အခန်း (၂၆၃၃-၂၆၃၄)
Vol. 264 Ch. 2633-2634
အခန်း (၂၆၃၃) - သူတော်စင်ဧကရာဇ်၏ သွေး
ဖန့်ချန်၏ စကားသံဆုံးပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင်များမှာ တစ်ဦးပြီးတစ်ဦး အသာအယာ ထလာကြသည်။
သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသော်လည်း ချက်ချင်းပင် အကြည့်လွှဲလိုက်ကြပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေကြသည်။
“ဖန့်ချန်၊ မင်းကြောင့် စီကုကျူး စစ်ဆေးမှု ကျရှုံးပြီး အသက်စွမ်းအင် တစ်ခု ဆုံးရှုံးသွားရတာ၊ ဒီတာဝန်ကိုတော့ မင်းယူရမယ်။”
ပြောလိုက်သူမှာ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ဖြစ်ပြီး ဖန်ရုကန်ကို တစ်ခါက လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုမှ ဖန်ကျွယ် သူတော်စင်ကြီးကို သူက ‘ဘိုးဘေးကြီး’ ဟု ခေါ်ရမည်ဟု ပြောခဲ့ဖူးသူဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူ၏ မျက်နှာပေါ်၌ ထိုခေါင်းမော့ ရင်ကော့နိုင်သည့်၊ မိမိကိုယ်ကိုယ် အထွတ်အထိပ်ဟု ထင်မှတ်နေသည့် ဟန်ပန်မျိုး မရှိတော့ပေ။ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း သူတစ်ပါးအပေါ် ပုံချရန်မူ မေ့မေ့လျော့လျော့ မရှိပေ။
“ဟုတ်တယ်၊ ဒီတာဝန်ကို မင်းယူရမယ်။”
“မင်း ပေါ်လာတာက ငါတို့ရဲ့ အစီအစဉ်ကို တကယ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။”
“မင်းကြောင့် ငါတို့ ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာ မင်း သိရဲ့လား။”
သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။ အသံနေအသံထားမှာ အနည်းငယ် ပို၍ ယဉ်ကျေးလာသော်လည်း မကျေနပ်မှု အနည်းငယ် ပါနေဆဲ ဖြစ်ပြီး ထပ်မံ တိုက်ခိုက်မည့် အရိပ်အယောင်တော့ မရှိတော့ပေ။
ထိုက်ဟောင် ဟွမ်းယောင်နှင့် ဖူရှီလင်တို့မှာ ဖန့်ချန်ကို အတွေးနက်စွာဖြင့် ကြည့်နေကြသည်။
ဖန့်ချန်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်လျက် -
“အစကတည်းက ဒါ စီကုကျူးရဲ့ တာဝန် မဟုတ်ဘူးလား။ သူသာ ရှေ့က အခြေအနေကို သေချာ မြင်တတ်ရင် အခုလိုမျိုး ဖြစ်လာစရာ အကြောင်း ရှိမလား။”
“သူကပဲ မင်းတို့ကို ငါ့ဆီကို တိုက်ခိုက်ခိုင်းတာ။”
“သူကပဲ မင်းတို့ကို ဦးဆောင်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းတာ။”
“သူသာ မဟုတ်ရင်၊ ငါနဲ့ ထိုက်ဟောင် ဟွမ်းယောင်တို့ စကားပြောနေတာ ပျော်စရာကြီး၊ မဟုတ်ရင် ငါတောင် မင်းတို့လိုပဲ သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင် ဖြစ်နေမလား ဘယ်သူသိမလဲ။”
“အဲဒီလိုလား”
ထိုအသက်ရှင်နေသော ဘိုးဘေးကြီးများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အကြည့်များမှာ အတွေးနက်နေကြသည်။
“စီကုကျူးရဲ့ တာဝန်လို့ ပြောရင်လည်း မှန်ပါတယ်။ ငါတို့ သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင်တွေဆိုတာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ထိန်းချုပ်နိုင်သင့်တာ။”
“အခု ကိစ္စတွေ ထိန်းမရအောင် ဖြစ်သွားတာ သူ့ကြောင့်ပဲ။”
ထိုက်ဟောင် ဟွမ်းယောင်က တည်ငြိမ်စွာ ပြောသည်။
ဖူရှီလင်က ခေါင်းအနည်းငယ် ညိတ်လျက် -
“အဲဒီလို ဆိုရင်လည်း ပြောလို့ရတာပေါ့။”
“ဒါဆိုရင်လည်း စီကုကျူးရဲ့ တာဝန်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။ အခု ကိစ္စကို ဘယ်လို အဆုံးသတ်မလဲ။ ငါတို့ရဲ့ အတွင်းကမ္ဘာစွမ်းအားတွေလည်း ကုန်စင်နေပြီ၊ နောက်ထပ် စစ်ဆေးမှုတွေကို ဘယ်လို လက်ခံရမလဲ။”
လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူက မျက်မှောင်ကြုတ်လျက် မေးသည်။
ပွဲကြည့် ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် လျှို့ဝှက်စွာ ကျေနပ်သွားကြသည်။
ဒီသူတော်စင်ဧကရာဇ် စီမံကိန်းက အသက်ရှင်နေတဲ့ ဘိုးဘေးကြီးတွေဆိုတာ တစ်ယောက်ထက်တစ်ယောက် ပိုပြီး စွမ်းအားကြီးကြသည်။
သို့သော် ယခုအချိန်တွင် ထိုဘိုးဘေးကြီးများ ကြုံတွေ့နေရသော အခြေအနေမှာ သူတို့လို သာမန် ကျောင်းသားများထက်ပင် ပို၍ ဆိုးရွားနေသည်။
သူတို့ မှာ အတွင်းကမ္ဘာစွမ်းအား ပြည့်ဝနေသေးသဖြင့် စစ်ဆေးမှု တစ်ခုကို အနည်းဆုံး လက်ခံနိုင်သေးသည်။
ထိုဘိုးဘေးကြီးများမှာမူ မရတော့ပေ။ ထိုက်ဟောင် ဟွမ်းယောင် တစ်ယောက်သာလျှင် စစ်ဆေးမှုကို မနည်း လက်ခံနိုင်မည် ဖြစ်သည်။
ကျန်သူများမှာမူ သူတို့ထက်ပင် ပို၍ အခြေအနေ ဆိုးရွားနေသည်။
“ဆန်းနယဲ့ စစ်ဆေးမှု ဆိုတာက ဂိုဏ်းဂဏ ခေတ်က သူတော်စင်တွေကို ရည်ရွယ်တာ ဖြစ်မှာပါ။”
“အဲဒီခေတ်က သူတော်စင်တွေဆိုရင် အတွင်းကမ္ဘာနယ်မြေကို ကိုယ်ပိုင် အသုံးပြုနိုင်အောင် ပြုပြင်နိုင်ကြမှာမို့ အတွင်းကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်တာ၊ စွမ်းအားကုန်ခမ်းတာမျိုး ရှိမှာ မဟုတ်ဘူး။”
“လက်ရှိ ခေတ်က သူတော်စင်တွေကတော့ အတွင်းကမ္ဘာကို အလွန်အမင်း မှီခိုကြတယ်။ အတွင်းကမ္ဘာနဲ့ အဆက်အသွယ် ပြတ်သွားတာနဲ့တင်၊ ကောင်ူကင်အရှင်တွေပဲ ဖြစ်ပါစေ၊ ငါ ထင်ထားသလောက် အနိုင်မရှိတော့ဘူး၊ မသန်မာတော့ဘူး။”
ထိုသို့ တွေးလိုက်မိပြီးနောက် ဖန့်ချန်က -
“အားလုံးပဲ၊ ဒီနိဗ္ဗာန် တားမြစ်နယ်မြေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဖွင့်လှစ်ပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါ ဒီနေရာကို ဝင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။”
“ဒီတစ်ခေါက်တော့ အားလုံးပဲ စစ်ဆေးမှုကို ငြင်းပယ်ဖို့ ရွေးချယ်လိုက်ကြရင် ကောင်းမလား။ အဲဒီလိုဆိုရင် အသက်စွမ်းအင်ကို ထိန်းသိမ်းနိုင်ပြီး ချက်ချင်းပဲ အပြင်ကို ထွက်နိုင်သွားမှာ မဟုတ်လား။”
စစ်ဆေးမှုကို ငြင်းပယ်ရမှာလား။
တိုက်ပွဲမဝင်ဘဲ ဆုတ်ခွာရမှာလား။
သူတော်စင်ဧကရာဇ် စီမံကိန်းမှ ဘိုးဘေးကြီးများမှာ အသက်ကို ဝအောင် ရှူသွင်းလိုက်ပြီး ဖန့်ချန်ကို ငေးကြည့်နေကြသည်။
ထိုသို့ လုပ်ဆောင်လိုက်လျှင် မည်ကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်မည်ကို သူတို့၏ ဦးနှောက်ထဲတွင် မြင်ယောင်နေကြပုံရသည်။
“ဟူးးး”
လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူမှာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ -
“မဖြစ်နိုင်ဘူး။ ငါတို့သာ တိုက်ပွဲမဝင်ဘဲ ဆုတ်ခွာလိုက်ရင်၊ ငါတို့က သူတော်စင်ဧကရာဇ် စီမံကိန်းရဲ့ ရယ်စရာ အဖြစ်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်သွားမှာပေါ့။ ဘယ်နှစ်နှစ်လောက် အထိ အပြောခံရမလဲ။”
“မင်းတို့လိုမျိုး နောက်မျိုးဆက်တွေကတောင် ငါတို့ကို စိတ်ထဲကနေ လှောင်ပြောင်နေမှာပဲ။”
“ဘိုးဘေး၊ ကျွန်တော်တို့ မလှောင်ပြောင်ပါဘူး။ မဖြစ်နိုင်မှန်း သိလျက်နဲ့ ဆုတ်ခွာတာဟာ ပညာရှိတို့ရဲ့ အလုပ်ပဲလေ။”
ဖန်ရုကန်က အမြန်ပင် ဝင်ပြောသည်။
“မလှောင်ဘူးလား။ ဒါဆို သူတို့ ဘာလုပ်နေကြတာလဲ။”
လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူက ကျောင်းသားများကို လက်ညှိုးထိုးပြကာ အေးစက်စက် လေသံဖြင့် ပြောသည်။
ထိုကျောင်းသားများ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ခေတ္တမျှ တောင့်တင်းသွားပြီး အမြန်ပင် ပြန်လည် သိမ်းဆည်းကာ မသက်မသာနှင့် ခေါင်းငုံ့သွားကြသည်။
“ပြီးသွားပြီ၊ ဒီတစ်ခေါက် ဆန်းနယဲ့ စစ်ဆေးမှုက ငါတို့အတွက် လုံးဝ ကျရှုံးသွားပြီဆိုတာ ငါ သိလိုက်ပါပြီ။”
လောဘကြီီီီီးသော နတ်ဆိုးမျိုးနွယ်စုမှ သူက မျက်နှာကို တည်ထားလျက် ပြောသည်။
“ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်။”
“ဘာတောင်းဆိုချက်လဲ။”
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
“မင်းက ငါတို့ကိုယ်စား စစ်ဆေးမှုကို လက်ခံပေးရမယ်။”
သူက ဖန့်ချန်ကို ကြည့်ကာ တွေးတောလျက် ပြောသည်။
ဖန့်ချန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်းပင် ရယ်မော၍ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ငါက မင်းတို့ကိုယ်စား စစ်ဆေးမှုကို လက်ခံပေးတာ။ မင်းတို့က မျက်စိရှင်ရှင်နဲ့ ငါ့ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တာလေ။”
“စီကုကျူးက ဒီကိစ္စကို သဘောမတူတာ၊ အဲဒါက သူ့ရဲ့ အမြင်မကျယ်မှုကြောင့်ပဲ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်လို့ အခုလို အနေအထားက အလွန် အဆင်မပြေ ဖြစ်သွားရတာ။”
“ဒါပေမဲ့ ဒီစစ်ဆေးမှုရဲ့ နောက်ကွယ်မှာ အန္တရာယ်တွေ ရှိနေမလားလို့လည်း ငါတို့ စိုးရိမ်တယ်။ အရင်ဆုံး မင်းကိုပဲ လမ်းစမ်းခိုင်းထားဦးမယ်။”
“ဒါ ငါတို့ အားလုံးရဲ့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ပဲ၊ ဟုတ်တယ်မလား။”
လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူက ကျန်ရှိနေသော သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင်များကို လှည့်ကြည့်သည်။
ထိုဘိုးဘေးကြီးများမှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်ကြသည်။
“ပြီးရော၊ ဒါဆို ကိစ္စက ရှင်းသွားပြီ။ ခဏနေရင် စစ်ဆေးမှုနဲ့ တွေ့ရင် ငါတို့ တိုက်ရိုက်ပဲ ထွက်လိုက်မယ်။ ဒါဟာ အန္တရာယ်နဲ့ တွေ့တဲ့အခါ ပညာရှိတွေ လုပ်သင့်လုပ်ထိုက်တဲ့ ဆုတ်ခွာခြင်းမျိုးပဲ။”
လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူက ခေါင်းအနည်းငယ် ညိတ်သည်။ သူ၏ မျက်နှာမှာ မောက်မာနေဆဲဖြစ်ပြီး မျက်ဝန်းထဲတွင်မူ ပညာရှိသော အရောင်အဝါများ တောက်ပနေသည်။
ဖန့်ချန်မှာ သူတို့အဖွဲ့ကို ငြိမ်သက်သွားပြီးနောက်ပိုင်းတွင် စကားပြောရ အလွန် လွယ်ကူသွားသည်ဟု ခံစားလိုက်ရသည်။
အစကတည်းကသာ အခုလို စကားပြောရ လွယ်ကူခဲ့ရင် အခြေအနေက အခုလောက်အထိ ဆိုးရွားစရာ အကြောင်း မရှိပေ။
ထိုသို့ တွေးတောရင်း သူက ထိုက်ဟောင် ဟွမ်းယောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုက်ဟောင် ဟွမ်းယောင်မှာ အနည်းငယ် အနေရခက်စွာနှင့် တခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်သည်။
ဖန်ရုကန်နှင့် ကျောင်းသားများမှာ ကိစ္စများမှာ ဤနည်းလမ်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေရင်းပင် သူတော်စင်ဧကရာဇ် စီမံကိန်းမှ ထိုဘိုးဘေးကြီးများအကြောင်းကို အနည်းငယ် ပို၍ နားလည်လာကြသည်။
“ဒါဆိုရင် ခုနက စူးစမ်းလေ့လာထားတဲ့ ရလဒ်တွေကိုလည်း အတူတူ ဝေမျှကြရအောင်။”
ဖန့်ချန်က စဉ်းစားတွေးတောလျက် -
“ငါ ရွှမ်နယဲ့ အဆင့်မြင့် စစ်ဆေးမှုကို လက်ခံတုန်းက တစ်နာရီအတွင်း စစ်ဆေးရေးမှူးကို သတ်ဖြတ်နိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။”
“အဲဒါကြောင့် စစ်ဆေးရေးမှူးက ငါ့ကို အဆင်ပြေ လို့ သတ်မှတ်ပေးလိုက်တယ်။ အဆင်ပြေတယ် ဆိုတာ အောင်မြင်တယ်လို့ပဲ ဆိုရမှာပေါ့။”
“ဖန်ရုကန်ရဲ့ စစ်ဆေးမှုနဲ့ အတူတူပဲ။ သူက နောက်ဆက်တွဲ စစ်ဆေးမှု အခွင့်အရေး ဆုံးရှုံးသွားတယ်၊ ငါလည်း အခု အဲဒီအတိုင်းပဲ။ အခြေအနေအရ ကြည့်ရင် နောက်ဆက်တွဲ စစ်ဆေးမှု အခွင့်အရေး ဆုံးရှုံးသွားပြီလို့ပဲ ထင်တယ်။”
“ဒါကြောင့် ဖန်ရုကန် လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှုကို ပါဝင်ချင်ရင် နောက်တစ်ခါ ဒီနေရာကို ဝင်လာတဲ့အခါမှာ သူ့ရဲ့ စစ်ဆေးရေးမှူးကို သတ်ဖြတ်ပြီး ‘ထူးချွန်’ဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို ရမှသာ လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှုကို လက်ခံနိုင်မှာ ဖြစ်လိမ့်မယ်။”
“ငါလည်း အတူတူပါပဲ။”
ခေတ္တရပ်နားလိုက်ပြီးနောက် သူက လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ထိုသူကို ကြည့်ကာ -
“ခင်ဗျားရဲ့ နာမည်က ဘယ်လို ခေါ်ပါသလဲ။”
လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုမှ ထိုသူက စဉ်းစားဟန်ပြုပြီး -
“မထူးခြားတဲ့ လူပါ၊ မျိုးရိုးက ဖန်၊ နာမည်က လီပန် လို့ ခေါ်တယ်။”
ဖန်ရုကန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ မိမိတို့မျိုးနွယ်စုမှ ဘိုးဘေးကြီးကို သူက အမည်နာမ မေးမြန်းခဲ့စဉ်က အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
သို့သော် ဖန့်ချန်က ပေါ့ပေါ့တန်တန် မေးလိုက်သည်ကိုပင် ထိုဘိုးဘေးကြီးက ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေသည်။
တကယ့်ကို နှစ်ခွ စံနှုန်းထားသူများပင်။
“အို၊ ဖန်လီပန်ပဲ။”
ဖန့်ချန်က ခေါင်းအနည်းငယ် ညိတ်လျက် -
“ဖန်အစ်ကိုကြီးက ဘယ်လို ထင်လဲ။”
“ငါ့အမြင်က မင်းနဲ့ သိပ်မထူးခြားပါဘူး။”
ဖန်လီပန်က ခေါင်းအနည်းငယ် ညိတ်လျက် -
“ဒီဆန်းနယဲ့ စစ်ဆေးမှုက တကယ်ကို ဒီလိုပါပဲ။ ‘ထူးချွန်’ ဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို ရမှသာ နောက်ထပ် စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နိုင်မှာ။”
“မင်းက ရွှမ်နယဲ့ အဆင့်မြင့်မှာတင် ရပ်တန့်သွားတာဆိုတော့ မင်းရဲ့ အရည်အချင်းက ရွှမ်နယဲ့ အဆင့်မြင့်အထိပဲ ရှိတယ်၊ ကျဲနယဲ့ အဆင့်ထိ မရောက်ဘူးဆိုတာကို ပြနေတာပဲ။”
ထိုက်ဟောင် ဟွမ်းယောင်နှင့် အခြားသော ဘိုးဘေးကြီးများမှာလည်း မသိစိတ်အရ ခေါင်းညိတ်လိုက်ကြသည်။
“ဒါဆို နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်။”
ဖန့်ချန်က စဉ်းစားလျက် ပြောသည်။
“ငါတို့ စစ်ဆေးမှု ပြီးဆုံးသွားတဲ့အခါ ကောင်းကင်က ကျလာတဲ့ ရွှေရောင် အလင်းတန်းက……”
ဖန်လီပန်က -
“အဲဒါ သူတော်စင်ဧကရာဇ်ရဲ့ သွေးပဲ။”
“……”
ထိုက်ဟောင် ဟွမ်းယောင်တို့မှာ ဖန်လီပန်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် မကျေနပ်မှုများ ပြည့်နှက်သွားတော့သည်။
အခန်း (၂၆၃၄) - အပြောင်းအလဲ ဆိုသည်မှာ မျှော်လင့်ချက်ပင်
ဖန်လီပန်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီးနောက် သူ၏ မျက်နှာမှာ အလွန်ပင် မကောင်းမွန်တော့ပေ။
သူသည် စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်ကို ကြည့်ကာ -
“မင်း ဘာကို သိချင်တာလဲ တိုက်ရိုက်သာ မေးလိုက်ပါ။ အခုလိုမျိုး ငါ့ကို ခွင်ဖန်ပြီး ထောင်ချောက်ဆင်နေတာက ဘာလုပ်ဖို့လဲ။”
ခေတ္တရပ်နားလိုက်ပြီးနောက် -
“အချို့ကိစ္စတွေက ငါတို့ မပြောချင်တာ မဟုတ်ဘူး၊ အောက်က နောက်မျိုးဆက်တွေကို ပြောပြဖို့ အဆင်မပြေတာမျိုးတွေ ရှိတယ်။”
သူက ဖန်ရုကန်တို့ကို လက်ညှိုးထိုးပြရင်း -
“သူတို့က ငယ်ရွယ်သေးတယ်၊ ကျင့်စဉ် အခြေခံကလည်း မလုံလောက်သေးဘူး၊ သူတို့ကို အများကြီး သိခွင့်ပေးစရာလည်း မလိုသလို၊ သိဖို့လည်း အရည်အချင်း မမီသေးဘူး။”
ပွဲကြည့် ကျောင်းသားများ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်မှုများ ပေါ်ပေါက်လာသည်။
သူတို့သည် မိမိတို့၏ အရည်အချင်း မမီခြင်း၊ ကျင့်စဉ် အခြေခံ မလုံလောက်ခြင်းကို ဝန်ခံသော်လည်း၊ အခုလို လူသိရှင်ကြား အရှက်ခွဲစရာ လိုပါသလား။
ရင်ထဲမှာပဲ သိမ်းထားလိုက်လို့ မရဘူးလား။
“ဒီတော့…… ဆန်းနယဲ့ ဘွဲ့တံဆိပ်ရဲ့ ဆုလာဘ်က သူတော်စင်ဧကရာဇ်ရဲ့ သွေး ဖြစ်မှန်း ငါတို့ သိလိုက်ရပြီ။”
“နေမင်းခုနစ်ပါး တံဆိပ်နဲ့ အလွန် ဆင်တူတဲ့ အချက်ကို ထောက်ရှုရင်…… ငါတို့ နေမင်းခုနစ်ပါး ကျောင်းသားတွေ ရရှိထားတဲ့ နေမင်းခုနစ်ပါး တံဆိပ်ဆိုတာ အမှန်တကယ်တော့ သူတော်စင်ဧကရာဇ်ရဲ့ သွေးပဲ ဖြစ်နေမှာပေါ့။”
“သူတော်စင်ဧကရာဇ် ဆိုတဲ့ အဆင့်က အလွန်ကို ကြောက်ခမန်းလိလိ ဖြစ်ပုံရတယ်။ သွေးတစ်စက်တည်းနဲ့တင် ငါတို့ရဲ့ စွမ်းအားအံ့ဖွယ်တွေကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။”
ဖန်ရုကန်က အတွေးနက်စွာ ပြောလိုက်သည်။
သာမန် ကျောင်းသားများ၏ မျက်ဝန်းထဲတွင်တော့ မနာလိုခြင်းနှင့် အားကျခြင်း အရိပ်အယောင်များ ပေါ်လာသည်။
သူတို့နှင့် နေမင်းခုနစ်ပါး ကျောင်းသားများကြားက ကွာဟချက်မှာ အရည်အချင်းနှင့် အခြေခံအပြင် ထို နေမင်းခုနစ်ပါး တံဆိပ်မှာလည်း ကျော်လွန်ရန် မဖြစ်နိုင်သော အတားအဆီး တစ်ခု ဖြစ်သည်။
စွမ်းအားအံ့ဖွယ်များကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ခြင်း တစ်ချက်တည်းနှင့်တင် နေမင်းခုနစ်ပါး ကျောင်းသားများမှာ သာမန် ကျောင်းသားများနှင့် ရင်ဆိုင်ရသည့်အခါ အလွယ်တကူပင် ဖိနှိပ်နိုင်ကြသည်။
အနိုင်အရှုံးမှာ မေးခွန်းထုတ်စရာပင် မလိုတော့ချေ။
ချင်းချူးနှင့် အခြားသော နေမင်းခုနစ်ပါးကျောင်းသားများမှာလည်း ဖန်ရုကန်ကို အားကျခြင်း အနည်းငယ်ဖြင့် ကြည့်လိုက်ကြသည်။
ဒီလူမှာ လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှုကို အောင်မြင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် အပိုဆုအနေဖြင့် သူတော်စင်ဧကရာဇ်ရဲ့ သွေးကို ရရှိခဲ့သည်။
ဒါဆိုရင် သူ့ရဲ့ စွမ်းအားအံ့ဖွယ်တွေက သူတို့ထက် ပိုပြီး အဆပေါင်းများစွာ တိုးတက်သွားမှာပေါ့။
“ဖန်အစ်ကိုကြီး၊ ငါ ခုနက ပေါ့ပေါ့တန်တန်ပဲ မေးလိုက်တာပါ။ ဒါပေမဲ့ အခုလို ပြောပြပြီးသား ဖြစ်နေပြီဆိုတော့ ငါတို့ကို အကုန်လုံး ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတော့။”
“ဒီမှာ ရှိတဲ့သူတွေ အကုန်လုံးကလည်း ကောင်းကင် ငါးပါးရဲ့ သူတော်စင်တွေပါပဲ၊ ထူးချွန်သူတွေထဲကမှ ထူးချွန်သူတွေ၊ အသာမန်ဆုံး လူတစ်ယောက်ဆိုရင်တောင် ကောင်းကင် ငါးပါးရဲ့ စွမ်းအားတွေကို အကုန်သုံးပြီး စုဆောင်းထားတဲ့ ပါရမီရှင်တွေပဲ။”
“သူတို့ အခု လတ်တလောမှာ အသက်စွမ်းအင် အစောပိုင်း အဆင့်မှာ ရှိနေနိုင်ပေမဲ့၊ အနာဂတ်မှာတော့ အနည်းဆုံး ကောင်းကင် ငါးပါးရဲ့ အရေးပါတဲ့ ကျောရိုးတွေ ဖြစ်လာမှာပါ။”
ဖန့်ချန်က သက်ပြင်းချလျက် -
“သူတော်စင်ဧကရာဇ်ရဲ့ သွေး ဘယ်ကလာသလဲဆိုတာကို ငါတို့ကို အသေးစိတ် ပြောပြသင့်ပါတယ်။”
သူသည် နေမင်းခုနစ်ပါး တံဆိပ်ကို နေမင်းခုနစ်ပါးစွမ်းအားဟု အရင်က ခေါ်ဆိုခဲ့သည်။
အဲဒါက ထိုစွမ်းအားအကြောင်းကို သူ လုံလုံလောက်လောက် မသိသေး၍ ဖြစ်သည်။
သို့သော် သူတော်စင်ဧကရာဇ် စီမံကိန်းမှ ထိုဘိုးဘေးကြီးများမှာမူ ရှင်းလင်းသော အမြင် ရှိနေကြသည်။
“သူတော်စင်ဧကရာဇ်ရဲ့ သွေး ဆိုတာ သူတော်စင်ဧကရာဇ်ရဲ့ သွေးစစ်စစ် ဖြစ်ချင်မှ ဖြစ်မယ်၊ သူတော်စင်ဧကရာဇ်တွေ ထိန်းချုပ်နိုင်တဲ့ တစ်စုံတစ်ရာသော စွမ်းအား ဖြစ်နေဖို့လည်း ရှိတယ်။”
“ဒါပေမဲ့ ကောင်းကင် ငါးပါး ထဲမှာ ဒီအကြောင်းကို သုတေသန လုပ်ထားပြီး ဒီလို စွမ်းအားမျိုးတွေကို ထိန်းချုပ်ထားတယ်ဆိုတာတော့ သေချာတယ်။ မဟုတ်ရင် နေမင်းခုနစ်ပါး ခန်းမကို ဘယ်လို တည်ထောင်နိုင်မှာလဲ။”
“သူတို့က ဒီစွမ်းအားတွေကို ပေးအပ်ထားတာ တစ်စုံတစ်ရာသော စမ်းသပ်ချက်အတွက်လား။”
ဖန့်ချန်၏ အတွေးများ လှည့်ပတ်နေစဉ်မှာပင် ဖန်လီပန်က စကားစလိုက်သည်။
သူ၏ မျက်နှာမှာ ဒေါသကြောင့် အရောင်ရင့်သွားပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ -
“သူတော်စင်ဧကရာဇ်ရဲ့ သွေး ဆိုတာ သူတော်စင်ဧကရာဇ်ရဲ့ သွေးပဲ။ သူ ဘယ်ကလာသလဲ၊ နောက်ဆုံးမှာ ဘာလုပ်ဖို့လဲ ဆိုတာတော့ ငါတို့ကိုယ်တိုင်တောင် အတိအကျ မသိကြပါဘူး၊ ခန့်မှန်းချက်တွေပဲ ရှိတာပါ၊ ဒါတွေကို မပြောတော့ပါဘူး။”
ဖန်လီပန် မပြောလိုသည်ကို မြင်သောအခါ ကျောင်းသားများအားလုံး စိတ်ပျက်သွားကြသည်။
သို့သော်လည်း နေမင်းခုနစ်ပါး တံဆိပ်ကို အဆင့်မြင့် ပုဂ္ဂိုလ်များက အမှန်တကယ် ခေါ်ဝေါ်ကြသော နာမည်ဖြစ်သည့် ‘သူတော်စင်ဧကရာဇ်ရဲ့ သွေး’ ဆိုသည်ကိုတော့ သူတို့ သိလိုက်ရပြီ။
ထို့အပြင် စွမ်းအားအံ့ဖွယ်များကို မြှင့်တင်ပေးနိုင်ခြင်းဆိုသည့် အကျိုးသက်ရောက်မှု တစ်ခုကိုလည်း သိလိုက်ရသည်။
ဒီလောက်ဆိုရင်ပဲ လုံလောက်ပါပြီ။
ယနေ့ သူတို့ ရောက်လာသော နိဗ္ဗာန် တားမြစ်နယ်မြေမှာလည်း ‘သူတော်စင်ဧကရာဇ်ရဲ့ သွေး’ နှင့် ပတ်သက်နေသည်မှာ သေချာသည်။
“သူတော်စင်ဧကရာဇ်ရဲ့ သွေး ဆိုတာ အဆင့်မြင့်ပစ္စည်း တစ်ခု ဖြစ်မှာပဲ။”
“ဟုတ်တယ်၊ တကယ့်ကို ကောင်းတဲ့ အရာပဲ။”
“ဒီထဲက တစ်စိတ်တစ်ပိုင်းကို ကောင်းကင်ငါးပါး ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေက ထိန်းချုပ်ထားပြီး၊ နိဗ္ဗာန် တားမြစ်နယ်မြေမှာတော့ တခြား တစ်စိတ်တစ်ပိုင်း ရှိနေတယ်။ ကောင်းကင်ငါးပါးက ထိန်းချုပ်ထားတာထက်တောင် ပိုများနေနိုင်သေးတယ်။”
ထိုသို့ တွေးလိုက်မိသည်နှင့် ကျောင်းသား အများအပြား၏ မျက်ဝန်းထဲတွင် စိတ်အားထက်သန်မှုများ တောက်ပလာသည်။
သာမန် ကျောင်းသား ဖြစ်စေ၊ နေမင်းခုနစ်ပါးကျောင်းသား ဖြစ်စေ၊ သူတို့အားလုံး သူတော်စင်ဧကရာဇ်ရဲ့ သွေးကို ရရှိပြီး ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းလိုကြသည်။
“နောက်ထပ် မေးခွန်း တစ်ခု ရှိပါသေးတယ်။”
ဖန့်ချန်က ဖန်လီပန်ကို လက်အုပ်ချီကာ -
“သူတော်စင်ဧကရာဇ် စီမံကိန်း ရှိနေတာက ခေတ်တိုင်းရဲ့ အကောင်းဆုံး အရင်းအမြစ်တွေကို အားလုံး ရရှိနိုင်ဖို့ မဟုတ်လား။”
“အခု နိဗ္ဗာန် တားမြစ်နယ်မြေ ပေါ်ပေါက်လာပြီး အားလုံးလည်း နိုးထလာကြပြီ။ ဒါဆိုရင် အခုလို ပြောလို့ ရမလား။”
“အားလုံး စောင့်မျှော်နေတာက ဆန်းနယဲ့ ဘွဲ့တံဆိပ်နဲ့ ဒီနေရာက သူတော်စင်ဧကရာဇ်ရဲ့ သွေး မဟုတ်ဘူးလား။”
“ဒီမေးခွန်းကို ငါ ဖြေစရာ မလိုပါဘူး၊ မင်းတို့ ခန့်မှန်းကြည့်ရင်လည်း သိမှာပါပဲ။”
ဖန်လီပန်က စိတ်ပျက်လက်ပျက် ပြောသည်။
ထိုက်ဟောင် ဟွမ်းယောင်တို့ကမူ ဘာမှ မပြောကြပေ။ သူတို့ နိုးထလာချိန်ကတည်းက ထိုမေးခွန်းကို အချိန်အကြာကြီး ဖုံးကွယ်ထား၍ မရနိုင်မှန်း သိခဲ့ကြသည်။
မကြာခင်မှာပဲ သာမန် သူတော်စင်ကြီးတွေလည်း သိလာမှာပါ။
ပြီးရင်တော့ အောက်ခြေက အထွတ်ထိပ်တာအို ၊ ကောင်းကင်နိမိတ် အဆင့်တွေဆီ ရောက်သွားမှာ။
နောက်ဆုံးတော့ နောက်မျိုးဆက်တွေအားလုံးက အကုန် သိသွားကြမှာပါ။
သို့သော်လည်း ဤအသိုင်းအဝိုင်းအတွင်းမှာသာ ကန့်သတ်ထားမှာ ဖြစ်သည်။
ထိုအောက်က သူတော်စင်တွေကတော့ တစ်သက်လုံး ဒီအကြောင်းတွေကို သိနိုင်မှာ မဟုတ်ပေ။
နိဗ္ဗာန် တားမြစ်နယ်မြေ ပေါ်ပေါက်လာတာကိုတောင် သူတို့ သိနိုင်မှာ မဟုတ်။
“ဒါဆို ဆန်းနယဲ့ဘွဲ့တံဆိပ်ကို ရရှိခြင်းရဲ့ နောက်ဆုံး ပန်းတိုင်က ဘာလဲ။”
ဖန့်ချန်က ပေါ့ပေါ့တန်တန် မေးလိုက်သည်။
“အဲဒါကတော့……”
ဖန်လီပန်က ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စက် ကြည့်ကာ -
“နောက်ထပ် ထောင်ချောက်ဆင်ပြန်ပြီလား။”
“နှမြောစရာပဲ။”
ဖန့်ချန်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူသည် ဒီလူတွေ ဂိုဏ်းဂဏခေတ်က ကျင့်စဉ်တွေကို ရယူလိုနေကြတာလားဟု သိချင်မိသည်။
သူ အခုသိထားသမျှ အခြေအနေတွေအရဆိုရင် -
ကောင်းကင်ငါးပါး က သူတော်စင်ကြီးတွေက သူတော်စင်ဧကရာဇ် အဆင့်ကို ဘယ်လို တက်လှမ်းမလဲဆိုတာကို သိအောင် လုပ်နေတာ သေချာသည်။
ဂိုဏ်းဂဏ ခေတ်က ကျင့်စဉ်တွေက အဓိက သော့ချက် ဖြစ်မှာပါ။
ပိုပြီး အရေးကြီးတာကတော့……
“အတွင်းကမ္ဘာနယ်မြေကို ဘယ်လို သန့်စင်မလဲ ဆိုတာပဲ။”
“ဒီခရီးမှာ ငါ အကြီးမားဆုံး အကျိုးအမြတ်ကို ရလိုက်ပြီနဲ့ တူတယ်။”
“သံသရာမသေမျိုး ကျင့်စဉ် က ဂိုဏ်းဂဏ ခေတ်မှာတောင် အဆင့်မြင့် ကျင့်စဉ်ထဲမှာ ပါဝင်တယ်။”
“သူတော်စင်ဧကရာဇ်ရဲ့ သွေး နဲ့ ဂိုဏ်းဂဏ ခေတ်က ကျင့်စဉ်၊ ဒီနှစ်ခုက သူတော်စင်ဧကရာဇ် ဖြစ်ဖို့ အဓိက သော့ချက်ပဲ၊ တစ်ခုခု လိုအပ်လို့ မရဘူး။”
“အခု ကောင်းကင်ငါးပါး ထဲမှာ သူတော်စင်ဧကရာဇ်ရဲ့ သွေးကိုပဲ ပိုင်ဆိုင်ထားပြီး၊ ကျင့်စဉ်ကတော့……”
ဖန့်ချန်သည် ကောင်းကင်ငါးပါး မှာ အနိမ့်ဆုံး ကျင့်စဉ်ကိုတောင် ပိုင်ဆိုင်ထားမည် မဟုတ်ဟု ထင်သည်။
မဟုတ်လျှင် သူတော်စင်ဧကရာဇ် စီမံကိန်း အဖွဲ့ဝင်များသည် သာမန် သူတော်စင်များကဲ့သို့ အတွင်းကမ္ဘာနယ်မြေ ဆုံးရှုံးလိုက်လျှင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ၊ အတွင်းကမ္ဘာစွမ်းအားကို ကိုယ်တိုင် ပြန်လည် မဖြည့်တင်းနိုင်သည့် အခြေအနေမျိုး ဖြစ်လာစရာ မရှိပေ။
ထိုအချိန်တွင် သူတော်စင်များ၏ အာရုံစိုက်မှုမှာ စစ်ဆေးရေးမှူး အသစ်တစ်ဦးဆီသို့ ရောက်သွားသည်။
ထိုစစ်ဆေးရေးမှူးမှာ ချင်းချူးနှင့် ပုံပန်းသဏ္ဍာန် အတူတူပင် ဖြစ်သည်။
“ချင်းချူး၊ မင်းအလှည့် ရောက်ပြီ။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် တစ်နာရီခံနိုင်တာ ပြဿနာ မရှိပါဘူး။”
ဖန်ရုကန်က သက်ပြင်းချလျက် ပြောသည်။
နေမင်းခုနစ်ပါး ကျောင်းသားများမှာလည်း စစ်ဆေးမှုကို အမြန်ဆုံး လက်ခံချင်နေကြသည်။
ကံမကောင်းစွာဖြင့် ဤနေရာက စစ်ဆေးမှုကို ဘယ်စံနှုန်းနဲ့ သတ်မှတ်ထားမှန်း မသိ၊ မတော်တဆ ဖြစ်နိုင်ချေ ရှိသည်။
ယခုအချိန်အထိ စစ်ဆေးမှုကို လက်ခံနေသူ အများစုမှာ သာမန် ကျောင်းသားများသာ ဖြစ်သည်။
နေမင်းခုနစ်ပါး ကျောင်းသားများထဲမှာ ဖန်ရုကန်၊ ဖန့်ချန်နှင့် အခု ချင်းချူးတို့သာ ရှိသေးသည်။
ချင်းချူး၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာပြီး စစ်ဆေးရေးမှူးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သို့သော် ဖန့်ချန်ဘေးမှ ဖြတ်သွားချိန်တွင် သူမ အနည်းငယ် ရပ်တန့်လိုက်သည်။
“ဖန့်ချန်၊ သတိထားရမယ့် အချက်တွေ ရှိသေးလား။”
ချင်းချူး၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ဖန့်ချန်ကို မေးလိုက်သည်။
“သူက မင်းကို အလွန် ကောင်းကောင်း သိတယ်၊ သူ့ရဲ့ ဆန့်ကျင်ဘက် အတိုင်း လုပ်လိုက်ပါ။”
ဖန့်ချန်က ရယ်မောလျက် ပြောသည်။
ဆန့်ကျင်ဘက် အတိုင်း လုပ်ရမှာလား။
ချင်းချူးမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ဖန့်ချန်ကို ဦးညွတ် ဂါရဝပြုကာ စစ်ဆေးရေးမှူးထံသို့ ရင်ဆိုင်လိုက်သည်။
“ဆန့်ကျင်ဘက် အတိုင်း လုပ်ရမှာလား။ ဖြစ်နိုင်ခြေ ရှိပုံပဲ။”
ထိုက်ဟောင် ဟွမ်းယောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကိုယ့်ကိုယ်တိုင်တောင် မတွေးထားမိတဲ့၊ အရင်ကလည်း မလုပ်ခဲ့ဖူးတဲ့ အပြုအမူတွေကို လုပ်ပြီး တိုက်ကွက်ကို ပြောင်းလဲလိုက်ရင်၊ ဆန်းနယဲ့စစ်ဆေးမှုမှာ အပြောင်းအလဲ တစ်ခု ဖြစ်လာမှာ အမှန်ပဲ။”
“အဲဒီ အပြောင်းအလဲ ဆိုတာက မျှော်လင့်ချက်ပါပဲ။”
ဖူရှီလင်မှာ ဖန့်ချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် ထိတ်လန့်သွားသည်။
ဒီလူလည်း နိဗ္ဗာန်နယ်မြေကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်လား၊ ဒီလောက်တောင် မြန်မြန်နဲ့ သူကိုယ်တိုင်ရဲ့ စစ်ဆေးမှု လမ်းကြောင်းကို ရှာတွေ့သွားတာလား။