အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃) အစ်မကြီးကို မူးအောင်တိုက်ပြီး လီလန့်ရဲ့ အိပ်ရာထဲ ထည့်ပေးမလို့လား
အဖွဲ့ခေါင်းဆောင်ကျိုးလျဲ့ရှန်းက ရှေ့မှဦးဆောင်ပြီး လီလန်က အမဲလိုက်သေနတ်ကို ကိုင်ဆောင်ထားကာ သူတို့၏နောက်တွင်မူ ကျန်းဝေ့ကော်၊ ကျောက်လျူနှင့် အခြေအနေကို လာရောက်ကြည့်ရှုကြသော အဘိုးအိုနှစ်ဦးဖြစ်သည့် ကျန်းတာပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့ လိုက်ပါလာကြသည်။
လူအုပ်စုသည် မာလင်းကျီ၏အိမ်ဆီသို့ အလောတကြီး ချီတက်သွားကြတော့၏။
မာလင်းကျီမှာ တစ်ရွာတည်းသား ဖြစ်ရုံသာမက လီရှန်းဟွာတို့အိမ်နှင့် ဘေးချင်းကပ်လျက် နေထိုင်သည့် အိမ်နီးနားချင်းလည်း ဖြစ်ပေသည်။
လီလန်သည် သေနတ်တစ်ပြင်ပြင်၊ လူတစ်အုပ်နှင့် မာလင်းကျီထံ ငွေသွားတောင်းနေချိန်တွင် လီဟူသည်လည်း အကိုက်အခဲပျောက်ဆေးများကို ဆုပ်ကိုင်ကာ အိမ်သို့ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။
"အစ်ကို... ခဏလောက် ထွက်ခဲ့ဦး... ပြောစရာရှိလို့..."
လီဟူသည် အခန်းထဲသို့ ဝင်လာပြီး အကိုက်အခဲပျောက်ဆေးများကို ကန်းပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။ ထို့နောက် သူ့အစ်မကြီး လီရှန်းဟွာကို တစ်ချက်ကြည့်ကာ ဒုတိယအစ်ကိုဖြစ်သူ လီလုံကို လှမ်းပြောလိုက်၏။
"ဒီမှာပဲ ပြောလို့မရဘူးလား..."
လီလုံက ရုတ်တရက် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။
လီရှန်းဟွာသည် ခြင်းတောင်းထဲရှိ သစ်ကြားမှိုများကို ရှင်းလင်းနေရာမှ ထိုစကားကို ကြားသောအခါ သူမ၏မောင်ငယ်ကို မော့ကြည့်လိုက်မိသည်။
"ဒုတိယအစ်ကို... အပြင်ထွက်ပြီး စကားပြောရအောင်..."
လီဟူသည် အစ်မကြီးကို တစ်ချက်ကြည့်ကာ လီလုံကို မျက်ရိပ်ပြလိုက်၏။
"ကောင်းပြီလေ... အစ်မကြီး... အမေကို ကြည့်ထားပေးဦး... ငါ ဟူဇီနဲ့ ခဏအပြင်ထွက်လိုက်ဦးမယ်..."
လီလုံက ခေါင်းညိတ်လိုက်ပြီး ကန်းပေါ်မှဆင်းကာ ဖိနပ်စီးလိုက်သည်။
မောင်နှစ်ယောက်သည် အခန်းထဲမှ တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြသဖြင့် လီရှန်းဟွာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့တော့သည်။
"ဒီကောင်လေးနှစ်ယောက် ဘာတွေတိုးတိုးတိတ်တိတ် ပြောနေကြတာလဲ... ငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ..."
လီရှန်းဟွာက မျက်မှောင်ကြုတ်သွား၏။
သူမ၏ စုစမ်းချင်စိတ်မှာ တားမရဆီးမရ ပေါက်ကွဲလာသဖြင့် ချက်ချင်းပင် ခြင်းတောင်းကိုချကာ ဖိနပ်ကို စီး၍ တံခါးဝတွင် အသာအယာ နားစွင့်နေလိုက်တော့သည်။
အပြင်ဘက် ဝရန်တာအောက်တွင်မူ လီလုံနှင့် လီဟူတို့သည် ထိုင်ကာ ဆေးလိပ်ကိုယ်စီ သောက်နေကြသည်။
ထိုဆေးလိပ်များမှာ ဈေးပေါသော ဒေသထွက် ကျောက်ဘိုင်တောင်တံဆိပ် ဆေးလိပ်များဖြစ်ပြီး တစ်ဘူးလျှင် ဆင့်အနည်းငယ်သာ ပေးရပေသည်။
"အစ်ကို... သောက်ဦး..."
လီဟူက ဆေးလိပ်တစ်လိပ်ကို ထုတ်၍
ကမ်းပေးလိုက်၏။
"ဟေ... ဟူဇီ... မင်း ဘယ်တုန်းက ဒီအကျင့်ရသွားတာလဲ..."
ဒုတိယအစ်ကို လီလုံက အနည်းငယ် အံ့သြသွားသည်။
သူ့ညီယ်သည် ဘယ်သောအခါမျှ ဆေးလိပ်မသောက်ကြောင်း သူ မှတ်မိနေသောကြောင့်တည်း။
"စိတ်ညစ်လို့ပါ... ဆေးလိပ်သောက်လိုက်ရင် စိတ်သက်သာရာရမလားလို့..."
လီဟူက နောက်ထပ်ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းတွင်ခဲကာ ဘောင်းဘီအိတ်ကို နှိုက်လိုက်သည်။
သူသည် မီးခြစ်ဘူးကို ထုတ်၍ မီးခြစ်ဆံတစ်ခုကို ယမ်းစက္ကူပေါ်တွင် ခြစ်လိုက်၏။
မီးတောက်ကလေး ဝင်းခနဲ ပေါ်လာသည်။
လီဟူသည် ပထမဆုံး ဒုတိယအစ်ကို လီလုံ၏ ဆေးလိပ်ကို မီးညှိပေးပြီးနောက် မိမိကိုယ်တိုင်လည်း ညှိလိုက်သည်။
ညီကိုနှစ်ယောက်သည် ဆေးလိပ်ကို တစ်ချက် ရှိုက်ဖွာလိုက်ကြပြီး မီးခိုးငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ကြ၏။
လီဟူသည် မျက်လုံးကို မှေးကာ ရွာ၏အနောက်ဘက် အဝင်ဝရှိ လီလန်တို့အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"အစ်ကို... ကျွန်တော်တို့ ခြေထောက်တွေ ဒီလိုဖြစ်သွားတော့ အသုံးမကျတဲ့လူတွေ ဖြစ်ကုန်ပြီ... နောင်ကျရင် မိသားစုကို လုပ်ကျွေးဖို့တာဝန်က ကျွန်တော်တို့နှစ်ယောက်ပေါ်ပဲ ကျတော့မယ်..."
"ဆေးရုံမှာလည်း ငွေတွေအများကြီး ကြွေးတင်နေသေးတယ်... အစ်ကို ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စိတ်ကူးထားလဲ..."
လီဟူသည် ဆေးလိပ်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ထားရင်း မျက်မှောင်ကို တင်းတင်းကြုတ်ကာ စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် မေးလိုက်သည်။
သူတို့မိသားစုသည် ဆေးရုံတွင် ယွမ်ဆယ်ဂဏန်းကျော် ကြွေးတင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဤခေတ်ကာလတွင် ပမာဏအနည်းငယ် မဟုတ်ဘဲ အလွန်များပြားလှပေသည်။
လောလောဆယ်တွင် ဤအကြွေးတွင်းကို သူတို့ မဆပ်နိုင်သေးပေ။
လီလုံသည် ဘာမှမပြောဘဲ လက်ထဲမှ ဆေးလိပ်ကိုသာ တရစပ် ရှိုက်ဖွာနေမိသည်။ ဆေးလိပ်သောက်နှုန်း မြန်လွန်း၍လားမသိ၊ မီးခိုးမွန်းကာ တဟွတ်ဟွတ်နှင့် ချောင်းဆိုးလာတော့၏။
သူသည် ချောင်းအနည်းငယ် ဆိုးပြီးနောက် အိမ်ဝိုင်းထဲသို့ တံတွေးထွေးလိုက်သည်။
"ဘာလုပ်ရမှာလဲ... ပြန်ဆပ်ရမှာပေါ့..."
"အိမ်မှာရှိတာတွေ အကုန်ရောင်းရရင်တောင် ပြန်ဆပ်ရမယ်... ငါတို့ လီမိသားစုက အကြွေးမဆပ်တဲ့ လူယုတ်မာတွေ အဖြစ်မခံနိုင်ဘူး..."
ဒုတိယအစ်ကို၏ စကားကို ကြားသောအခါ လီဟူကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
"အစ်ကို... ကျွန်တော်လည်း အဲ့လိုပဲတွေးထားတာ... ဆေးရုံက ကျွန်တော်တို့အမေရဲ့ အသက်ကို ကယ်ပေးခဲ့တာပဲ... ဒီငွေကို သေချာပေါက် ပြန်ဆပ်ရမယ် ကြွေးချန်ထားလို့ မဖြစ်ဘူး..."
လီဟူ၏ စကားမှာ လီလုံ၏ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
"ဟူဇီ... မင်း ဘယ်တုန်းက ဒီလောက်စကားတွေ အချိန်ဆွဲတတ်သွားတာလဲ... ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ... မင်းရဲ့ ဒုတိယအစ်ကိုဆီကနေ ဘာတွေ ဖုံးကွယ်ထားတာလဲ..."
လီဟူသည် တုံ့ဆိုင်းသွားပြီး တံခါးဝဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။ မည်သူမျှမရှိသည်ကို တွေ့မှ ခေါင်းညိတ်ကာ ပြောလိုက်၏။
"အစ်ကို... ဒါဆိုရင်လည်း ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်..."
"ဆေးရုံကို ပေးရမယ့်အကြွေးက ကျွန်တော်တို့နှစ်ယောက် တောင်ပေါ်တက် အမဲလိုက်ရင်တောင်မှ မကြာခင်မှာ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး..."
ထိုစကားကို ကြားရသောအခါ လီလုံ ခေါင်းညိတ်လိုက်မိသည်။ ညီကိုနှစ်ယောက်စလုံးမှာ ယခုအခါ ကျိုးလျဲ့ရှန်း၏ မုဆိုးအဖွဲ့မှ မောင်းထုတ်ခံလိုက်ရသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ သီးသန့်လုပ်ကိုင်နေကြရပြီ ဖြစ်သည်။
တစ်ကိုယ်တော် အမဲလိုက်ရာတွင် ရရှိနိုင်သော သားကောင်များမှာ တောကြက်၊ တောယုန်၊ ချေသမင်နှင့် ခွေးတူဝက်တူများလောက်သာဖြစ်၏။ သားကောင်ကြီးများကိုမူ သူတို့ မဖမ်းနိုင်ကြသလို သွားရောက်ရန်စရဲသည့် သတ္တိလည်း မရှိကြပေ။
ဤသည်က ညီကိုနှစ်ယောက် အမဲလိုက်၍ ရရှိသောငွေမှာ အလွန်နည်းပါးမည်ကို ပြသနေသည်။ မိသားစုကို ကျွေးမွေးရန်မှာ ပြဿနာမရှိပေ။ ပြောင်းဖူးမုန့်ပေါင်း၊ ယာဂုနှင့် ချဉ်ဖတ်များကို စားသရွေ့ ဆာလောင်မွတ်သိပ်ခြင်း မရှိနိုင်ပေ။
ခက်ခဲသောအရာမှာ သူတို့အမေကို ကုသစဉ်က တင်ရှိခဲ့သော ဆေးရုံစရိတ်ကို ပြန်ဆပ်ရန်ဖြစ်သည်။
ယွမ်ဆယ်ဂဏန်းကျော်ဆိုသည်မှာ အချို့အတွက် မပြောပလောက်သော်လည်း ဤခေတ်ကာလတွင်မူ ၁၈၅ စင်တီမီတာ အရပ်မြင့်သော ယောက်ျားရင့်မာနှစ်ယောက်၏ ပုခုံးပေါ်သို့ ဖိနှိပ်ထားသည့် မဟာတောင်ကြီးသဖွယ် ဖြစ်နေပေသည်။
ယွမ်ဆယ်ဂဏန်းကျော်ကို အထင်မသေးပါနှင့် ၎င်းက လူကို စိတ်ပျက်အားငယ်စေနိုင်ပေသည်။
"ဟူဇီ... မင်းမှာ ငွေရှာမယ့် နည်းလမ်းရှိလို့လား..."
လီလုံသည် ညီဖြစ်သူ၏ စကားကို ကြားသည်နှင့် လီဟူ၏ စိတ်ကူးကို ချက်ချင်း သဘောပေါက်လိုက်သည်။ လီဟူတွင် ငွေရှာမည့်နည်းလမ်းရှိနေ၍သာ သူ့ကို သီးသန့်လာရောက် တိုင်ပင်ခြင်း ဖြစ်ပေလိမ့်မည်။
"ရှိတယ်... ဒါပေမဲ့..."
လီဟူသည် တံခါးဘက်သို့ သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်ပြီး အလွန်ပင် လျှို့ဝှက်နေပေသည်။
"ဟူဇီ... တရားမဝင်တဲ့ အလုပ်တွေကိုတော့ ငါတို့ လုပ်လို့မဖြစ်ဘူးနော်... အဲဒါက ထောင်ကျရုံတင်မကဘဲ သေနတ်နဲ့ ပစ်သတ်ခံရလိမ့်မယ်..."
လီလုံက သူ၏ညီဖြစ်သူမှာ စွန့်စား၍ ဓားပြတိုက်ရန် ကြံစည်နေသည်ဟု ထင်မှတ်နေမိသည်။
"ဒုတိယအစ်ကို... အစ်ကိုကလည်း ဘာတွေ ပြောနေတာလဲ... ကျွန်တော်က အဲ့လိုလူစားမျိုးလား..."
လီဟူက လီလုံကို မျက်စောင်းထိုးလိုက်၏။
တံခါးဝတွင် ခိုး၍နားစွင့်နေသော လီရှန်းဟွာသည်လည်း သူမ၏မောင်နှစ်ယောက် စကားပြောနေသည်ကို ကြားသောအခါ လန့်ဖျန့်သွားခဲ့သည်။
"ဟူဇီက ဓားပြတိုက်မလို့လား... ဆေးရုံကြွေးဆပ်ဖို့အတွက်လား..."
"မဖြစ်ဘူး... ဒါက တရားမဝင်ဘူး... သူတို့ သေဒဏ်ပေးခံရလိမ့်မယ်..."
လီရှန်းဟွာသည် စိုးရိမ်တကြီးဖြစ်သွားပြီး မောင်နှစ်ယောက်ကို တားဆီးရန် အပြင်သို့ ပြေးထွက်တော့မည့်ဆဲဆဲတွင်
မောင်ငယ်ဖြစ်သူ ဟူဇီ၏ စကားကို ထပ်မံကြားလိုက်ရပြန်သည်။
"ကျွန်တော် အခုပြောမယ့်ကိစ္စက ကျွန်တော်တို့ရဲ့ အစ်မကြီးနဲ့ သက်ဆိုင်တယ်..."
ဟူဇီက မိမိအကြောင်းကို ပြောလိုက်သဖြင့် လီရှန်းဟွာသည် တောင့်ခဲသွားပြီး ချက်ချင်းပင် ရပ်တန့်ကာ တံခါးဝတွင် ဆက်လက်၍ နားစွင့်နေမိပြန်သည်။
"အစ်မကြီး ဟုတ်လား..."
လီလုံလည်း ကြောင်အမ်းသွားခဲ့၏။
သို့သော် မကြာမီမှာပင် သူသည် မျက်တောင်ခတ်ကာ တစ်ခုခုကို တွေးတောနေသကဲ့သို့ ခေါင်းငုံ့လိုက်ပြီး
"ဟူဇီ... မင်းက အစ်မကြီးကို အိမ်ထောင်ချပေးမလို့လား... တင်တောင်းစရိတ်နဲ့ ဆေးရုံကြွေးကို ဆပ်မလို့လား..."
"အဲဒါက တစ်စိတ်တစ်ပိုင်းပဲ... ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး..."
လီဟူက ခေါင်းခါပြလိုက်သည်။
"ဟူဇီ... မင်း တကယ်ပဲ ဘာတွေ တွေးနေတာလဲ... ပွင့်ပွင့်လင်းလင်းပဲ ပြောစမ်းပါ... ငါ့ကို ရင်တမမဖြစ်အောင် မလုပ်ပါနဲ့..."
မိမိ၏ညီ လီဟူက လျှို့ဝှက်ချက်များဖြင့် ပဟေဠိဆန်ဆန် ပြောနေသည်ကို တွေ့ရသောအခါ လီလုံသည် မီးပူပေါ်ရှိ ပုရွက်ဆိတ်ပမာ ပူပန်လာတော့သည်။
ထိုအခါမှ လီဟူသည် အသံကိုနှိမ့်ကာ လီလုံ၏နားနားသို့ ကပ်၍ သူ၏စိတ်ကူးတစ်ခုလုံးကို ဖွင့်ဟပြောကြားလိုက်တော့သည်။
လီလုံသည် နားထောင်ရင်းနှင့် မျက်လုံးများမှာ ပို၍ပြူးကျယ်လာခဲ့၏။
သူ၏စိတ်ကူးကို ကြားသိရပြီးနောက်တွင်မူ လီလုံသည် ခေါင်းကို တဆတ်ဆတ် ခါယမ်းလိုက်ပြီး
"မဖြစ်ဘူး... အဲ့လိုလုပ်လို့ လုံးဝမဖြစ်ဘူး..."
"ငါတို့ အဲ့လိုလုပ်လိုက်ရင် အစ်မကြီးကို ဒုက္ခပေးရာ မရောက်ဘူးလား... တကယ်လို့ လူတွေ သိသွားရင် အစ်မကြီးက နောင်ကျရင် ဘယ်လိုမျက်နှာနဲ့ လူတောတိုးမလဲ..."
လီလုံသည် လီဟူ၏ နည်းလမ်းကို လုံးဝသဘောမတူဘဲ ခေါင်းခါငြင်းဆန်နေတော့သည်။
တံခါးဝတွင် နားစွင့်နေသော လီရှန်းဟွာမှာမူ ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်နေမိသည်။ ဘာကို မဖြစ်ဘူးဟု ပြောနေကြသနည်း။ လီလုံက ဘာကြောင့် ဤမျှအပြင်းအထန် တုံ့ပြန်နေရသနည်း။
သူမ၏ စူးစမ်းလိုစိတ်ကြောင့် တံခါးဝတွင် ဆက်လက်၍ စိတ်ရှည်စွာ နားစွင့်နေမိပြန်သည်။
လီဟူက တည်ကြည်သော အမူအရာဖြင့် ပြောလိုက်၏။
"ဘာဖြစ်လို့ မရရမှာလဲ... လီလန်က အစ်မကြီးနဲ့ စေ့စပ်ထားဖူးတာပဲ... စေ့စပ်ပွဲ ပျက်သွားပေမဲ့ သံယောဇဉ်က ရှိနေသေးတာပဲ..."
"အစ်မကြီးက လီလန်ကို ရန်သူလို သဘောထားပြီး အံကြိတ်မုန်းတီးနေသလို ထင်ရပေမဲ့... အစ်မကြီးရဲ့ ရင်ထဲမှာ လီလန်ကို ဂရုစိုက်နေသေးတယ်ဆိုတာ ကျွန်တော် သိတယ်..."
"ဟေ... ဟူဇီ... မင်းက ဘယ်လိုလုပ် သိတာလဲ..."
လီလုံသည် ဤစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြီး စူးစမ်းစွာ မေးလိုက်သည်။
"အစ်မကြီးက ရွာအနောက်ဘက်ကို တိုးတိုးတိတ်တိတ် သွားပြီး လီလန်တို့အိမ်ရဲ့ ခြံစည်းရိုးနားမှာ ရပ်ကြည့်နေတာကို ကျွန်တော် အကြိမ်ပေါင်းများစွာ မြင်ဖူးတယ်..."
"အစ်ကို... အစ်ကို မှတ်မိသေးလား... နှစ်သစ်ကူး မတိုင်ခင်က လီလန်က စက်ဘီးပေါ်မှာ ပညာတတ်လူငယ်ရုံးက ပညာတတ်လူငယ်မလေးကို တင်ပြီး ရွာထဲကို ပြန်လာတာကို အစ်မကြီး မြင်လိုက်တယ် မဟုတ်လား... အစ်မကြီး အိမ်ပြန်ရောက်တော့ ကျွန်တော်တို့ကို ဒေါသတွေပုံချပြီး ညသန်းခေါင်မှာ စောင်ခြုံပြီး တိတ်တိတ်လေး ငိုနေခဲ့တာလေ..."
"အဲဒါတော့ ဟုတ်သလိုပဲ..."
လီလုံက ခေါင်းညိတ်လိုက်မိသည်။
"ဒါပေမဲ့ အစ်မကြီးကို မူးအောင်တိုက်ပြီး လီလန်ရဲ့ ကန်းပေါ်မှာ သွားအိပ်ခိုင်းဖို့ကျတော့ ဒီကိစ္စက..."
လီလုံသည် တွန့်ဆုတ်စွာ စကားစလိုက်၏။
"ကျွန်တော်တို့လည်း အစ်မကြီး ကောင်းစားဖို့အတွက် လုပ်ပေးတာပဲ... လီလန်က အခု အောင်မြင်နေပြီ အမဲလိုက်တဲ့ ပညာကလည်း တော်တော်လေး ကောင်းတယ်... ကျွန်တော် ဒီနေ့ သူ နှင်းကျားသစ်တစ်ကောင်ကို ဖမ်းလာတာကိုတောင် မြင်ခဲ့သေးတယ်... အဲဒီသားရေကို ရောင်းလိုက်ရင် ငွေတွေအများကြီး ထပ်ရဦးမှာ..."
"အစ်မကြီးက သူနဲ့ ထမင်းကျက်အောင်ချက်လိုက်ရင်... နောင်ကျရင် အစ်မကြီးက ဘဝကောင်းကောင်း မရမှာကို စိုးရိမ်စရာလိုဦးမလား... ကျွန်တော်တို့ မိသားစုကော ကောင်းကောင်းမွန်မွန် မစားသောက်ရဖို့ စိုးရိမ်နေရဦးမလား..."