← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း (၃၅၈) ကျောက်တုံးက မူလပိုင်ရှင်ဆီသို့ ပြန်လည်ရောက်ရှိသွားပြီ

မာလင်းကျီသည် တိတ်ဆိတ်စွာပင် အရှုံးပေးလိုက်ရပြီး မိမိ၏ ဂုဏ်သိက္ခာကို မျိုသိပ်ထားလိုက်ရ၏။ သူ ဘာမှမတတ်နိုင်ပေ။ လီလန်မှာ သူ ရန်စရမည့်သူမျိုး မဟုတ်ချေ။ သူ၏ ပုဆိန်ဂိုဏ်း ခေါင်းဆောင်ပင်လျှင် လီလန်ကို ရန်စရဲမည်မဟုတ်ပေ။

ချင်းလုံဂိုဏ်း၏ အမည်မှာ ပတ်ဝန်းကျင်မြို့များတွင် ကျော်ကြားလှသည်။ အဓိကအားဖြင့် ချင်းလုံဂိုဏ်းသည် ဆေးဝါးလုပ်ငန်းကို တိုးချဲ့ထားပြီး ပိုင်တောင်တန်းနှင့် ဟေးမြစ်များမှသည် စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များအထိပင် ရောက်ရှိနေပြီဖြစ်၏။

အရှေ့ပိုင်း ပြည်နယ်သုံးခုမှသည် တောင်ဘက်သို့တိုင်အောင် ချင်းလုံဂိုဏ်းမှ ကျန်းချင်းလုံသည် ဤလုပ်ငန်းကို ချဲ့ထွင်ထားရာ အလွန်ပင် စွမ်းဆောင်နိုင်လွန်းလှပေသည်။ ထိုမျှကြီးမားသော လုပ်ငန်းနှင့်အတူ ပတ်ဝန်းကျင်မြို့များရှိ ဂိုဏ်းများအားလုံးသည် အမြတ်အစွန်းရရန် ကြိုးပမ်းကြပြီး ကျန်းချင်းလုံ၏ နှစ်သက်မှုကို ရရှိရန် လက်ဆောင်ပစ္စည်းများ၊ အရက်ကောင်းများနှင့် အသားကောင်းများကို ဆောင်ယူလာကြသည်။

မာလင်းကျီ ရှိနေသည့် ပိုင်ဟူဂိုဏ်း ခေါင်းဆောင်လည်း ထိုသို့သော ဆန္ဒရှိနေသည်။ သို့သော် ချင်းလုံဂိုဏ်းမှာ ကြီးမားသည့် ဂိုဏ်းကြီးဖြစ်ရာ သူတို့၏ သေးငယ်သည့် ပုဆိန်ဂိုဏ်းနှင့် အဘယ်ကြောင့် အချိန်ဖြုန်းနေပါမည်နည်း။ အများရှေ့နှင့် ပုဂ္ဂလိကတွင် လီလန်သည် ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် မာလင်းကျီမှာ လီလန်ကို မည်သို့မျှ ရန်စရဲတော့ပေ။

လီလန်က သူ့ကို အညစ်အကြေးစားခိုင်းလျှင်ပင် သူ စားရလိမ့်မည်။ ဤသည်မှာ ဂိုဏ်းတစ်ခုက လူတစ်ယောက်ကို ပေးစွမ်းနိုင်သော ယုံကြည်မှုဖြစ်သည်။ မိမိနောက်ကွယ်မှ အကာအကွယ်ပေးမည့်သူ ရှိခြင်းမှာ အမှန်တကယ်ပင် ထိရောက်လှပေသည်။

"ကောင်းပြီ.. ဒါလောက်ဆိုရင် ရပြီ…အဲ့ဒီလူတွေကို ဒီကနေ ထွက်သွားခိုင်းလိုက်စမ်း..သူတို့တွေ စကားတွေ အပိုပြောနေတာ ကြားရတာ စိတ်ရှုပ်ဖို့ကောင်းတယ်"

လီလန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

မာလင်းကျီသည် အမိန့်ကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် သူ၏ အိမ်ဝိုင်းထဲမှ လူများကို မောင်းထုတ်ရန် သွားလိုက်သည်။ မာလင်းကျီသည် လီလန်၏ တူအရင်းအချာ ဖြစ်သော်လည်း ရွှမ်းရွှေရွာမှ ရွာသားများရှေ့တွင်မူ သူသည် မြေအောက်လောကမှ လူရမ်းကားတစ်ယောက်သာဖြစ်ပြီး စိတ်သဘောထားမှာလည်း အလွန်ဆိုးရွားလှပေသည်။

"ထွက်သွားကြစမ်း အကုန်လုံး ထွက်သွားကြ"

"မထွက်ဘူးဆိုရင် ငါ အကုန်ရိုက်နှက်လိုက်မယ်"

မာလင်းကျီသည် ကျိန်ဆဲရင်း ပြောလိုက်သည်။ မာလင်းကျီ အရှက်ကွဲသည်ကို ကြည့်ရှုနေကြသည့် အဘိုးကြီး၊ အဘွားကြီးများမှာ မြင်သင့်သလောက် မြင်ပြီးကြပြီ ဖြစ်သည်။ ယခုအခါ သူက လူများကို မောင်းထုတ်နေပြီဖြစ်ရာ သူတို့သည် ရယ်မောရင်း ချက်ချင်းပင် လူစုကွဲသွားကြတော့သည်။

ခဏအကြာတွင် ကြည့်ရှုသူများမှာ ငှက်များသဖွယ် ပျံ့လွင့်သွားကြ၏။ ကျန်းတာ့ ပေါင်၊ ကျောက်ထျဲ့ကျွင်းနှင့် အခြားအချို့သာ အိမ်ဝိုင်းထဲတွင် ကျန်ရစ်နေသည်။ သူတို့မှာ လီလန်၏ ဆွေမျိုးများနှင့် လူကြီးများ ဖြစ်ကြသဖြင့် မာလင်းကျီသည် သူတို့ကို မမောင်းထုတ်ရဲဘဲ အတင်းအကျပ် ပြုံးပြနေရသည်။ သို့သော်လည်း သူသည် မိမိကိုယ်ကို ပါးရိုက်ထားခဲ့သဖြင့် မျက်နှာမှာ ဖူးရောင်နေပြီး သူ့အပြုံးမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

လီလန်သည် သူ၏ ဖခင်ကို ကြည့်၍ ပြောလိုက်သည်။

"အဖေ…ကျွန်တော့်ဦးလေးက တော်တော်သဘောကောင်းတာပဲ သူက ဘာမှမပြောဘဲနဲ့ ကျွန်တော်တို့ မိသားစုကို ပိုက်ဆံတွေ ပြန်ပေးလာတယ်"

လီတာ့ဟိုင်သည် သူ၏ တူဖြစ်သူ မာလင်းကျီကို အဆင်မပြေစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ အလွန်ပင် ရှက်ရွံ့နေဟန်ရှိသည်။ မာလင်းကျီသည် ခါးသီးစွာဖြင့် အားကိုးရာမဲ့သည့် အပြုံးကို ပြုံးလိုက်သည်။ သူက မည်သို့ သဘောကောင်းနိုင်ပါမည်နည်း။ ဒုတိယခေါင်းဆောင် လီ၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် မဟုတ်ပါလော။ ရာထူးအဆင့်မြင့်ခြင်းက လူကို ဖိနှိပ်ထားခြင်းပင် ဖြစ်သည်။

"မာလင်းကျီ ငါ့ရဲ့ ဓားသွေးကျောက်က ဘယ်မှာလဲ မင်း ဒါကိုငှားသွားတာ ခြောက်လကျော်နေပြီ အခု ငါ့ကို ပြန်ပေးရမယ့် အချိန်ရောက်ပြီ"

လီတာ့ဟိုင်က ကျယ်လောင်စွာ ပြောလိုက်သည်။

အရင်တုန်းက လီတာ့ဟိုင်သည် ဓားသွေးကျောက်ကို သုံးလို၍ မာလင်းကျီဆီသို့ သွားသောအခါ မာလင်းကျီသည် ပေးရန် ငြင်းဆန်ကာ ဓားသွေးကျောက်ကို တစ်ဦးတည်း သိမ်းပိုက်ထားလေ့ရှိသည်။

လီတာ့ဟိုင်မှာ စိတ်ပျက်စွာဖြင့် အိမ်နီးချင်းတစ်ဦးဆီမှ ဓားသွေးကျောက်ကို ငှားသုံးရတော့သည်။ သို့သော် အိမ်နီးချင်း၏ ဓားသွေးကျောက်မှာ မည်သို့ပင်ဆိုစေကာမူ သူ၏ ကိုယ်ပိုင် ဓားသွေးကျောက်လောက် မကောင်းပေ။ မာလင်းကျီကို မြင်လိုက်သည်နှင့် လီတာ့ဟိုင်သည် မိမိ၏ ဓားသွေးကျောက်ကို ပြန်တွေးမိပြီး ချက်ချင်းပင် တောင်းဆိုလိုက်ခြင်း ဖြစ်၏။

“အစ်ကိုတာ့ဟိုင် ကျွန်တော် အခုချက်ချင်းပဲ ဓားသွေးကျောက်ကို ယူလာပေးပါ့မယ်"

လီလန်က စိုက်ကြည့်နေသဖြင့် မာလင်းကျီမှာ တစ်စက္ကန့်ပင် မဆိုင်းဘဲ မီးဖိုချောင်ထဲသို့ ပြေးသွားကာ ဓားသွေးကျောက်ကို ယူလာပြီး အစ်ကိုဖြစ်သူ လီတာ့ဟိုင်အား ပြန်ပေးလိုက်သည်။ အရာဝတ္ထုမှာ ပိုင်ရှင်ထံသို့ ပြန်ရောက်လာသောအခါ လီတာ့ဟိုင်သည် ရာသီဥတုဒဏ်ခံထားရသော ဓားသွေးကျောက်ကို ပွတ်သပ်ရင်း ခံစားချက်များစွာ ဖြစ်ပေါ်လာသည်။

"မိတ်ဆွေဟောင်းကြီး အိမ်ကို ပြန်ရောက်လာပြီပေါ့"

လီတာ့ဟိုငက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

သူ၏ ဖခင် ပျော်ရွှင်နေသည်ကို မြင်သောအခါ လီလန်သည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အဖေ အိမ်ပြန်ကြစို့ ဓားသွေးပြီးရင် အသားကို ခွဲဝေကြမယ်"

လီလန်က ရှေ့မှ ဦးဆောင်သွားပြီး လီတာ့ဟိုင်၊ ကျန်းတာ့ပေါင်နှင့် အခြားသူများက နောက်မှ လိုက်ပါသွားကြသည်။ သူတို့သည် လျင်မြန်စွာ ရောက်လာကြပြီး လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ လျင်မြန်စွာပင် ပြန်ထွက်ခွာသွားကြသည်။ မာလင်းကျီတစ်ယောက်သာ လေထဲတွင် ရှုပ်ပွနေသော ဆံပင်များနှင့်အတူ သူ၏ အိမ်ဝိုင်းထဲတွင် ကျန်ရစ်ခဲ့တော့၏။

လီလန်နှင့် အဖွဲ့သားများမှာ အိမ်သို့ ပြန်ရောက်လာကြသည်။

"သား…ဓားသွေးကျောက်"

လီတာ့ဟိုင်သည် ဓားသွေးကျောက်ကို လီလန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

လီလန်သည် ၎င်းကို ယူပြီး ရေစည်ပိုင်းအနီးသို့ သွားလိုက်သည်။ သူသည် ခွက်တစ်ခုဖြင့် ရေကိုခပ်ကာ ဓားသွေးကျောက်ပေါ်သို့ လောင်းချလိုက်ပြီး အရေခွံခွာသည့် ဓားကို ထုတ်ကာ ဓားသွားကို ဓားသွေးကျောက်နှင့် တည့်တည့်ထား၍ ဓားကို စတင်သွေးတော့သည်။ အပေါ်အောက် စည်းချက်ကျကျဖြင့် ဓားကို သွေးလိုက်၏။ မကြာခင်မှာပင် ထုံထိုင်းနေသော ဓားမှာ ချွန်မြနေသော ဓားသွားဖြစ်လာတော့သည်။

"ဓားသွေးပြီးပြီ ဝေ့ကော် ဒီကို လာခဲ့"

လီလန်က ကျန်းဝေ့ကော်ကို ခေါ်လိုက်သည်။

ကျန်းဝေ့ကော်မှာ လန့်သွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ "ကျွန်တော်လား..." ဟု မေးလိုက်၏။

"မင်းမဟုတ်ရင် ဘယ်သူဖြစ်မလဲ.. ဒီအိမ်ဝိုင်းထဲမှာ ဝေ့ကော်လို့ ခေါ်တဲ့သူ နောက်ထပ် ရှိသေးလို့လား… ဒီကောင်လေး မြန်မြန်လာခဲ့စမ်း"

အဘိုးကျန်းသည် သူ၏ မြေးကို ပြင်းထန်စွာ ကန်လိုက်သည်။ အဘိုးကြီးမှာ လိမ္မာပါးနပ်ပြီး လီလန်၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ခြင်း ဖြစ်၏။ လီလန်သည် သူ၏ မြေး ကျန်းဝေ့ကော်ကို အရေခွံခွာနည်းနှင့် အသားခုတ်နည်းကို သင်ပေးနေခြင်းဖြစ်ပြီး မုဆိုးလုပ်ငန်းတွင် သားကောင်များကို စီမံဆောင်ရွက်သည့် ပညာရပ်ကို လက်ဆင့်ကမ်းပေးနေခြင်း ဖြစ်ပေသည်။

ကျန်းဝေ့ကော်သည် အဘိုးကျန်းကဲ့သို့ပင် လိမ္မာပါးနပ်သော်လည်း တစ်မိနစ်မျှပင် ငြိမ်ငြိမ်မနေတတ်သူဖြစ်၏။ သူ့ကို နှင်းကျားသစ်၏ အရေခွံကို စိတ်ရှည်လက်ရှည် ခွာခိုင်းခြင်းမှာ သူနှင့် မအပ်စပ်ပေ။

ယနေ့တွင် အဘိုးကြီးရှိနေသည်ကို အခွင့်ကောင်းယူ၍ လီလန်သည် ကျန်းဝေ့ကော်ကို စည်းကမ်းတကျ သင်ကြားပေးရန်၊ သားကောင် အရေခွံခွာနည်းနှင့် အရည်အချင်းရှိသော မုဆိုးတစ်ယောက်ဖြစ်လာစေရန် ဆုံးဖြတ်လိုက်သည်။

"ဒါကို ယူပြီး နှင်းကျားသစ်ကို ငါ့အတွက် အရေခွံခွာပေးစမ်း"

လီလန်သည် အရေခွံခွာသည့် ဓားကို ကျန်းဝေ့ကော် လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

ကျန်းဝေ့ကော်မှာ ညည်းတွားလိုက်ပြီး အဘိုးကျန်း၏ စိုက်ကြည့်မှုကို ခံရသဖြင့် မဝံ့မရဲဖြင့် အရေခွံခွာရန် ထိုင်ချလိုက်ရ၏။

"ဖြည်းဖြည်းလုပ်… အရမ်းမြန်မြန်မလှီးနဲ့… နှင်းကျားသစ် အရေခွံက မပျက်စီးဘဲ အကောင်းပကတိဖြစ်နေမှရမှာ… အကယ်၍ မင်း လှီးမိရင် တန်ဖိုးရှိတော့မှာ မဟုတ်ဘူး"

"မင်း ဘာလုပ်နေတာလဲဆိုတာရော သိရဲ့လား ကောင်လေး မင်းက အရမ်းကိုပျော့လွန်းတာ် မင်းကို ကြည့်ရတာ မုဆိုးတစ်ယောက်နဲ့တောင် မတူဘူး"

"ကျန်းဝေ့ကော် မင်းသာ ကြိုးစားပြီး မလုပ်ဘူးဆိုရင် မင်းကို မီးနဂါးမုဆိုးအဖွဲ့ထဲကနေ နှင်ထုတ်လိုက်မှာနော်"

အိမ်ဝိုင်းထဲတွင် လီလန်က ကျန်းဝေ့ကော်ကို အရေခွံခွာနည်း သင်ပေးနေစဉ် အဘိုးကျန်းနှင့် အဘိုးကျောက်တို့သည် လက်ဖက်ရည်ခွက်များကို ကိုင်လျက် ပူနွေးသော လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ထိုင်နေကြသည်။ တောင်တက်ပြီး အမဲလိုက်ပြီးနောက်တွင် အလုပ်နှင့် အနားယူခြင်းကို မျှတအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။

"အစ်ကိုလီလန် ဘာတွေ့ထားလဲ ကြည့်ပါဦး"

အမြီးနှစ်စ ကျစ်ထားသော လှပသည့် မိန်းကလေးငယ်တစ်ဦးသည် တောရိုင်းအသီးကြီးများကို ကိုင်လျက် အပြင်ဘက်မှ အိမ်ဝိုင်းထဲသို့ ပြေးဝင်လာသည်။ သူမ၏ မျက်နှာမှာ နုပျိုလန်းဆန်းလျက် အပြုံးများဖြင့် ပြည့်နှက်နေ၏။ မိန်းကလေး အိမ်ဝိုင်းထဲသို့ ပြေးဝင်လာသည်နှင့် အိမ်ဝိုင်းထဲရှိသူများအားလုံး သူမကို ငေးကြည့်လိုက်ကြသည်။ အထူးသဖြင့် ကျန်းဝေ့ကော်မှာ မျက်လုံးများ တောက်ပလာတော့သည်။

"ဒီလောက်လှတဲ့ မိန်းကလေးက ဘယ်ကလာတာလဲ… ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းတာလဲ"

ကျန်းဝေ့ကော်မှာ အော်ဟစ်လိုက်သည်။

လူအများ၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် ရှောင်ဖုန်းမှာ အနည်းငယ် ရှက်သွားပြီး ခေါင်းငုံ့ကာ အလွန်အမင်း ရှက်ရွံ့နေဟန်ရှိသည်။

"ရှောင်ဖုန်း မင်း ရောက်လာတာ အချိန်ကိုက်ပဲ..ဒီတစ်ခါ တောင်ပေါ်မှာ အမဲလိုက်တုန်းက ဟေးလုံနဲ့ ပိုင်လုံတို့ ဒဏ်ရာရသွားတယ် သူတို့ကို တစ်ချက်လောက် ကြည့်ပေးပြီး ကုသပေးလို့ရမလား"

လီလန်က ပြောလိုက်သည်။

"အာ… ဟေးလုံနဲ့ ပိုင်လုံတို့ ဒဏ်ရာရသွားတယ်ဟုတ်လား"

ရှောင်ဖုန်းမှာ လန့်သွား၏။

"ဒါဆိုရင် အစ်ကိုလီလန်ရော ဒဏ်ရာရသေးလား"

ရှောင်ဖုန်းသည် စိုးရိမ်တကြီးနှင့် ဂရုစိုက်သည့် အမူအရာဖြင့် မေးလိုက်သည်။

လှပသည့် မိန်းကလေးငယ်က လီလန်အတွက် ဤမျှ စိုးရိမ်နေသည်ကို မြင်ရသောအခါ ကျန်းဝေ့ကော်မှာ ညည်းတွားလိုက်သည်။

"အိုး…မဖြစ်ဘူး ငါ့ရဲ့ အချစ်ဦးလေး မစခင်မှာပဲ ဆုံးသွားပြီ"

"ကျွန်တော်… ကျွန်တော် တကယ်ပဲ စိတ်ထိခိုက်တယ်"

လီလန်သည် ကျန်းဝေ့ကော်၏ တင်ပါးကို ကန်လိုက်ပြီး "သွား အရေခွံခွာစမ်း… မင်း ဘာတွေ ရေရွတ်နေတာလဲ… ဘာလို့ မင်းရဲ့ ပါးစပ်က ဒီလောက်စကားများနေရတာလဲ…စကားတွေက အပိုပဲ”ဟု ပြောလိုက်သည်။

ရှောင်ဖုန်းသည် သူမ၏ ပါးစပ်ကို ဖုံးလျက် ရယ်မောလိုက်ပြီး သူမ၏ တောက်ပသော အပြုံးကြောင့် ကျန်းဝေ့ကော်မှာ မှင်သက်စွာ ကြည့်နေမိသည်။

"ငါ အဆင်ပြေပါတယ်"

လီလန်သည် ရှောင်ဖုန်းကို ခေါင်းခါပြလိုက်သည်။

"ဟေးလုံနဲ့ ပိုင်လုံကို သွားကြည့်ပေးပါ ဘာဆေးတွေ လိုအပ်မလဲဆိုတာ ငါ့ကို ပြောပါ….ငါ နောက်မှ တိရစ္ဆာန်ကုဆရာဝန်လုံဆီကနေ ယူလာပေးမယ်"

"ဟုတ်ကဲ့"

ထို့နောက် ရှောင်ဖုန်းသည် ဟေးလုံနှင့် ပိုင်လုံတို့၏ ဒဏ်ရာများကို ကုသရန် ခွေးအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ ခွေးအိမ်နားသို့ မရောက်ခင်မှာပင် ရှေ့တွင်ရှိနေသော တောကြောင်ရိုင်းကြီး နှစ်ကောင်ကို မြင်လိုက်ရသဖြင့် "အမလေး" ဟု အော်လိုက်မိ၏။ သူမမှာ အလွန်ပင် ထိတ်လန့်သွားတော့သည်။

All Chapters