... အဲဒါကမှ လူသားနိုင်ငံတစ်ခုဆီ လွှဲအပ်ခဲ့တာမျိုး မရှိခဲ့ဘူးလေ။
ပြီးတော့ ပစ်ဇီဘုရင်မကြီးက အင်အားအကြီးဆုံး နိုင်ငံကို ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူး။ အချမ်းသာဆုံး နိုင်ငံကို ရွေးခဲ့တာလည်း မဟုတ်ပြန်ဘူး။
သူမက အသက် တစ်ဆယ့်သုံးနှစ်အရွယ် လူသားကောင်လေးတစ်ယောက် အုပ်ချုပ်တဲ့ နိုင်ငံကို ရွေးချယ်ခဲ့တာ ဖြစ်နေတယ်။
ဒါက တွေးတောလို့ မရနိုင်တဲ့ အရာပဲ။ ရူးသွပ်မှုရဲ့ အစွန်းအဖျားကို ရောက်နေသလိုမျိုးပေါ့။
"ဘယ်လိုဖြစ်ပြီး... ဘာလို့လဲ" လို့ ရေလူသား အဖွားအိုက နားလည်နိုင်ဖို့ ရုန်းကန်ရင်း မေးရှာတယ်။
"ဟွန်း..." ဗီဗီက မျက်လုံးလေးမှိတ်ပြီး တွေးတောလိုက်တယ်။ "အဲဒါက... ကျွန်မက မစ္စတာရီနေးတားကို သဘောကျလို့လေ။ ဒရာဂွန်ဘွန်းတွေကိုလည်း သဘောကျတယ်။ မစ္စတာ လူမေ့ကိုလည်း သဘောကျတယ်။ အရိပ်ဝံပုလွေတွေကိုလည်း သဘောကျတယ်... အဲဒီက အရာအားလုံးကို သဘောကျတာပေါ့"
ဒါပေါ့... ရေလူသားတွေကတော့ ဘာမှ နားမလည်နိုင်သေးပါဘူး။ တကယ်လို့ သူတို့က တော်ဝင်တိုက်ကြီးမှာ ကြီးပြင်းလာခဲ့တဲ့ လူသားတွေ ဖြစ်နေရင်တောင်မှ နားလည်မှာ မဟုတ်ဘူးလေ။
လူတွေက နားလည်နိုင်ဖို့အတွက် ရီနေးတား နိုင်ငံတော်ကို ကိုယ်တိုင် ခံစားသိရှိဖို့ လိုအပ်တာကိုး။
ရေလူသား အဖွားအိုက ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး နောက်ဆုံးတော့ မိုက်ကယ်ကို မော့ကြည့်ကာ သူ့ရဲ့ အကူအညီကို တောင်းခံဖို့ သတ္တိမွေးလိုက်ရှာတယ်။
"ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါ" လို့ သူမက ပြောတယ်။ "ဆာ မိုက်ကယ်... ကြီးမြတ်လှတဲ့ ပစ်ဇီဘုရင်မကြီး... ကျေးဇူးပြုပြီး ကုန်းပေါ်က ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရှင်တို့ရဲ့ အင်အားကို ငှားရမ်းပေးကြပါဦး"
ဆရီနာကလည်း ထပ်လောင်းပြောရှာတယ်။ "ကျွန်မတို့ နတ်သူငယ်တွေရဲ့ အကူအညီကို လိုအပ်ပါတယ်... ကျွန်မတို့ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက်ပါ"
သူမ အဲလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဗီဗီက တစ်ခုခုကို သတိရသွားပုံနဲ့ မတ်တတ် ချက်ချင်း ထရပ်လိုက်တယ်။ "အာ... အဲဒါကြောင့်ကိုး"
ဘာမှ မသိသေးတဲ့ သူကတော့ သူမဆီကနေ ရှင်းလင်းချက်တချို့ကို တောင်းဆိုလိုက်တာပေါ့။
"ကျွန်မ မှော်သားရဲ တစ်ပိုင်းသတ္တဝါနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ အဲဒါကို လုံးဝ မေ့သွားတာပဲ။ ကျွန်မ အချိန်အတော်ကြာအောင် လူတစ်ပိုင်းသတ္တဝါတွေကိုပဲ တွေ့နေခဲ့ရလို့ ဖြစ်လိမ့်မယ်" လို့ ဗီဗီက လျှာတသပ်သပ်နဲ့ ပြောလိုက်တယ်။
"မှော်သားရဲ တစ်ပိုင်းသတ္တဝါ ဟုတ်လား... သူတို့က လူတစ်ပိုင်းသတ္တဝါတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား" လို့ သူက သူမကို မေးလိုက်တယ်။
ဆရီနာက ခေါင်းခါပြရင်း ရှင်းပြရှာတယ်။ "အရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင်တော့ လူတစ်ပိုင်းသတ္တဝါတွေနဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေက အတူတူပါပဲ။ သူတို့က တိရစ္ဆာန်တွေ၊ မိစ္ဆာတွေနဲ့ သဘာဝချင်း တူညီကြတဲ့ သူတွေလေ။
ဒါပေမဲ့ သူတို့နှစ်ခုကြားမှာ အဓိက ကွဲပြားတဲ့အချက် တစ်ခု ရှိတယ်။
မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေက ကျွန်မတို့ရဲ့ ပင်လယ်ဧကရာဇ်၊ ဒါမှမဟုတ် နဂါးဘုရင်မကြီး၊ ဒါမှမဟုတ် နတ်မျိုးနွယ်လိုမျိုး အမြင့်မြတ်ဆုံးသော အရှင်သခင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိကြတယ်။
ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် ကျွန်မတို့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေက သူတို့ရဲ့ တန်ခိုးအာဏာနဲ့ အင်အားတွေကို ခွဲဝေခံစားခွင့် ရှိကြပြီး ပုံမှန် လူတစ်ပိုင်းသတ္တဝါတွေ မတတ်နိုင်တဲ့ စွမ်းရည်တွေကို ရရှိစေတာပေါ့"
ဒါက သူ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ သူက အဲဒီ အမြင့်မြတ်ဆုံးသော အရှင်သခင်တွေက လူတစ်ပိုင်းသတ္တဝါ အမြောက်အမြားကို အုပ်ချုပ်တယ်ဆိုတာပဲ သိထားတာလေ။ ဒါပေမဲ့ သူတို့အောက်က မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေမှာ မတူညီတဲ့ တန်ခိုးတွေ ရှိနေတယ်ဆိုတာကိုတော့ သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။
ဒါကြောင့် မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေ အားလုံးက လူတစ်ပိုင်းသတ္တဝါတွေ ဖြစ်ကြပေမဲ့ လူတစ်ပိုင်းသတ္တဝါတွေ အားလုံးကတော့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေ မဟုတ်ကြဘူးပေါ့။
ပြီးတော့ တစ်နည်းနည်းနဲ့ ဒီမှော်သားရဲ တစ်ပိုင်းသတ္တဝါတွေမှာ ရှိတဲ့ တန်ခိုးက တန်ခိုးစွမ်းရည်နဲ့ ဆက်နွှယ်မှု တစ်ခုခု ရှိနေပုံရတယ်။
* * * * * * * *