အခန်း ၃၅၆
Vol. 36 Ch. 356
အခန်း (၃၅၆) ချင်းလုံဂိုဏ်း၏ အမှတ်အသားပြား
လီလန်သည် ခြံဝင်းထဲတွင် မတ်တတ်ရပ်ကာ မာလင်းကျီကို ငုံ့ကြည့်နေသည်။
"မာလင်းကျီ မင်းအိမ်ကို ဧည့်သည်လာတာကို ဒီလိုပဲ ဧည့်ခံရသလား..."
"ငါ့အတွက် ကုလားထိုင်တစ်လုံး မြန်မြန်သွားယူစမ်း..."
မာလင်းကျီသည် အဆဲခံထားရပြီးနောက် ယခုအခါ လီလန်၏ အမိန့်ပေးစေခိုင်းခြင်းကို ခံနေရလေသည်။ သူသည် အလွန်ဒေါသထွက်နေသော်လည်း ဒေါသကို မြိုသိပ်ကာ အိမ်ထဲသို့ ပြန်လှည့်ဝင်သွားတော့၏။
ခဏအကြာတွင် သူသည် ကုလားထိုင်တစ်လုံးကို ယူလာပြီး ခြံဝင်းထဲ၌ ချပေးလိုက်သည်။
"ဒီနေရာမှာ..."
လီလန်သည် သူ၏ နောက်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။
"လီလန် မင်း အရမ်းမလွန်လာနဲ့နော်..."
ဒေါသပြည့်နှက်နေပြီဖြစ်သော မာလင်းကျီက အေးစက်သော မျက်နှာဖြင့် အပြစ်တင်လိုက်လေသည်။
"ငါက လွန်တယ်ဟုတ်လား..."
လီလန်က ရယ်မောလိုက်၏။
"မာလင်းကျီ ငါ မင်းကို တစ်ခုပဲ မေးချင်တယ် ငါ့အဖေဆီက မင်းချေးထားတဲ့ပိုက်ဆံကို ဘယ်တော့ ပြန်ဆပ်မှာလဲ..."
လီလန်သည် ရှေ့သို့ လျှောက်သွားကာ မာလင်းကျီ ယူလာသော ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်လေသည်။
"ပိုက်ဆံ ဟုတ်လား ဘာပိုက်ဆံလဲ..."
မာလင်းကျီက ပြန်လည်ချေပလိုက်သည်။
"မသိချင်ယောင် ဆောင်နေတာလား..."
လီလန်က လှောင်ပြောင်လိုက်၏။
သူသည် သူ၏ အမဲလိုက်သေနတ်ကို ပုတ်လိုက်ရာ အမည်းရောင် သေနတ်ပြောင်းဝမှာ မာလင်းကျီ၏ ခေါင်းဆီသို့ တစ်ဖန် ချိန်ရွယ်သွားလေသည်။
"မင်းက ပစ်ရဲလို့လားကွ..."
မာလင်းကျီမှာ အကြောက်အလန့်မရှိဘဲ လှောင်ပြောင်လိုက်သည်။
"မာမိသားစုကကောင်လေး မင်း လီလန်နဲ့တော့ မိုက်မဲတဲ့အလုပ် မလုပ်တာ အကောင်းဆုံးပဲကွ နှစ်သစ်ကူးမတိုင်ခင်က လူသားစားကျားသစ်ကို လီက သေနတ်နဲ့ ပစ်သတ်ခဲ့တာ..."
ကျောက်ထျဲ့ကျွင်းက ဘေးမှနေ၍ သဘောကောင်းစွာဖြင့် သတိပေးလိုက်လေသည်။
"ဒါက ဘာဖြစ်လဲကွာ တိရစ္ဆာန်တစ်ကောင်ပဲဟာကို ငါလည်း ပစ်တတ်တာပဲ..."
မာလင်းကျီက အထင်အမြင်သေးစွာဖြင့် ပယ်ချကာ လှောင်ပြောင်လိုက်၏။
"အပိုစကားတွေ ပြောမနေနဲ့ ပိုက်ဆံသာပေး..."
လီလန်သည် မာလင်းကျီနှင့် စကားအပိုတွေ ပြောရန် ပျင်းရိနေပြီဖြစ်သည်။
"လီလန် ငါ ဘယ်သူလဲဆိုတာ မင်းသိလား..."
မာလင်းကျီသည် ရုတ်တရက် ခေါင်းလှည့်လာပြီး လီလန်ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်သည်။
"ဂရုမစိုက်ဘူး..."
လီလန်က ခေါင်းခါလိုက်၏။
"ငါ့အဖေဆီက မင်းချေးထားတဲ့ ယွမ်နှစ်ဆယ်နဲ့ ဟိုပစ္စည်းတွေအကုန်ပေါင်းလိုက်ရင် ယွမ်တစ်ရာတိတိ ကျတယ်..."
လီလန်သည် မာလင်းကျီ အခွင့်ကောင်းယူထားသော အာလူးများ ကန်စွန်းဥများနှင့် ကြက်ဥများ၏ တန်ဖိုးကို တွက်ချက်လိုက်လေသည်။
ရှစ်ဆယ်ယွမ်နှင့် ချေးထားသော ယွမ်နှစ်ဆယ် ပေါင်းလိုက်ပါက ယွမ်တစ်ရာတိတိဖြစ်၏။
မာလင်းကျီသည် လီလန်အား ယွမ်တစ်ရာ ပေးရမည်ဖြစ်သည်။
"မင်းအမေ..."
"ငါက မင်းရဲ့ပစ္စည်းတွေကို နည်းနည်းလေး စားမိတာကို မင်းက ငါ့ဆီကနေ ယွမ်တစ်ရာတောင် တောင်းနေတာလား..."
"ဒိုင်း..."
သေနတ်ပြောင်းဝကို အပေါ်သို့ ချိန်ရွယ်ထားကာ ရုတ်တရက် သေနတ်သံတစ်ခု ထွက်ပေါ်လာလေသည်။ လီလန်က သတိပေးသည့်အနေဖြင့် မိုးပေါ်ထောင်ပစ်လိုက်ခြင်းပင်။
"ကျည်နှစ်တောင့်ထဲမှာ တစ်တောင့်ကျန်သေးတယ်..."
လီလန်က ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်၏။
ဤအချိန်တွင်မူ မာလင်းကျီ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။
သူသည် လီလန်ကို ခြောက်လှန့်၍ မရနိုင်ကြောင်း သိလိုက်ရသည်။ လီလန်မှာ တကယ်ပဲ ပစ်ခတ်မည်ဖြစ်သည်။
"လီလန် ငါ့ရဲ့ ဆံပင်တစ်ပင်ကိုများ မင်းထိရဲရင် ပုဆိန်ဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးကွ..."
မာလင်းကျီ၏ မျက်လုံးများမှာ ကြမ်းကြုတ်နေပြီး ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်လေသည်။
သူသည် ပုဆိန်ဂိုဏ်းရှိ အဖွဲ့ခေါင်းဆောင်ငယ်တစ်ဦးဖြစ်ပြီး လူသိများသူတစ်ဦးဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် ထိုနယ်မြေရှိ သြဇာကြီးမားသူတစ်ဦးကို စော်ကားမိခဲ့သဖြင့် ထိုသူက သူ၏ နောက်လိုက်များကို ရှင်းလင်းပစ်ခဲ့ရာ သူသည် မိမိ၏ ဇာတိရွာသို့ ပြန်လာကာ ပုန်းအောင်းနေရခြင်းပင်။
မာလင်းကျီသည် ပုဆိန်ဂိုဏ်း၏ အကြီးအကဲခေါင်းဆောင် မဟုတ်သော်လည်း ဂိုဏ်း၏ အဓိက အင်အားစုများထဲမှ တစ်ဦးဖြစ်လေသည်။ သူ အပြင်ထွက်သည့်အခါတိုင်း သူ၏ နောက်လိုက်တစ်အုပ်က အမြဲတမ်း ဝိုင်းရံလျက် လိုက်ပါတတ်ကြသည်။
လီလန်ကဲ့သို့ သာမန်မုဆိုးလေးတစ်ယောက်ကသာ သူ့ကို စော်ကားရဲပါက ပုဆိန်ဂိုဏ်း၏ လက်တုံ့ပြန်မှုကိုသာ စောင့်နေလိုက်ပေတော့။
"ပုဆိန်ဂိုဏ်း ဟုတ်လား..."
လီလန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
လီလန် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသောအခါ မာလင်းကျီ၏ မျက်နှာမှာ ကျေနပ်သွားတော့သည်။
"ကြောက်သွားပြီလား ပုဆိန်ဂိုဏ်းဆိုတာ မင်းလို မုဆိုးသေးသေးလေးက ရန်စလို့ရတဲ့ အရာမဟုတ်ဘူး ငါ့ကို အခုပဲ တောင်းပန်လိုက်စမ်း အချိန်မနှောင်းသေးဘူး..."
"ဘာ ပုဆိန်ဂိုဏ်းလဲ ကြားတောင်မကြားဖူးဘူး..."
လီလန်က အရေးမစိုက်သည့်ဟန်ဖြင့် ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ကာ ပြောလိုက်လေသည်။
"မင်း..."
မာလင်းကျီမှာ အံ့သြမှင်သက်သွားတော့၏။
လီလန်သည် သူ့ကိုပင် လှည့်မကြည့်တော့ဘဲ သူ၏ အိတ်ကပ်ထဲမှ အမှတ်အသားပြားတစ်ခုကို ထုတ်ယူကာ လက်ထဲတွင် ကစားနေလိုက်သည်။
ထိုအမှတ်အသားပြားမှာ သံမည်းစစ်စစ်ဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ပေါ်တွင် ကြီးမားသော ကျားခေါင်းပုံတစ်ခုကို ဖောင်းကြွထွင်းထုထားလေသည်။
"ဒါက ဒါက..."
ဤအမှတ်အသားပြားကို မြင်လိုက်ရသည့်အခါ မာလင်းကျီမှာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ဒါက ပိုင်ဟူဂိုဏ်းက ခေါင်းဆောင်တွေမှ ကိုင်လို့ရတဲ့ အမှတ်အသားပြားပဲ မင်း ဒီဟာကို ဘယ်ကနေ ရလာတာလဲ..."
မာလင်းကျီက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေသည်။
သူသည် ပုဆိန်ဂိုဏ်း၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များမှ ဒေသခံဂိုဏ်းများအကြောင်းကို သဘာဝကျကျပင် ကြားဖူးထားလေသည်။
ညီအစ်ကို ပိုင်နှစ်ယောက် ခေါင်းဆောင်သော ပိုင်ဟူဂိုဏ်းသည် ဟေးရွှေမြို့နယ်ကို အုပ်ချုပ်ပြီး တာ့ချင်းယန်မြို့နယ်ရှိ သူ၏ ပုဆိန်ဂိုဏ်းနှင့် အချင်းချင်း ဝင်ရောက်မစွက်ဖက်ရန် တိတ်တဆိတ် သဘောတူညီချက် ရယူထားကြသည်။
ဂိုဏ်းများအကြား ပဋိပက္ခဖြစ်ပွားမှုမှာ အလွန်ရှားပါးလှပြီး အထူးသဖြင့် မြို့နယ်နှစ်ခုအကြား အကျိုးစီးပွားများ ပါဝင်ပတ်သက်နေခြင်း မရှိပါက ထိုအဖွဲ့နှစ်ဖွဲ့လုံး ပြင်းထန်စွာ တိုက်ခိုက်ကြမည် မဟုတ်ပေ။
"မင်းက ဘာဂရုစိုက်နေတာလဲ..."
လီလန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီးနောက် သူသည် ပိုင်ဟူဂိုဏ်း၏ အမှတ်အသားပြားကို ပြန်သိမ်းလိုက်လေသည်။
သူသည် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ နောက်ထပ် အမှတ်အသားပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အပေါ်သို့ မြှောက်ကာ ကစားနေလိုက်၏။
ထိုအမှတ်အသားပြားပေါ်တွင်မူ နဂါးခေါင်းပုံတစ်ခု ဖောင်းကြွထွင်းထုထားလေသည်။
"ချင်းလုံဂိုဏ်း..."
"မင်းဆီမှာ ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်အမှတ်အသားပြားပါ ရှိနေတာလား..."
မာလင်းကျီမှာ ပို၍ပင် အံ့အားသင့်သွားပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့သည်။
"မင်း မင်း မင်း..."
"ဒီအမှတ်အသားပြားကို မင်း ဘယ်လိုလုပ် ရလာတာလဲ..."
"မင်း ခိုးလာတာလား..."
"ဟုတ်တယ် မင်း ခိုးလာတာပဲဖြစ်ရမယ်..."
မာလင်းကျီက သူ့ကိုယ်သူ ယုံကြည်စေရန် ကြိုးစားနေလေသည်။
"မင်းအမေကို ခိုးရမှာလား..."
လီလန်သည် ချင်းလုံဂိုဏ်း၏ အမှတ်အသားပြားဖြင့် မာလင်းကျီ၏ ခေါင်းကို "ဒုန်း" ခနဲ မြည်အောင် ရိုက်ချလိုက်တော့သည်။
"ဒီအမှတ်အသားပြားကို ကျန်းချင်းလုံကိုယ်တိုင် ငါ့အိမ်ကို လာပို့ပေးသွားတာကွ..."
မနေ့ညက ခြံဝင်းအပြင်ဘက်ရှိ တံခါးကို လူတစ်ယောက် လာခေါက်ခဲ့သည်။ လီလန်က ထိုသူ့အတွက် တံခါးဖွင့်ပေးလိုက်၏။ ထိုသူမှာ စက်ဘီးစီးလာသော လူစိမ်းတစ်ယောက်ဖြစ်သည်။ ထိုသူက ရိုသေလေးစားစွာဖြင့် "ဒုတိယခေါင်းဆောင်" ဟု ခေါ်ဆိုကာ အမှတ်အသားပြားနှစ်ခုကို ထုတ်ယူ၍ လီလန်အား ပေးအပ်ခဲ့လေသည်။
တစ်ခုမှာ ချင်းလုံဂိုဏ်းအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ ပိုင်ဟူဂိုဏ်းအတွက် ဖြစ်သည်။
ဤအမှတ်အသားပြားနှစ်ခုကို ကျန်းချင်းလုံ၏ နောက်လိုက်က လီလန်အတွက် အထူးရည်ရွယ်၍ လာပို့ပေးခြင်းသာ ဖြစ်လေသည်။
အမှတ်အသားပြားများဆိုသည်မှာ အဆင့်အတန်း၏ သင်္ကေတများဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်များသာလျှင် ပိုင်ဆိုင်ခွင့်ရှိပေသည်။
လီလန်သည် ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်နှင့် ပိုင်ဟူဂိုဏ်း၏ တတိယခေါင်းဆောင်ဖြစ်သောကြောင့် ဤအမှတ်အသားပြားနှစ်ခုကို ပိုင်ဆိုင်ရန် သဘာဝကျကျပင် အရည်အချင်းပြည့်မီနေလေပြီ။
လီလန် ပစ်ပေါက်လိုက်သော အမှတ်အသားပြားကြောင့် မာလင်းကျီ၏ မျက်နှာမှာ စပ်ဖျင်းဖျင်းဖြစ်သွားကာ မူးဝေသွားတော့သည်။
"ဘာကို ကြောင်ကြည့်နေတာလဲ ငါ့အတွက် ကောက်ပေးစမ်း..."
လီလန်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။
ထိုအခါမှ မာလင်းကျီသည် မဝံ့မရဲဖြင့် ငုံ့ကာ ချင်းလုံဂိုဏ်း၏ အမှတ်အသားပြားကို ကောက်ယူလိုက်လေသည်။
"အရိုက်ခံလိုက်ရလို့ ထုံအသွားတာလား ဒီကို ယူခဲ့စမ်း..."
လီလန်က မာလင်းကျီအား မျက်စောင်းထိုးလိုက်သည်။
မာလင်းကျီသည် အရှက်ကွဲမှုကို သည်းခံကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး အမှတ်အသားပြားကို လှမ်းပေးလိုက်၏။
"ကြောက်သွားပြီလား..."
လီလန်သည် အမှတ်အသားပြားကို ယူလိုက်ရင်း လှောင်ပြောင်လိုက်သည်။
မာလင်းကျီသည် ခေါင်းငုံ့ထားကာ မည်သည့်စကားမှ မဆိုတော့ပေ။
ချင်းလုံဂိုဏ်းနှင့် ပိုင်ဟူဂိုဏ်းတို့သည် အနီးအနားရှိ မြို့နယ်များတွင် ထိပ်တန်းဂိုဏ်းနှစ်ခုဖြစ်ပြီး တာ့ချင်းယန်မြို့နယ်ရှိ သူတို့၏ ပုဆိန်ဂိုဏ်းမှာ ထိုဂိုဏ်းများကို ရန်မစရဲကြချေ။
သူတို့၏ အင်အားများမှာ လုံးဝကို အဆင့်တူညီမှု မရှိပေ။
ထို့အပြင် မာလင်းကျီသည် ပုဆိန်ဂိုဏ်းရှိ ခေါင်းဆောင်ငယ်တစ်ဦးသာဖြစ်ရာ ဂိုဏ်းသည် သူ့ကြောင့် ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော လီလန်ကို သွားရောက်ရန်စမည် မဟုတ်ပေ။
"မမောက်မာတော့ဘူးလား..."
လီလန်က လှောင်ပြောင်လိုက်၏။
"မင်းက မင်းရဲ့ ဂိုဏ်းအရှိန်အဝါကို သုံးပြီး ငါ့ကို ဖိအားပေးရတာကြိုက်တယ် မဟုတ်လား ဟိုပုဆိန်ဂိုဏ်းဆိုတာလေ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ် သွားပြီး မင်းရဲ့လူတွေကို သွားခေါ်လိုက် မင်း ဘယ်လောက်ခေါ်လာခေါ်လာ ရွာထဲမှာ ငါ စောင့်နေမယ်..."
လီလန်သည် မာလင်းကျီကို ပြုံး၍ ကြည့်လိုက်လေသည်။
မာလင်းကျီသည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး မည်သည့်စကားမှ မဆိုပေ။
"မင်းမှာ အင်အားမရှိရင် မရှိတဲ့အရာတွေကို ဟန်ဆောင်မနေနဲ့..."
"မင်းက ပုဆိန်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်ပါလို့ မပြောနဲ့ဦး မင်းတို့ရဲ့ ပုဆိန်ဂိုဏ်း ခေါင်းဆောင်ကိုယ်တိုင် ရောက်လာရင်တောင် ငါ့ကို ခေါင်းငုံ့ပြီး ဒုတိယခေါင်းဆောင်လီလို့ လိမ္မာရေးခြားရှိစွာနဲ့ ခေါ်ရမှာပဲ..."
ဤအခိုက်အတန့်တွင်မူ မာလင်းကျီသည် လီလန်၏ တကယ့်မည်သူမည်ဝါဖြစ်ကြောင်းကို နောက်ဆုံးတွင် သိရှိသွားလေပြီ။
ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်ပင်တည်း။
ချင်းလုံဂိုဏ်းတွင် ကျန်းချင်းလုံမှလွဲ၍ လီလန်မှာ ရာထူးအမြင့်ဆုံးနေရာတွင် ရှိနေလေသည်။
မာလင်းကျီသည် သက်ပြင်းချလိုက်ပြီး သူ၏စိတ်ကို တင်းထားကာ အော်ခေါ်လိုက်တော့၏။
"ဒုတိယခေါင်းဆောင်လီ..."
ဤအမည်ကို ခေါ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မာလင်းကျီသည် လီလန်၏ နှိမ်နင်းခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ဆိုလိုလေသည်။
"မင်း ဘာလုပ်ရမလဲဆိုတာ သိတယ် မဟုတ်လား..."