အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း(၁၀၁)
“မင်း ရေးနေတာက လက်ရေးအသေးပေမဲ့ မင်းရဲ့ စုတ်ချက်တွေထဲမှာ မကျေနပ်မှု အရိပ်အယောင်တွေ ပါနေတယ်။ လက်တွေ့မှာ ဒီလိုမျိုး လက်ရေးမျိုးက မင်းနဲ့ မကိုက်ညီဘူး။ အဲဒါက အရမ်း ဘောင်ခတ်လွန်းပြီး ကိုယ်ပိုင်အရည်အချင်း မရှိသလို ခံစားရစေတယ်”
ကုဟွား ကြောင်အမ်းသွားသည်။
‘သူက ငါ့ရဲ့ လက်ရေးမူကို ကြည့်ရုံနဲ့တင် ငါ့ရဲ့ စိတ်ခံစားချက် အပြောင်းအလဲကို တကယ်ကြီး မြင်နိုင်တာလား’
“စာရွက်အကြီးနဲ့ ပြောင်းလိုက်”
သူမ၏ ညာဘက်လက်ကို သူက တင်းကျပ်စွာ ကိုင်ထားသဖြင့် ကုဟွားသည် ဘယ်ဘက်လက်ကိုသာ အသုံးပြု၍ စာရွက်ကြီးအသစ်တစ်ခုကို လဲလှယ်လိုက်ရသည်။
မုကျွင်းယန်က သူမ၏ လက်ကို ကိုင်ကာ စုတ်တံကို မှင်ထဲသို့ နှစ်ပြီးနောက် စတင်၍ ရေးသားလိုက်၏။
သူက ရဲရင့်ပြတ်သားသော နဂါးပျံကဲ့သို့၊ ကခုန်နေသော ဇာမဏီကဲ့သို့ လှပသော စာလုံးကြီး လေးလုံးကို ရေးသားလိုက်ခြင်း ဖြစ်သည်။
၎င်းစာလုံးများက “ဟောက်ချီးချန်စွင်း” (မြင့်မြတ်တည်ကြည်သော စိတ်ဝိညာဉ် ထာဝရ တည်တံ့ပါစေ) ဟူ၍ ဖြစ်၏။
နောက်ဆုံး စုတ်ချက်သို့ ရောက်ရှိချိန်တွင် သူတို့နှစ်ဦးလုံး စည်းချက်ညီစွာ စုတ်ချက်ကို အတူတူ အဆုံးသတ်လိုက်ကြသည်။
နှစ်ဦးစလုံး ရင်ထဲ၌ အလွန်အမင်း ကျေနပ်အားရမှုကို ခံစားလိုက်ရ၏။
ကုဟွား ခေါင်းလှည့်ကြည့်လိုက်မိပြီး သူတို့နှစ်ဦးလုံး အကြည့်ချင်းဆုံမိကြလျက် အလိုအလျောက် ပြုံးမိလိုက်ကြသည်။
ကုဟွားက မျက်တောင်လေး ခတ်လိုက်ရင်း စနောက်လိုက်၏။
“သခင်ကြီးက ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးအသေးကို သဘောကျတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ ဒီကိုယ်လုပ်တော်ကို စာလုံးအကြီး ရေးခိုင်းရတာလဲဟင်”
မုကျွင်းယန် သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ခါးလေးကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ယခုတွင် သူမ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်ချင်းက ပိုမို၍ နီးကပ်စွာ ထိကပ်သွားခဲ့ရသဖြင့် အနေရခက်သွားခဲ့ရသည်။
ကုဟွား၏ မျက်နှာလေးက ချက်ချင်းပင် နီမြန်းသွားခဲ့ပြီး နားရွက်လေးများထိပါ ရဲတက်သွားခဲ့ရ၏။
သူမ ရှက်သွေးဖြာလျက် ခေါင်းငုံ့လိုက်မိပြီး သူ့ကို မကြည့်ရဲတော့ချေ။
စုတ်တံကို ကိုင်ထားသော လက်လေးကို သူတို့၏ ရင်ဘတ်ကြားတွင် ကန့်လန့်ဖြတ် ကာထားလိုက်မိ၏။
၎င်းက အဓိပ္ပာယ်မရှိသော ရုန်းကန်မှုမျိုး ဖြစ်နေခဲ့သော်လည်း မုကျွင်းယန်က သူမ၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို စိုက်ကြည့်လိုက်မိပြီး အကြည့်များက သူမ၏ နားရွက်လေးများထက်သို့ ကျရောက်သွားခဲ့သည်။
၎င်းကို ပါးစပ်ဖြင့် ကိုက်ခဲရသော ခံစားချက်က တကယ်ကို အလွန်အမင်း ကောင်းမွန်လှသည်။
‘ဟင်း... တကယ်ကို တစ်ကိုက်လောက် ကိုက်ပစ်ချင်လိုက်တာကွာ’
သူက အမြဲတမ်း စည်းကမ်းကြီးသူတစ်ဦး ဖြစ်သော်လည်း မိန်းမပျိုလေး၏ ရှေ့မှောက်တွင် အကြိမ်ကြိမ် စိတ်မထိန်းနိုင် ဖြစ်နေရသည်ကို အလွန်အမင်း အံ့ဩမိရ၏။
သူ စိတ်ခံစားချက်များကို အတင်းအကျပ် နှိမ်နင်းလိုက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
“ဒီသခင်ကြီးက ဘယ်တုန်းကများ လက်ရေးအသေးကို သဘောကျတယ်လို့ ပြောခဲ့ဖူးလို့လဲ”
ကုဟွား ခေါင်းမော့ကြည့်လိုက်မိပြီး မျက်ဝန်းအစုံတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
‘ဒါဆိုရင် ငါ့ကို ဘာဖြစ်လို့ အဲဒီစာမူတွေကို ကူးခိုင်းရတာလဲ’
မျက်စိတစ်မှိတ်အတွင်း၌ပင် သူမ သဘောပေါက်သွားခဲ့ရ၏။
သူက လက်ရေးမူကို သဘောကျခဲ့ခြင်း မဟုတ်ချေ။ ၎င်းလက်ရေးကို ရေးသားခဲ့သော အမျိုးသမီးကိုသာ သဘောကျခဲ့ခြင်း ဖြစ်လိမ့်မည်။
ကုဟွား ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းပြီး ချဉ်စူးစူးဖြစ်သွားခဲ့ရသည်။
သူမ ခေါင်းငုံ့လိုက်မိပြီး စုတ်တံ၏ ထိပ်ဖျားလေးကိုသာ စိုက်ကြည့်နေမိ၏။
သူမက တိုးညှင်းစွာ ဆိုလိုက်မိသည်။
“ဒီကိုယ်လုပ်တော်ရဲ့ လက်ရေးက ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။ *ဒါက တုန်းရှစ်က ရှီးရှစ်ကို အတုခိုးသလိုပဲ ဖြစ်နေမှာ*...ဒီကိုယ်လုပ်တော်က စာမူတွေဆက်ပြီး မကူးတော့တာဘဲ ပိုပြီး ကောင်းပါလိမ့်မယ်”
(*T/N : ရှေးခေတ်တရုတ်ပြည်ရဲ့ အလှဆုံး အမျိုးသမီးတွေထဲမှာ လေးယောက်မြောက်အဖြစ် သတ်မှတ်ခံရတဲ့ ရှီးရှစ်ဆိုတဲ့ မိန်းမလှလေးက နှလုံးရောဂါအခံရှိတော့ လမ်းလျှောက်ရင်း မောလာရင် မျက်မှောင်လေးကြုတ်ပြီး လမ်းလျှောက်တတ်တယ်တဲ့ သူက လှတော့ ဘာလုပ်လုပ်တင့်တယ်ပေမဲ့ တုန်းရှစ်ဆိုတဲ့ ရုပ်ဆိုးမလေးက လှမယ်ထင်ပြီး အဲဒီလို မျက်မှောင်ကြုတ်ပြီး လိုက်လုပ်တော့ နဂိုရုပ်ဆိုးနေတဲ့မျက်နှာက ပိုပြီး ရုပ်ဆိုးသွားတယ်ပေါ့။ မြန်မာလိုဆို ဒေါင်းယောင်ဆောင်သောကျီးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ဆင်တူပါတယ်)
သူမ၏ ခန္ဓာကိုယ်လေးကို ရုန်းကန်လျက် သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ဘေးဘက်သို့ လှည့်ကာ သူ့ကို ထပ်၍ မကြည့်တော့ပေ။
စုတ်တံကိုသာ ရေဆေးခွက်ထဲသို့ ထည့်ကာ သေသေချာချာ ဆေးကြောနေမိ၏။
မုကျွင်းယန်က မိန်းမပျိုလေး၏ စိတ်ကောက်နေသော ဘေးစောင်းပုံရိပ်လေးကို စိုက်ကြည့်နေမိသည်။
‘အိုးဟိုး... ဒေါသတွေပါ ထွက်တတ်နေပြီပေါ့လေ’
“မင်း နောက်ကျရင် ကျန်းရော့ယွင်ရဲ့ စာမူတွေကို ထပ်ကူးဖို့ မလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီသခင်ကြီးလည်း အဲဒါတွေကို ဖတ်ဖြစ်မှာမှ မဟုတ်တာ”
၎င်းက မူလတည်းက သူမကို ကူညီပေးရန်အတွက် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။
ယခု၌ သူက သူမကို ကာကွယ်ပေးထားပြီး ဖြစ်သဖြင့် သဘာဝကျစွာပင် အမှန်တကယ် ဆက်လက်ကူးနေရန် မလိုအပ်တော့ချေ။
မုကျွင်းယန်၏ စကားလုံးများကြောင့် ကုဟွား ကြောင်အမ်းသွားခဲ့ရသည်။
သူမက ခေါင်းကိုလှည့်၍ သူ့ကို စိုက်ကြည့်လိုက်မိ၏။
‘သူက ငါ့ရဲ့ လက်ရေးကို ဒီလောက်ထိတောင် သဘောမကျလို့ နောက်ထပ် ကြည့်တောင် မကြည့်ချင်တော့တာလား’
သူမ မြင်တွေ့လိုက်ရသည်မှာ သူက ကျန်းရော့ယွင်၏ ကဗျာပေါင်းချုပ်စာအုပ်ကို အလွန်အမင်း တန်ဖိုးထားဟန်ဖြင့် လက်နှစ်ဖက်သုံးကာ ပိတ်လိုက်ပြီး ကျန်းရော့ယွင်၏ လက်ရေးမူများ သီးသန့်ထည့်သွင်းထားသော ကြိမ်ခြင်းလေးထဲသို့ ပြန်လည်ထည့်သွင်းကာ မူလနေရာသို့ ပြန်လည်ထားရှိလိုက်ခြင်း ဖြစ်သည်။
‘ကြည့်စမ်းပါဦး’
‘ဒါတောင် သူ ရင်ထဲမှာ ကျန်းရော့ယွင် မရှိဘူးလို့ ပြောနေသေးတယ်။ သူ့ရဲ့ ပစ္စည်းတွေကို ဘယ်လိုနေရာမှာ ထားရမလဲ... ဘယ်လိုမျိုး အဆင့်ဆင့် စီစဉ်ရမလဲဆိုတာကအစ အားလုံးကို သေသေချာချာ အသေးစိတ် မှတ်ထားတာပဲကို’
‘ဒါက သူ့ရင်ထဲမှာ ကျန်းရော့ယွင်အတွက် နေရာတစ်ခု ရှိနေတာပဲ မဟုတ်ဘူးလား’
‘ဒါပေမဲ့ ငါက ဘာမို့လို့လဲ’
ကုဟွားက သူမ၏ နှုတ်ခမ်းလေးများကို စူလိုက်မိပြီး ရင်ထဲ၌ အလွန်အမင်း မတရားမှုများကို ခံစားလိုက်ရ၏။
မုကျွင်းယန်က ၎င်းကို စာအုပ်စင်၏ အောက်ဆုံးအလွှာသို့ ပေါ့ပေါ့ပါးပါးပင် ထိုးထည့်လိုက်သည်။
သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မိန်းမပျိုလေးက မျက်တောင်လေးများ ချထားလျက် ခန္ဓာကိုယ်လေးကို စားပွဲခုံတွင် မှီထားကာ အားအင်ကုန်ခမ်းနေဟန် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
‘ဘာဖြစ်သွားတာလဲ’
“အားမရှိလို့လား...စိတ်ရွှင်လန်းသွားအောင် ဂျင်ဆင်းစွပ်ပြုတ် နောက်ထပ် တစ်ခွက်လောက် ထပ်သောက်မလား”
မုကျွင်းယန်၏ စေတနာနှင့် ပြောဆိုလိုက်သော စကားလုံးများက ကုဟွားအတွက် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူမတစ်ကိုယ်လုံး ချက်ချင်းပင် ထုံကျင်သွားခဲ့ရ၏။
သူမ၏ လှပသော မျက်ဝန်းအစုံက အလွန် ပြူးကျယ်သွားရကာ လက်လေးနှစ်ဖက်ကိုလည်း စိုးရိမ်တကြီး ဆုပ်ကိုင်ထားမိသဖြင့် အမွေးပွပွ ကြောင်လေးတစ်ကောင်အလား ဖြစ်နေခဲ့ရသည်။
‘ငါက သူ့အတွက် ကစားစရာ သက်သက်ပဲ ဟုတ်တယ်မလား’
သို့သော်လည်း သူမ၏ အဓိက ကျောထောက်နောက်ခံ ကျေးဇူးရှင်ကြီးကို ပြန်၍ မေးခွန်းမထုတ်ရဲချေ။
ကုဟွား တုန်ယင်နေသော အသံလေးဖြင့် အားနည်းစွာ မေးမြန်းလိုက်မိ၏။
“သခင်ကြီးက ဒီကိုယ်လုပ်တော်ကို မနေ့ညက စွပ်ပြုတ်မျိုး ထပ်ပြီး သောက်စေချင်တာလားဟင်”
သူမ၏ စိုးရိမ်ထိတ်လန့်နေသော ပုံစံလေးကို မြင်တွေ့လိုက်ရမှသာ မုကျွင်းယန် ယမန်နေ့ညက စွပ်ပြုတ်၏ အာနိသင်က မည်သို့ ဖြစ်သည်ကို ပြန်လည်သတိရသွားခဲ့ရသည်။
သူမက သေချာပေါက်ပင် ယမန်နေ့ညက သူ၏ ပုံစံကြောင့် ထိတ်လန့်နေခြင်း ဖြစ်လိမ့်မည်။
သူ အလျင်အမြန်ပင် လက်သီးကို နှုတ်ခမ်းဝတွင် ကပ်လျက် ချောင်းနှစ်ချက် ဟန့်လိုက်မိ၏။
“ကိုယ်က တခြားအဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး”
ကုဟွား သူ့ကို မယုံကြည်ချေ။
သူမက တိတ်တဆိတ် သူ၏ မျက်နှာနှင့် မျက်ဝန်းများကို အကဲခတ်နေမိသည်။
ကြည့်ရသည်မှာ သူ၏ မျက်နှာထက်တွင် လိုအင်ရမ္မက်များ ပြည့်နှက်နေသော အရိပ်အယောင်မျိုး ရှိမနေခဲ့ချေ။
သူက ပုံမှန်အတိုင်းပင် အပြုံးအရယ်မရှိသော်လည်း မျက်နှာထားက ပုံမှန်ထက်ပို၍ နူးညံ့နေခဲ့သည်။
‘ငါ ဒီနေ့ညတော့ ဘေးကင်းနိုင်ပါ့မလား’
ကုဟွား ရင်ထဲတွင် သံသယများနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။
မုကျွင်းယန်၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။
သူမ ရင်ထဲ၌ သူ့အပေါ် ခုခံတွန်းလှန်လိုစိတ်များ ပြည့်နှက်နေသည်ကို သူ သတိပြုမိလိုက်၏။
အထူးသဖြင့် ထိုဂျင်ဆင်းစွပ်ပြုတ်တစ်ခွက်က သူမ၏ ခန္ဓာကိုယ်ကို သူ့အလိုရမ္မက်များအတွက် ပေးဆပ်ရခြင်းအား အပေးအယူ တစ်ခုကဲ့သို့ ခံစားသွားရစေပုံရ၏။
သို့သော်လည်း မိန်းမပျိုလေး၏ စိုးရိမ်ထိတ်လန့်ကာ ရှက်သွေးဖြာနေသော ပါးပြင်လေးနှစ်ဖက်က ပန်းနုရောင် သန်းနေဆဲဖြစ်၏။
အထူးသဖြင့် သူမ၏ နုနယ်သော နှုတ်ခမ်းလေးများက မှည့်ဝင်းနေသော ချယ်ရီသီးလေးကဲ့သို့ ရဲစိုနေပြီး အသာအယာ နမ်းရှိုက်လိုက်ရုံမျှဖြင့် ပျက်စီးသွားနိုင်သည့်အလား ဆွဲဆောင်မှု ရှိလွန်းနေခဲ့သည်။
မုကျွင်းယန် အစတုန်းက သူမ၏ တင်းမာနေသော စိတ်အခြေအနေကို လျော့ပါးသွားစေရန်အတွက်သာ စနောက်ကျီစယ်ခဲ့ခြင်း ဖြစ်သော်လည်း စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးချိန်တွင် သူကိုယ်တိုင်၏ ရမ္မက်မီးကိုပါ ပြန်လည်မွှေနှောက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့မည်မှန်း သူမသိခဲ့ပေ။
၎င်းအပြင် ဤရမ္မက်မီးက စိတ်မသက်မသာဖြစ်ဖွယ် ခံစားချက်ဆိုးကြီးတစ်ခုကိုပါ ဆောင်ကြဉ်းလာခဲ့သည်။
ရည်ရွယ်ချက်ရှိရှိဖြင့် အပေးအယူလုပ်ကာ ရယူခဲ့သော သာယာမှုမျိုးက နစ်မွန်းနေစဉ်အတွင်း သတိမပြုမိသော်လည်း ပြီးဆုံးသွားသည့် အခါတွင် အလွန် စိတ်မရှည် ဖြစ်လာစေခဲ့သည်။
‘တကယ်တော့ ဘယ်သူက ဘယ်သူ့ကို နှိပ်စက်နေတာလဲ’
မုကျွင်းယန် ခေါင်းငုံ့လိုက်ပြီး သူ့လက်ချောင်းထက်ရှိ ကျောက်စိမ်းလက်စွပ်လေးကို လှည့်နေမိသည်။
သူ၏ မျက်နှာထက်ရှိ ခပ်ယဲ့ယဲ့အပြုံးများက လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီး မျက်ဝန်းအစုံကလည်း ပိုမို၍ အေးစက်လာခဲ့၏။
‘နည်းလမ်းတစ်ခု ထပ်ပြောင်းပြီး စမ်းကြည့်လိုက်ရင်ရော ဘယ်လိုလဲ’
သူက အမျိုးသမီးတစ်ဦးအပေါ်တွင် တဏှာဆန္ဒ သက်သက်မျှသာ ရှိနေခြင်းလား သို့မဟုတ် ကုဟွားဟူသော မိန်းမပျိုလေးအပေါ်ကိုပဲ အမှန်တကယ် စိတ်ဝင်စားနေခြင်းလား ဆိုသည်ကို သိရှိနိုင်ရန် ဖြစ်သည်။
“မင်း စစ်တုရင်ကစားတတ်လား”
ကုဟွားက မုကျွင်းယန်၏ မျက်နှာထား အဘယ်ကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရသည်ကို တွေးတောနေခိုက်တွင် ဤမေးခွန်းကို ရုတ်တရက် ကြားလိုက်ရသဖြင့် အလိုအလျောက်ပင် ပြန်လည်ဖြေကြားလိုက်မိ၏။
“ကစားတတ်ပါတယ်”
မုကျွင်းယန် အံ့ဩစွာ ခေါင်းမော့ကြည့်လိုက်မိသည်။
“မင်း သင်ဖူးတာလား”
ကုဟွားက တစ်ကြိမ်နှစ်ကြိမ်ခန့် သင်ယူဖူးခြင်း ဖြစ်သည်။
အစ်ကိုကြီးကျိက သူမကို သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူ၏ စစ်တုရင် အရည်အချင်းက အလွန်ကောင်းမွန်လှသည်။
နှမြောစရာကောင်းသည်မှာ သူမအနေဖြင့် အစ်ကိုကြီးကျိထံမှ ဆက်လက်သင်ယူခွင့် မရရှိခဲ့ခြင်းဖြစ်၏။
နောက်ပိုင်းတွင် အစ်ကိုကြီးကျိ ပေးအပ်ခဲ့သော စစ်တုရင်ကျမ်းစာအုပ်ကို အသုံးပြုကာ သူ၏ ကြိုးစားအားထုတ်မှုများ အလဟဿမဖြစ်စေရန်အတွက် သူမဘာသာ အသည်းအသန် လေ့လာခဲ့ဖူးသည်။
သို့သော် သူမက အလွန် တုံးအလွန်းပြီး အတူတူ လေ့ကျင့်ကစားမည့်သူလည်း မရှိခဲ့သဖြင့် မည်သည့်တိုးတက်မှုမျိုးမျှ ရှိမလာခဲ့ချေ။
ကုဟွား၏ မျက်ဝန်းအစုံက ပူနွေးလာသည်။
သူမက အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်မိ၏။
“မျိုးနွယ်စုကျောင်းမှာ ကျောင်းတက်တုန်းက အခြေခံအကျဆုံးအရာတွေကိုပဲ သင်ယူခဲ့ဖူးတာပါ... တကယ် ကစားတတ်တယ်လို့တော့ ပြောလို့မရပါဘူး”
“ကိုယ့်ရဲ့ စစ်တုရင်ပညာက မဆိုးပါဘူး... မင်းကို သင်ပေးလို့ရတယ်”
ဤစကားကို ကြားလိုက်ရချိန်တွင် ကုဟွား ရင်ထဲ၌ ဝမ်းသာသွားခဲ့ရပြီး ချိုသာစွာ ဆိုလိုက်မိ၏။
“တကယ်လားဟင်... သခင်ကြီးက တအား ကောင်းတာပဲ”
မုကျွင်းယန်က သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။
‘ကြည့်စမ်းပါဦး... ဒီကြောင်ပေါက်လေးရဲ့ မြှောက်ပင့်နေတဲ့ ပုံစံလေးက ထပ်ပြီးထွက်လာပြန်ပြီ’
ထို့အပြင် သူကိုယ်တိုင်ကလည်း ဤပုံစံလေးကို အတော်လေး သဘောကျနေခဲ့သည်။
“အာ... ဟုတ်သားပဲ”
ကုဟွား ရုတ်တရက် သူမ၏ ဂါဝန်စကို ပင့်မလျက် အပြေးအလွှား သွားပြီး အင်္ကျီလက်ထဲမှ ငွေစက္ကူကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
“သခင်ကြီး... ဒါက သခင်ကြီးရဲ့ ကျောက်စိမ်းဆွဲပြားအတွက် လျော်ကြေးပါ”
မုကျွင်းယန် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
‘သူက တကယ်ကြီး ပေးလာတယ်ပေါ့လေ’
သူ အားနာဟန် လုံးဝမပြဘဲ ၎င်းငွေစက္ကူကို ယူကာ သိမ်းဆည်းလိုက်၏။
ကုဟွား : “...”
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မိန်းမပျိုလေးက မျက်ဝန်းအစုံ ပြူးကျယ်လျက် နှုတ်ခမ်းလေးကို ထပ်မံ၍ စူထားပြန်သည်ကို မြင်တွေ့လိုက်ရသည်။
‘ဒီ ငွေမက်တဲ့ ကောင်မလေးကတော့လေ’
‘သူ တကယ် နှမြောနေမယ်မှန်း ငါကြိုသိသားပဲ’
မုကျွင်းယန်က သူမ၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာလေးကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး စာအုပ်စင်သို့ လျှောက်လှမ်းကာ အံဆွဲထဲမှ စစ်တုရင်ခုံနှင့် စစ်တုရင်အရုပ်များကို အစုံလိုက် ထုတ်ယူလိုက်၏။
သူက နူးညံ့သော ညောင်စောင်းထက်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး စစ်တုရင်ခုံကို ဖြန့်ခင်းလိုက်သည်။
“ဒီကိုလာခဲ့... အရောင်ရွေးလိုက်”
ကုဟွားက ရင်ထဲ၌ မကျေမနပ်ဖြစ်နေမိပြီး မြို့စားမင်းကို အလွန်အမင်း ကပ်စေးနည်းလှသည်ဟု တိတ်တဆိတ် ကျိန်ဆဲနေမိသည်။
အခန်း(၁၀၂)
‘ငွေသား တစ်ထောင်တိတိကြီးတောင်
ဒီတိုင်း ပျောက်ကွယ်သွားရပြီလို့’
သူမ စိတ်သဘောထား သေးသိမ်ခြင်း မဟုတ်ချေ။
‘ငါ့ကိုပဲ အပြစ်တင်လို့ ရမလား’
အကယ်၍ ထိုစဉ်က သူမကယ်ဆယ်ခဲ့သူမှာ ဂုဏ်သရေရှိ ယုံမြို့စားအိမ်တော်၏ ဆက်ခံသူမှန်း သိရှိခဲ့ပါက သေအောင်ရိုက်လျှင်ပင် ထိုကျောက်စိမ်းဆွဲပြားကို ပျောက်ဆုံးခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူမ သေချာပေါက် ၎င်းကို သူမ၏ မျက်ရှု ရတနာလေးကဲ့သို့ တစ်နေ့လုံး သေသေချာချာ ကာကွယ်စောင့်ရှောက်ထားမည် ဖြစ်သည်။
ကုဟွား မထိန်းနိုင်ဘဲ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်မိသည်။
သူ မည်မျှပင် ချောမောခန့်ညားနေပါစေ သူမ၏ ရင်ထဲရှိ ဒေါသများကို ငြိမ်းသတ်နိုင်ခြင်း မရှိချေ။
“ဘာဖြစ်လို့ အဲဒီလိုကြီး မတ်တတ်ရပ်နေရတာလဲ။ မြန်မြန်ဒီကို လာခဲ့”
မုကျွင်းယန် သူမ၏ ဒေါသတကြီး ဖြစ်နေသော ပုံစံကို လျစ်လျူရှုထား၏။
ကုဟွား သက်ပြင်းတစ်ချက်ကို အားယူကာ ချလိုက်မိပြီး ရင်ထဲ၌ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်မိသည်။
‘ကိစ္စမရှိပါဘူး။ တကယ်လို့ သူက ငါ့ကို စစ်တုရင်ကစားနည်း သင်ပေးမယ်ဆိုရင် ငါ အစ်ကိုကြီးကျိရဲ့ သွန်သင်မှုတွေကို မျက်နှာပျက်စေမှာ မဟုတ်တော့ဘူး’
အစ်ကိုကြီးကျိကို တွေးတောမိလိုက်ချိန်တွင် ကုဟွား သူမ၏ စိတ်ကောက်နေသော ဒေါသလေးများကို ထိန်းချုပ်လိုက်ပြီး လိမ္မာရေးခြားရှိစွာ ညောင်စောင်းထက်သို့ တက်ကာ သူ၏ ဆန့်ကျင်ဘက်တွင် ဒူးထောက်ထိုင်လိုက်ပြီး အဖြူရောင် စစ်တုရင်အိုးကို ညွှန်ပြလိုက်၏။
မုကျွင်းယန်က အမည်းရောင် စစ်တုရင်အိုးကို သူ၏ ရှေ့သို့ ဆွဲယူလိုက်သည်။
“မင်း အရင်စ”
ကုဟွား အနည်းငယ် ပျာယာခတ်သွားခဲ့ရသည်။
“ဒီကိုယ်လုပ်တော်က အခြေခံလောက်ပဲ သိတာပါ... သခင်ကြီးမှာ စစ်တုရင်ကျမ်းစာအုပ် မရှိဘူးလားဟင်”
သူမ အစ်ကိုကြီးကျိ ပေးခဲ့သော စစ်တုရင်ကျမ်းစာအုပ်ကိုပင် အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးချေ။
မုကျွင်းယန် ပြတ်သားစွာပင် ဖြေကြားလိုက်၏။
“မလိုပါဘူး... တိုက်ရိုက်ကစားတာကပဲ စစ်တုရင်ရဲ့ အနှစ်သာရကို အမှန်တကယ် သင်ယူနိုင်မှာ”
ကုဟွားက သူမ စိတ်အာရုံအားလုံးကို စုစည်းလိုက်ပြီး အစ်ကိုကြီးကျိ ပေးအပ်ခဲ့ဖူးသော စစ်တုရင်ကျမ်းစာအုပ်ထဲမှ ပထမဆုံး အကွက်ကို အသည်းအသန် ပြန်လည်တွေးတောကာ အဖြူရောင် စစ်တုရင်ရုပ်တစ်ခုကို စစ်တုရင်ခုံ၏ အလယ်ဗဟိုတည့်တည့်သို့ ဂရုတစိုက် ချလိုက်၏။
သူမ တွေးတောမိသည်မှာ ဂုဏ်သရေရှိ ယုံမြို့စားမင်းအနေဖြင့် သူမကဲ့သို့သော လူသစ်လေး တစ်ယောက်အပေါ် သေချာပေါက် ညှာတာပေးလိမ့်မည်ဟူ၍ ဖြစ်၏။
သူမအနေဖြင့် စာအုပ်အတိုင်း သေသေချာချာ ကစားရင်း မသိနားမလည်သည်များကို မေးမြန်းရုံမျှသာ ဖြစ်၏။
‘ဒါပေမဲ့ ဘယ်သူက ထင်ထားခဲ့မှာလဲ’
ပထမဆုံးပွဲစဉ်တွင် လက်ဖက်ရည်ခွက် တစ်ဝက်ခန့် သောက်သုံးနိုင်မည့် အချိန်အတွင်း၌ပင် သူမ၏ စစ်တုရင်ရုပ်များအားလုံး တစ်ရုပ်မျှမကျန်အောင် ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရ၏။
သူမ မျက်နှာလေးက ဒေါသထွက်လွန်းသဖြင့် နီရဲသွားခဲ့ရသည်။
သူမက အစ်ကိုကြီးကျိ၏ သွန်သင်ဆုံးမမှုများကို သစ္စာဖောက်မိသလို ဖြစ်သွားခဲ့ရပြီး သူ့ကို သိက္ခာကျစေခဲ့မိပြီ ဖြစ်သည်။
‘မဖြစ်ဘူး’
ငါကအစ်ကိုကြီးကျိ ပြောခဲ့သလိုမျိုး...
ဘယ်နေရာမှာပဲ လဲကျလဲကျ အဲဒီနေရာကနေပဲ ပြန်ပြီး မတ်တတ်ထရပ်ရမယ်’
ကုဟွား သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ သက်ပြင်းတစ်ချက် ချပြီး အဖြူရောင် စစ်တုရင်ရုပ်ကို ထပ်မံ၍ ချလိုက်ပြန်၏။
သူမ၏ အရှုံးမပေးလိုသော မျက်နှာလေးကို မြင်တွေ့လိုက်ရချိန်၌ မုကျွင်းယန်က ဤမိန်းမပျိုလေးသည် ရည်မှန်းချက်ကြီးမားသော မိန်းမပျိုလေးတစ်ဦးဖြစ်ကြောင်း ရင်ထဲ၌ တွေးတောမိလိုက်၏။
သို့သော် ကုဟွား လုံးဝမျှော်လင့်မထားခဲ့သည်မှာ သုံးပွဲဆက်တိုက် ကစားသည့်တိုင်အောင် မုကျွင်းယန် သူမအပေါ် တစ်ချက်မျှ ညှာတာခြင်းမရှိဘဲ သူမ ဝေဝေဝါးဝါးဖြစ်သွားသည်အထိ အသည်းအသန် အနိုင်ယူချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။
“ဆက်ကစားမယ်”
မုကျွင်းယန်၏ မျက်နှာထားက စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိခဲ့ချေ။
ကုဟွား : “...”
သူမ သူ့ကို ဖြောင့်မတ်တည်ကြည်ပြီး ကရုဏာစိတ်ရှိသော အမျိုးသားတစ်ဦးကဲ့သို့ ထင်မှတ်ထားခဲ့မိသည်။
‘သူက ဘယ်နေရာမှာများ ကရုဏာစိတ်ရှိနေလို့လဲ’
လက်ဖက်ရည် နှစ်ခွက်သောက်ရန် ကြာချိန်ခန့် ကုန်ဆုံးသွားခဲ့ပြီးနောက်...
“ဘာဖြစ်လို့ မျက်လုံးတွေ နီရဲနေရတာလဲ”
မုကျွင်းယန် ခေါင်းကို အနည်းငယ် စောင်းလျက် သူမကို စိုက်ကြည့်လိုက်မိသည်။
“အမ်း”
ကုဟွား ခပ်တိုးတိုးသာ ပြန်ဖြေလိုက်ပြီး သူ့ကို နောက်ထပ် လုံးဝ စကားထပ်မပြောချင်တော့ပေ။
‘ဒါက ဘယ်လိုလူမျိုးလဲ’
‘ခုနစ်ပွဲဆက်တိုက် ငါပဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာလေ’
မုကျွင်းယန် စစ်တုရင်ခုံကို ဖြတ်ကျော်ပြီး လက်လှမ်းကာ သူမ မေးစေ့လေးကို ဆွဲမလိုက်သည်။
“ပြောစမ်းပါဦး... ဘာဖြစ်လို့လဲ”
ကုဟွား ဆင်ခြေတစ်ခုကိုသာ ရှာဖွေလိုက်ရ၏။
သူမ မျက်ဝန်းအစုံတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
“မနေ့ညက... ကောင်းကောင်း အနားမယူခဲ့ရလို့ပါ”
“အိုး... မင်းက ဘာဖြစ်လို့ ကောင်းကောင်း အနားမယူခဲ့ရတာလဲ... မနေ့ညက မင်းတစ်ယောက်တည်း အိပ်ခဲ့တာ မဟုတ်ဘူးလား”
မုကျွင်းယန် အံ့ဩသွားဟန်ဖြင့် မေးမြန်းလိုက်၏။
ကုဟွား သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်မိ၏။
‘ဘာဖြစ်လို့လဲဆိုတာကို ရှင်ကိုယ်တိုင် မသိဘူးလား’
‘ရှင်က သန်မာထွားကြိုင်းနေတာလေ... ကျွန်မကိုကျတော့ ဂျင်ဆင်းစွပ်ပြုတ်တွေ တိုက်ခဲ့တာ... ရှင်က တကယ့်ကို သွေးစုပ်ဖုတ်ကောင်ပဲ... ကျွန်မရဲ့ အားအင်တွေကို စုပ်ယူရုံတင်မကဘူး အရိုးတွေကိုပါ ကြေမွအောင် လုပ်ခဲ့တာ... အခုအချိန်အထိ ခန္ဓာကိုယ်က လှုပ်ရှားလိုက်ရင် နာနေတုန်းပဲ’
‘ဒီနေ့ မနက်စောစောကလည်း မမကျိုးက ကျွန်မကို အိမ်တော် စီမံခန့်ခွဲမှုတွေ သင်ယူဖို့ အတင်းဆွဲခေါ်သွားခဲ့သေးတယ်... ကျွန်မက တအားပျော်မိတာ မှန်ပေမဲ့လည်း ခန္ဓာကိုယ်က တောင့်မခံနိုင်ဘူးလေ... အခုဆိုရင် မိုးတောင်ချုပ်နေပြီ... ရှင်ကတော့ ကျွန်မကို စစ်တုရင်ကစားဖို့ အတင်းဆွဲခေါ်နေတုန်းပဲ’
‘စစ်တုရင်ကစားတာက တစ်ပိုင်းပေါ့... ဒါပေမဲ့ ကျွန်မက အခြေခံပဲ သိတာပါလို့ ပြောထားရဲ့သားနဲ့...ပြီးတော့ ရှင်ကလည်း သင်ပေးမယ်လို့ ပြောခဲ့သေးတယ်လေ’
‘ဒါပေမဲ့ ရှင်က ကျွန်မကို နည်းနည်းလေးမှ မညှာတာဘဲ ခဏလေးအတွင်းမှာပဲ ရှစ်ပွဲဆက်တိုက်ကြီး တစ်စစီဖြစ်အောင် အနိုင်ယူပစ်ခဲ့တာလေ’
အစ်ကိုကြီးကျိကြောင့် သူမ၏ ရင်ထဲ၌ ဖြစ်ပေါ်လာခဲ့ဖူးသော စစ်တုရင်အပေါ် စိတ်ဝင်စားမှု သေးသေးလေးကိုပါ သူက အပြတ်အသတ် ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။
အစ်ကိုကြီးကျိနှင့် အတူတူ စစ်တုရင်ကစားသည့် အကြိမ်တိုင်းတွင် သူက သူမကို အမြဲတမ်း ညှာတာပေးလေ့ရှိပြီး သူ့ကို မည်ကဲ့သို့ ပြန်လည်အနိုင်ယူရမည် ဆိုသည်ကိုပါ စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ဖူးသည်။
သူမကို တစ်ပွဲနှစ်ပွဲခန့် ရံဖန်ရံခါ အနိုင်ရရှိစေခဲ့သဖြင့် သူမ ကောင်းကင်ဘုံသို့ ပျံသန်းသွားတော့မည့်အလား အလွန်အမင်း ပျော်ရွှင်ခဲ့ရဖူးသည်။
‘ဒါပေမဲ့ ဒီလူကတော့ဘာလဲ’
‘အမျိုးသားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ရက်ရောကြင်နာမှုမျိုး နည်းနည်းလေးတောင် ရှိမနေဘူး’
ဤအချက်တွင် သူက အစ်ကိုကြီးကျိကို မည်သို့မျှ မယှဉ်နိုင်ချေ။
‘ပြီးတော့... ငါက ကောင်းကောင်း အနားမယူချင်ခဲ့တာမှ မဟုတ်တာ’
‘အဲ့တာက မြို့စားကြီးရဲ့ အလိုဆန္ဒအပေါ်မှာပဲ လုံးဝမူတည်နေခဲ့တာ မဟုတ်ဘူးလား’
‘သူက အားလုံးကို သိထားရဲ့သားနဲ့ မသိနားမလည်သလိုနဲ့ ပြန်မေးနေသေးတယ်’
‘တအား ဆိုးလွန်းတယ်’
သူမက ရင်ထဲ၌ မကျေနပ်မှုများ ပြည့်နှက်နေခဲ့သော်လည်း မြို့စားကြီး၏ ရှေ့မှောက်တွင် သူ့ကို ပြန်လည်၍ အထွန့်တက်ရန် သတ္တိရှိမနေခဲ့ချေ။
သူမက စိတ်ပျက်လက်ပျက် အရိပ်အယောင်အချို့နှင့်အတူ ဝေဝေဝါးဝါးသာ တိုးညှင်းစွာ ဆိုလိုက်မိ၏။
“အမ်း”
မုကျွင်းယန် အမည်းရောင် စစ်တုရင်ရုပ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး အကြည့်များက သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အကိုက်ခံထားရသော အမာရွတ်လေးထက်သို့ ကျရောက်သွားခဲ့ရသည်။ သူ့စိတ်ခံစားချက်များက ရုတ်တရက် ကြည်လင်လာပြီး ပျော်ရွှင်လာခဲ့ရသည်။
သူက ဤမိန်းမပျိုလေးကို စိုက်ကြည့်မိလေလေ သူမက ကြောင်လေးတစ်ကောင်နှင့် ပို၍တူနေသည်ဟု ခံစားရလေလေ ဖြစ်၏။
သူမက သူ့ထံမှ အကူအညီတစ်ခုခု တောင်းခံလိုချိန်တွင် ဗိုက်ဆာနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ လိမ္မာရေးခြားရှိစွာ သူမ၏ ခေါင်းလေးကို သူ့အနားသို့ တိုးဝှေ့လျက် နည်းလမ်းပေါင်းစုံဖြင့် စိတ်ကျေနပ်လာအောင် ပြုလုပ်ပေးတတ်သည်။
တစ်ခါတရံ ဒေါသထွက်လာခဲ့လျှင် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များကို ထောင်ထလာစေတတ်၏။
‘အမ်း... သူက လူကိုလည်း ကိုက်တတ်သေးတယ်’
“ဒါဆိုရင်လည်း... ပြန်ပြီးတော့ အနားယူတော့”
ကုဟွား၏ မျက်နှာပေါ်ရှိ မကျေနပ်မှု အရိပ်အယောင်များက ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်။
သူမက အလျင်အမြန်ပင် စစ်တုရင်ရုပ်များကို အိုးထဲသို့ ကောက်ထည့်လိုက်ပြီး ညောင်စောင်းထက်မှ ဆင်းသက်ကာ မုကျွင်းယန်ကို အရိုအသေပြု နှုတ်ဆက်လိုက်၏။
“ဒီကိုယ်လုပ်တော်ကို အရင်ဆုံး သွားခွင့်ပြုပါ...သခင်ကြီးလည်း ဒီနေ့ည ကောင်းကောင်း အိပ်စက်အနားယူနိုင်ပါစေ”
“ဒီစစ်တုရင်ခုံနဲ့ အရုပ်တွေကိုပါ တစ်ခါတည်း ယူသွားပြီးတော့ သေသေချာချာ လေ့လာထားလိုက်”
ကုဟွား လှည့်ထွက်ရန် ပြင်လိုက်စဉ်၌ပင် တောင့်တင်းသွားခဲ့ရပြီး စစ်တုရင်ရုပ်များနှင့် စန္ဒကူးသား စစ်တုရင်ခုံကို လှမ်းကြည့်လိုက်မိသည်။
‘ဒါက ငါ့ကို ငှားတာလား... ဒါမှမဟုတ် အပိုင်ပေးလိုက်တာလား’
မုကျွင်းယန်က သူမ၏ လှည့်ပတ်ကြည့်ရှုနေသော မျက်ဝန်းလေးများကို စိုက်ကြည့်နေမိသည်။
သူမ ရင်ထဲ၌ မည်သည့်အရာများ ထပ်မံတွက်ချက်နေပြန်ပြီဆိုသည်ကို သူ မသိချေ။
“ဒါက မင်းအတွက် လက်ဆောင်ပေးတာ”
“အာ...”
ကုဟွားက အံ့ဩတုန်လှုပ်စွာ အာမေဋိတ်သံ ထွက်ပေါ်သွားခဲ့ရ၏။
ထို့နောက် သူမကိုယ်သူမ စည်းကမ်းမရှိ ဖြစ်သွားသည်ဟု ခံစားလိုက်ရသဖြင့် အလျင်အမြန်ပင် မတ်မတ်ရပ်လိုက်ပြီး သူ့ကို ဂရုတစိုက် စိုက်ကြည့်လိုက်မိသည်။
“သခင်ကြီးက ဒီကိုယ်လုပ်တော်ကို ပေးတာလားဟင်... ဒီစစ်တုရင်ခုံ အစုံလိုက်က တအား တန်ဖိုးကြီးလွန်းပါတယ်”
မုကျွင်းယန် ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
“အမ်း...”
“ဒါက ကိုယ့်အဘိုးက ကိုယ့်ကို ပေးခဲ့တာလေ... ကိုယ် ပထမဆုံးအကြိမ် ရန်သူ့စစ်သေနာပတိရဲ့ ဦးခေါင်းကို ဖြတ်နိုင်ခဲ့တုန်းက ရရှိခဲ့တဲ့ ဆုလာဘ်ပဲ...အဖြူရောင် စစ်တုရင်ရုပ်တွေက ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းစင်တယ်။ ဒီလောကကြီးထဲမှာ ဒီလောက်အထိ သန့်စင်ကြည်လင်လှတဲ့ ကျောက်စိမ်း စစ်တုရင်ရုပ်မျိုးက တစ်စုံတည်းပဲ ရှိတာ...အမည်းရောင် စစ်တုရင်ရုပ်တွေကတော့ တော်ဝင်ကျောက်စိမ်းတွေနဲ့ လုပ်ထားတာလေ...အိုး...အရည်အသွေးက အကောင်းဆုံးပဲ”
ကုဟွား ကြောင်အမ်းသွားခဲ့ရသည်။
၎င်းက အလွန်အမင်း အဖိုးတန်လွန်းရုံမျှမက ကွယ်လွန်သူ ပထမမျိုးဆက် မြို့စားမင်းကြီး ပေးအပ်ခဲ့သော လက်ဆောင်လည်း ဖြစ်နေသည်။
သူမ ၎င်းကို လုံးဝ မယူရဲချေ။
အခန်းပြင်ပရှိ မှောင်မိုက်သော နေရာတွင် စူးစမ်းချင်စိတ်ကို မအောင့်အည်းနိုင်ဘဲ တိတ်တဆိတ် ချောင်းမြောင်းနားထောင်နေခဲ့သော ချီယွီက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သခင်ကြီးက အခြားသူများနှင့် စစ်တုရင်ကစားသည့် အချိန်၌ပင် ဤစစ်တုရင်ခုံကို ထုတ်ယူရန် ဝန်လေးခဲ့ဖူးသည်။
ယခု ၎င်းကို စစ်တုရင်ပညာ လုံးဝနားမလည်သော မမလေးဟွားကို အမှန်တကယ် ပေးအပ်လိုက်သည်။
ကြည့်ရသည်မှာ သခင်ကြီးက သူမအပေါ် တကယ်ကို အလွန်အမင်း ဂရုစိုက်ခြင်း ဖြစ်ပေလိမ့်မည်။
“ဘာဖြစ်လို့လဲ... အခုကျတော့ မင်းက မယူရဲတော့ပြန်ဘူးလား”
မုကျွင်းယန် သူမကို စိုက်ကြည့်လိုက်မိ၏။
ကုဟွားက တစ်ထောင်တန် ငွေစက္ကူကို ပြန်လည်တွေးတောလိုက်မိသည်။
ယုံမြို့စားမင်းကြီး၌ အင်အားကြီးမားလှသော မိသားစု နောက်ခံအင်အား ရှိသည်။
သူက မုအန်း၏ အလဟဿ ဖြုန်းတီးပစ်မှုများကိုပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။
၎င်းငွေများကို မုအန်းအတွက် ချန်ထားပေးမည့်အစား သူ့ကို ပေးအပ်လိုက်ခြင်းက ပို၍ ကောင်းမွန်သည် ဖြစ်သည်။
ကုဟွား အလျင်အမြန်ပင် စစ်တုရင်အိုးများနှင့် စစ်တုရင်ခုံကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ပိုက်လိုက်ပြီး အချိုသာဆုံးဟု ထင်မှတ်ရသော အပြုံးလေးကို ဖန်တီးလိုက်သည်။
“ဒီကိုယ်လုပ်တော်က... မြို့စားကြီးကို ကျေးဇူးတင်ပါတယ်”
“နောက်တစ်ကြိမ်ကျရင်လည်း တကယ်လို့ မင်း ဒီလောက်အထိ ဆိုးဆိုးရွားရွား ထပ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဒီသခင်ကြီးက အဲဒါကို ပြန်သိမ်းရလိမ့်မယ်”
ကုဟွားက စစ်တုရင်ခုံအစုံကို ပိုမို၍ တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်မိသည်။
“ဒီကိုယ်လုပ်တော်က သေချာပေါက် အသည်းအသန် ကြိုးစားပြီး လေ့လာပါ့မယ်”
ဤအရာက ငွေသားတစ်ထောင်နှင့် လဲလှယ်ပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
ကုဟွားက ထိုအဖိုးတန်ရတနာကြီးကို ပျော်ရွှင်စွာ ပွေ့ပိုက်ထားလျက် ယာယွင်ဆောင်သို့ ပြန်ပြေးရန်သာ စိတ်အားထက်သန်နေခဲ့သည်။
မြို့စားကြီး အလွန်အမင်း စိတ်ပျော်နေဟန် ရှိသည်။
သူက ကုဟွား မနက်ဖြန် အိမ်တော်ပြင်ပသို့ ထွက်ခွာမည့် ကိစ္စအပေါ်တွင်လည်း ဒေါသထွက်လိမ့်မည် မဟုတ်ချေ။
မနက်ဖြန် အိမ်တော်ပြင်ပသို့ ထွက်ခွာလိုသည့်အပေါ်၌သာ အာရုံစိုက်နေခဲ့သဖြင့် ကုဟွားတစ်ယောက် မုကျွင်းယန်က သူမအပေါ် မည်မျှအထိ ထူးခြားလှသော ဆက်ဆံမှုမျိုး ပြုလုပ်ပေးထားသည်ကို လုံးဝ သတိမပြုမိလိုက်ချေ။