အခန်း ၃၅၂
Vol. 36 Ch. 352
အခန်း (၃၅၂) ငွေမဆပ်ရဲရင် သူ့ကို ပစ်သတ်မယ်
လီလန်သည် ကျန်းတာပေါင်က ငွေသွားတောင်းပေးမည့် အကြံကို ငြင်းဆန်ကာ ခေါင်းခါယမ်းလိုက်သည်။
အဘိုးကျန်း၏ မျက်နှာကို အပျက်ခံ၍ ငွေနှင့် ဓားသွေးကျောက် သွားတောင်းခိုင်းသည်ကို အခြားသူများ သိသွားပါက လီလန်အား သတ္တိကြောင်သူဟု ပြောကြမည် မဟုတ်ပါလော။
လီလန်သည် ကိုယ်တိုင်မသွားရဲ၍ အဘိုးအိုတစ်ဦးကို ငွေသွားတောင်းခိုင်းသည်ဆိုသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။
မည်သို့ပင်ဆိုစေကာမူ ဤငွေကို အဘိုးကျန်း သွားတောင်းပေးရန် မဖြစ်နိုင်ပေ။ လီလန်ကိုယ်တိုင် သွားရမည် ဖြစ်သည်။
ထိုသို့တွေးမိသောအခါ လီလန်က ဖခင်ဖြစ်သူထံသို့ လှည့်ကြည့်လိုက်၏။
"အဖေ... ယွမ်နှစ်ဆယ်အပြင် တခြားဘာတွေ ရှိသေးလဲ..."
လီလန်သည် မာလင်းကျီအား ရိုးရှင်းသူမဟုတ်ဟု အမြဲခံစားနေရသည်။
လူရမ်းကားတစ်ယောက်က ယွမ်နှစ်ဆယ်လောက်ပဲ ချေးသွားသည်တဲ့လား။
"အာလူး ငါးကျင်း၊ ကန်စွန်းဥ သုံးကျင်း၊ ဆား ကျင်းဝက်၊ သကြားဖြူ ကျင်းဝက်၊ ကြက်ဥ ဆယ်လုံး၊ ငါးကျင်းအရွယ် ငါးကြင်းတစ်ကောင်နဲ့ တာ့ချန်မန်ဆေးလိပ် သုံးဘူး ရှိသေးတယ်..."
ဦးလေးတာ့ဟိုင်သည် လက်ချိုးရေတွက်ကာ တစ်ခုချင်းစီ ပြောပြလေသည်။ လီတာ့ဟိုင်သည် မာလင်းကျီ ချေးသွားသမျှကို တစ်ခုမကျန် အကုန်မှတ်မိနေ၏။
လီလန်ခမျာ အံ့အားသင့်သွားတော့သည်။
အဘိုးကျောက်ထျဲ့ကျွင်းနှင့် အဘိုးကျန်းတို့ အဘိုးအိုနှစ်ဦးမှာလည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ကျန်းဝေ့ကော်နှင့် ကျောက်လျူ လူရွယ်နှစ်ဦးပင်လျှင် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
ကျန်းဝေ့ကော်၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်နေပြီး အံ့သြတကြီးဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာ၏။
"ဦးလေးတာ့ဟိုင်... ဘုရားရေ... မာဆိုတဲ့လူက ဦးလေးဆီက ဒီလောက်အများကြီး ချေးသွားတာလား..."
"အိုး... ဦးလေးက ပြောရဆိုရတာ အရမ်းလွယ်လွန်းတယ်... ဒီလောက်ပစ္စည်းတွေ အများကြီးဆို ဦးလေးနဲ့ လီလန်တို့ အကြာကြီး စားလို့ရတာကို ဘာလို့ သူ့ကို ချေးလိုက်ရတာလဲ..."
"အဲ့ပစ္စည်းတွေက ပိုက်ဆံအများကြီး တန်တယ် ဦးလေးတာ့ဟိုင်... ကျွန်တော် ဦးလေးကို အပြစ်တင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဦးလေးက အရမ်း သဘောကောင်းလွန်းတယ်..."
ကျန်းဝေ့ကော်သည် ဒေါသကြီးတတ်သူ ဖြစ်သော်လည်း အရေးကြီးသော ကိစ္စများနှင့် ပတ်သက်လာလျှင် သူ၏ ခံယူချက်များမှာ မှန်ကန်ပေသည်။
လီတာ့ဟိုင်က ဤပစ္စည်းများကို ရေရွတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် မာလင်းကျီသည် သူ၏ ဦးလေးတာ့ဟိုင်အား ဝက်တစ်ကောင်ပမာ သတ်ဖြတ်နေကြောင်း ကျန်းဝေ့ကော် သဘောပေါက်သွားတော့သည်။
မည်သို့သော အခွင့်အရေးမျိုး ရှိစေကာမူ သူက အမြတ်ထုတ်နေခြင်းပင်ဖြစ်၏။
ငွေရှိလျှင် ငွေချေးသည်။ ဆန်ရှိလျှင် ဆန်ချေးသည်။ ကြက်ဥရှိလျှင် ကြက်ဥချေးလေသည်။ သို့သော် ပြန်ဆပ်ရမည့်အကြောင်း ပြောလျှင်မူ လုံးဝမရပေ။
မေးလိုက်လျှင်လည်း ငွေမရှိဟုသာ အမြဲပြောတတ်သည်။
တောင်းလိုက်လျှင်လည်း မပေးဟုသာ အမြဲငြင်းတတ်၏။
ကျွမ်းကျင်မှုဖြင့် ချေးယူထားသောငွေကို အဘယ်ကြောင့် ပြန်ဆပ်ရမည်နည်း။
လီလန်သည် သူ၏ ဖခင်ကို ကြည့်လိုက်ရာ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေပြီး ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလာတော့သည်။
ယနေ့ ဓားသွေးကျောက် ကိစ္စကြောင့် မာလင်းကျီ ငွေချေးထားကြောင်း ပေါ်ပေါက်မလာခဲ့ပါက နောင်တွင် သူ အမဲလိုက်၍ ငွေမည်မျှပင် ရှာနိုင်စေကာမူ သူ၏ဖခင်ကဲ့သို့ သဘောကောင်းလွန်းသော စရိုက်ကြောင့် သူ အိမ်တွင်မရှိခိုက် တစ်စုံတစ်ယောက်က သူ၏ဖခင်ထံ လာရောက်တောင်းဆိုပါက သေချာပေါက် ထပ်ချေးပေးဦးမည် ဖြစ်သည်။
၎င်းမှာ ရေပုံးဖြင့် ရေခပ်သကဲ့သို့ ဖြစ်နေသည်၊ မိမိဘက်မှ သစ်သားပြား မည်မျှပင် မြင့်မားရှည်လျားနေပါစေ ဖခင်ဖြစ်သူဘက်မှ သစ်သားပြား တိုနေပါက ရေပုံးသည် မည်သို့လျှင် ပြည့်နိုင်ပါမည်နည်း။
ရေမည်မျှပင် ခပ်ထည့်စေကာမူ ဖခင်၏ သစ်သားပြားက တစ်ဝက်ကျော်ခန့် တိုနေသရွေ့ ထိုရေပုံးသည် ဘယ်သောအခါမှ ပြည့်နိုင်မည် မဟုတ်ပေ။
သူက တစ်ဖက်မှ ရှာဖွေပြီး ဖခင်က တစ်ဖက်မှ ချေးငှားနေပါက ငွေကြေးများမှာ နည်းသည်ထက် နည်းလာပြီး သူတို့၏ ဘဝများမှာလည်း ဆင်းရဲသည်ထက် ဆင်းရဲလာမည်သာ ဖြစ်၏။
"ဆွေမျိုးများ"၊ "ဝမ်းကွဲများ" နှင့် "ဦးလေးများ" က စည်းစိမ်ယစ်မူးစွာ နေထိုင်ကြပြီး သူနှင့် သူ၏ဖခင်၊ ညီမများပါဝင်သော မိသားစုဝင် လေးဦးမှာမူ ငတ်မွတ်နေရသည့် အခြေအနေမျိုးကို သူ မလိုလားပေ။
ထိုသို့ဆိုလျှင် တကယ့်ကို ရယ်စရာပင် ဖြစ်သွားတော့မည်။
"အဖေ... ပြောစမ်းပါ... အဲဒါကို ဘယ်တုန်းက ချေးလိုက်တာလဲ..."
လီလန်သည် ဖခင်ဖြစ်သူအား ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။
"အဲဒါ... အဲဒါက နှစ်အတော်ကြာနေပြီ..."
လီတာ့ဟိုင်သည် ခေါင်းငုံ့၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလေသည်။
"နှစ်အတော်ကြာနေပြီ... ဟားဟား... အဖေ... အဖေ့ရဲ့ ဝမ်းကွဲအကောင်းစားကြီးကို ကြည့်လိုက်ဦး... သူက ကျွန်တော်တို့ မိသားစုဆီက ပစ္စည်းတွေ အများကြီး ချေးသွားပြီး အာလူးတစ်လုံးတောင် ပြန်မပေးဘူး..."
"ဒါ အဖေသိတဲ့ဆွေမျိုးပဲ..."
ဤအချိန်တွင် လီလန်သည် အလွန်ဒေါသထွက်နေပြီး စကားပြောနေစဉ် သူ၏ မျက်နှာမှာ နီရဲနေတော့သည်။
"လီ... ကောင်းပါပြီ... ကောင်းပါပြီ... မင်းအဖေက တမင်လုပ်တာ မဟုတ်ပါဘူး... မင်းအဖေက သဘောကောင်းပြီး သံယောဇဉ်ကို တန်ဖိုးထားတတ်လို့ပါ... အဲ့မာလင်းကျီက ကောက်ကျစ်ပြီး ပါးနပ်လွန်းတယ်... ဒီကိစ္စက မင်းအဖေ့ အမှားမဟုတ်ပါဘူး..."
အဘိုးကျောက်ထျဲ့ကျွင်းက ဘေးမှနေ၍ ဝင်ဖျောင်းဖျလေသည်။
"လီ... စိတ်အေးအေးထားပါ... ဒေါသထွက်နေလည်း အလကားပဲ... မင်းအဖေကို အပြစ်မတင်ပါနဲ့... မည်သို့ပင်ဖြစ်စေ မာလင်းကျီက မင်းအဖေ့ရဲ့ သွေးသားရင်းချာ ဝမ်းကွဲပဲလေ... သူက မင်းအဖေဆီလာပြီး ဒုက္ခရောက်နေကြောင်းပြောကာ အကူအညီတောင်းတော့လည်း မင်းအဖေက မငြင်းရက်ဘူးပေါ့..."
"ငါ့ကိုမေးရင်တော့ ဒီကိစ္စက မင်းအဖေနဲ့ တကယ့်ကို မသက်ဆိုင်ပါဘူး... အဓိကက မာလင်းကျီက ကိုယ်ကျင့်တရားမရှိဘဲ နှလုံးသားမရှိလို့ပဲ..."
အဘိုးကျန်းကလည်း ဖျောင်းဖျသည့်စကား အနည်းငယ် ပြောလိုက်သည်။
စေတနာကောင်းဖြင့် ငွေချေးခြင်းမှာ ကောင်းမွန်သောအရာဖြစ်သည် အကျပ်အတည်းကြုံနေချိန်တွင် အကူအညီပေးရန် မည်သူကမျှ မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ ချေးထားသောငွေကို ပြန်ဆပ်သင့်သည် မဟုတ်ပါလော။
နှစ်အတော်ကြာသည်အထိ အချိန်ဆွဲကာ ပြန်မဆပ်ဘဲနေခြင်းမှာ သူက လူများကို အရူးများအဖြစ် သဘောထားနေခြင်းလော။
အဘိုးအိုနှစ်ဦး၏ စကားကို ကြားသောအခါ လီလန်သည် သူ၏ စိတ်ခံစားမှုများကို ငြိမ်သက်သွားစေသည်။ ဖခင်ဖြစ်သူမှာ သဘောထားပျော့ပျောင်းပြီး ရိုးသားကြောင်းကို သူ သိထားပေသည်။
နှစ်သစ်ကူးကာလအတွင်း ဆွေမျိုးများ အလည်လာစဉ်က ဤအခြေအနေမျိုးကို သူ တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးလေပြီ။
ထိုဆွေမျိုးမှာ သူ၏ အရင်းခေါက်ခေါက် ဦးလေးပင် ဖြစ်သည်။
သို့သော် ထိုဦးလေးဆိုသူမှာမူ ထိုကဲ့သို့သော လူစားမျိုးသာဖြစ်ပြီး လူကောင်းတစ်ယောက် မဟုတ်ပေ။
သူသာ ဖခင်ဖြစ်သူအား ဝင်မဖျောင်းဖျခဲ့ပါက သူ၏ ဖခင်စရိုက်ဖြင့် နှစ်သစ်ကူးကာလအတွင်း ဤဦးလေးဆိုသူ၏ အမြတ်ထုတ်ခြင်းကိုခံရကာ အကြီးအကျယ် နစ်နာဆုံးရှုံးရမည်မှာ သေချာပေသည်။
ဦးလေးဆိုသူက အိမ်ထဲသို့ ဝင်ဝင်ချင်း ပြောလိုက်သော ပထမဆုံးစကားမှာ လီလန်၏ တောကြောင်ရိုင်းနှင့် ဟေးလုံတို့ကို ယွမ်အနည်းငယ်ဖြင့် ဝယ်ချင်သည်ဟူ၍ဖြစ်ရာ လုံးဝကို ရယ်စရာကောင်းလှသည်။
ရွံရှာဖွယ်ကောင်းသလို အရှက်မရှိ ယုတ်မာလွန်းလှပေ၏။
ကံကောင်းထောက်မစွာဖြင့် လီလန်က အချိန်မီ ဝင်ရောက်ဟန့်တားနိုင်ခဲ့သောကြောင့် ထိုဦးလေးမှာ အမြီးကုပ်ကာ ထွက်ပြေးသွားခဲ့ရသည်။
ဤသည်က ဖခင်ဖြစ်သူမှာ မိသားစုဆက်ဆံရေးများကို အလွန်တန်ဖိုးထားကြောင်း သွယ်ဝိုက်၍ ပြသနေပြီး အနည်းငယ် အစွန်းရောက်ကာ မိမိကိုယ်ကိုယ်ပင် မသိနိုင်တော့ဘဲ အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်အထိပင်တည်း။
တစ်စုံတစ်ယောက်က သူ့ထံလာ၍ ဒုက္ခရောက်နေကြောင်း ပြောဆိုလာပါက မည်မျှပင် ခက်ခဲပါစေ မိမိပိုင်ဆိုင်သမျှကို ရောင်းချရမည်ဆိုလျှင်ပင် သူက ကူညီပေးမည်သာ ဖြစ်သည်။
"ဟူး... အဖေ... အဖေ့ရဲ့ ဒီအကျင့်စရိုက်ကို ပြင်ဖို့လိုနေပြီ..."
လီလန်သည် ဖခင်ဖြစ်သူ လီတာ့ဟိုင်ကို ကြည့်ကာ သက်ပြင်းချရင်း မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ ပြင်ပါ့မယ်... ငါ ပြင်ပါ့မယ်..."
လီတာ့ဟိုင်ကလည်း သူမှားသွားကြောင်းနှင့် သားဖြစ်သူအား ဒုက္ခပေးမိကြောင်း သိရှိသဖြင့် ဘေးတွင် ကြက်သွန်ဖြူထောင်းသည့် ကျည်ပွေ့ကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။
"အဲ့ပစ္စည်းတွေအပြင် တခြားဘာတွေ ရှိသေးလဲ..."
လီလန်က ထပ်မံမေးမြန်းလိုက်သည်။
သူ၏ဖခင်မှာ အနည်းငယ် တွေဝေပြီး သဘောထားပျော့ပျောင်းသော်လည်း မှတ်ဉာဏ်မှာ အတော်လေး ကောင်းမွန်လှရာ မာလင်းကျီ ချေးသွားသမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။
"မရှိတော့ဘူး... မရှိတော့ဘူး..."
လီတာ့ဟိုင်က အလျင်အမြန်ပင် ခေါင်းခါပြလိုက်၏။
"အဲဒါအကုန်ပဲ... တခြားဘာမှ မရှိတော့ဘူး... လွန်ခဲ့တဲ့လက သူ ထပ်ရောက်လာပြီး မြို့မှာ လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်မိလို့ ဆေးဖိုးပေးရမယ်ဆိုပြီး ဆယ်ယွမ်ချေးဖို့ တောင်းသေးတယ်... ပြီးခဲ့တဲ့အကြိမ်က ချေးသွားတဲ့ ယွမ်နှစ်ဆယ်ကိုတောင် ပြန်မပေးသေးတာ တွေးမိလို့ ငါလည်း သူ့ကို မချေးလိုက်ဘူး..."
"ငါက မချေးဘူးလို့ ပြောလိုက်တာနဲ့ အဲ့မာလင်းကျီက မပြန်ဘဲ နေနေတာ... သူက အိမ်မှာ တစ်နေကုန် ထိုင်နေခဲ့တယ်... ကံကောင်းလို့ မင်းက အမဲလိုက်ရာကနေ ပြန်ရောက်လာပြီး သူက မင်းကို မြင်တာနဲ့ မြန်မြန် ထွက်ပြေးသွားတာပဲ..."
လီတာ့ဟိုင်က စကားအနည်းငယ် ရှင်းပြလိုက်သည်။
ထိုအခါ လီလန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ဒေါသများမှာ ထက်ဝက်ခန့် လျော့ကျသွားတော့သည်။
အရင်က ချေးခဲ့ခြင်းမှာ သူ၏ဖခင် တွေဝေမှုကြောင့် ဖြစ်သော်လည်း နောက်ပိုင်းတွင် မချေးတော့ခြင်းက ဖခင်ဖြစ်သူတွင် ပြောင်းလဲနိုင်သည့် အလားအလာ ရှိနေသေးကြောင်း ပြသနေသည်။
သူ ပြောင်းလဲနိုင်ပါက ကောင်းမွန်ပေသည်။ မိမိ၏ အမှားများကို ပြုပြင်ခြင်းသည် အကြီးမားဆုံးသော ကောင်းမှုပင်ဖြစ်၏။
လီလန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခွေးအိမ်ဝတွင် လှဲလျောင်းနေသော တောကြောင်ရိုင်းဇနီးမောင်နှံကို တစ်ချက်ကြည့်ကာ သူ၏ဖခင် လီတာ့ဟိုင်အား ပြောလိုက်သည်။
"အဲ့မာလင်းကျီက အခု အိမ်မှာရှိနေလား..."
"သူ အိမ်မှာရှိတယ်... သူ အိမ်မှာရှိတယ်... သူ မြို့မှာပြဿနာရှာမိလို့ အိမ်မှာ ပုန်းနေတယ်လို့ ငါ ကြားတယ်..."
လီတာ့ဟိုင်က အားပါးတရ ခေါင်းညိတ်ပြလေသည်။
"ဒါဆိုလည်း ကောင်းတာပေါ့ အဖေ... အဖေနဲ့ ကျွန်တော် အခုချက်ချင်း မာလင်းကျီအိမ်ကို သွားပြီး သူ ချေးသွားတဲ့ ငွေနဲ့ ပစ္စည်းတွေကို ပြန်သွားယူကြမယ်..."
ထိုစကားကို ကြားသောအခါ လီတာ့ဟိုင်သည် ထပ်မံ၍ တုံ့ဆိုင်းသွားကာ
"သား... မာလင်းကျီဆိုတဲ့လူက..."
"အဖေက ဘာကိုကြောက်နေတာလဲ..."
"ကျွန်တော် အမဲလိုက်သေနတ် ယူသွားမယ်... သူသာ ငွေပြန်မဆပ်ရဲရင် သူ့ဦးနှောက်တွေ ပွင့်ထွက်သွားအောင် တစ်ချက်တည်း ပစ်သတ်ပစ်မယ်..."
လီလန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ဝေ့ကော်... ငါ့ကို သေနတ်ယူပေးစမ်း..."
"ဟုတ်ကဲ့ပါ..."