← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 55 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 55 Ch. 649-650

အခန်း(၆၄၉)

မိုက်ကယ်က သူ့ရဲ့ ရေလူသား အပန်းဖြေပန်းခြံ ဖန်တီးဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ မက်ထရိုပိုလစ်မှာ ရှိတဲ့ တခြား ကုမ္ပဏီတွေကလည်း ဒီအတိုင်း ငြိမ်သက်ပြီး ထိုင်မနေကြပါဘူး။ သူတို့တွေ အပြိုင်အဆိုင် ပြင်ဆင်နေကြတယ်။

အတိအကျ ပြောရရင်တော့ သူတို့တွေဟာ လာမယ့်ရက်ပိုင်းအတွင်း မက်ထရိုပိုလစ်ဆီ လာလည်မယ်လို့ သတင်းထွက်နေတဲ့ ရေလူသား အုပ်စုတစ်စုကို ကြိုဆိုဖို့အတွက် အဆင်သင့် ပြင်နေကြတာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီသတင်းတွေကိုသာ ယုံရမယ်ဆိုရင်တော့ မက်ထရိုပိုလစ်ထဲကို ဝေလငါးကြီးတွေ စပြီး ကုန်းပေါ်တက်လာတော့မယ်လို့ မျှော်လင့်ထားလို့ ရတယ်။ ဒီလို အမည်ပေးထားတာက အဲဒီ ရေလူသားတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် မဟုတ်ဘဲ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် ဖြစ်ပါတယ်။

သူတို့မှာ သဲဒင်္ဂါးတွေ အများကြီး ရှိနေတာကိုး။

* * * * * * * *

တစ်ချိန်တည်းမှာပဲ မက်ထရိုပိုလစ်ရဲ့ အဝေးကြီးဖြစ်တဲ့ အရှေ့ဘက် အရပ်မှာတော့ ရထားလုံး အစီး နှစ်ဆယ်လောက် ပါဝင်တဲ့ ဧရာမ ကုန်သည်ယာဉ်တန်းကြီး တစ်ခု ရှိနေပြီး ရထားလုံး တစ်စီးချင်းစီက လူသား လေးယောက်လောက်အထိ အေးအေးဆေးဆေး နေလို့ရတဲ့ အကျယ်အဝန်း ရှိပါတယ်။

ဒါပေမဲ့ ဒီယာဉ်တန်းပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက လူသားတွေ လုံးဝ မဟုတ်ကြပါဘူး။ သူတို့က မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေ ဖြစ်ကြပြီး အတိအကျ ပြောရရင်တော့ ရေလူသားတွေပေါ့။

သူတို့ ခရီးသွားနေတဲ့ ဦးတည်ချက်က မက်ထရိုပိုလစ်ဆီကို တန်းတန်းမတ်မတ် ဦးတည်နေတာ ဖြစ်ပေမဲ့ သူတို့ ရောက်ဖို့အတွက် အနည်းဆုံး လဝက်လောက်တော့ အချိန်ယူရဦးမယ့် ပုံပဲ။

သူတို့က လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ရဲ့ သက်တောင့်သက်သာရှိမှုမှာ ကျင့်သားရနေတဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် ဒီ ရေလူသားတွေဟာ လမ်းခရီးတစ်လျှောက်မှာ ခဏခဏ နားကြရတယ်။ သူတို့က ထိုင်ခုံတွေနဲ့ မသက်မသာ ဖြစ်နေကြတာလေ။ ရေထဲမှာဆိုရင်တော့ သူတို့က သွားချင်တဲ့ နေရာကို ဒီအတိုင်း ကူးခတ်သွားရုံပဲဆိုတော့ ခန္ဓာကိုယ် အလေးချိန်ကို လုံးဝ မခံစားရဘူးလေ။

သူတို့ တောအုပ်ထဲက ကွင်းပြင်တစ်ခုမှာ စခန်းချလိုက်ကြတယ်။ ပြီးတော့ သူတို့ကို နွေးထွေးစေဖို့အတွက် မီးပုံ ရှို့မယ့်အစား မြေကြီးထဲမှာ ဧရာမ တွင်းကြီးတစ်တွင်း တူးလိုက်ပြီး ခန္ဓာကိုယ်ထဲက အစိုဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် သူတို့ရဲ့ စွမ်းအားတွေကို သုံးကာ ရေကူးလို့ရမယ့် ရေကန်အသေးလေးတစ်ခု ဖန်တီးလိုက်ကြတယ်။

ကလေးတွေက ရေထဲမှာ ဆော့ကစားရင်း နောက်ဆုံးတော့ စိတ်ကြည်လင်သွားကြပြီး လူကြီးတွေကတော့ အာဟာရအတွက် ရေမှော်၊ သန္တာကျောက်တန်းတွေနဲ့ ပုစွန်ဆိတ်ခြောက် နည်းနည်းပါဝင်တဲ့ ရိုးရှင်းတဲ့ အသုပ်တစ်ခွက်ကို ပြင်ဆင်နေကြတယ်။

သူတို့ စခန်းချဖို့ ပြင်ဆင်နေတုန်း ရေလူသား တစ်ယောက်က မြေကြီးထဲက ကျောက်တုံးတစ်တုံးကို ထုတ်ဖို့ နည်းနည်း အခက်တွေ့နေရှာတယ်။

"ရိဒ်... လာကူပါဦး"

ပြဿနာတစ်ခုခု ဖြစ်လာတိုင်း သူတို့က တစ်ဖွဲ့လုံးကို တာဝန်ယူထားရတဲ့ ရိဒ် ဆီကိုပဲ အမြဲ လှည့်ပတ် အကူအညီ တောင်းလေ့ ရှိကြတယ်။ သူက မျက်နှာဘေးပတ်ပတ်လည်မှာ ထင်ရှားတဲ့ အနီရောင် အကြေးခွံတွေ ရှိပြီး အရပ်အမောင်း မြင့်မားတဲ့ လူလတ်ပိုင်း ရေလူသား အမျိုးသားတစ်ယောက်ပေါ့။

ရေလူသား လူ့အဖွဲ့အစည်းကြားထဲမှာ အရပ်အမောင်း ဂုဏ်ဒြပ်ကို တက်တူးလိုမျိုး သူတို့ အရေပြားပေါ်မှာ ရှိနေတဲ့ ငါးမန်းသွားပုံစံ အဖုအထွက်တွေရဲ့ အရေအတွက်နဲ့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ တာအိုနှလုံးသား တိုးတက်မှုရဲ့ ပြယုဂ်တစ်ခုပေါ့။ အဖုအထွက်တွေ များလေလေ၊ သူက ပိုပြီး လေးစားခံရလေလေပဲ။

ပြီးတော့ ရိဒ်က တစ်ကိုယ်လုံးမှာ ငါးမန်းသွားလို အဖုအထွက်တွေ အများဆုံး ရှိနေတဲ့ ရေလူသား ဖြစ်ပါတယ်။

ရိဒ်က အဲဒီ ရေလူသားကို ကူညီပေးပြီးတဲ့နောက် သူ့ရဲ့ ဇနီးဆီ လှည့်ကြည့်လိုက်တယ်။

"ငါတို့ ကုန်းပေါ်ကို လာခဲ့တဲ့ ခရီးက ကလေးတွေရဲ့ မျက်နှာပေါ်က အမူအရာတွေကို မြင်ရရုံနဲ့တင် တော်တော်လေးကို တန်နေပါပြီ။ ကလေးတွေရဲ့ တာအိုနှလုံးသားက လှုံ့ဆော်ရ လွယ်ကူတာပဲလေ။ ဒီ အတွေ့အကြုံ သေးသေးလေးက သူတို့အတွက် အများကြီး အကျိုးရှိစေမှာပါ" လို့ သူက ပြောလိုက်တယ်။

သူ့ဇနီးရဲ့ မျက်နှာပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ "အမှန်ပါပဲ။ ကျွန်မတို့ သမီးလေးအတွက်လည်း အဲလိုမျိုး ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

သူတို့ နှစ်ယောက်လုံး သူတို့ရဲ့ ရထားလုံးဆီ လျှောက်သွားပြီး အခန်းကန့်လေးထဲကို ချောင်းကြည့်လိုက်ကြတယ်။

မှောင်မည်းနေတဲ့ အခန်းထဲမှာတော့ ထောင့်တစ်နေရာမှာ ကွေးကွေးလေး ဖြစ်နေတဲ့ ရေလူသား မိန်းကလေးငယ်လေးကို သူတို့ တွေ့လိုက်ရတယ်။ သူမက မျက်လုံးတွေ ပွင့်နေတာကြောင့် အိပ်ပျော်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမက အသက်ရှင်နေတဲ့ ပုံစံမျိုးလည်း မပေါက်ပြန်ဘူး။ သူမ နိုးနေတာ ဖြစ်နိုင်ပေမဲ့ မျက်လုံးတွေထဲမှာတော့ ဘာအသက်ဓာတ်မှ ရှိမနေခဲ့ပါဘူး။

"နစ်စီ... သမီးလေး။ အပြင်မှာ တခြား ကလေးတွေနဲ့ သွားမဆော့ဘူးလား" လို့ ရိဒ်က သူ့သမီးကို မေးလိုက်တယ်။ "သူတို့ အပြင်မှာ သိပ်ကို ပျော်နေကြတယ်လေ"

"သမီး သွားချင်ရင် မေမေတို့ လိုက်ပို့ပေးမယ်လေ" လို့ သူမရဲ့ အမေကလည်း ပြောရှာတယ်။

ဒါပေမဲ့ နစ်စီက ဘာတုံ့ပြန်မှုမှ မပြခဲ့ဘူး။ သူမက ဘယ်လို လှုံ့ဆော်မှုကိုမှ မတုံ့ပြန်ဘဲ မှောင်မိုက်နေတဲ့ အပြင်ဘက်ကိုပဲ ဒီအတိုင်း စိုက်ကြည့်နေမိတော့တယ်။

ရိဒ်နဲ့ သူ့ဇနီးတို့ နှစ်ယောက်လုံး စိတ်မကောင်းစွာနဲ့ သက်ပြင်းပဲ ချနိုင်ကြတော့တယ်။ သူတို့ လိုက်ကာတွေကို ပိတ်တော့မယ့် အချိန်မှာတင် နစ်စီဆီကနေ ညည်းတွားသံတစ်ချက် ကြားလိုက်ရတယ်။

သူတို့ ချက်ချင်း လှည့်ကြည့်လိုက်တော့ သူမက နာကျင်မှုကြောင့် နှလုံးသားကို ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရတယ်။ ကံမကောင်းချင်တော့ ဒါဟာ သူမရဲ့ တစ်သက်တာလုံးမှာ ပြသခဲ့ဖူးတဲ့ တစ်ခုတည်းသော ခံစားချက် ဖြစ်နေခဲ့တယ်။

"နစ်စီ" ရိဒ်က လန့်ဖျပ်ပြီး အော်လိုက်ရင်း သမီးဖြစ်သူကို ပွေ့ဖက်ဖို့ အပြေးအလွှား လာခဲ့တယ်။ "ဒီမှာ ကူကြပါဦး။ သမီးလေး ဆေးလိုနေပြီ"

သူ့ရဲ့ အော်ဟစ်သံကြောင့် သူတို့အဖွဲ့ထဲက တခြား ရေလူသားတွေ စုဝေးရောက်ရှိလာဖို့ သိပ်မကြာလိုက်ပါဘူး။

ပုလဲလိုမျိုး မှုန်ဝါးနေတဲ့ မျက်လုံးတွေ ရှိတဲ့ ရေလူသား အဘွားအိုတစ်ယောက်က ရထားလုံးပေါ် တက်လာပြီး နစ်စီရဲ့ ဘေးမှာ ထိုင်လိုက်တယ်။ သူမက ကလေးမလေးရဲ့ နာကျင်နေတဲ့ နှလုံးနေရာကို ထိတွေ့ရင်း စစ်ဆေးပေးလိုက်တယ်။

နစ်စီက တွန့်ခနဲ ဖြစ်သွားပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ ပုံစံ ပြသလာခဲ့တယ်။

"အခြေအနေ ဘယ်လိုလဲ အဖွားပရောဖက်ကြီး" လို့ ရိဒ်က မေးလိုက်တယ်။

"သူ့ရဲ့ အခြေအနေက ပိုဆိုးလာနေပြီ" လို့ အဖွားပရောဖက်ကြီးက ခေါင်းခါရင်း ပြောလိုက်တယ်။ "သူ့ရဲ့ တာအိုနှလုံးသားက ပိုပိုပြီး မြန်မြန် ပျက်စီးလာနေတယ်"

တာအိုနှလုံးသားတစ်ခု ဆက်လက် ကြီးထွားဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက အတွေ့အကြုံ အသစ်တွေနဲ့ လှုံ့ဆော်ပေးဖို့ပဲ ဖြစ်တယ်။ အဲဒါကို အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ တိုက်ခိုက်ခြင်း အားဖြင့်ပေါ့။

ဒါပေမဲ့ နစ်စီရဲ့ တာအိုနှလုံးသားက လေ့ကျင့်ခန်း လုပ်ဖို့အတွက် သိပ်ကို အားနည်းလွန်းနေခဲ့တယ်။ သူမက ခုတင်ပေါ်ကနေတောင် မထနိုင်ရှာဘူးလေ။ ကံမကောင်းစွာပဲ အဲဒီအချက်ကပဲ သူမရဲ့ တာအိုနှလုံးသားကို ပိုပြီးတော့တောင် ပျက်စီးလွယ်စေခဲ့တယ်။

ဒါက ဘယ်လိုမှ မနိုင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပုံရတယ်။

နစ်စီရဲ့ မိဘတွေက စိုးရိမ်စိတ်နဲ့ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြတယ်။ "ငါတို့ ပြန်လှည့်သင့်လား။ ကုန်းပေါ်က ကမ္ဘာကြီးက သူ့အတွက် ခံနိုင်ရည်ထက် ကျော်လွန်နေတာလား" လို့ ရိဒ်က စိုးရိမ်တကြီး မေးလိုက်တယ်။

အဖွားပရောဖက်ကြီးက သက်ပြင်းချလိုက်ရင်း "မဟုတ်ဘူး၊ သူ ကုန်းပေါ်က ကမ္ဘာမှာ ခရီးဆက်တာက ပိုကောင်းပါတယ်။ ငါတို့ ဒီကို ခရီးမထွက်ခဲ့ရင် သူ့ရဲ့ တာအိုနှလုံးသားက ဒါထက် ပိုပြီး အားနည်းသွားလိမ့်မယ်"

ရိဒ်က သွားကို ကြိတ်လိုက်တယ်။ တကယ်လို့ သူ့သမီးကို ကုသဖို့အတွက် သူ့ရဲ့ စည်းစိမ်ဥစ္စာတွေ၊ တန်ခိုးတွေနဲ့ အရှိန်အဝါတွေ အကုန်လုံးကို လဲလှယ်နိုင်မယ်ဆိုရင် သူ ချက်ချင်းပဲ လုပ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ဒီ တာအိုနှလုံးသား ရောဂါက ဧရာမ ပင်လယ်ပြင်ကြီးတောင်မှ မဖြေရှင်းနိုင်တဲ့ အရာတစ်ခု ဖြစ်နေခဲ့တယ်။

လုံးဝ မျှော်လင့်ချက်မဲ့နေတဲ့ အဆုံးမှာတော့ သူတို့တွေဟာ အဖြေတစ်ခုကို ရှာဖွေဖို့အတွက် အတ္တလန်တစ်ကနေ ထွက်ခွာပြီး ကုန်းပေါ်က ကမ္ဘာဆီကို ခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ သမီးလေး ဒီမှာ တကယ်ပဲ ပျောက်ကင်းနိုင်ပါ့မလား" လို့ ရိဒ်က မေးလိုက်တယ်။

ရေစီးကြောင်းတွေက အဲဒီ မျက်လုံးမျက်နှာပြင်ပေါ်မှာ အရိပ်ထင်နေခဲ့တယ်။

"မှန်တယ်" လို့ သူမက ပြန်ဖြေလိုက်တယ်။ "မင်းသမီးလေးရဲ့ ရောဂါအတွက် ကုထုံးကို ကုန်းပေါ်က ကမ္ဘာမှာ တွေ့လိမ့်မယ်လို့ ပင်လယ်ပြင်က နိမိတ်ပြထားတယ်"

ဒါက ရိဒ်ကို ခရီးဆက်ဖို့အတွက် ယုံကြည်မှု ဖြစ်စေခဲ့တယ်။

ဦးတည်းသောလူက ကမ္ဘာ့အတော်ဆုံး ကုသရေးသမား ဆင်ကလဲယား ပဲ ဖြစ်တယ်" လို့ သူက ပြောလိုက်တယ်။ "ငါတို့ မက်ထရိုပိုလစ်ဆီကို အတတ်နိုင်ဆုံး အမြန်ဆုံး သွားကြမယ်။ ဆင်ကလဲယားရဲ့ တပည့်တစ်ယောက်က အဲဒီမှာ သူ့ရဲ့ ဆေးဆိုင်ခွဲတစ်ခု ဖွင့်ထားတယ်လေ"

ရိဒ်ရဲ့ မျက်လုံးထဲက သေချာရေရာမှုကို မြင်လိုက်ရတော့ အဖွားပရောဖက်ကြီးက သူ့ကို သတိပေးချက်တစ်ခု ပေးလိုက်တယ်။

"မင်း ရှာနေတဲ့ အဖြေတွေက မင်း အမြဲတမ်း ရှာဖွေနေခဲ့တဲ့ နေရာမှာ ရှိမနေနိုင်ဘူးဆိုတာကို ငါ သတိပေးပါရစေ"

ပရောဖက်ဟောကိန်းတွေက ဘယ်တော့မှ တိုက်ရိုက်ကြီး ဖြစ်မနေတတ်ဘူးလေ။ အဖွားပရောဖက်ကြီးရဲ့ အတွေ့အကြုံအရ အဲဒီ ဟောကိန်းတွေရဲ့ နောက်ကွယ်က အမှန်တရားကို ခန့်မှန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်သလောက်ပဲ။ ဘာပဲဖြစ်ဖြစ် အဲဒါကို မတူညီတဲ့ နည်းလမ်းတွေ အများကြီးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရတာပဲလေ။

နစ်စီကို ကုသပေးမယ့်သူက ကုသရေးသမားတစ်ယောက်တောင် ဟုတ်မနေတာမျိုးလည်း ဖြစ်နိုင်တာပဲ။

* * * * * * * *

နံရံတွေနဲ့ ဗီရိုတွေတစ်လျှောက်မှာ ထူးဆန်းတဲ့ အပင်တွေနဲ့ ဆေးဖက်ဝင်အပင်တွေ ပေါက်ရောက်နေတဲ့ ရုံးခန်းတစ်ခုထဲမှာတော့ အဲရစ်က လုံးဝကို အာရုံစိုက်ထားတဲ့ အမူအရာကို ပြသနေတယ်။ သူမက တောက်ပနေတဲ့ ခရမ်းရောင် အရည်တွေ ပါရှိတဲ့ ဖန်ပြွန်လေးကို ယူလိုက်ပြီး ရေပါတဲ့ ဖန်ခွက်ထဲကို ညင်သာစွာ လောင်းထည့်လိုက်တယ်။

အရည်နှစ်ခု ရောနှောသွားတဲ့ အချိန်မှာတင် ပေါက်ကွဲထွက်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖန်ခွက်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခွဲပစ်လိုက်တော့တယ်။

"နောက်ထပ် ပျက်စီးသွားပြန်ပြီ" လို့ သူမက ကျိန်ဆဲလိုက်တယ်။

"သခင်မ... ကျွန်တော်ကတော့ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်" လို့ သူမရဲ့ လက်ထောက်တွေထဲက တစ်ယောက်က သူမ စိတ်မဆိုးအောင် ညင်သာစွာ ပြောရှာတယ်။ "တာအိုနှလုံးသားကို လူလုပ်နည်းနဲ့ သန်မာအောင် လုပ်နိုင်တဲ့ နည်းလမ်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး"

အဲရစ်ရဲ့ ရည်မှန်းချက်တွေက သိပ်ကို ကြီးမားလွန်းတယ်။ ဆေးပညာရှင်တစ်ယောက်အနေနဲ့ သူမဟာ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေရဲ့ တာအိုနှလုံးသား ပြဿနာကို သူမရဲ့ ဆေးဖော်စပ်မှုတွေနဲ့တင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။ ဒါက ဆင်ကလဲယားဆီကနေ သူမ သင်ယူခဲ့ရတဲ့ မာနတရားတစ်ခုပေါ့။

ကံမကောင်းစွာပဲ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဖြေကို ရှာမတွေ့နိုင်ခဲ့ပါဘူး။

* * * * * * * *

စာစဉ်(၅၅)

အခန်း(၆၅၀)

မိုက်ကယ်က ရက်ပ်တာ ပေးထားတဲ့ သူ့လက်ထဲက မြေပုံကို ငုံ့ကြည့်လိုက်တယ်။ ဒီမြေပုံထဲမှာ သမုဒ္ဒရာထဲကနေ ဖမ်းမိထားတဲ့ ပင်လယ်မိစ္ဆာတွေကို အခြောက်လှန်းပြီး သိမ်းဆည်းထားတတ်တဲ့ တံငါရွာရဲ့ တည်နေရာ အတိအကျကို အသေးစိတ် ရေးဆွဲထားတယ်။

သူက ချက်ချင်းပဲ သူ့ရဲ့ ဒရုန်းပေါ်ကို ခုန်တက်လိုက်ပြီး ကောင်းကင်ယံထက်ဆီ ပျံသန်းမောင်းနှင်လိုက်တော့တယ်။

ကံကောင်းထောက်မစွာပဲ မှော်ကမ္ဘာငယ်လေးထဲက ထိန်းချုပ်ခန်းက မြေပုံကို အသုံးပြုပြီး နိုဗာ ဖန်တီးပေးထားတဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြပေးနိုင်တဲ့ ပုံပဲ။

တော်ဝင်တိုက်ကြီးရဲ့ အစွန်းဆုံးအထိ သွားရမှာဖြစ်လို့ ခရီးက တော်တော်လေးတော့ ရှည်လျားလှပေမဲ့ သူ့ရဲ့ ရေဂီယိုထဲမှာတော့ တော်တော်လေးကို သက်တောင့်သက်သာ ရှိနေခဲ့တယ်။ အချိန်ကုန်မှန်းမသိအောင် ခဏတဖြုတ် မှေးလိုက်လို့တောင် ရသေးတယ်လေ။

နောက်ဆုံးတော့ ထိန်းချုပ်ခန်းထဲက အချက်ပေးသံကြောင့် သူ နိုးလာခဲ့ပြီး ဒါဟာ သူ့ရဲ့ ဦးတည်ရာကို ရောက်ပြီဆိုတာကို အချက်ပြနေတာပဲ။ သူ ဒရုန်းရဲ့ ကင်မရာကနေတစ်ဆင့် လှမ်းကြည့်လိုက်တော့ ပင်လယ်နားတင် ဆောက်ထားတဲ့ သစ်သားဆိပ်ခံတံတားလေးနဲ့ ရှေးဟောင်းဆန်တဲ့ ရွာကလေးတစ်ရွာကို တွေ့လိုက်ရတယ်။

အရွယ်အစားစုံ လှေတွေကို တိုင်တွေမှာ ချည်နှောင်ထားပြီး အားလုံးက အရှိန်နှုန်း မြှင့်တင်ဖို့အတွက် သီးသန့် လုပ်ထားတဲ့ ပုံစံပဲ။ အများစုကတော့ ပိုပြီး ဟန်ချက်ညီစေဖို့ ဘေးနှစ်ဖက်မှာ သစ်သားတုတ်ချောင်းတွေ တပ်ဆင်ထားတဲ့ ကနူးလှေအကြီးစားတွေနဲ့ တူနေတယ်။

မွန်းတည့်ချိန် ဖြစ်တာကြောင့် မနက်ပိုင်းက ဖမ်းလာတဲ့ ငါးတွေကို ကမ်းပေါ်တင်နေကြတဲ့ တံငါသည်တွေ တော်တော်များများ ရှိနေတယ်။ သူတို့က ပိုက်ကွန်ထဲမှာ ရုန်းကန်လှုပ်ရှားနေပြီး အပြင်ကို ထွက်ဖို့ ကြိုးစားနေကြတဲ့ ငါးတွေပါတဲ့ ပိုက်ကွန်တွေကို ဆွဲတင်နေကြတာလေ။

သူတို့ ဖမ်းမိလာတဲ့ အရာအချို့က သာမန်ငါးတွေ မဟုတ်တာကို သတိပြုမိလိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်။

တံငါသည်တစ်ယောက်ဆိုရင် ပိုက်ကွန်ကို ဆိပ်ခံတံတားပေါ် တင်ဖို့အတွက် တခြားတံငါသည် ဆယ်ယောက်လောက်ရဲ့ အကူအညီကို ယူနေရတယ်။ သတိထားကြည့်ရမှာက အဲဒီ ငါးက ဖမ်းဆီးခံထားရပြီးသား ဖြစ်နေတာတောင်မှ တံငါသည်တွေကို မောဟိုက်သွားစေလောက်အောင်အထိ လျှော့မပေးတဲ့ ဇွဲလုံ့လနဲ့ ခွန်အားတွေနဲ့ ရုန်းကန်နေတုန်းပဲ။

နောက်ဆုံးတော့ တံငါသည်တွေက ဖမ်းမိထားတဲ့အကောင်ကို ဆိပ်ခံတံတားပေါ် အမိအရ ဆွဲတင်လိုက်နိုင်ပြီး သူတို့ ဖမ်းမိထားတာက သူ့ရဲ့ အရင်ဘဝက ဧရာမ ပြည်ကြီးငါးထက်တောင် ပိုပြီးကြီးမားတဲ့ ပြည်ကြီးငါးပုံစံ မိစ္ဆာကြီးတစ်ကောင် ဖြစ်နေတာကို ပြသနေတယ်။

သူ့ရဲ့ ခွန်အားကလည်း ပိုပြီး သန်မာပုံရတယ်၊ ဘာလို့လဲဆိုတော့ အဲဒီမိစ္ဆာက ဖမ်းဆီးသူတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ လက်တံတစ်ခုကို ဝှေ့ယမ်းလိုက်တာတင် ဆိပ်ခံတံတားပေါ်က ထူထဲတဲ့ သံမဏိတိုင်ကြီးတစ်ခုကို ကွေးညွတ်သွားစေခဲ့လို့ပဲ။

တကယ်လို့ တံငါသည်တွေသာ ကျွမ်းကျင်တဲ့ နည်းစနစ်တွေနဲ့ သူ့ရဲ့ လက်တံတွေကို မလှုပ်ရှားနိုင်အောင် မချည်နှောင်ထားနိုင်ဘူးဆိုရင် ဆိပ်ခံတံတားတစ်ခုလုံးကို ဆိုးဆိုးဝါးဝါး ပျက်စီးသွားစေပြီး တစ်ခုလုံး ပြိုကျသွားစေနိုင်သလို အပေါ်မှာ ဆောက်ထားတဲ့ တံငါသည်တွေရဲ့ အိမ်ခြေ ဆယ်ဂဏန်းလောက်ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့အထိပဲ။

ကြည့်ရတာ ဒါက ကြယ်သုံးပွင့်မိစ္ဆာတစ်ကောင် ဖြစ်မယ့်ပုံပဲ၊ ပြီးတော့ ငါ့ရဲ့ ရိုလာကိုစတာတွေအတွက်လည်း တော်တော်လေး သင့်တော်မယ့်ပုံပဲ။

သူ အောက်ကို ငုံ့ကြည့်လိုက်တော့ အဲဒီအကောင်ကို ဖမ်းမိခဲ့တဲ့ တံငါသည်က ဆိုင်းဘုတ်တစ်ခု တပ်ထားတဲ့ စုတ်ချာချာ သစ်သားအဆောက်အအုံတစ်ခုထဲကို ဝင်သွားတာကို တွေ့လိုက်ရတယ်၊ ဆိုင်းဘုတ်မှာ ရေးထားတာကတော့ -

{ကွန့်ချ်ရဲ့ ငါးဖမ်းကိရိယာဆိုင်}

ပြီးတော့ ရက်ပ်တာ သူ့ကို အကြံပြုထားတဲ့သူကလည်း ကွက်တိပဲ၊ ဒီလူပဲ ဖြစ်နေတာလေ။

သူက ဒရုန်းပေါ်ကနေ ချက်ချင်း ဆင်းလိုက်ပြီး ကွန့်ချ်ရဲ့ ဆိုင်ထဲကို လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်သွားခဲ့တယ်။

သူ တံငါရွာနဲ့ ပိုပြီး နီးကပ်လာတာနဲ့အမျှ အဲဒီ ကြယ်သုံးပွင့် ပြည်ကြီးငါးမိစ္ဆာက သူ့ရဲ့ တည်ရှိမှုကို သတိထားမိသွားပုံရပြီး သူ့ရဲ့ ပင်ကိုယ်ဖိအားကြောင့် ကြောက်လန့်တုန်လှုပ်သွားခဲ့တယ်။

တံငါသည်တွေကလည်း တစ်ခုခု မှားယွင်းနေပြီဆိုတာကို ချက်ချင်း သတိပြုမိသွားကြတယ်။ ဘာပဲဖြစ်ဖြစ် ရွာတစ်ရွာလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ပြင်းထန်ပြီး မလျှော့ပေးတဲ့ မိစ္ဆာကြီးက ဖမ်းဆီးခံလိုက်ရရုံနဲ့တင် ရုတ်တရက်ကြီး ဒီလောက်အထိ ပျော့ခွေသွားစရာ အကြောင်းမရှိဘူးလေ။

သူတို့က မိစ္ဆာကြီးရဲ့ ကျဉ်းမြောင်းနေတဲ့ သူငယ်အိမ်တွေ စိုက်ကြည့်နေတဲ့ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ကြရာကနေ သူတို့ဆီကို ဖြည်းဖြည်းချင်း လေထဲကနေ ပျံဆင်းလာတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို အပေါ်မော့ကြည့်မိသွားကြတော့တယ်။

"ဘုရားရေ..."

"ကလေးတစ်ယောက်လား"

သူက သူတို့ရဲ့ စိုက်ကြည့်မှုတွေကို လျစ်လျူရှုလိုက်ပြီး ကွန့်ချ်ရဲ့ ဆိုင်ဆီကို လျှောက်သွားလိုက်တယ်၊ တံခါးကို ဖွင့်လိုက်တာနဲ့ တံခါးမှာ တပ်ထားတဲ့ ဘဲလ်တီးသံက မြည်သွားခဲ့တယ်။

ငါးညှီနံ့ စူးစူးကြီးက သူ့ရဲ့ နှာခေါင်းထဲကို အတိုင်းသား တိုးဝင်လာခဲ့တယ်။ တော်တော်လေး ပြင်းတာပဲ။ ဘယ်လောက်အထိ ဆိုးလဲဆိုရင် သူက မှော်ပညာကို သုံးပြီး နှာခေါင်းထဲက အနံ့ဆိုးတွေကို ဖယ်ထုတ်ပစ်လိုက်ရတဲ့အထိပဲ၊ ဒီလိုနေရာမျိုးမှာ လူတွေ ဘယ်လိုများ နေထိုင်ကြလဲဆိုတာကိုတောင် သူ တွေးလို့မရတော့ဘူး။

တကယ်တော့ ဒီအနံ့ကို စိတ်အနှောင့်အယှက် ဖြစ်နေတာက သူတစ်ယောက်တည်းပဲ ရှိပုံရတယ်။ ဒီဆိုင်ထဲမှာ ကွန့်ချ်ရဲ့ ဆိုင်က ငါးစာရောင်းတဲ့ အပိုင်းမှာ ဟိုဟိုဒီဒီ ကြည့်ရှုနေကြတဲ့ တခြားလူအနည်းငယ်လည်း ရှိနေသေးတယ်လေ။

ဒီနေရာက ဟုတ်ကဲ့ရဲ့လား။

ဆိုင်တစ်ခုလုံးကို ငါးဖမ်းကိရိယာမျိုးစုံနဲ့ အလှဆင်ထားပြီး အချို့က သံချေးတက်နေပြီ၊ အချို့က ခြစ်ရာတွေ ထင်နေပြီး အချို့ကတော့ ပျက်စီးမှု အနည်းငယ်ပဲ ရှိသေးတယ်။ နံရံတစ်လျှောက်လုံးမှာတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြသထားတဲ့ အောင်ပွဲအထိမ်းအမှတ် ငါးခေါင်းတွေကို ချိတ်ထားတာတွေ့ရပြီး အဲဒီ သစ်သားဘောင်ပေါ်မှာ ငါးအမျိုးအမည်နဲ့ ဖမ်းမိတဲ့ ရက်စွဲတွေကို ထွင်းထုထားတယ်။

ဒီနေရာက သေချာပေါက် ဟုတ်နေပါပြီ။

"မင်း ဘာလိုချင်လို့လဲ"

သူ ရှေ့ကို လှည့်ကြည့်လိုက်တော့ ဆံပင်နောက်ကုတ်အရှည်နဲ့ သပ်ရပ်မှုမရှိတဲ့ နှုတ်ခမ်းမွှေးရှိပြီး ကုလားထိုင်ပေါ်မှာ အိပ်ပျော်တော့မယ့် ပုံစံမျိုးနဲ့ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့ စိတ်တိုလွယ်မယ့် ပုံစံရှိတဲ့ အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

"ခင်ဗျားက ကွန့်ချ်လား"

"တခြားဘယ်သူ့ကိုတွေးသေးလို့လဲ" လို့ ထိုလူက ပြန်ဖြေလိုက်တယ်။

"အခြောက်လှန်းထားတဲ့ ပင်လယ်မိစ္ဆာတွေကို ရှာနေတယ်ဆိုရင် ခင်ဗျားနဲ့ စကားပြောရမယ်လို့ ကျွန်တော် ကြားထားလို့ပါ"

ကွန့်ချ်က မျက်လုံးတွေကို ဖွင့်လိုက်ပြီး မိုက်ကယ်ကို တစ်ချက် ကြည့်လိုက်တယ်။ "မင်း အဲဒါကို ဘယ်လို သိတာလဲ"

"ရက်ပ်တာ လွှတ်လိုက်တာပါ" လို့ သူက ပြန်ဖြေလိုက်တယ်။

အဲဒီစကားက ကွန့်ချ်ကို တုံ့ပြန်မှုတစ်ခု ဖြစ်သွားစေပြီး သူ့ကို မတ်တပ်ရပ်လာစေကာ မိုက်ကယ်ကို ပိုပြီး အနီးကပ် စိုက်ကြည့်စေခဲ့တယ်။

"အဲဒီကောင်လေးက မင်းကို လွှတ်လိုက်တာလား၊ ဟုတ်လား။ မင်းက တကယ့် လူကုံထံတစ်ယောက် ဖြစ်ရမယ်" လို့ ကွန့်ချ်က သူ့ရဲ့ နှုတ်ခမ်းမွှေးကို သပ်ရင်း မှတ်ချက်ချလိုက်တယ်။ "သူက ငါ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖူးဘူး၊ အဲဒီ သစ္စာမရှိတဲ့ ငါ့သားကတော့လေ"

"သူက ခင်ဗျားရဲ့ သား ဟုတ်လား" မိုက်ကယ်က အံ့ဩတုန်လှုပ်စွာ မေးလိုက်တယ်။

"အေးလေ။ ကဲ... ဘာလိုချင်လဲ။ ကြယ်သုံးပွင့်လား။ ကြယ်လေးပွင့်လား"

မိုက်ကယ်က သူတို့ရဲ့ အခြေအနေအကြောင်းကို ပိုပြီး သိချင်ပေမဲ့ ပထမဆုံးအနေနဲ့ မိစ္ဆာတွေကို အရင်ဆုံး အပိုင်ရအောင် လုပ်ရမယ်လေ။

"အနည်းဆုံး ကြယ်ခုနစ်ပွင့်ပေါ့၊ ဒါပေမဲ့ ခင်ဗျားမှာ ရှိတာမှန်သမျှ အကုန်လိုချင်ပါတယ်။ ပိုပြီး သန်မာလေ ပိုကောင်းလေပဲ။ တကယ်လို့ လုံးဝ ပြီးပြည့်စုံတဲ့ အခြောက်လှန်း အခြေအနေမှာ ရှိနေတဲ့ အကောင်တွေ ရှိရင်တော့ ပိုကောင်းတာပေါ့"

ကွန့်ချ်က စဉ်းစားရင်း သစ်သားစားပွဲပေါ်ကို သူ့လက်နဲ့ တောက်တောက် တောက်တောက် ခေါက်လိုက်တယ်။ "ကြယ်ခုနစ်ပွင့် ဟုတ်လား။ ကောင်းပြီ... အခုတော့ မင်းက ငါ့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သွားပြီ။ ငါ့မှာ လုံးဝ မပျက်စီးဘဲ ရှိနေတဲ့ အဆင့်မြင့် ပင်လယ်မိစ္ဆာ အခြောက်တွေ မရှိပေမဲ့ မင်းအတွက်တော့ သေချာပေါက် အမဲလိုက်ပြီး လုပ်ပေးဖို့ ကြိုးစားကြည့်နိုင်တာပေါ့"

"ခင်ဗျားက သူတို့ကို သွားပြီး အမဲလိုက်မလို့လား"

"ဒါက စိန်ခေါ်မှုတစ်ခုပဲလေ" လို့ ကွန့်ချ်က ပြုံးရင်း ပြောလိုက်ပြီး သူ့ရဲ့ ကျိုးနေတဲ့ သွားတွေကို ပြလိုက်တယ်။ "ပြီးတော့ ငါက ဒီလို စိန်ခေါ်မှုကို နောက်ဆုတ်မယ့်သူ မဟုတ်ဘူး"

ကွန့်ချ်က သူ့ရဲ့ ငါးဖမ်းကိရိယာတွေကို ကောက်ကိုင်လိုက်ပြီး သူ့ရဲ့ စိန်ခေါ်မှုအတွက် ပြင်ဆင်တော့တယ်။ "တစ်လအတွင်း ရလဒ်ကို မျှော်လင့်ထားလို့ရတယ်" လို့ သူက ပြောရင်း သူ့ရဲ့ အိတ်ထဲကို ရိက္ခာအမြောက်အမြား ထည့်လိုက်တယ်။

"တစ်လတောင် ဟုတ်လား။ တကယ်ပဲ အဲဒီလောက်အထိ ကြာမှာလား"

ဒါက အဆင်မပြေဘူး၊ ဘာလို့လဲဆိုတော့ သူ လိုအပ်နေတဲ့ အခြောက်လှန်းထားတဲ့ မိစ္ဆာ အစိတ်အပိုင်းတွေကို မရခင်မှာတင် ပွဲတော်ကြီးတစ်ခုလုံးက ပြီးသွားနိုင်လို့ပဲ။

"ပုံမှန်ဆိုရင်တော့ ရက်အနည်းငယ်ပဲ ကြာတတ်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ တခြားဖောက်သည်တွေဆီက ရစရာရှိတဲ့ အော်ဒါတွေ အများကြီး ကျန်နေသေးလို့လေ" လို့ ကွန့်ချ်က ပြောလိုက်တယ်။

အဲဒီအချိန်မှာတင် ဆိုင်ထဲကို လူသစ်အချို့ ဝင်လာတာကြောင့် ဆိုင်ထဲက ဘဲလ်သံက မြည်သွားခဲ့တယ်။

သူတို့က ဒီရွာက လူတွေ မဟုတ်တဲ့ ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက မြို့ပြ ဒါမှမဟုတ် မြို့ကြီးတစ်မြို့မှာ နေထိုင်တဲ့သူတွေရဲ့ အဆင့်အတန်းမျိုးကို ပြသနေတာကိုး။ ဒါတင်မကဘဲ သူတို့က ဆိုင်ထဲက ငါးညှီနံ့ကိုလည်း ယဉ်ပါးနေတဲ့ ပုံမပေါ်ဘူး။

"ဆရာကြီး ကွန့်ချ်။ ကျွန်တော့်ရဲ့ အော်ဒါမှာ ငါး နောက်ထပ် တစ်တန် ထပ်တိုးချင်လို့ပါ" လို့ ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ယောက်က တောင်းဆိုလိုက်တယ်။

ကွန့်ချ်က ခေါင်းညှိမ့်ပြလိုက်တယ်။ "မင်း အဲဒါကို နှစ်လအတွင်း ရလိမ့်မယ်"

"နှစ်လတောင် ဟုတ်လား။ ဘာလို့ အဲဒီလောက်အထိ ကြာရတာလဲဗျာ"

"ဘာလို့လဲဆိုတော့ မင်းရဲ့ မူလအော်ဒါပြီးရင် ဟောဒီက လူငယ်လေးဆီက အော်ဒါအသစ်တစ်ခု ငါ ရထားလို့လေ" လို့ ကွန့်ချ်က ပြောလိုက်တယ်။ "ဒါကြောင့် မင်းရဲ့ နောက်ထပ်အော်ဒါကတော့ သူ့အော်ဒါကို ငါ ပြီးအောင် လုပ်ပေးပြီးမှပဲ စောင့်ရလိမ့်မယ်။ အရင်လာတဲ့သူကို အရင်ပေးရတာ ထုံးစံပဲလေ"

ဒါပေမဲ့ အဲဒီ ရွှေရောင်ဆံပင်နဲ့လူက အဲဒါကို မကျေနပ်တဲ့ ပုံပဲ။ သူက ဒေါသတကြီး ဖြစ်သွားပြီးမှ မိုက်ကယ်ဘက် လှည့်လာကာ စိုက်ကြည့်လိုက်တယ်။ "မင်း မင်းရဲ့ အော်ဒါကို ဖျက်သိမ်းပေးရမယ်" လို့ သူက အမိန့်ပေးတဲ့ လေသံနဲ့ တောင်းဆိုလိုက်တယ်။

မိုက်ကယ်က ခေါင်းကို စောင်းလိုက်ပြီး "ငါက ဘာလို့ အဲလို လုပ်ရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါက မင်းထက် ပိုပြီး အရေးကြီးတဲ့သူ မို့လို့ပေါ့။ ငါ မကြာခင် မက်ထရိုပိုလစ်ကို ပြောင်းတော့မှာဆိုတာ မင်း မသိဘူးလား။ ငါ့ရဲ့ ခွင့်ပြုမိန့်ကိုလည်း ရတော့မှာလေ"

* * * * * * * *

All Chapters