← Chapters

တန်ပါတယ်ကွ

Vol. 13 Ch. 196

တန်ပါတယ်ကွ

Vol. 13 Ch. 196

ယခုတစ်ခေါက် ဒဏ်ရာမျိုး သူ တစ်ခါမှ မရခဲ့ဖူးပေ။

ထို့ပြင် မှော်လှေ၏ အကာအကွယ်နှစ်လွှာနှင့် နတ်အစွမ်းတို့က အားလှိုင်းကို အားပျော့သွားစေခဲ့ပြီး အဆောင်များနှင့် ချီစုစည်းခြင်းအထွတ်အထိပ်စွမ်းအားများကို သုံးသည့်တိုင်အောင် သူ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင် ဒဏ်ရာများ သက်သာရန် အချိန်အတော်ယူရမည်ဟု သူ ခံစားနေရသည်။ တချိန်တည်းမှာပင် သူ့စိတ်ထဲတွင် အကြောက်တရားများ ဝင်ရောက်လာ၏။

သူ၏အကာအကွယ်များ အနည်းငယ်မျှ ချွတ်ချော်သွားခဲ့ပါက သူ သေနေလောက်ပြီ ဖြစ်သည်။

“ ဒါပေမဲ့ ဒါ တန်ပါတယ် ”

ရွှီချင်းက အံတင်းတင်းကြိတ်၍ နာကျင်မှုကို တောင့်ခံလိုက်ရင်း သူ့အသုံးစာရိတ်ကို တွတ်ချက်ကြည့်လိုက်သည်။

အဆောင်များက အသုံးစာရိတ်ထဲမှတစ်ခုဖြစ်သည်။ ထို့ထက် ပိုအရေးကြီးသည်မှာ သူ ငွေကုန်ကြေးကျခံကာ တည်ဆောက်ထားခဲ့သော မှော်လှေတွင် နတ်အစွမ်း အနည်းအကျဉ်းသာ ကျန်တော့သည်။

မှော်လှေတစ်ဝက် ပျက်စီးသွားပြီဖြစ်ပြီး ပြန်လည်ပြင်ဆင်စာရိတ်မှာ ကြောက်ခမန်းလိလိ ဖြစ်နေပေမည်။

သို့တိုင်အောင် သူ အလွန် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး သူ ရင်းလိုက်ရသည်မှာ တန်သည်ဟု ခံစားနေရသည်။

“ ငါ့မှာ လင်းရှီမီးအိမ်လည်း ရှိပါသေးတယ် ”

“ ခေါင်းဆောင်က အသက်နဲ့ရင်းပြီး လုပ်တာ အံ့သြစရာမရှိဘူး။ စွန့်စားမှုကြီးရင် အကျိုးအမြတ်ကလည်း ကြီးမှာပဲ ”

ရွှီချင်းက ခေါင်းဆောင်ကို တွေးမိလိုက်ပါသော်လည်း ယင်းက ကောင်းမွန်သောအကျင့်တစ်ခုမဟုတ်ကြောင်း ခံစားလိုက်ရသည်။ တစ်နေ့တွင် ထိုအကျင့်က သူ့ကို သတ်သွားပေမည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို သူ တဖြည်းဖြည်း လှည့်ပတ်လိုက်ပြီး ခရမ်းရောင်သလင်းကျောက်၏ ကုသနိုင်စွမ်းကို အရှိန်တင်လိုက်သည်။

ယခုအချိန်တွင် သူ မလှုပ်ရှားနိုင်သေးသည်ဖြစ်၍ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက အန္တရာယ်နှင့် သေချာပေါက် ကြုံတွေ့လာနိုင်သည် မဟုတ်ပါလား။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး တစ်နာရီကျော်သွားသည်။

ဘုရားကျောင်းအစုအဝေးကြီးထဲရှိ ရွှီချင်းနှင့် ဝေးကွာသည့်တစ်နေရာတွင် ကျန်းစန်းက ဂူတစ်ဂူကို တူးကာ အသွေးအသားရုပ်ထုကြီးကို ချလိုက်ပြီး စိုးရိမ်တကြီးဖြင့် ဝင်ပေါက်ကို လှမ်းကြည့်နေသည်။

ဝင်ပေါက်အပြင်ဘက်တွင် အလိုလိုပေါက်ကွဲစေတတ်သော ပစ္စည်းများစွာ သူ တပ်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ဘေးပတ်လည်တွင်လည်း အဆိပ်များစွာ ပက်ထားခဲ့ပြီးပြီဖြစ်ရာ ဤနေရာက အန္တရာယ်မားဖြင့် ပြည့်နှက်နေသော နေရာတစ်နေရာ ဖြစ်နေပေသည်။

သူ အပြင်ထွက်သည့်အခါမှာပင် ချန်ထားခဲ့သည့်လမ်းကို သတိထား၍ လျှောက်ရမည်ဖြစ်သည်။

သို့ပေမည့် ကျန်းစန်းမှာ စိုးရိမ်ပူပန်နေဆဲပင်။ ဂူထဲတွင် သူ၏အမျှင်တန်းများကိုပင် ဖြန့်ကျက်လိုက်သည်။ သူက စောင့်ကြပ်နေရင်း ရံဖန်ရံခါ အသွေးအသားရုပ်ထုကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

“ ခေါင်းဆောင်၊ အဲဒီလို သေမင်းနဲ့ တကယ်ကြီး မကစားနဲ့လေဗျာ ”

“ ဘာလို့ကိုယ့်အသက်ကိုယ် ကစားချင်နေရတာတုံး။ ဂိုဏ်းတူညီမလေးတွေ၊ အစ်မတွေနဲ့ သွားကစားပါ့လား ”

“ အဲဒါက ကျူးယင်နတ်ဘုရားလေ။ တကယ့်နတ်ဘုရားမဟုတ်ရင်တောင် ကြောက်စရာကောင်းတဲ့ နတ်သတ္တဝါတစ်ကောင်ပဲမလား။ ရေသူမမျိုးနွယ်တစ်ခုလုံးမှာ သူ့ထက် အသက်ကြီးတာ ဘယ်သူရှိတုံး။ သေမှန်း၊ ရှင်မှန်း မသိသေးတဲ့ မီအဲ့ဆိုတဲ့ ဘိုးတော်ကလွဲရင် ဘယ်သူမှမရှိဘူးလေ ”

“ မသေပါနဲ့ဦး ခေါင်းဆောင်ရာ။ ခေါင်းဆောင် သေသွားရင် ကျုပ် ဒီလောက်နှစ်တွေအများကြီး ရင်းနှီးထားခဲ့တာတွေ ပလုံသွားမှာဗျ ”

ကျန်းစန်းက သက်ပြင်းရှည်ကြီးချလိုက်သည်။ ဤနေရာတွင် လေးနာရီနီးပါး သူ စောင့်နေခဲ့သည်ဖြစ်ပြီး ခေါင်းဆောင် သေသွားပြီဟု သူ ခံစားလာရသည်။

သူ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။ နောက်ထပ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ စောင့်ရန် သူ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ခေါင်းဆောင်သာ ထွက်မလာသေးပါက သူ့လမ်းသူ ဆက်သွားတော့မည်ဖြစ်သည်။

သူက မထွက်သွားခင် ထိုအသားပိုင်းကို အမှတ်တရပစ္စည်းအဖြစ် ယူသွားသင့်၊ မသင့် စဉ်းစားနေစဉ် ရုတ်တရက် အသွေးအသားရုပ်ထုကြီး တဆတ်ဆတ် တုန်ခါလာပြီး ဟိန်းဟောက်သံများ လွင့်ပျံလာရာ သူ ရင်တဒိန်းဒိန်းခုန်သွားရသည်။

သူ မျက်နှာပျက်သွားပြီး ချက်ချင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ဘေးပတ်လည်မှ အမျှင်တန်းများသည်လည်း အလျင်အမြန် နောက်ဆုတ်ကာ ရုပ်ထုကို လွှမ်းခြုံသွားသည်။

အသားပိုင်းပေါ်ရှိ အက်ကွဲကြောင်းက အလျင်အမြန် ကျုံ့သွားလိုက်၊ ပြန့်ကားသွားလိုက်ဖြစ်နေသည်။ တခဏလေးအတွင်း ၎င်းက ကြီးသွားပြီး ထို့နောက် သေးငယ်သွားပြန်သည်။ ၎င်းက အသက်ရှူနေသည့်အလားပင်။ ၎င်းအတွင်းမှ လာနေသော ဟိန်းသံများ ကြည်လင်ပြတ်သားလာသည်နှင့် ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေတော့သည်။

အသားဥမင်လမ်းကြောင်းထဲမှ ကြောက်မက်ဖွယ်သတ္တဝါအနည်းငယ် ချဉ်းကပ်လာနေသည့်အလားပင်။ ထိုဖြစ်ရပ်ကြောင့် ကျန်းစန်းမှာ တုန်လှုပ်သွားပြီး ထွက်ပေါက်သို့ ရောက်သည့်တိုင်အောင် ပြန်ဆုတ်သွားသည်။ အခြေအနေမဟန်ပါက ချက်ချင်း ထွက်ပြေးနိုင်ရန် သူ ပြင်ဆင်ထားသည်။

မကြာခင် စိုးရိမ်ထိတ်လန့်နေသော ကျန်းစန်း၏ အကြည့်အောက်တွင် အသားပိုင်း၏ အက်ကွဲကြောင်းမှ သွေးအလိမ်းလိမ်းဖြစ်နေသော လက်တစ်ဖက် ဆန့်ထွက်လာသည်။ ထိုလက်တွင် လက်ချောင်းသုံးချောင်းသာ ရှိပြီး အသားများလည်း ပဲ့ကြွေနေသည်ဖြစ်ရာ အရိုးများ ပေါ်နေသည်။

လက်က အပြင်ဘက်ရှိ အသားပိုင်းကို လှမ်းဆွဲလိုက်ပြီး ထိုအားကို အသုံးချ၍ တွားသွားထွက်လိုက်သည်။ မကြာခင် အသားပိုင်း၏ အက်ကွဲကြောင်းမှ ခေါင်းဆောင်၏ ခန္ဓာကိုယ်တစ်ခြမ်း တွားသွားထွက်လာသည်။

သူ့ဆံပင်များ ပျက်စီးသွားပြီဖြစ်ပြီး သူ့ခေါင်းတစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူ့မျက်နှာပေါ်မှ နေရာအများစုသည်လည်း တိုက်စားခံထားရပြီး တိုက်စားမခံထားရသည့်ကျန်အစိတ်အပိုင်းများသည်လည်း ဆိုးဆိုးဝါးဝါး စုတ်ပြတ်နေသည်။

သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာဗရပွရှိနေပြီး တချို့ဒဏ်ရာများမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ တိုးလျှိုပေါက် ဖြစ်နေသည်။

သို့သော်လည်း သူ့ညာလက်က ရွှေရောင်လက်နေသော အသားပိုင်းတစ်ပိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ထိုအသားပိုင်းထံမှ ကြောက်ခမန်းလိလိ နတ်အစွမ်းများ ထွက်နေပြီး ယင်းသည် ကျူးယင်သတ္တဝါ၏ အသွေးအသားပိုင်း ဖြစ်ပေသည်။

၎င်း ထွက်ပေါ်လာခြင်းသည် ဘေးပတ်ဝန်းကျင်ကို ချက်ချင်းပင် တွန့်လိမ်ရှုံ့တွသွားစေပြီး စူးစူးဝါးဝါးအော်ဟစ်သံများ မရေမတွက်နိုင်လောက်အောင် ပဲ့တင်ထပ်နေသည့်အလား ကျန်းစန်း၏ စိတ်ထဲ တဝီဝီမြည်နေကာ သူ၏ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာသည်။ သူ့တစ်ကိုယ်လုံး ပြိုလဲလုမတတ် ဖြစ်သွား၏။

“ ငါ့ကိုကူပါဦး ”

ခေါင်းဆောင်က တွားသွားရန် အားအင်အကုန်လုံး သုံးစွဲခဲ့ရဟန်တူသည်။ ထိုအချိန်၌ သူ့ပုံစံက စိုးရိမ်ပူပန်နေဟန်ရှိပြီး ကျန်းစန်းကို ခပ်သွက်သွက် ပြောလိုက်သည်။

ကျန်းစန်းမှာ အသိပြန်ဝင်လာပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အမျှင်တန်းများက ခေါင်းဆောင်၏ခန္ဓာကိုယ်ကို သွားရောက်ရစ်ပတ်လိုက်သည်။ ဖပ်ခနဲ မြည်သံနှင့်အတူ အက်ကွဲကြောင်းထဲမှ ခေါင်းဆောင်၏ ခန္ဓာကိုယ်တစ်ပိုင်း အပြင်ထွက်လာသည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ မရှိတော့ပေ။

သွေးအလိမ်းလိမ်းဖြစ်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်ခဲ့၏။

“ ဒီအသားဂိတ်တံခါးကို ငါနဲ့အတူတူ မြန်မြန်ဖျက်ဆီးပေးဦး ”

အပြင်ရောက်သည်နှင့် ခေါင်းဆောင်က ချက်ချင်း အော်ပြောလိုက်သည်။ သူက မန္တန်လက်ကွက်များဖော်၍ သူ့နောက်ရှိ အသားဂိတ်တံခါးကို လက်ညှိုးညွှန်လိုက်သည်။

ကျန်းစန်းက အန္တရာယ်ထဲရောက်နေပြီဖြစ်သည်ကို သိလိုက်ပြီး အံတင်းတင်းကြိတ်၍ တိုက်ခိုက်လိုက်သည်။ ဘေးပတ်လည်တွင် မန္တန်အစီအရင်အငွေ့အသက်များ အရှိန်အဟုန်ပြင်းစွာ လွင့်ပျံသွားသည်။ နှစ်ယောက်ပေါင်းစွမ်းအားက စုစည်းသွားပြီး အသားဂိတ်တံခါးကို ရိုက်ခတ်သွားလေရာ ချက်ချင်း ပျက်စီးသွားသည်။ ထိုဂိတ်တံခါးပျက်စီးသွားသည်နှင့် အထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ လွင့်ပျံလာ၏။

ထိုအော်သံတစ်ပိုင်းတစကြောင့် ကျန်းစန်း၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးများစွာ အန်ထုတ်လိုက်သည်။ သူ နောက်ဆုတ်နေသည်နှင့်အမျှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ အကာအကွယ်ကျောက်စိမ်းပေလွှာ အနိမ့်ဆုံး အခုလေးဆယ်မှာ အားလှိုင်းကို ဖြေလျော့မပေးနိုင်ခင် ပျက်စီးသွားပြီး သူသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။

သူက ဆေးလုံးများကို ခက်ခက်ခဲခဲ ထုတ်လိုက်ပြီး မျိုချလိုက်ရာ သူ့မျက်နှာပေါ်တွင် သွေးရောင်ပြန်လွှမ်းလာသည်။

ခေါင်းဆောင်သည်လည်း သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့လိုက်သည်။ သူ၏ညာလက်က ကျူးယင်၏ အသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်နေပြီး သူက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။

“ ဘယ်ကောင် ငါ့ကို ယှဉ်နိုင်မှာတုံးကွ။ ရေသူမကျွန်းကို တိုက်ခိုက်မယ်လို့ ငါ သတင်းရကတည်းက စီစဉ်ထားတာ။ ဒီနတ်သတ္တဝါရဲ့အသားကို ငါ ရပြီကွ။ ငါ ချမ်းသာပြီ။ ဒီတစ်ခေါက် ငါ ထောပြီဟေ့ ”

ခေါင်းဆောင်မှာ အလွန် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ သူ၏ ရယ်မောခြင်းသည် ဒဏ်ရာများကို သက်ရောက်သွားဟန်တူပြီး နာကျင်စွာဖြင့် သူ အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူ အသားပိုင်းကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။

“ ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်တစ်ပိုင်း ဆုံးရှုံးလိုက်ရတာကို တန်လို့လား ”

ကျန်းစန်းက ခေါင်းဆောင်ကို ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“ တန်တာပေါ့ကွ။ ဒါက ခန္ဓာကိုယ်တစ်ပိုင်းပဲလေ။ ဂိုဏ်းရဲ့လျှို့ဝှက်အတတ်ဖြစ်တဲ့ သွမ့်ကျစ်ကျိုက်ရှန်သိုင်းကို ငါ ကျင့်ထားပြီးပြီ။ ဂိုဏ်းက ဆေးစွမ်းကောင်းတွေနဲ့ ပေါင်းလိုက်ရင် ခြေထောက်တွေ ပြန်ပေါက်ဖို့ လနည်းနည်းလောက်ပဲ ကြာမယ်။ ပြီးတော့ ငါ့မှာ ကျူးယင်ရဲ့ အသားလည်း ရှိတယ်။ ဒါကို ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းပြီး နတ်အစွမ်းနဲ့ ကုလိုက်ရင် ငါ မြန်မြန် ပြန်ကောင်းလာမှာ ”

ခေါင်းဆောင်က ဘေးပတ်လည်ကို စိတ်လှုပ်တရှား ကြည့်လိုက်သည်။

“ ငါ့လက်ထောက်ခေါင်းဆောင်ကော ဘယ်ရောက်နေတာတုံး ”

“ အချိန်က အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကို ကျော်သွားပြီ။ လေးနာရီတောင် ရှိတော့မယ်။ ဂိုဏ်းတူညီလေးလဲ ဘုရားကျောင်းကို အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်အထိ စောင့်ပြီးတော့ ခေါင်းဆောင်ပြန်မလာတာကို မြင်လို့ သူ လုပ်စရာတွေရှိသေးတာနဲ့ သူ စိတ်ပျက်လက်ပျက် ထွက်သွားတာ။ သူ ထွက်မသွားခင် ကျုပ်ကို အဆိပ်မှုန့်အများကြီးပေးသွားခဲ့သေးတယ် ”

ကျန်းစန်းက ပြောလိုက်ရင်း ဆေးလုံးများကို စားလိုက်သည်။

“ ကိစ္စမရှိဘူး။ ငါလည်း ဒီလောက်ကြာမယ်လို့ မထင်ထားခဲ့ဘူး။ ပြန်တောင်မရောက်လောက်တော့ဘူး မှတ်နေတာ ”

ခေါင်းဆောင်က ပြောလိုက်ရင်း ပန်းသီးတစ်လုံးကို ထုတ်၍ စားလိုက်သည်။ သူ ဆက်စကားပြောရန် ပြင်လိုက်စဉ် …

ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါလာသည်။

မြေပြင် တုန်ဟီးကာ တောင်များ ယိမ်းခါနေသည့်အလား ထိုအခိုက်တွင် ကျူးယင်ကျွန်းတစ်ကျွန်းလံုံး အရှိန်အဟုန်ပြင်းစွာ တုန်ခါနေသည်။ မြင်သမျှ အဆောက်အအုံများအားလုံး ချက်ချင်း ပျက်စီးသွား၏။ ပျက်စီးသွားသော အဆောက်အအုံများ၊ ပင်လယ်ရေညှိများနှင့် ပင်လယ်မှိုများအားလုံးမှ အနက်ရောင်အခိုးအငွေ့များ လွင့်ပျံထွက်လာသည်။

ရေအောက်လောကထဲရှိ အရာအားလုံးမှ အနက်ရောင်အခိုးအငွေ့အမြောက်အမြား လွင့်ပျံတက်လာသည်။ ထိုအနက်ရောင်အခိုးအငွေ့များက စုစည်းသွားကာ အနက်ရောင်မြူခိုးများအသွင် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး ရေအောက်လောကတစ်ခုလုံးကို လွှမ်းခြုံချင်နေသည့်အလားပင်။

ထိုမြူခိုးများထဲတွင် အရာအားလုံးကို တိုက်စားနိုင်သည့် ဓာတ်နှောများ သိပ်သည်းထူထပ်စွာ ပါဝင်သည်။ တချိန်တည်းမှာပင် ရေအောက်လောကတွင် သေဆုံးသွားခဲ့ပြီဖြစ်သည့် အလောင်းများကို ပြန်အသက်သွင်းပေးသည့်အလား ထူးဆန်းသော စွမ်းအားတစ်မျိုးလည်း ပါဝင်နေသည်။

အနက်ရောင်အခိုးအငွေ့များ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ အနက်ရောင်မြူခိုးများ၏ အကျယ်အဝန်းက ကြီးမားသည်ထက် ကြီးမားလာသည်။ ရေအောက်လောကထဲရှိ ချီရွှဲ့ထုံဂိုဏ်းသားအားလုံး မျက်နှာပျက်သွားကြပြီး ထွက်ပေါက်သို့ အလုအယက် ပြေးသွားကြသည်။

တုန်ခါနေသော မြေပြင်က မြေနဂါးတစ်ကောင် တွန့်လိမ်သွားလာနေသည့်အလား ပျက်စီးနေသော ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဆတ်ခနဲ ယိမ်းခါသွားစေသည်။ သူ့ပါးစပ်ထဲမှ ပန်းသီးပင် ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ သူ ကွက်ခနဲ မျက်နှာပျက်သွားပြီး ကျန်းစန်း၏ ကျောပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။

“ ဒါ ရေသူမမျိုးနွယ်ရဲ့ အပြန်အလှန် ပျက်စီးစေတဲ့ ဝှက်ဖဲပဲ။ ငါ ထွက်တာ နောက်ကျသွားတယ်။ မြန်မြန်၊ ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားမှရမယ် ”

ကျန်းစန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဘေးပတ်လည်တွင် မြူခိုးများ ရစ်သိုင်းလာသည်နှင့် သူ ထွက်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားလေသည်။

တချိန်တည်းမှာပင် ဘုရားကျောင်းအစုအဝေးကြီး၏ တစ်နေရာ၌ ခရမ်းရောင်သလင်းကျောက်၏ အကူအညီဖြင့် အနည်းငယ် သက်သာလာသော ရွှီချင်းက မျက်လုံးများ ဖွင့်လိုက်သည်။ မြေပြင်မှ တဝုန်းဝုန်းမြည်ဟည်းသံများကို သူ အာရုံခံမိလိုက်ပြီး အဝေးမှ လွင့်ပျံလာသော အနက်ရောင်မြူခိုးများကို မြင်လိုက်ရကာ မျက်လုံးများ မှေးသွားသည်။

ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ပျက်စီးနေသော မှော်လှေကို သိမ်းဆည်းလိုက်သည်။ သူက အံတင်းတင်းကြိတ်၍ ရှေ့သို့ ပြေးသွားသည်။ သူ ထွက်သွားပြီး မကြာခင် အနက်ရောင်မြူခိုးများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မြူခိုးများက သူ ဝင်သွားခဲ့သည့် ပျက်စီးနေသော ဘုရားကျောင်းထဲသို့လည်း ကျူးကျော်ဝင်ရောက်သွားသည်။

မြူခိုးများထဲတွင်ပျက်စီးနေသော ဘုရားကျောင်းနံရံပေါ်ရှိ နံရံဆေးရေးပန်းချီကားက ပြန်လည်အသက်ဝင်ချင်နေသည့်အလား တဖျပ်ဖျပ်တောက်ပလိုက်ပါသော်လည်း အရေးနိမ့်သွားရသည်။

ပန်းချီကားချပ်ထဲရှိ ရေသူမဧကရာဇ်သည်သာ တဖြည်းဖြည်း ညှိုးခြောက်ကာ ပျောက်ကွယ်သွားသည်။

ရေအောက်လောကရှိ ချီရွှဲ့ထုံဂိုဏ်းသားအားလုံး ထွက်ပေါက်သို့ တဟုန်ထိုး သွားနေကြစဉ် အပြင်လောကတွင်လည်း အလားတူ ဖြစ်ပျက်နေသည်။

ကျူးယင်ကျွန်းပေါ်၌သာ အနက်ရောင်မြူခိုးများ ပေါ်လာသည်သာမက ယိမေကျွန်း၊ ယုံချန်ကျွန်းနှင့် မီအဲ့ကျွန်းတို့မှာလည်း အနက်ရောင်မြူခိုးများက အရာအားလုံးကို ဝါးမျိုနေသည်။

အဝေးမှကြည့်ပါက ကျွန်းလေးကျွန်းတွင် အနက်ရောင်မြူခိုးအမြောက်အမြား ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ လွင့်ပျံနေသည်ကို မြင်နိုင်သည်။ ယင်းသည် ရေသူမမျိုးနွယ်၏ လက်ကျန်ရင်းမြစ်တစ်ခု ဖြစ်သည့်အလားပင်။

ကောင်းကင်ယံရှိ အတောင်ပံကြီးပေါ်မှ သတ္တမမြောက်သခင်ကြီးက မန္တန်အစီအရင် လွှမ်းခြုံခံထားရသည့် ရေသူမကျွန်းလေးကျွန်းကို ငုံ့ကြည့်လိုက်သည်။ မန္တန်အစီအရင်က သူ့အမြင်အာရုံကို တားဆီးထားနိုင်ပါသော်လည်း အထဲမှ အပြောင်းအလဲများကို သူ မြင်နိုင်သေးသည်။

သို့သော်လည်း ထိုအပြောင်းအလဲက သူ၏မျက်နှာအမူအရာကို တည်ကြည်သွားစေသည်သာမက ဘေးမှ ရေသူမအဘိုးအိုကိုလည်း သူ ပြုံးပြလိုက်သည်။

“ မဆိုးဘူး။ နောက်ဆုံးကျ အရသာရှိတာ လာပြီပဲ။ ဒီစမ်းသပ်ပွဲက ဝံပုလွေပေါက်လေးတွေအတွက် လွယ်လွန်းနေတယ်လို့ ငါ တွေးနေတာ ”

“ ဒါ ဘယ်လိုလုပ် စမ်းသပ်ပွဲဖြစ်မှာလဲ။ ရတနာတွေလုပွဲပဲလေ။ မင်းက အခက်အခဲနည်းနည်းပါးပါး ထပ်ထည့်လိုက်တော့ ကောင်းသွားတယ် ”

All Chapters