← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း(၁၀၉)

ကုဟွား သက်ပြင်းတစ်ချက် အသာချလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးကာ အရိုအသေပြုလိုက်၏။

“ညီမလေးကုဟွား ဝမ်းကွဲယောင်းမကို ဂါရဝပြုပါတယ်။ ဒီအစေခံမလေး နှစ်ယောက်က မြို့စားအိမ်တော်ကနေ ညီမကို လုပ်ကျွေးပြုဖို့ လွှတ်ထားတဲ့သူတွေမို့လို့ ဝမ်းကွဲယောင်းမကို မမှတ်မိကြလို့ပါ။ သူတို့ရိုင်းစိုင်းမိမှုကို ဝမ်းကွဲယောင်းမအနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

“တကယ်လို့ ဝမ်းကွဲယောင်းမ စိတ်မကျေသေးဘူးဆိုရင်လည်း ညီမကိုပဲ ရိုက်နှက်ပြီး စိတ်ပြေအောင် လုပ်လိုက်ပါ။ မိသားစုဝင်အချင်းချင်းမို့လို့ ညီမ ဝမ်းကွဲယောင်းမအပေါ် ဘယ်တော့မှ အပြစ်မြင်မှာ မဟုတ်ပါဘူး”

ချမ်ဖေးကျူး ဒေါသထွက်နေသော်လည်း အသိစိတ် ကျန်ရှိနေဆဲဖြစ်သည်။

မြို့စားအိမ်တော်၏ အစေခံများက အလွယ်တကူ ပြစ်မှား၍ရသောသူများ မဟုတ်ပေ။ ၎င်းအပြင် ကုအိမ်တော်ကလည်း မှူးမတ်အိမ်တော်ဖြစ်ပြီး သူမက ပိုင်ရိ၏ ဝမ်းကွဲညီမ ဖြစ်နေပြန်သည်။

အခြေအနေကို သေချာမသိရသေးဘဲနှင့် လက်လွန်ခြေလွန်လုပ်ရန် မသင့်တော်လှချေ။

သူမက လေသံကို နှိမ့်ကာ မေးမြန်းလိုက်၏။

“ဒီဆံထိုးကို ပိုင်ရိက နင့်ကို ပေးလိုက်တာလား”

ပိုင်ရိ သူမကို ပြောပြစဉ်က ထိုဆံထိုးကို သွားရောက်ဝယ်ယူချိန်တွင် ရောင်းထွက်သွားခဲ့ပြီဖြစ်၍ တန်ဖိုးတူညီသော အခြားဆံထိုးတစ်ခုကိုသာ မွေးနေ့လက်ဆောင်အဖြစ် ရွေးချယ်ပေးခဲ့သည်ဟု ဆိုခဲ့သည်။

သို့သော် ယခုတွင် ထိုဆံထိုးက ပိုင်ရိနှင့် ရင်းရင်းနှီးနှီး ပြုံးရွှင်စွာ စကားပြောနေခဲ့သည့် ဤမြေခွေးမ၏ ဆံပင်ထက်တွင် ရောက်ရှိနေ၏။

သူမ ကျန်းရော့ရှီး၏ စကားများကို ယခုမှ ပို၍ ယုံကြည်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျန်းရော့ရှီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီး မီးလောင်ရာလေပင့်လိုက်၏။

“ချစ်သက်လက်ဆောင်တောင် ပေးထားတာပဲ။ ပိုင်သခင်လေး သူ သစ္စာဆိုထားတာကို ဖျက်ပြီး ကိုယ်လုပ်တော် ယူတော့မလို့လား”

“သူ မလုပ်ရဲပါဘူး”

ချမ်ဖေးကျူး၏ ဒေါသက ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသည်။

ကုဟွားက ချိုသာစွာ ပြောလိုက်၏။

“ဝမ်းကွဲအစ်ကိုပိုင်က သစ္စာဖျက်မဲ့လူမျိုးလားရှင်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဝမ်းကွဲအစ်ကိုက နန်းတွင်းစာမေးပွဲကြီးမှာ အဆင့်ငါးဆယ့်ရှစ် ရရှိခဲ့တာပါ။ အရာရှိလုပ်သက် ငါးနှစ်အတွင်းမှာ သူ့ဂုဏ်သိက္ခာကို တန်ဖိုးထား ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ခဲ့တာလေ။ ဝမ်းကွဲယောင်းမကိုယ်တိုင်လည်း အစ်ကို့ရဲ့ ဒီလိုမျိုး ကိုယ်ကျင့်တရားကောင်းတွေကို တန်ဖိုးထားလို့ပဲ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား”

“ဇနီးမောင်နှံအချင်းချင်းရဲ့ သံယောဇဉ်အတိမ်အနက်ကို ကာယကံရှင်တွေပဲ သိနိုင်တာပါ။ ဝမ်းကွဲအစ်မအနေနဲ့ သူတစ်ပါးရဲ့ တိုက်တွန်းသွေးထိုးမှုလေးတစ်ခုကြောင့်နဲ့ ကိုယ့်ရဲ့ ခံစားချက်အပေါ် သံသယဝင်တော့မလို့လားဟင်”

ကုဟွား၏ မြှောက်ပင့်ချီးကျူးစကားများကြောင့် ချမ်ဖေးကျူးက သူမကိုယ်သူမ အလေးအမြတ်ထားခံရသည်ဟု ခံစားလိုက်ရပြီး ရင်ထဲရှိ ဒေါသများကလည်း အလိုလိုပင် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ရ၏။

“ဒါဆိုရင် ဒီကျောက်စိမ်းဆံထိုး ကိစ္စကိုရော နင် ဘယ်လို ရှင်းပြမလဲ”

ကျန်းရော့ရှီး ဤမျှဖြင့် လက်မလျှော့ချင်သဖြင့် ချမ်ဖေးကျူး၏ လက်ထဲမှ ကျောက်စိမ်းဆံထိုးကို အတင်းလုယူလိုက်ပြီး ကုဟွား၏ မျက်နှာဆီသို့ ချိန်ရွယ်ကာ မေးမြန်းလိုက်သည်။

“ဒီကျောက်စိမ်းဆံထိုးက မြို့စားမင်းကိုယ်တိုင် လာရောက်ရွေးချယ်ပြီး ယူဆောင်သွားခဲ့တာပါ”

ဆိုင်ရှင်ချိုး ပြတ်သားပြီး သာယာသော အသံနှင့်အတူ လူအများကြားသို့ လျှောက်လှမ်းဝင်ရောက်လာသည်။

ကုဟွား ဆိုင်ရှင်ချိုး ဤကဲ့သို့ ဝင်ရောက်စေ့စပ် ဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

၎င်းက သူမ ယခုလေးတင် တွေးတောထားခဲ့သော ဆင်ခြေဖြစ်သော်လည်း ဆိုင်ရှင်ချိုး၏ နှုတ်ထွက်စကား ဖြစ်နေသဖြင့် အလေးအနက် တန်ဖိုးချင်း ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

ဆိုင်ရှင်ချိုး ချမ်ဖေးကျူးကို အရိုအသေပြုလိုက်သည်။

“သခင်မပိုင်... တကယ်ပဲ အားနာရပါတယ်ရှင်။ အဲဒီနေ့က အရာရှိပိုင် ကျောက်စိမ်းဆံထိုး လာရောက်ရွေးချယ်ချိန်မှာ ကျွန်မက သူ့ကို ကြိုတင်အကြောင်းကြားခဲ့ပြီး ပိုပြီးတော့ တန်ဖိုးကြီးမားတဲ့ တခြားကျောက်စိမ်းဆံထိုးတစ်ခုကို ရွေးချယ်ပေးလိုက်တာပါ”

ချမ်ဖေးကျူး အလွန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။

သူမက ကျန်းရော့ရှီး၏ လက်ထဲမှ ကျောက်စိမ်းဆံထိုးကို အလျင်အမြန် လုယူလိုက်ပြီး ကုဟွားထံသို့ ပြန်လည်ကမ်းပေးလိုက်၏။

“ညီမလေး... ဝမ်းကွဲယောင်းမ စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့မိတယ်...”

သို့သော် ကုဟွားက ထိုကျောက်စိမ်းဆံထိုးကို ပြန်လည်တွန်းထုတ်လိုက်သည်။

“ဝမ်းကွဲယောင်းမ... ညီမက သူတစ်ပါး အသည်းစွဲဖြစ်နေတဲ့ အရာကို လုယူမဲ့လူစားမျိုး မဟုတ်ပါဘူး။ ဝမ်းကွဲယောင်းမက သဘောကျနေမှတော့ ဒါကို ညီမတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း လက်ဆောင်အဖြစ်ပဲ သဘောထားပြီး လက်ခံပေးပါ”

ချမ်ဖေးကျူး၏ မျက်နှာလေးက နီမြန်းသွား၏။

“ဒါကို အစ်မက ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ”

ကျန်းရော့ရှီးက ထိုကျောက်စိမ်းဆံထိုးကို ပြန်လုယူလိုက်ပြီး ကြမ်းပြင်ထက်သို့ ရက်ရက်စက်စက် လွှင့်ပစ်လိုက်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ခွမ်း...

စူးရှသောအသံနှင့်အတူ ထိပ်တန်းအရည်အသွေးရှိသော ထိုကျောက်စိမ်းဆံထိုးလေး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရသည်။

ရောက်ရှိနေကြသူ အားလုံးလည်း ခဏတာမျှ ကြောင်အမ်းသွား၏။

ဆိုင်ရှင်ချိုး၏ မျက်နှာထား ချက်ချင်းပင် ဆိုးရွားသွားသည်။

“ခရိုင်မင်းသမီးကျန်း... ဒါက ဘာသဘောပါလဲ”

ကျန်းရော့ရှီး နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“နင်လို မြေခွေးမက ငါ့ခဲအိုကိုယ်တိုင် ရွေးချယ်ထားခဲ့တဲ့ ကျောက်စိမ်းဆံထိုးကို ဆင်မြန်းဖို့ ထိုက်တန်လို့လား”

ချမ်ဖေးကျူး၏ မျက်နှာကလည်း ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။

ဤအရာက ကုဟွားက သူမကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပိုင်ရိကို စကားလမ်းကြောင်းရှာရန်အတွက် ပြန်လည်ယူဆောင်သွားရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ကုဟွား မေးမြန်းလိုက်၏။

“ဆိုင်ရှင်ချိုး... ဒီကျောက်စိမ်းဆံထိုးက ငွေဘယ်လောက် တန်ဖိုးရှိပါသလဲ”

“ငွေသား နှစ်ထောင်ပါ”

ကုဟွား တုန့်ဟွားကို အမိန့်ပေးလိုက်၏။

“တုန့်ဟွား... အိမ်တော်ကို အခုပဲ ပြန်ပြီးတော့ စီမံခန့်ခွဲသူကျိုးကို လူတစ်ယောက် စီစဉ်ခိုင်းလိုက်ပါ။ ကျန်းမိသားစုဆီ သွားပြီး ကျောက်စိမ်းဆံထိုး တန်ဖိုးလျော်ကြေးငွေကို တောင်းခိုင်းလိုက်”

တုန့်ဟွား ကျယ်လောင်စွာ ပြောကြားလိုက်၏။

“ဟုတ်ကဲ့ပါ မမလေး”

ကုဟွား ရင်ထဲ၌ အလွန်ပင် ကျေနပ်သွားခဲ့ရသည်။

ဤအစေခံမလေးက ရိုးရှင်းဟန်ရှိသော်လည်း အလွန်အမင်း ထက်မြက်လှပြီး သူမနှင့် မည်သို့ လက်တွဲလုပ်ဆောင်ရမည်ကို ကောင်းစွာ နားလည်ထားသည်။

ကျန်းရော့ရှီး မျက်လုံးပြူးသွားရသည်။

“နင်က ငါ့ဆီကနေ လျော်ကြေးငွေ တောင်းရဲတယ်ပေါ့လေ”

ကုဟွားက အံ့ဩသွားဟန်ဖြင့်ပြောလိုက်သည်။

“ခရိုင်မင်းသမီးအနေနဲ့ သူတစ်ပါးရဲ့ ပစ္စည်းကို ပျက်စီးစေရင် လျော်ကြေးပေးရမယ်ဆိုတဲ့ အခြေခံသဘောတရားကို မသိဘူးလား။ နန်းတွင်း ဆွေတော်မျိုးတော်တွေက ကျင့်ဝတ်နဲ့ ဆုံးမသွန်သင်မှုတွေကို အလေးအမြတ် ထားကြတာလေ။ မင်းသမီးအနေနဲ့ ‘အမျိုးသမီးကျင့်ဝတ်’ နဲ့ ‘အမျိုးသမီးစည်းကမ်း’ တွေကို သေချာပေါက် သင်ကြားဖူးမှာပေါ့နော်...ဟုတ်တယ်မလား။ ဒါမှမဟုတ် မင်းသမီးက စာမတတ်ဘဲ ကျင့်ဝတ်တွေကို လုံးဝ နားမလည်တာလားဟင်”

ဤစကားက ဆဲရေးတိုင်းထွာခြင်း မပါသော်လည်း ကျန်းမိသားစုတွင် အဆုံးအမ မရှိကြောင်း တိုက်ရိုက်ပင် စောင်းမြောင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နင်...”

ကျန်းရော့ရှီး အလွန်အမင်း ဒေါသထွက်သွားပြီး နားရွက်ဖျားများပင် နီရဲလာခဲ့ရ၏။

ကုဟွားက သူမ စကားကို ဖြတ်ပြောလိုက်သည်။

“တကယ်လို့ ခရိုင်မင်းသမီးက လျော်ကြေးငွေ မပေးချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒါဆိုရင် ဆိုင်ရှင်ချိုးကိုပဲ တန်ဖိုးတူညီတဲ့ တခြားကျောက်စိမ်းဆံထိုးတစ်ခုကို ကျွန်မရဲ့ ဝမ်းကွဲယောင်းမအတွက် ရွေးချယ်ပေးခိုင်းလိုက်ပြီး အဲဒီငွေတောင်းခံလွှာကို ပိုင်မိသားစုဆီ ပို့ခိုင်းလိုက်ပါ့မယ်။ ဒါမှမဟုတ် ခရိုင်မင်းသမီးကျန်းကိုယ်တိုင် မြို့စားမင်းဆီ သွားပြီး ကျောက်စိမ်းဆံထိုးကို ခွဲပစ်ခဲ့တဲ့အကြောင်း သွားပြောပြလိုက်မလားဟင်”

ကျန်းရော့ရှီး ချမ်မိသားစုကို မကြောက်ရွံ့သော်လည်း ဆိုင်ရှင်ချိုးကို ကြောက်ရွံ့မိသည်။

သူမ လူမျက်နှာထက် ငွေမျက်နှာကိုသာ ကြည့်တတ်သူအဖြစ် နာမည်ကျော်ကြားလှသည်။

မြို့တော်တစ်ခုလုံးရှိ မည်သည့်အထက်တန်းလွှာအိမ်တော်မျှ သူမထံ၌ အကြွေးမတင်ရဲကြချေ။ မဟုတ်ပါက လူများခေါ်ပြီး စည်တီးကာ အိမ်တော်ရှေ့ထိ လာရောက်အကြွေးတောင်းပေလိမ့်မည်။

မည်သည့် အထက်တန်းလွှာ မိသားစုမှ ဤမျှအထိ သိက္ခာအကျမခံနိုင်ကြချေ။

၎င်းထက် ပိုဆိုးရွားသည်မှာ ယုံမြို့စားမင်းကြီး ဤကိစ္စကို သိရှိသွားပြီး သူမ၏ မောက်မာရိုင်းစိုင်းသော အပြုအမူများအပေါ် မုန်းတီးသွားမည်ကို သူမ ပိုမို၍ ကြောက်ရွံ့မိသည်။

“ခရိုင်မင်းသမီးက လျော်ကြေးပေးရမဲ့ အကြောင်းမရှိပါဘူး။ ညီမလေးပဲ ဒီလက်ဆောင်ကို လက်ခံလိုက်ပါတော့”

ချမ်ဖေးချင် အခြေအနေကို အလျင်အမြန် ဝင်ရောက်စေ့စပ်ပေးလိုက်၏။

“ညီမလေး... သဘောတူတယ်မလား”

ချမ်ဖေးကျူး ရင်ထဲ၌ ဒေါသထွက်နေသော်လည်း သူမ တရားဝင်အစ်မကြီးနှင့် ခရိုင်မင်းသမီးကျန်းတို့ကို မပြစ်မှားရဲသဖြင့် ဒေါသကိုသာ မြိုချလိုက်ရသည်။

“ဒါကတော့ သေချာပေါက်ပေါ့ရှင်”

ချမ်ဖေးကျူး ကုဟွားကို တောင်းပန်စကား ဆိုလိုက်၏။

“အခြေအနေတွေကို သေချာမရှင်းလင်းခဲ့မိတာ ဝမ်းကွဲယောင်းမရဲ့ အမှားပါပဲ။ ဒီကျောက်စိမ်းဆံထိုးကို ဝမ်းကွဲယောင်းမက လက်ခံလိုက်ပါပြီ။ ညီမလေးလည်း စိတ်မဆိုးနဲ့တော့နော်”

ကုဟွားကလည်း ကိစ္စရပ်များကို ပို၍ မကြီးလာစေချင်ပေ။

မည်သို့ပင်ဖြစ်စေ ထိုကျောက်စိမ်းဆံထိုးအတွက် သုံးစွဲခဲ့သော ငွေများက သူမနှင့် မုကျွင်းယန်၏ ငွေများမဟုတ်ပေ။

သူမ ချမ်ဖေးကျူးကို အသာအယာ အရိုအသေပြုလိုက်သည်။

“ဝမ်းကွဲယောင်းမ အားလပ်တဲ့အချိန်ကျရင် ယုံမြို့စားအိမ်တော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ညီမလေးက လက်ဖက်ရည်နဲ့ ဧည့်ခံပါ့မယ်”

ချမ်ဖေးကျူး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရ၏။

“သေချာပေါက် လာခဲ့ပါ့မယ်”

အကယ်၍ သူမအနေဖြင့် ကုဝမ်ရုနှင့် ဆုံတွေ့ခွင့်ရပြီး ပိုမိုရင်းနှီးသွားခဲ့မည်ဆိုလျှင် ခင်ပွန်းဖြစ်သူကို ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

ကျန်းရော့ရှီး ဒေါသထွက်သွား၏။

အခန်း(၁၁၀)

ယုံမြို့စားအိမ်တော်၏ အနာဂတ် သခင်မကြီး ဤနေရာတွင် ရှိနေသော်လည်း အပြင်လူနှစ်ယောက်က သူမကို လျစ်လျူရှုပြီး မြို့စားအိမ်တော်၌ လက်ဖက်ရည်သောက်ရန် ချိန်းဆိုနေကြသည်။

သူမ ပေါက်ကွဲတော့မည်ကို မြင်တွေ့လိုက်ရချိန်တွင် ချမ်ဖေးချင် သူမ၏ လက်မောင်းကို အလျင်အမြန်ပင် ဆွဲကိုင်လိုက်သည်။

“ဆိုင်ရှင်ချိုး... ရော့ရှီးအတွက် မြို့စားအိမ်တော်က သခင်မအိုကြီးရဲ့ မွေးနေ့လက်ဆောင်အဖြစ် သန့်စင်လှပတဲ့ ကျောက်စိမ်းကွမ်ရင်မယ်တော်ရုပ်တုတစ်ခုကို ရွေးချယ်ပေးပါဦးရှင်”

ဆိုင်ရှင်ချိုးကလည်း သူမ ဆိုင်အတွင်း၌ ပြဿနာများ မဖြစ်ပွားစေချင်သဖြင့် ခေါင်းညိတ် သဘောတူလိုက်၏။

“ဒုတိယသခင်မလေးကျန်းနဲ့ ခရိုင်မင်းသမီးကျန်းတို့ စိတ်ချပါ။ ကျွန်မ ခရိုင်မင်းသမီးအတွက် မျက်နှာပန်းလှစေမဲ့ အကောင်းဆုံး ကျောက်စိမ်းကွမ်ရင်ရုပ်တုတစ်ခုကို သေချာပေါက် ရွေးချယ်ပေးပါ့မယ်”

ကျန်းရော့ရှီး ကုဟွားကို ဒေါသတကြီး စိုက်ကြည့်လိုက်မိ၏။

ချမ်ဖေးချင် ချမ်ဖေးကျူးကို မျက်စောင်းထိုးလိုက်သည်။

“မြန်မြန် သွားကြစို့။ လူကြားထဲမှာ သိက္ခာကျစရာတွေ လုပ်နေတယ်”

အဆူခံလိုက်ရသဖြင့် ချမ်ဖေးကျူး အလွန် အရှက်ရသွားပြီး ကုဟွားကို အားနာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ သူတို့နောက်သို့ အလျင်အမြန် လိုက်သွား၏။

သူတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီး ကုဟွားက ဆိုင်ရှင်ချိုးကို အားနာစွာ ဆိုလိုက်၏။

“ဆိုင်ရှင်ချိုးကို ဒုက္ခများစေမိတဲ့အတွက် အားနာပါတယ်...”

“ကိစ္စမရှိပါဘူး။ ဒါက မူလတည်းက ကျွန်မတို့ဆိုင်က ပစ္စည်းပဲလေ။ ပြီးတော့ ကျွန်မကလည်း အတင်းအဖျင်း စကားတွေ ထွက်ပေါ်မလာစေချင်ဘူး”

ဆိုင်ရှင်ချိုး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

“ဒါနဲ့ မမလေးက ဒီနေ့ ဘာလေးများ ရွေးချင်လို့ လာခဲ့တာလဲမသိဘူး”

ကုဟွား အစက သခင်မအိုကြီးအတွက် ကျောက်စိမ်းအလှဆင်ပစ္စည်းတစ်ခု ရွေးချယ်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း ကျန်းရော့ရှီး ကျောက်စိမ်းကွမ်ရင်ရုပ်တုကို ရွေးချယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ ရင်ထဲ၌ အတွေးသစ်တစ်ခု ချက်ချင်း ပေါ်လာခဲ့ရ၏။

“ဆိုင်ရှင်ချိုးဆီမှာ ပန်းပွင့်ဖတ်လေးတွေအဖြစ် ထုဆစ်လို့ရမဲ့ အကောင်းဆုံး ကျောက်စိမ်းအကျိုးအပဲ့လေးတွေ ရှိမလားဟင်”

“သခင်မအိုကြီးအတွက် လက်ဆောင်လားရှင့်”

ကုဟွားက ဆိုင်ရှင်ချိုး ချက်ချင်း ခန့်မှန်းမိသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် မျက်နှာလေး နီမြန်းသွားခဲ့ရကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။

“အမ်း... ကျွန်မဆီမှာ ငွေအများကြီး မရှိလို့ တအား တန်ဖိုးကြီးတာတွေ မဝယ်နိုင်ပါဘူး။ ခေါင်းစည်းပဝါလေးတစ်ခုကို ကိုယ်တိုင် ပန်းထိုးပြီး လှပတဲ့ ကျောက်စိမ်းပန်းပွင့်ဖတ်လေးတွေနဲ့ အလှဆင်ချင်လို့ပါ။ ဒါဆိုရင် သိပ်ပြီးတော့ မျက်နှာမငယ်ရတော့ဘူးလေ”

“ကိစ္စမရှိပါဘူး။ အကျိုးအပဲ့ သေတ္တာထဲကနေ စိတ်ကြိုက်ရွေးလိုက်ပါ။ ကျွန်မ လူတစ်ယောက် စီစဉ်ပြီး မမလေး အလိုရှိတဲ့ ပန်းပွင့်ဖတ်ပုံစံမျိုးရအောင် အခမဲ့ သွေးပေးပါ့မယ်”

ကုဟွား အံ့ဩသွား၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒါတွေက အသုံးမလိုတဲ့ အကျိုးအပဲ့လေးတွေပဲလေ။ မမလေးမှာ ရွေးချယ်နိုင်စွမ်းရှိတဲ့ အမြင်ရှိမရှိ အပေါ်မှာပဲ မူတည်ပါတယ်”

ဆိုင်ရှင်ချိုး သူမကို နောက်ဖေးခြံဝင်းအတွင်းသို့ ကိုယ်တိုင် ခေါ်ဆောင်သွားခဲ့ပြီး အခန်းတံခါးတစ်ခုကို ဖွင့်လှစ်ပေးလိုက်၏။

ထိုအခန်းအတွင်းရှိ နံရံ သုံးဖက်လုံးတွင် စင်များ ပြည့်နှက်နေခဲ့ပြီး စင်များထက်တွင် ခြင်းတောင်းများစွာ ရှိနေခဲ့သည်။

“စိတ်ကြိုက် ရွေးချယ်ပါ”

ကုဟွား ကြောင်အမ်းသွား၏။

‘ဒီလောက် အများကြီးကို ဘယ်လိုများ ရွေးရပါ့မလဲ’

ဆိုင်ရှင်ချိုး သူမကို တမင်တကာ စမ်းသပ်လိုဟန်ဖြင့် ရှေ့သို့တိုးရန် အရိပ်အယောင်ပြလိုက်သည်။

ကုဟွားကလည်း အခြေအနေအရ ရှေ့သို့ လှမ်းသွားခဲ့ရပြီး ခြင်းတောင်းတစ်ခုကို အသာအယာ မွှေနှောက်ကြည့်ရှုလိုက်သည်။

၎င်းအတွင်း၌ အမျိုးမျိုးသော ကျောက်စိမ်းအကျိုးအပဲ့များ ပြည့်နှက်နေခဲ့သော်လည်း အားလုံးမှာ အကောင်းဆုံး အရည်အသွေးများဖြစ်မှန်း သိသာလှသည်။

အချိန်အတော်ကြာအောင် ရွေးချယ်ကြည့်ရှုခဲ့သော်လည်း မျက်စိပသာဒဖြစ်စေမည့်အရာ တစ်ခုမျှ မတွေ့ရှိရသေးချေ။

သူမက အသင့်အတင့် ကောင်းမွန်သည်ဟု ထင်ရသော အရာအချို့ကိုသာ ရွေးချယ်လျက် ဘေးဘက်တွင် ဖယ်ရှားထားလိုက်၏။

ဆိုင်ရှင်ချိုးက တစ်ချက်ကြည့်ရှုလိုက်ပြီးနောက် သူမ၏ အမြင်က မဆိုးလှမှန်း သိရှိလိုက်သည်။

“အေးအေးဆေးဆေး ရွေးချယ်ပါ”

ဆိုင်ရှင်ချိုး အခန်းပြင်ပသို့ ထွက်ခွာသွားခဲ့ပြီး တုန့်ဟွားနှင့် တုန့်ချင်းတို့ကို အပြင်ဘက်၌ တားဆီးလိုက်သည်။

“သူတစ်ပါးကိုပေးမဲ့ လက်ဆောင်က ကိုယ်တိုင် စိတ်နှစ်ပြီး ရွေးချယ်မှသာ စိတ်ရင်းအမှန်ကို ပြသရာရောက်တာပါ”

တုန့်ဟွားနှင့် တုန့်ချင်းတို့လည်း တံခါးဝ၌သာ စောင့်ဆိုင်းနေလိုက်ရ၏။

သို့သော် နှစ်နာရီခွဲမျှ ကြာမြင့်သွားခဲ့သည့်တိုင်အောင် မမလေးဟွားက အပြင်သို့ ပြန်ထွက်လာခဲ့ခြင်း မရှိသေးချေ။

စိုးရိမ်ပူပန်သွားကြသဖြင့် သူမတို့နှစ်ဦး အထဲသို့ ချောင်းကြည့်လိုက်ကြသည်။

မမလေးဟွားက သူမ၏ မိန်းကလေး ဂုဏ်သိက္ခာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဂါဝန်စကို ပင့်တင်လျက် ကြမ်းပြင်ထက်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျောက်တုံးမျိုးစုံကြားတွင် နစ်မြုပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဖုန်မှုန့်များ ပြည့်နှက်နေခဲ့သည်။

ရုတ်တရက် ကုဟွား လက်ကို မြှောက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

“ရှာတွေ့ပြီ”

သူမက ဝမ်းသာအားရဖြင့် ကမန်းကတန်း ထရပ်လိုက်မိပြီး ဆိုင်ရှင်ချိုးကို သွားရောက်ရှာဖွေကာ လက်ဖဝါးကို ဖွင့်ပြလိုက်၏။

သူမ၏ ဖြူစင်လှပသော လက်ဖဝါးထက်တွင် လက်သည်းခွံအရွယ်အစားမျှရှိသော သလဲသီးရောင်ကဲ့သို့ နီရဲလှသော ကျောက်တုံးလေးများက အလွန်ပင် တောက်ပနေခဲ့ကြသည်။

ဆိုင်ရှင်ချိုး ပြုံးလိုက်မိသည်။

“ဒါတွေက ထိပ်တန်းအရည်အသွေးရှိတဲ့ ခိုသွေးကျောက်တွေပါ”

“အာ...”

ကုဟွား အာမေဍိတ်သံလေး ထွက်သွားခဲ့ရပြီး တိုးညှင်းစွာ မေးမြန်းလိုက်၏။

“တအား တန်ဖိုးကြီးတာလားဟင်”

ဆိုင်ရှင်ချိုးက ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင် ပြသထားသော ဆိုင်၏ အဖိုးတန်ဆုံး ရတနာဖြစ်သည့် ဖီးနစ်သရဖူကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီအပေါ်မှာ စီခြယ်ထားတဲ့ ပတ္တမြားတွေက ဒီဟာနဲ့ ကျောက်တုံးကြီးတစ်ခုတည်းကနေ ထွက်လာတာပါ။ ဒါပေမဲ့ ဒီအပိုင်းအစတွေက သေးငယ်လွန်းလို့ တစ်ခါမှ အသုံးမပြုခဲ့လေ”

ကုဟွား လျှာသပ်မိသွားခဲ့ရ၏။

သူမ ထင်မှတ်ထားခဲ့သည်မှာ ဤကဲ့သို့သော အကျိုးအပဲ့လေးများက အသုံးမဝင်ဟု ဖြစ်သည်။

“ဒါဆိုရင်...”

သူမ သေချာပေါက် ဝယ်ယူနိုင်စွမ်းမရှိချေ။

“ကျွန်မ မမလေးဆီကနေ ငွေမယူပါဘူး။ ဘယ်လိုပုံစံမျိုး ဖြစ်အောင် ပုံဖော်ပေးစေချင်လဲမသိဘူး”

ကုဟွား အတိုင်းထက်အလွန် ဝမ်းမြောက်သွား၏။

“ဖြစ်နိုင်မယ်ဆိုရင်တော့ သလဲသီးပန်းပွင့်ဖတ် တစ်ဆယ့်ရှစ်ပွင့်ပုံစံမျိုး ဖြစ်အောင် ထုဆစ်ပေးစေချင်ပါတယ်။ အဲဒါက တအား ခက်ခဲလောက်မလားဟင်”

“ရပါတယ်။ မနက်ဖြန်ကျရင် လူတစ်ယောက်ကို စီစဉ်ပြီး မြို့စားအိမ်တော်အထိ လာပို့ခိုင်းလိုက်ပါ့မယ်”

ဆိုင်ရှင်ချိုး အလွန်ပင် ပြတ်သားစွာ ဆိုလိုက်ပြီး သူမ၏ လက်ထဲမှ ကျောက်မြတ်ကို လှမ်းယူလိုက်၏။

ကုဟွားက ရင်ထဲ၌ ဝေဝါးလှသော ခံစားချက်များဖြင့် လင်းလန်ဆောင်မှ ထွက်လာခဲ့ပြီး မြင်းလှည်းပေါ်သို့ တက်လိုက်ကာ စဉ်းစားမရ ဖြစ်နေမိ၏။

“နင်တို့ ပြောပြစမ်းပါဦး။ ဆိုင်ရှင်ချိုးက ငါ့အပေါ် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။ အဲဒီ ကျောက်လေးတွေက သေးငယ်တယ်ဆိုပေမဲ့ တန်ဖိုးကတော့ တအားကြီးတာလေ။ ပြီးတော့ သလဲသီးပန်းပွင့်ဖတ်ပုံစံ ထုဆစ်ဖို့ကလည်း တအားခက်တာကို သူ တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့တာလေ”

တုန့်ချင်း ပြုံး၍ ဆိုလိုက်၏။

“ဘာလို့လဲဆိုတော့ ကျွန်မတို့ သခင်မအိုကြီးကိုယ်တိုင်က လင်းလန်ဆောင်ရဲ့ အစုရှယ်ယာရှင်တစ်ဦး ဖြစ်နေလို့ပါ”

“အာ...”

ကုဟွား ကြောင်အမ်းသွား၏။

တုန့်ချင်း တိုးညှင်းစွာ ရှင်းပြလာ၏။

“အပြင်လူတွေ လုံးဝမသိကြပါဘူး။ သခင်လေးတောင် သိရှိထားခြင်း မရှိပါဘူး။ အတိတ်တုန်းက ဆိုင်ရှင်ချိုး လုပ်ငန်းကို လွှဲပြောင်းရယူချိန်မှာ သူ့ရဲ့ ဘကြီးတွေ၊ ဦးလေးတွေက သူ့ကို အတင်းအကြပ် နှိပ်စက်ပြီး အမွေတွေကို လုယူဖို့ ကြိုးစားခဲ့ကြတာလေ။ အဲဒီအချိန်တုန်းက သခင်မအိုကြီးကိုယ်တိုင် ရှေ့ဆုံးကနေ ရပ်တည်ပြီး သူ့ကို ကာကွယ်ပေးခဲ့တာ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ဆိုင်ရှင်ချိုးက လုပ်ငန်းရဲ့ အစုရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကို သခင်မအိုကြီးဆီ ပေးခဲ့တာပါ”

တုန့်ဟွားကလည်း ထပ်မံဖြည့်စွက်လိုက်၏။

“တုန့်ချင်းက အရင်တုန်းက အစ်မကျိုးရဲ့နောက်ကို လိုက်ခဲ့ရတာလေ”

ကုဟွား ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး အချိန်အတော်ကြာအောင် စကား ပြန်မပြောနိုင်တော့ချေ။

သူမ သခင်မအိုကြီး၏ ပိုင်ဆိုင်မှုပစ္စည်းများကို အသုံးပြု၍ သူမကိုပင် လက်ဆောင်ပြန်ပေးရန် ပြင်ဆင်နေမိခြင်း ဖြစ်သည်။

‘ဟူး... လက်ဆောင်ပေးချင်တာတောင် ငွေမရှိတာက တကယ်ပဲ လူကို ရင်ပူစေတယ်’

ကုဟွား ရင်ထဲ၌ ငွေများများ ရှာလိုသော ဆန္ဒများမှာ ယခင်ကထက် ပိုမို၍ ပြင်းပြလာ၏။

ကုဟွား မြို့စားအိမ်တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကျင်းရှို့ဆောင်သို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့၏။

သူမကို မြင်လိုက်ရချိန်တွင် ကုဝမ်ရု၏ မျက်ဝန်းအစုံက တောက်ပသွားခဲ့ရသည်။

“ငွေ ရခဲ့လား”

ကုဟွား ငွေလက်မှတ်ကို သူမထံ ပေးအပ်လိုက်သည်။

“ရခဲ့ပါတယ်”

ကုဝမ်ရုသည် ငွေလက်မှတ်ကို လှမ်းယူလိုက်ပြီး ဝမ်းမြောက်ဝမ်းသာဖြင့် အကြိမ်ကြိမ် ရေရွတ်လိုက်၏။

“ကောင်းတယ်... ကောင်းတယ်... တကယ် တအားကောင်းတယ်”

“ကျင်းခွေ့... သခင်လေးဆီ အခုချက်ချင်းသွားပြီး ဒီငွေငါးသောင်းတန် လက်မှတ်ကို သွားပေးလိုက်စမ်း။ ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ဒီကိုရောက်အောင်လာခဲ့ဖို့ ပြောလိုက်။ ငါ့မှာ ပိုပြီးတော့ ငွေအများကြီးရှာနိုင်မဲ့ နည်းလမ်းရှိလို့ လူချင်းတွေ့ပြီး စကားပြောချင်တယ်လို့ သွားပြောလိုက်”

ကျင်းခွေ့က ခေါင်းကို အသာငုံ့လျက် ငွေလက်မှတ်ကို လှမ်းယူလိုက်သော်လည်း ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။

ထိုငွေငါးသောင်းကိစ္စက ကုဟွား ဖန်တီးပေးထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သခင်လေးက အကြောင်းရင်းကို အသေးစိတ် မေးမြန်းလာခဲ့လျှင် သူမ မုသားစကားများ ပေါ်သွားနိုင်သည်။

သူမ ကုဝမ်ရုရှေ့တွင် တစ်စုံတစ်ရာ အမှားအယွင်း ပြမိသွားမည်ကို စိုးရိမ်သဖြင့် ကုဟွားကိုပင် မော့မကြည့်ရဲချေ။

ကုဟွား သူမ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။

“ကျင်းခွေ့... အပြင်ကို အရင်ထွက်နှင့်လိုက်ပါ”

ကျင်းခွေ့က အလိုက်တသိပင် အခန်းပြင်သို့ ထွက်သွားခဲ့ပြီး တံခါးကို ပြန်ပိတ်ပေးလိုက်၏။

ကုဟွား သူမ၏ လေသံကို တိုးလိုက်သည်။

“အစ်မ... ဒီငွေငါးသောင်းတန်လက်မှတ်ကို သခင်လေးဆီ ပေးပြီးတဲ့နောက်မှာ သူက အစ်မကို ငွေရှာပေးနိုင်တဲ့လူလို့ သေချာပေါက် ယုံကြည်သွားပါလိမ့်မယ်။ အခုတစ်ခေါက် စစ်တပ် ရိက္ခာပစ္စည်း ထောက်ပံ့ခွင့်က နန်းတွင်း မိန်းမစိုးဌာနရဲ့ မိန်းမစိုးချုပ်ကြီး ကိုယ်တိုင် စိစစ်ပြီး အစီရင်ခံရမှာပါ။ သခင်လေးကလည်း အဲဒီမိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားနဲ့ ဆက်ဆံရေး အရမ်းကောင်းတာလေ။ ညီမ ဒီနေ့ အပြင်ထွက်တုန်းက အစ်မအတွက် သေချာစုံစမ်းပေးခဲ့လို့ သိလိုက်ရတာတစ်ခုရှိပါတယ်။ အဲဒီမွေးစားသားက မိန်းမလိုက်စားတတ်တဲ့လူဖြစ်ပြီး ထူးဆန်းတဲ့အကြိုက်တွေ ရှိတတ်တယ်တဲ့။ တကယ်လို့ အစ်မက သခင်လေးကို နုပျိုချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ကြိုတင်ပြင်ဆင်ပြီး သွားရောက်လက်ဆောင်ပေးဖို့ သတိပေးလိုက်မယ်ဆိုရင် ဒီကိစ္စက သေချာပေါက် အောင်မြင်နိုင်ပါတယ်”

ကုဝမ်ရု အံ့ဩသွား၏။

“နင် ဒါကို ဘယ်လိုလုပ် သိတာလဲ”

ကုဟွား မျက်နှာအမူအရာလည်း မပျက်၊ နှလုံးခုန်သံလည်း မမြန်ဘဲ တည်ငြိမ်အေးဆေးစွာပင် ပြောလိုက်၏။

“ဒီနေ့ ဝမ်းကွဲအစ်ကိုပိုင်နဲ့ တွေ့တုန်းက အစ်မအတွက် ဒီကိစ္စကို ဘယ်သူ့ဆီကနေတစ်ဆင့် ဖြတ်သန်းလုပ်ဆောင်ရမလဲဆိုတာ ညီမက မေးကြည့်ခဲ့တာပါ။ ဝမ်းကွဲအစ်ကိုပိုင် ပြောပြလို့ သိလာရတာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်မလည်း ဒီလူ့အကြောင်း ကောလာဟလတချို့ ကြားဖူးထားတယ်မလား။ တကယ်လို့ အစ်မ မယုံဘူးဆိုရင်လည်း နောက်မှ အထိန်းတော်ချန်ကို အပြင်လွှတ်ပြီး ကိုယ်တိုင် စုံစမ်းခိုင်းကြည့်လို့ ရပါတယ်”

ကုဝမ်ရု ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် သံသယ ဖြစ်နေဆဲဖြစ်သဖြင့် နောက်မှ အထိန်းတော်ချန်ကို အပြင်လွှတ်၍ စုံစမ်းခိုင်းရန် ပြင်ဆင်လိုက်၏။

အကယ်၍ ကုဟွား ပြောသည်က အမှန်ဖြစ်ပြီး သူမအနေဖြင့် မုအန်းကို သတိပေးကာ ဤကိစ္စ အောင်မြင်သွားခဲ့မည်ဆိုလျှင် သူက သူမကို အားကိုးထိုက်ပြီး အလိုက်သိတတ်သူအဖြစ် သေချာပေါက် သတ်မှတ်သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့ဇနီးမောင်နှံ၏ ဆက်ဆံရေးကိုလည်း သေချာပေါက် ပြန်လည်ကုစားနိုင်မည် ဖြစ်သည်။

ကုဟွား ကုဝမ်ရု၏ ယုံတစ်ဝက်မယုံတစ်ဝက် သံသယ ဖြစ်နေသော မျက်နှာထားကို ကြည့်ရှုပြီး ရင်ထဲ၌ စကားလုံးဖြင့် ဖော်ပြ၍မရသော ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့ရ၏။

‘အတိတ်ဘဝတုန်းက ပေးဆပ်ခဲ့ရတာက ငါလေ။ အဲဒီတိရစ္ဆာန်ကောင်က စိတ္တဇဆန်ဆန် နှိပ်စက်တတ်တဲ့ကောင်မို့လို့ ငါ့ကို အသက်ရှူရုံလေးပဲ ကျန်တော့တဲ့အထိ နှိပ်စက်ညှဉ်းပန်းခဲ့တာ။ ဒါကို နင်နဲ့ မုအန်းက ငါ့ကို ကျောက်ချွန်းဥယျာဉ်ထဲမှာပဲ ပစ်ထားပြီး အသေခံခိုင်းခဲ့ကြတာလေ။ ပြည့်တန်ဆာအိမ်က သခင်မသာ သူ့ဆိုင်မှာ လူသေမှာစိုးလို့ ငါသောက်ဖို့အတွက် ဆေးကြိုခိုင်းပြီး ဒဏ်ရာတွေကို ဆေးထည့်ပေးခဲ့လို့သာ အသက်မသေဘဲ အနိုင်နိုင် အသက်ရှင်ခဲ့ရတာ။ ပြီးတော့ နင်က ယန်ကျစ်ကို ကျောက်ချွန်းဥယျာဉ်ဆီ လွှတ်ပြီး ငါ သေ မသေ လာကြည့်ခိုင်းလိုက်သေးတယ်။ မထင်မှတ်ဘဲ ငါ အသက်ရှင်နေတာကို တွေ့တော့မှ မြို့စားအိမ်တော်ကို ပြန်ခေါ်လာပြီး ငါ့ကို ထပ်အသုံးချပြီး နှိပ်စက်ခဲ့ကြတာလေ’

ယခု ပြန်တွေးမိသည့်တိုင်အောင် ကုဟွား ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် တုန်ယင်နေဆဲ ဖြစ်သည်။

သူမ အလွန်ပင် သိချင်မိသွား၏။

ယခုဘဝတွင် သူမက ကုဝမ်ရု၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်နိုင်ခဲ့ပြီး ယန်ကျစ်ကလည်း “သေဆုံး” သွားခဲ့ပြီ ဖြစ်သည်။

‘ကုဝမ်ရု မုအန်းကို ဘယ်မိန်းကလေးကို စတေးခိုင်းဖို့အတွက် တွန်းအားပေးလောက်လဲ’

All Chapters