← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း(၁၀၅)

“ဒုတိယမမလေး... မမလေးက ကိုယ်လုပ်တော်ပိုင်အပေါ် အထင်လွဲနေတာဖြစ်မယ်။ ကိုယ်လုပ်တော်ပိုင်က မမလေးအပေါ် အမြဲတမ်း ဂရုစိုက်ခဲ့တာပါ။ အခု အကြီးဆုံး မမလေးမှာ အန္တရာယ်တစ်ခုခု ကြုံတွေ့နေရပြီဆိုရင် သူ မမလေးကို ဆက်ပြီး ကာကွယ်ပေးနိုင်ပါတော့မလား”

ကုဟွား ရင်ထဲ၌ မကျေမနပ်ဖြင့် ဆိုလိုက်မိ၏။

“တကယ်လို့ မသိတဲ့လူတွေသာဆိုရင်... အစ်မကပဲ ကိုယ်လုပ်တော်ပိုင်ရဲ့ သမီးအရင်းလို့ ထင်သွားကြဦးမယ်”

ကိုယ်လုပ်တော်ပိုင်နှင့် အထိန်းတော်လု နှစ်ဦးလုံး၏ မျက်နှာအမူအရာများက တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြရ၏။

ဤကိစ္စကို သေချာပေါက် လူအများအပြား သိရှိသွားခွင့် မပြုနိုင်ချေ။

“ဒုတိယမမလေး... ဒီလိုနောက်ပြောင်မှုမျိုး မလုပ်သင့်ပါဘူး”

အထိန်းတော်လု အလျင်အမြန်ပင် ဆိုလိုက်၏။

“ဒီအစေခံအိုကြီးက ဒုတိယမမလေးအတွက် လက်ဖက်ရည် သွားကျိုပေးပါ့မယ်”

တုန့်ချင်း လက်လှမ်းကာ သူမကို တားဆီးလိုက်၏။

“ကျွန်မတို့ မမလေးက လက်ဖက်ရည် သောက်သုံးတဲ့နေရာမှာ အရမ်း စိစစ်တတ်တာပါ။ ကျွန်မတို့ မြို့စားအိမ်တော်ရဲ့ အထူးဆက်သပစ္စည်းဖြစ်တဲ့ ‘နှင်းမြူပိုက်ထွေး မြစိမ်းလက်ဖက်ရည်’ ကို ကိုယ်တိုင် ယူဆောင်လာခဲ့ပါတယ်”

အထိန်းတော်လု၏ မျက်နှာက တောင့်တင်းသွားသည်။

သူမ တုန့်ချင်း အပြင်ဘက်သို့ လျှောက်လှမ်းသွားပြီး အမျိုးသားအစေခံတစ်ဦးထံမှ ခြင်းတောင်းကို ယူဆောင်လာကာ လက်ဖက်ရည် စားပွဲထက်တွင် လက်ဖက်ရည်ဖျော် ပစ္စည်းများ ခင်းကျင်းလိုက်သည်ကို ငေးစိုက်ကြည့်နေမိ၏။

၎င်းက အလွန်အမင်း ကြည်လင်သန့်စင်သော နန်းသုံး အဖြူရောင် ကြွေထည်လက်ဖက်ရည်အိုးအစုံလိုက် ဖြစ်သည်။

တုန်ချင်း ကျွမ်းကျင်စွာဖြင့် လက်ဖက်ရည်အိုးနှင့် ရေနွေးများကို ဆူပွက်အောင် ပြုလုပ်လိုက်၏။

လက်ဖက်ရည် ကျိုနေစဉ်အတွင်း သူမက ရှင်းလင်းပြောကြားလိုက်၏။

“ဒါက ဒီနှစ်အတွင်းမှာ ကျွန်မတို့ မြို့စားအိမ်တော်ရဲ့ မက်မွန်ပန်းဥယျာဉ်ထဲကနေ အထူးတလည် စုဆောင်းထားခဲ့တဲ့ နှင်းရေပါ”

ကိုယ်လုပ်တော်ပိုင်၏ ငါးသေကဲ့သို့ ဖြစ်နေသော မျက်ဝန်းအစုံက ပြူးကျယ်သွားရ၏။

‘ဒီအပျက်မရဲ့ ဘဝက ငါ့ထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိနေတာပဲ။ တစ်ဖက်မှာတော့ ငါ့ရဲ့ သနားစရာ ရုအာလေးက ကိုယ်ဝန်ပျက်ကျသွားခဲ့ရတယ်’

ကုဟွားကိုယ်တိုင်လည်း တုန့်ချင်းနှင့် အခြားသူများက ဤကဲ့သို့သော အရာများကို ယူဆောင်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ခဏတာမျှ ကြောင်အမ်းသွားခဲ့ရပြီးနောက် သူမက အလျင်အမြန်ပင် သတိပြန်ဝင်လာခဲ့ပြီး ၎င်းက သေချာပေါက် မမကျိုး သူတို့ကို သွန်သင်ပေးလိုက်ခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်မိ၏။

သူမကလည်း ဤအခြေအနေအတိုင်း ဟန်ဆောင်လိုက်သည်။ တုန့်ချင်း ကမ်းပေးလာသော လက်ဖက်ရည်ခွက်ကို လက်ခံလိုက်ပြီး ယဉ်ကျေးစွာ တစ်ငုံ သောက်လိုက်ပြီးနောက် အသာအယာပင် ပြန်ချထားလိုက်၏။

“အစ်မက ကျွန်မနဲ့ မြို့စားကြီးကို ဆေးခတ်ခဲ့တာပါ။ ဒီကိစ္စ ပေါ်သွားခဲ့တော့ ခဲအိုနဲ့ အစ်မတို့ အပြင်းအထန် စကားများခဲ့ကြပါတယ်။ ယန်ကျစ်ကတော့ နေရာမှာတင် သွေးအလိမ်းလိမ်းဖြစ်အောင် အရိုက်ခံခဲ့ရပြီး သေလုမျောပါး ပုံစံမျိုးနဲ့ အိမ်တော်အပြင်ကို ဆွဲထုတ်သွားတာ ခံခဲ့ရပါတယ်။ အစ်မက စိုးရိမ်စိတ်နဲ့ ဒေါသတွေကြောင့် မတော်တဆ ကိုယ်ဝန်ပျက်ကျသွားခဲ့ရတာပါ။ အိမ်တော်သမားတော် ပြောတာတော့ အစ်မက မကြာခင်ကလည်း စိုးရိမ်ပူပန်မှုတွေ များပြားခဲ့ရပြီး ဝမ်းဗိုက်ထဲက သန္ဓေသားလေးကလည်း မတည်ငြိမ်ဘဲ ကောင်းကောင်းမကြီးထွားနိုင်ခဲ့တာကြောင့် မကယ်တင်နိုင်ခဲ့တာလို့ ပြောပါတယ်”

ကုဟွား၏ မျက်နှာထက်တွင် သနားစရာကောင်းဟန် မျက်နှာထားလေး ပေါ်ပေါက်လာခဲ့သည်။

“သန္ဓေသားလေးက... ကိုယ်လက်အင်္ဂါစုံနေပြီဖြစ်တဲ့ သားယောက်ျားလေးပါ”

ကိုယ်လုပ်တော်ပိုင် သူမ၏ နာကျင်နေသော ရင်ဘတ်ကို ဖိလျက် ရင်ကွဲမတတ် ခံစားရကာ ငိုကြွေးလိုက်မိ၏။

မြို့စားအိမ်တော်၏ တရားဝင် မြေးဦးလေး ဖြစ်သည်။ ဤကလေးသာ ရှိနေခဲ့လျှင် သူမ ရုအာက အနာဂတ်တွင် သေချာပေါက် မြင့်မြတ်သော မြို့စားကတော် သခင်မကြီး ဖြစ်လာနိုင်မည် ဖြစ်သည်။

ကုဟွား သူမကို အေးစက်စွာ စိုက်ကြည့်နေမိ၏။

‘ရှင် ရင်နာနေပြီလား’

‘ဒါက မလုံလောက်သေးဘူး... နေပါဦး’

ကုဟွား ဓားမြှောင်ကို ထပ်မံ၍ မွှေနှောက်လိုက်ပြန်၏။

“အစ်မက ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်ခဲ့တာဖြစ်လို့ မြို့စားကြီးက တအားဒေါသထွက်သွားပြီး အစ်မကို အကျယ်ချုပ် ချထားခဲ့တာပါ။ သခင်လေးဆိုရင် အစ်မကို ကွာရှင်းဖို့အထိပါ ပြောခဲ့တာ”

“အစ်မရဲ့ ကလေးကတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကိုယ်လုပ်တော်ယောင်းက ကိုယ်ဝန်ရှိနေပါတယ်။ သခင်လေးက အရမ်း ဝမ်းနည်းပူဆွေးနေတာမျိုး မရှိပါဘူး။ ကိုယ်လုပ်တော်ပိုင်... အစ်မရဲ့ မြို့စားအိမ်တော်က သခင်မလေးဆိုတဲ့ ရာထူးနေရာက အခုအချိန်မှာ အရမ်းအန္တရာယ်ကြီးတဲ့ အခြေအနေကို ကျရောက်နေတာပါ”

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာထက်ရှိ သွေးရောင်များအားလုံး လွင့်စင်ပျောက်ကွယ်သွားခဲ့ရပြီး ရင်ဘတ်ကို ဓားဖြင့် အကြိမ်ကြိမ် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

နာကျင်မှုများကြောင့် သူမ ယာယီမျှ စကားမပြောနိုင်ခဲ့ချေ။

အထိန်းတော်လု၏ မျက်နှာတစ်ခုလုံးလည်း ပြာနှမ်းသွားသည်။

မြို့စားကြီးကို ဆေးခတ်ခြင်းနှင့် သခင်လေးက ကွာရှင်းရန် ပြင်ဆင်နေခြင်း။

‘ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်မျိုး သည်းခံနိုင်ပါ့မလဲ’

‘အကြီးဆုံးမမလေးရဲ့ ဘဝကတော့ လုံးဝ ပျက်စီးသွားပြီ’

ကုဟွား၏ ချိုသာသော အသံလေးက အဆိပ်အတောက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။

“အစ်မမှာ အခုဆိုရင် ထွက်ပေါက် မရှိတော့ပါဘူး။ သူက ကျွန်မကနေတစ်ဆင့် ကိုယ်လုပ်တော်ပိုင်ဆီ သူ့ရဲ့ အသက်ကို ကယ်တင်ပေးဖို့ စကားပါးလိုက်တာပါ”

ကိုယ်လုပ်တော်ပိုင်က မျက်ရည်ဝဲပြီး သွေးပျက်နေသော မျက်ဝန်းအစုံကို ပင့်မလိုက်ပြီး အံကြိတ်ကာ ဆိုလိုက်၏။

“မြန်မြန်ပြောစမ်း”

“သခင်လေးက မကြာခင်တုန်းက အခက်အခဲတချို့နဲ့ ကြုံတွေ့နေခဲ့ရတာပါ။ အစ်မက ကိုယ်လုပ်တော်ပိုင်ကို နည်းလမ်းတစ်ခုခု ရှာဖွေပေးစေချင်နေတာ။ အဲဒါဆိုရင် သခင်လေးက သေချာပေါက် အစ်မရဲ့ ကောင်းကွက်ကို သတိရသွားပြီး ဇနီးမောင်နှံနှစ်ဦး ပြန်လည်သင့်မြတ်ဖို့က အချိန်တစ်ခုပဲ လိုတော့မှာပါ”

ကိုယ်လုပ်တော်ပိုင်က ချက်ချင်းပင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။

“ဘာအခက်အခဲလဲ။ ငါ့ကို မြန်မြန်ပြောစမ်းပါ”

“သခင်လေးက ငွေငါးသောင်း လိုအပ်နေတာပါ”

“ငါးသောင်း ဟုတ်လား”

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာထား ပျက်ယွင်းသွား၏။

ဤအရာက သေးငယ်သော ပမာဏတစ်ခု မဟုတ်ချေ။

၎င်းအပြင် ပိုင်ရိ သူမကို ယခုလအတွက် သုံးစွဲရန် ငွေစင်များကို ပေးအပ်ခဲ့ပြီးကာစ ဖြစ်သဖြင့် ဤမျှအထိ စောစီးစွာ ထပ်မံ၍ တောင်းခံရန် မသင့်တော်ချေ။

သူမ၌ ပိုလျှံနေသော ငွေအားလုံးကိုလည်း ရုအာထံ ပေးအပ်ခဲ့ပြီး ဖြစ်သဖြင့် ငွေငါးသောင်းကို ယခုချက်ချင်း ထုတ်ပေးနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

“ကျွန်မလည်း သိပါတယ်။ ကိုယ်လုပ်တော်ပိုင်အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို... ဒါဆိုရင် ကျွန်မတို့ အမေ့ဆီ သွားပြောပြလိုက်ရင်ရော ဘယ်လိုလဲဟင်။ ဘာပဲဖြစ်ဖြစ် သူက အစ်မရဲ့ မွေးမိခင်အရင်းပဲလေ။ သေချာပေါက် နည်းလမ်းတစ်ခုခုကို ကူညီတွေးတောပေးလောက်မှာပါ”

“မလိုပါဘူး”

ကိုယ်လုပ်တော်ပိုင် ပြတ်သားစွာပင် ငြင်းဆန်လိုက်၏။

ကုဟွား သံသယဝင်သွားမည်ကို စိုးရိမ်သဖြင့် အထိန်းတော်လုက အလျင်အမြန်ပင် ဝင်ရောက်ပြောကြားလိုက်သည်။

“ဒုတိယမမလေး... အကြီးဆုံး မမလေးက ကျွန်မတို့ဆီကို အကူအညီတောင်းလာတာလေ။ တကယ်လို့ သခင်မကြီးကို သွားပြောလိုက်ရင် သခင်မကြီးက အကြီးဆုံးမမလေးကို သူ့အပေါ် စိမ်းကားသွားတယ်လို့ အထင်လွဲသွားရင် မကောင်းဘူးမလား”

“အထိန်းတော်လု ပြောတာ တကယ်မှန်ပါတယ်”

ကုဟွား လွယ်ကူစွာပင် သဘောတူလိုက်၏။

သူမကလည်း ဤကဲ့သို့သော ရှုပ်ထွေးလှသည့် ကိစ္စရပ်များဖြင့် သူမ မိခင်အရင်းကို စိတ်မသက်မသာ ဖြစ်စေရန် အစီအစဉ် လုံးဝမရှိချေ။

အမှန်တကယ် သွေးတော်စပ်သော သားအမိနှစ်ဦးကိုသာ တစ်ဦးကိုတစ်ဦး နှိပ်စက်ခွင့်ပြုထားလိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်လော။

ဝမ်းနည်းပူဆွေးလျက် စိုးရိမ်ထိတ်လန့်နေသော ကိုယ်လုပ်တော်ပိုင်ကို ကြည့်ပြီး ကုဟွား ကြင်နာစွာဖြင့် သတိပေးလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... ဝမ်းကွဲအစ်ကိုကြီးကို သွားရှာလိုက်ရင်ရော ဘယ်လိုလဲဟင်။ သူ သေချာပေါက် ကူညီပေးမှာပါ”

ကိုယ်လုပ်တော်ပိုင် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။

ယခုအချိန်တွင် ၎င်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ကုဟွား စာနာထောက်ထားစွာ အကြံပြုလိုက်၏။

“ကျွန်မ ကိုယ်လုပ်တော်နဲ့အတူတူ လိုက်ခဲ့ပြီး ဝမ်းကွဲအစ်ကိုကို အခြေအနေတွေအကြောင်း အသေးစိတ် ရှင်းလင်းပြောပြပေးနိုင်ပါတယ်”

ကိုယ်လုပ်တော်ပိုင် သူမကို တစ်ချက် ကြည့်လိုက်မိသည်။

‘နင်က ဒီလောက်အထိတောင် စာနာထောက်ထားတတ်တယ်ပေါ့လေ’

‘ကုဟွား ပိုင်ရိကို စိတ်ဝင်စားသွားခဲ့တာများလား’

ယခင်အကြိမ်က သူတို့နှစ်ဦးကို ဆုံတွေ့ခွင့်ပြုခဲ့ပြီးနောက် မူလက ပိုင်ရိနှင့်အတူတူ ကုဟွားကို တိတ်တဆိတ် ခေါ်ဆောင်သွားရန်အတွက် တိုင်ပင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဆန်က ထမင်းဖြစ်သွားခဲ့ပြီဆိုလျှင် အမတ်ကြီးထံ သွားရောက်သတင်းပို့ရုံမျှသာ ဖြစ်၏။

အမတ်ကြီးအနေဖြင့် ဒေါသထွက်မည် ဖြစ်သော်လည်း တရားမဝင်သမီးတစ်ယောက်အပေါ်၌ အလွန်အမင်း ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

၎င်းအပြင် ပိုင်မိသားစုက ကုအိမ်တော်၏ ငွေကြေးထောက်ပံ့သူ ဖြစ်သဖြင့် တရားမဝင်သမီးတစ်ယောက်ကို ပေးအပ်လိုက်ခြင်းက ပိုင်မိသားစုအပေါ် ကျေးဇူးဆပ်ခြင်းတစ်ခုဟု မှတ်ယူနိုင်သည်။

သူမ မျှော်လင့်မထားခဲ့သည်မှာ ပိုင်ရိက သူမကို ခဏ စောင့်ဆိုင်းရန် ပြောကြားခဲ့သဖြင့် သူမက မြို့စားအိမ်တော်သို့ သွားရောက်ကာ ကုဟွားတွင် စေ့စပ်ထားသူရှိကြောင်း မရှင်းလင်းရဲခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤအပျက်မ ကုဟွားကိုယ်တိုင်ကသာ ပိုင်ရိအပေါ် စိတ်ဝင်စားသွားခဲ့ခြင်း ဖြစ်ပါက ၎င်းက မတူညီသော ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။

“ကောင်းပြီလေ”

မကောင်းသော ရည်ရွယ်ချက်များကို ရင်ဝယ်ပိုက်ထားလျက် ကိုယ်လုပ်တော်ပိုင်က ချက်ချင်းပင် သဘောတူလိုက်၏။

သူတို့နှစ်ဦးက မြို့စားအိမ်တော်၏ မြင်းလှည်းအတွင်းသို့ အတူတူ ဝင်ရောက်လိုက်ကြသည်။

ကိုယ်လုပ်တော်ပိုင် ခေါင်းမော့ကြည့်လိုက်သည့် ပထမဆုံး အခိုက်အတန့်၌ပင် မြင်းလှည်း၏ ဘေးဘက်တွင် ချိတ်ဆွဲထားသော သစ်သားတံဆိပ်ပြားလေးကို မြင်တွေ့လိုက်ရ၏။

၎င်းပေါ်တွင် “ယုံ” ဟု ရေးသားထားခဲ့သည်။

သူမ ရင်ထဲ၌ ထိတ်လန့်သွား၏။

‘ဒါက ယုံမြို့စားကြီးရဲ့ ကိုယ်ပိုင်မြင်းလှည်း မဟုတ်ဘူးလား’

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်မိသည်။ ကျန်းလင်မြို့၏ အချမ်းသာဆုံး မိသားစုဖြစ်သော ပိုင်မိသားစုမှ ဆင်းသက်လာသူဖြစ်သည့် ကိုယ်လုပ်တော်ပိုင်က အဖိုးတန်သော အရာများစွာကို မြင်တွေ့ဖူးသူ ဖြစ်သည်။

သူမ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤမြင်းလှည်း၏ ပြင်ဆင်မှုများက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အသုံးပြုထားသော ပစ္စည်းများက အကောင်းဆုံး အရည်အသွေးများ ဖြစ်မှန်း သိရှိလိုက်သည်။

အမျိုးသားတစ်ဦး၏ အနံ့အသက်ကလည်း မြင်းလှည်းအတွင်း၌ ပြည့်နှက်နေခဲ့၏။

“ဒါက ဘယ်သူ့ရဲ့ မြင်းလှည်းလဲ”

ကုဟွားက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“မြို့စားကြီးရဲ့ မြင်းလှည်းလေ”

ကိုယ်လုပ်တော်ပိုင်၏ မျက်လုံးအစုံက ပြူးကျယ်သွားပြီး မုန်းတီးစွာ အံကြိတ်နေမိ၏။

သို့သော်လည်း သူမ မြင်းလှည်း၏ နောက်မှ လိုက်ပါလာကြသော မြို့စားအိမ်တော်မှလူများ သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် ဒေါသထွက်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမျိုး မပြုလုပ်ရဲချေ။

သူမ အသံကိုနှိမ့်ပြီး မေးမြန်းလိုက်၏။

“နင်...မိန်းမပျက်... နင် တကယ်ပဲ မြို့စားကြီးရဲ့ ကုတင်ပေါ်ကို တက်ခဲ့တာပေါ့ ဟုတ်လား။ နင် အရှက်မရှိတဲ့ ကောင်မလေး... သူက နင့်အစ်မရဲ့ ယောက္ခထီးလေ”

ကုဟွား၏ မျက်ဝန်းအစုံက အနည်းငယ် အေးစက်သွားခဲ့ရပြီး မပြုံးမရယ် မျက်နှာထားဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။

“ကိုယ်လုပ်တော်ပိုင်... စကားပြောတာ ဆင်ခြင်ပါရှင်”

ကိုယ်လုပ်တော်ပိုင် သူမ၏ အေးစက်ပြီး နက်ရှိုင်းလှသော အကြည့်များကြောင့် ထိတ်လန့်သွား၏။

၎င်းက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖြစ်နိုင်သည်မှာ ဤမိန်းမပျက်က မြို့စားကြီး၏ အမျိုးသမီး ဖြစ်လာခဲ့ပြီးနောက် သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အရှိန်အဝါများကိုပါ ရရှိသွားခဲ့ခြင်း ဖြစ်လိမ့်မည်။

သူမ ငြိမ်သက်သွားသည်ကို မြင်တွေ့လိုက်ရချိန်၌ ကုဟွား အေးစက်စွာ ဆိုလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... ကျွန်မ ကိုယ်လုပ်တော်ပိုင်ကို သတိပေးရမယ့် အချက်တစ်ခု ရှိပါတယ်။ တကယ်လို့ ကိုယ်လုပ်တော်သာ အဖေနဲ့ အမေ့ကို အစ်မရဲ့ ကိုယ်ဝန်ပျက်ကျသွားခဲ့ရတဲ့ ကိစ္စနဲ့ ကျွန်မနဲ့ယုံမြို့စားကြီးကြားက ဆက်ဆံရေးကို သွားပြောလိုက်မယ်ဆိုရင် အဖေ့ရဲ့ ရင်ထဲမှာ ဘယ်သမီးက ပိုပြီးတော့ အသုံးဝင်လိမ့်မယ်လို့ ထင်သွားလောက်မလဲဟင်”

ကိုယ်လုပ်တော်ပိုင် ကြောင်အမ်းသွား၏။

သူမ ဤအဆင့်အထိ လုံးဝ တွေးတောမိခဲ့ခြင်း မရှိချေ။

သူမ တွေးတောမိသည်မှာ သူမ ရုအာကို သခင်မကြီးဝမ်၏ သမီးအပေါ်သို့ မည်သို့တက်နင်းခွင့် ပြုရမည်ဆိုသည်သာဖြစ်ပြီး သူမ ကိုယ်လုပ်တော်ဖြစ်ရန် အတင်းအကြပ် တွန်းအားပေးခံခဲ့ရသော မကျေနပ်ချက်များကို ဖြေဖျောက်ရန်သာ ဖြစ်သည်။

သူမ ကုယွမ်အပေါ် နားလည်သဘောပေါက်ထားမှုများအရ သူက သေချာပေါက်ပင် ဤအပျက်မ ကုဟွားကို ပို၍ တန်ဖိုးထားပေလိမ့်မည်။

အကယ်၍ ရုအာသာ ကွာရှင်းခံခဲ့ရပါက ကုယွမ်ကလည်း သူမကို စွန့်ပစ်လိုက်လိမ့်မည် ဖြစ်၏။

ကိုယ်လုပ်တော်ပိုင်က ၎င်းကို တွေးတောမိရုံမျှဖြင့် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

အခန်း(၁၀၆)

ကိုယ်လုပ်တော်ပိုင် အံကြိတ်ကာ ရက်ရက်စက်စက် ခြိမ်းခြောက်လိုက်သည်။

“နင်သာ ရုအာကို အနိုင်ကျင့်ရဲရင်...”

ကုဟွား စကားဖြတ်ပြောလိုက်၏။

“ကိုယ်လုပ်တော်... ကျွန်မ တကယ်ကို သိချင်လို့ပါ။ ကျွန်မက ရှင် ကိုယ်တိုင်မွေးတဲ့ သမီးအရင်းဟာကို ဘာလို့ အစ်မကိုကျ အလိုလိုက်ထားပြီး သမီးအရင်းကိုကျ ရွှံ့ထဲချနင်းချင်နေရတာလဲ။ အပြင်လူတွေသာသိရင် ကျွန်မတို့နှစ်ယောက်ကို ကလေးချင်းလဲထားတယ်လို့ ထင်ကုန်ကြလိမ့်မယ်”

ကိုယ်လုပ်တော်ပိုင် သရဲမြင်လိုက်ရသည့်အလား မျက်နှာပျက်သွားခဲ့သည်။

“နင် ဘာတွေ လျှောက်ပြောနေတာလဲ...ငါက သူ နင့်ကို ပိုစောင့်ရှောက်ပေးနိုင်ဖို့ မျှော်လင့်ရုံတင်ပါ”

ကုဟွား မဲ့ပြုံးပြုံးလိုက်၏။

“အမ်း... အစ်မက ကျွန်မကို တကယ်စောင့်ရှောက်တာပဲ။ ကျွန်မနဲ့ မြို့စားမင်းကို ကာမစိတ်ကြွဆေး ခိုးတိုက်ပြီး အခုတော့ ကျွန်မကို အထက်ရောက်အောင် ကူညီပေးလိုက်တာပဲ မဟုတ်ဘူးလား။ ဒါက ကိုယ်လုပ်တော်ပိုင်နဲ့ ပိုင်မိသားစုအတွက် မျက်နှာပန်းလှစေတာပဲလေ။ ကိုယ်လုပ်တော်က ပိုင်မိသားစုကို ကူညီဖို့ ကုအိမ်တော်နဲ့ မြို့စားအိမ်တော်ကို နည်းမျိုးစုံနဲ့ ချိတ်ဆက်ခဲ့တာ မဟုတ်လား။ ပိုင်မိသားစုကို ကူညီနိုင်တဲ့သူကပဲ တန်ဖိုးအရှိဆုံး ဖြစ်သင့်တာပေါ့။ တစ်ယောက်ကို မျက်နှာသာပေးပြီး တစ်ယောက်ကို ပစ်ပယ်ထားရင် ညီအစ်မချင်း ရန်သူတွေဖြစ်ကုန်ကြမှာပဲ။ အဲဒီအချိန်ကျရင် အားကိုးရာမဲ့သွားမဲ့ အစ်မကြီးရဲ့ ဘဝကရော ကောင်းနိုင်ပါ့မလား”

‘ဒီကောင်မလေးက ငါ့ကို ပြန်ခြိမ်းခြောက်ရဲတယ်ပေါ့လေ’

သို့သော် ကိုယ်လုပ်တော်ပိုင် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်ကို ခံစားလိုက်ရသည်။

ငယ်စဉ်တည်းက ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ အားနွဲ့ခဲ့သော ကုဟွား ယခုကဲ့သို့ အတောင်ပံစုံကာ ထိန်းချုပ်ရခက်သည့် အခြေအနေသို့ ရောက်လာလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

ကိုယ်လုပ်တော်ပိုင် စိတ်ကို တင်းထားလိုက်သည်။

“ဒါကတော့ သဘာဝပဲပေါ့။ နင် မြို့စားမင်းရဲ့ မျက်နှာသာပေး ခံရတာက ကောင်းတဲ့အချက်ပဲလေ”

ကုဟွား၏ လေသံက အေးဆေးသော်လည်း သတိပေးချက် အပြည့်ပါနေသည်။

“ပိုင်မိသားစုရှေ့မှာ အစ်မဘက်ပဲ အမြဲလိုက်နေတာကို ကိုယ်လုပ်တော်ပိုင် မထိန်းချုပ်ရင် ပိုင်မိသားစုက အစ်မကိုပဲ သမီးအရင်းလို့ အထင်လွဲသွားကြလိမ့်မယ်။ အဲဒီအခါကျရင် ပိုင်မိသားစုက ဘယ်လိုထင်သွားကြမလဲ။ တာ့လျန်တိုင်းပြည်ရဲ့ ဥပဒေအရ ကိုယ်လုပ်တော်တစ်ယောက်က တရားဝင်ဇနီးကြီးရဲ့ ကလေးကို ခိုးလဲတာက ခေါင်းဖြတ်ကွပ်မျက်ရမဲ့ ရာဇဝတ်မှုဖြစ်ပြီး တစ်မိသားစုလုံးကို ကပ်ဘေးသင့်စေနိုင်တယ်။ ဒီအကျိုးဆက်ကို အမေရော ပိုင်မိသားစုရော ခံနိုင်ရည်ရှိရဲ့လား”

ကိုယ်လုပ်တော်ပိုင် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားရပြီး ကုဟွားကို ကြောင်ကြည့်နေမိသည်။

နေ့တိုင်းမြင်နေကျ မျက်နှာပင်ဖြစ်သော်လည်း ထိုအေးစက်နက်ရှိုင်းသည့် အကြည့်များက ငရဲမှ ပြန်လည်မွေးဖွားလာသည့်အလား သူမ နှလုံးသားဆီသို့ အအေးဓာတ်များ စူးစိုက်ဝင်သွားစေခဲ့သည်။

“နင်... မဟုတ်တာတွေ လျှောက်မတွေးနဲ့။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ နင်ကောင်းစားဖို့အတွက် လုပ်ပေးနေတာ”

ကုဟွားက ကိုယ်လုပ်တော်ပိုင်၏ ပျာယာခတ် ထိတ်လန့်နေမှုကို မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်သည်။

“အမ်း... ကျွန်မ နားလည်ပါတယ်... ကျန်းလင်မြို့ရဲ့အချမ်းသာဆုံး ပိုင်မိသားစုရဲ့ တရားဝင်သမီးကြီးက ရွှေငွေရတနာ ခန်းဝင်ပစ္စည်း အများကြီးနဲ့ လက်ထပ်ဝင်ရောက်လာခဲ့ရတာတောင် သူများအောက်မှာ ကိုယ်လုပ်တော်အဖြစ် အနှိမ်ခံနေရတာကို မကျေနပ်ဘူးဆိုတာ... ကိုယ်လုပ်တော်အမေ သမီးကို အောင်မြင်စေချင်နေတာမို့လို့ သမီးက ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာပါ”

ဤစကားများက ကိုယ်လုပ်တော်ပိုင်၏ အနာပေါ်ဆားဖြူးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဆယ်စုနှစ်တစ်ခုကျော် နှိပ်ကွပ်ထားခဲ့သည့် သမီးအတုက သူမ နှလုံးသားထဲမှ အနက်ရှိုင်းဆုံး နာကျင်မှုကို နားလည်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ကုဟွား ခေါင်းလေးအသာစောင်းကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

နှုတ်ခမ်းထက်တွင် အပြုံးလေး ရှိနေသော်လည်း လေသံက ချက်ချင်း အေးစက်သွား၏။

“ကျွန်မရဲ့ ကိစ္စတွေကို ဘယ်သူပဲဖြစ်ဖြစ် လာနှောင့်ယှက်ရင် ဘယ်သူ့ကိုမှ ညှာတာနေမှာ မဟုတ်ဘူး။ ဒါတွေအကုန်လုံးကို ကျွန်မက ကိုယ်လုပ်တော်ဆီကနေပဲ သင်ယူခဲ့တာပါ”

ကိုယ်လုပ်တော်ပိုင် နောက်တစ်ကြိမ် တုန်လှုပ်သွားပြီး မိန်းမပျိုလေး၏ လှပတည်ငြိမ်နေသော မျက်နှာလေးကို စိုက်ကြည့်နေမိသည်။

သူမ ကုဟွားထံမှ တရားဝင်ဇနီးကြီးဖြစ်သော သခင်မကြီးဝမ်ကို စတင်တွေ့ရှိစဉ်က မြင်ခဲ့ရသည့် မြင့်မြတ်သော အရှိန်အဝါမျိုးကို မြင်လိုက်ရသည်။

‘မဟုတ်သေးဘူး... ဒီကောင်မလေးဆီမှာ ခန့်မှန်းရခက်တဲ့ အရှိန်အဝါမျိုး ရှိနေတာ’

ကိုယ်လုပ်တော်ပိုင် တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့ရသည်။

‘ဒီကောင်မလေး အတောင်ပံစုံသွားပြီ။ အရင်ကလို ကြောက်တတ်တဲ့ ကလေးမလေး မဟုတ်တော့ဘူး’

ကုဟွား၏ ရည်ရွယ်ချက်က ရှင်းပါသည်။ ကလေးချင်းလဲခဲ့သည့်ကိစ္စကို ကိုယ်လုပ်တော်ပိုင်အနေဖြင့် ပိုင်မိသားစုအား မပြောရဲအောင် ခြိမ်းခြောက်ထားရန်သာ ဖြစ်သည်။

သို့မှသာ အချိန်ဆိုင်းထားပြီး ပိုင်ရိ၏ ယုံကြည်မှုကို ရယူကာ သူမ ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ပေမည်။

ပိုင်ရိ ရုံးတော်မှ အပြေးအလွှား ရောက်လာခဲ့သည်။

ဒုတိယထပ်ရှိ သီးသန့်အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ အမြဲအိပ်မက်မက်နေရသည့် မိန်းမပျိုလေးကို ချက်ချင်း မြင်လိုက်ရ၏။

သူမ ခေါင်းပေါ်တွင် သူပေးထားသည့် ဆံထိုးလေးတစ်ခုတည်းသာ ဆင်မြန်းထားသည်ကိုလည်း သတိပြုမိသွားသည်။

သူ့နှလုံးသားလေးက ပြင်းထန်စွာ ခုန်လာရ၏။

“ဝမ်းကွဲအစ်ကို”

ကုဟွား မတ်တတ်ရပ်ကာ ချိုသာစွာ ပြုံးပြလျက် နှုတ်ဆက်လိုက်သည်။

ပိုင်ရိ သူမ၏ အရည်လဲ့နေသော မျက်ဝန်းလေးများကို တည့်တည့်မကြည့်ရဲသဖြင့် ခေါင်းလေးအသာငုံ့ကာ ပြန်လည်နှုတ်ဆက်လိုက်၏။

“တူဖြစ်သူက ဒေါ်လေးနဲ့ ဝမ်းကွဲညီမလေးကို နှုတ်ခွန်းဆက်သပါတယ်”

သုံးယောက်သား ထိုင်လိုက်ကြပြီးနောက် ကိုယ်လုပ်တော်ပိုင် ကုဟွားကို စကားစရန် အရိပ်အယောင်ပြလိုက်သည်။

ထိုအခါမှသာ ပိုင်ရိကး ကုဟွားကို တည့်တည့်ကြည့်လာခဲ့သည်။

ကုဟွားက စိတ်ညစ်၍ အခက်တွေ့နေသည့် မျက်နှာပေးမျိုး လုပ်လိုက်၏။

“ဝမ်းကွဲအစ်ကိုကြီး... အစ်မ အရေးပေါ်ကိစ္စတစ်ခုအတွက် ငွေသားငါးသောင်းလောက် လိုအပ်နေလို့ ကိုယ်လုပ်တော်အမေကို အကူအညီတောင်းလာပါတယ်။ ကိုယ်လုပ်တော်ကလည်း လောလောဆယ် ဒီလောက်ငွေပမာဏကို မတတ်နိုင်တာမို့လို့ ဝမ်းကွဲအစ်ကိုဆီမှာ နည်းလမ်းလာရှာရတာပါ”

ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ရိ မျက်မှောင်ကြုတ်သွားသည်။

ကုဝမ်ရု ကုဟွားအပေါ် အနိုင်ကျင့်ခဲ့သည်ကို သူ မသိခဲ့လျှင် ကိစ္စမရှိပေ။

မြို့စားအိမ်တော်တွင် တရားဝင်သမီးကြီး၌ အရေးပေါ်ကိစ္စရှိပါက ပိုင်မိသားစုက ငွေထုတ်ပေးမည်သာ ဖြစ်သည်။

သို့သော် ထိုသမီးကြီးက အသုံးမကျသည့်အပြင် အောက်ခြေမရှိသည့် တွင်းနက်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။

ငွေသားငါးသောင်းကို ထည့်ပေးလိုက်ခြင်းက ခွေးကို အသားကျွေးလိုက်သကဲ့သို့ ဘာမျှ ပြန်ရနိုင်တော့မည် မဟုတ်ချေ။

သူ့မျက်နှာအမူအရာကို မြင်လိုက်သောအခါ ကိုယ်လုပ်တော်ပိုင်က သူ မပေးချင်မှန်း သိလိုက်သဖြင့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ဘာလဲ... ဒေါ်လေးကိုယ်တိုင် လာတောင်းပန်နေတာတောင် မရဘူးပေါ့။ ငွေငါးသောင်းလောက်ကိုတောင် မင်းက မထုတ်ပေးနိုင်ဘူးလား”

ပိုင်ရိ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားရသည်။

“ဒေါ်လေး... ပိုင်မိသားစုအနေနဲ့ မြို့တော်မှာ ခြေကုပ်ရဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ ဒေါ်လေးလည်း သိတာပဲ။ ကျွန်တော် ဒေါ်လေးကို လစဉ်ပေးနေတဲ့ ငွေတွေက မြို့တော်မှာရှိတဲ့ ပိုင်မိသားစုရဲ့ အမြတ်အစွန်းအားလုံး နီးပါးပါပဲ”

ကိုယ်လုပ်တော်ပိုင် အားကိုးရာမဲ့စွာ ကုဟွားကို လှမ်းကြည့်လိုက်သည်။

“နင် အပြင် ခဏထွက်နေဦး”

ကုဟွား မတ်တတ်ထရပ်လိုက်၏။

“ဟုတ်ကဲ့”

သူမ အပြင်ထွက်၍ တံခါးပိတ်လိုက်ပြီးနောက် ကိုယ်လုပ်တော်ပိုင် လေသံကို လျှော့လိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က မင်းအဖေ ငါ့ဆီ စာရေးပြီး နန်းတွင်းထောက်ပံ့ခွင့် ရဖို့အတွက် မြို့စားမင်းကို ကြားခံကူညီပေးခိုင်းဖို့ ပြောခဲ့တယ်။ ရုအာက မြို့စားအိမ်တော်ရဲ့ သခင်မလေးလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သခင်လေးက နန်းတွင်းမိန်းမစိုးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ မိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားနဲ့ ရင်းနှီးတယ်။ ကုန်ပစ္စည်းနမူနာ တင်သွင်းဖို့က လက်ဖျောက်တစ်ချက်တီးရသလောက်ကို လွယ်ကူတယ်။ ရုအာက သခင်လေး ငွေငါးသောင်း အရေးတကြီး လိုအပ်နေတာကိုသိလို့ ဟွားအာကနေတစ်ဆင့် သတင်းစကားပါးခိုင်းလိုက်တာ”

“သူ့ကို အကျယ်ချုပ် အပြစ်ပေးထားတာ မဟုတ်ဘူးလား။ ဘာလို့ ဝမ်းကွဲညီမလေးကနေတစ်ဆင့် သတင်းပါးရတာလဲ”

ကိုယ်လုပ်တော်ပိုင် ထိတ်လန့်သွားရသည်။

“သူ အကျယ်ချုပ် အပြစ်ပေးခံထားရမှန်း မင်း ဘယ်လိုသိတာလဲ”

သူမ စကားမှားသွားသည်ကိုသိ၍ ချက်ချင်းပင် ပြန်ဖုံးဖိလိုက်သည်။

“သူ အပြစ်ပေးခံထားရတာ မဟုတ်ပါဘူး။ သူ ကိုယ်ဝန်ရှိနေလို့ မြို့စားအိမ်တော်က မမွေးရသေးတဲ့ မြေးဦးလေးကို အရမ်းတန်ဖိုးထားလို့ အပြင်မထွက်ခိုင်းတာပါ”

ပိုင်ရိ၏ မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်သွားရသည်။

ပြီးခဲ့သည့်အကြိမ် ကုဝမ်ရုကို တွေ့စဉ်က မျက်နှာသာပေးခံရသူနှင့် မတူပေ။

သို့သော် ကိစ္စက ဤအခြေအနေထိ ရောက်လာပြီဖြစ်၍ ပိုင်ရိအနေဖြင့် မပေးဘဲနေ၍ မရတော့ချေ။

“ဒေါ်လေး ခဏစောင့်ပါ။ ကျွန်တော် ချက်ချင်းသွားယူပေးပါ့မယ်”

“ကောင်းပြီ”

ကိုယ်လုပ်တော်ပိုင် ဝမ်းသာအားရ ဖြစ်သွားရပြီး ရင်ထဲမှ အပူလုံးကြီး ကျသွားသည်။

ပိုင်ရိ တံခါးအပြင်ထွက်လာပြီး အခန်းထဲသို့ လက်ဖက်ရည်နှင့် မုန့်များ ပို့ပေးရန် မှာကြားခဲ့ပြီးနောက် ကုဟွားကို အပြေးအလွှား လိုက်ရှာ၏။

ကုဟွားက တုန့်ဟွား၊ တုန့်ချင်းတို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေသည်။

ပိုင်ရိ ထွက်လာပြီး ဟိုဟိုဒီဒီ ရှာနေသည်ကို မြင်သောအခါ သူမ မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်၏။

“အစ်ကိုဝမ်းကွဲ... ညီမကို ရှာနေတာလားဟင်”

“ညီမလေး... သီးသန့်စကားပြောကြရအောင်”

“ကောင်းပါပြီ”

သူမ တုန့်ဟွားတို့ကို ထိုနေရာ၌ပင် စောင့်ခိုင်းထားခဲ့ပြီး ပိုင်ရိနောက်သို့ လိုက်ကာ သီးသန့်အခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။

“ညီမလေး... ဝမ်းကွဲအစ်ကိုကို အမှန်အတိုင်းပြောပါ။ ကုဝမ်ရုက အစ်ကိုတို့ကို တကယ်ပဲ ကြားခံကူညီပေးနိုင်မှာလား”

All Chapters