အခန်း (၆၅၉-၆၆၀)
Vol. 55 Ch. 659-660
အခန်း(၆၅၉)
ဂျူနီပါက မိုက်ကယ်ကို ကြည့်ပြီး အံ့ဩမှင်တက်လို့ နေမိတော့တယ်။ မိုက်ကယ်ရဲ့ မယုံနိုင်စရာကောင်းပြီး အဓိပ္ပာယ်ဖွင့်ရခက်တဲ့ အစွမ်းသတ္တိတွေအကြောင်းကို သူမ အကုန်မေးမြန်းချင်နေပေမဲ့ အခုက အချိန်မဟုတ်ဘူးဆိုတာ သေချာသိနေတယ်လေ။
နစ်စီကတော့ ပြန်ပြီး ငိုက်မြည်းလာပြန်ပြီ။ ဂျူနီပါရဲ့ ပွေ့ဖက်ထားမှုထဲကနေ ရုန်းကန်ဖို့လည်း အားမရှိတော့တဲ့ ပုံပဲ။
ဒါကလည်း နစ်စီကို သူမရဲ့ မသိစိတ်ကမ္ဘာထဲကနေ အတင်းအဓမ္မ ဆွဲထုတ်ခဲ့ကြလို့ပဲလေ။ ဒီလိုလုပ်လိုက်တာက နစ်စီရဲ့ လက်ရှိနိုးကြားနေတဲ့ စိတ်ကို နိုးထလာစေပြီး လက်တွေ့ဘဝထဲကလိုပဲ စိတ်ဓာတ်ကျပြီး အားကိုးရာမဲ့နေတဲ့သူတစ်ယောက် ပြန်ဖြစ်သွားစေတယ်။
အဲဒီအချိန်မှာပဲ တစ်ပြင်လုံး မှောင်မည်းနေတဲ့ မသိစိတ်ကမ္ဘာကြီးက နောက်တစ်ကြိမ် ထပ်ပြီး တုန်ခါလာပြန်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် တုန်ခါမှုက အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်လွန်းနေတယ်။ ပင်လယ်ပြင်ကြီး တစ်ခုလုံး လှုပ်ခါနေတဲ့ဒဏ်ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲသွားတော့မလိုတောင် ခံစားနေကြရတယ်လေ။
"ငါတို့ အခုချက်ချင်း ဒီမသိစိတ်ကမ္ဘာထဲကနေ ထွက်မှ ဖြစ်တော့မယ်" လို့ ဂျူနီပါက ပြောလိုက်တယ်။ "သူ နိုးလာတော့မှာ။ တကယ်လို့ သူသာ နိုးလာရင် ငါတို့ ဒီထဲကနေ ဘယ်လိုမှ ထွက်နိုင်တော့မှာ မဟုတ်ဘူး"
ကံကောင်းချင်တော့ လီဗိုက်ယာသန် မရှိတော့တဲ့အတွက် ဂျူနီပါနဲ့ မိုက်ကယ်တို့ဟာ ကသူလူးရဲ့ ကိုယ်ထဲကနေ နောက်ဆုံးတော့ ထွက်ခွာနိုင်ခဲ့ကြပြီပေါ့။
သူတို့နှစ်ယောက်ဟာ မှောင်မည်းနေတဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲကနေ အပေါ်ကို ပေါလောပေါ် ထွက်လာခဲ့ကြပြီး သူတို့ရှေ့မှာ အဆုံးအစမရှိ ကျယ်ပြောလှတဲ့ အပြာရင့်ရောင် ပင်လယ်ကြီးကို မြင်လိုက်ရတယ်။
သူတို့ ရှေ့ကို ဆက်ပြီး ကူးခတ်နေတုန်းမှာပဲ နောက်ကျောဘက်ကနေ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရတယ်လေ။
သူတို့ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကသူလူးရဲ့ မျက်လုံးကြီးတွေက ဟိုဟိုဒီဒီ လှုပ်ရှားနေပြီး သူတို့ရှိရာဘက်ဆီကို စိုက်ကြည့်လာတာကို တွေ့လိုက်ရတော့တယ်။ ကသူလူးရဲ့ ဧရာမတောင်ပံကြီးနှစ်ဖက်က ခတ်ခတ်လိုက်တာကြောင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး ရှေ့ကို အရှိန်နဲ့ ရွေ့လျားလာပြီး စက္ကန့်ပိုင်းအတွင်းမှာတင် မိုက်ကယ်နဲ့ ဂျူနီပါတို့ရဲ့ နောက်ကို အမှီလိုက်လာခဲ့တယ်။
သေလိုက်ပါတော့။ ကသူလူးကပါ ငါတို့နောက်ကို လိုက်လာနေတာလား။ ငါ့ရဲ့ သဟဇာတဘက်ထရီထဲမှာလည်း စွမ်းရည်သုံးဖို့ မကျန်တော့ဘူးလေ။
| သူ မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး |လို့ ဟာဘင်ဂျာက ပြောလိုက်တယ်။
မိုက်ကယ်က ဟာဘင်ဂျာကို ပြန်ပြီး မေးခွန်းမထုတ်နိုင်ခင်မှာတင် ကသူလူးက ချက်ချင်းပဲ ပါးစပ်ကြီးကို ဟလိုက်ပြီး အသံထက်မြန်တဲ့ နှုန်းနဲ့ သူတို့ဆီကို အရှိန်ပြင်းလှတဲ့ လှိုင်းတံပိုးတစ်ခု မှုတ်ထုတ်လိုက်တော့တယ်။
"ငါက ရန်မူချင်တဲ့ သဘောနဲ့ လုပ်တာ မဟုတ်ပါဘူး" လို့ ကသူလူးက အုန်းအုန်းကျွက်ကျွက်နဲ့ ဟိန်းထွက်နေတဲ့ လေသံနိမ့်နိမ့်ကြီးနဲ့ ပြောလိုက်တယ်။ "ငါက အဲဒီကလေးမလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းတို့ကို အထူးပဲ ကျေးဇူးတင်စကား ပြောချင်ရုံတင်ပါ"
ကသူလူးရဲ့ နီရဲနေတဲ့ မျက်လုံးကြီးတွေက သတိမေ့မြောနေတဲ့ နစ်စီကို စိုက်ကြည့်ရင်း နူးညံ့ပျော့ပျောင်းသွားခဲ့တယ်။
ဂျူနီပါကတော့ သူမ အခုလေးတင် ကြားလိုက်ရတဲ့ စကားကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်သွားပြီး နေရာမှာတင် ရပ်တန့်သွားခဲ့ရတယ်။
"ဒါ... ဒါ မဖြစ်နိုင်တာ။ အခုအချိန်ဆိုရင် သူရဲ့ လက်ရှိနိုးကြားနေတဲ့ စိတ်က အကုန်လွှမ်းမိုးထားရမှာလေ"
နစ်စီက သူမရဲ့ လက်ရှိနိုးကြားနေတဲ့ စိတ်ကို အသက်သွင်းဖို့ အဆင်သင့် ဖြစ်နေပြီမို့ ဒီမသိစိတ်ကမ္ဘာထဲမှာ ရှိသမျှ အရာအားလုံးက ရလဒ်အနေနဲ့ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်သွားရမှာလေ။
ဒါပေမဲ့ နစ်စီက သူမရဲ့ မသိစိတ်ထဲကနေ ထွက်သွားပြီးတဲ့ အချိန်ကျမှတင် ကသူလူးရဲ့ ပုံရိပ်က လှုပ်ရှားမှု စွမ်းအားတွေကို ရရှိလာခဲ့တဲ့ ပုံစံမျိုး ဖြစ်နေတယ်။
ဒါတင်မကသေးဘူး။ စကားပြောနိုင်တဲ့ စွမ်းရည်ကိုပါ ရရှိသွားတာပဲ။ ဒါက တကယ့်ကို မဖြစ်နိုင်တဲ့ ကိစ္စလေ။
"ဒါဆိုရင်... ဒါက စိတ်ကူးထဲက ပုံရိပ်တစ်ခု မဟုတ်ဘူးပေါ့။ ဒါက အစစ်အမှန်ကြီးပဲ"
ဂျူနီပါက အမှန်တရားကို သဘောပေါက်သွားတဲ့ အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်ပြီး အသက်ရှူဖို့တောင် မေ့သွားရတော့တယ်။
ဒီ ကသူလူးက နစ်စီ စိတ်ကူးယဉ်ထားတဲ့ အရာတစ်ခု မဟုတ်ဘူး။ ဒါက တကယ့် ကသူလူး အစစ်အမှန်ကြီး ဖြစ်နေတာ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ရဲ့ ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်နေတယ်။ ဒါမှသာ ဒီလိုအခြေအနေမျိုး ဖြစ်ပျက်နေတာကို ရှင်းပြလို့ ရနိုင်လိမ့်မယ်။
ဒီကမ္ဘာပေါ်မှာ ရှေးအကျဆုံးနဲ့ တန်ခိုးအရှိဆုံး ဖြစ်တဲ့ ပင်လယ်မိစ္ဆာကြီးတစ်ကောင်က ရေလူသား ကလေးမလေးတစ်ယောက်ရဲ့ မသိစိတ်ကမ္ဘာငယ်လေးထဲမှာ သူ့ရဲ့ ဝိညာဉ်အပိုင်းအစကို လာပြီး အခြေချပေးထားလိမ့်မယ်လို့ ဂျူနီပါအနေနဲ့ လုံးဝ မယုံနိုင်အောင် ဖြစ်နေရတယ်လေ။ ဒါတင်မကသေးဘူး။ သူက အဲဒီကလေးမလေးကို သူ့ရဲ့ ရင်သွေးလေးတစ်ယောက်လိုမျိုးတောင် ဂရုစိုက် စောင့်ရှောက်ပေးနေတဲ့ ပုံစံပဲ။
"နေဦး... ဒါဆို ဒီကလေးမလေးမှာ ထူးခြားဆန်းပြားတဲ့ ဆုလာဘ် အပ်နှင်းခြင်း ခံထားရတာလား"
သူမ အခု နိုးထလာအောင် လုပ်နေတဲ့ စွမ်းအားက ပင်လယ်သတ္တဝါတွေကို ထိန်းချုပ်နိုင်တာ ဒါမှမဟုတ် သူတို့နဲ့ ဆက်သွယ် စကားပြောနိုင်တဲ့ စွမ်းအားမျိုး ဖြစ်နေတာကိုး။
အခုမှပဲ အကုန်လုံးက အကြောင်းအကျိုး ဆီလျော်သွားတော့တယ်။
အရင်တုန်းက လီဗိုက်ယာသန်က သူတို့နောက်ကို လိုက်လံ အမဲလိုက်နေခဲ့တာက သူတို့ကို စားချင်လို့ မဟုတ်ဘူး။ နစ်စီကို ကာကွယ်ပေးချင်လို့ပဲလေ။ ပြီးတော့ နစ်စီက သူမရဲ့ အခွံထဲကို ပြန်သွားချင်နေခဲ့လို့ သူတို့နောက်ကို လိုက်ဖမ်းဖို့ ကြိုးစားခဲ့တယ်။
ဒါကြောင့်လည်း သူမက ကသူလူး အစစ်အမှန်ကြီးကိုပါ သူမရဲ့ မသိစိတ်ကမ္ဘာထဲအထိ ခေါ်ဆောင်လာနိုင်ခဲ့တယ်။
"ထူးခြားဆန်းပြားတဲ့ ဆုလာဘ် အပ်နှင်းခြင်း ဆိုတာက ဘာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ဒါက SSS အဆင့်ရှိတဲ့ ပါရမီမျိုး ရှိနေတာနဲ့ အတူတူပဲပေါ့" လို့ သူမက ပြန်ဖြေလိုက်တယ်။ "ဒါက မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေထဲမှာ အစွမ်းအထက်ဆုံးနဲ့ အသီးအပွင့် အများဆုံး ရရှိနိုင်တဲ့ နိုးထမှုမျိုးပဲ"
ဂျူနီပါက ဒီလောက်အထိ အံ့ဩစရာကောင်းတဲ့ ဆုလာဘ်ကြီးကို ပိုင်ဆိုင်ထားပါလျက်နဲ့ နစ်စီတစ်ယောက် ကျိန်စာဒဏ်ကို ခံစားနေရဆဲ ဖြစ်တာကိုပဲ စိတ်မကောင်း ဖြစ်နေမိတော့တယ်။ တကယ်လို့သာ သူမရဲ့ သက်တမ်းက မိမိရဲ့ တာအိုနှလုံးသား အားနည်းမှုကြောင့် ကန့်သတ်ခံထားရတာမျိုး မဟုတ်ဘူးဆိုရင် သူမဟာ တစ်ကမ္ဘာလုံးမှာ တန်ခိုးအရှိဆုံး ရေလူသားတစ်ယောက် ဖြစ်လာနိုင်တယ်။
ဒါပေမဲ့ အဲဒီအကြောင်းတွေကို တွေးနေဖို့ အချိန်မရှိဘူးလေ။ သူတို့ ဒီမသိစိတ်ကမ္ဘာထဲကနေ အမြန်ဆုံး ထွက်သွားကြရမယ်။
သူမ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်တော့ နောက်ဆုံးမှာ ရေအောက်ထဲမှာ လင်းထိန်နေတဲ့ အဖြူရောင် ကွဲအက်ကြောင်းတစ်ခုကို တွေ့လိုက်ရတယ်။ ဒါက သူတို့ ထွက်ရမယ့် လမ်းပဲ။ သူမ မိုက်ကယ်ကို လှမ်းပြောဖို့ အမြန် လှည့်ကြည့်လိုက်ပေမဲ့ မိုက်ကယ်ကတော့ ကသူလူးကို ကြည့်ပြီး ကြောင်အမ်းအမ်းကြီး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
"မင်းက... တခြားသူတွေနဲ့ မတူဘူးပဲ" လို့ ကသူလူးက တိုးညှင်းစွာ ပြောလိုက်တယ်။
ကသူလူးလိုမျိုး ရှေးကျတဲ့ သတ္တဝါကြီးတစ်ကောင်က မိုက်ကယ်ကို စကားပြောဖို့အထိ အလေးအနက် ထားနေတယ်ဆိုတဲ့ အချက်ကတင် ဒီကောင်လေးက တခြားသူတွေထက် ထူးထူးခြားခြား ကွဲပြားနေတယ်ဆိုတာကို သက်သေပြနေတာပဲလေ။
ဒါပေမဲ့ အဲဒီနောက်မှာတော့ သူမရဲ့ တစ်သက်တာမှာ တစ်ခါမှ မမြင်ဖူးလောက်မယ့် အရာတစ်ခုကို မြင်လိုက်ရတော့တယ်။
ကသူလူးက မိုက်ကယ်ရဲ့ ရှေ့မှာ သူ့ရဲ့ ဦးခေါင်းကြီးကို ညွှတ်ပြီး အရိုအသေပေးလိုက်တယ်။
"မင်းရဲ့ တန်ခိုးစွမ်းရည်ကို ငါ အလေးအမြတ် ထားပါတယ်" လို့ ကသူလူးက ဟိန်းထွက်နေတဲ့ အသံကြီးနဲ့ ပြောလိုက်တယ်။
ဂျူနီပါတစ်ယောက် ဘာမှ ပြန်ပြီး တုံ့ပြန်ခြင်း မပြုနိုင်ခင်မှာတင် မသိစိတ်ကမ္ဘာကြီးရဲ့ တုန်ခါမှုက ပိုပြီးတော့ ပြင်းထန်လာခဲ့ပြီး ပင်လယ်ရေထုကြီး ကိုယ်တိုင်ကပါ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လာခဲ့ပြီ ဖြစ်တယ်။ ဒီအတိုင်းသာဆိုရင် ဒီကမ္ဘာကြီးရဲ့ ဖိအားဒဏ်အောက်မှာ သူတို့တွေ ကြေမွသွားပြီး ဒီနေရာလွတ်ကြီးထဲမှာတင် ထာဝရ ပျောက်ကွယ်သွားဖို့က သိပ်ပြီး မကြာတော့ဘူးလေ။
ဒါတင်မကသေးဘဲ ထွက်ပေါက်ဖြစ်တဲ့ ကွဲအက်ကြောင်းကြီးကလည်း ဖြည်းဖြည်းချင်း ပိတ်သွားနေပြီ ဖြစ်တယ်။
ကသူလူးရဲ့ ရုပ်သေးလက်တံကြီးတွေက ရှေ့ကို ဝှေ့ယမ်းလိုက်ပြီး ဧရာမ ရေစီးကြောင်းကြီးတစ်ခုကို ဖန်တီးကာ ဂျူနီပါနဲ့ နစ်စီတို့ကို လင်းထိန်နေတဲ့ အဖြူရောင် ကွဲအက်ကြောင်းထဲဆီကို တွန်းပို့လိုက်တော့တယ်။
အနောက်မှာ ကျန်ရစ်ခဲ့တဲ့သူတွေကတော့ မိုက်ကယ်နဲ့ ကသူလူးတို့ နှစ်ယောက်တည်းပဲလေ။
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. အနည်းဆုံးတော့ သူက သူ့နေရာသူ သိသားပဲ | လို့ ဟာဘင်ဂျာက ပြောလိုက်တယ်။
သူက မင်းရှိနေတာကို ခံစားမိလို့လား။
| ဒါပေါ့။ ငါက မသိစိတ်ထဲမှာဆိုရင် ခါတိုင်းထက် ပိုပြီးတော့ အစွမ်းထက်တယ်လေ။ သူ ဒါကို ခံစားလို့ ရနေတာ |
ကသူလူးက သူ့ကို စိုက်ကြည့်နေပြီး သူ့ရဲ့ မျက်လုံးကြီးတွေက မိုက်ကယ်ရဲ့ ဝိညာဉ် အနက်ရှိုင်းဆုံးအထိကိုပါ ဖောက်ထွင်း ကြည့်မြင်နေမယ့် ပုံစံမျိုးပဲ။
"လူသား... ငါ မင်းကို တစ်ခုလောက် တောင်းဆိုပါရစေ။ အဲဒီကလေးမလေးကို ကယ်တင်ပေးပါ။ သူမက ခန္ဓာကိုယ် အားနည်းပေမဲ့ စိတ်ဓာတ်ကတော့ ကြံ့ခိုင်တဲ့သူပါ။ သူမက ဒီလိုမျိုး သက်တမ်းတိုတိုနဲ့ သေဆုံးသွားရမယ့် ဘဝမျိုးနဲ့ မထိုက်တန်ပါဘူး"
မိုက်ကယ်က ကသူလူးရဲ့ ဆီကနေ လူသားတွေလိုမျိုး ခံစားချက် လှိုင်းတံပိုးတွေကို ခံစားလိုက်ရတယ်လေ။
"မင်းက သူမကို ဂရုစိုက်လို့လား"
"ဂရုစိုက်တယ်။ သူမက ဒီမသိစိတ်ကမ္ဘာထဲကို ငါ့ရဲ့ စိတ်အသိအပိုင်းအစတစ်ခုကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့ကတည်းက ငါက သူမရဲ့ အဖော်အဖြစ် နေပေးခဲ့သလို သူမကလည်း ငါ့ရဲ့ အဖော်အဖြစ် နေပေးခဲ့တာလေ။ ငါတို့ကြားထဲမှာ သံယောဇဉ်တွေ ရှိနေပြီမို့ အခုဆိုရင် ငါက သူမကို ငါ့ရဲ့ ရင်သွေးလေးတစ်ယောက်လိုမျိုးတောင် သဘောထားနေမိပြီ"
ကသူလူးလို မိစ္ဆာကောင်ကြီးဆီကနေ ဒီလို စကားမျိုး ကြားရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ အမြဲတမ်း ထိတ်လန့်ချောက်ချားစရာ ကောင်းတဲ့ သတ္တဝါကြီးအဖြစ်ပဲ ပုံဖော်ခဲ့ကြတာမို့ အခုလိုမျိုး သံယောဇဉ်ကြီးပြီး အထင်အမြင် လွဲမှားခံထားရတဲ့ သတ္တဝါတစ်ကောင်အဖြစ် သူ မတွေးမိခဲ့ဘူး။
"သူမကို ကယ်တင်နိုင်ဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်" လို့ မိုက်ကယ်က ကတိပေးလိုက်တယ်။
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့" လို့ ကသူလူးက ပြောလိုက်တယ်။ "ငါ့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့အနေနဲ့ ငါ မင်းကို ဒီဆုလာဘ်လေး ပေးခဲ့မယ်။ ဒါကို သေချာ သိမ်းထားပါ"
ကသူလူးရဲ့ ရုပ်သေးလက်တံကြီးတွေက စတင် လှုပ်ရှားလာခဲ့တယ်။ အဲဒါတွေက အမှတ်တစ်ခုတည်းဆီမှာ စုဆုံသွားကြပြီး လက်တံဖျားတွေ အားလုံးကနေ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာတော့တယ်။ အဲဒီနောက်မှာတော့ ကသူလူးရဲ့ ရှေ့မှာ အမှုန်အမွှားလေးတွေ ရုတ်တရက် ပေါ်ထွက်လာပြီး စက်ဝိုင်းပုံသဏ္ဍာန်အဖြစ် ပုံဖော်လာခဲ့ကြတယ်။
မကြာခင်မှာ ကသူလူးရဲ့ ရှေ့မှာ ရောင်စုံတောက်ပနေတဲ့ ပုလဲလုံးကြီးတစ်လုံး ဖြစ်တည်လာခဲ့ပြီ ဖြစ်တယ်။
သူ့ရဲ့ လက်တံကြီးတွေနဲ့ အသာလေး ပုတ်ထုတ်လိုက်တာကြောင့် အဲဒီ ပုလဲလုံးကြီးက မိုက်ကယ်ရှိရာဘက်ဆီကို ရွေ့လျားလာခဲ့တယ်။
အဲဒီအရာက သူ့အနားကို ပိုပြီး နီးကပ်လာတဲ့ အခါမှာတော့ မိုက်ကယ်ဟာ သူ့ရဲ့ ဆုလာဘ်ကြီးက ဘယ်လောက်အထိ ကြီးမားလဲဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့ရတယ်။ ပုလဲလုံးကြီးက သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားလောက်အထိကို ကြီးမားလွန်းနေတာလေ။
သူက ပုလဲလုံးကြီးကို ထိတွေ့ပြီး ရွှေ့ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ ဒါက သိပ်ကို လေးလံလွန်းနေတာကို သိလိုက်ရတယ်။ ရေအောက်ထဲမှာ အလေးချိန် မရှိသလောက် ဖြစ်နေတာတောင်မှ ဒါကို ရှေ့ကို တွန်းထုတ်ဖို့အတွက် တကယ့်ကို ခက်ခက်ခဲခဲ ကြိုးစားနေရတယ်။
"ဒါက ဘာလဲ" လို့ သူက ကသူလူးကို မေးလိုက်တယ်။
ဒါပေမဲ့ ကသူလူးက ပြန်ပြီး အဖြေမပေးဘဲ မိုက်ကယ်ဆီကို ရေစီးကြောင်းတစ်ခု မှုတ်ထုတ်လိုက်ပြီး အဖြူရောင် ကွဲအက်ကြောင်းကြီး လုံးဝ ပိတ်မသွားခင်လေးတင် သူ့ကို အထဲထဲ ရောက်သွားအောင် တွန်းပို့လိုက်တော့တယ်။
မိုက်ကယ်က မြေပြင်ပေါ်ကို ခြေထောက်နှစ်ဖက်နဲ့ ကျကျနန ကျဆင်းလာခဲ့ပြီး အခုဆိုရင် လူတိုင်းက သူ့ကို စိုက်ကြည့်နေကြတဲ့ ခွဲစိတ်ခန်းထဲကို ပြန်ရောက်လို့လာခဲ့ပြီ။
"ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ" လို့ ဂျူနီပါက သူ့ကို မေးလိုက်တယ်။
"ငါလည်း သေချာ မသိဘူး" လို့ သူက အမှန်အတိုင်းပဲ ပြောလိုက်တယ်။ ကသူလူးက သူ့ကို ဘာလို့ ဒီလောက် ဧရာမ ပုလဲလုံးကြီး ပေးခဲ့လဲဆိုတာကို သူ တကယ်ပဲ မသိဘူးလေ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ စိတ်ရှုပ်မခံချင်တော့တာမို့ ဒီအရာကို သူ့ရဲ့ ဒရုန်းရေဂီယိုထဲမှာပဲ သေချာ သိမ်းဆည်းထားလိုက်တော့တယ်။
* * * * * * * *
စာစဉ်(၅၅)
အခန်း(၆၆၀)
သူတို့တွေ စိတ်ဝိဉာဉ်ကမ္ဘာထဲကနေ ထွက်လာပြီးတာနဲ့ ဂျူနီပါက နစ်စီရဲ့ နှလုံးသားကို ခွဲစိတ်ကုသဖို့ ချက်ချင်းပဲ ဆက်လုပ်လိုက်တော့တယ်။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူမက နေရာအနှံ့ကို တန်ခိုးစွမ်းရည်တွေ ယိုစိမ့်ထွက်နေစေတဲ့ ပြတ်ရှဒဏ်ရာကို ဖုံးအုပ်ပြီး တာအိုနှလုံးသားပေါ်မှာ နောက်ဆုံးချုပ်ရိုးတွေကို ချုပ်ပေးလိုက်နိုင်ခဲ့ပြီပေါ့။
နောက်ဆုံးတော့ အခန်းထဲမှာ တိတ်ဆိတ်သွားခဲ့ပြီလေ။ ဘာရုန်းရင်းဆန်ခတ်မှုမှ မရှိတော့သလို သောင်းကျန်းနေတဲ့ တန်ခိုးစွမ်းရည်တွေလည်း မရှိတော့ဘူး၊ နစ်စီရဲ့ မျက်နှာပေါ်မှာလည်း ပူပန်သောကရောက်နေတဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး။ သူမဟာ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အေးအေးချမ်းချမ်း အိပ်ပျော်သွားခဲ့တဲ့ ပုံပါပဲ။
"အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ" လို့ ရိဒ်က စိုးရိမ်တကြီးနဲ့ သူ့ဇနီးကို ဖက်ထားရင်း မေးလိုက်တယ်။ "မင်း သူမကို ကယ်တင်နိုင်ခဲ့ပြီလား"
ဂျူနီပါက ခေါင်းညိတ်ပြလိုက်တယ်။ "ဟုတ်တယ်... ငါတို့ ကယ်နိုင်ခဲ့ပြီ။ နစ်စီကို သူမရဲ့ စိတ်ဝိဉာဉ်ကမ္ဘာထဲကနေ အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့လို့ သူမရဲ့ တတာအိုနှလုံးသားက ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာနိုင်ပြီလေ"
ရိဒ်နဲ့ သူ့ဇနီးဟာ စိတ်သက်သာရာရသွားလွန်းလို့ ခြေထောက်တွေတောင် ပျော့ခွေသွားခဲ့ရတယ်။ ၎င်းက ပခုံးပေါ်ကနေ ဧရာမ တောင်ကြီးတစ်လုံးကို မတင်လိုက်ရသလိုမျိုးပါပဲ။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်" သူက ဂျူနီပါ့လက်တွေကို ဆုပ်ကိုင်ပြီး သူမရှေ့မှာ ဒူးထောက်လိုက်တော့တယ်။
"မင်း ငါ့ကိုတင် ကျေးဇူးတင်ရမှာ မဟုတ်ဘူး။ သူသာမပါရင် ငါ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး" လို့ ဂျူနီပါက မိုက်ကယ်ကို ညွှန်ပြရင်း ပြောလိုက်တယ်။
သူမကတော့ မိုက်ကယ်က သူ့ရဲ့ နယ်ပယ်ထက် ကျော်လွန်တဲ့ ခွန်အားတွေကို အသုံးချပြီး လီဗိုက်ယာသန်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို မျက်စိထဲမှာ ထင်းထင်းကြီး မှတ်မိနေတုန်းပဲ။ ဒါက တကယ့်ကို မဖြစ်နိုင်တာကြီးလေ။
မိုက်ကယ်က ပါရမီရှင်လို့ အမည်ခံထားတဲ့သူတွေကိုတောင် ယှဉ်နိုင်လောက်အောင် ထူးချွန်နေတာတောင် မက်ထရိုပိုလစ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ဘာလို့ ခုထိ နာမည်မကြီးသေးတာလဲဆိုတာကို သူမ စဉ်းစားမိလာတယ်။
ကံကောင်းထောက်မစွာပဲ တစ်ယောက်ယောက်က မိုက်ကယ်ရဲ့ ပါရမီကို နောက်ဆုံးတော့ အသိအမှတ်ပြုလိုက်ပုံရတယ်။ ရိဒ်က မိုက်ကယ်ဆီ သွားပြီး သူ့လက်တွေကို ဆုပ်ကိုင်လိုက်တယ်။ "မင်းက ငါ့ရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်သွားပြီ" လို့ သူက ပြောလိုက်တယ်။ "ငါ့နှလုံးသားထဲကနေ တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်"
ဂျူနီပါက အလုပ်အများစုကို လုပ်ခဲ့တာဆိုတာ မိုက်ကယ် သိနေပေမဲ့လည်း သူကတော့ ဒီချီးကျူးစကားကို အလိုက်သင့်ပဲ လက်ခံလိုက်တယ်။ သူ လုပ်ခဲ့တာဆိုလို့ သူမကို အကြိမ်နည်းငယ်လောက် ကူညီပေးခဲ့တာပဲ ရှိတာလေ။
* * * * * * * *
အခန်းထဲက အခြေအနေက မျှော်လင့်ချက်တွေ ရှိနေပေမဲ့လည်း ဂျူနီပါ့ဆီမှာတော့ ဝမ်းနည်းမှုအရိပ်အယောင်တွေ ကျန်ရှိနေတုန်းပဲ။
အကြီးတန်း ဆေးပညာရှင်က နစ်စီရဲ့ မိဘတွေဆီ ချဉ်းကပ်သွားပြီး သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောလိုက်တယ်။
"နားထောင်ပါ... ငါ မင်းတို့ကို အမှန်အတိုင်းပဲ ဒဲ့ပြောမယ်။ ဒီနေ့ ငါတို့ နစ်စီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါက သူမရဲ့ ရောဂါကို လုံးဝဥဿုံ ကုသပေးနိုင်ခဲ့ပြီလို့ ဆိုလိုတာ မဟုတ်ဘူး။
ငါတို့က သူမကို စိတ်ဝိဉာဉ်ကမ္ဘာထဲကနေ အတင်းအဓမ္မ ဆွဲထုတ်ခဲ့ရတာ ဖြစ်လို့ နစ်စီက အရင်ကထက် ပိုပြီးတော့တောင် နုန်းခွေသွားလိမ့်မယ်။ သူမက စားတာ၊ အိပ်တာ၊ လှုပ်ရှားတာ အပါအဝင် ဘာမှမလုပ်ဘဲ ငြင်းဆန်နေလိမ့်မယ်။ သူမရဲ့ ပြန်လည်နာလန်ထူဖို့ လမ်းကြောင်းက သိပ်ကို မတ်စောက်လွန်းလို့ မင်းတို့အနေနဲ့ ခြေလှမ်းတိုင်းမှာ သူမအနားမှာ ရှိနေပေးရမယ်။
မင်းတို့အနေနဲ့ သူမကို ဒီလို ကတ်တတိုးနစ်ဆန်ဆန် သတိမေ့မြောလုနီးပါး အခြေအနေကနေ နိုးထလာအောင် အမြဲတမ်း ကြိုးစားနေရမယ်၊ မဟုတ်ရင်တော့ သူမရဲ့ တတာအိုနှလုံးသားက ဆက်ပြီး ယိုယွင်းပျက်စီးသွားလိမ့်မယ်၊ အဲဒါဆိုရင် ဒီနေ့လိုမျိုး နောက်ထပ် အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ထပ်ဖြစ်လာလိမ့်မယ်"
ရိဒ်နဲ့ သူ့ဇနီးက စိတ်ပိုင်းဆိုင်ရာ အားပေးမှုရအောင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။ သူတို့ ခက်ခဲတဲ့ အတားအဆီးတစ်ခုကို ဖြတ်ကျော်ခဲ့ပြီးပြီ ဆိုရုံတင်ရှိသေးတယ်၊ သူတို့ရဲ့ လမ်းမှာ နောက်ထပ် နောက်ထပ် အတားအဆီးတွေ ပေါ်လာပြန်ပြီလေ။
"သူမကို ကယ်တင်နိုင်မယ့် နည်းလမ်း မရှိတော့ဘူးလား။ သူမကို သာမန်လူတစ်ယောက်လို ရှင်သန်ခွင့်ပေးမယ့် နည်းလမ်း မရှိဘူးလား" လို့ ရိဒ်က မေးလိုက်တယ်။
ဂျူနီပါက ရှိတယ်လို့ ပြောပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဆက်ပြီး ထိန်းထားပေးချင်ပေမဲ့ အဲလိုပြောရင် လိမ်ရာကျမယ်ဆိုတာ သူမ သိနေတယ်။
"သူမရဲ့ တတာအိုနှလုံးသားထဲက ကျိန်စာကို မဖယ်ရှားနိုင်သရွေ့တော့ သူမရဲ့ အခြေအနေက ပိုကောင်းလာမှာ မဟုတ်ဘူး။ ပိုပြီး ဆိုးရွားလာမှာပဲ၊ အဲဒါကို ငါတို့ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး"
နစ်စီရဲ့ မိဘတွေက ငိုသံကို အောင့်အီးမျိုသိပ်လိုက်ကြတယ်။
အဲဒီအချိန်မှာတင် မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကို ယူလိုက်တယ်။
"ကျိန်စာကို ဟန့်တားထားနိုင်ဖို့ နစ်စီက သူမရဲ့ တတာအိုနှလုံးသားကို လှုံ့ဆော်ပေးဖို့ လိုအပ်တာ မဟုတ်လား"
ဂျူနီပါက ခေါင်းညိတ်ပြလိုက်တယ်။
"ဒါဆို ကျွန်တော့်ကို ရက်အနည်းငယ်လောက် စောင့်ပေးပါ။ ကျွန်တော် တစ်ခုခု လုပ်နိုင်လိမ့်မယ် ထင်တယ်" လို့ သူက ပြောလိုက်တယ်။
ဘယ်သူမှ မေးခွန်းတွေ မမေးနိုင်ခင်မှာတင် သူက အခန်းထဲကနေ တယ်လီပို့လုပ်ပြီး ရီနေးတားနိုင်ငံတော်ဆီကို ပြန်သွားခဲ့တော့တယ်။
* * * * * * * *
သူက ရှေ့မှာ မြေကွက်အကျယ်ကြီး ရှိနေတဲ့ သဲကန္တာရအလယ်ခေါင်ကို ဆင်းသက်လိုက်တယ်။ သူတို့က ရိုလာကိုစတာရဲ့ အခြေခံအုတ်မြစ်တွေကို တည်ဆောက်ဖို့အတွက် မြေကြီးကို အနက်ကြီး တူးထားကြပြီးပြီလေ။
ထို့နောက် သူက ခုန်းနဲ့ ကျန်တဲ့ ရီနေးတားရဲ့ ဖန်တီးမှုဗိသုကာအင်ဂျင်နီယာများအဖွဲ့က သူတို့ တတ်နိုင်သမျှ အကောင်းဆုံး အရည်အသွေးနဲ့ ထိရောက်မှုတွေ ရှိရှိနဲ့ တည်ဆောက်ရေး ပရောဂျက်ကို စီစဉ်ပြီး လုပ်ဆောင်ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်နေကြတာကို တွေ့လိုက်ရတယ်။
"ခုန်း... နားထောင်စမ်း၊ မင်းတို့တွေ သည်းထိတ်ရင်ဖို ရိုလာကိုစတာအတွက် ဗိသုကာပုံစံကို အခုထိ အတည်မပြုရသေးဘူးလား"
ဝါရင့် ဟော့ဘ်မျောက်လူ အင်ဂျင်နီယာအဖွဲ့က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းခါပြကြတယ်။
"စိတ်မရှိပါနဲ့ သခင်။ ဒါပေမဲ့ ကျွန်တော်တို့က ဗိသုကာပုံစံကို အခုထိ အတည်မပြုနိုင်သေးလို့ပါ။ ကျွန်တော်တို့က ရေလူသား လူ့အဖွဲ့အစည်းအကြောင်း ဘာမှမသိတော့ ဘယ်လိုပုံစံက အကောင်းဆုံး ရလဒ်တွေ ပေးမလဲဆိုတာ မသိဘူး ဖြစ်နေလို့ပါ"
သူက သူတို့ကို အပြုံးတစ်ခုနဲ့ ကြည့်လိုက်တယ်။ "ကဲ... ငါ့မှာ မင်းတို့အတွက် အဖြေရှိတယ်။ ငါ့ရဲ့ အစီအစဉ်က ဒီလို..."
သူက သဲလွန်စမရှိတဲ့ မှောင်မိုက်လွန်းတဲ့ အရိပ်တွေပဲ ဝန်းရံနေတဲ့ စိတ်ဝိဉာဉ်ကမ္ဘာထဲမှာ ကသူလူးရဲ့ ပါးစပ်ထဲကို ဝင်ရောက်ခဲ့ပြီး လီဗိုက်ယာသန်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံအကြောင်းကို စပြီး ပြောပြလိုက်တော့တယ်။
နိုဗာကတောင် ကြားဖြတ်ဝင်လာပြီး မိုက်ကယ်ရဲ့ မှတ်ဉာဏ်ထဲက ပထမလူအမြင် ပုံရိပ်တွေကို ပြသပေးခဲ့လို့ သူတို့တွေ အဲဒီ ဧရာမ ပင်လယ်မိစ္ဆာကြီးရဲ့ ပါးစပ်ထဲကို ဝင်ရောက်ခဲ့တဲ့ သည်းထိတ်ရင်ဖို စက္ကန့်ပိုင်းတွေကို ကိုယ်တိုင် ခံစား၊ ကြားသိ၊ ကြုံတွေ့နိုင်ခဲ့ကြတယ်။
မိနစ်တစ်ဆယ်လောက် ကြာပြီးတဲ့နောက်မှာတော့ ခုန်းနဲ့ အင်ဂျင်နီယာတွေက စိတ်ကူးစိတ်သန်းတွေနဲ့ တက်ကြွ လန်းဆန်းလာခဲ့ကြပြီ။
"ဒါက ရေလူသားတွေဆီကို ကြောက်ရွံ့မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ယူဆောင်လာပေးမယ့် သည်းထိတ်ရင်ဖို အစီအစဉ်တစ်ခုကို ဖန်တီးဖို့ အကောင်းဆုံး နည်းလမ်းပဲ" လို့ ခုန်းက ချီးကျူးလိုက်တယ်။ "ကျွန်တော်တို့ သခင်ပြောသလိုပဲ ဗိသုကာပုံစံတွေကို စတင်လိုက်ပါ့မယ်"
ရေလူသားတွေက အစောဆုံး ရှေးအကျဆုံးဖြစ်တဲ့ ကသူလူး အပါအဝင် ရေနက်ပိုင်းက မိစ္ဆာတွေကို ကြောက်ရွံ့ကြတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်နေပြီလေ။
တကယ်လို့ သူတို့က ရိုလာကိုစတာ အစီအစဉ်ကို သူတို့ရဲ့ ခရီးစဉ် စတင်ခဲ့တဲ့ ပုံစံအတိုင်းပဲ စတင်လိုက်မယ်ဆိုရင် ရေလူသားတွေဟာ ကသူလူးရဲ့ ဝါးမြိုခြင်းကို ခံရမယ်ဆိုတဲ့ ဗီဇအရ ကြောက်ရွံ့စိတ်သက်သက်ကြောင့် ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားကြလိမ့်မယ်။
စီးနင်းနေတဲ့ အချိန်အတွင်းမှာလည်း သူတို့က စိတ်ဝိဉာဉ်ကမ္ဘာထဲမှာ ကြုံတွေ့ခဲ့ရသလိုမျိုး လီဗိုက်ယာသန်ရဲ့ မနားတမ်း လိုက်လံဖမ်းဆီးခြင်းကို ခံကြရမှာပေါ့။
အဲဒါကို လုပ်ဖို့အတွက် သူတို့က ယခင်က တည်ဆောက်ခဲ့ဖူးသမျှထဲမှာ အကြီးမားဆုံးသော အဆောက်အအုံကြီးကို တည်ဆောက်ဖို့ လိုအပ်တယ်၊ ဝေးလံတဲ့ နေရာကနေလှမ်းကြည့်ရင်တောင် မြင်နိုင်မယ့် အဆောက်အအုံမျိုးပေါ့။
သေချာတာပေါ့၊ အတွင်းပိုင်းကလည်း ကျယ်ဝန်းနေရမယ်။ စီးနင်းသူတွေကို ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်သွားသလိုမျိုး ခံစားရစေမယ့် ဖမ်းစားနိုင်မှုမျိုး ရှိရမယ်။
* * * * * * * *
ပြီးတော့ သူ့ရဲ့ စက်ရုပ်တွေအတွက်ဆိုရင် ဆေးသုတ်ထားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ စက်ရုပ်တွေကို ရိုးရိုးရှင်းရှင်း သုံးလို့မရဘူး။ သူက အစစ်အမှန်ဆီကနေ ယူငှားရမယ်။ သူက သူတို့ကို တကယ့် ပင်လယ်မိစ္ဆာတွေနဲ့ ဖန်တီးရမယ်။
သူက ငါးဖမ်းရွာဆီကို ချက်ချင်း တယ်လီပို့လုပ်ပြီး ကွန့်ချ်ကို သူ့ရဲ့ ငါးဖမ်းကိရိယာဆိုင်ထဲမှာ ပြန်ရှာတွေ့ခဲ့တယ်။
အဖိုးကြီးက သူ့မျက်နှာကို မြင်လိုက်ရလို့ သိပ်ကို ပျော်သွားပုံရပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ စွမ်းဆောင်ချက်တွေအကြောင်းကို သူ့ကို ချက်ချင်း ကြွားလုံးထုတ်တော့တယ်။
"မင်း ငါ့အဖြစ်ကို ယုံမှာတောင် မဟုတ်ဘူး လူငယ်လေး။ အစပိုင်းမှာတော့ မင်းကို ပြဖို့ သင့်တော်တဲ့ ပင်လယ်မိစ္ဆာတွေကို ရှာဖွေဖို့ ငါ တော်တော်လေး ခက်ခဲခဲ့ရတာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတင် သဘာဝအတိုင်း အကောင်းပကတိအတိုင်း ကျန်ရှိနေတဲ့ ဒီအကောင်သေတွေက ပင်လယ်ရေနက်ပိုင်းထဲကနေ ရုတ်တရက် အပေါ်ကို ပေါ်လာခဲ့ကြတယ်"
ကွန့်ချ်က မိုက်ကယ်ကို ဆိုင်ရဲ့ အနောက်ဘက်ဆီ ခေါ်သွားပြီး မြွေလိုမျိုး ခွေလိပ်ပြီး သေဆုံးနေတဲ့ သတ္တဝါတစ်ကောင်ကို ဖော်ပြဖို့ ဧရာမ အကာအကွယ်အဖုံးကြီးကို ဖယ်ရှားလိုက်တယ်။
ဒီပင်လယ်သတ္တဝါက သိပ်ကို ရင်းနှီးနေတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရတယ်။ ၎င်းရဲ့ နဂါးလို မျက်နှာနဲ့ ငါးရှဉ့်လို ခန္ဓာကိုယ်က စိတ်ဝိဉာဉ်ကမ္ဘာထဲက လီဗိုက်ယာသန်ကလွဲလို့ အခြား ဘယ်သူ့ကိုမှ သတိမရစေဘူးလေ။
"ဒါက..."
"ဒါက လီဗိုက်ယာသန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ၎င်းရဲ့ ပိုပြီး အားနည်းတဲ့ မျိုးဆက်ပေါ့။ ဒါပေမဲ့ သူတို့က သွေးမျိုးဆက် ဆက်နွှယ်မှု တစ်ခုတည်းက ဖြစ်လို့ ဆင်တူယိုးမှား ဖြစ်နေတာကို မြင်နိုင်တုန်းပဲ"
မိုက်ကယ်က ဒီအချက်ကို သိပ်ကို သဘောကျသွားတယ်။ သဘာဝအတိုင်း အကောင်းပကတိအတိုင်း ကျန်ရှိနေတဲ့ ဒီအကောင်သေက အစီးအနင်းထဲမှာ အသုံးပြုဖို့ အကောင်းဆုံး အရွယ်အစားပဲလေ။
"ဒါတင်မကသေးဘူး၊ ဒါကိုလည်း ကြည့်လိုက်ဦး" လို့ ကွန့်ချ်က ပြောရင်း မြေပြင်ပေါ်က နောက်ထပ် အကာအကွယ်အဖုံးအကြီးကြီးတစ်ခုကို ဖယ်ရှားလိုက်ပြန်တယ်။
သူက ဧရာမ ရေဘဝဲရဲ့ လက်တံတစ်ခု အရေခွံခွာထားတဲ့ ပုံစံမျိုး ရှိနေတာကို ပြသလိုက်တယ်။
"ငါ့ရဲ့ ပထမဆုံး အတွေးကတော့ ဒါဟာ ကသူလူးရဲ့ လက်တံတွေထဲက တစ်ခု ဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဒါက ရေနက်ပိုင်းမှာ ရှိနေတဲ့ ဧရာမ လက်တံတွေ ရှိတဲ့ တခြား ပင်လယ်သတ္တဝါတစ်ကောင် ဖြစ်ဖို့ များပါတယ်"
* * * * * * * *