အခန်း (၆၅၇-၆၅၈)
Vol. 55 Ch. 657-658
အခန်း(၆၅၇)
သူ့ရှေ့မှာတော့ စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်အောင် ကြီးမားလွန်းလှတဲ့ ဧရာမ သတ္တဝါကြီးတစ်ကောင် ရပ်နေခဲ့တယ်။ အဲဒီသတ္တဝါကြီးရဲ့ ပြည်ကြီးငါးလို မျက်လုံးအစုံကြောင့် မှောင်မည်းနေတဲ့ ပင်လယ်ပြာကြီးဟာ ရဲရဲနီတဲ့ အရောင်အဝါတွေနဲ့ လင်းထိန်လို့နေတယ်။ သူ့ရဲ့ ခံတွင်းဘေးပတ်ပတ်လည်မှာတော့ မိုးမျှော်တိုက်ကြီးတွေလောက် ကြီးမားတဲ့ နှာမောင်းတံတွေက နောက်ထပ် ဝါးမြိုမယ့် သားကောင်ကို ရှာဖွေနေသလိုမျိုး လှုပ်ရှားရုန်းကွန်နေကြတယ်။
သူ့ရဲ့ ကျောဘက်မှာတော့ လင်းနို့တောင်ပံလိုမျိုး တောင်ပံတစ်စုံ ရှိနေပြီး ဒါက အဲဒီလောက် ကြီးမားတဲ့ ကိုယ်ထည် ရှိနေပေမဲ့လည်း သိပ်ကို မြန်ဆန်တဲ့ အရှိန်နဲ့ ရွှေ့လျားနိုင်အောင် ကူညီပေးနိုင်မယ့် ပုံစံမျိုး ဖြစ်နေတယ်။
သူ အောက်ကို ငုံ့ကြည့်လိုက်တော့ အဲဒီသတ္တဝါကြီးရဲ့ ကိုယ်ထည်က မှောင်မည်းနေတဲ့ အနက်ဆုံး ချောက်ကမ္ဘာကြီးထဲအထိ ရှည်လျားစွာ ဆင်းသွားတာကို တွေ့လိုက်ရတယ်။ အခု သူ မြင်နေရတာက သူ့ရဲ့ ဦးခေါင်း ထိပ်ပိုင်းလေးတင် ရှိသေးတာလေ။ သူ့ရဲ့ ပခုံးတွေကိုတောင် လှမ်းမမြင်ရပါဘူး။
"ကသူလူး" လို့ ဂျူနီပါက ကြောက်လန့်တုန်လှုပ်နေတဲ့ လေသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒါက သူ့ရဲ့ ခန္ဓာကိုယ် ပုံရိပ်အဆင့်ပဲမို့လို့ ငါတို့ ကံကောင်းသွားတာ။ မဟုတ်ရင် ငါတို့တွေ အခုလောက်ဆို အလောင်းတောင် ရှာရမှာ မဟုတ်ဘူး"
သူကလည်း သူမရဲ့ စိုးရိမ်ထိတ်လန့်မှုကို ကိုယ်ချင်းစာမိတယ်။ သူ့ကိုယ်သူလည်း ဂြိုဟ်ကြီးတစ်လုံးက သူ့ကို စိုက်ကြည့်နေတာကို မော့ကြည့်နေရတဲ့ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ ရှိတော့တယ်လို့ ခံစားလိုက်ရတယ်။
"ဒါနဲ့ နစ်စီရဲ့ စိတ်အောက်ခြေ ကမ္ဘာထဲမှာ ဘာလို့ ကမ္ဘာပေါ်မှာ အခြောက်ခြားဆုံး ဖြစ်တဲ့ ပင်လယ်မိစ္ဆာကြီး ရှိနေရတာလဲ" လို့ သူက သူမကို မေးလိုက်တယ်။
ဂျူနီပါက ခဏလောက် ငြိမ်ကျသွားပြီးမှ "ငါလည်း မသိဘူး။ ဒါပေမဲ့ ဒါက ပုံမှန် မဟုတ်ဘူး။ ငါတို့ သေချာ သိရအောင် အနားကို သွားပြီး စုံစမ်းရမယ်" လို့ ပြန်ပြောခဲ့တယ်။
ကံကောင်းတာတစ်ခုက ကသူလူးက ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ရပ်နေခဲ့တာ ဖြစ်တယ်။ ဒါကြောင့်လည်း သူတို့ အဲဒီ ဂန္ထဝင် သတ္တဝါကြီးဆီကို ဝါးမြိုခံရမလားဆိုပြီး စိုးရိမ်ပူပန်နေစရာမလိုဘဲ အနားကို ကပ်သွားဖို့ ပိုလွယ်ကူသွားတယ်။
"အခု ဘာဆက်လုပ်ကြမလဲ။ နစ်စီကို ဘယ်မှာ သွားရှာရမှာလဲ"
ဂျူနီပါက ကသူလူးကို စိုက်ကြည့်ရင်း ဧရာမ နှာမောင်းတံတွေကြားထဲကနေ သူ့ရဲ့ ခံတွင်းထဲအထိ အကဲခတ်လိုက်တယ်။ "သူမက အဲဒီထဲမှာ ရှိနေတာ"
"သူမက ကသူလူးရဲ့ ထဲမှာ ဟုတ်လား"
"ဟုတ်တယ်။ အဲဒီမှာပဲ ငါတို့ သူမရဲ့ အတွင်းစိတ်ကို တွေ့နိုင်လိမ့်မယ်"
သေချာ အနုစိတ် အကဲခတ်ကြည့်လိုက်တဲ့အခါမှာတော့ ကသူလူးရဲ့ ခံတွင်းထဲကနေ တန်ခိုးစွမ်းရည်တွေ ထွက်ပေါ်နေတာကို သူ ခံစားလိုက်ရတယ်။ ဂျူနီပါ ပြောတာ မှန်တယ်။ နစ်စီရဲ့ အတွင်းစိတ်က ကသူလူးရဲ့ ကိုယ်ထဲမှာတင် ပုန်းကွယ်နေတာလေ။
သူတို့ နှစ်ယောက်လုံး ရှေ့ကို ကူးခတ်သွားကြပြီး အနားကို ရောက်သွားတဲ့ အခါမှာတော့ မိုက်ကယ်က သူ့ရှေ့မှာ ရှိနေတဲ့ သတ္တဝါကြီးရဲ့ မဟာဆန်တဲ့ ပမာဏနဲ့ ကြီးမားပုံကို သေချာ နားလည်သွားခဲ့ရတယ်။ အဲဒီ နှာမောင်းတံတွေကတင် သူ့ကမ္ဘာက မိုးမျှော်တိုက်ကြီးတွေထက် ပိုပြီး ကြီးမားကျယ်ပြန့်နေတာလေ။
သူတို့ အနားကို ကပ်သွားလေလေ ကသူလူးရဲ့ မေးရိုးတွေပတ်ပတ်လည်မှာ တောင်ကုန်းတွေလိုမျိုး အသွားချွန်ချွန်တွေ ရှိနေပြီး အဲဒီအစွန်းတွေက သူတို့ဆီ တည့်တည့် ချိန်ရွယ်နေတာကို တွေ့လိုက်ရတယ်။
"လမ်းလွဲမသွားစေနဲ့ဦး" လို့ ဂျူနီပါက သူ့ကို သတိပေးလိုက်တယ်။
သူကလည်း ကသူလူးရဲ့ ခံတွင်းပတ်ပတ်လည်မှာ လမ်းလျှောက် အပန်းဖြေဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ သူ့ကိုယ်ထည်ထဲကို ဝင်ရတာတင် တော်တော်လေး စွန့်စားခန်း ဆန်နေပြီလေ။
အဲဒီ သတ္တဝါကြီးရဲ့ ခံတွင်းဝနားကို ကပ်သွားတာနဲ့တစ်ပြိုင်နက် သူတို့ရှေ့က ရေတွေက မြစ်တစ်စင်းလိုမျိုး ရှေ့ကို ဒလိမ့်တုံး စီးဆင်းသွားတာကို ရုတ်တရက် ခံစားလိုက်ရတယ်။
သူနဲ့ ဂျူနီပါ နှစ်ယောက်လုံး ကသူလူးရဲ့ ခံတွင်းထဲကို မျောပါသွားခဲ့ရပြီး နောက်ဆုတ်ဖို့အတွက် စဉ်းစားဖို့တောင် အချိန်မရလိုက်ပါဘူး။
သူ့ပတ်ပတ်လည်မှာ မှောင်မည်းခြင်း သက်သက်ပဲ ရှိနေတဲ့ အချိန်မှာတော့ သူ့ရဲ့ နှလုံးသားပေါ်က ဘက်သရီတွေကပဲ သူ့ကို စိတ်သက်သာရာ ရစေခဲ့တယ်။
နောက်ဆုံးတော့ သူတို့ အဝေးကနေ အလင်းရောင်စအနလေးကို မြင်လိုက်ရတယ်။
သူတို့ ပတ်ပတ်လည်မှာ ကူးခတ်နေတဲ့ ဇီဝအလင်းရောင်ထွက် သတ္တဝါတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာသစ်ကြီးတစ်ခုကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ရတော့တာပဲ။ သက်တံရောင်စုံ တောက်ပနေတဲ့ ငါးအုပ်ကြီးတွေက အုပ်စုလိုက် ကူးခတ်နေကြပြီး လင်းထိန်နေတဲ့ ပြည်ကြီးငါးလို သတ္တဝါတွေကလည်း သူတို့ဆီကို စူးစမ်းချင်စိတ်နဲ့ ကူးခတ်လာကြသလို ပတ်ပတ်လည်မှာ အလှဆင်ထားတဲ့ သန္တာကျောက်တန်းတွေကအစ နီယွန်ရောင်စုံတွေနဲ့ တောက်ပနေကြတယ်။
ဒါက ကသူလူးရဲ့ အောက်သိုးအခြောက်ခြားနိုင်တဲ့ ပုံစံကြီးနဲ့ သိပ်ကို ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အံ့ဩစရာ မြင်ကွင်းတစ်ခုပဲလို့ သူ တွေးလိုက်မိတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာတင် သူတို့ ပတ်ပတ်လည်မှာ မြေငလျင်လှုပ်သလိုမျိုး တုန်ခါမှုကို ခံစားလိုက်ရတယ်။
"ဒါ ဘာကြီးလဲ"
အစတုန်းက သိပ်ကို တက်ကြွနေတဲ့ အရောင်စုံ ငါးလေးတွေက ကြောက်လန့်တုန်လှုပ်ပြီး ချက်ချင်းပဲ ဝေးရာကို ကူးခတ်ပြေးသွားကြတယ်။ ပြည်ကြီးငါးတွေကလည်း မှင်ရည်မည်းတွေကို မှုတ်ထုတ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် လစ်ပြေးသွားကြတယ်။
ဇီဝအလင်းရောင်ထွက် သတ္တဝါ တိုင်းက သူတို့ရဲ့ အသက်ကို လွတ်အောင် ပြေးနေကြတာ ဖြစ်တယ်။
မိုက်ကယ်နဲ့ ဂျူနီပါတို့ လှည့်ကြည့်လိုက်တော့ မှောင်မည်းခြင်းထဲမှာ ကသူလူးရဲ့ ခန္ဓာကိုယ် နံရံတွေက တုန်ခါနေတာကို တွေ့လိုက်ရတယ်။
အဲဒီနောက်မှာတော့ အမည်းရောင်နဲ့ အဖြူရောင် အကြေးခွံတွေ ရှိတဲ့ ဧရာမ မြွေသတ္တဝါကြီးတစ်ကောင်ရဲ့ ပုံသဏ္ဍာန်ကို မြင်လိုက်ရတယ်။ သူ့ရဲ့ မျက်နှာက နဂါးတွေနဲ့ ဆင်တူပြီး ကိုယ်ထည်ကတော့ ငါးလန်လိုမျိုး ဖြစ်နေတယ်။
သူက သူ့ရဲ့ မေးရိုးကြီးတွေကို ဖြဲထားပြီး သူ့မျက်စိရှေ့မှာ ရှိသမျှ အရာအားလုံးကို ဝါးမြိုဖို့ ပြင်နေခဲ့တယ်။
သူက သူတို့ဆီကို ကူးခတ်လာရင်း ကသူလူးရဲ့ အသားနံရံတွေကို အလောတကြီး တိုက်မိနေခဲ့တယ်။
"လီဗိုက်ယာသန်" လို့ ဂျူနီပါက အံ့ဩတုန်လှုပ်စွာ အော်လိုက်တယ်။
နစ်စီရဲ့ အတွင်းစိတ် လွတ်လပ်တဲ့ ကမ္ဘာထဲမှာ နောက်ထပ် ဧရာမ ပင်လယ်သတ္တဝါကြီးတစ်ကောင် ပေါ်လာခဲ့တဲ့ ပုံပဲ။ ကံဆိုးတာက ကသူလူးနဲ့မတူဘဲ ဒီတစ်ကောင်ကတော့ ဆာလောင်မွတ်သိပ်နေတဲ့ ပုံစံနဲ့ အသက်ဝင်နေခဲ့တာ ဖြစ်တယ်။
"ငါတို့ သွားမှဖြစ်မယ်" လို့ ဂျူနီပါက ပြောရင်း လီဗိုက်ယာသန်နဲ့ ဝေးရာကို တတ်နိုင်သမျှ အမြန်ဆုံး ကူးခတ်သွားခဲ့တယ်။
သူလည်း သူမရဲ့ နောက်ကနေ ချက်ချင်း လိုက်သွားခဲ့တယ်။
ကံကောင်းတာက ရေစီးကြောင်းက သူတို့ သွားမယ့် လမ်းကြောင်းအတိုင်း စီးဆင်းနေတာမို့ လီဗိုက်ယာသန်နဲ့ သူတို့ကြားက ရေထဲက အရှိန် ကွာခြားချက်ကို လျှော့ချပေးပြီး သူတို့ကို ရှေ့ကို တွန်းပို့ပေးနေခဲ့တယ်။
ဒါပေမဲ့ ဒါက လီဗိုက်ယာသန်အတွက်လည်း အကျိုးသက်ရောက်မှု ရှိနေပုံရတယ်။
သူက သူတို့ဆီကို ပိုပြီး နီးကပ်လာခဲ့ပြီး သူတို့ရဲ့ ခြေထောက်နားအထိ ကပ်လာခဲ့ပြီလေ။ သူ့ရဲ့ မေးရိုးကြီးတွေကို အကျယ်ကြီး ဖြဲထားပြီး သူတို့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်ဖို့ ပြင်နေခဲ့တယ်။
"ဟိုမှာ" လို့ ဂျူနီပါက ဘေးဘက်မှာ သူတို့ ဖြတ်သန်းသွားရုံပဲ ရှိမယ့် လမ်းခွဲ အပေါက်အသေးလေးတစ်ခုကို မြင်ပြီး ပြောလိုက်တယ်။
သူတို့ ဘာမှ ထပ်မစဉ်းစားတော့ဘဲ သူတို့ရဲ့ ကိုယ်ထည်တွေကို ညာဘက်ကို တွန်းပို့လိုက်ပြီး လီဗိုက်ယာသန်ရဲ့ မေးရိုးကြီးတွေ သူတို့ဆီ ပိတ်ဆို့ ဝါးမြိုလိုက်တဲ့ အချိန်မှာတင် အဲဒီ အပေါက်အသေးလေးထဲကို အချိန်ကိုက် ဝင်သွားနိုင်ခဲ့တယ်။
လီဗိုက်ယာသန်က အဲဒီ အပေါက်ထဲကို ဝင်ဖို့ ကြိုးစားလိုက်တဲ့ အခါမှာတော့ တစ်ခန်းလုံး တုန်ခါသွားခဲ့ရတယ်။ သူက ဒေါသတကြီးနဲ့ ရုန်းကန်နေပေမဲ့လည်း ကသူလူးရဲ့ အသားနံရံတွေကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။
အခုလောလောဆယ်တော့ သူတို့ ဘေးကင်းသွားပြီပေါ့။
"သီသီလေးပဲ" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာတင် ရုတ်တရက် ရေစီးကြောင်းက ပိုပြီး ပြင်းထန်လာတာကို ခံစားလိုက်ရပြီး သူတို့ကို စက်ဝိုင်းပုံစံမျိုး ပတ်ချာလည်အောင် တွန်းပို့နေခဲ့တယ်။
ပြီးတော့ အဲဒီ ရေစီးကြောင်းရဲ့ အလယ်ဗဟိုမှာတော့ မှောင်မည်းနေတဲ့ အနက်ဆုံး ချောက်ကြီးထဲကို တည့်တည့် ဆင်းသွားမယ့် ရေဝဲကြီးတစ်ခု ရှိနေခဲ့တယ်။
"ရေစီးကြောင်းကို ဆန့်ကျင်ပြီး ကူး" လို့ ဂျူနီပါက သူတို့ကို ပိတ်မိနေတဲ့ ရေဝဲကြီးထဲကနေ ထွက်ဖို့ ကြိုးစားရင်း ပြောလိုက်တယ်။
သူလည်း သူမနဲ့အတူ ကူးခတ်ရင်း သူ့ရဲ့ စွမ်းအားရှိသမျှ အကုန်သုံးပြီး ရေတွေကို အတင်း ယက်ကန်ကာ ရေစီးကြောင်းထဲကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်။
နောက်ဆုံးတော့ သူတို့ ရေငြိမ်တဲ့ နေရာတစ်ခုဆီ ရောက်သွားခဲ့ရတယ်။ ဒီနေရာမှာတော့ ရေဝဲရဲ့ ရေစီးကြောင်း ဒဏ်က မရှိတော့တာမို့ သူတို့ ဘေးကင်းသွားတယ်။
ဒါပေမဲ့ သူတို့ သတိ ပြန်သွင်းဖို့ ပြင်လိုက်ရုံပဲ ရှိသေးတယ်၊ လီဗိုက်ယာသန်က ကသူလူးရဲ့ အသားနံရံတွေကို နောက်ဆုံးတော့ ဖောက်ထွက်နိုင်ခဲ့တဲ့ ပုံစံနဲ့ တစ်ခန်းလုံး နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြန်တယ်။
သူက ဟိန်းဟောက်လိုက်ပြီး ရေထဲမှာ လှိုင်းလုံးကြီးတစ်ခုကို ထွက်ပေါ်စေခဲ့တယ်။
အဲဒီနောက်မှာတော့ သူက ရဲရဲနီနေတဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့ သားကောင်ကို နောက်ဆုံးတော့ မိတော့မယ်ဆိုတဲ့ အကြည့်မျိုးနဲ့ သူတို့ဆီ လှည့်လာခဲ့တယ်။
"ငါတို့ ပိတ်မိနေပြီ" လို့ ဂျူနီပါက ရှေ့ကို လှမ်းကြည့်ရင်း လမ်းပိတ်နေတာကိုပဲ မြင်ရလို့ ပြောလိုက်တယ်။ သူတို့ သွားစရာ လမ်း မရှိတော့ပါဘူး။ လီဗိုက်ယာသန်ရဲ့ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီလေ။
"ကျွန်တော်တို့ ရေဝဲထဲကို ဝင်မှဖြစ်မယ်" လို့ သူက သူမကို ပြောလိုက်တယ်။
အဲဒီ ရေဝဲက ရေတွေကို ဆွဲယူနေတဲ့ နေရာတစ်ခုတင် မကဘူးဆိုတာကို သူ သတိထားမိလိုက်တယ်။ ဒါက တန်ခိုးစွမ်းရည်တွေ အလုံးအရင်းနဲ့ ထွက်ပေါ်နေတဲ့ နေရာလည်း ဖြစ်နေတာလေ။ သူတို့ အဲဒီ ရေဝဲရဲ့ တစ်ဖက်ခြမ်းမှာ နစ်စီကို သေချာပေါက် တွေ့နိုင်လိမ့်မယ်။
ဂျူနီပါက မိုက်ကယ်ကို ကြည့်ပြီး ခေါင်းညှိမ့်ပြလိုက်တယ်။ သူတို့ ဒီနေ့မှ စတွေ့တာ ဆိုပေမဲ့လည်း သူမက သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ယုံကြည်နေပြီ ဖြစ်တယ်။ သူက အရင်ကတည်းက သူ့ကိုယ်သူ ပါရမီပါကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသားလေ။
"ကောင်းပြီ... ဒါပေမဲ့ ငါတို့ အခုချက်ချင်း သွားမှဖြစ်မယ်" လို့ သူမက ပြောလိုက်တယ်။
သူတို့ နှစ်ယောက်လုံး လီဗိုက်ယာသန်ရဲ့ အတင်းအဓမ္မ ပြေးဝင်လာမှုကို ရှောင်ကွင်းရင်း ရေဝဲထဲကို တစ်ချိန်တည်း ပြန်ခုန်ချလိုက်ကြတယ်။ လီဗိုက်ယာသန်က နံရံကို တိုက်မိသွားပြီး ခဏလောက် မူးဝေသွားခဲ့ရတယ်။
မိုက်ကယ်နဲ့ ဂျူနီပါတို့ ရေဝဲထဲမှာ ပတ်ချာလည် မျောပါနေတဲ့ အချိန်မှာတော့ လီဗိုက်ယာသန်က သတိ ပြန်ဝင်လာခဲ့ပြီ ဖြစ်တယ်။ ပြီးတော့ ဘာမှ မဆိုင်းမတွဘဲ သူတို့နောက်ကို ရေဝဲထဲအထိ လိုက်ကူးလာခဲ့တော့တယ်။
"အလယ်ဗဟိုဆီကို ကူး" လို့ သူက ဂျူနီပါကို ပြောလိုက်တယ်။
သူတို့ နှစ်ယောက်လုံး ရေဝဲရဲ့ မျက်စိတည့်တည့်ဆီကို ဦးတည်ပြီး ကူးခတ်သွားကြပြီး အောက်ဘက် အပေါက်ထဲကို အရှိန်အဟုန်နဲ့ ဆင်းသွားခဲ့ကြတယ်။
သိပ်မကြာခင်မှာတင် သူတို့ မှောင်မည်းနေတဲ့ အနက်ဆုံး ချောက်ကြီးထဲကို ကျဆင်းသွားခဲ့ရပြီး မိုက်ကယ်က လီဗိုက်ယာသန်ရဲ့ ထက်မြက်တဲ့ သွားတွေကြားထဲကနေ သီသီလေး လွတ်မြောက်သွားခဲ့ရတယ်။
သူက သူ့ရဲ့ သားကောင်ကို မဖမ်းမိနိုင်လို့ ဒေါသတကြီးနဲ့ ရုန်းကန်နေခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ နောက်ဆုံးတော့ လက်လျှော့သွားခဲ့ရပြီ ဖြစ်တယ်။
အဲဒီအချိန်မှာတော့ မိုက်ကယ်နဲ့ ဂျူနီပါ နှစ်ယောက်လုံးက ရေတံခွန်တစ်ခုလိုမျိုး ရေစီးကြောင်းက သူတို့ကို အောက်ကို တွန်းပို့နေတာမို့ ချောက်ကမ္ဘာထဲကို ကျဆင်းသွားခဲ့ကြတယ်။
နောက်ဆုံးတော့ သူတို့ ရေတွေ သိပ်ကို တည်ငြိမ်ပြီး အေးချမ်းလှတဲ့ ချောက်ကမ္ဘာရဲ့ အောက်ခြေဆီ ရောက်ရှိသွားခဲ့ကြတယ်။
ပြီးတော့ သူတို့ရဲ့ ရှေ့တည့်တည့်မှာတင် ဧရာမ ကမာကောင်ခွံကြီးတစ်ခုထဲမှာ ထိုင်နေတဲ့ နစ်စီကို တွေ့လိုက်ရတော့တာပဲ။
* * * * * * * *
စာစဉ်(၅၅)
အခန်း(၆၅၈)
ရေလူသား ကလေးငယ် နစ်စီကတော့ ပင်လယ်မိစ္ဆာ ရုပ်သေးရုပ်တွေ ဝိုင်းရံထားတဲ့ ကမာခရုခွံကြီးထဲမှာ ထိုင်နေရှာတယ်။
သူမရဲ့ လက်တစ်ဖက်မှာ ကသူလူး ရုပ်သေးရုပ်အသေးစားလေးကို ကိုင်ထားပြီး နောက်လက်တစ်ဖက်မှာတော့ လီဗိုက်ယာသန် ရုပ်သေးရုပ်ကို ကိုင်ထားတယ်။ ပြီးတော့ အဲဒီရုပ်သေးရုပ်တွေကို တစ်ရုပ်နဲ့တစ်ရုပ် စကားပြောနေကြသလိုမျိုး ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ဆော့ကစားနေခဲ့တယ်။
သူမက ကစားရတာကို ဘယ်လောက်အထိ အာရုံစိုက်နေလဲဆိုရင် သူတို့ ရောက်နေတာကိုတောင် သတိထားမိတဲ့ ပုံမပေါ်ဘူး။
"နစ်စီ" လို့ ဂျူနီပါက ခေါ်ရင်းနဲ့ ရေလူသားမလေးနားကို သတိထားပြီး တိုးသွားလိုက်တယ်။
ဒါပေမဲ့ နစ်စီက သူမကို လုံးဝဥပေက္ခာပြုထားပြီး ရုပ်သေးရုပ်တွေကိုပဲ ဆက်ဆော့နေခဲ့တယ်။
"အန်တီတို့က သမီးကို ကူညီဖို့ လာတာပါ။ အပြင်ကို ထွက်ခဲ့ပါဦး... အန်တီတို့ စကားပြောကြရအောင်လေ" လို့ သူမက နစ်စီကို ဖျောင်းဖျလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ နစ်စီက တုံ့ပြန်လာခဲ့ပြီ။ သူမက ဆော့နေတာကို ရပ်လိုက်ပေမဲ့ မျက်နှာကိုတော့ အောက်ချထားတုန်းပဲ။
"သမီး မထွက်ချင်ဘူး" လို့ သူမက တိုးတိုးလေး ညည်းတွားလိုက်တယ်။
ဂျူနီပါက နှုတ်ခမ်းကို စေ့လိုက်ရင်း "သမီးရဲ့ တာအိုနှလုံးသား ဘာလို့ ဒီလောက်အထိ ပျက်စီးသွားရလဲဆိုတာ ငါ အခုမှ သဘောပေါက်တော့တယ်။ သမီးက အပြင်လောကကြီးကို ရင်မဆိုင်ချင်တော့ဘဲ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ပုန်းအောင်းပြီး နေဖို့ ရွေးချယ်လိုက်လို့ပဲ" လို့ ပြောလိုက်တယ်။
နစ်စီရဲ့ တကယ့်ပြင်ပဘဝက သိပ်ကို ခြောက်သွေ့လွန်းတာကိုး။ တာအိုနှလုံးသား ရောဂါကျိန်စာကြောင့် ရေလူသား ကလေးတွေ လုပ်နိုင်တဲ့အရာတွေကို သူမ မလုပ်နိုင်ခဲ့ရှာဘူး။ တခြားကလေးတွေက ငါးလိပ်စွန်ကြီးတွေစီးပြီး ကျောင်းသွားကြချိန်မှာ သူမကတော့ သန္တာကျောက်အိပ်ရာထက်ကနေတောင် မထနိုင်သည်။ တခြားသူတွေက ပင်လယ်ခုနစ်စင်ဆီ ခရီးထွက်နေကြချိန်မှာ သူမကတော့ သူငယ်ချင်းတစ်ယောက်မှမရှိဘဲ အိမ်မှာပဲ သောင်တင်နေခဲ့ရတာလေ။
ပိုပြီး ဆိုးတာကတော့ ဘယ်လောက်ပဲ ပေးဆပ်ခဲ့ရပါစေ... နောက်ဆုံးမှာ ဒီကျိန်စာကြောင့်ပဲ သူမ သေဆုံးသွားရမှာ ဖြစ်နေတာပဲ။
အဲဒါနဲ့ နှိုင်းယှဉ်ရင်တော့ သူမရဲ့ စိတ်ကူးယဉ်ကမ္ဘာက စိတ်လှုပ်ရှားစရာတွေနဲ့ စွန့်စားခန်းတွေ ပြည့်နှက်နေတယ်။ သူမအနားမှာ ကသူလူးနဲ့ လီဗိုက်ယာသန် ရှိနေပြီး ဖော်စပ်ပေးထားတာမို့ ဘယ်တော့မှ အထီးမကျန်ရတော့ဘူးလေ။ ပြီးတော့ ဒီနေရာမှာဆိုရင် ခန္ဓာကိုယ် လှုပ်ရှားလိုက်တိုင်း နှလုံးက နာကျင်မနေတော့ဘဲ သူမ စိတ်ကြိုက် လှုပ်ရှားနိုင်၊ ရေကူးနိုင်၊ ပျံသန်းနိုင်တယ်။
သူမက အပြင်လောကမှာ အသက်ရှင်နေရတာထက် ဒီနေရာမှာပဲ အချိန်ဖြုန်းချင်နေခဲ့တာ။
ဒါပေမဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နေဖို့ ရွေးချယ်လိုက်တာက သူမရဲ့ တာအိုနှလုံးသားကို ပိုပြီး ပျက်စီးအောင် တွန်းပို့နေတာပဲလေ။ အခု ဂျူနီပါက တာအိုနှလုံးသားရဲ့ ဒဏ်ရာကို ကုသပေးထားတာတောင်မှ နစ်စီက အရှုံးပေးဖို့ပဲ ရွေးချယ်နေတုန်းပဲ။
ဘာပဲဖြစ်ဖြစ် ဒီနေ့ အသက်ရှင်သွားခဲ့ရင်တောင် ဒါက ခဏတဖြုတ် အချိန်ဆွဲထားရုံပဲ ရှိမှာလေ။ ကျိန်စာက တာအိုနှလုံးသားထဲမှာ ဆက်ရှိနေဦးမှာ ဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ဖျက်ဆီးနေဦးမှာပဲ။
သူမရဲ့ စိတ်ထဲမှာတော့ ပြင်လို့မရတော့တဲ့အရာကို ပြင်ဖို့ ကြိုးစားနေတာက အဓိပ္ပာယ်မရှိဘူးလို့ ထင်နေပုံရတယ်။
"နစ်စီ... သမီးလေး... ဒီနေရာမှာ ထာဝရ နေလို့မရဘူးလေ။ သမီး သတိရမှ ဖြစ်မယ်။ သမီးရဲ့ မိဘတွေက စောင့်နေကြတယ်" လို့ ဂျူနီပါက သူမနား တိုးသွားရင်း ပြောလိုက်တယ်။
"မရဘူး" လို့ နစ်စီက အော်ဟစ်လိုက်တယ်။
ဂျူနီပါက သူမရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ နောက်ကို တစ်လှမ်းဆုတ်လိုက်တယ်။
"သူက ဒီမှာပဲ နေဖို့ အပိုင်ဆုံးဖြတ်ထားတာပဲ။ ဒါက ငါတို့အားလုံးအတွက် မကောင်းဘူး" လို့ သူမက မိုက်ကယ်ကို ပြောလိုက်တယ်။ "ငါတို့ သူ့ကို ဒီနေရာကနေ အတင်းအကျပ် ခေါ်ထုတ်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ဘူး။ သူမကို ကသူလူးရဲ့ ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး ခေါ်ထုတ်ရမယ်"
"ကောင်းပြီ... ကျွန်တော်တို့ ဒါကို ဘယ်လို လုပ်ကြမလဲ" လို့ သူက မေးလိုက်တယ်။
"သူ့ကို ခေါ်သွားဖို့က လွယ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကမှ ခက်ခဲမှာ။ သူမရဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုလုံးက ငါတို့ကို ပြန်တိုက်ခိုက်လိမ့်မယ်" လို့ သူမက သတိပေးလိုက်တယ်။
ငါ့ရဲ့ သဟဇာတဘက်ထရီမှာ အား ၃၅၀ ရာခိုင်နှုန်းလောက် ကျန်သေးတာပဲ။ ဒါက ကွမ်တမ်ဓားချက် တစ်ချက်နဲ့ ကွမ်တမ်ခြေလှမ်း တစ်ချက်အတွက်တော့ လုံလောက်ပါတယ်။
ကံကောင်းတာက နစ်စီ သတိရလာတုန်းက သူ တန်ခိုးစွမ်းရည်တွေ အများကြီး စုပ်ယူထားနိုင်ခဲ့လို့ပဲ။ တကယ်လို့သာ အဲလိုမျိုး မစုပ်ယူထားနိုင်ခဲ့ရင် သူ ဒီမစ်ရှင်ကို လုပ်ဖို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေမှာ မဟုတ်ဘူး။
"ကျွန်တော် အဆင်သင့်ပဲ" လို့ သူက သူမကို ပြောလိုက်တယ်။
ဂျူနီပါက လက်ချောင်းလေးတွေနဲ့ အချက်ပေး ရေတွက်လိုက်ပြီး ချက်ချင်းပဲ နစ်စီဆီကို ခုန်ဝင်ကာ သူမကို တင်းတင်းကျပ်ကျပ် ဖက်ပွေ့လိုက်တယ်။
"အား" နစ်စီက အော်ဟစ်လိုက်တုန်းမှာပဲ စိတ်ကူးယဉ် နယ်ပယ်တစ်ခုလုံးက သူမရဲ့ အသံနဲ့အတူ တုန်ဟည်းသွားခဲ့တယ်။
ဒါပေမဲ့ နစ်စီက ဘယ်လောက်ပဲ ရုန်းကန်ပါစေ... ဂျူနီပါက သူမရဲ့ ခါးကို မြဲမြဲမြံမြံ ဖက်ထားတုန်းပဲ။
"သွားစို့" လို့ သူမက ပြောရင်း သူတို့ ဝင်လာခဲ့တဲ့ အပေါက်ထဲဆီကို ပြန်ပြီး ခုန်ချလိုက်တယ်။
မိုက်ကယ်ကလည်း နောက်ကနေ ချက်ချင်းလိုက်သွားပြီး ရေဝဲကြီးရဲ့ အဝကနေ အပေါ်ကို ဆန်တက်လာခဲ့တယ်။
ရုတ်တရက်ဆိုသလို လီဗိုက်ယာသန်က သူ့ရဲ့ သားကောင်တွေ ပြန်ပေါ်လာတာကို မြင်ပြီး ခေါင်းကို ထောင်ထည့်လိုက်တယ်။
ဂျူနီပါက လီဗိုက်ယာသန် သူတို့ဆီ မရောက်လာခင်မှာပဲ သောင်းကျန်းနေတဲ့ ရေစီးကြောင်းတွေထဲကနေ လွတ်အောင် ရေကူးထွက်လိုက်တယ်။
အဲဒီမိစ္ဆာက သူတို့နောက်ကို ကပ်လိုက်လာတာမို့ သူတို့ လမ်းခွဲခဲ့တဲ့ အပေါက်ဝဆီကို ရောက်အောင် သွားပြီး အမြန်ပဲ တိုးဝင်လိုက်ကြတယ်။
လီဗိုက်ယာသန်က အပေါက်ထဲကို ခေါင်းနဲ့ အတင်းတိုးဝင်ပြီး သူ့ရဲ့ နဂါးလိုမျိုး ဆူးချွန်တွေပါတဲ့ အရေခွံတွေကို အသုံးချကာ ကသူလူးရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ထိုးဖောက်ဖို့ ကြိုးစားတော့တယ်။
ဒီတစ်ကြိမ်မှာတော့ အပေါက်က ပွင့်ထွက်သွားမယ့် ပုံပဲ။
နစ်စီရဲ့ စိတ်သောကကြောင့် စိတ်ကူးယဉ်ကမ္ဘာ လဟာပြင်ထဲမှာ ဖြစ်ပေါ်သွားတဲ့ တုန်ခါမှုက ကသူလူးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အားနည်းသွားစေတာမို့ လီဗိုက်ယာသန် အလွယ်တကူ ထိုးဖောက်နိုင်ခဲ့တာ ဖြစ်မယ်။
ဒါတင်မကသေးဘဲ မိုက်ကယ်နဲ့ ဂျူနီပါတို့က ကသူလူးရဲ့ ခန္ဓာကိုယ်ထဲမှာ ရေစီးကြောင်းကို အံတုပြီး အပေါ်ကို ပြန်ကူးနေရတာမို့ အရှိန်တွေ နှေးကွေးနေခဲ့တယ်။
နောက်ဆုံးတော့ လီဗိုက်ယာသန်က သူတို့နောက်ကို မှီလာခဲ့ပြီ။ သူ့ရဲ့ ပွင့်ဟနေတဲ့ ပါးစပ်ကြီးက မြို့တစ်မြို့လုံးကိုတောင် အမိအရ ဝါးမြိုပစ်နိုင်တဲ့ အနေအထားမို့ မိုက်ကယ်နဲ့ ဂျူနီပါတို့ကတော့ အလွယ်တကူ သားကောင် ဖြစ်သွားရတော့မှာပေါ့။
"ငါတို့ ထွက်ပေါက်နဲ့ နီးနေပြီ..."
မိုက်ကယ်က အပေါ်ကို ဆန်တက်နေတဲ့ အရှိန်ကို လျှော့ချလိုက်တာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ဂျူနီပါရဲ့ စကားသံတွေ ရပ်တန့်သွားခဲ့တယ်။
"မင်း ဘာလုပ်နေတာလဲ" လို့ သူမက လှမ်းမေးလိုက်တယ်။ လီဗိုက်ယာသန်က မိုက်ကယ်ဆီ တည့်တည့်ကြီး ဦးတည်လာနေတာကို သူမ မြင်နေရပြီလေ။
"ခင်ဗျားတို့ အရင်သွားနှင့်" လို့ သူက ပြန်ဖြေလိုက်တယ်။ "ကျွန်တော် သူ့ကို အချိန်ဆွဲထားလိုက်မယ်"
ဂျူနီပါတစ်ယောက် ဆွံ့အသွားရတော့တယ်။
လီဗိုက်ယာသန်က သူတို့နှစ်ယောက်လုံးကို သေချာပေါက် မိတော့မှာလေ။ ဒါက ငြင်းကွယ်လို့မရတဲ့ အမှန်တရားပဲ။ ဒါကြောင့် တကယ်လို့ မိုက်ကယ်သာ သူ့ကိုယ်သူ အနစ်နာခံပြီး သားကောင်အဖြစ် အာရုံမလွှဲပေးခဲ့ရင် ဂျူနီပါအနေနဲ့ နစ်စီကို ကသူလူးရဲ့ ခန္ဓာကိုယ်ထဲကနေ ခေါ်ထုတ်သွားနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒါက မိုက်ကယ်အတွက်တော့ သေတွင်းထဲ သက်ဆင်းရသလို ဖြစ်နေမှာ သေချာတယ်။
သူက ပင်လယ်ပြင်ရဲ့ ဒဏ္ဍာရီလာ မိစ္ဆာကြီးကို ရင်ဆိုင်နေရတာလေ။ ဒါက နစ်စီရဲ့ စိတ်ကူးယဉ်မှုက ဖန်တီးထားတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်နေဦးတော့... သူ့ရဲ့ အစွမ်းက မိုက်ကယ်ထက် အဆပေါင်းများစွာ သာလွန်နေတုန်းပဲ။ ပြောရရင် သူက မက်ဂ်နက်တစ် အဆင့် ၉ ရှိနေရင်တောင် ဒီမိစ္ဆာကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
မိုက်ကယ်ကတော့ ဒါတွေကို ဂရုစိုက်နေမယ့် ပုံမပေါ်ဘဲ လီဗိုက်ယာသန် သူ့အနားကို အနီးကပ်ဆုံး ရောက်လာမယ့် အချိန်ကို ငြိမ်သက်စွာနဲ့ စောင့်ဆိုင်းနေခဲ့တယ်။
ပြီးတော့မှ သူက သဟဇာတဓါးကို ထုတ်ပြီး ပုံဖော်လိုက်တယ်။
လီဗိုက်ယာသန်က သူ့ကို နှစ်ပိုင်းပိုင်းပြီး ဝါးမြိုဖို့ ပါးစပ်ကြီးကို ပိတ်လိုက်တဲ့ အချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ သဟဇာတဘက်ထရီကို အသက်သွင်းလိုက်ပြီး တန်ခိုးစွမ်းရည် အမြောက်အမြားကို သူ့ရဲ့ လက်ကောက်ဝတ်ဆီမှာ စုစည်းလိုက်တယ်။
သူ့ရဲ့ လက်အစုံအနားက ဟင်းလင်းပြင်ကြီးက ကွေးညွတ်သွားပြီး သူ့ရှေ့က လက်တွေ့လောကရဲ့ ဖွဲ့စည်းပုံကြီးကို အတင်းအကျပ် ဆွဲဖဲ့ကာ သူ့ကိုယ်သူ တခြားနေရာတစ်ခုဆီကို ရွှေ့ပြောင်းလိုက်တယ်။
ဂျူနီပါက မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကြီးက သူမရဲ့ မျက်စိရှေ့တင် လုံးဝ ပျောက်ကွယ်သွားတာကို မြင်ပြီး လန့်ဖျပ်သွားခဲ့တယ်။
သူ ဘယ်နေရာကို ရောက်သွားလဲဆိုတာကို သူမ သဘောပေါက်ဖို့ ခဏလောက် အချိန်ယူလိုက်ရတယ်။
သူမက လီဗိုက်ယာသန်ရဲ့ ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့မှ လီဗိုက်ယာသန်ရဲ့ မျက်လုံးနှစ်လုံးကြားထဲမှာ ထူးဆန်းတဲ့ လက်နက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ မိုက်ကယ်ကို တွေ့လိုက်ရတယ်။
မိုက်ကယ်ရဲ့ သဟဇာတဘက်ထရီထဲက တန်ခိုးစွမ်းရည်တွေက အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပြီး ဘက်ထရီထဲက စွမ်းအင်တွေ အကုန်လုံး ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ၃၀၀ ရာခိုင်နှုန်းသော အားတွေကြောင့် ပတ်ဝန်းကျင်နယ်ပယ်ကို ကွေးညွတ်စေတဲ့ စွမ်းအားက သဟဇာတဓါးဆီအထိ ပျံ့နှံ့သွားပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ဓားအနားမှာ စွမ်းအင်လှိုင်းတွေကို ဖြစ်ပေါ်စေခဲ့တယ်။
သူက ဓားကို လွှဲယမ်းလိုက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲပစ်နိုင်တဲ့ လခြမ်းကွေး စွမ်းအင်လှိုင်းတစ်ခုကို လီဗိုက်ယာသန်ရဲ့ ခေါင်းဆီကို ပစ်လွှတ်လိုက်တယ်။
သူ့ရဲ့ ကွမ်တမ်ဓားချက်က လီဗိုက်ယာသန်ရဲ့ ခေါင်းကို တည့်တည့်ကြီး ထိမှန်သွားပြီး အရေခွံပေါ်က ဆူးချွန်တွေကို ချက်ချင်းပဲ ဆွဲခွာပစ်လိုက်တယ်။
လီဗိုက်ယာသန်က နာကျင်လွန်းလို့ အော်ဟစ်ရင်း မှောင်မိုက်တဲ့ ရေနက်ပိုင်းဆီကို ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။
ဂျူနီပါကတော့ သူမရဲ့ မျက်စိရှေ့က အခြေအနေကို လုံးဝ မယုံနိုင်ဘဲ ဖြစ်နေတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်... အဲဒီ ခဏတာ စက္ကန့်ပိုင်းအတွင်းမှာ မိုက်ကယ်က သူ့ရဲ့ လက်ရှိကျင့်စဉ်အဆင့်၊ သူ့ရဲ့ နယ်ပယ်ထက် သာလွန်တဲ့ စွမ်းအားမျိုးကို ပြသနိုင်ခဲ့တာပဲလေ။ ဒါက သန္ဓေဝိညာဉ် နယ်ပယ်က ကျင့်ကြံသူကြီးတွေမှသာ တတ်စွမ်းနိုင်တဲ့ နည်းစနစ်မျိုး မဟုတ်လား။
"မဖြစ်နိုင်တာ... သူက ဘယ်သူမို့လို့လဲ"
အဲရစ်က မိုက်ကယ်အနေနဲ့ အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ကို အနိုင်တိုက်ခဲ့တဲ့ မဖြစ်နိုင်တဲ့ စွမ်းဆောင်ရည်တွေအကြောင်း သူမကို ပြောပြခဲ့ဖူးပေမဲ့ အခုမှပဲ ဂျူနီပါတစ်ယောက် အဲဒီစကားတွေကို တကယ် ယုံကြည်သွားတော့တယ်။
* * * * * * * *