← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 54 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 54 Ch. 647-648

အခန်း(၆၄၇)

ဒီအရာနှစ်ခုလုံးက ရှာရခက်ပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ တကယ်လို့သာ ကျွမ်းကျင်တဲ့သူတစ်ယောက်ရဲ့ အကူအညီကို ရမယ်ဆိုရင်တော့ ပိုပြီး လွယ်ကူသွားမှာ သေချာတယ်။ တော်သေးတာပေါ့၊ သူက အဲဒီအတွက် အကွက်တိဖြစ်မယ့် လူတစ်ယောက်ကို သိနေခဲ့တယ်။

သူက ရီနေးတား ပါရမီရှင် အင်ဂျင်နီယာတွေရဲ့ အစည်းအဝေးခန်းထဲကနေ တယ်လီပို့တ်နဲ့ ထွက်လာခဲ့ပြီး ဘာနာဘီဘဏ္ဍာတိုက်ရဲ့ ရှေ့ဘက် အဝင်ဝကို ရောက်လာခဲ့တယ်။

လေလံပွဲပြီးကတည်းက ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ဒီနေရာကတော့ အရင်က ဖြစ်ပျက်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်တွေရဲ့ အရိပ်အယောင်တောင် မကျန်တော့ဘဲ ပြောင်လက်တောက်ပနေအောင် သန့်ရှင်းရေး လုပ်ထားပြီးသား ဖြစ်နေပြီ။

တံခါးဝက အစေခံက သူ့ကို မြင်လိုက်တာနဲ့ မျက်လုံးတွေ ပြူးသွားပြီး စိတ်လှုပ်ရှားကာ ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားရှာတယ်။

"ဆရာ... ဆရာ မိုက်ကယ်"

"ဘာနာဘီ ရှိလား" လို့ သူက မေးလိုက်တယ်။

"ဘာနာဘီ... ဘာနာဘီက သူ့ရုံးခန်းထဲမှာ ရှိပါတယ် ဆရာ" လို့ အဲဒီလူက အလေးပြုရင်း ပြောရှာတယ်။

သူတို့နှစ်ဦးကြားမှာ ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။

"ငါ အထဲဝင်လို့ရမလား" လို့ သူက နောက်ဆုံးတော့ မေးလိုက်မိတယ်။

"အာ... ရပါတယ် ရပါတယ် ရပါတယ်"

နောက်ဆုံးတော့ သူ အထဲကို ဝင်ခွင့်ရခဲ့ပြီး သူ လမ်းလျှောက်သွားစဉ်မှာ အဲဒီအစေခံရဲ့ အံ့ဩမှင်တက်နေတဲ့ အကြည့်တွေက သူ့နောက်ကို တစ်ကောက်ကောက် ပါလာတုန်းပဲ။

သူက ဒုတိယထပ်ကို တက်လာခဲ့ပြီး ဘာနာဘီရဲ့ ရုံးခန်းဆီကို လျှောက်လှမ်းလာခဲ့တယ်။

သူ တံခါးကိုတောင် မခေါက်ရသေးခင်မှာပဲ တံခါးက ဝုန်းခနဲ ပွင့်သွားပြီး ဘာနာဘီက သူ့ကို အထဲကနေ ကြိုဆိုလိုက်တော့တယ်။

"မိုက်ကယ်... ငါ အကြိုက်ဆုံး ဖောက်သည်ကြီးပါလား" ဘာနာဘီက သူ့လက်တွေကို အားရပါးရ လှုပ်ခါ နှုတ်ဆက်ရင်း ပြောလိုက်တယ် "နေကောင်းရဲ့လား ငါ့လူ"

ဟား... ဒီလူကတော့ တကယ့်ကို မြန်တာပဲ။ သူ့မှာ အက်စ်အက်စ်အက်စ်အဆင့် စွမ်းရည်တစ်ခုခု ရှိနေလို့များလား။

"နေကောင်းပါတယ်"

"လာ လာ ထိုင်ဦး" ဘာနာဘီက သူ့ကို ဆိုဖာဆီ ခေါ်သွားရင်း ပြောတယ် "ငါ့ဆီကို ဘာကိစ္စများ ရှိလို့လဲ။ မင်းက အခု ခရီးသွားဧည့်သည်တွေ လာမယ့်ကိစ္စအတွက် ပြင်ဆင်တာနဲ့ အလုပ်ရှုပ်နေရမှာ မဟုတ်ဘူးလား။ လူတိုင်းက ရေလူသားတွေကို ဆွဲဆောင်ဖို့အတွက် သဲဒင်္ဂါးတွေအကြောင်းပဲ အထပ်ထပ် ပြောနေကြပြီး တတ်နိုင်သမျှ အကုန်လုံးကို လုပ်နေကြတာလေ"

"တကယ်တော့ အဲဒီကိစ္စအတွက်ပဲ ငါ ဒီကို လာခဲ့တာပါ" လို့ သူက ပြောလိုက်တယ် "ငါ အခု ပရောဂျက်တစ်ခု လုပ်ဖို့ စီစဉ်နေလို့လေ။ အဲဒါကြောင့် ထူးဆန်းတဲ့ ကုန်ကြမ်းပစ္စည်း အနည်းငယ် လိုချင်လို့ပေါ့"

"ထူးဆန်းတဲ့ အရာတွေ ဟုတ်လား" ဘာနာဘီက မျက်ခုံးပင့်လိုက်တယ် "ကဲ... မင်း နေရာမှန်ကို ရောက်လာတာပဲ။ မင်း ဘာလိုချင်လို့လဲ။ ဖီးနစ်ငှက်မွေးတွေလား။ ရွှေဥတွေလား။ ဒါမှမဟုတ် ပုလင်းထဲက မိုးကြိုးလား"

"အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ငါ လိုချင်တာက ရှေးဟောင်း ပင်လယ်ရုပ်ကြွင်းတွေပါ"

ဘာနာဘီက ခဏလောက် မှင်တက်သွားပြီး သူ့ရဲ့ မေးနှစ်ထပ်ကို ကုတ်လိုက်တယ် "ဟင်း... ဒါကတော့ တကယ့်ကို ထူးဆန်းတဲ့ တောင်းဆိုမှုပဲ။ မင်း စိတ်ထဲမှာ သတ်သတ်မှတ်မှတ် တွေးထားတာမျိုး ရှိလဲ"

"ဘာမဆို ရပါတယ်။ ပင်လယ်သတ္တဝါတွေ ဖြစ်ဖို့ပဲ လိုတာပါ"

"မင်း ဘယ်နှစ်ခု လိုချင်လို့လဲ။ ငါးခုလား။ ဆယ်ခုလား"

"ပိုလိုချင်တယ်။ မင်း ရနိုင်သလောက် အများကြီးပေါ့"

ဘာနာဘီ အံ့ဩသွားတဲ့ ပုံစံပဲ။ ကြည့်ရတာ မိုက်ကယ် တည်ဆောက်နေတဲ့ ပရောဂျက်က သူ ထင်ထားတာထက် အများကြီး ပိုကြီးမားနေပုံရတယ်။

"မင်း ဘာကို ရည်ရွယ်နေလဲဆိုတာ ငါ မသိပေမဲ့ အဲဒါကို မြင်ရဖို့အတွက် သိပ်ကို စိတ်လှုပ်ရှားနေမိပြီ။

ကြည့်ရအောင်... ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာတော့ ရုပ်ကြွင်းအနည်းငယ် ရှိပေမဲ့ ပင်လယ်က လာတာတော့ တစ်ခုမှ မရှိဘူး။

ဒါပေမဲ့ ငါ့မှာ ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေနဲ့ အဆက်အသွယ် ရှိတာမို့ မင်း လိုချင်တဲ့အရာကို သူတို့ဆီက ရအောင် လုပ်ပေးနိုင်မှာပါ။ တကယ်လို့ ငါတို့ ကံကောင်းမယ်ဆိုရင်တော့ ပုံသဏ္ဍာန် မပျက်ဘဲ စုံလင်စွာ ထိန်းသိမ်းထားတဲ့ မီဂလိုဒွန်ငါးမန်းကြီးတစ်ကောင်တောင် ရနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါကို သူတို့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုထဲကနေ ရောင်းဖို့ လိုလိုလားလား ရှိမလားဆိုတာတော့ ငါ မသေချာဘူး"

ဘာနာဘီက ချက်ချင်းပဲ အလုပ်စလုပ်တော့တယ်၊ စာတစ်စောင် ရေးလိုက်ပြီး စာပို့ခိုကတစ်ဆင့် ပေးပို့လိုက်တယ်။

"သူတို့ ပြန်စာပို့ဖို့အတွက် တစ်ပတ်လောက်တော့ အချိန်ယူရလိမ့်မယ်။ ရက်အနည်းငယ်ကြာရင် ပြန်လာခဲ့လေ" လို့ ဘာနာဘီက ပြောလိုက်တယ်။

"ကောင်းပါပြီ။ ဒါပေမဲ့ ငါ့မှာ တခြား တောင်းဆိုစရာတစ်ခု ရှိသေးတယ်။ ငါ ပုံသဏ္ဍာန် မပျက်ဘဲ ထိန်းသိမ်းထားတဲ့ ပင်လယ်မိစ္ဆာတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ လိုချင်လို့ပါ"

ဘာနာဘီက တဟဟ ရယ်မောလိုက်တော့တယ် "ထိန်းသိမ်းထားတဲ့ ပင်လယ်မိစ္ဆာတွေ ဟုတ်လား။ မင်းက ရေလူသားတွေကို ခြောက်လှန့်ပြီး မောင်းထုတ်မလို့လား ဒါမှမဟုတ် ဘာလဲ" လို့ သူက နောက်ပြောင်ရင်း ပြောလိုက်တယ်။

"အင်း"

လူတိုင်းက သူတို့ကုမ္ပဏီတွေဆီ ရေလူသားတွေကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အလုပ်ရှုပ်နေကြချိန်မှာ မိုက်ကယ်ကတော့ လုံးဝ ဆန့်ကျင်ဘက်အရာကို လုပ်နေပုံရတယ် ဘာနာဘီက တစ်ခုခု ပြောချင်လို့ ပါးစပ်ဟလိုက်ပေမဲ့ နောက်ဆုံးတော့ ဘာမှမပြောဖို့ပဲ ရွေးချယ်လိုက်တော့တယ်။

"မင်းအကြောင်း သိရသလောက်တော့ မင်းမှာ လူတိုင်းကို အံ့အားသင့် မှင်တက်သွားစေမယ့် အရာတစ်ခုခု ရှိနေလို့နေမှာ မဟုတ်လား"

"မျှော်လင့်တာပဲလေ" လို့ သူက ပြန်ဖြေလိုက်တယ်။

"ကဲ... ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ထိန်းသိမ်းထားတဲ့ ပင်လယ်မိစ္ဆာ အစိတ်အပိုင်း အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက မင်းအတွက် လောက်ငလိမ့်မယ်လို့ ငါ မထင်ဘူး။ ဒီကိစ္စမှာတော့ မင်း ရက်ပ်တာရဲ့ အကူအညီကို တောင်းရလိမ့်မယ် ထင်တယ်။ သူတို့က မိစ္ဆာတွေရဲ့ အရေခွံကနေတစ်ဆင့် အဝတ်အစားတွေနဲ့ ချပ်ဝတ်တန်ဆာတွေ လုပ်တဲ့နေရာမှာ အထူးပြုကြတာလေ၊ ပင်လယ်ကလာတဲ့ မိစ္ဆာတွေလည်း ပါတာပေါ့"

မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။ ရက်ပ်တာရဲ့ ကုမ္ပဏီဖြစ်တဲ့ ခရိုကိုဒိုင်းလယ်သာကုမ္ပဏီဟာ အကြောင်းပြချက်မရှိဘဲ ရိုင်းဇင်းဆစ်အဖွဲ့ထဲ ပါဝင်နေတာ မဟုတ်တာမို့ သူ လိုအပ်တဲ့ အရာတွေ သေချာပေါက် ရှိနေမှာပဲ။

သူက ဘာနာဘီကို အကူအညီအားလုံးအတွက် ကျေးဇူးတင်ကြောင်း ပြောပြီး ခရိုကိုဒိုင်းလယ်သာကုမ္ပဏီဆီကို ထွက်ခွာလာခဲ့တယ်။

သူ ဘာနာဘီဘဏ္ဍာတိုက်ကနေ ထွက်လာတဲ့အခါ သူ့ရဲ့ ဒရုန်းကို ထုတ်လိုက်ပြီး သူ့ရှေ့မှာ ပျံဝဲနေစေလိုက်တယ်။ သူက ဒရုန်းရဲ့ ဘောင်ပေါ်က တံခါးအသေးလေးတွေကို ချက်ချင်း နှိပ်လိုက်ပြီး ၎င်းရဲ့ ရေဂီယိုထဲကို တိုက်ရိုက် တယ်လီပို့တ် လုပ်လိုက်တော့တယ်။

အထဲရောက်တာနဲ့ သူက ထိန်းချုပ်ခန်းဆီ တန်းတန်းမတ်မတ် သွားပြီး ဒရုန်းကို ကောင်းကင်ယံဆီ မောင်းနှင်လိုက်တယ်။ မကြာခင်မှာပဲ သူ သွားမယ့် ပန်းတိုင်ကို ရှာတွေ့ခဲ့တယ်။

ဘာနာဘီ ပေးလိုက်တဲ့ မြေပုံ မရှိရင်တောင် သူက ရက်ပ်တာရဲ့ ကုမ္ပဏီကို တစ်မိုင်အကွာကနေတင် အလွယ်တကူ လှမ်းမြင်နိုင်တယ်။ အဲဒါက ကောင်းဘွိုင်ဖိနပ်ပုံသဏ္ဍာန် ရှိတဲ့ ဧရာမ အဆောက်အဦးကြီးတစ်ခု ဖြစ်ပြီး တကယ့် သားရေအစစ်တွေနဲ့ လုပ်ထားတဲ့ ပုံစံမျိုးပဲ။

သူက ဒရုန်းထဲကနေ ထွက်လာခဲ့ပြီး အဝင်ဝဆီကို အသာအယာ လွင့်မြော ဆင်းသက်လိုက်တယ်။

"စိတ်မရှိပါနဲ့၊ ခွင့်ပြုချက်ရထားတဲ့…"

အစောင့်က သူ့ကို မောင်းထုတ်ဖို့ လုပ်လိုက်ပေမဲ့ သူ ဘယ်သူလဲဆိုတာကို ရိပ်မိသွားတယ် "မင်းက မိုက်ကယ် ဗန်ဒါဘစ် ပဲ"

"အင်း ဟုတ်တယ်။ ငါ ရက်ပ်တာနဲ့ စကားပြောလို့ ရမလား"

အစောင့်က ခေါင်းကို အဆက်မပြတ် ငြိမ့်ပြရင်း ချက်ချင်း တံခါးဖွင့်ပေးပြီး အဲဒီ ဧရာမ ကောင်းဘွိုင်ဖိနပ် အဆောက်အဦးကြီးထဲကို လမ်းပြ ခေါ်ဆောင်သွားတော့တယ်။

သူ အထဲကို လမ်းလျှောက်ဝင်လာတဲ့အခါ ဝန်ထမ်းတွေ အားလုံးက သူ့ကို အံ့ဩမှင်တက်နေတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေကြတာကို မြင်လိုက်ရတယ်။

နောက်ဆုံးတော့ သူတို့ ရက်ပ်တာရဲ့ ရုံးခန်းဆီ ရောက်လာခဲ့ကြတယ်။

"မိုက်ကယ်... ဟေး" ရက်ပ်တာက သူ့ကို လက်ချင်း ရိုက်နှုတ်ဆက်ရင်း ပြောလိုက်တယ် "မင်း ဘာကိစ္စရှိလို့ ဒီဘက် ရောက်လာတာလဲ"

"ငါ့ရဲ့ တောင်းဆိုမှုအတွက် မင်းနဲ့ စကားပြောရမယ်လို့ ကြားလို့လေ"

"အဲဒါက ဘာလဲ"

"ထိန်းသိမ်းထားတဲ့ ပင်လယ်မိစ္ဆာတွေလေ။ ပုံစံမပျက်ဘဲ ကောင်းမွန်လေလေ ပိုကောင်းလေပဲ"

ရက်ပ်တာကလည်း ဘာနာဘီလို အကြည့်မျိုးနဲ့ သူ့ကို ပြန်ကြည့်လာတယ်။ အမှန်တော့ လူတိုင်းက သူ့ရဲ့ တောင်းဆိုမှုအပေါ် ဇဝေဇဝါ ဖြစ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ ရေလူသားတွေက အဲဒီ သတ္တဝါတွေကို ကြောက်ရွံ့ကြတာမို့ ဒါက ဆန့်ကျင်ဘက်ကြီး ဖြစ်နေလို့လေ။

"အင်း... ငါ့ဆီမှာတော့ အဲဒါတွေ မရှိဘူး၊ ဒါပေမဲ့ ဘယ်မှာ ရနိုင်မလဲဆိုတာကိုတော့ ငါ ပြောပြနိုင်တယ်။ မက်ထရိုပိုလစ်ရဲ့ အနောက်ဘက် အနီးအနားတင် အဲလိုမျိုး အရာတွေကို အထူးပြုတဲ့ တံငါရွာဟောင်းတစ်ရွာ ရှိတယ်။ ငါ လွှတ်လိုက်တာလို့သာ သူတို့ကို ပြောလိုက်၊ မင်း လိုချင်တာ မှန်သမျှ အကုန်လုံးကို သူတို့ ရောင်းပေးပါလိမ့်မယ်"

ရက်ပ်တာက သူ့ကို အဲဒီတံငါရွာဆီ သွားရမယ့် လမ်းညွှန်ချက်တွေကို ပေးခဲ့ပြီး သူကလည်း သိပ်ကို ကျေးဇူးတင်သွားမိတယ်။

သူက ရက်ပ်တာနဲ့ စကားနည်းနည်း ထပ်ပြောပြီး အဆောက်အဦးတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုခဲ့တယ်၊ သူတို့ သွားလေရာ နေရာတိုင်းမှာလည်း ရက်ပ်တာရဲ့ ဝန်ထမ်းတွေက တစိမ့်စိမ့် စိုက်ကြည့်နေကြတုန်းပဲ။

သူ ထွက်ခွာခါနီးမှာပဲ ရက်ပ်တာက သူ့ကို တားလိုက်ပြီး တောင်းဆိုချက်အနည်းငယ် လုပ်ခဲ့တယ်။

"ဟေး... ဟို... ငါ့ကို ရီနာတီရို့စ်ဆိုဒါ တစ်ဗူးလောက် ပေးလို့ရမလား။ ငါ့ရဲ့ ဝန်ထမ်းတွေ အဲဒါကို သောက်ချင်နေကြတာ ကြာပြီ၊ ဒါပေမဲ့ ဘယ်တော့မှ ဝယ်လို့ မရဘူး ဖြစ်နေလို့"

"အင်း... ရတာပေါ့။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ငါ သေတ္တာအနည်းငယ် ပို့ပေးလိုက်ပါမယ်"

သူ အဲဒီလို ပြောလိုက်တာနဲ့ တစ်ခန်းလုံးက ဝန်ထမ်းတွေရဲ့ ဝမ်းသာအားရ အော်ဟစ်သံတွေ ဆူညံသွားတော့တယ်။

* * * * * * * *

ဒီလူနှစ်ယောက်ဆီကို သွားရောက်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ မှော်မျှော်စင်ဆီကို တန်းတန်းမတ်မတ် ထွက်လာခဲ့တယ်။

ဒီနေရာကို သူ လာလည်ဖို့ စိတ်ကူးနေတာ ကြာပြီ ဖြစ်ပေမဲ့ အချိန်မရခဲ့ဘူး ဖြစ်နေတာ။

အခုတော့ သူက ဘရက်စတန်ရဲ့ အကူအညီကို လိုအပ်နေတာမို့ လာလည်ချင်တာ ဖြစ်တယ်။

လည်ပတ်ပွဲ လေလံတုန်းက သူ ပြသခဲ့တာတွေကို ကြည့်ရသလောက်တော့ ဘရက်စတန်က အသက်ရှိသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေမယ့် မှော်ရုပ်သေးရုပ်တွေ ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်ပုံရတယ်။

မှော်ရုပ်သေးရုပ်တွေကို အတတ်နိုင်ဆုံး အသက်ဝင်လာအောင် လုပ်ဖို့အတွက် ဘရက်စတန်က မှော်ပညာနဲ့ တည်ဆောက်ထားတာ ဖြစ်ပါလျက်နဲ့ သူ့ရဲ့ ဝက်ကလေးတွေကို ဘယ်လိုမျိုး အသက်ဝင်အောင် လုပ်လဲဆိုတာကို သူ သင်ယူဖို့ လိုအပ်နေတာပေါ့။

သူက မှော်မျှော်စင်ရဲ့ အောက်ခြေကို ဝင်လာခဲ့ပြီး အရင်ကတည်းက ရောက်ဖူးနေကျ နေရာတစ်ခုလိုမျိုး စင်္ကြံတွေအတိုင်း လျှောက်လှမ်းလာခဲ့တယ်။

ကြည့်ရတာတော့ ဒီမှော်မျှော်စင်က ကင်းစ်ဘရစ်ချ်မြို့က ဆီဘက်စတီယန် နေထိုင်ခဲ့တဲ့ မှော်မျှော်စင်နဲ့ ပုံစံချင်း အထပ်ထပ် တူညီနေတာပဲ။ ကွာခြားချက်ဆိုလို့ အလှဆင်ထားပုံတွေနဲ့ သူ့အနားက မှော်ဆရာတွေပဲ ရှိတာ၊ ကျန်တဲ့ ဖွဲ့စည်းပုံကတော့ အတူတူပဲ ဖြစ်နေတယ်။

အဲဒီမှာ မှော်ဆရာတွေနဲ့ စုန်းကဝေတွေ စစ်တုရင် ကစားတဲ့ နေရာသီးသန့်တောင် ရှိသေးတယ်။

* * * * * * * *

စာစဉ်(၅၄)

အခန်း(၆၄၈)

ဆီဘက်စတီယန်က မှော်ပညာရှင်တွေကြားထဲမှာ စစ်တုရင်က တော်တော်လေးကို ရေပန်းစားနေပြီလို့ သူ့ကို ပြောခဲ့တုန်းက အမှန်အတိုင်း ပြောခဲ့တာပဲ ဖြစ်မယ်။ ဒီဂိမ်းကို မက်ထရိုပိုလစ်ထဲ တရားဝင် မိတ်မဆက်ရသေးခင်မှာတင် မှော်မျှော်စင်မှာ မှော်ပညာရှင်တွေ ဆော့ဖို့အတွက် အခန်းတစ်ခန်းတောင် သီးသန့် ရှိနေပြီလေ။ ကြည့်ရတာ သူတို့ ဒီဂိမ်းကို ဆော့လာကြတာ အနည်းဆုံး နှစ်နှစ်လောက်တောင် ရှိနေမယ့် ပုံပဲ။

"မင်းကော ဒီဂိမ်းကို စိတ်ဝင်စားလို့လား"

မိုက်ကယ်က လှည့်ကြည့်ပြီး အသံလာရာဆီ အကြည့်လွှဲလိုက်တော့ သူ့နောက်မှာ ဆံပင်ဖြူနဲ့ လေးထောင့်စပ်စပ် နှုတ်ခမ်းမွှေးရှိတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။

ဒီလူ့အနားမှာ ဝိုင်းရံနေတဲ့ မှော်စွမ်းအင်တွေက သိပ်ကို သိပ်သည်းလွန်းနေတာကို ကြည့်ရုံနဲ့တင် ဒါဟာ မှော်မျှော်စင်သခင် ဖြစ်မယ်ဆိုတာ အလွယ်တလေး ခန့်မှန်းလို့ ရနိုင်တာပေါ့။

"ငါက လူစီယပ်စ် ဝါးတားလူး ပါ။ မက်ထရိုပိုလစ်ရဲ့ မှော်မျှော်စင်သခင်ပေါ့" လို့ သူက နှုတ်ဆက်လိုက်တယ်။ "မင်း လာမယ့်အချိန်ကို ငါ စောင့်နေတာပါ မိုက်ကယ် ဗန်ဒါဘစ်ရယ်။ မင်းရဲ့ ဆရာက မင်းအကြောင်းတွေကို ငါ့ကို အကုန်ပြောပြထားတယ်"

"ကျွန်တော့်ဆရာ ဟုတ်လား" လို့ သူက မေးလိုက်တယ်။ "အာ... ဆီဘက်စတီယန်ကို ပြောတာလား"

"အတိအကျပေါ့။ မင်းအကြောင်းကို သေချာမပြောပြခဲ့တဲ့ အဲဒီနာမည်ကို ငါ ဘယ်လောက်တောင် ကျိန်ဆဲခဲ့မိလဲ မသိဘူး။ မင်းက ဒီလောက်အထိ ပါရမီပါတဲ့ မှော်စွမ်းအား သုံးစွဲသူတစ်ယောက် ဖြစ်မှန်းသာ ငါသိရင် မက်ထရိုပိုလစ်ဆီကို ငါကိုယ်တိုင် လာကြိုဆိုမှာပေါ့"

လူစီယပ်စ်က ရှေ့ကို လှမ်းလာပြီး စစ်တုရင်ခုံတွေ အစီအရီ ရှိနေတဲ့ စားပွဲတန်းတွေကို အပေါ်စီးကနေ မြင်ရတဲ့ ဝရန်တာမှာ သူနဲ့အတူ လာရပ်လိုက်တယ်။

"ငါ သိချင်တဲ့ အချက်တစ်ချက် ရှိတယ်။ မင်းရဲ့ ပါရမီက မင်းကို မှော်ဆရာကြီးတစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေး အပြည့်အဝ ပေးထားတာပဲလေ။ ဒါပေမဲ့ မင်းက ဘာလို့ မဖြစ်ချင်ရတာလဲ"

"စိတ်မရှိပါနဲ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ ဒါထက် ပိုအရေးကြီးတဲ့ အလုပ်တွေ ရှိနေလို့ပါ" လို့ သူက ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

"ကျွန်တော့်ရဲ့ ကုမ္ပဏီကို ဆက်လုပ်နေမှသာ ဒီကမ္ဘာကြီးကို ပိုပြီး ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ခံစားရလို့ပါ။ တကယ်လို့ ကျွန်တော်သာ မှော်ဆရာကြီး ဖြစ်သွားမယ်ဆိုရင် ကျွန်တော် သိပ်ကို ပြောင်းလဲပစ်ချင်နေတဲ့ လူ့လောကကြီးနဲ့ ဝေးရာမှာပဲ ပုန်းအောင်းပြီး စာကျက်နေရတော့မှာပေါ့"

လူစီယပ်စ်က သူ့ကို ကြည့်ပြီး ခေါင်းညှိမ့်ပြလိုက်တယ်။ မိုက်ကယ်လိုမျိုး တစ်သက်မှာတစ်ခါ ရှာရခဲတဲ့ ပါရမီရှင်ကြီးက သူတို့အဖွဲ့အစည်းထဲမှာ မရှိတာကို သူ့မျက်လုံးတွေထဲမှာ နှမြောတသ ဖြစ်နေတာကို အထင်အရှား မြင်နိုင်တာပေါ့။

"မှော်ဆရာကြီး ကျောင်းသားတွေက ရဟန်းတွေလိုမျိုး ကျင့်ကြံရတာ မှန်ပေမဲ့ မင်းရဲ့ ပါရမီမျိုးနဲ့ဆိုရင်တော့ ချွင်းချက်အနေနဲ့ လုပ်ပေးလို့ ရမှာ သေချာပါတယ်။ မင်း လိုချင်တာမှန်သမျှ လုပ်နိုင်ဖို့ သူတို့က အခွင့်အရေး ပေးချင်ကြမှာ ဖြစ်သလို အဖွဲ့အစည်းထဲမှာလည်း ပါဝင်နေစေမှာပါ"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "ကျွန်တော် အနှောင်အဖွဲ့တွေနဲ့ မနေချင်ဘူး။ ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ မှော်ပညာရှင်အစည်းအရုံးဆီ သွားလည်ဖို့ အစီအစဉ် ရှိပါတယ်"

မှော်မျှော်စင်သခင်က ခဏလောက် စိတ်မကောင်းဖြစ်သွားပေမဲ့ တစ်ခုခုကို သတိရသွားပုံရပြီး သူ့မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့တယ်။

"...ဟုတ်သားပဲ... ဟုတ်တယ်။ အဲလိုလုပ်။ ဟီးဟီးဟီးဟီး... မင်းရဲ့ ပါရမီတွေအကြောင်းကို သူတို့ကို ငါ အခုလောလောဆယ် လျှို့ဝှက်ထားဦးမယ်။ မင်း ကိုယ်တိုင် သူတို့ရှေ့မှာ သွားပြတဲ့အချိန်ကျရင် အဲဒီ အဖိုးကြီးတွေ ဘယ်လို မျက်နှာပျက်သွားမလဲဆိုတာကို ငါ မြင်ချင်သေးတယ်"

လူစီယပ်စ်ရဲ့ မျက်နှာပေါ်က ယုတ်မာသလို အပြုံးကြီးက ဆီဘက်စတီယန်ကို သွားသတိရစေတယ်။ ကြည့်ရတာ မှော်မျှော်စင်သခင်တွေဟာ သဘာဝအတိုင်းပဲ လူထူးလူဆန်းတွေ ဖြစ်တတ်ကြတဲ့ ပုံစံပဲ။

တကယ်တော့ လူစီယပ်စ်က ဆီဘက်စတီယန် သူ့အပေါ် လုပ်ခဲ့တာကို အတုယူပြီး ပြန်လုပ်နေတာပဲလေ။ မိုက်ကယ်အကြောင်းကို ပထမဆုံး သိလိုက်ရတုန်းက သူကိုယ်တိုင် ရင်တုန်အောင် လန့်သွားခဲ့ရတဲ့ ခံစားချက်မျိုးကို အဲဒီ အဖိုးကြီး တွေလည်း ခံစားရအောင် လုပ်ပြီး စိတ်ကျေနပ်မှု ယူချင်နေတာပေါ့။

ဒါက သူတစ်ပါး ပျက်စီးတာကို ကြည့်ပြီး ပျော်မွေ့တဲ့ သံသရာစက်ဝန်းပဲ ဖြစ်တယ်။

"ဒါနဲ့ မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ" လို့ လူစီယပ်စ်က စိတ်ကြည်လင်သွားတဲ့ လေသံနဲ့ မေးလိုက်တယ်။ "မင်း လိုချင်တာ ရှိရင် ပြောရုံပဲ ပြောလိုက်။ ငါတို့ အကုန်စီစဉ်ပေးမယ်"

"ဟုတ်ကဲ့... ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်" လို့ သူက ပြောလိုက်တယ်။

"လေလံပွဲတုန်းက မှော်ပညာရှင်တွေ ဖန်တီးထားတဲ့ မှော်ရုပ်သေးရုပ်တွေက တကယ့်လူလိုမျိုး သဘာဝကျကျ လုပ်နိုင်တာကို မြင်ခဲ့ရလို့ပါ။ အဲဒါကို သူတို့ ဘယ်လို လုပ်ထားလဲဆိုတာ ကျွန်တော် သိချင်လို့ပါ"

လူစီယပ်စ်က နှုတ်ခမ်းကို စေ့လိုက်ရင်း "အမှန်အတိုင်း ပြောရရင်တော့ ငါတို့ရဲ့ မှော်ရုပ်သေးရုပ်တွေကို မှော်ပညာရှင်အစည်းအရုံးရဲ့ ကိုယ်ပိုင် မူပိုင်ခွင့် ဖြစ်တဲ့ မှော်ဝင် အရိုးတည်ဆောက်ပုံစနစ်နဲ့ လုပ်ထားတာပါ။ အဲဒါကိုတော့ ငါ မင်းကို ပေးလို့ မရဘူး"

နှမြောစရာပဲ။ ဒါပေမဲ့ သူ လက်မလျှော့လိုက်ပါဘူး။ သူ့အနေနဲ့ အဲဒီ အရိုးတည်ဆောက်ပုံကို တစ်ချက်လောက် မြင်လိုက်ရရုံနဲ့တင် နိုဗာကို စက္ကန့်ပိုင်းအတွင်း ကူးယူခိုင်းလို့ ရတာပဲလေ။

"ကျွန်တော် အဲဒါကို ကြည့်ရုံပဲ ကြည့်လို့ မရဘူးလား"

လူစီယပ်စ်က ခဏလောက် စဉ်းစားလိုက်ပြီးမှ အကြံတစ်ခု ရသွားပုံရတယ်။

"ငါတို့ လောင်းကြေးတစ်ခု ထပ်ကြမလား။ တကယ်လို့ မင်းနိုင်ရင် အဲဒီ အရိုးတည်ဆောက်ပုံကို ငါ မင်းကို ပြမယ်။ တကယ်လို့ ငါနိုင်ရင်တော့ မင်းရဲ့ ကားတွေကို ရောင်းချတဲ့အခါ ငါတို့အတွက် ကြိုတင်စာရင်းသွင်းခွင့် ပေးရမယ်"

"အဆင်ပြေပါတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။ "ဘာဂိမ်း ကစားရမှာလဲ"

မှော်မျှော်စင်သခင်က ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး အောက်က စစ်တုရင်ခုံတွေဆီ လက်ညှိုးညွှန်ပြလိုက်တယ်။

"ငါတို့ စစ်တုရင် ကစားကြမယ်။ မင်း အဲဒီအကြောင်း သိရဲ့လား"

မိုက်ကယ်ကတော့ စိတ်ထဲကနေပဲ တဟားဟား ရယ်မောလိုက်မိတော့တယ်။

* * * * * * * *

မိနစ်သုံးဆယ် ကြာပြီးတဲ့နောက်...

လူစီယပ်စ်က စားပွဲမှာ ထိုင်နေရင်း အားမလိုအားမရ ဖြစ်ကာ ခေါင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားရှာတယ်။

"မှော်မျှော်စင်သခင်ကြီး ရှုံးနေပြီ"

"မိုက်ကယ်ရဲ့ အကွက်တွေကို မြင်လိုက်လား။ သူက မှော်မျှော်စင်သခင်ကြီး ရွှေ့မယ့် အကွက်တွေကို ကြိုသိနေသလိုမျိုးပဲ"

"လူစီယပ်စ်အနေနဲ့ သူ့ရဲ့ သိက္ခာကို ထိန်းတဲ့အနေနဲ့ အခုပဲ အရှုံးပေးလိုက်တာ ပိုကောင်းမယ် ထင်တယ်"

ဒီမှော်မျှော်စင်ထဲမှာတော့ လူစီယပ်စ်ဟာ မှော်ပညာရှင်တွေကြားထဲမှာ အတော်ဆုံး စစ်တုရင်ကစားသမားလို့ သတ်မှတ်ခံထားရသူ ဖြစ်တယ်။ ဘယ်သူမှ သူ့ကို မနိုင်ဖူးဘူးလေ။ ဒါကြောင့်လည်း သူက မိုက်ကယ်နဲ့ လောင်းကြေးထပ်ဖို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေခဲ့တာပေါ့။

ဒါပေမဲ့ အခုတော့ သူ့ရဲ့ အကြံအဖန် ရွှေ့ကွက်တွေ အကုန်လုံး ပျက်စီးသွားပြီး စစ်တုရင်ခုံပေါ်မှာ နယ်ရုပ်အနည်းငယ်နဲ့ ဘုရင်ရုပ်ပဲ ကျန်တော့တာမို့ သူ သေချာပေါက် အရှုံးနဲ့ ရင်ဆိုင်ရတော့မှာပဲ။

"ဟူး..... ဘယ်လိုဖြစ်လို့လဲ"

မိုက်ကယ်က သူ့ရဲ့ ဘုရင်မရုပ်ကို ရွှေ့လိုက်ပြီး အလဲထိုး အကွက်ကို ဖော်လိုက်တယ်။

"ဒါနဲ့ပဲ ပွဲကတော့ ပြီးသွားပြီပေါ့" လို့ သူက ပြောရင်း လူစီယပ်စ်ရဲ့ လက်ကို နှုတ်ဆက်လိုက်တယ်။

"မင်း ဒါကို ပထမဆုံးအကြိမ် ကစားဖူးတာလို့ ငါ ထင်နေခဲ့တာ"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "ကျွန်တော် အဲလိုမျိုး မပြောခဲ့ပါဘူး။ ခင်ဗျားဘာသာ ခန့်မှန်းလိုက်တာလေ"

"...ဘယ်လိုဖြစ်လို့..."

"အော်... အဲဒါက ကျွန်တော်ကိုယ်တိုင် စစ်တုရင်ကို တီထွင်ခဲ့လို့လေ"

လူစီယပ်စ်က နေရာမှာတင် ဆွံ့အသွားပြီးမှ သူ့ခေါင်းကို မိုက်ကယ်ဆီ ဖြည်းဖြည်းချင်း လှည့်လာခဲ့တယ်။

"ဘာ"

"ဟုတ်တယ်လေ။ စစ်တုရင်က ရီနေးတား ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်ကုန်တွေထဲက တစ်ခုပဲလေ"

သူက စစ်တုရင်ခုံကို မှောက်လိုက်ပြီး သစ်သားပေါ်မှာ ထွင်းထုထားတဲ့ 'R' ဆိုတဲ့ တံဆိပ်အမှတ်အသားကို လူစီယပ်စ် မြင်အောင် ပြလိုက်တယ်။

အမှန်တရားကို သိသွားတဲ့ အချိန်မှာတော့ လူစီယပ်စ်ရဲ့ ပါးစပ်ကြီးက အဟောင်းသား ဖြစ်သွားရတော့တာပေါ့။

"ဒါဆို ကျွန်တော် အခု မှော်ဝင် အရိုးတည်ဆောက်ပုံကို ကြည့်လို့ ရပြီမလား" လို့ သူက မေးလိုက်တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မှော်မျှော်စင်ထဲကနေ ဟိန်းထွက်လာတဲ့ အော်ဟစ်သံကြီးက အပြင်မှာ လမ်းလျှောက်နေတဲ့ လမ်းသွားလမ်းလာတွေကိုပါ လန့်ဖျပ်သွားစေခဲ့တယ်။

"ကျိန်စာသင့်ပါစေ ဆီဘက်စတီယန်ရယ်"

လူစီယပ်စ်က ကောင်းကင်ယံက တိမ်တိုက်တွေပေါ်မှာ ပက်လက်လန်ပြီး တဟားဟား ရယ်မောနေမယ့် ဆီဘက်စတီယန်ရဲ့ မျက်နှာကြီးကို မြင်ယောင်နေမိတော့တာပေါ့။ မိုက်ကယ်က စစ်တုရင်ကို တီထွင်ခဲ့တဲ့သူ ဆိုတာကို သူက တမင်သက်သက် ချန်လှပ်ပြီး မပြောခဲ့တာကိုး။

"မိုက်ကယ်... မင်း မှော်ပညာရှင်အစည်းအရုံးဆီ ရောက်တဲ့အခါကျရင် မင်း စစ်တုရင်ကို တီထွင်ခဲ့တယ်ဆိုတာကို သူတို့ထဲက ဘယ်သူ့ကိုမှ သွားမပြောနဲ့ဦး။ ဟုတ်ပြီလား"

လူစီယပ်စ်ရဲ့ မျက်နှာမှာ ရူးသွပ်မတတ် ပုံစံမျိုး ဖြစ်နေတယ်။ သူကလည်း ဒီလန့်ဖျပ်ရမယ့် သံသရာစက်ဝန်းကြီးကို ဆက်ပြီး သယ်ဆောင်သွားချင်နေတာလေ။

ဆီဘက်စတီယန်က စစ်တုရင် ကစားနည်းမှာ မိုက်ကယ်ရဲ့ အကွက်ရွှေ့တာကို ခံခဲ့ရပြီး အဲဒါကို လူစီယပ်စ်ဆီ လက်ဆင့်ကမ်းခဲ့တယ်။ အခုတော့ ကျိန်စာတစ်ခုလိုမျိုး လူစီယပ်စ်ကလည်း ဒါကို တခြားတစ်ယောက်ယောက်ဆီ လက်ဆင့်ကမ်းပြီး သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်ချင်နေတာပေါ့။

* * * * * * * *

မိုက်ကယ်က မှော်မျှော်စင်ရဲ့ ဘဏ္ဍာတိုက်တွေကို ကိုယ်တိုင် ကိုယ်ကျ ကြည့်ခွင့်ရခဲ့တယ်။ ဒီထဲမှာ ရတနာတွေ အမြောက်အမြား ရှိနေပြီး အားလုံးက မန္တန်တစ်ခုလိုမျိုး မှော်စွမ်းအားတွေ ထွက်ပေါ်နေကြတာပေါ့။

ဘဏ္ဍာတိုက်ရဲ့ အဆုံးမှာတော့ နံရံမှာ စီတန်းထားတဲ့ ဖန်ပေါင်းချောင် အနည်းငယ်ကို သူ တွေ့လိုက်ရတယ်။

အဲဒီထဲက အများစုမှာတော့ အသက်သွင်းမထားတဲ့ မှော်ရုပ်သေးရုပ်တွေ ရှိနေကြတယ်။ သူတို့ရဲ့ မျက်နှာမပါ၊ အင်္ဂါရပ်မပါတဲ့ ရုပ်သွင်တွေက ကစားကွင်းထဲက သရဲအိမ်တွေအတွက်တော့ အကောင်းဆုံး ပြကွက်တွေ ဖြစ်နေမှာ သေချာတယ်။

အလယ်တည့်တည့်မှာတော့ လူသားတွေနဲ့မတူတဲ့ အရိုးစုပုံစံတစ်ခု ရှိနေပုံရတယ်။ ကြည့်ရတာ တုတ်ချောင်းရုပ်လေးလိုမျိုး ကိုယ်ထည်နဲ့ ခေါင်းအတွက် တုတ်ချောင်းအရှည်ကြီး တစ်ချောင်းတည်း ရှိနေပြီး လက်မောင်းနဲ့ ခြေထောက်တွေ ဖြစ်လာမယ့် ခြေလက်လေးခုကို တွဲဆက်ထားတဲ့ ပုံစံပဲ။

'နိုဗာ... မင်း အဲဒါကို သေချာ မြင်လိုက်ပြီမလား'

[ဟုတ်ကဲ့ပါရှင်။ ကျွန်မ အဲဒီရဲ့ မှော်ကျင့်စဉ် သီအိုရီကို သိမ်းဆည်းပြီး ခွဲခြမ်းစိတ်ဖြာပြီးပါပြီ။ ဆရာ့ရဲ့ ကိုယ်ပိုင် မှော်ပညာကို အသုံးချပြီး ဒါကို ပြန်လည် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်]

သတင်းအချက်အလက်တွေက သူ့ရဲ့ စိတ်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး မှော်ရုပ်သေးရုပ်တွေကို သဘာဝကျကျ ဖြစ်အောင် လုပ်ပေးတဲ့ ဒီ အရိုးတည်ဆောက်ပုံအကြောင်းကို အခြေခံအားဖြင့် နားလည်သွားစေခဲ့တယ်။

'အော်... သိပြီ။ ဒါက ဘရက်စတန် သုံးခဲ့တဲ့ နည်းစနစ်လိုမျိုးပဲ မှော်ပညာရဲ့ ထပ်ဆင့်အကျိုးသက်ရောက်မှုကို အသုံးချထားတာကိုး'

ဒါက ဘယ်လောက်အထိ ရိုးရှင်းလဲဆိုတာကို သူ သိသွားပြီ ဖြစ်လို့ အခုဆိုရင် သူ လိုချင်တဲ့ ဘယ်လို ပုံသဏ္ဍာန်မျိုးမဆို စိတ်ကြိုက် ပြင်ဆင်နိုင်တော့မှာ ဖြစ်သလို လက်ရှိနဲ့ ရှေးဟောင်း ပင်လယ်မိစ္ဆာတွေရဲ့ ပုံစံမျိုးအထိပါ လုပ်နိုင်တော့မှာပေါ့။

* * * * * * * *

All Chapters