အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း(၁၀၃)
ကုဟွား ယာယွင်ဆောင်သို့ ပြန်လည်ရောက်ရှိချိန်တွင် အစ်ကိုကြီးကျိ ပေးခဲ့သော စစ်တုရင်ကျမ်းစာအုပ်ကို ရှာဖွေကာ အဖြူရောင်စစ်တုရင်အိုးထဲသို့ ထည့်ရန် ပြင်လိုက်၏။
ခဏမျှ တွေးတောမိပြီးနောက် သူမ စစ်တုရင်ကျမ်းစာအုပ်ကို ဖွင့်လိုက်သည်။
အစ်ကိုကြီးကျိ သူမအတွက် ရေးသားပေးခဲ့သော မှတ်စုများကို ကြည့်ရှုပြီး ယခင်က လုံးဝ နားမလည်ခဲ့သော အစိတ်အပိုင်းများကို ရုတ်တရက်ကြီး သဘောပေါက်နားလည်သွားခဲ့ရ၏။
မုကျွင်းယန်၏ ရက်ရက်စက်စက် ချေမှုန်းခြင်းကို ခံခဲ့ရသဖြင့် ဝေဝေဝါးဝါး ဖြစ်သွားခဲ့ရပြီး လွင့်စင်ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သော စစ်တုရင်အပေါ် စိတ်ဝင်စားမှုလေးက ရုတ်ခြည်းပင် ပြန်လည်နိုးထလာခဲ့ပြန်သည်။
သူမ စစ်တုရင်ကျမ်းစာအုပ်ကို လှန်လှောကြည့်ရှုရင်း မုကျွင်းယန်နှင့် အတူတူ ကစားခဲ့ဖူးသော ပွဲစဉ်အချို့ကို ပြန်လည်အမှတ်ရကာ ၎င်းအကွက်များကို သူမ စိတ်ကူးထဲ၌ အလျင်အမြန်ပင် ဆက်စပ်တွေးတောနေမိ၏။
သူမ ကြည့်ရှုလေလေ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလေလေ ဖြစ်လာပြီး မုကျွင်းယန်နှင့် နောက်ထပ်တစ်ကြိမ် ကစားချင်စိတ်များပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ရသည်။
“မမလေး... ဘာစာအုပ်ကိုများ ဒီလောက်ထိတောင် အာရုံစိုက်ပြီး ဖတ်နေတာလဲ”
တုန့်ချင်း အငွေ့များ ထွက်နေသော စွပ်ပြုတ်ပန်းကန်လုံးကို သယ်ဆောင်လျက် ဝင်လာခဲ့၏။
“စစ်တုရင်ကျမ်းစာအုပ်လေ”
ကုဟွား ခေါင်းမော့ကြည့်လိုက်ပြီး စာအုပ်ကို ပိတ်လိုက်ကာ စစ်တုရင်အိုးထဲသို့ ထည့်လိုက်ပြီးနောက် ၎င်းကို ဆေးအနီရောင်သုတ်ထားသော ဗီဒိုထဲသို့ ထည့်သွင်းကာ သိမ်းဆည်းလိုက်၏။
“ဘာတွေ ယူလာတာလဲ”
“ဒါက မိန်းကလေးရှန်လီ မမလေးအတွက် အထူးချက်ပြုတ်ပေးလိုက်တဲ့ အားဖြည့်စွပ်ပြုတ်ပါ”
တုန့်ချင်း သစ်သားလင်ဗန်းကို ချလိုက်သည်။ လင်ဗန်းထဲတွင် သစ်သီးသကြားလုံး နှစ်လုံးသုံးလုံးခန့် ရှိနေသော ပန်းကန်ပြားအသေးလေး တစ်ခုလည်း ပါဝင်နေခဲ့သည်။
ကုဟွား ထပ်မံ၍ မမေးမြန်းတော့ဘဲ ၎င်းကို ကောက်ကိုင်လျက် သောက်လိုက်၏။
ရှန်လီ မနက်တိုင်းနှင့် ညတိုင်းတွင် သူမအတွက် အားဖြည့်စွပ်ပြုတ်ကို အမြဲတမ်း ချက်ပြုတ်ပေးလေ့ ရှိသည်။
အထူးသဖြင့် သူမ မုကျွင်းယန်နှင့် အတူနေခဲ့သော နေ့ရက်များတွင် သူမ ပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဤစွပ်ပြုတ်က ချက်ချင်းပင် ရောက်ရှိလာတတ်သည်။
ဤအရသာက ကိုယ်ဝန်တားဆေး စွပ်ပြုတ်တစ်မျိုးဖြစ်မှန်း သူမ သိရှိထားသည်။
ကျန်ရှိသော အရာများက အမှန်တကယ်ပင် အားဖြည့်ဆေးများသာ ဖြစ်၏။
ယခုအချိန်တွင် သူမနှင့် မုကျွင်းယန်ကြားရှိ ဆက်ဆံရေးက အလွန်အမင်း သိမ်မွေ့နက်နဲလှသည်။
မြို့တော်တစ်ခုလုံးက မုကျွင်းယန်အနေဖြင့် မည်သည့်အခါမျှ လက်ထပ်လိမ့်မည်မဟုတ်ကြောင်း သိရှိထားကြသည်။ ၎င်းအပြင် သူမနှင့် ကုဝမ်ရုကြားရှိ ဆက်နွယ်မှုကလည်း ရှိနေသေးသည်။
အကယ်၍ သူမ ကိုယ်ဝန်ရသွားခဲ့ပါက မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည်ဖြစ်ပြီး မုကျွင်းယန်၏ မျက်နှာကိုလည်း ပျက်စေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူမ မတရားမှုများစွာကို ခံစားခဲ့ရပြီးဖြစ်၏။ သူမ ဤအရာအပေါ်တွင် မကျေမနပ်ဖြစ်ခြင်း အလျဉ်းမရှိချေ။
၎င်းအပြင် သူမ၌ လစဉ်သုံးငွေများ၊ ရှေးဟောင်းကျမ်းစာများ၊ တန်ဖိုးကြီး ဝတ်စုံများနှင့် ရတနာအဆင်တန်ဆာများအပြင် စစ်တုရင်ခုံအစုံလိုက်ကိုပါ ရရှိထားသေးသည်။
ချိုချဉ်အရသာ သစ်သီးသကြားလုံးကို စားနေရင်း ကုဟွား ရုတ်တရက် ပြဿနာတစ်ခုကို တွေးလိုက်မိ၏။
မုကျွင်းယန် ပြန်လည်ရောက်ရှိလာခဲ့သည်မှာ ဆယ်ရက်ခန့် ရှိနေပြီဖြစ်ပြီး သူက နှစ်ဆယ့်ငါးရက်နေ့တွင် စစ်မြေပြင်သို့ ပြန်လည်ထွက်ခွာရမည် ဖြစ်သည်။
သူမ လက်ချောင်းလေးများကို ရေတွက်ကြည့်လိုက်ရာ ခြောက်ရက်ခန့်သာ ကျန်ရှိတော့သည်။
ကုဟွား ထိတ်လန့်သွားခဲ့ရ၏။
‘ငါ့အတွက် အချိန်အများကြီး မကျန်တော့ဘူး’
“တု့န်ချင်း... မမကျိုးကို သွားပြောလိုက်ပါ။ ငါ မနက်ဖြန် အိမ်ပြန်မယ်လို့”
မည်သို့ပင်ဖြစ်စေ သူမ၏ အဆင့်အတန်းအရ အိမ်တော်မှ ထွက်ခွာခြင်း သို့မဟုတ် ဝင်ရောက်ခြင်း ပြုလုပ်သည့်အခါ တစ်စုံတစ်ယောက်ကို အကြောင်းကြား အသိပေးခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။
“ဟုတ်ကဲ့ပါ မမလေး”
၁၅ မိနစ်ပင် မပြည့်သေးခင်၌ တုန့်ချင်း ပြန်လည်ရောက်ရှိလာခဲ့၏။
“အစ်မကျိုးက မမလေး သွားချင်တဲ့အချိန် သွားနိုင်ပါတယ်တဲ့ရှင့်... တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင်လည်း သူ့ကို တိုက်ရိုက်ပြောပါတဲ့”
“အမ်း”
ကုဟွား တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ထို့နောက် ရေချိုးပြီး အိပ်ရန် ပြင်ဆင်လိုက်၏။
သူတို့က ယဉ်ကျေးပျူငှာစွာ ပြောဆိုခဲ့သော်လည်း သူမအနေဖြင့် အမှန်တကယ် တစ်ခုခုကို တောင်းဆိုရန် မဝံ့ရဲချေ။
မြင်းလှည်းတစ်စီး ဖြစ်နေပါစေ အကယ်၍ မမကျိုးက စီစဉ်ပေးခဲ့လျှင် အကောင်းဆုံးဖြစ်ပြီး မစီစဉ်ပေးခဲ့ပါကလည်း သူမဘာသာ လမ်းလျှောက်၍ ပြန်ရုံမျှသာ ဖြစ်သည်။
နောက်တစ်နေ့တွင် ကုဟွားက စောစောစီးစီး နိုးလာခဲ့၏။
သူမက သေသေချာချာ ပြင်ဆင်ဝတ်ဆင်လိုက်ပြီး မိတ်ကပ်လှလှလေး လိမ်းခြယ်ကာ ပိုင်ရိပေးအပ်ခဲ့ဖူးသော ကျောက်စိမ်းဆံထိုးလေးကို ဆံနွယ်ထက်တွင် ထိုးစိုက်လိုက်၏။
သူမက တုန့်ဟွား၊ တုန့်ချင်းတို့နှင့်အတူ အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“အမလေး... ငါ နင့်ကို မမှီဘဲ လွဲသွားတော့မလို့ပဲ”
ကျိုးကျစ်လန်က ပြုံးရွှင်စွာ ရောက်လာခဲ့ပြီး ကုဟွားကို မြင်တွေ့လိုက်ရသည့် ပထမဆုံး အခိုက်အတန့်၌ပင် သူမ၏ မျက်ဝန်းအစုံ၌ ချီးကျူးအံ့ဩမှုများ ပြည့်နှက်သွားခဲ့ရ၏။
“အိုး... ဒီနေ့ တအားလှနေပါလား”
ကုဟွား ရှက်သွေးဖြာသွားခဲ့ရပြီး စနောက်ကျီစယ်ဟန်ဖြင့် ဆိုလိုက်သည်။
“ညီမ အိမ်ပြန်တဲ့အခါ မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေချင်လို့ပါ”
“မှန်တာပေါ့”
ကျိုးကျစ်လန် သူမ၏ လက်ကို ဆွဲကိုင်လျက် အပြင်ဘက်သို့ ဦးဆောင်ခေါ်သွားခဲ့ပြီး သူမ၏ နားရွက်နားသို့ ကပ်ကာ တိုးညှင်းစွာ ဆိုလိုက်၏။
“မြို့စားအိမ်တော်က နင့်ရဲ့ ခင်ပွန်းအိမ်တော်ပဲလေ... ငါတို့တွေ နင့်ကို ဂုဏ်သရေရှိရှိနဲ့ အိမ်ပြန်နိုင်အောင် သေချာပေါက် စီစဉ်ပေးရမှာပေါ့”
ကုဟွား အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် တံခါးခုံကိုပင် တိုက်မိ၍ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူမက စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်မိ၏။
အခြားသူ မည်သူမျှ မကြားနိုင်မှန်း သေချာသွားချိန်မှ သူမက ကျိုးကျစ်လန်ကို သူမ၏ ရင်ခွင်ထဲသို့ အတင်းအကြပ် ဆွဲဖက်လိုက်၏။
“မမကျိုး... ဒီလိုမျိုး အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောပါနဲ့”
ကျိုးကျစ်လန် ကုဟွား အရှက်အကြောက်ကြီးမှန်း သိရှိထားသည်။
မည်သို့ပင်ဖြစ်စေ သခင်ကြီးက သူမကို မည်သည့် ရာထူးအဆင့်အတန်းမျိုးမျှ မပေးအပ်ရသေးချေ။
အကယ်၍ လူအများအပြား သိရှိသွားခဲ့လျှင် အချို့သူများက အတင်းအဖျင်း ပြောဆိုကြပြီး ညီမလေးဟွား၏ ဖြူစင်မှုကို အလဟဿ ဖျက်ဆီးပစ်ကြလိမ့်မည်။
ယမန်နေ့ညက ကုဟွား ယနေ့တွင် အိမ်ပြန်မည့်အကြောင်း သခင်ကြီးထံ သတင်းသွားပို့ခဲ့ချိန်၌ သခင်ကြီးက သူမကို လက်ဆောင်ပစ္စည်းများ ပြင်ဆင်ပေးရန်နှင့် ခြံရံလိုက်ပါမည့် အစေခံများကိုပါ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ပြင်ဆင်မှုမျိုးက လက်ထပ်ပြီးသော သတို့သမီးတစ်ဦး သူမ၏ မိဘအိမ်သို့ ပြန်သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။
သူမ၏ အစ်ကိုကို အစေခံများ စီစဉ်ရန် သွားရောက်ပြောကြားခဲ့ချိန်တွင် သူက လျှာတသပ်သပ်ဖြင့် မမလေးဟွား တကယ်ကို ကံကောင်းလွန်းလှသည်ဟု ထပ်ခါတလဲလဲ ပြောခဲ့သေးသည်။
ကုဟွားက ကျိုးကျစ်လန်၏ နောက်သို့ လိုက်ပါလာရင်း ဘေးတံခါးမှတစ်ဆင့် အိမ်တော်ပြင်ပသို့ ထွက်ခွာခဲ့ရာ အဝင်ဝတွင် ရပ်တန့်ထားသော အခြားမြင်းလှည်းတစ်စီးကို မြင်တွေ့လိုက်ရ၏။
တုန်းမော့နှင့် အခြားသော အမျိုးသားအစေခံငယ် နှစ်ဦးမှာ မြင်းလှည်း၏ ဘေးတွင် မတ်တတ်ရပ်နေကြသည်။
တုန်းမော့ ပြုံးရွှင်စွာ ရှေ့သို့လှမ်းလာခဲ့သည်။
“သခင်ကြီးက ဒီအစေခံကို ဒီနှစ်ယောက်နဲ့အတူတူ မမလေးရဲ့ နောက်ကနေ အိမ်တော်အထိ လိုက်ပါစောင့်ရှောက်ဖို့ အမိန့်ပေးလိုက်ပါတယ်”
ကုဟွား အံ့ဩသွားခဲ့ရ၏။
တုန်းမော့က သခင်ကြီး၏ အနီးကပ်အစေခံ ဖြစ်သည်။
‘သူက ဘာလို့ ငါ့နောက်လိုက်ဖို့ စေလွှတ်ခံရတာလဲ’
“ဒါက မသင့်တော်ပါဘူး။ နင်က မြို့စားကြီးကို ခစားရမှာလေ”
ကုဟွား ချက်ချင်းပင် ငြင်းဆန်လိုက်၏။
“ဘယ်သူက သခင်ကြီးရဲ့ အမိန့်ကို မနာခံဘဲ နေရဲမှာလဲ...တကယ်လို့ ညီမလေးက သူတို့ကို လိုက်ခွင့်မပြုရင် သခင်ကြီး သူတို့ကို အပြစ်ပေးရင်ဘယ်လိုလုပ်မလဲ”
ကျိုးကျစ်လန်က သူမကို မြင်းလှည်းအတွင်းသို့ အတင်းတွန်းပို့လိုက်ပြီး နောက်ပြန်လှည့်ကာ တုန့်ချင်းနှင့် တုန့်ဟွားတို့ကို မှာကြားလိုက်၏။
“ကုအိမ်တော်က သခင်တွေအတွက် လက်ဆောင်ပစ္စည်းတွေကို မြင်းလှည်းပေါ်မှာ ထည့်ပေးထားတယ်နော်... သေတ္တာတွေပေါ်မှာ ဘယ်သူ့အတွက်လဲဆိုတာ ရေးထားတယ်...မမှားစေနဲ့ဦး”
တုန့်ချင်းနှင့် တုန့်ဟွားတို့ အလျင်အမြန်ပင် သဘောတူလိုက်ကြသည်။
ကုဟွားက သူတို့ ပြောနေကြသည်များကို မကြားရချေ။
မြင်းလှည်းအတွင်း၌ ထိုင်လိုက်ချိန်တွင် သေတ္တာအကြီးအသေး အိတ်များစွာ ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကြောင်အမ်းသွား၏။
တုန့်ဟွားနှင့် တုန့်ချင်းတို့လည်း မကြာမီ၌ပင် ဝင်ရောက်လာခဲ့ကြသည်။
သူမ၏ မျက်နှာထားကို မြင်တွေ့လိုက်ရချိန်တွင် သူတို့က အလျင်အမြန်ပင် ရှင်းပြလိုက်ကြ၏။
“ဒါတွေက အစ်မကျိုး ကုမိသားစုက သခင်တွေအတွက် ပြင်ဆင်ပေးလိုက်တဲ့ လက်ဆောင်တွေပါ... မမလေးတွေနဲ့ သခင်လေးတွေအတွက်လည်း လက်ဆောင်တွေ ပါပါတယ်... ဒီအစေခံတွေက အရင်ဆုံး သေသေချာချာစစ်ဆေးလိုက်ပါ့မယ်”
ကုဟွားက သူတို့ သေတ္တာများကို တစ်ခုပြီးတစ်ခု သေသေချာချာ စစ်ဆေးနေကြပြီး တိုးညှင်းသော အသံများဖြင့် သခင်များ၏ အဆင့်အတန်းအလိုက် ပြန်လည်စီစဉ်နေကြသည်ကို တိတ်တဆိတ် စိုက်ကြည့်နေမိ၏။
သို့သော်လည်း သူမက မည်သည့်စကားမျိုးမျှ ပြောဆိုနိုင်ခြင်း မရှိချေ။
သူမ သေချာပေါက် ၎င်းတို့ကို ပြန်ပေး၍ မရနိုင်ချေ။
သူမ၏ ရင်ထဲ၌ ဖော်ပြ၍ မရနိုင်လောက်အောင် လှုပ်ရှားသွားခဲ့ရပြီး အားနာစိတ်များလည်း ပို၍ တိုးလာခဲ့ရသည်။
“ဒါက ဘယ်သူ့ရဲ့ မြင်းလှည်းလဲ”
ကုဟွားက မုကျွင်းယန်ထံမှ ရရှိလေ့ရှိသော ရင်းနှီးလှသည့် အနံ့အသက်ကို ရရှိလိုက်သဖြင့် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားခဲ့ရ၏။
တုန့်ဟွား ခေါင်းပင်မမော့လာဘဲ ပြန်ဖြေလိုက်၏။
“သခင်ကြီးရဲ့ မြင်းလှည်းပါ”
ကုဟွား၏ မျက်နှာလေးက အကြောင်းပြချက်မရှိဘဲ ပူထူသွားခဲ့ရ၏။
‘ဂုဏ်သရေရှိ မြို့စားကြီးက ငါ့ကို မျက်နှာသာ ပေးနေတာလား’
‘သူက ငါ့ကို သဘောကျနေတာလား’
သေချာပေါက်... မဖြစ်နိုင်ချေ။
အခန်း(၁၀၄)
ကုဟွားကး လမ်းခရီးတစ်လျှောက်လုံး တွေးတောလာခဲ့သော်လည်း အဖြေရှာမရခဲ့ချေ။
မကြာမီ၌ပင် မြင်းလှည်းက ဝမ်ချန်မှူးမတ်အိမ်တော် ရှေ့သို့ ဆိုက်ရောက်သွားခဲ့၏။
တံခါးစောင့်ဖြစ်သူက ကုအိမ်တော်၏ ဒုတိယမမလေး နောက်တစ်ကြိမ် ဂုဏ်သရေရှိရှိဖြင့် ပြန်လည်ရောက်ရှိလာပြန်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ယခုအကြိမ်၌ မလေးမစား မပြုမူရဲချေ။
သူ မမလေးကို အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး အစေခံတစ်ဦးကို အတွင်းခြံဝင်းသို့ အပြေးအလွှား သွားရောက်သတင်းပို့စေလိုက်၏။
တရားမဝင်သမီးတစ်ဦး အိမ်တော်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ သဘာဝကျစွာပင် တရားဝင်ဇနီးသည်ကို အရင်ဆုံး သွားရောက်အရိုအသေပြုရမည် ဖြစ်သည်။
သခင်မကြီးဝမ်၏ စိတ်အခြေအနေက ယခင်အကြိမ်ကထက် ပို၍ ကောင်းနေခဲ့သည်။
ကုဟွား၏ တောက်ပပြီး လှပလွန်းသော ပုံစံလေးကို မြင်တွေ့လိုက်ရချိန်တွင် သူမ ကြင်နာစွာ ပြုံးပြလိုက်၏။
ကုဟွား တုန့်ချင်းကို လက်ဆောင်ပစ္စည်းများ ပေးအပ်ရန် အမိန့်ပေးလိုက်သည်။
တုန့်ချင်းနှင့် တုန့်ဟွားတို့က သေတ္တာအကြီးကြီး တစ်လုံးစီကို ကိုင်ဆောင်ထားကြသည်။
အထိန်းတော်ကျိုး နှင့် အစေခံမိန်းကလေးတစ်ဦးတို့က ၎င်းတို့ကို လက်ခံရယူလိုက်ပြီး ချက်ချင်းပင် ဖွင့်လှစ်လိုက်ကြသည်။
အဖိုးတန်ပစ္စည်းများကို အများကြီး မြင်တွေ့ခဲ့ဖူးသော အထိန်းတော်ကျိုးပင် မထိန်းနိုင်ဘဲ အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
စူးစမ်းလိုစိတ်ဖြင့် ကုဟွားကလည်း အသာအယာ လှမ်းကြည့်လိုက်မိ၏။
သေတ္တာတစ်လုံးချင်းစီ၌ အကန့်သုံးကန့်စီ ပါရှိနေပြီး တစ်ကန့်စီတွင် အဖိုးတန် ဆေးဘက်ဝင်အပင်များ ရှိနေခဲ့သည်။
ဂျင်ဆင်း ၊ လင်းဇီးမှို ၊ သမင်ဦးချိုနု ၊ ဆောင်းပိုးနွေမြက် ပိုးဆေးနွယ် ၊ နှင်းကြာပန်းနှင့် ငှက်သိုက်တို့ ဖြစ်ကြသည်။
သူမအနေဖြင့် ဆေးဘက်ဝင်အပင်များကို အတော်အတန် လေ့လာခဲ့ဖူးသဖြင့် ၎င်းတို့အားလုံးမှာ အကောင်းဆုံး အရည်အသွေးများ ဖြစ်မှန်း တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိလိုက်သည်။
ကုဟွား အံ့ဩဝမ်းသာ သွားခဲ့ရ၏။
ဤအရာများက သခင်မကြီးဝမ်အတွက် အမှန်တကယ် လိုအပ်နေသော ဆေးဝါးများ ဖြစ်သည်။
‘မမကျိုးက တကယ် ငါ့အပေါ် တအားကောင်းတာပဲ’
သခင်မကြီးဝမ်က သူမ၏ ရင်ထဲရှိ အစိုးရိမ်ရဆုံးသူဖြစ်သည်ကို သိရှိထားသဖြင့် အသင့်တော်ဆုံးနှင့် အဖိုးတန်ဆုံးသော လက်ဆောင်များကို အထူးတလည် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
သခင်မကြီးဝမ် တုန်လှုပ်သွားခဲ့ရ၏။
ဤတရားမဝင်သမီးက သူမကိုယ်တိုင် မွေးဖွားခဲ့သော သမီးအရင်းထက်ပင် ပို၍ သိတတ်လိမ္မာနေသည်။
သူမ ရင်ထဲ၌ ယခင်က ကုဟွားအပေါ် ဂရုမစိုက်ခဲ့မိခြင်းနှင့် ပစ်ပယ်ထားခဲ့မိခြင်းများအတွက် နောင်တများစွာ ဖြစ်ပေါ်လာခဲ့ရ၏။
မျက်ဝန်းအစုံက အနည်းငယ် နီရဲလာခဲ့ရပြီး သူမက ကုဟွား၏ လက်ကို ဆွဲကိုင်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။
“မဆိုးပါဘူး... သမီးရဲ့ အသားအရေက ပိုပြီးတော့ ကောင်းလာတယ်... မျက်နှာလေးလည်း အသားနည်းနည်း ပြည့်လာတာပဲ”
ကုဟွား ရင်ထဲ၌ နွေးထွေးသွား၏။
သူမ၏ မိခင်အရင်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ရသည့်အတိုင်း စိတ်လှုပ်ရှားထိတ်လန့်မှုမျိုး မရှိခဲ့သော်လည်း အမှန်တရားက မကြာမီ ပေါ်ပေါက်တော့မည်ဟူသော အတွေးများကြောင့် ရှုပ်ထွေးလှသော စိတ်ခံစားချက်များနှင့်အတူ မျက်ဝန်းအစုံက နီရဲလာသည်။
“အမေရဲ့ ခန္ဓာကိုယ်ရော နည်းနည်းလောက် သက်သာလာပြီလားဟင်”
“အမ်း... သမီးကြောင့်ပါကွယ်... အခုဆိုရင် တဖြည်းဖြည်းနဲ့ သက်သာလာနေပါပြီ”
သခင်မကြီးဝမ် ကြင်နာစွာ သူမ၏ လက်ကို ပုတ်ပေးလိုက်၏။
သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး နားလည်မှုရှိရှိဖြင့် ပြုံးပြလိုက်ကြသည်။
ကုဟွား စိတ်ကူးယဉ်မိသည်မှာ အမှန်တရား ပေါ်ပေါက်လာမည့် အခိုက်အတန့်တွင် သူမက မိခင်အရင်း၏ ရင်ခွင်ထဲ၌ မည်သည့်စိုးရိမ်ပူပန်မှုမျိုးမျှမရှိဘဲ ကလေးတစ်ယောက်အလား ကပ်ချွဲနိုင်မည်ဟူ၍ ဖြစ်သည်။
၎င်းက သူမ၏ ဘဝနှစ်ခုစာလုံး၌ တောင့်တခဲ့ရဖူးသော မြင်ကွင်းတစ်ခု ဖြစ်သည်။
အထိန်းတော်ကျိုး၏ ကုဟွားအပေါ် ထားရှိသော သဘောထားကလည်း ပိုမို၍ ကောင်းမွန်လာခဲ့သည်။
သူမ တိုးညှင်းစွာ ဆိုလိုက်၏။
“ခြံဝင်းကိုလည်း အတွင်းအပြင် သေသေချာချာ သန့်ရှင်းရေး လုပ်ထားပါတယ်။ ဒီအစေခံအိုကြီးက သမားတော်ရှန်လီ ချန်ထားခဲ့တဲ့ ဆေးညွှန်းတွေအတိုင်း ကိုယ်တိုင်ကိုယ်ကျ ကျိုချက်ပေးနေတာမို့လို့ သခင်မကြီးရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာရတာပါ”
ကုဟွားက မျက်ရည်ဝဲလျက် ခေါင်းညိတ်လိုက်ပြီး အက်ရှရှ အသံလေးဖြင့် ပြောလိုက်၏။
“တကယ် တော်ပါသေးတယ်”
“သမီး အိမ်တော်ကို ပြန်လာတာက အကြောင်းကိစ္စ တစ်ခုခုများ ရှိလို့လား။ ဒါမှမဟုတ် အခက်အခဲ တစ်ခုခုနဲ့ ကြုံနေရလို့လား။ သမီးရဲ့ အစ်မကရော ဘာဖြစ်လို့ သမီးနဲ့အတူတူ ပြန်မလာရတာလဲကွယ်”
သခင်မကြီးဝမ်က အနည်းငယ် စိုးရိမ်ပူပန်သွား၏။
အထိန်းတော်ကျိုးက သခင်မကြီးအနေဖြင့် သတင်းအစအန မရရှိသေးသော သမီးဖြစ်သူအတွက် စိုးရိမ်နေမှန်း သိရှိထားသဖြင့် အလျင်အမြန်ပင် ပြုံးရွှင်စွာ ဆိုလိုက်၏။
“အကြီးဆုံး မမလေးက ကိုယ်ဝန်ရှိနေတာဆိုတော့ သဘာဝကျစွာနဲ့ပဲ သွားလာလှုပ်ရှားရတာ မလွယ်ကူလို့ ဖြစ်မှာပါ”
ဆိုလိုသည်မှာ အိမ်တော်မှ လူများက ကုဝမ်ရု ကိုယ်ဝန်ပျက်ကျသွားခဲ့သည့်ကိစ္စကို မသိရှိကြသေးချေ။
ကုဟွား အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
‘ကုဝမ်ရုရဲ့ဘေးမှာ ပြင်ပကိစ္စရပ်များကို စီမံခန့်ခွဲပေးတဲ့ အထိန်းတော်ချန် ရှိနေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သတင်းက အိမ်တော်ကို ရောက်ရှိမလာခဲ့ရတာလဲ’
‘ဒါမှမဟုတ် သူက အမေ့ကို မသိစေချင်လို့များလား’
‘ဝမ်ချန်မှူးမတ်အိမ်တော်ကို သူက အသုံးမဝင်တော့မှန်း မသိစေချင်လို့လား’
မိခင်ဖြစ်သူကို စိုးရိမ်ပူပန်မှု မဖြစ်စေချင်သဖြင့် ကုဟွားက သူမ မျက်ရည်များကို သုတ်လိုက်သည်။
“အစ်မက နေ့တိုင်း အချိန်မှန် အားဖြည့်စွပ်ပြုတ်တွေ သောက်နေရလို့ပါ။ သူက သမီးကနေတစ်ဆင့် အမေ့ကို နှုတ်ဆက်စကား ပါးလိုက်ပါတယ်”
အမှန်တကယ်တွင် ကုဝမ်ရု သခင်မကြီးဝမ်အတွက် မည်သည့် နှုတ်ဆက်စကားမျိုးမျှ ပြောဆိုခဲ့ခြင်း မရှိချေ။
‘အမေက လူသားစားတဲ့ မျက်ဖြူဝံပုလွေတစ်ကောင်ကို မွေးမြူခဲ့မိတာပဲ’
သူမ အနည်းငယ် စိုးရိမ်သွားမိသည်။
မိခင်ဖြစ်သူက တိတ်တဆိတ် အဆိပ်ခတ်ခြင်း ခံထားရသဖြင့် သူမ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက အလွန်အမင်း အားနည်းနေခဲ့၏။
‘အကယ်၍ သူ အမှန်တရားကို သိသွားရင် တောင့်ခံနိုင်ပါ့မလား’
သခင်မကြီးဝမ်၏ နူးညံ့သိမ်မွေ့သော မျက်နှာထားကို ကြည့်ပြီး ကုဟွား တွေးတောမိသည်မှာ ကလေးချင်း လဲလှယ်ခံခဲ့ရသော ကိစ္စကို ယခုအချိန်တွင် ခဏမျှ ဖုံးကွယ်ထားသင့်သည်ဟူ၍ ဖြစ်သည်။
မိခင်ဖြစ်သူ၏ ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာသည့် အချိန်မှသာ ပြောဆိုလျှင်လည်း နောက်ကျလိမ့်မည် မဟုတ်ချေ။
“အမေ... သမီး ကိုယ်လုပ်တော်ပိုင်ဆီ သွားရောက်တွေ့ဆုံချင်ပါတယ်ရှင်”
သခင်မကြီးဝမ်က အဘယ်ကြောင့်ဆိုသည်ကို မသိသော်လည်း ယခင်က သူမ မနှစ်သက်ခဲ့ဖူးသော ဤတရားမဝင်သမီးအပေါ်တွင် ဖော်ပြ၍မရနိုင်လောက်အောင် ရင်းနှီးမှုကို ခံစားနေရသည်။
သူမ နှစ်ကြိမ်တိုင်တိုင် ပြန်လည်ရောက်ရှိလာခဲ့ပြီး မိန်းမပျိုလေး၏ မျက်ဝန်းအစုံ၌ ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်ကို မြင်တွေ့ရချိန်တွင် သူမ ရင်ထဲ၌ လှုပ်ရှားသွားခဲ့ရ၏။
ခွဲခွာရန် အနည်းငယ် နှမြောတဿ ဖြစ်နေသော်လည်း သူမက ကုဟွား၏ လက်ကို လွှတ်ပေးလိုက်သည်။
“မြန်မြန်သွားပါကွယ်”
ကုဟွား ဖခင်ဖြစ်သူကို မတွေ့ဆုံချင်သည့်အပြင် အိမ်တော်ရှိ အခြားသော ညီမများကိုလည်း မတွေ့ဆုံချင်ချေ။
သူမ၏ မောင်လေးနှစ်ဦးကလည်း ကျောင်းတော်တွင် ရှိနေကြပြီး ပြန်လည်ရောက်ရှိမလာကြသေးသဖြင့် သူမ လက်ဆောင်ပစ္စည်းများကို အထိန်းတော်ကျိုးထံ ပေးအပ်လျက် ခွဲဝေပေးရန် မှာကြားလိုက်၏။
ဖခင်ဖြစ်သူအတွက် လက်ဆောင်ကို သခင်မကြီးဝမ်မှတစ်ဆင့် ပေးအပ်စေလိုက်သည်။
ကုဟွားကိုယ်တိုင်လည်း ကျိုးကျစ်လန် သူတို့အတွက် မည်သည့်အရာများ ပြင်ဆင်ပေးလိုက်သည်ကို မသိရှိချေ။
မည်သို့ပင်ဖြစ်စေ သူမ ဂရုမစိုက်ပါချေ။
အလွန်အမင်း တန်ဖိုးမကြီးမားနေသရွေ့ အဆင်ပြေသည်။
ကုဟွားက ကိုယ်လုပ်တော်ပိုင်၏ ရှန့်လန်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့၏။
ကိုယ်လုပ်တော်ပိုင်က သတင်းကို ကြိုတင်၍ ရရှိထားပြီး ဖြစ်သည်။
သူမက အသေအချာ ပြင်ဆင်၍ ဝတ်ဆင်ထားပြီး အဓိကထိုင်ခုံတွင် မတ်မတ်ထိုင်နေပြီး အိမ်တော်ကို စီမံခန့်ခွဲနေသော အဆင့်အတန်းရှိ အမျိုးသမီးတစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားနေခဲ့၏။
ကုဟွားက အသာအယာ အရိုအသေပြုလိုက်သည်။
“ကိုယ်လုပ်တော် အမေ”
ကိုယ်လုပ်တော်ပိုင် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
တရားဝင်ဇနီးသည် အရိုအသေပြုရမည့် သမီးတစ်ယောက်၏ ဂါရဝတရားမျိုးဖြင့် သူမက ကုဟွားကို အမြဲတမ်း အရိုအသေပေးခိုင်းလေ့ရှိသော်လည်း ယခု၌ သူမက ကိုယ်လုပ်တော်တစ်ဦးကို ဆက်ဆံရမည့် သာမန်အရိုအသေပြုခြင်းမျိုးကိုသာ အသုံးပြုခဲ့သည် ဖြစ်သည်။
သူမ ဒေါသတကြီး ပေါက်ကွဲရန် ပြင်ဆင်လိုက်စဉ်၌ပင် ကုဟွား တုန့်ချင်းကို လက်ဆောင်ပစ္စည်းများပေးရန် အမိန့်ပေးလိုက်၏။
အထိန်းတော်လုက ၎င်းကို လက်ခံယူပြီး ဖွင့်လှစ်ကြည့်ရှုလိုက်သည်။ ၎င်းမှာ သာမန် သက်တမ်းရင့်ဂျင်ဆင်းအမြစ်တစ်ခုသာ ဖြစ်နေခဲ့သည်။
၎င်းက အဖိုးတန်သည်ဟု ဆိုနိုင်သော်လည်း ကျန်းလင်မြို့၏ အချမ်းသာဆုံးဖြစ်သော ပိုင်မိသားစု၏ တရားဝင်သမီးတစ်ဦးဖြစ်သူ သူမအတွက် ဤအရာက လုံးဝမျက်နှာပန်းမလှချေ။
သူမ ရင်ထဲရှိ မကျေနပ်မှုများကို အသည်းအသန် အောင့်အည်းသည်းခံလိုက်ပြီး ကိုယ်လုပ်တော်ပိုင် တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“နင့်ရဲ့ အစ်မရော ဘယ်လိုလဲ။ သူရဲ့ ဝမ်းဗိုက်ထဲက သန္ဓေသားလေးရော ကျန်းကျန်းမာမာ ရှိရဲ့လား”
ပုံမှန်အားဖြင့် သူမ၏ မွေးမိခင်အရင်းက သူမထက်စာလျှင် သွေးမတော်သားမစပ်သော အစ်မကိုသာ အမြဲဂရုစိုက်နေခြင်းအပေါ် ကုဟွားရင်ထဲ၌ စိတ်မသက်မသာ ဖြစ်မိမည်မှာ သေချာသည်။
သို့သော် ယခုအချိန်တွင် ကုဟွားက သူမ ဤမေးခွန်းကို မေးမြန်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
ကုဟွား အံ့ဩသွားဟန် ဆောင်လိုက်သည်။
“အထိန်းတော်ချန်က အိမ်တော်ကို သတင်းမပို့ထားဘူးလားဟင်။ အရမ်း ဆိုးရွားလွန်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တာလေ”
ကိုယ်လုပ်တော်ပိုင်က ထိတ်လန့်သွားခဲ့ရပြီး သူမ၏ ဂုဏ်ပုဒ်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့လှမ်းကာ ကုဟွား၏ လက်ကို အတင်းဆွဲကိုင်လိုက်၏။
“ဘာဖြစ်တာလဲ။ ငါ့ကို မြန်မြန်ပြောစမ်း”
ကုဟွား ရင်ထဲ၌ အလွန်အမင်း မကျေမနပ်ဖြစ်သွားဟန်ဖြင့် မျက်ဝန်းအစုံ နီရဲလာခဲ့သည်။
“ကိုယ်လုပ်တော်... ကျွန်မရဲ့ လက်ကို နာအောင် လုပ်နေမိပါပြီ”
ကိုယ်လုပ်တော်ပိုင်က သတိပြန်ဝင်လာခဲ့ပြီး လက်ကို လွှတ်ပေးလိုက်ကာ သူမကို စိုက်ကြည့်လိုက်သည်။
“နင်ကတော့ တကယ့်ကို ဟန်ဆောင်ကောင်းလွန်းတာပဲ။ မြန်မြန်ပြောစမ်းပါ”
ကုဟွား သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“အစ်မက ကိုယ်ဝန်ပျက်ကျသွားခဲ့ပါပြီ။ ကလေးလေး မရှိတော့ပါဘူး”
“ဘာ...”
ကိုယ်လုပ်တော်ပိုင် နေရာမှ ဝုန်းခနဲ ထခုန်လိုက်မိပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ကုဟွား၏ လည်ပင်းကို ညှစ်သတ်ရန် အပြေးအလွှား ဦးတည်လာ၏။
တုန့်ဟွား လျင်မြန်စွာ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လက်ကိုမြှောက်ကာ သူမကို အရှိန်ဖြင့် တွန်းထုတ်ပစ်လိုက်၏။
“ရိုင်းစိုင်းလိုက်တာ... ရှင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
ကိုယ်လုပ်တော်ပိုင် ထိုတွန်းထုတ်မှုကြောင့် နောက်သို့ ယိုင်လဲသွားခဲ့ရသည်။ ကံကောင်းထောက်မစွာ အထိန်းတော်လုက သူမကို အလျင်အမြန်ပင် ထိန်းထားပေးခဲ့၏။
“နင်...”
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ပြာနှမ်းသွားခဲ့ရသည်။
သို့သော် သူမ၏ ရှေ့မှောက်ရှိ ရက်စက်ကြမ်းကြုတ်သော ဤမိန်းကလေးကို မြင်တွေ့လိုက်ရချိန်၌ သူမ ထပ်မံ၍ အရူးမထရဲတော့ချေ။
ကုဟွား တုန့်ဟွား၏ နောက်ကွယ်မှ ခေါင်းလေးပြူထွက်လာလျက် မကျေမနပ်ဖြင့် ဆိုလိုက်၏။
“ကိုယ်လုပ်တော်က ကျွန်မကို ဒီအတိုင်း လည်ပင်းညှစ်သတ်ပစ်တော့မလို့လားဟင်။ တကယ်လို့ အစ်မက ကျွန်မကနေတစ်ဆင့် ပါးလိုက်တဲ့ စကားတွေကို မကြားချင်ဘူးဆိုရင်လည်း ကျွန်မ အခုပဲ ပြန်လိုက်ပါ့မယ်”
ဤကဲ့သို့ ပြောဆိုပြီးနောက် သူမက တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ခေါ်ဆောင်လျက် လှည့်ထွက်ရန် ပြင်ဆင်လိုက်၏။
ကိုယ်လုပ်တော်ပိုင် စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
“ရပ်လိုက်စမ်း... အဲဒီနေရာမှာတင် ချက်ချင်း ရပ်လိုက်။ ရုအာက ငါ့ဆီ စကားပါးလိုက်တယ် ဟုတ်လား”
ကုဟွားက ခေါင်းလှည့်ကြည့်လိုက်သည်။
“ဒါဆိုရင် ကိုယ်လုပ်တော်ပိုင်က ကျွန်မကို စကားကောင်းကောင်း ပြောမှာလား”
သူမ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းမတတ် ဖြစ်နေခဲ့ရသည်။
ဤအပျက်မက သူမကို တမင်တကာ ဒေါသထွက်အောင် ပြုလုပ်နေခြင်းဖြစ်ပြီး ဒေါသကြောင့် အသည်းထဲမှပင် နာကျင်လာရ၏။
“ကောင်းပြီ... ကောင်းပြီ... ငါ နင့်ကို လုံးဝ လက်မပါတော့ဘူး။ ထိုင်ပြီးတော့ စကားပြောကြတာပေါ့”
တုန့်ဟွားက ကုဟွားအတွက် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပေးလိုက်ပြီး ကိုယ်လုပ်တော်ပိုင်နှင့် အကွာအဝေးတစ်ခု သေချာစွာ ခြားနားထားလိုက်၏။
“မမလေး... ထိုင်ပါ။ ဒီအစေခံက ဒီနေရာကနေ ကာကွယ်ပေးထားပါ့မယ်။ တကယ်လို့ သူ ထပ်ပြီး လက်ပါဖို့ ကြံစည်လာဦးမယ်ဆိုရင်တော့ ဒီအစေခံက သေချာပေါက် အားနာနေတော့မှာ မဟုတ်ပါဘူး”
ထိုကဲ့သို့ ပြောဆိုရင်း သူမ၏ အင်္ကျီလက်စကို ပင့်တင်လိုက်ကာ ခါးထောက်လျက် ဒေါသတကြီး စိုက်ကြည့်နေ၏။
ကိုယ်လုပ်တော်ပိုင် ဒေါသကြောင့် မေ့လဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် အထိန်းတော်လု အလျင်အမြန်ပင် တောင်းပန်ဟန်ဖြင့် ပြုံးပြလိုက်သည်။