← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း(၁၀၇)

ကုဟွား : “ဒါက ပြောရခက်ပါတယ်... အစ်မ ကိုယ်ဝန်ပျက်ကျသွားပြီး သန္ဓေသားလေးကို မကယ်တင်နိုင်ခဲ့ပါဘူး...”

“ဘာ... ကိုယ်ဝန်ပျက်ကျသွားတယ် ဟုတ်လား”

ပိုင်ရိ မျက်လုံးပြူးသွားသည်။

ခုနတင် ဒေါ်လေးက မြေးဦးလေးကို အကြောင်းပြပြီး သူ့ကို လိမ်ပြောခဲ့ခြင်း ဖြစ်သည်။

ကုဟွားက ပျာပျာသလဲ ဖြစ်သွားသည့်ပုံစံဖြင့် ပြောလိုက်၏။

“ဘာလဲ... ကိုယ်လုပ်တော် ဝမ်းကွဲအစ်ကိုကို မပြောပြဘူးလား”

ပိုင်ရိ အလွန် မျက်နှာပျက်သွားသည်။

“ငွေသားငါးသောင်းက ပိုင်မိသားစုအတွက် ဘာမှမဟုတ်ပေမဲ့ ပိုင်မိသားစု ရှာထားတဲ့ငွေတွေက လေထဲကလွင့်လာတာ မဟုတ်ဘူး။ ခဏခဏ လာတောင်းနေရင် ပမာဏက နည်းတာမဟုတ်ဘူး။ ပြီးတော့ တရားဝင်သမီးကြီး ကုဝမ်ရုက ပိုင်မိသားစုကို တကယ် စေတနာအမှန်နဲ့ ကူညီပါ့မလား”

ပိုင်ရိ အလွန်ဒေါသထွက်သွားပုံရပြီး စိတ်ထဲရှိသမျှ အကုန်ဖွင့်ချနေသည်။

ကုဟွား သက်ပြင်းချလိုက်၏။

“ညီမလည်း မသိပါဘူး... ကိုယ်လုပ်တော်ပိုင် သရဲဝင်ပူးနေသလိုပဲ သူ့ကို အလိုလိုက်နေတာ။ ဒါပေမဲ့ ဝမ်းကွဲ အစ်ကို စိတ်ချပါ။ ညီမမှာ ဒီကိစ္စကို ကူညီပေးနိုင်မဲ့ နည်းလမ်းရှိပါတယ်”

ပိုင်ရိ ယုံကြည်မှုအပြည့်ရှိနေသော မိန်းမပျိုလေးကို အံ့သြတကြီး ကြည့်လိုက်မိသည်။

“တကယ်လား”

“တကယ်ပါ။ ဝမ်းကွဲအစ်ကို ကုန်ပစ္စည်းတွေကိုသာ အလုံအလောက် ပြင်ဆင်ထားလိုက်ပါ”

ကုဟွား ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။

“ဆိုင်ရာပိုင်ရာတွေကို လာဘ်ထိုးဖို့ ငွေဘယ်လောက် လိုမလဲ”

ပိုင်ရိကလည်း သူ့အဖေထံမှ စာရရှိထားပြီး ဒေါ်လေးကို ဤကိစ္စ အပ်နှံထားသည်အား သိရှိထားသည်။

ဒေါ်လေး ပြောစကားအရ သခင်လေးက ဆောင်းတွင်းဝတ် ဂွမ်းထည်နမူနာများကို နန်းတော်တွင်းသို့ တင်သွင်းနိုင်လျှင် ငွေသားတစ်သိန်း ပေးရမည်ဟု ဆိုသည်။ အောင်မြင်သွားပါက ငွေသားငါးသိန်း ထပ်ပေးရမည်ဖြစ်သည်။

ပိုင်ရိက ဤငွေပမာဏကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဒေါ်လေး၏ အရည်အချင်းအပေါ် သံသယရှိနေခဲ့သည်။

ကုဝမ်ရု၏ အခြေအနေကို မြင်ပြီးနောက် ထိုသံသယက ပိုမို၍ နက်ရှိုင်းလာရသည်။

ယခု ကိုယ်ဝန်ပျက်ကျသည့် သတင်းကို ကြားလိုက်ရသောအခါ...

“ငွေမလိုပါဘူး”

ကုဟွား ပြတ်ပြတ်သားသား ပြောလိုက်သည်။

ပိုင်ရိ မျက်လုံးပြူးသွားရပြီး အသံကို နှိမ့်လိုက်၏။

“ညီမလေး... ဒါက ကိစ္စကြီးပဲ။ တောင်းဖို့ မကြောက်ပါနဲ့။ အောင်မြင်သွားရင် ပိုင်မိသားစုက အနည်းဆုံး ငွေနှစ်သန်းလောက် အမြတ်ရမှာ။ ဆိုင်ရာပိုင်ရာတွေကို ပေးရမဲ့ ငွေကိုတော့ ပေးကိုပေးရမှာပဲ”

ကုဟွား ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။

‘ငွေနှစ်သန်းဆိုတာ ဘယ်လိုပမာဏမျိုးလဲ’

သူမအတွက် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။

ပိုင်မိသားစုက အဘယ်ကြောင့် ဤမျှအထိ လက်ဖွာနေရသည်ကို နားလည်သွားသည်။

“ဝမ်းကွဲအစ်ကို ပြောသလိုပဲ ပိုင်မိသားစုရဲ့ ငွေတွေက လေထဲကနေ လွင့်လာတာ မဟုတ်ဘူး။ ချွေတာနိုင်သမျှ ချွေတာရမယ်။ မြို့စားမင်းက စစ်ဘက်ဆိုင်ရာဝန်ကြီးလည်းဖြစ်ပြီး မုမိသားစု စစ်တပ်ကလည်း ဆောင်းတွင်းဝတ်အတွက် လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ ညီမလေး အရင်ကြိုးစားကြည့်ပါဦးမယ်။ ငွေလိုရင် ဝမ်းကွဲအစ်ကိုကို ပြောပါ့မယ်”

အကြောင်းပြချက်မရှိဘဲ ပိုင်ရိက သူမကို လုံးဝယုံကြည်မိသွားရသည်။

သူ တုံ့ဆိုင်းမနေဘဲ စာရွက်တစ်ရွက်ကို ထုတ်၍ သူမကို ကမ်းပေးလိုက်၏။

“ဒါက ဝမ်းကွဲအစ်ကို့ရဲ့ စေတနာလေးပါ။ ကိစ္စအောင်မြင်သွားရင် နောက်ထပ် ဆုလာဘ်အကြီးကြီး ရှိသေးတယ်”

ကုဟွားယူ၍ ဖွင့်ကြည့်လိုက်ရာ သူမအမည်ဖြင့် ရေးထားသော အိမ်ခြံမြေပိုင်ဆိုင်မှု စာချုပ် ဖြစ်နေသည်။

သူမ အလွန်အံ့သြသွား၏။

“ဒါက...”

ပိုင်ရိ၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။

“ဒီခြံဝင်းက သိပ်မကြီးပါဘူး။ နှစ်ထပ်ခြံဝင်းလေးပါ။ တည်နေရာက အနောက်ဘက် ဈေးမှာမို့လို့ စျေးလည်း သိပ်မကြီးဘူး။ ညီမလေးအတွက် နောက်ဆုတ်စရာ နေရာလေးတစ်ခုအနေနဲ့ သဘောထားပေးပါ”

ကုဟွား ပိုင်ရိကို စိုက်ကြည့်နေမိသည်။

သူက စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ကုန်သည်များ၏ လောဘဇော အငွေ့အသက်မျိုး လုံးဝမရှိဘဲ သစ်ခွပန်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ လူကြီးလူကောင်းတစ်ဦး ဖြစ်နေခဲ့သည်။

တကယ်တမ်းတွင် သူက အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်နိုင်၏။

နှမြောစရာကောင်းသည်မှာ သူက ပိုင်မိသားစုဝင် ဖြစ်နေခဲ့သည်။

သူ ကိုယ်လုပ်တော်ပိုင်၏ အိမ်မက်ဆိုး ဖြစ်လာရန်နှင့် ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့ ဝဋ်ကြွေးဆပ်ရန်အတွက် သူမလက်ထဲမှ ထက်ရှသော ဓားတစ်လက် ဖြစ်လာရန် ကံပါလာခဲ့သူသာ ဖြစ်သည်။

ဝေးလံလှသည့် နေရာမှ ခြံဝင်းအသေးလေးတစ်ခုနှင့် ငွေသားတစ်ထောင်။

‘ဒီလောက် ပမာဏလေးနဲ့ ငါ့ဘဝတစ်ခုလုံးကို ဝယ်နိုင်ပြီလို့ ထင်နေကြတာလား’

‘ကိုယ်လုပ်တော်ပိုင်နဲ့ ကုဝမ်ရုတို့ ငါ့အပေါ် ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ဒီလောက်လေးနဲ့တင် မေ့ပစ်လိုက်ရမှာလား’

လူကောင်းဆိုလျှင် အနိုင်ကျင့်ခံရပြီး မြင်းကောင်းဆိုလျှင် စီးခြင်းခံရသည် ဆိုသည့်စကားမှာ အမှန်ပင် ဖြစ်သည်။

ယခု သူမ မတ်တတ်ရပ်ကာ တုံ့ပြန်လိုက်ချိန်၌ သူတို့အားလုံးက သူမ အပြုအမူနှင့်အညီ မျက်နှာသာပေး၍ ပြောင်းလဲလာကြပြီ ဖြစ်သည်။

ကုဟွား ရင်ထဲ၌ လှောင်ပြုံးပြုံးလိုက်သော်လည်း မျက်နှာထားကို ပုံမှန်အတိုင်းပင် ထိန်းထားလိုက်၏။

“ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်းကွဲ။ ညီမလေး မြို့စားအိမ်တော်နဲ့ ကုအိမ်တော်ကနေ ထွက်ခွာခွင့်ရမဲ့နေ့ ရောက်လာခဲ့ရင် ဒီခြံဝင်းလေးက ညီမအတွက် ခိုလှုံရာတစ်ခု ဖြစ်လာနိုင်တာပေါ့”

ပိုင်ရိ၏ ရင်ထဲ၌ လှုပ်ရှားသွားသည်။

အကယ်၍ ထိုနေ့ရက် ရောက်ရှိလာခဲ့ပြီး ဝမ်းကွဲညီမလေးသာ သဘောတူမည်ဆိုလျှင် သူမအတွက် သူ အစွမ်းကုန် ကြိုးစားပေးချင်မိသည်။

သူမကဲ့သို့ နတ်သမီးလေးတစ်ပါးအလား လှပသူကို အပြင်မယားအဖြစ် လုံးဝ မထားရက်ပါချေ။ သူမကို ကိုယ်လုပ်တော်အဖြစ် ထားရှိလျှင်ပင် အလွန်အမင်း အားနာစရာ ဖြစ်နေပြီ ဖြစ်သည်။

“ဝမ်းကွဲအစ်ကို... ညီမလေး အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

ပိုင်ရိ စိတ်အားထက်သန်စွာ ပြောလိုက်၏။

“ဝမ်းကွဲညီမလေး... အားမနာတမ်း ပြောပါ။ ဝမ်းကွဲအစ်ကို သေချာပေါက် ကူညီပေးပါ့မယ်”

“အစ်မရဲ့ဘေးက အစေခံမလေး ကျင်းခွေ့က ညီမလေးနဲ့ ဆက်ဆံရေး အရမ်းကောင်းတာပါ။ သူ့အမေရဲ့ ဆေးဝါးတွေကို ပိုင်မိသားစုရဲ့ ဆေးဆိုင်ကနေ ထောက်ပံ့ပေးနေရတယ်လို့ ကြားသိရပါတယ်။ အခုကစပြီး သူ့အမေရဲ့ ဆေးဖိုးဝါးခနဲ့ နေထိုင်စားသောက်စရိတ်တွေကို ညီမလေးပဲ တာဝန်ယူချင်ပါတယ်။ ဝမ်းကွဲအစ်ကို လူတစ်ယောက်ကို စီစဉ်ပြီး အဲဒီကိစ္စကို စီမံပေးစေချင်ပါတယ်။ လစဉ်ကုန်ကျမဲ့ငွေကို ညီမလေး ဝမ်းကွဲအစ်ကိုကို ပေးပါ့မယ်”

ပိုင်ရိ ပြုံးလျက် ဆိုလိုက်၏။

“ဒီလို ကိစ္စအသေးအဖွဲလေးအတွက် ‘တောင်းဆိုတယ်’ ဆိုတဲ့ စကားလုံးကို သုံးဖို့ မလိုပါဘူးကွာ။ ညီမလေးက မိန်းမပျိုလေးတစ်ယောက်ပဲလေ။ လက်ထဲမှာ ငွေတွေပိုပြီးသိမ်းထားနိုင်မှ အဆင်ပြေမှာပေါ့။ သူကိစ္စကို ဝမ်းကွဲအစ်ကိုဆီပဲ လွှဲထားလိုက်ပါ။ ဆေးဖိုးနဲ့ စားသောက်စရိတ်တွေကို ဘယ်တော့မှ ပြတ်တောက်မသွားစေရဘူး။ ညီမလေး စိတ်ချနော်”

ကုဟွား ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ကို အသာအယာ အရိုအသေပြုလိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်၏။

“ဝမ်းကွဲအစ်ကို တကယ်ကို လူကောင်းတစ်ယောက်ပါ”

ပိုင်ရိ ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။

သူ၏ ဝမ်းကွဲညီမလေးက သနားစရာကောင်းလွန်းလှသည်။ သူမကိုယ်သူမပင် ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သေးသည့် အခြေအနေတွင် အစေခံတစ်ယောက်ကိုပင် ကူညီပေးချင်နေသေးသည်။

ဤကဲ့သို့သော မိန်းကလေးမျိုးကိုသာ အလေးထားကာ ဂရုစိုက် စောင့်ရှောက်သင့်သည်။

သို့သော် ယခုအချိန်တွင် ပိုင်မိသားစုအတွက် ပထမတန်းစား တော်ဝင်ကုန်သည်ဖြစ်ရန်သာ အရေးကြီးဆုံးဖြစ်သဖြင့် ပိုင်ရိက မည်သည့်အရာအပေါ် ဦးစားပေးရမည်ကို ကောင်းစွာ နားလည်ထားသည်။

ကုဟွားထံမှ တိကျသော အဖြေကို ရရှိပြီးနောက် ပိုင်ရိ ငွေကောင်တာသို့ သွားရောက်ကာ ငွေသားငါးသောင်းတန် လက်မှတ်ကို ထုတ်ယူလျက် ကိုယ်လုပ်တော်ပိုင်ကို ပေးလိုက်၏။

ကိုယ်လုပ်တော်ပိုင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရပြီး ထိုငွေလက်မှတ်ကို ကုဟွားဆီပေးပြီး ကုဝမ်ရုထံသို့ မြန်မြန် သွားပေးရန် အကြိမ်ကြိမ် မှာကြားလိုက်သည်။

ကုဟွားက သဘောတူလိုက်၏။

“ကိုယ်လုပ်တော်အမေ...စိတ်ချပါ။ အစ်မ အဆင်ပြေမှ ကျွန်မလည်း အဆင်ပြေမှာပါ”

ပထမဆုံးအကြိမ်အဖြစ် ကိုယ်လုပ်တော်ပိုင် ဤကောင်မလေးကို ကြည့်ရသည်မှာ အနည်းငယ် မျက်စိပသာဒ ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။

ပိုင်ရိ သူ့ဒေါ်လေးနှင့် ကုဟွားတို့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့သည်။

တုန့်ဟွား ကိုယ်လုပ်တော်ပိုင်ကို မြင်းလှည်းပေါ်သို့ ဦးစွာ တွဲတင်ပေးလိုက်ပြီး ကုဟွား မြင်းလှည်းအနီး၌ ရပ်လျက် ပိုင်ရိနှင့် စကားပြောဆိုနေခဲ့သည်။

သူတို့နှစ်ဦးလုံးက အဝေးတစ်နေရာတွင် ရပ်တန့်ထားသော မြင်းလှည်းတစ်စီးကို သတိမပြုမိခဲ့ကြချေ။

ထိုမြင်းလှည်း၏ လိုက်ကာမှာ အနည်းငယ် ပင့်တင်ထားလျက် အမျိုးသမီး သုံးဦး၏ မျက်နှာများ ပေါ်ထွက်နေခဲ့သည်။

မလိုမုန်းထားမှုများ ပြည့်နှက်နေသော မျက်ဝန်း သုံးစုံက ပိုင်ရိ၏ ဘေးနား၌ ပြုံးရွှင်စွာ စကားပြောနေသော မိန်းမပျိုလေးကို စူးစိုက်ကြည့်နေကြ၏။

ကျန်းရော့ရှီး တမင်တကာပင် ပြောလိုက်သည်။

“ပိုင်သခင်လေးဘေးက မိန်းမပျိုလေးက မြို့စားအိမ်တော်က သခင်မလေးရဲ့ ညီမလေး ထင်တယ်နော်။ ကြည့်ရတာ မြေခွေးမလေးလိုပဲ။ ရှင့်ခင်ပွန်းနဲ့ ဒီလောက်အထိ ရင်းရင်းနှီးနှီး စကားပြောနေတာ။ သံသယဝင်စရာတွေကို လုံးဝ ရှောင်ကြဉ်ပုံမရဘူး”

သူမ၏ ဘေးနားတွင် ထိုင်နေသူမှာ ပိုင်ရိ၏ ဇနီးသည် ဖြစ်သော ချမ်ဖေးကျူးဖြစ်သည်။

“မတ်လေးကို သေချာ စောင့်ကြည့်ထားသင့်တယ်နော် ညီမလေး... မဟုတ်ရင် ကောလာဟလတွေ ထွက်လာပြီး ချမ်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကုန်ဦးမယ်”

အခန်း(၁၀၈)

ဤကဲ့သို့ စကားဆိုလိုက်သူမှာ ချမ်ဖေးကျူး၏ တရားဝင်အစ်မ၊ ကျန်းရော့ရှီး၏ ဒုတိယယောင်းမ ဖြစ်သူ ချမ်ဖေးချင်ဖြစ်သည်။

ချမ်ဖေးကျူး သူမ၏ တရားဝင်အစ်မဖြစ်သူရှေ့တွင် မျက်နှာပျက်သွားခဲ့ရသဖြင့် မျက်နှာထားမှာ အလွန် ဆိုးရွားသွားခဲ့ရသည်။

“သူတို့က မောင်နှမဝမ်းကွဲတွေပဲလေ။ စကားပြောတာက ပုံမှန်ပါပဲ”

ကျန်းရော့ရှီး၏ မျက်ဝန်းထဲရှိ မနာလိုဝန်တိုမှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

“ရှင် မသိသေးဘူး ထင်တယ်... ဒီမြေခွေးမလေးက ရည်ရွယ်ချက် အကြီးကြီးရှိတာ။ အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်က ယုံမြို့စားအိမ်တော်မှာပဲ အခြေချပြီး ထွက်မသွားဘဲ နေနေတာ။ ပြီးတော့ အဲဒီမြင်းလှည်းက မြို့စားမင်းရဲ့ ကိုယ်ပိုင်မြင်းလှည်းဆိုတာ မမြင်ဘူးလား။ အခုလည်း လမ်းမပေါ်မှာ တခြားအမျိုးသားတစ်ယောက်နဲ့ ပြုံးရွှင်ပြီး စကားပြောနေသေးတယ်။ ဒါက ဘယ်လို ကိုယ်ကျင့်တရားမျိုးလဲ”

ချမ်ဖေးကျူး သူမကို တစ်ချက် ကြည့်လိုက်သည်။

“မယ်တော်ကြီးက ခရိုင်မင်းသမီးကို မြို့စားမင်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတာ မဟုတ်ဘူးလား။ ခရိုင်မင်းသမီးအနေနဲ့ မြို့စားကတော် ဖြစ်လာခဲ့ရင် ဒီလိုမိန်းမမျိုးကို မောင်းထုတ်ပစ်လိုက်ရုံပဲလေ”

ကျန်းရော့ရှီးက သူမကို မျက်စောင်းထိုးလိုက်မိ၏။

“ကျွန်မကတော့ လုံးဝ မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ရှင့်ရဲ့ ခင်ပွန်းကတော့ အဓိက ပစ်မှတ်ဖြစ်နေမှာကို စိုးရိမ်ရတယ်။ နောက်မှ ကျွန်မကို သတိမပေးဘူးလို့ လာအပြစ်မတင်နဲ့ဦးနော်”

ချမ်ဖေးကျူးက ပြုံးလိုက်ပြီး ပြတင်းပေါက်ပြင်ပမှ လူနှစ်ဦးကို ဆက်လက်ကြည့်ရှုခြင်း မပြုတော့ချေ။

“ကျွန်မရဲ့ခင်ပွန်းက မိုက်မဲတဲ့လူ မဟုတ်ပါဘူး။ သူက ကိုယ်လုပ်တော် မယူဘူးလို့ သစ္စာဆိုထားခဲ့တာ။ အဖေကလည်း ပိုင်မိသားစုကို ပထမတန်းစား တော်ဝင်ကုန်သည် ဖြစ်လာဖို့ ကူညီပေးနေတုန်းပဲ။ ကျွန်မက ပိုင်မိသားစုရဲ့ ဂုဏ်သိက္ခာဆိုတာ သူ ကောင်းကောင်း သိပါတယ်”

ချမ်ဖေးချင် အသာအယာ ပြုံးလိုက်၏။

သူမက တရားမဝင်သမီးဖြစ်သော ချမ်ဖေးကျူးကို အမြဲတမ်း အထင်သေးခဲ့သူ ဖြစ်သည်။

[T/N ဒီနားလေးမှာ ထရန်းက ရှေ့အပိုင်းတစ်ခုမှာ ချမ်းဖေးကျူးက တရားဝင်သမီးလို့ရေးခဲ့ပါတယ်။ သူ မှားျရးလိုက်တာပါတဲ့။ အမှန်က တရားမဝင်သမီးပါ]

ကောင်းကင်ထက် မြင့်မားသော ရည်မှန်းချက်များ ရှိနေသည့် တရားမဝင်သမီးတစ်ယောက် ဖြစ်သော်လည်း နောက်ဆုံးတွင် ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသော အမျိုးသားတစ်ဦးနှင့်သာ လက်ထပ်ခဲ့ရသည်။

‘အဖေက ဘာလို့ တရားမဝင်သမီးတစ်ယောက်ကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမှာလဲ’

‘ဒီ တရားမဝင်ညီမလေးကတော့ အရင်အတိုင်း မိုက်မဲနေတုန်းပဲ’

ယနေ့တွင် ကျန်းရော့ရှီး သူမကို လင်းလန်ဆောင်သို့ သွားရောက်ကာ အသစ်ထွက်ရှိထားသော လက်ဝတ်ရတနာများကို ကြည့်ရှုရန်နှင့် မြို့စားမင်း၏ မွေးမိခင်အတွက် မွေးနေ့လက်ဆောင် ရွေးချယ်ရန် အတင်းအကြပ် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ချမ်ဖေးကျူးကိုပါ မမျှော်လင့်ဘဲ ဖိတ်ကြားခဲ့မိခြင်း ဖြစ်သည်။

သူမတို့သုံးဦးက ဤကဲ့သို့သော ပျင်းစရာကောင်းလှသည့် ပြဇာတ်တစ်ခုကို မြင်တွေ့လိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ကျန်းရော့ရှီးကလည်း ပြတင်းပေါက် လိုက်ကာကို ပြန်ချထားလိုက်သည်။

“ဒီခေတ်မှာ ဘယ်အမျိုးသားက မိန်းမသုံးယောက် ကိုယ်လုပ်တော်လေးယောက်လောက် မရှိဘဲ နေမှာလဲ။ ပိုင်သခင်လေးက ကိုယ်လုပ်တော် မယူဘူးလို့ သစ္စာဆိုထားရုံနဲ့ တကယ်ပဲ မယူတော့ဘူးလို့ ထင်နေတာလား။ ရှင်က အရမ်း ရိုးအလွန်းတာပဲ။ အခု အမိအရ မဖမ်းထားရင် နောင်တစ်ချိန်မှာ သူတို့ တိတ်တဆိတ် ဖောက်ပြန်ကြတဲ့အခါ ဖမ်းချင်ရင်တောင် ဖမ်းလို့ရမှာ မဟုတ်တော့ဘူး”

ချမ်ဖေးကျူးက ဒေါသကို ဆက်လက် မအောင့်အည်းနိုင်တော့ပေ။

“ခရိုင်မင်းသမီးက ကျွန်မကို ကောင်းကောင်းမွန်မွန် မနေစေချင်တာလား”

ကျန်းရော့ရှီး လှောင်ပြုံးပြုံးလိုက်၏။

“ရှင်က ကျွန်မ ဒုတိယယောင်းမရဲ့ ညီမလေးပဲလေ။ ကျွန်မက ဘာလို့ ရှင့်ကို ကောင်းကောင်းမွန်မွန် မနေစေချင်ရမှာလဲ။ သူတစ်ပါးရဲ့ စေတနာကို မကောင်းမမြင်နဲ့ဦး။ အနာဂတ်မှာ ငိုနေရလိမ့်မယ်”

ချမ်ဖေးကျူး၏ အစ်မက ဤစကားဝိုင်းကို ဆက်လက်မပြောချင်တော့သဖြင့် စကားဖြတ်ပြောလိုက်သည်။

“ကဲပါ... လက်ဝတ်ရတနာတွေ သွားကြည့်ကြရအောင်။ မြို့စားအိမ်တော်က သခင်မအိုကြီးရဲ့ မွေးနေ့အတွက် လက်ဆောင်ရွေးချယ်ချင်တယ်လို့ ပြောထားတာမလား”

“အမ်... သွားကြတာပေါ့”

ကျန်းရော့ရှီးက ချမ်မိသားစုကို အစတည်းက အထင်သေးခဲ့သူ ဖြစ်သည်။

တစ်ယောက်က ကျန်းမိသားစုကဲ့သို့ နန်းတွင်းဆွေတော်မျိုးတော်များနှင့် လက်ထပ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားကာ သူမ ဒုတိယအစ်ကို၏ ဒုတိယဇနီးသည် ဖြစ်လာခဲ့ပြီး နောက်တစ်ယောက်က တရားဝင်ဇနီး ဖြစ်လာစေရန် ကုန်သည်မျိုးရိုးမှ အမျိုးသားတစ်ဦးကို ရွေးချယ်ခဲ့သည်။

ယနေ့ သူတို့ကို အတင်းအကြပ် ခေါ်ဆောင်လာခဲ့ခြင်းမှာ မြို့စားအိမ်တော်ကို စောင့်ကြည့်နေသူများက ကုဟွား အိမ်တော်မှ ထွက်ခွာသွားကြောင်း သတင်းပို့လာခဲ့ခြင်းကြောင့် ဖြစ်သည်။

သူမနောက်သို့ လိုက်လံစုံစမ်းရာမှ ပိုင်ရိနှင့် လာရောက်တွေ့ဆုံသည်ကို သိရှိလိုက်ရခြင်းဖြစ်၏။

ခရိုင်မင်းသမီးတစ်ဦးအနေဖြင့် ဤကဲ့သို့သော နိမ့်ကျလှသည့် တရားမဝင်သမီးတစ်ယောက်ကို ကိုယ်တိုင် အပြစ်ပေးရန် ဂုဏ်သိက္ခာကျသည်ဟု ယူဆထားသဖြင့် ဤမြေခွေးမလေးကို နှိပ်ကွပ်ရန် ချမ်ဖေးကျူးကို အသုံးပြုခြင်းက အသင့်တော်ဆုံး ဖြစ်သည်။

သို့သော် ချမ်ဖေးကျူးက ဤမျှအထိ အသုံးမကျသည့် အမှိုက်တစ်ခု ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။

…

မြင်းလှည်းက အကွာအဝေးတစ်ခုသို့ မောင်းနှင်သွားခဲ့ပြီးနောက် ကုဟွား မြင်းလှည်းလိုက်ကာကို ပင့်တင်လိုက်သည်။

“ကျွန်မ လင်းလန်ဆောင်ကို သွားပြီး လက်ဝတ်ရတနာတွေ ကြည့်ချင်လို့ ကိုယ်လုပ်တော်က မြင်းလှည်းနဲ့ အရင်ပြန်နှင့်လိုက်ပါ။ ပြီးမှ မြင်းလှည်းက ကျွန်မကို ပြန်လာကြိုပေးပါလိမ့်မယ်”

သခင်မအိုကြီး၏ မွေးနေ့ ရောက်ရှိတော့မည်ဖြစ်၍ သူမအနေဖြင့် လက်ဆောင်တစ်ခုခု ရွေးချယ်ချင်မိခြင်း ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်က ကန့်ကွက်ခြင်းမရှိဘဲ မြင်းလှည်းကို လင်းလန်ဆောင်၏ ရှေ့မှောက်တွင် ရပ်တန့်ပေးလိုက်၏။

တုန့်ဟွားနှင့် တုန့်ချင်းတို့က ကုဟွားကို မြင်းလှည်းပေါ်မှ ဆင်းရန် ကူတွဲပေးလိုက်ကြသည်။

ကုဟွား တုန်းမော့ကို ပြောလိုက်၏။

“နင်တို့ အိမ်တော်ကို အရင်ပြန်နှင့်လိုက်ကြပါ။ ပြီးရင် မြင်းလှည်းက ကျွန်မကို ပြန်လာကြိုရုံပါပဲ”

တုန်းမော့ မျက်မှောင်ကြုတ်လိုက်သည်။

“အစ်မကျိုးက မမလေးကို ကာကွယ်ပေးဖို့ ကျွန်တော့်ကို အမိန့်ပေးထားတာပါ”

ကုဟွားက ပြုံးလိုက်မိသည်။

“နေ့ခင်းကြောင်တောင်ကြီး လမ်းမပေါ်မှာ ဘာအန္တရာယ် ကြုံနိုင်မှာလဲ။ ပြီးတော့ တုန့်ဟွားလည်း ရှိနေတာပဲလေ။ လူအများကြီး လိုက်လာတာက ပိုပြီးတော့ လူတွေရဲ့အာရုံစိုက်မှုကို ခံနေရမယ်”

အားကိုးရာမဲ့စွာ တုန်းမော့ ကုဟွား လင်းလန်ဆောင်အတွင်းသို့ ဝင်ရောက်သွားသည်ကိုသာ ငေးစိုက်ကြည့်နေမိ၏။

လင်းလန်ဆောင်မှ အစေခံမိန်းကလေး ကုဟွားကို မြင်တွေ့လိုက်ရချိန်၌ ဖော်ရွေစွာ ဖိတ်ခေါ်လိုက်သည်။

“မမလေးဟွား... ဆိုင်ရှင်ချိုး အခု ခရိုင်မင်းသမီးကျန်းကို ဧည့်ခံနေတာမို့လို့ ခဏလောက် စောင့်ပေးပါလားရှင်”

ကုဟွား ကြောင်အမ်းသွား၏။

‘သူနဲ့ ဘာလို့ ထပ်ဆုံရပြန်တာလဲ’

မြို့စားအိမ်တော်၏ ဒုတိယမြောက် တရားဝင်ဇနီး ဖြစ်လာရန် အလားအလာ အလွန်များပြားနေသော အမျိုးသမီးကို ကုဟွားက ရန်မစချင်ပေ။

“ဆိုင်ရှင်ချိုး အလုပ်ရှုပ်နေတာဆိုရင်တော့ ကျွန်မ မနှောင့်ယှက်တော့ပါဘူးလေ။ နောက်ရက်မှပဲ ပြန်လာခဲ့ပါ့မယ်”

ကုဟွားက တုံ့ဆိုင်းမနေဘဲ လှည့်ထွက်ရန် ပြင်လိုက်၏။

“အဲဒီနေရာမှာတင် ရပ်လိုက်စမ်း”

မာနထောင်လွှားနေသော အမိန့်ပေးသံတစ်ခု ထွက်လာခဲ့သည်။

ကုဟွား ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး သူမ၏ နုနယ်သော မျက်ခုံးအစုံက အနည်းငယ် တွန့်ချိုးသွားခဲ့ရ၏။

‘သေချာပေါက် မျက်နှာချင်းဆိုင်ကြရတော့မယ်ပေါ့လေ’

သို့သော် သူမ မကြောက်ရွံ့ပါချေ။

ကုဟွား ပြန်လှည့်ကြည့်လိုက်ချိန်တွင် မောက်မာလှသော အမျိုးသမီး သုံးဦးကို တည့်တည့်မတ်မတ် ရင်ဆိုင်လိုက်ရသည်။

ကျန်းရော့ရှီး၏ မျက်ဝန်းအစုံက တောက်ပသွား၏။

ဤနေရာတွင် ကုဟွားနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

‘ရန်သူနဲ့ လမ်းကျဉ်းလေးထဲမှာ ထိပ်တိုက်ဆုံရတယ် ဆိုတာ ဒါမျိုးဖြစ်လိမ့်မယ်ထင်တယ်’

သူမက ချမ်ဖေးကျူးကို စကားပြောရန် ပြင်ဆင်လိုက်ချိန်၌ပင် ထင်မှတ်မထားဘဲ ချမ်ဖေးကျူးက အရူးမတစ်ဦးကဲ့သို့ ပြေးထွက်သွားပြီး ကုဟွား၏ ဆံပင်ကို အတင်းဆွဲကိုင်ရန် လက်လှမ်းလိုက်၏။

ကုဟွား အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး အမြန်ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်း၌ပင် တုန့်ဟွား ရှေ့သို့ အမြန်တက်လာခဲ့ပြီး လက်ကိုမြှောက်ကာ သူမကို အရှိန်ဖြင့် တွန်းထုတ်ပစ်လိုက်၏။

တုန့်ချင်းကလည်း ကုဟွား၏ ရှေ့မှ ကာကွယ်ပေးရန် အတူတူ ဝင်ရောက်လာခဲ့သည်။

“ရှင် ဘာလုပ်တာလဲ”

“ရိုင်းစိုင်းလိုက်တာ။ နိမ့်ကျတဲ့ အစေခံမကများ... အရာရှိကတော်ကို တွန်းထုတ်ရဲတယ်ပေါ့လေ”

ကျန်းရော့ရှီး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော်လည်း မျက်နှာထားကို အေးစက်စွာ ထိန်းထားလိုက်၏။

“လာကြစမ်း။ အထက်တန်းလွှာကို စော်ကားတဲ့ ဒီနိမ့်ကျတဲ့ အစေခံမကို အပြင်ကို ဆွဲထုတ်ပြီး သေတဲ့အထိ ရိုက်နှက်လိုက်ကြ”

ကျန်းမိသားစု၏ အစေခံများက တုန့်ဟွားကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာကြသော်လည်း တုန့်ဟွားက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပစ်လိုက်၏။

ကုဟွား ရှေ့သို့ အမြန်တိုးလိုက်ပြီး တုန့်ဟွားကို သူမ အနောက်သို့ ဆွဲခေါ်ကာ ကျယ်လောင်စွာ အော်လိုက်၏။

“ခရိုင်မင်းသမီး... တုန့်ဟွားက မြို့စားမင်းရဲ့လူပါ။ မင်းသမီးအနေနဲ့ သူ့ကို သေတဲ့အထိ ရိုက်နှက်ဖို့ ကြံစည်နေတာက သင့်တော်ပါ့မလား”

“နင်က ဘာကောင်မမို့လို့ ဒီခရိုင်မင်းသမီးကို လာရောက်တားဆီးရဲရတာလဲ”

ကျန်းရော့ရှီး လက်ကို မြှောက်လိုက်ပြီး ကုဟွား၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချပစ်လိုက်၏။

ထိုရိုက်ချက်ကြောင့် ကုဟွား၏ ခေါင်းတစ်ခုလုံး မူးနောက်သွားခဲ့ရပြီး အမြင်အာရုံများပင် ဝေဝါးသွားခဲ့ရသည်။

ချမ်ဖေးကျူးကလည်း အပြေးအလွှား ရောက်ရှိလာခဲ့ပြီး ကုဟွား၏ ခေါင်းပေါ်ရှိ ကျောက်စိမ်းဆံထိုးကို အတင်းအကြပ် လုယူပစ်လိုက်၏။

စိုးရိမ်ပူပန်သွားကြသော တုန့်ဟွားနှင့် တုန့်ချင်းတို့က ကုဟွားကို သူမတို့၏ နောက်၌ ကာကွယ်ထားရန် ကြိုးစားကြသော်လည်း ကုဟွား သူမတို့၏ လက်များကို တင်းကျပ်စွာ ဆွဲကိုင်ထားပြီး ရှေ့သို့ ထပ်မတိုးရန် တားဆီးလိုက်၏။

ယခုအချိန်တွင် သူမအနေဖြင့် ကျန်းမိသားစုကို ပြစ်မှားစော်ကားရန် မသင့်တော်ချေ။

တုန့်ဟွားနှင့် အခြားသူများက မြို့စားအိမ်တော်မှ ဖြစ်ကြသော်လည်း အစေခံများသာ ဖြစ်ကြသဖြင့် ကျန်းမိသားစုကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းဖြင့် သူတို့ အသက်ကို ဆုံးရှုံးရသည်အထိ မထိုက်တန်ချေ။

ဆံထိုးကို လုယူသွားခဲ့သော အမျိုးသမီးကို ကြည့်ပြီး ကုဟွား ရုတ်တရက် သဘောပေါက်သွား၏။

ဖြစ်နိုင်သည်မှာ...

All Chapters