← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း (၃၅၁) လူမိုက်လား တိုက်ဆိုင်လိုက်တာ ငါလည်း လူမိုက်ပဲ

ပစ္စည်းနှင့် ငွေကြေးများကို ငှားရမ်းခြင်းမှာ မူလက ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်သော်လည်း လူတို့သည် အမျိုးမျိုးသော ဆင်ခြေများပေးကာ ပြန်ဆပ်ရန် အချိန်ဆွဲတတ်ကြသည်။

ဤသည်က ချေးငှားပေးသူကို စိတ်ပျက်အားငယ်စေသည် မဟုတ်ပါလော။

ယခုအခါတွင် သူတစ်ပါးဆီက ချေးငှားသူများကပင် သခင်များ ဖြစ်နေကြချေပြီဖြစ်ရာ ဤလောကကြီးမှာ မည်သို့သော လောကကြီး ဖြစ်နေသနည်း။

လီလန်က တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာတော့သည်။ ယနေ့တွင် သူသည် ထိုဓားသွေးကျောက်ကို ပြန်ယူရမည် ဖြစ်သည်။ ၎င်းမှာ သူတို့မိသားစု၏ ပိုင်ဆိုင်မှုဖြစ်ပြီး ဆွေမျိုးများပင်လျှင် သူ့အပေါ် အခွင့်အရေး မယူသင့်ပေ။

"အဖေ သွားကြမယ်လေ ဘာလုပ်နေတာလဲ..."

ခြံဝင်းထဲတွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သော ဖခင်ဖြစ်သူကို မြင်သောအခါ လီလန်က တိုက်တွန်းလိုက်သည်။

ကျန်းတာပေါင်သည် လီလန်၏ ဦးလေးမှာ မည်သို့သော လူမျိုးဖြစ်ကြောင်း သိပုံရပြီး ပြုံးလျက် ပြောလိုက်သည်။

"တာ့ဟိုင် မာလင်းကျီဆိုတဲ့ ကောင်လေး မင်းဆီက ပိုက်ဆံချေးသွားတယ် မဟုတ်လား ခုထိပြန်မဆပ်သေးဘူးလား..."

အဘိုးကျန်း၏ စကားများမှာ နွေဦးရာသီတွင် တိုက်ခတ်လာသော လေပြင်းတစ်ပြိုက်က ခြံဝင်းအတွင်းရှိ သစ်ရွက်ခြောက်များကို မွှေနှောက်သွားသကဲ့သို့ အလွန် တုန်လှုပ်ဖွယ် ကောင်းနေတော့သည်။

ချေးထားသောငွေကို ပြန်မဆပ်ခြင်းပင် ဖြစ်သည်။ ငွေချေးသူမှာ တကယ်ပင် သခင် ဖြစ်လာလေပြီ။

"အဖေ အဘိုးကျန်းပြောတာ တကယ်ပဲလား..."

လီလန်က လေးနက်သော မျက်နှာထားဖြင့် တင်းမာစွာ ပြောလိုက်သည်။

သူသည် သူ၏ဖခင်ဖြစ်သူ၏ စရိုက်ကို အလွန်ကောင်းစွာ သိထားသည်။ ဖခင်မှာ မျက်နှာငယ်တတ်ပြီး စိတ်သဘောထား နူးညံ့ကာ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများ အခက်အခဲကြုံရပါက အကူအညီတောင်းခံလာလျှင် မိမိတွင်ရှိသမျှ အရာအားလုံးကို ငှားရမ်းပေးတတ်သူ ဖြစ်သည်။

ဤသည်မှာ စိတ်သဘောထား ကောင်းမွန်သူတစ်ယောက်၏ သဘာဝပင် ဖြစ်၏။

သို့သော် ဤသို့သော ကိုယ်ရည်ကိုယ်သွေးမျိုးဖြင့် ကိုယ်ချင်းစာတရားရှိသူနှင့် တွေ့ပါက အဆင်ပြေသော်လည်း အနည်းဆုံးတော့ သူတို့သည် ငွေပြန်ဆပ်ကြမည် ဖြစ်သည်။ အကယ်၍ လုံးဝ အသိတရားမဲ့ကာ ရက်စက်ယုတ်မာသူနှင့် တွေ့ပါက ငွေချေးပြီး ပြန်မဆပ်ရုံသာမက သင့်ကိုပင် ကျောချမ်းအောင် လုပ်ဆောင်ကာ ရောင်းစားသွားနိုင်သေးသည်။

လီလန်၏ ယခင်ဘဝတွင် အရှေ့တောင်အာရှ၌ ရွှေတြိဂံဒေသဟုခေါ်သော မြို့တစ်မြို့ ရှိခဲ့သည်။ တရုတ်ပြည်မှ လူများသည် မိမိတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ချမ်းသာလာစေရန် ကူညီပေးမည်ဟူသော ဆင်ခြေကိုသုံး၍ ထိုနေရာသို့ သွားရန် လှည့်စားတတ်ကြသည်။ မည်သည့်အတွက်ကြောင့်နည်း။ လိမ်လည်မှုများနှင့် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်စေရန်ပင်ဖြစ်သည်။ (ဒီအခန်းပါလို့ မူရင်းရေးသူကို ပြန်ဘလိန်းပါမယ်။ ချီးတရုတ်တွေ သူတို့ကသာ ကျူးကျော်၊ သူတို့ပဲ မိန်းကလေးတွေကို လိမ်ပြီးခေါ်၊ ရောင်းစား၊ ကိုယ်တွင်းအင်္ဂါတွေထုတ်၊ သယံဇာတဆိုလည်း ကုန်ခိုးနေပြီးတော့။ မူရင်းမှာက ရွှေတြိဂံဒေသမဟုတ်ပါဘူးနော်။ ဆင်ဆာပါမှာစိုးလို့ပြင်ရေးတာပါ။)

သတင်းများတွင် ထိုသို့သော ဥပမာများစွာရှိခဲ့ပြီး အများစုမှာ ဆွေမျိုးများ ငယ်သူငယ်ချင်းများနှင့် အချစ်ဆုံးသူငယ်ချင်းများက ပြုလုပ်ခဲ့သော ကောင်းမှုများသာ ဖြစ်ကြသည်။

အချစ်ဆုံးသူငယ်ချင်းများနှင့် ငယ်သူငယ်ချင်းများသည် ရှေးဦးစွာ လူများနှင့် ရင်းနှီးအောင် ပေါင်းသင်းကြပြီးနောက် ကမ္ဘာကြီးကို လေ့လာရန် ခရီးထွက်မည် သို့မဟုတ် ချမ်းသာလာစေရန်နှင့် ငွေအမြောက်အမြား ရှာဖွေနိုင်စေရန် ခေါ်သွားမည်ဟု ပြောဆိုကာ စားသောက်ကြလေသည်။ အချို့လူများမှာ ရိုးအလှသဖြင့် ဤ အချစ်ဆုံးသူငယ်ချင်းများနှင့် ငယ်သူငယ်ချင်းများ၏ စကားကို နားထောင်ကာ မိမိတို့၏ မြို့မှထွက်ခွာရန် လေယာဉ်စီး၍ နိုင်ငံရပ်ခြားသို့ သွားကြတော့သည်။ လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် သူတို့၏ နိုင်ငံကူးလက်မှတ်များနှင့် မှတ်ပုံတင်ကတ်များကို သိမ်းဆည်းခံလိုက်ရလေသည်။

ထိုနေရာနှင့် စိမ်းသက်နေပြီး နံနက်ခင်းနှုတ်ခွန်းဆက်စကားကိုပင် မပြောတတ်ဘဲ နိုင်ငံရပ်ခြားသို့ သွားခြင်းမှာ အသင့်ပြုလုပ်ထားသော ဝက်ပေါက်လေးတစ်ကောင် ဖြစ်သွားခြင်းနှင့် တူနေသည် မဟုတ်ပါလော။

ဤအချစ်ဆုံးသူငယ်ချင်းများနှင့် ငယ်သူငယ်ချင်းများသည် လူများကို ခေါ်လာသည့်အတွက် လူဦးရေခ (ခေါ်) ပွဲခများ ရရှိကြသည်။ ပို၍ ရက်စက်သူများမှာ ဝက်ပေါက်များ၏ မှတ်ပုံတင်ကတ်များကို အွန်လိုင်းတွင် တိုက်ရိုက်တင်ကာ အရစ်ကျငွေချေးခြင်းများနှင့် အမျိုးမျိုးသော အတိုးကြီးစားချေးငွေများ ကဲ့သို့သော ချေးငွေမျိုးစုံကို ရယူကြတော့သည်။

ဥယျာဉ်အတွင်းသို့ ဝင်ရောက်ပြီးနောက် မည်သို့ဖြစ်လာမည်ဆိုသည်မှာ လိမ်လည်မှုဖြစ်စေ ကိုယ်တွင်းအင်္ဂါ ထုတ်ယူမှုဖြစ်စေ သူတို့နှင့် မသက်ဆိုင်တော့ပေ။ အချစ်ဆုံးသူငယ်ချင်းများနှင့် ငယ်သူငယ်ချင်းများသည် လူများကို စုဆောင်းရန်နှင့် ထိုနေရာသို့ သွားရန် လှည့်စားခြင်းကိုသာ ဂရုစိုက်ကြသည်။

ထို့ကြောင့် လူများနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်သတိထားရန် လိုအပ်ပေသည်။ မတူညီသော လူများကို မတူညီသော သဘောထားများဖြင့် ဆက်ဆံရမည်ဖြစ်သည်။ လူများနှင့်တွေ့လျှင် လူစကားပြောပြီး တစ္ဆေများနှင့်တွေ့လျှင် တစ္ဆေစကား ပြောရမည်ဖြစ်၏။

လီလန်၏ ဖခင်ဖြစ်သူမှာ ရိုးရာမုဆိုးရွာမှ ဒေသခံ မုဆိုးကြီးတစ်ဦးဖြစ်ပြီး တစ်သက်လုံး ပိုင်ရှန်းမြို့နယ်သို့သာ ရောက်ဖူးသူဖြစ်သည်။ သူသည် စာများများစားစားမသိဘဲ ပင်ကိုယ်အားဖြင့် ရိုးသားသူဖြစ်ရာ သဘာဝအလျောက် ဤကောက်ကျစ်သော အကြံအစည်များ ကင်းမဲ့နေခဲ့သည်။

ပါးနပ်မှုမရှိပါက လူဆိုးများ၏ ပစ်မှတ်ထားခြင်းကို ခံရလွယ်ပြီး သူတို့က ငွေချေးကာ အမျိုးမျိုးသော အခွင့်အရေးများကို ယူကြမည် ဖြစ်သည်။

လီလန်သည် အဘိုးကျန်း၏ စကားကို ကြားလိုက်ရသည်နှင့် သူ၏ ဖခင်ဖြစ်သူကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ ဖခင်ဖြစ်သူမှာ ခေါင်းငုံ့ထားပြီး မျက်လုံးများက အကြည့်လွှဲနေသည်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် ဒုက္ခပါပဲဟု တွေးလိုက်မိသည်။

ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ထိုမာလင်းကျီထံသို့ ငွေချေးခဲ့ခြင်းဖြစ်ရန် အလွန်သေချာနေတော့သည်။

"အဖေ သူက အဖေ့ဆီကနေ ဘယ်လောက်တောင် ချေးသွားတာလဲ ဘယ်တုန်းက ချေးသွားတာလဲ ဘာလို့ ဒီအကြောင်းကို ကျွန်တော့်ကို မပြောပြတာလဲ..."

လီလန်၏ ရင်ဘတ်ထဲမှနေ၍ ရုတ်တရက် ပေါ်လာသော တစ္ဆေမီးကဲ့သို့ ဒေါသလှိုင်းလုံးကြီးတစ်ခုက ဦးနှောက်ထဲသို့ တိုက်ရိုက် တက်လာတော့သည်။

ယခုအခါ ရွာထဲတွင် လူများမှာ ဆာလောင်မွတ်သိပ်နေကြပြီး အိမ်ထောင်စုတိုင်းမှာ အစားအစာ မဝယ်နိုင်ကြသဖြင့် ဗိုက်ဆာဆာနှင့် တောရိုင်းဟင်းရွက်များကို စားကာ သစ်ခေါက်များကို ကိုက်ခဲနေကြရသည်။ အဖေက ယခုထက်တိုင် ဆွေမျိုးစပ်၍ပင် မရလောက်အောင် ဝေးကွာသော ဆွေမျိုးတစ်ယောက်ကို ငွေချေးရန် အားလပ်နေသေးသည်လား။

အဖေက လူသားတစ်ယောက်ပါနော်။

လီတာ့ဟိုင်သည် သူ အမှားလုပ်မိကြောင်း သိနေပုံရသဖြင့် ခေါင်းကိုသာ ငုံ့ထားပြီး ဘာမှ မပြောတော့ပေ။

လီလန်၏ ထပ်တလဲလဲ မေးမြန်းမှုအောက်တွင် လီတာ့ဟိုင်သည် လက်နှစ်ချောင်းကို ဖြည်းညင်းစွာ မြှောက်ပြလိုက်သည်။

"ယွမ်နှစ်ဆယ်..."

လီလန်၏ စိတ်ထဲတွင် ဒေါသက ဝုန်းခနဲ ဖြစ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"အဖေ ရူးနေတာလား သူ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ငွေတွေ ချေးလိုက်ရတာလဲ..."

"ယွမ်နှစ်ဆယ်လေ အဲဒီငွေနဲ့ အာလူး ဘယ်နှစ်ကျင်းလောက် ဝယ်လို့ရလဲဆိုတာ သိရဲ့လား ဂျုံဖြူစေ့တွေ ဘယ်နှစ်ကျင်းလောက်တောင် ဝယ်လို့ရလဲဆိုတာကိုရော သိရဲ့လား..."

လီလန်က ဒေါသအပြည့်ဖြင့် အသံကို မြှင့်ကာ ပြောလိုက်သည်။

သူ၏ ဖခင်ဖြစ်သူမှာ ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။

"အေးလေ ဘာပဲဖြစ်ဖြစ် မာလင်းကျီက ငါတို့မိသားစုရဲ့ ဆွေမျိုးပါပဲ သူ့အဘိုးနဲ့ မင်းရဲ့ အဘေးက ဝမ်းကွဲတွေလေ ဘိုးဘေးတစ်ယောက်တည်းကနေ ဆင်းသက်လာကြတာပဲ သူ ဒုက္ခရောက်နေလို့ သူ့မိန်းမ နေမကောင်းဘူးဆိုပြီး ငါ့ဆီက ငွေလာတောင်းတာကို ငါက ဘယ်လိုလုပ်ပြီး ကြည့်ရက်မှာလဲ..."

"တာ့ဟိုင် မင်းအသက်က ငါးဆယ်ရှိနေပြီ ဘာလို့ ကလေးတစ်ယောက်လို ရိုးအနေရသေးတာလဲ..."

အဘိုးကျောက်ထျဲ့ကျွင်းက ဘေးမှနေ၍ ခေါင်းရမ်းကာ ပြောလိုက်သည်။

"အဲ့မာလင်းကျီက လူရမ်းကား လမ်းဘေးလူမိုက်လေ သူပြောတာတွေကို ယုံလို့ရမလား သူက မင်းရဲ့ ကိုယ်ချင်းစာစိတ်ကို အသုံးချပြီး လှည့်စားဖို့ ကြိုးစားနေတာပါ အိုး... မင်းကတော့ကွာ..."

ကျန်းတာပေါင်သည်လည်း ခေါင်းရမ်းလိုက်ပြီး လီတာ့ဟိုင်အား စိတ်ပျက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"လူရမ်းကား..."

အဘိုးကျန်း၏ စကားကို ကြားသောအခါ လီလန်မှာ အနည်းငယ် အံ့အားသင့်သွားတော့သည်။

"အဘိုးကျန်း မာလင်းကျီက ဘယ်ဂိုဏ်းနဲ့ အလုပ်လုပ်တာလဲ ကျွန်တော်တို့ မြို့နယ်ကပဲလား..."

လီလန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"အဲဒါကိုတော့ ငါမသိဘူး မြေအောက်လောကက ကိစ္စတွေကို ဘယ်သူက စုံစမ်းရဲမှာလဲ သူတို့က အိမ်တွေကို ဓားပြတိုက်တာတွေ ပစ္စည်းအတွက် လူသတ်တာတွေကို လုပ်ကြတာ..."

အဘိုးကျန်းက အလျင်အမြန် ခေါင်းရမ်းလိုက်သည်။

လီလန်သည် ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်နှင့် ပိုင်ဟူဂိုဏ်း၏ တတိယခေါင်းဆောင်ဖြစ်လာကြောင်းကို အဘိုးကျန်းတာပေါင်နှင့် အဘိုးကျောက်ထျဲ့ကျွင်းတို့ မသိခဲ့ကြပေ။ အကယ်၍ သူတို့သာ သိခဲ့ပါက အလွန်တုန်လှုပ်သွားကြမည်မှာ သေချာလှသည်။

သူ၏ ဖခင်ဖြစ်သူ လီတာ့ဟိုင်ပင်လျှင် မသိခဲ့ပေ။

ကျန်းရှောင်ဖုန်းနှင့် လုံကျန်းဟူတို့သာ ဤကိစ္စကို သိရှိကြသည်။

အဘယ်ကြောင့်ဆိုသော် လီလန်က သူတို့ကို သီးသန့် မှာကြားထားသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းကိစ္စများမှာ မြေအောက်လောကတွင် ရှိနေခြင်းဖြစ်ပြီး လူများကို ဆိုးရွားသော အထင်အမြင်နှင့် နာမည်ဆိုးများကို ပေးစွမ်းနိုင်ပေသည်။

ပိုင်ဟူဂိုဏ်းနှင့် ချင်းလုံဂိုဏ်းတို့သည် သက်ဆိုင်ရာ ခေါင်းဆောင်များ၏ ထိန်းချုပ်မှုအောက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ကာ တရားဝင် စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေကြသော်လည်း လူတို့၏ စိတ်ထဲရှိ ကြိုတင်သတ်မှတ်ထားသော အစွဲအလမ်းများမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေဆဲပင်။

ဂိုဏ်းဟူသော စကားလုံးကို ကြားသည်နှင့် သာမန်လူများသည် ဓားများနှင့် သံပိုက်လုံးများ ကိုင်ဆောင်ထားသော လူရမ်းကားများကို ပြေးမြင်ကြသည်။ သူတို့မှာ အလွန်ကြောက်လန့်ကြသဖြင့် အထင်အမြင်မှာ သဘာဝအားဖြင့် မကောင်းနိုင်ပေ။

ဂိုဏ်းခေါင်းဆောင် ရာထူးအထိ ရောက်နိုင်သူများမှာ သာမန်အဖွဲ့ဝင်များထက် သဘာဝအားဖြင့် ပို၍ ရက်စက်ကြမ်းကြုတ်ကြသည်။

ပြဿနာများကို ရှောင်ရှားရန်ဟူသော မူဝါဒကို လိုက်နာလျက် လီလန်သည် ဤကိစ္စအကြောင်းကို သူ၏ ဖခင်ဖြစ်သူအား မပြောပြခဲ့ပေ။

ယခုအခါတွင် သူ၏ ဖခင်ဖြစ်သူထံမှ ငွေချေးခဲ့သော မာလင်းကျီမှာလည်း ဂိုဏ်းဝင်တစ်ဦး ဖြစ်နေသဖြင့် လီလန်အတွက် များစွာ စိုးရိမ်စရာ မလိုအပ်တော့ပေ။ သူသည် နောက်မှ ကျန်းချင်းလုံနှင့် ပိုင်ညီအစ်ကိုနှစ်ဦးကို နှုတ်ဆက်စကား ပြောလိုက်ရုံသာ ဖြစ်သည်။ ဓားသွေးကျောက်ကို ပြန်လည်ရရှိနိုင်ရုံသာမက ချေးထားသော ငွေများကိုလည်း ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

ဤကောင်လေးမှာ မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်းကိုသာ သူ မသိခြင်းဖြစ်သည်။ ချင်းလုံဂိုဏ်းလော ပိုင်ဟူဂိုဏ်းလော သို့မဟုတ် အခြားဂိုဏ်းများမှ ဖြစ်မည်လော ဆိုသည်ကို သူ သိချင်နေမိသည်။

"လီကလေး မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ ဒီအဘိုးကြီးက ရှေ့ထွက်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ အကူအညီလိုသလား..."

အဘိုးကျန်းသည် ဆေးလိပ်ကို ကိုင်ထားရင်း မီးခိုးများ မှုတ်ထုတ်ကာ လီလန်အား မျက်လုံးမှေး၍ ကြည့်လျက် ပြောလိုက်သည်။

"အဲ့မာလင်းကျီက အလွယ်တကူ သွားစလို့ရတဲ့သူ မဟုတ်ဘူး သူက မြေအောက်လောကက လမ်းဘေးလူမိုက်လေ လီ သတိထားပါ မင်းရဲ့ အဘိုးကျန်းကိုပဲ ဓားသွေးကျောက်နဲ့ ငွေတွေ ပြန်ရအောင် ကူညီခိုင်းလိုက်တာ ပိုကောင်းမယ်..."

အဘိုးကျောက်ထျဲ့ကျွင်းကလည်း ဝင်ပြောလိုက်သည်။

ကျန်းတာပေါင်မှာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲမှ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ရွှမ်းရွှေရွာ တွင်သာမက အနီးနားရှိ ကျေးရွာအတော်များများတွင်ပါ သြဇာတိက္ကမ ရှိသူ ဖြစ်သည်။

၎င်းသာမက သူသည် မြို့တော်တွင် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ သူသည် အနားယူကာ အေးချမ်းစွာ နေထိုင်နေသော်လည်း အဆက်အသွယ်များ ရှိနေဆဲပင်ဖြစ်၏။

မြို့၏ ပြည်သူ့လုံခြုံရေးဗျူရိုမှာ သူနှင့် အဆက်အသွယ်အချို့ ရှိနေသဖြင့် လူရမ်းကားတစ်ယောက်အား ကိုင်တွယ်ဖြေရှင်းခြင်းမှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

"အဘိုးကျန်း စေတနာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့... ဒီကိစ္စကို ကျွန်တော်ဘာသာကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်..."

လီလန်က ခေါင်းရမ်းလိုက်သည်။

All Chapters