အခန်း (၆၄၅-၆၄၆)
Vol. 54 Ch. 645-646
အခန်း(၆၄၅)
သူက အဲဒီအကြောင်းကို ပိုတွေးမိလေလေ၊ ရိုလာကိုစတာ တည်ဆောက်ရေးအတွက် ချက်ချင်းပဲ ပြင်ဆင်မှုတွေ စတင်ချင်လေလေ ဖြစ်နေတော့တယ်။
မှော်ကျင့်စဉ်က ရေလူသားတွေအားလုံးအတွက် ပြဿနာတစ်ခု ဖြစ်နေပုံရတာမို့ ဒါက သူ့ရဲ့ ရည်မှန်းချက်ဈေးကွက်မှာ လူပေါင်း သန်းနဲ့ချီ၊ ဒါမှမဟုတ် ဘီလီယံနဲ့ချီ ရှိနေနိုင်တယ်လို့ ဆိုလိုတာပဲ။ တကယ်လို့ သူသာ ရိုလာကိုစတာ လက်မှတ်တစ်စောင်ကို သဲဒင်္ဂါး တစ်ပြားတည်းနဲ့ ဈေးနှုန်းသတ်မှတ်မယ်ဆိုရင်တောင် တစ်ရက်ကို ရေလူသားတစ်ထောင်က လက်မှတ်ဝယ်စီးရုံနဲ့ ဆယ်ရက်အတွင်း သဲဒင်္ဂါး ၁၀၀၀၀ ရနိုင်မှာပေါ့။
ပြီးတော့ အဲဒီ ရေလူသားတွေက ရိုလာကိုစတာကို တစ်ရက်ထဲမှာတင် အကြိမ်ကြိမ် ပြန်စီးတာမျိုးလည်း ဖြစ်နိုင်သေးတာမို့ သူ ဖြစ်ချင်တဲ့ ပန်းတိုင်ဆီကို အများကြီး ပိုပြီး စောစောစီးစီး ရောက်သွားနိုင်ကောင်းရဲ့။
ဒါပေမဲ့ အဲလိုဖြစ်လာဖို့ကတော့ ပထမဆုံးအနေနဲ့ သူ ကတ်စတမ်မာ တစ်ထောင်လောက် ဆွဲဆောင်နိုင်ဖို့ လိုတာပေါ့။
ပထမဆုံးအနေနဲ့ သူက ရိုလာကိုစတာက ရေလူသားတွေအပေါ်မှာ တကယ်ပဲ အာနိသင်ရှိရဲ့လားဆိုတာကို သိရအောင် သူတို့ကို အရင်ဆုံး စီးခိုင်းကြည့်လိုက်တယ်။ တကယ်လို့ အဆင်ပြေတယ်ဆိုရင်တော့ သူ ရိုလာကိုစတာအသစ်တစ်ခု ထပ်ပြီး ဆောက်နေဖို့တောင် မလိုတော့ဘူးလေ။
"မင်းတို့တွေ သွားပြီး စမ်းစီးကြည့်ကြပါလား" လို့ သူက အကြံပြုလိုက်တယ်။
ဆရီနာနဲ့ တခြား ရေလူသားတွေကလည်း ရိုလာကိုစတာကို စမ်းစီးကြည့်ဖို့ သိပ်ကို ဝမ်းသာအားရ ဖြစ်နေကြပုံရတယ်။ သူတို့မှာ မှော်ကျင့်စဉ်ကို ရနိုင်တော့မယ့် အလားအလာလေး ရှိနေတာနဲ့တင် သူတို့ကို ရင်ခုန်စိတ်လှုပ်ရှားစေသလို နည်းနည်းလည်း ကြောက်စိတ်ဝင်စေတယ်လေ။
သူက သူ့ရဲ့ အခွင့်အာဏာကို သုံးပြီး ရေလူသားတွေကို လူတန်းရဲ့ အရှေ့ဆုံးဆီ ရွှေ့ပေးလိုက်တယ်။ ဒါကို တန်းစီနေတဲ့လူတွေက ကြားဖြတ်ခံရလို့ ညည်းညူကြတာပေါ့၊ ဒါပေမဲ့ သူက သူတို့ကို အလကား စီးလို့ရမယ့် ကူပွန်တစ်ခုစီ ပေးပြီး ဖြေရှင်းလိုက်တယ်။
"ကျေးဇူးပြုပြီး မင်းတို့ရဲ့ ပစ္စည်းတွေကို သော့ခတ်တဲ့ ဘီရိုထဲမှာ ထားခဲ့ပေးပါ" လို့ ရီနေးတားက ရိုလာကိုစတာ ဝန်ထမ်းလေးက ပြောတယ်။
ဆရီနာနဲ့ ရေလူသား အဖွားအိုကလည်း ရိုလာကိုစတာပေါ် မတက်ခင်မှာ သူတို့ရဲ့ သိပ်ကို အဖိုးတန်လှတဲ့ ပုလဲဆွဲကြိုးတွေကို တခြားလူတွေလိုပဲ သော့ခတ်တဲ့ ဘီရိုထဲမှာ ထည့်ထားခဲ့ရရှာတယ်။
သူတို့က စူးစမ်းလိုစိတ်တွေ၊ ပြီးတော့ နည်းနည်း စိုးရိမ်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ထိုင်ခုံတွေထဲကို သတိထားပြီး ဝင်ထိုင်လိုက်ကြတယ်။ အခုလို တကယ်တမ်း နေရာကို ရောက်လာပြီး ဧရာမ ရိုလာကိုစတာကြီးရဲ့ ခန့်ညားထည်ဝါမှုကို မြင်လိုက်ရတော့ သူတို့ နည်းနည်းတော့ ရင်တုန်မိတာပေါ့။
ဝန်ထမ်းက ထိုင်ခုံမှာ မြဲမြံသွားအောင် သူတို့ရဲ့ ရင်ဘတ်ဆီကို အကာအကွယ်တံခါးကို တွန်းပိတ်ပြီး ချုပ်ပေးလိုက်တယ်။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပစ္စတင်တွေကနေ ဂတ်စ်တွေ ပန်းထုတ်လိုက်ပြီး ရှူးခနဲ အသံကြီး မြည်သွားကာ ရိုလာကိုစတာကြီးက စတင် ရွေ့လျားသွားတော့တယ်။
ရိုလာကိုစတာ ရထားကြီးက သင့်တော်တဲ့ အမြင့်တစ်ခုအထိ ဖြည်းဖြည်းချင်း တက်သွားပြီးတဲ့နောက်မှာတော့ ၉၀ ဒီဂရီနီးပါးလောက် ရှိတဲ့ မတ်စောက် ချောက်ထဲကို ထိုးဆင်းပစ်လိုက်တာမို့ သူတို့ရဲ့ အရှိန်က သိပ်ကို မြန်ဆန်သွားတော့တယ်။
ပုံမှန်ဆိုရင် ဒီလောက်အထိ မမြန်ပေမဲ့ ဒါက ရေလူသားတွေရဲ့ မှော်ကျင့်စဉ်ကို လှုံ့ဆော်ပေးနိုင်မလားဆိုတာကို သိချင်လို့ သူက အင်ဂျင်နီယာတွေကို အရှိန်မြှင့်ခိုင်းထားတာလေ။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရိုလာကိုစတာကြီးက ရပ်တန့်သွားပြီး အကာအကွယ်တံခါး ပွင့်သွားတာမို့ သူတို့တွေ အောက်ကို ဆင်းနိုင်ခဲ့ကြပြီ။
"ဘယ်လိုလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။
ရေလူသား အဖွားအိုက မိုက်ကယ်ကို ကြည့်ပြီး ကြမ်းပြင်ပေါ်မှာ ချက်ချင်းပဲ ဝပ်စတွက် လိုက်တော့တယ်။
"ငါ့ရဲ့ မှော်ကျင့်စဉ်က အနှစ်နှစ်ဆယ်အတွင်း ဒီလောက်အထိ မလှုပ်ခတ်ခဲ့ဖူးဘူး" လို့ သူမက ပြောရှာတယ်။ "ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ငါတို့ ပထမဆုံး တွေ့တုန်းက ငါ့ရဲ့ ရိုင်းစိုင်းမှုတွေအတွက်လည်း တောင်းပန်ပါတယ်။ ငါ့ကိုယ်ငါ စောစောကတည်းက မိတ်ဆက်ပေးခဲ့သင့်တာ။ ငါ့နာမည်က မွိုင်းရန်နာ ပါ၊ မင်းသမီး ဆရီနာရဲ့ အထိန်းတော်ပေါ့"
"ရပါတယ်ဗျာ။ တွေ့ရတာ ဝမ်းသာပါတယ် မွိုင်းရန်နာ" လို့ သူက သူမကို ပြန်ပြောလိုက်တယ်။
"ဒါက သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ မိုက်ကယ်ရဲ့" လို့ ဆရီနာက ချီးကျူးစကား ဆိုတယ်။ "ကုန်းပေါ်မှာ ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့အရာ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
တခြား ရေလူသားတွေကလည်း ရိုလာကိုစတာအပေါ်မှာ ဒီလိုပဲ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရှိကြတာမို့ ဒါက ကောင်းတဲ့လက္ခဏာပဲ ဖြစ်သင့်တယ်။ ဒါပေမဲ့ မိုက်ကယ်ကတော့ အားမရသေးဘူး။
သူက ဗီဗီ့ဘက် လှည့်ပြီး စီးနေတုန်းမှာ ဘာတွေမြင်ခဲ့လဲလို့ မေးလိုက်တယ်။
"သူတို့ တကယ်ကြီး စိတ်လှုပ်ရှားနေကြတာပေါ့။ ဒါပေမဲ့ လူသားတွေလောက်တော့ မဟုတ်ဘူး။ ဥပမာအနေနဲ့ လူသားတွေရဲ့ စိတ်ခံစားချက်က ၁၀၀ ရာခိုင်နှုန်းအထိ ထိပ်ဆုံး ရောက်တယ်ဆိုရင် ရေလူသားတွေက ၄၀ ရာခိုင်နှုန်းလောက်ပဲ ရောက်တယ်"
ရေလူသားတွေအတွက်တော့ ဒါကတင် လုံလောက်နေပုံရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ စိတ်ခံစားချက် ၂၀ ရာခိုင်နှုန်းလောက် ပြသနိုင်တာကတောင် မက်ထရိုပိုလစ်မှာ သူတို့ ရနိုင်ခဲ့တာထက် အများကြီး ပိုကောင်းနေတာကိုး။
'ရေလူသားတွေအတွက် သီးသန့် ရိုလာကိုစတာတစ်ခု ဖန်တီးဖို့ဆိုရင် သူတို့ ဘာကို ကြောက်လဲဆိုတာ ငါ ရှာဖွေဖို့ လိုတယ်'
ဒါက သိပ်ကို အရေးကြီးတယ်။ သူက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လှုပ်ခတ်သွားစေချင်တာလေ။
တော်သေးတာပေါ့၊ ဒီမှာ မေးမြန်းလို့ရမယ့် ရေလူသားတွေ အများကြီး ရှိနေလို့ပဲ။
"မင်းတို့တွေ ကြောက်တဲ့အရာ ရှိလား။ မင်းတို့ရဲ့ ရင်ကို တဒိန်းဒိန်း ခုန်သွားစေမယ့် အရာမျိုးပေါ့"
ရေလူသားတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ မွိုင်းရန်နာကို လှည့်ကြည့်လိုက်ကြတယ်။
"ကသူလူး၊ ခရက်ကင် နဲ့ လီဗိုက်ယာသန် တို့လို အတ္တလန်တစ်ရဲ့ ရှေးဟောင်း ပင်လယ်နက် မိစ္ဆာကြီးတွေကတော့ ရေလူသားတိုင်းကို ကြောက်စိတ်ဝင်စေတဲ့ အရာတွေပေါ့" လို့ သူမက ဖြေတယ်။
(TR Note: ကသူလူး (စာရေးဆရာ H. P. Lovecraft ရဲ့ ဝတ္ထုထဲပါတဲ့ နတ်ဆိုးနာမည်)၊ ခရက်ကင် (နော်ဝေနဲ့ အိုက်စလန် ပင်လယ်ပြင်တွေမှာ ရှိတတ်တယ်လို့ ဒဏ္ဍာရီလာရှိတဲ့ ရေဘဝဲဘီလူးကြီး)၊ လီဗိုက်ယာသန် (ဓမ္မဟောင်းကျမ်းထဲမှာ ပါဝင်ပြီး ပင်လယ်ရေပြင်ကို စိုးမိုးထားတဲ့ အစွမ်းထက် ရေဘီလူးကြီး))
သူက အဲဒီအဖြေကို တော်တော်လေး အံ့ဩသွားမိတယ်။ သူတို့က အတ္တလန်တစ်မှာ နေထိုင်ကြတာမို့ ပင်လယ်မိစ္ဆာတွေကို ကြောက်စိတ်မရှိလောက်ဘူးလို့ သူ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ သူတို့က ဒီမိစ္ဆာကြီးတွေအကြောင်းကို အနီးကပ် သိနေကြလို့ပဲ ပိုပြီး ကြောက်နေကြတာ နေမှာပါ။
'ဟင်း... ငါ ကသူလူးကို ဒီအထိတော့ ခေါ်မလာနိုင်ဘူးလေ။ အဲဒီ ရှေးဟောင်း မိစ္ဆာကြီးကို ရိုလာကိုစတာရဲ့ အရုပ်လိုမျိုး ဖြစ်အောင် အတင်းအကျပ် လုပ်ခိုင်းရင် ငါပဲ ငါးကင် ဖြစ်သွားလိမ့်မယ်'
"ဒါဆို ကုန်းပေါ်က အရာတွေကော။ မင်းတို့ မကြိုက်တဲ့အရာ ရှိလား"
သူတို့မှာ အဖြေမရှိကြဘူး။ သူတို့ တော်ဝင်တိုက်ကြီးကို ရောက်တာ သိပ်မကြာသေးသလို ရေလူသားတွေရဲ့ အားနည်းချက်ကိုလည်း မှတ်တမ်းတင်ထားတာမျိုး မရှိဘူးလေ။ သူတို့က ရေဓာတ်ခမ်းခြောက်မှာကိုတောင် မကြောက်ကြဘူး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တန်ခိုးက လေထုထဲနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်ကနေ ရေကို ထုတ်ယူနိုင်လို့ပဲ။
'ကဲလေ... သူတို့ကိုယ်တိုင်လည်း ဘာကို ကြောက်ရမှန်း မသိသေးတာ ဖြစ်နိုင်တာပဲ'
သူက ရှီနာကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ရေလူသားတွေဆီကနေ ကြောက်စိတ်ကို နှိုးဆွပေးနိုင်မယ့် အမျိုးမျိုးသော အရာတွေကို ပြင်ဆင်ခိုင်းလိုက်တယ်။
သူက အပင်တွေ၊ ကျောက်တုံးတွေ၊ သတ္တုတွေနဲ့ သူ တွေးမိသမျှ အရာအားလုံးကို စမ်းသပ်ကြည့်တော့တာပေါ့။
ဗီဗီကလည်း ရေလူသားတွေရဲ့ စိတ်ခံစားချက် တုံ့ပြန်မှု ရှိမလားဆိုတာကို သိရအောင် သူ့အနားမှာတင် စောင့်ကြည့်ပေးနေရှာတယ်။
သူတို့တွေ လေးနာရီလောက် ကြာသွားပြီး နမူနာပစ္စည်း ပေါင်းတစ်ထောင်လောက် စမ်းသပ်ပြီးတဲ့ နောက်မှာတော့ နောက်ဆုံးမှာ တစ်ခုခုကို ရှာတွေ့သွားခဲ့ပြီ။
ဆရီနာနဲ့ တခြား ရေလူသားတွေက စားပွဲအလယ်က ကျောက်တုံးတစ်ခုကို စိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားကြတယ်။
ဒီကျောက်တုံးက ပုံမှန်အတိုင်းပဲ ထင်ရပေမဲ့ သေသေချာချာ စိုက်ကြည့်လိုက်ရင် ကျောက်တုံးထဲမှာတင် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ အရာတစ်ခုရဲ့ အရိုးစုပုံသဏ္ဍာန်ကို မြင်နိုင်လိမ့်မယ်။ အဲဒါက ခရုခွံလို အခွံပါတဲ့ ရေနေသတ္တုဝါတစ်ကောင် ဖြစ်ပြီး မိုက်ကယ်ကတော့ အမ္မိုနိုက် လို့ အသိအမှတ်ပြုလိုက်မိတယ်။
"အံ့ဩဖို့ကောင်းလိုက်တာ..." လို့ ဆရီနာက ရင်ဘတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ရေရွတ်ရှာတယ်။ "ဒါက ငါတို့ရဲ့ ဘိုးဘေးပဲ"
"သူ့ရဲ့ အခွံပေါ်က ခရုပတ်ပုံစံတွေကို အခုထိ မြင်နေရသေးတယ်"
"ငါတို့ရဲ့ ရှေ့ဆောင်ဘိုးဘေးကို ဒီနေရာမှာ ရပ်ပြီး သက်သေခံခွင့်ရတာ သိပ်ကို မွန်မြတ်တဲ့ ဂုဏ်အင်္ဂါပဲ"
သူတို့ရဲ့ အကြည့်တွေထဲမှာ ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေတာပေါ့။ ဒါက အမ္မိုနိုက် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတင်ပဲ ဆိုပေမဲ့ သူတို့က ဒါကို သူတို့ တန်ဖိုးထားရမယ့် မွန်မြတ်တဲ့ အရာတစ်ခုလိုမျိုး ဆက်ဆံနေကြတာ။
"ဒီကျောက်ဖြစ်ရုပ်ကြွင်းက ဘာတွေ ထူးခြားလို့လဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။
"ဒီကမ္ဘာပေါ်က သက်ရှိအားလုံးက ပင်လယ်ထဲကနေ မွေးဖွားလာခဲ့တာဆိုတာ မင်း သိလား။ ငါတို့ ကမ္ဘာကြီး စတင် မွေးဖွားခါစတုန်းကတော့ ဘာမှမရှိတဲ့၊ အဆုံးမရှိတဲ့ ဗလာကျင်းနေတဲ့ ပင်လယ်ကြီးပဲ ရှိခဲ့တာ။ ပြီးတော့ ပင်လယ်နတ်ဘုရားရဲ့ ကျေးဇူးကြောင့် သူက စကားတစ်ခွန်း တိုးတိုးလေး ပြောရုံနဲ့ ငါတို့ ကမ္ဘာကြီးဆီကို သက်ရှိတွေကို အပ်နှင်းပေးခဲ့တာ။
ငါတို့က ရေလူသားတွေ၊ လူသားတွေ၊ လူတစ်ပိုင်းသတ္တဝါတွေနဲ့ သားရဲလူသားတွေ အားလုံးဟာ ပင်လယ်နတ်ဘုရားရဲ့ စကားသံကနေ ဆင်းသက်လာကြတဲ့ သွေးမျိုးဆက်တွေမို့ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေကြတယ်လို့ ယုံကြည်ကြတယ်။
ဒီသတ္တဝါနဲ့ တခြား ကမ္ဘာမြေပေါ်ကနေ ကွယ်ပျောက်သွားကြပြီဖြစ်တဲ့ ပင်လယ်ရဲ့ သားသမီးတွေ အားလုံးက ငါတို့ကို အသက်ရှင်စေဖို့အတွက် သူတို့ရဲ့ အသက်တွေကို စတေးစွန့်လွှတ်ခဲ့ကြတာမို့ သန့်စင်မွန်မြတ်တယ်လို့ သတ်မှတ်ကြတယ်။
ပြီးတော့ သတ္တဝါက ပိုပြီး ရှေးကျလေလေ၊ ငါတို့က သူ့ရဲ့ အကြွင်းအကျန်တွေကို ပိုပြီးထိတ်လန့်မိလေလေပဲ။ သူတို့က ပင်လယ်ကြီး မွေးဖွားလာတာကိုကော၊ ငါတို့ သိထားတဲ့ သက်ရှိတွေ ဖြစ်တည်လာတာကိုပါ မျက်မြင်တွေ့ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"
မွိုင်းရန်နာက ကျောက်ဖြစ်ရုပ်ကြွင်းအပေါ် သူမရဲ့ ချီးကျူးကြည်ညိုမှုကို ဖော်ပြနေတုန်းမှာပဲ ဗီဗီက မွိုင်းရန်နာ့ဆီကနေ အံ့ဩစရာကောင်းတဲ့ စိတ်ခံစားချက်တွေ အလုံးအရင်းနဲ့ ထွက်လာတာကို ရုတ်တရက် မြင်လိုက်ရတယ်။
သူမရဲ့ စိတ်ခံစားချက် အင်အားက လူသားတွေ ရိုလာကိုစတာကို ပထမဆုံးအကြိမ် စီးတဲ့အချိန်မှာ ခံစားရတာမျိုးနဲ့တောင် ယှဉ်နိုင်နေတာပဲ။ အဲဒါက ၁၀၀ ရာခိုင်နှုန်း ထိပ်ဆုံးအထိကို ရောက်သွားခဲ့ပြီ။
"မိုက်ကယ်... မိုက်ကယ်..." လို့ ဗီဗီက သူမ ရှာတွေ့သွားတဲ့အရာကို သူ့ကို ချက်ချင်း လှမ်းပြောလိုက်တော့တယ်။
* * * * * * * *
စာစဉ်(၅၄)
အခန်း(၆၄၆)
ရေလူသားတွေရဲ့ ရှေးဟောင်းသတ္တဝါတွေအပေါ် ထားရှိတဲ့ ချစ်ခြင်းနဲ့ ကြည်ညိုလေးစားမှုက ဘယ်လောက်တောင် ပြင်းထန်လဲဆိုရင် သူတို့ရဲ့ ရင်ထဲမှာ ဧရာမ စိတ်လှုပ်ရှားမှုလှိုင်းကြီးကို ရုတ်တရက် ပေါက်ကွဲထွက်လာစေနိုင်တဲ့အထိပဲ။
ဒါက တကယ့်ကို သတင်းကောင်းအစစ်ပဲ။ နောက်ဆုံးတော့ သူတို့ရဲ့ တာအိုနှလုံးသားကို လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားခဲ့ပြီလေ။
'ငါ ရိုလာကိုစတာ နှစ်ခု လုပ်လို့ရတာပဲ' လို့ သူ သဘောပေါက်သွားတယ်။ တစ်ခုက ပင်လယ်မိစ္ဆာတွေကို သက်ရှိထင်ရှားအတိုင်း စက်ရုပ်တွေနဲ့ ပုံတူဖန်တီးထားတဲ့ စိတ်လှုပ်ရှားစရာ ပုံမှန် ရိုလာကိုစတာမျိုး ဖြစ်ပြီး တခြားတစ်ခုကတော့ သူတို့ရဲ့ ရှေးဟောင်းသတ္တဝါတွေအပေါ် ထားတဲ့ ကြည်ညိုမှုကို လှုံ့ဆော်ပေးနိုင်မယ့် ကျောက်ဖြစ်ရုပ်ကြွင်းတွေ ပါဝင်တဲ့ အေးအေးလူလူ စီးရမယ့် အပြင်အဆင်မျိုးပေါ့။
သူ့ကိုယ်သူ ရိုလာကိုစတာ နှစ်ခုတည်းနဲ့တင် ကန့်သတ်ထားဖို့ မလိုပါဘူး။ ရေလူသားတွေအတွက် သီးသန့်ရည်ရွယ်တဲ့ အပန်းဖြေဥယျာဉ်ကြီးတစ်ခုလုံးကိုတောင် တည်ဆောက်လို့ ရသေးတာပဲ။ ဒါဆိုရင် သူတို့ရဲ့ တာအိုနှလုံးသားကို သန်မာအောင် လုပ်ချင်တဲ့ ရေလူသားတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မယ့်အပြင် ရေလူသားတွေရဲ့ ကမ္ဘာကို အတွေ့အကြုံယူချင်တဲ့ လူသားတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရနိုင်လိမ့်မယ်။
သူ အပန်းဖြေဥယျာဉ်တစ်ခု တည်ဆောက်ချင်နေတာ သိပ်ကို ကြာလှပြီဖြစ်ပြီး အခုတော့ အဲဒါကို လုပ်ဖို့အတွက် အခွင့်အရေး ရသွားခဲ့ပြီ ထင်ရတာပဲ။
သူက ချက်ချင်းပဲ ခွင့်ပန်လိုက်ပြီး မက်ထရိုပိုလစ်မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ်ဆီကို တယ်လီပို့နဲ့ ပြန်လာခဲ့တယ်။
သူက ပထမဆုံး ရိုလာကိုစတာကို ဒီဇိုင်းဆွဲခဲ့တဲ့ ရီနေးတားရဲ့ ပါရမီရှင် အင်ဂျင်နီယာ ဖြစ်သူ ခုန်းကို လိုက်ရှာလိုက်တယ်။ အရင်က ရလဒ်တွေကတင် သက်သေပြနေတာပဲလေ။ ခုန်းရဲ့ အကူအညီနဲ့ဆိုရင် ရေလူသားတွေအနေနဲ့ သူတို့ဆီမှာရှိတဲ့ သဲဒင်္ဂါးတွေအကုန်လုံးကို သူ့ဆီ ပုံအောပြီး သုံးစွဲပစ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့လောက်အောင် ဆွဲဆောင်မှုရှိတဲ့ အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနိုင်မယ်ဆိုတာ သူ သေချာပေါက် ယုံကြည်နေတယ်။
"သခင်... ကျွန်တော် ဘာလုပ်ပေးရမလဲ"
ခုန်းရဲ့ ဘေးပတ်ပတ်လည်မှာ ရီနေးတားရဲ့ တခြား အင်ဂျင်နီယာတွေ ဝိုင်းနေကြပြီး သူတို့ထဲက အများစုက ဟော့ဘ်မျောက်လူ မျိုးနွယ်တွေ ဖြစ်ကြတယ်။
"ငါ့လူတွေ.. ငါ့မှာ တည်ဆောက်ချင်တဲ့ အိုင်ဒီယာအသစ်တစ်ခု ရှိတယ်။ အဲဒါက ရိုလာကိုစတာပဲ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ရေလူသားတွေအတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ချင်တာ"
အင်ဂျင်နီယာတွေက တစ်ယောက်ကိုတစ်ယောက် အနေခက်သလို ကြည့်လိုက်ကြတယ်။
"အဆောက်အအုံ ဖွဲ့စည်းပုံကိုတော့ ကျွန်တော်တို့ ဆောက်ပေးနိုင်ပါတယ် သခင်။ ဒါပေမဲ့ ကျွန်တော်တို့က ရေလူသားတွေအကြောင်း ဘာမှ မသိဘူး ဖြစ်နေတယ်" လို့ ခုန်းက ဝန်ခံလိုက်တယ်။
အဲဒီနောက်မှာတော့ သူ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေကို ပြောပြလိုက်ပြီး ရေလူသားတွေရဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေဖို့အတွက် ပစ္စည်းနှစ်ခုကို အသုံးချပြီး ရိုလာကိုစတာတွေကို လုပ်မှာဖြစ်ကြောင်း ရှင်းပြလိုက်တယ်။
တစ်ခုအတွက်ကတော့ ကြောက်စရာကောင်းတဲ့ ပင်လယ်မိစ္ဆာ စက်ရုပ်တွေဖြစ်ပြီး တခြားတစ်ခုအတွက်ကတော့ အံ့သြစရာကောင်းတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပေါ့။
သူတို့က ဒီအိုင်ဒီယာကို စိတ်ဝင်စားသွားပုံရပေမဲ့ မျက်လုံးထဲမှာတော့ မသေချာသေးတဲ့ အရိပ်အယောင်လေးတွေ ရှိနေတုန်းပဲ။ ဒီအိုင်ဒီယာကို သေသေချာချာ အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြသေးတဲ့ ပုံစံမျိုးပေါ့။
"အခုလောလောဆယ်တော့ ရိုလာကိုစတာ နှစ်ခု ဆောက်ချင်တာ။ ဒါပေမဲ့ နောင်ကျရင် အပန်းဖြေဥယျာဉ်ကြီး ဖြစ်လာအောင် တခြား ဆွဲဆောင်မှုရှိတဲ့ အရာတွေကိုပါ ထပ်တိုးသွားလို့ ရတယ်။ ရေအောက်ထဲက ချားရဟတ်တွေ၊ မိုးရေပန်းဥယျာဉ်တွေ၊ ဧရာမ ငါးပြတိုက်ကြီးတွေနဲ့ တခြား အများကြီးပေါ့"
သူ့မှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ရှိနေပေမဲ့ သူ့ရဲ့ အင်ဂျင်နီယာတွေကတော့ သူ့အိုင်ဒီယာတွေကို အမီလိုက်ဖို့ ရုန်းကန်နေရတာကို သူ မြင်လိုက်ရတယ်။
ဒါက သူတို့အနေနဲ့ အပြင်အဆင်နဲ့ လုပ်ထားတဲ့ ကစားကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြလို့လည်း ဖြစ်နိုင်တာပေါ့။
[သူတို့ကို အပန်းဖြေဥယျာဉ်တွေရဲ့ နမူနာတစ်ခု ပြပေးစေချင်လား]
တကယ်ကြီးလား... အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့။
[ဒါက ကျွန်မရဲ့ ဆော့ဝဲလ်အပ်ဒိတ်ကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပေါ့] လို့ နိုဗာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။
[ဒါပေမဲ့ ကျွန်မအနေနဲ့... သူ့ရဲ့ အကူအညီတော့ လိုလိမ့်မယ်]
ဟာဘင်ဂျာက သူ့ရဲ့ စိတ်အာရုံကမ္ဘာထဲမှာ လက်ပိုက်ထားတဲ့ ပုံစံမျိုးနဲ့ ပေါ်လာတယ်။
| ကျေးဇူးပြု၍ ဆိုတဲ့ စကားလုံးကို ငါ မကြားလိုက်ရပါဘူး |
[... ကျွန်မရဲ့ ဝေါဟာရထဲမှာ အဲဒီစကားလုံး မရှိဘူး...]
မိုက်ကယ်က သူတို့ရဲ့ ကလေးကလား ရန်ဖြစ်မှုကို ကြားဖြတ်တားဆီးလိုက်ရတယ်။ မဟုတ်ရင်တော့ ရန်ဖြစ်ရတာကို ဝါသနာပါတဲ့ မောင်နှမနှစ်ယောက်လို အဆုံးမရှိ ငြင်းခုံနေကြတော့မှာလေ။
'ဟာဘင်ဂျာ... ကျေးဇူးပြုပြီး လုပ်ပေးလို့ ရမလား'
| ....ကောင်းပြီလေ... ဒီရိုလာကိုစတာက ငါတို့ကို ဝိညာဉ်ဆီတွေနဲ့ ပိုနီးစပ်အောင် လုပ်ပေးမှာမို့လို့ပဲ အလျော့ပေးလိုက်မယ် |
[ :P ]
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နိုဗာက သူ့ရဲ့ မှတ်ဉာဏ်ထဲက သတင်းအချက်အလက်တွေကို ဘယ်လို မျှဝေရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို ပေးလာတယ်။
သူ လုပ်ရမှာက အဝါရောင် ဟော့ဘ်မျောက်လူ အင်ဂျင်နီယာတွေကို စိုက်ကြည့်ပြီး သူတို့ကို နိုဗာရဲ့ အာရုံကြောကွန်ရက်ထဲ ဝင်ခွင့်ပြုလိုက်ဖို့ပဲ။
ရုတ်တရက်ဆိုသလို သူ့ရဲ့ နှလုံးသားထဲကနေ တန်ခိုးစွမ်းရည် ကြိုးမျှင်တန်းပေါင်းများစွာ ထွက်လာပြီး အင်ဂျင်နီယာတွေဆီကို ရောက်သွားကာ သူတို့ရဲ့ စိတ်ထဲကို ချိတ်ဆက်လိုက်တော့တယ်။
ခုန်းနဲ့ သူ့အဖွဲ့ဟာ နဖူးကို တည့်တည့် အထုခံလိုက်ရသလိုမျိုး အနောက်ကို လန်ကျသွားကြတယ်။ သူတို့ရဲ့ ဦးနှောက်ထဲမှာ မှတ်ဉာဏ်တွေ တဖျတ်ဖျတ် ပေါ်လာတာမို့ မျက်လုံးတွေ လန်တက်သွားပြီး မျက်ဖြူတွေပဲ မြင်နေရတော့တယ်။
သူတို့ဟာ မိုက်ကယ်ရဲ့ အမြင်အတိုင်း အပန်းဖြေဥယျာဉ်တစ်ခုထဲ လမ်းလျှောက်ဝင်သွားပြီး အတွင်းထဲကနေ အော်ဟစ်သံတွေ ထွက်ပေါ်နေတဲ့ မိုးထိလုမတတ် မြင့်မားလှတဲ့ အဆောက်အအုံကြီးတွေကို မြင်လိုက်ရတယ်။ လူသားတွေလို လှုပ်ရှားနေပြီး ဇာတ်ကောင်တွေကို သက်ရှိထင်ရှားအတိုင်း ဖြစ်စေတဲ့ စက်ရုပ်တွေကိုလည်း မြင်ကြရတယ်။
ပြီးတော့ သူတို့ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ လူသိများတဲ့ ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ နောက်ခံအပြင်အဆင်တွေကို ပတ်ဝန်းကျင်က မှတ်တိုင်တိုင်းမှာ အလှဆင်ထားတာကို တွေ့ရတယ်။ အစားအသောက်တွေကအစ ဥယျာဉ်ရဲ့ အပြင်အဆင်နဲ့ လိုက်ဖက်အောင် လုပ်ထားတာပေါ့။
ဒီဖြစ်စဉ်တစ်ခုလုံးက မီလီစက္ကန့် အနည်းငယ်ပဲ ကြာမြင့်ခဲ့ပေမဲ့ အင်ဂျင်နီယာတွေအတွက်ကတော့ ဘဝတစ်ခုစာလောက် မြင်လိုက်ရသလို ခံစားလိုက်ရတယ်။
အခုဆိုရင် သူတို့ဟာ ကိုယ်ပိုင် အပန်းဖြေဥယျာဉ်ကို ဆောက်လုပ်နိုင်မယ့် အသိပညာနဲ့ နည်းလမ်းတွေ ပြည့်နှက်သွားကြပြီ။
ဒီအတွေ့အကြုံကနေ သူတို့ ရရှိလိုက်တဲ့ အဓိက အချက်ကတော့ အပန်းဖြေဥယျာဉ်တွေဟာ လူငယ်တွေရော လူကြီးတွေကိုပါ ဆွဲဆောင်နိုင်တယ်ဆိုတာပဲ။ ဒါက စိတ်လှုပ်ရှားမှုကိုပဲ ရှာဖွေနေတဲ့သူတွေအတွက်တင် မဟုတ်ဘဲ လူတိုင်းအတွက် တစ်ခုခုတော့ ရှိနေစေတာမျိုးလေ။
အင်ဂျင်နီယာတွေအားလုံးရဲ့ ဦးနှောက်ထဲမှာ စိတ်ကူးစိတ်သန်းတွေ တရစပ် ပေါ်ထွက်လာတာကို သူ မြင်နေရတယ်။
သူတို့ဟာ အခု မိုက်ကယ်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စိတ်ကူးပုံရိပ်အတိုင်း ထပ်တူ မြင်နေကြပြီ ဖြစ်တယ်။ ဒါက ရေလူသား ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ အပန်းဖြေဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်း ပျော်ရွှင်စရာတွေကို ခံစားပြီး မှော်ဆန်တဲ့ အရာတစ်ခုခုကို ကြုံတွေ့နေရတဲ့ နေရာမျိုးပေါ့။
ပြီးတော့ နေ့ရက်တွေရဲ့ အဆုံးသတ်မှာတော့ ဒါကနေ သူတို့ ရရှိမယ့် သဲဒင်္ဂါး စုစုပေါင်း ပမာဏဟာ ထောင်နဲ့ချီပြီး ဒါမှမဟုတ် အဲဒီထက်မက ပိုများလာနိုင်တာပေါ့။
"ကျွန်တော်တို့ ဒါကို သေချာပေါက် လုပ်နိုင်ပါတယ် သခင်" လို့ ခုန်းက အလေးပြုရင်း ပြောလိုက်တယ်။
"ကောင်းပြီ... ငါ အခုကစပြီး မင်းတို့ကို ရီနေးတားရဲ့ ဖန်တီးမှုဗိသုကာအင်ဂျင်နီယာများလို့ ခေါ်လိုက်မယ်"
ခုန်းနဲ့ အင်ဂျင်နီယာတွေက သူတို့ရဲ့ ဘွဲ့အသစ်အတွက် ဂုဏ်ယူစွာနဲ့ ပြုံးလိုက်ကြတယ်။
မကြာခင်မှာပဲ သူတို့အဖွဲ့လေးဟာ ရိုလာကိုစတာ နှစ်ခုနဲ့အတူ ဘာတွေ ဆောက်လို့ရမလဲဆိုတာကို ဝိုင်းပြီး စိတ်ကူးထုတ်ကြတော့တယ်။
"စိတ်လှုပ်ရှားစရာ ရိုလာကိုစတာအတွက်ဆိုရင် ကစားကွင်းလမ်းကြောင်းကို ခရက်ကင်ရဲ့ ပါးစပ်ထဲကနေ ဖြတ်သွားအောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်" လို့ ခုန်းက ပြောတယ်။
"ဒါ ကောင်းတယ် ဆရာ။ ကျွန်တော်တို့ အဆောက်အအုံတွေကို ဆောက်တဲ့အခါ ပင်လယ်မိစ္ဆာတွေရဲ့ တကယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သုံးသင့်တယ် ထင်တယ်။ ဒါဆိုရင် ပိုပြီးတော့ တကယ့်အစစ်အတိုင်း ဖြစ်သွားမှာပေါ့"
"ဒါ လုပ်လို့ရတာပဲ။ ဒီလို ရှေးဟောင်း ပင်လယ်မိစ္ဆာတွေရဲ့ တကယ့် အရေခွံတွေ ပါဝင်တဲ့ ရှားပါးပစ္စည်းတွေကို ရောင်းတဲ့နေရာတွေ ရှိတယ်။ အဲဒါတွေကို ငါတို့ရဲ့ စက်ရုပ်တွေ လုပ်တဲ့နေရာမှာ သေချာပေါက် သုံးလို့ရတယ်"
သူတို့ဟာ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေရင်း စိတ်ကူးတွေကို တစ်ခုပြီးတစ်ခု အပြိုင်အဆိုင် ပြောလာကြတယ်။ သူတို့ တကယ့်ကို စိတ်အားထက်သန်နေကြပြီ ဖြစ်တယ်။
ဒီအလုပ်ကို ခုန်းနဲ့ အင်ဂျင်နီယာတွေကိုပဲ လွှဲပေးလိုက်တာ မှန်သွားမှန်း မိုက်ကယ် သိလိုက်တယ်။ သူတို့ရဲ့ အိုင်ဒီယာတွေက ရေလူသားတွေဆီကနေ ကြီးမားတဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်တာကို သူ မြင်နေရပြီလေ။ အစပိုင်းမှာတင် ခရက်ကင်ရဲ့ ပါးစပ်ထဲကို ဝင်သွားရမယ်ဆိုရင် သူတို့ အဲဒီ ရိုလာကိုစတာကို သေချာပေါက် ကြောက်လန့်သွားကြမှာပဲ။
"အပြင်အဆင် ကစားကွင်းအတွက်ကျတော့ ရှေးဟောင်းခေတ်ကို ပုံတူဖန်တီးထားတဲ့ လှေစီးတာမျိုး လုပ်လို့ရတယ်"
"ဟုတ်တယ်" လို့ ခုန်းက သဘောတူလိုက်တယ်။ "ကျွန်တော်တို့က မှော်ပညာနဲ့ စက်မှုအတတ်ပညာတွေကို သုံးပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သက်ရှိတွေလို လှုပ်ရှားလာအောင် လုပ်မှာ။ ဒါဆိုရင် ရေလူသားတွေအနေနဲ့ သမုဒ္ဒရာကြီးထဲမှာ ရှေးဟောင်းမိစ္ဆာတွေ ပြည့်နှက်နေခဲ့တဲ့ အတိတ်ခေတ်ဆီ ပြန်ရောက်သွားသလို ခံစားရစေမှာပေါ့"
မိုက်ကယ်က သူတို့ကို ဆက်ပြီး စိတ်ကူးထုတ်ခွင့် ပေးထားလိုက်တယ်။ အပြင်အဆင် ကစားကွင်း နှစ်ခုရဲ့ ဒီဇိုင်းကို အချောသပ်ဖို့အတွက် အချိန်အတန်ကြာဦးမှာမို့လို့ပဲ။
ဒါပေမဲ့ အဲဒါက သူ အခုကတည်းက အလုပ်မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
သူ ရှာဖွေဖို့ လိုအပ်တဲ့ အရာနှစ်ခု ရှိတယ်။
ပထမဆုံးအနေနဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လိုအပ်တယ်။ အဲဒါက ပျက်စီးယိုယွင်းမှုမရှိဘဲ မူလအတိုင်း ထိန်းသိမ်းထားတာမျိုးဆိုရင် သိပ်ကောင်းမှာပဲ။ ရေလူသားတွေအနေနဲ့ မိစ္ဆာကို သူတို့ရဲ့ ရှေ့တည့်တည့်မှာ မြင်တွေ့၊ ထိတွေ့ပြီး အနံ့ပါ ရနိုင်မယ်ဆိုရင် ကစားကွင်းရဲ့ အာနိသင်က ပိုပြီးတော့တောင် ကြီးမားလာလိမ့်မယ်။
ဒုတိယအနေနဲ့ကတော့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖို့ပဲ။ ဒါကိုတော့ သူ အများကြီး ရနိုင်ပါ့မလားဆိုတာ မသေချာဘူး ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် သူ လိုချင်တာက သမုဒ္ဒရာထဲကနေ ရလာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေလေ။ အဲဒါမျိုးတွေကိုတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ရေပြင်ဖြစ်ခဲ့ဖူးတဲ့ ကုန်းမြေတွေပေါ်မှာပဲ ရှာတွေ့နိုင်မှာ မဟုတ်လား။
* * * * * * * *