← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀) မွေးနေ့လက်ဆောင်

"ဝေ့ကော်... ဘာလို့ သူ့ကို နှုတ်မဆက်တာလဲ..."

ကျန်းဝေမင်က သူ့တူဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။

ကျန်းဝေ့ကော်သည် အမြန်ပင် "မင်္ဂလာပါ ဒုတိယစက်ရုံမှူးလီ..." ဟု နှုတ်ဆက်လိုက်သည်။

ဒုတိယစက်ရုံမှူးလီက ခေါင်းငြိတ်ပြသည်။ ဤကောင်လေးမှာ လည်လွန်းသူတော့ မဟုတ်ပါချေ။ သူတို့အချင်းချင်း သိကျွမ်းပြီးသား ဖြစ်သည့်တိုင် "ဒုတိယ"ဆိုသည့် စကားလုံးကို ထည့်သုံးနေရန် မလိုပါ။

"စက်ရုံမှူးလီ... ကျွန်တော်က လီတာ့ဟိုင်ပါ... လီလန်ရဲ့ အဖေပါ..."

လီတာ့ဟိုင်၊ ကျောက်ထျဲ့ကျွင်းနှင့် အခြားသူများလည်း အမြန်ပင် လာရောက်နှုတ်ဆက်ကြသည်။ လူတိုင်းမှာ အလွန်စိတ်အားထက်သန်နေကြပြီး အနည်းငယ်မူ မရဲတရဲ ဖြစ်နေကြ၏။ အကြောင်းမှာ လီတာ့ဟိုင်နှင့် ကျောက်ထျဲ့ကျွင်းတို့သည် ကျောက်ဘိုင်တောင်ခြေတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သူများဖြစ်ကြပြီး လောကအကြောင်းကို ကောင်းစွာ မသိကြသေးပေ။

သူတို့တွေ့ဖူးသည့် အကြီးဆုံးအရာရှိမှာ ဝယ်ယူရေးရုံးမှ တာဝန်ခံကျန်းဝေမင်သာဖြစ်သည်။ ယခုအခါတွင်မူ ချည်ထည်စက်ရုံမှ ဒုတိယစက်ရုံမှူးကဲ့သို့ အဆင့်မြင့်အရာရှိကြီး ရောက်ရှိလာသဖြင့် သူတို့မှာ အနည်းငယ် တုန်လှုပ်နေကြခြင်းဖြစ်၏။

"အဖေ... ဒီအတိုင်းရပ်မနေပါနဲ့... သွားပြီး ရေနွေးတည်ပေးပါဦး... စက်ရုံမှူးလီနဲ့ ဦးလေးဝေမင်အတွက် လက်ဖက်ရည်နှစ်ခွက် ဖျော်လိုက်ပါ... ကျွန်တော့်ရဲ့ လက်ဖက်ရည်ကိုပဲသုံးပါ... ဟုတ်ပြီ... အဘိုးဟူပေးထားတဲ့ အနောက်ကန် လုံကျင်းလက်ဖက်ခြောက်ကို သုံးလိုက်ပါ..."

လီလန်က လမ်းညွှန်လိုက်သည်။

လီတာ့ဟိုင်သည် မီးဖိုချောင်သို့ အမြန်ပြေးသွားပြီး ရေနွေးတည်သည်။ လီလန်ကိုယ်တိုင်လည်း အိမ်ထဲမှ ကုလားထိုင်နှစ်လုံးကို ထုတ်ယူလိုက်ကာ ကျောက်လျူကိုလည်း စားပွဲပြင်ပေးရန် ခိုင်းလိုက်သည်။ ဧည့်သည်တော်များ ရောက်လာပြီဖြစ်၍ အိမ်ဝိုင်းအတွင်း နားနေရန် နေရာပြင်ပေးရမည်ဖြစ်သည်။ စားပွဲနှင့် ကုလားထိုင်များ ပြင်ပြီးနောက် လီလန်က မြေပဲနှင့် ဖရဲစေ့အနည်းငယ်ကို ပန်းကန်တွင် ထည့်၍ ချပေးသည်။ ၎င်းတို့မှာ နှစ်သစ်ကူးက ကျန်ရှိသော အနည်းငယ်မျှသော လက်ကျန်များသာ ဖြစ်သည်။

ဒုတိယစက်ရုံမှူးလီသည် လီလန် လှုပ်ရှားသွားလာနေသည်ကို ကြည့်ရင်း အလွန်ပင် ကျေနပ်နေမိသည်။ သူ၏ အပြုအမူမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး စိတ်အားထက်သန်သည်။ ဤလူငယ်မှာ အလုပ်လုပ်ရပုံနှင့် လူမှုဆက်ဆံရေးကို ကောင်းစွာ နားလည်သူဖြစ်သည်။

"စက်ရုံမှူးလီ... ထိုင်ပါဦး... စကားပြောကြတာပေါ့..."

လီလန်က ဖိတ်ခေါ်လိုက်သည်။ သူသည် စားပွဲပေါ်ရှိ ပန်းကန်ကို စက်ရုံမှူးလီဘက်သို့ ပို၍ နီးကပ်အောင် ရွှေ့ပေးလိုက်၏။

ဒုတိယစက်ရုံမှူးလီနှင့် ကျန်းဝေမင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် စားပွဲတွင် ထိုင်လိုက်ကြသည်။ ကျန်းတာ့ပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့သည် လီလန်၏ အိမ်တွင် ဧည့်သည်များ ရှိနေသည်ကို မြင်သောအခါ အိမ်သို့ ပြန်သွားကြသည်။

ကျောက်ထျဲ့ကျွင်းမှာ သူ့မြေး ကျောက်လျူကို ခေါ်သွားချင်သော်လည်း နောက်ပိုင်းတွင် လီလန်ကို အသားခွဲရာတွင် ကူညီပေးရမည်ဖြစ်၍ မခေါ်သွားတော့ပေ။ သို့သော် အိမ်ဝိုင်းမှ မထွက်ခွာမီ လီလန်ကို နာခံရန်၊ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ရန်နှင့် ပြဿနာမရှာရန်ကို ကျောက်လျူကို သတိပေးလိုက်သည်။ ကျောက်လျူက ခေါင်းငြိတ်ပြသဖြင့် အဘိုးအိုလည်း စိတ်အေးလက်အေးဖြင့် ပြန်သွားလေသည်။

အဘိုးအိုနှစ်ဦး ထွက်သွားသည်နှင့် တစ်ခါတည်း စည်ကားနေသော အိမ်ဝိုင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်တွင် လီတာ့ဟိုင်က ရေနွေးကြမ်းထည့်ထားသော ကြွေရည်သုတ် ခွက်နှစ်ခွက်ကို ကိုင်၍ မီးဖိုချောင်ထဲမှ ထွက်လာသည်။ သူက ဂရုတစိုက်ဖြင့် စားပွဲပေါ်တွင် တင်လိုက်သည်။

"စက်ရုံမှူးလီ... တာဝန်ခံကျန်း... လက်ဖက်ရည် သောက်ပါဦး..."

သူက ပြုံး၍ ပြောလိုက်သည်။ အဆင့်မြင့်အရာရှိကြီး၏ ရှေ့မှောက်တွင် လီတာ့ဟိုင်မှာလည်း အဆင်ပြေအောင် ကြည့်ပြောရ၏။ ကျန်းဝေမင်ကိုလည်း "တာဝန်ခံ" ဟု ခေါ်မှသာ သူ့မျက်နှာသာရမည် မဟုတ်ပါလား။

"ကောင်းတယ်... ကောင်းတယ်..."

ဒုတိယစက်ရုံမှူးလီက ခေါင်းငြိတ်၍ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ သူက ခွက်ကို ငုံ့ကြည့်လိုက်စဉ် လက်ဖက်ရည်၏ မွှေးရနံ့များ ထွက်လာသည်။ သူ အနည်းငယ် အံ့အားသင့်သွားသည်။

"အရည်အသွေးမြင့် လက်ဖက်ရည်လား... တောင်ပေါ်ရွာငယ်လေးက မုဆိုးတစ်ယောက်က ဒီလိုလက်ဖက်ရည်မျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ..."

ဒုတိယစက်ရုံမှူးလီက လီလန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ကျန်းဝေမင်က သူ၏ သံသယကို ရိပ်မိပုံရကာ "ဒီလက်ဖက်ရည်က စန်းဟော့ရွာက အဘိုးဟူက လီလန်ကို ပေးထားတာပါ..." ဟု ရှင်းပြလိုက်သည်။

"အဘိုးဟူလား..."

"ဘယ်အဘိုးဟူလဲ..."

ဒုတိယစက်ရုံမှူးလီက စပ်စုလိုက်သည်။

"ဆိုဗီယက်နဲ့ ကျောက်ဘိုင်တောင်တန်းက တိရစ္ဆာန်အရေခွံလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အဘိုးဟူ ဟူရွှယ်ယန်ပဲလေ..."

"အော်... အဲ့အဘိုးဟူကိုး..."

ဒုတိယစက်ရုံမှူးလီမှာ ပို၍ပင် အံ့အားသင့်သွားသည်။ ဤကုန်သည်ကြီးက မုဆိုးတစ်ယောက်ကို လက်ဖက်ရည် ပေးသည်တဲ့လား။ ဒုတိယစက်ရုံမှူး လီသည် လီလန်ကို ပြန်ကြည့်လိုက်သောအခါမှသာ ဤလူငယ်မုဆိုးကို သူ အထင်သေးမိမှန်း သိလိုက်ရတော့သည်။

"ဦးလေးဝေမင်... စက်ရုံမှူးလီ... ဒီတစ်ခါ ကျွန်တော့်ဆီ ဘာကိစ္စရှိလို့ ရောက်လာကြတာလဲ..."

လီလန်က မေးလိုက်သည်။

"ဒီလိုပါ... ဒုတိယစက်ရုံမှူးလီရဲ့ ယောက္ခမက ရှစ်ဆယ်ပြည့်မွေးနေ့ရောက်တော့မှာလေ ... သူက ဘာလက်ဆောင်ပေးရမလဲဆိုတာ စိတ်ပူနေတာ..."

ကျန်းဝေမင်က ရှင်းပြသည်။

"သူ့ယောက္ခမကလည်း တောင်ပေါ်မှာ အမဲလိုက်ခဲ့ဖူးတဲ့ မုဆိုးဟောင်းတစ်ယောက်ပဲ... သူက ပိုင်ရှန်းမြို့နယ်နဲ့ မဝေးတဲ့ ချင်းယန်မြို့နယ်မှာနေတာ... နောက်တစ်လဆိုရင် ရှစ်ဆယ်ပြည့်မွေးနေ့ပွဲ ရှိတယ်... အဘိုးကြီးက တခြားဘာမှ မကြိုက်ဘူး... သေနတ်ကောင်းကောင်းနဲ့ သားရေကောင်းကောင်းပဲ ကြိုက်တာ..."

ချင်းယန်မြို့နယ်... လီလန်က မှတ်မိလိုက်သည်။ ထိုမြို့နယ်မှာ မာလင်းကျီ ဦးဆောင်သည့် ပုဆိန်ဂိုဏ်းရှိသည့် နေရာပင်ဖြစ်၏။

"ရှစ်ဆယ်ပြည့်မွေးနေ့ဆိုတာ ဝမ်းမြောက်စရာ ကောင်းတာပေါ့... လက်ဆောင်ကို သေချာပြင်ဆင်ရမှာပေါ့..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... မင်းရဲ့ အမဲလိုက်ပညာက ထူးချွန်တယ်လို့ ကြားတယ်... ခြောက်ရာကျော်အလေးချိန်ရှိတဲ့ တောဝက်ကြီးကို သတ်ရုံတင်မကဘဲ နှင်းကျားသစ်ကိုလည်း ကိုယ်တိုင် သတ်နိုင်ခဲ့တယ် မဟုတ်လား..."

"ဟဲဟဲ... ကံကောင်းတာပါ... ကံကောင်းတာပါ..."

လီလန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

"ဒါက ကံကောင်းတာသက်သက် မဟုတ်ဘူးလေ... ဒါက ကျွမ်းကျင်မှုပဲ... တူမောင်ရယ်... နှိမ့်ချမနေပါနဲ့.. ဒုတိယစက်ရုံမှူးလီက မြို့ကလာတာ... သူ မမြင်ဖူးတာ ဘာရှိတော့မလဲ..."

ကျန်းဝေမင်က ရယ်မောရင်း ပြောသည်။

ဒုတိယစက်ရုံမှူးလီကမူ ကျန်းဝေမင်၏ စကားကို ဖြတ်ပြောလိုက်သည်။

"လူငယ်တွေအတွက် နှိမ့်ချတာက ကောင်းတဲ့အရာပါ နှိမ့်ချမှုက တိုးတက်မှုကို ဖြစ်စေပြီး မာန်တက်ခြင်းက နောက်ကျကျန်ရစ်စေတယ် လီလန်ရဲ့ နှိမ့်ချတဲ့ အရည်အသွေးကို ငါ အရမသဘောကျတယ်..."

အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်မှာ တက်ကြွနေသည့်တိုင် မာန်တက်ခြင်းမရှိဘဲ နှိမ့်ချနေသည်မှာ အလွန်ရှားပါးလှသည်။

"ဒါဆိုစက်ရုံမှူးလီ... ကျွန်တော့်ကို ရှာတာက..."

"အဖွဲ့ခေါင်းဆောင်လီ... ငါတို့က လီမျိုးနွယ်ချင်းတူနေကြတာပဲ... ဒါကြောင့် မင်းကို ဖုံးကွယ်မနေတော့ဘူး... မင်းရဲ့ ဝံပုလွေဘုရင်သားရေကို ငါ သဘောကျနေလို့... ရောင်းပေးနိုင်မလား..."

"အော်... ဟုတ်လား..."

လီလန်မှာ အံ့အားသင့်သွားသည်။

"အဖွဲ့ခေါင်းဆောင်လီ... ဒီသားရေကို ငါ ဝယ်ချင်ပါတယ်... စျေးကို မင်းပဲ ပြောပါ... ဘယ်လောက်ပေးပေး ရပါတယ်..."

ဒုတိယစက်ရုံမှူးလီက လီလန် ငြင်းပယ်မည်စိုး၍ အမြန်ပင် ပြောလိုက်သည်။

လီလန်ကမူ ခေါင်းခါလိုက်သည်။

“စက်ရုံမှူးလီ... ခင်ဗျား နောက်ကျသွားပြီ... အဲဒီသားရေကို ကျွန်တော် ရောင်းလိုက်ပြီးပြီ..."

"ဟာ... ဘယ်သူ့ကို ရောင်းလိုက်တာလဲ..."

ဒုတိယစက်ရုံမှူးလီက စိတ်ပျက်စွာ မေးလိုက်သည်။

"စန်းဟော့ရွာက အဘိုးဟူကိုလေ..."

ထိုအမည်ကို ကြားလိုက်ရသဖြင့် ဒုတိယစက်ရုံမှူးလီ သက်ပြင်းချလိုက်သည်။

"အဘိုးဟူက သဘောကျသွားပြီဆိုတော့လည်း ဖြစ်ရမှာပေါ့... ငါ တခြားလက်ဆောင် ရှာကြည့်လိုက်ပါဦးမယ်..."

ဒုတိယစက်ရုံမှူးလီက နှုတ်ဆက်၍ ထွက်ခွာရန် ပြင်လိုက်သည်။ ကျန်းဝေမင်က အမြန်ပင် တားလိုက်သည်။

"စက်ရုံမှူးလီ... မစောပါနဲ့ဦး... လီလန်ပြောတာကို အရင်နားထောင်ဦး..."

"အဲ့ဒီသားရေမရှိတော့ပေမဲ့ တခြားသားရေတွေနဲ့ လက်ဆောင်ပေးလို့ ရပါသေးတယ်..."

"တခြားသားရေတွေလား..."

ဒုတိယစက်ရုံမှူးလီ၏ မျက်လုံးများက ပြန်လည် တောက်ပလာသည်။

"အဖွဲ့ခေါင်းဆောင်လီ... မင်းမှာ တခြားအရေခွံတွေ ရှိသေးလား..."

လီလန်က နှင်းကျားသစ်အရေခွံကို ခွာနေသည့် ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့ကို လှမ်းကြည့်လိုက်သည်။

"အော်... ဒီနှင်းကျားသစ်သားရေကို ငါ မေ့နေတာပါလား..."

ဒုတိယစက်ရုံမှူးလီက သူ့ပေါင်ကို သူ ရိုက်လိုက်သည်။

“အဖွဲ့ခေါင်းဆောင်လီ... ဒီသား‌ရေကို ငါ့ကို ရောင်းပေးနိုင်မလား..."

"သားရေတစ်ခုပဲလေ... စက်ရုံမှူးလီ သဘောကျရင် ယူသွားလိုက်ပါ..."

လီလန်က ရက်ရောစွာ ပြောလိုက်သည်။ စကားပြောရင်း သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

ကျန်းဝေမင်က လီလန်ကို ကောင်းစွာ သိသည်။ လီလန်၏ ရက်ရောသော လေသံကို ကြားလိုက်သည်နှင့် သူသည် ဒုတိယစက်ရုံမှူးလီအတွက် ထောင်ချောက်ဆင်နေပြီဟု သိလိုက်တော့သည်။

"ဒီကောင်လေး လီလန်ကတော့..."

All Chapters