အခန်း (၇၈၇-၇၈၈)
Vol. 67 Ch. 787-788
အပိုင်း (၇၈၇)
“အရှင်... ဒီတစ်ခါ ကျုပ်က အထက်လွှတ်တော်က လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်စားပြုပြီး လာခဲ့တာပါ။ အင်ပါယာ ပြည်နယ်ကြီး ငါးခုရဲ့ ဘုရင်ခံတွေကိုလည်း ကိုယ်စားပြုပါတယ်။”
ဟွာပီက ပြောလိုက်၏။ “နောက်ထပ် လဝက်လောက် ကြာရင် အရှင်နဲ့ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ရဲ့ စစ်ရေး တိုက်ပွဲ စတင်တော့မှာပါ။”
“ဟုတ်ပါတယ်။” ယွင်ကျုံးဟဲ့က ဖြေသည်။
ဟွာပီက မေးလိုက်၏။ “ဒီတိုက်ပွဲက အရမ်း အရေးကြီးပါတယ်။ အင်ပါယာရဲ့ ကံကြမ္မာကိုတောင် ဆုံးဖြတ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ မြို့တော်မှာ ဘယ်သူမှ မပြောကြဘူး။ လူတိုင်းက ဒီကိစ္စကို သိကြပြီး သူ့ရဲ့ ကြီးမားတဲ့ အဓိပ္ပာယ်ကိုလည်း သိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မပြောကြဘူး။ အဲဒါ ဘာလို့လဲ ဆိုတာ အရှင် သိလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဘာလို့လဲဆိုတော့ သူတို့က ကျုပ်ကို ချစ်ခင်ကြပေမယ့် ဒီတိုက်ပွဲမှာ ကျုပ် ရှုံးသွားမယ်လို့ ထင်နေကြလို့ ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ထားချင်ကြလို့ပါ။”
ဟွာပီက ပြောလိုက်၏။ “ဟုတ်ပါတယ်။ မရေမတွက်နိုင်တဲ့ လူတွေက အရှင့်ကို ထောက်ခံကြတယ်။ ဒါပေမဲ့ ဒီစစ်ရေး တိုက်ပွဲက အရမ်း ကွာဟလွန်းနေတယ်။ အရှင့်ရဲ့ စစ်သည် တစ်ထောင်က စာသင်ကျောင်းကြီးတွေ ကနေ ရွေးချယ်ထားတဲ့ တက္ကသိုလ် ကျောင်းသားတွေဖြစ်ပြီး လေ့ကျင့်ထားတာကလည်း တစ်နှစ်တောင် မပြည့်သေးဘူး။
ဆန့်ကျင်ဘက် အနေနဲ့ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးဘက်က လူတစ်သောင်းက အထူးချွန်ဆုံး သိုင်းသမားတွေချည်းပဲ။ ခွန်အားနဲ့ အမြန်နှုန်း သက်သက်ကို ပြောရရင် သူတို့က တစ်ယောက်တည်းနဲ့ အယောက်တစ်ရာကို ရင်ဆိုင်နိုင်တယ်။
အဲဒါကြောင့် သာမန် အခြေအနေအရ ဆိုရင် အရှင့်ရဲ့ တပ်သားသစ် တစ်သောင်းတောင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လက်အောက်က အထူးချွန်ဆုံး သိုင်းသမား တစ်ထောင်ကို မနိုင်နိုင်ဘူး။ ဆယ်ယောက်နဲ့ တစ်ယောက် တိုက်တာတောင် မနိုင်နိုင်ရင် တစ်ယောက်နဲ့ ဆယ်ယောက် တိုက်တာဆိုရင် ပိုဆိုးတာပေါ့။”
ထို့နောက် ဟွာပီက ဆက်ပြောသည်။ “သေချာပေါက် ဒါက ကျုပ်တို့ရဲ့ ပုံမှန် တွေးခေါ်မှုပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် နားလည်ပါတယ်။ တစ်ကိုယ်ရည် သိုင်းပညာကိုပဲ ပြောမယ်၊ လက်နက်နဲ့ တိုက်ခိုက်တာကိုပဲ ပြောမယ် ဆိုရင်တော့ တကယ်ပဲ ဒီလိုပါပဲ။ တစ်သောင်း မပြောနဲ့၊ နှစ်သောင်း၊ သုံးသောင်းဆိုတဲ့ ကျောင်းသား စစ်တပ်တောင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လက်အောက်က အထူးချွန်ဆုံး သိုင်းသမား တစ်ထောင်ကို မနိုင်နိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ တပ်သားသစ်တွေ သုံးထားတာက လုံးဝ အသစ်စက်စက် လက်နက်တွေ၊ လုံးဝ အသစ်စက်စက် တိုက်ခိုက်ရေး ပုံစံပါ။”
ဟွာပီက ပြောသည်။ “အရှင် ဖန်တီးခဲ့တဲ့ အံ့ဩစရာတွေကို ကျုပ်တို့ မသင်္ကာ မဖြစ်ရဲပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် စစ်ရေး တိုက်ပွဲရဲ့ အင်အား ကွာဟချက်က တကယ်ကို အရမ်း ကြီးမားလွန်းနေတယ်။ ကျုပ်တို့လည်း ရှုံးလို့ မရဘူး၊ အင်ပါယာလည်း ရှုံးလို့ မရဘူး။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။
ဟွာပီက ရှင်းပြလိုက်သည်။ “အင်ပါယာက မရေမတွက်နိုင်တဲ့ လူတွေက အရှင် အံ့ဩစရာ ဖန်တီးနိုင်ဖို့ တောင့်တနေကြတယ်၊ အရှင် နိုင်ဖို့ တောင့်တနေကြတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသိဉာဏ်နဲ့ စိတ်နှလုံးထဲမှာတော့ အရှင် နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေကြတယ်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လက်အောက်က သိုင်းသမား တစ်သောင်းကလည်း အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက် ဆိုရင် တိုက်ပွဲမှာ လုံးဝ ညှာတာမှာ မဟုတ်ဘူး၊ တမင်သက်သက် ရှုံးပေးမှာလည်း မဟုတ်ဘူး။ သူတို့ သေချာပေါက် အစွမ်းကုန် ကြိုးစားကြမှာပဲ။
အဲဒါကြောင့် အင်ပါယာက လူတိုင်း၊ ရှင်းကျုံး ပါတီဝင်တွေ အပါအဝင် အရှင့်ရဲ့ ဒီစစ်ရေး တိုက်ပွဲအပေါ် အကောင်းမမြင်ကြဘူး၊ အရှင် ရှုံးမယ်လို့ ထင်နေကြတယ်။”
ဤအချက်က မထူးဆန်းပေ။ ယွင်ကျုံးဟဲ့ လက်အောက်ရှိ ကျောင်းသား စစ်တပ် တစ်ထောင်သည် တက္ကသိုလ် ကျောင်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တစ်ကိုယ်ရည် သိုင်းပညာက အလွန် အားနည်းလွန်း၏။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လက်အောက်ရှိ သိုင်းသမား တစ်သောင်းကမူ အရမ်း အင်အား ကြီးမားလွန်းလှ၏။ နှစ်ဖက်စလုံး၏ အင်အားသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
ယွင်ကျုံးဟဲ့က လက်နက်သစ်၊ စစ်ရေး စနစ်သစ် ရှိသည်ဟု ပြောသော်လည်း လူတိုင်းက မယုံကြည်ရဲသေးပေ။
‘လျှပ်စစ်မီးသီးက သဘာဝ ဓာတ်ငွေ့ မီးအိမ်ထက် ပိုလင်းတာ မှန်ပေမယ့် နှစ်ဆ သုံးဆလောက်ပဲ ပိုလင်းတာလေ၊ ဆယ်ဆ ရာဆလောက် ပိုလင်းတာမှ မဟုတ်တာ။
အခု ယွင်ကျုံးဟဲ့နဲ့ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ စတင်မယ့် စစ်ရေး တိုက်ပွဲမှာ နှစ်ဖက်စလုံးရဲ့ အင်အား ကွာခြားချက်က အဆတစ်ရာ မကဘူးလေ။’
ထို့ကြောင့် အင်ပါယာရှိ လူတိုင်းက ယွင်ကျုံးဟဲ့ နိုင်မည်ဟု မယုံကြည်ရဲကြသော်လည်း သူ နိုင်ရန် အလွန် မျှော်လင့်တောင့်တနေကြသည်။
အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီက ပြောလိုက်၏။ “အရှင်... အခု အင်ပါယာ တစ်ခုလုံးက အရှင့်ကို ထောက်ခံနေကြပါပြီ။ အဲဒါကြောင့် အခုက အရှင် ရှုံးလို့ မရတာ မဟုတ်ဘဲ ကျုပ်တို့ အားလုံး ရှုံးလို့ မရတော့တာပါ။ အရှင်က အရှုံးကို လက်မခံနိုင်တာ မဟုတ်ဘဲ အင်ပါယာက အရှင့်ရဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်တော့တာပါ။”
ဤစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ အလွန် စိတ်လှုပ်ရှားသွားသည်။
ဟွာပီက ဆက်ပြော၏။ “အဲဒါကြောင့် မြို့တော် တစ်ခုလုံးမှာ ဘယ်သူကမှ ဒီစစ်ရေးတိုက်ပွဲ အကြောင်းကို ကိုယ်တိုင် စမပြောကြဘူး။ ဘာလို့လဲဆိုတော့ ဒါက အရမ်း အရေးကြီးလို့ပါ။ အကယ်၍ အရှင် ရှုံးသွားလို့ တကယ်ပဲ နယ်နှင်ဒဏ် ပေးခံရမယ်ဆိုရင် အင်ပါယာ ပြည်သူတွေရဲ့ စိတ်နှလုံးအတွက် ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး ဖြစ်သွားပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆိုရင်...”
ဟွာပီက ပြောလိုက်၏။ “အရှင် မသိလောက်ပါဘူး။ ပြည်နယ် ဘုရင်ခံ ဆယ်ယောက်ကျော်၊ ပြည်နယ်ကြီး ငါးခုရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဆယ်ဂဏန်းခန့် အားလုံး အထက်လွှတ်တော်ကို အသနားခံစာ တင်ထားကြပါတယ်။ လူတိုင်းမှာ တူညီတဲ့ ဆန္ဒ တစ်ခု ရှိပါတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ပြလိုက်သည်။ “ပြောပါ။”
ဟွာပီက ပြောလိုက်၏။ “လဝက်နေရင် စစ်ရေး တိုက်ပွဲကို ပုံမှန်အတိုင်း လုပ်ပါ။ ဒါပေမဲ့ အရှင် ရှုံးသွားရင်တောင် စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ရာထူးကနေ ဆင်းပေးရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျိန့်ချွဲ အမတ်ကြီးက သူ့ကို စွပ်စွဲ ပြစ်တင်ထားပြီး လီဖူ သေဆုံးမှုအတွက် တာဝန်ယူရမှာမို့လို့ပါ။ အဲဒီအချိန်ကျရင် အရှင်က စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တာဝန်ယူပြီး သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကတော့ ဆက်ရှိနေပါလိမ့်မယ်။”
ချက်ချင်းပဲ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုရော မတတ်သာမှုပါ ဖြစ်သွားသည်။
‘အင်ပါယာက သူ့ရဲ့ စစ်ရေး စနစ်သစ်ကို ဒီလောက်တောင် မယုံကြည်ဘူးလား။ ဒါပေမဲ့ ဒါလည်း မဆန်းပါဘူးလေ။ ဘယ်သူမှ တကယ်တမ်း မမြင်ဖူးကြဘူး၊ ပြွတ်သိပ်နေတဲ့ အမြောက်တွေ၊ အသစ်စက်စက် ရိုင်ဖယ် သေနတ်တွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းတယ် ဆိုတာကို မသိကြဘူးလေ။ အပူလက်နက် စနစ်က အအေးလက်နက် စနစ်ကို ဘယ်လောက်တောင် အပြတ်အသတ် အနိုင်ယူနိုင်တယ် ဆိုတာကို မသိကြဘူးကိုး။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် လူတိုင်းရှေ့မှာ ပြောထားပြီးသားပါ။ စစ်ရေး တိုက်ပွဲမှာ အကယ်၍ ရှုံးသွားရင် ကျုပ်ရဲ့ စစ်ရေး စနစ် ကျရှုံးတယ် ဆိုတာကို ကိုယ်စားပြုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးမယ်လို့ ပြောထားပါတယ်။ ဘုရင် စကားတည်ရမယ်၊ ကျုပ် ပြောခဲ့တဲ့ စကားတွေကို မလုပ်လို့ မရပါဘူး။ “
ဟွာပီက ပြောသည်။ “အရှင်... ဒါပေမဲ့ အခု အင်ပါယာက အရှင် နယ်နှင်ဒဏ် ခံရမယ့် နောက်ဆက်တွဲ ဆိုးကျိုးကို ခံနိုင်ရည် မရှိပါဘူး။ အရှင်က အင်ပါယာမှာ အလံ တစ်လက်၊ ယုံကြည်မှု တစ်ခု ဖြစ်နေပါပြီ။ အကယ်၍ အရှင် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးလိုက်မယ် ဆိုရင် အင်ပါယာက မရေမတွက်နိုင်တဲ့ လူတွေရဲ့ ယုံကြည်မှု ပြိုလဲသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ပြီးတော့ ကျုပ် သေချာ ပြောရဲပါတယ်။ အဲဒီနေ့က ရှိနေတဲ့သူ တစ်ယောက်မှ ဒီကိစ္စကို ထုတ်ပြောမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် စစ်ရေး တိုက်ပွဲမှာ အရှင် ရှုံးသွားရင်တောင် အရှင်က စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်နေအုံးမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက အရှင် ဒီစစ်ရေး တိုက်ပွဲကို အဆိုပြုခဲ့တာက အင်ပါယာရဲ့ စည်းလုံးမှုအတွက် မို့လို့ပါ။”
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားပြီး အတော်ကြာမှ ပြောလိုက်၏။ “အမတ်ကြီး ဟွာပီ... အင်ပါယာက အမတ်ကြီးတွေ အားလုံးကို ကျုပ် အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် လူသိရှင်ကြား ပြောခဲ့တဲ့ စကားက သေချာပေါက် တည်ရပါမယ်။ ဒီစစ်ရေး တိုက်ပွဲမှာ အကယ်၍ ကျုပ် ရှုံးသွားရင် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးပါမယ်။ ဘုရင် စကားတည်ရမယ်၊ ကျုပ် အင်ပါယာကို လုံးဝ မလိမ်ညာပါဘူး။”
ဟွာပီက အက်ကွဲသော အသံဖြင့် ပြောသည်။ “အရှင်... ဒါက အင်ပါယာရဲ့ အကျိုးစီးပွားအတွက်ပါ။ အင်ပါယာရဲ့ အကျိုးစီးပွားက အမြင့်ဆုံးပါ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “အမတ်ကြီး ဟွာပီ... အင်ပါယာက အမတ်ကြီးတွေ၊ နိုင်ငံသားတွေက ဘာလို့ ကျုပ်ကို ယုံကြည်ဖို့ ဆန္ဒရှိကြတာလဲ။ ဘာလို့လဲဆိုတော့ ကျုပ် အရင်က ဖန်တီးခဲ့တဲ့ အံ့ဩစရာတွေကြောင့် သူတို့က ကျုပ် အင်ပါယာကို အင်အားကြီးမားအောင် ဦးဆောင်နိုင်မယ်၊ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ အမှောင် အင်အားတွေကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်လာကြလို့ပါ။
အကယ်၍ ကျုပ် အရင်က လုပ်ခဲ့တဲ့ အံ့ဩစရာတွေကို ယုံကြည်တယ်ဆိုရင် ဆက်ပြီး ယုံကြည်ပေးပါ။ အခု အံ့ဩစရာက ပိုပြီး အံ့ဩဖို့ ကောင်းပြီး နည်းနည်းတောင် အဓိပ္ပာယ်မဲ့သလို ထင်ရပါလိမ့်မယ်။ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။ ကျုပ် စစ်ရှုံးမှာ စိုးရိမ်လို့ ပြည်သူတွေရဲ့ အသံကို ဖိနှိပ်ပြီး မပြောရဲအောင် မလုပ်ပါနဲ့။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “တကယ်တော့ လဝက် နေရင် ဖြစ်လာမယ့် စစ်ရေး တိုက်ပွဲမှာ ကျုပ် သေချာပေါက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျုပ်ကို ယုံကြည်ပေးပါ၊ အမတ်ကြီးတို့လည်း ယုံကြည်ပေးပါ။ “
အမတ်ကြီး ဟွာပီက သက်ပြင်းချကာ ပြောလိုက်၏။ “ကောင်းပါပြီ။ ကျုပ် စိတ်ထဲမှာ အရမ်း ရှုပ်ထွေးနေပေမယ့် အရှင့်ရဲ့ ခိုင်မာမှုအတွက် ဂုဏ်ယူသလို အရှင့်ရဲ့ ကိုယ်ကျင့်တရားအတွက်လည်း ဂုဏ်ယူပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အင်ပါယာက မူလတည်းက ဂုဏ်ယူစရာကောင်းတဲ့ နိုင်ငံ တစ်ခုပါ။”
ဟွာပီက ပြောလိုက်၏။ “ဒါဆို ကျုပ်တို့ အားလုံးက လဝက် နေရင် ဖြစ်လာမယ့် စစ်ရေး တိုက်ပွဲကို စောင့်ကြည့်ပြီး အရှင် နောက်ထပ် တစ်ခါမှ မရှိဖူးတဲ့ အံ့ဩစရာ တစ်ခု ဖန်တီးနိုင်ဖို့ တောင့်တနေပါမယ်။”
ယွင်ကျုံးဟဲ့က ပြောသည်။ “အမတ်ကြီးတို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ အင်ပါယာ ပြည်သူတွေကိုလည်း စိတ်ပျက်အောင် မလုပ်ပါဘူး။”
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူးသည် နှုတ်ဆက် ထွက်ခွာသွား၏။
ဤအချိန်တွင် သူသည် လဝက်အကြာတွင် ဖြစ်ပေါ်လာမည့် စစ်ရေးတိုက်ပွဲအပေါ် အဆုံးအစ မရှိသော မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
အင်ပါယာ တစ်ခုလုံး၏ သန်းနှင့်ချီသော ပြည်သူများသည်လည်း အဆုံးအစမရှိ မျှော်လင့်နေကြပြီး အကယ်၍ အရှင် ယွင်ကျုံးဟဲ့ တကယ်သာ အနိုင်ရရှိသွားပါက အင်ပါယာ တစ်ခုလုံး မည်မျှအထိ စိတ်လှုပ်ရှားသွားမည်နည်း ဆိုသည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။ သူ့အပေါ် ကိုးကွယ်မှုက မည်မျှအထိ ရောက်ရှိသွားမည်နည်း။
ထိုအချိန်သို့ ရောက်ပါက အရှင် ယွင်ကျုံးဟဲ့သည် အင်ပါယာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အတရားမျှတဆုံး ဘုရင် ဖြစ်လာမည်မှာ သေချာသည်။
အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီ ထွက်ခွာသွားပြီးနောက် ကျီးချင့်သည် မီးဖိုချောင်ထဲတွင် လက်ဖက်ရည် မကျိုဘဲ အခန်းထဲတွင် အစောကြီးတည်းက ဝင်လှဲနေပြီ ဖြစ်၏။
မိဖုရား တူရှားကသာ အသံတိတ် ဝင်လာပြီး လက်ဖက်ရည် တစ်အိုး ယူလာပေးကာ အသံတိတ်ပင် ပြန်လည် ထွက်ခွာသွားသည်။
ထို့ကြောင့် ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦး ဖြစ်သော်လည်း လုံးဝ အိမ်ထောင်ရှင်မကောင်း တစ်ယောက်တော့ မဟုတ်ပေ။
မိဖုရား တူရှား လက်ဖက်ရည် လာငဲ့ပေးချိန်တွင် ဟွာပီ အနည်းငယ် အနေရခက်သွားပြီးနောက် ဘာမှ မမြင်လိုက်ရသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ အထက်တန်းလွှာများသည် နာမည်ဂုဏ်သတင်းကို အလွန် ဂရုစိုက်ကြပြီး အင်ပါယာ၏ တစ်လင်တစ်မယား စနစ်သည်လည်း အတော်လေး တင်းကျပ်သောကြောင့်ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ပျော်တော်ဆက်ယောက်ျား ဘဝမှ လာခဲ့သည်ကို လူတိုင်း သိရှိထားကြပြီး သူ၏ မကောင်းလှသော သမိုင်းကြောင်းများကို ပို၍ပင် လူသိများလှသည်။
“သူ အိပ်ပျော်သွားပြီလား။” မိဖုရား တူရှားက ရုတ်တရက် မေးလိုက်၏။
“အိပ်ပျော်လောက်ပါပြီ။” ယွင်ကျုံးဟဲ့က ဖြေ၏။ သူတို့ နှစ်ဦး ပြောနေသည်မှာ သေချာပေါက် ကျီးချင့် အကြောင်းပင် ဖြစ်သည်။
မိဖုရား တူရှား သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် ရှည်လျားသော ဆိုဖာပေါ်တွင် သတိထားကာ လှဲလျောင်း လိုက်ပြီး ယွင်ကျုံးဟဲ့၏ ပေါင်ပေါ်တွင် ခေါင်းအုံးလိုက်၏။
“အကယ်၍ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။” မိဖုရား တူရှားက မေးသည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “အကယ်၍ ဆိုတာ မရှိပါဘူး။”
..................
အပိုင်း (၇၈၈)
မြို့တော် အပြင်ဘက်ရှိ ပထမ တပ်တော် တပ်စွဲရာ နေရာမှ လေ့ကျင့်ရေးကွင်း တစ်ခု အတွင်းတွင်…
စစ်ရေး တိုက်ပွဲအတွက် အသုံးပြုမည့် အထူးချွန်ဆုံး သိုင်းသမား တစ်သောင်းကို ရွေးချယ်ပြီးစီးသွားပြီ ဖြစ်သည်။
ပထမ တပ်တော်၏ လူတစ်သိန်းထဲမှ တစ်ဆယ်လျှင် တစ်ယောက် ရွေးချယ်ထားခြင်း ဖြစ်သည်။ လူတစ်ယောက်ချင်းစီ၏ ခွန်အား၊ အမြန်နှုန်းနှင့် သွက်လက်မှုတို့သည် လုံးဝ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေ၏။
မြင်းစီး၊ လှံရေး၊ ဓားရေး စသည်တို့ အားလုံးမှာ ထိပ်တန်း အဆင့်များ ဖြစ်ကြ၏။ တစ်ပိသာခွဲ (အလေးချိန်) ရှိသော လေးကို အားလုံး တပ်ဆင်ထားကြပြီး မီတာ တစ်ရာကျော် အကွာအဝေးအတွင်း လေးပစ် စွမ်းရည်မှာ အလွန် မြင့်မားလှသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
မြားမိုးများ ရွာကျလာပြီး ပစ်မှတ်အဖြစ် အသုံးပြုထားသော သစ်သားရုပ်များမှာ တစ်စစီ အပစ်ခံလိုက်ရ၏။
သူတို့သည် လုံလောက်အောင် အင်အားကြီးမားနေပြီ ဖြစ်သော်လည်း ရူးသွပ်စွာ ဆက်လက် လေ့ကျင့်နေကြဆဲ ဖြစ်ပြီး ဤလောကပေါ်တွင် ထိပ်တန်းအဖြစ်ဆုံး အအေး လက်နက် တပ်တော်ကြီး ဖြစ်သည်မှာ သေချာလှသည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေး နန်းတော်မှ ထွက်ခွာလာပြီး စစ်တန်းလျားအတွင်းသို့ ဝင်ရောက် နေထိုင်ကာ အထူးချွန်ဆုံး သိုင်းသမား တစ်သောင်းနှင့် အတူတကွ လေ့ကျင့်နေ၏။
သေချာပေါက် လေ့ကျင့်သည်ဟု ဆိုခြင်းထက် သစ္စာရှိမှုကို ပြုစုပျိုးထောင်ခြင်း၊ အပြန်အလှန် နားလည်မှုကို ပြုစုပျိုးထောင်ခြင်း၊ အတူတကွ စားသောက် နေထိုင်ခြင်းနှင့် ရဲဘော်ရဲဘက် စိတ်ဓာတ်ကို ပြုစုပျိုးထောင်ခြင်းဟု ဆိုလျှင် ပိုမှန်သည်။
ထို့အပြင် သူက နောက်ထပ် ဒုတိယ တပ်မှူး တစ်ဦးကို ရွေးချယ်ခဲ့ပြီး ထိုသူမှာ တပ်မှူးလေး ရှင်းကျန့်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသူသည် ယွင်ကျုံးဟဲ့၏ အခိုင်မာဆုံး ရန်သူ ဖြစ်သောကြောင့်ပင်။
စစ်တန်းလျား အတွင်းတွင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် တပ်မှူးလေး ရှင်းကျန့်တို့သည် အသားများကို အားရပါးရ လှီးဖြတ် စားသောက်နေကြသည်။
“ကျုပ်တို့ သေချာပေါက် နိုင်မှာပါ။”
တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့ရဲ့ အချက်အလက်တွေ အားလုံးကို ကျုပ် ဖတ်ဖူးပါတယ်။ သူက တစ်ခါမှ စစ်မတိုက်ဖူးပါဘူး။”
ယွင်ကျုံးဟဲ့သည် တကယ်တမ်း၌ စစ်တပ်ကို ဦးဆောင်၍ တစ်ခါမှ စစ်မတိုက်ခဲ့ဖူးပေ။ စီးပြန်း၏ ပုန်ကန်မှုကို နှိမ်နင်းရာတွင်လည်း လီဟွာမေ ကသာ အမြဲတမ်း စစ်ပွဲကို ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။
“သူက စကားလုံး တစ်လုံးကို သုံးဖူးတယ်။ စာရွက်ပေါ်က စစ်ပွဲတဲ့။”
တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်၏။ “ဒီတစ်ခါတော့ သူက စာရွက်ပေါ်မှာပဲ စစ်တိုက်ပြမှာပါ။ အရင်က အင်ပါယာကို စိန်ခေါ်ခဲ့တဲ့ ငါးကြိမ်စလုံးမှာ အပြတ်အသတ် နိုင်ခဲ့တာက သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို အားကိုးခဲ့လို့ပါ။ ဒါပေမဲ့ စစ်ရေး တိုက်ပွဲဆိုတာ လူတစ်ယောက်တည်းနဲ့ ပြီးမြောက်နိုင်တဲ့ ကိစ္စ လုံးဝ မဟုတ်ပါဘူး။ လူတစ်စုကို အားကိုးရတာပါ။
တက္ကသိုလ် ကျောင်းသား တစ်စုက နေရာတစ်ခုမှာ တစ်နှစ်လောက် လျှို့ဝှက် လေ့ကျင့်ပြီးတာနဲ့ အင်ပါယာရဲ့ အထူးချွန်ဆုံး စစ်သည် တစ်သောင်းကို အနိုင်ယူနိုင်မယ် ဆိုတာကို ကျုပ် လုံးဝ မယုံကြည်ပါဘူး။ တကယ်ကို အရမ်း အဓိပ္ပာယ်မဲ့လွန်းပါတယ်။
ပြီးတော့ ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ သူက အခြေခံအားဖြင့် မြို့တော်ထဲမှာပဲ ရှိနေခဲ့တာဆိုတော့ စစ်တပ် လေ့ကျင့်ဖို့ အချိန်လည်း မရှိခဲ့ပါဘူး။ အများစု အချိန်တွေမှာ သူ့ရဲ့ လျှို့ဝှက် ကျောင်းသား စစ်တပ်နဲ့ အတူတူ မရှိနေခဲ့ပါဘူး။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး စကားမပြောဘဲ အသားများကိုသာ ဆက်လက် လှီးဖြတ် စားသောက်နေသည်။
တပ်မှူးလေး ရှင်းကျန့်က ဆက်ပြော၏။ “သူ ရှုံးမယ်ဆိုတာ သိနေလို့ပဲ အခု မြို့တော်က ပြည်သူတွေက ဒီကိစ္စကို ဘယ်သူမှ မပြောကြတာ။ မသိချင်ယောင် ဆောင်နေကြတာ တကယ်ကို ရယ်စရာ ကောင်းလွန်းပါတယ်။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “ဒီစစ်ရေး တိုက်ပွဲမှာ သူ ရှုံးသွားရင်တောင် သူက စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာအုံးမှာပဲ။”
တပ်မှူးလေး ရှင်းကျန့်က အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “ဘာလို့လဲ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေသည်။ “ကျိန့်ချွဲက ကျုပ်တို့ကို စွပ်စွဲ ပြစ်တင်ထားပြီး လီဖူကို အကွက်ဆင် ချောက်ချခဲ့တယ်ဆိုလို့ စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ရာထူးကနေ ဆင်းပေးပြီး ယွင်ကျုံးဟဲ့အတွက် နေရာ ဖယ်ပေးရလိမ့်မယ်။”
တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်၏။ “ဒါပေမဲ့ စစ်ရေး တိုက်ပွဲမှာ သူ ရှုံးသွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးပါမယ်လို့ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ပါးစပ်ကနေ ပြောခဲ့တာလေ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “သူက ကတိတည်တဲ့သူ တစ်ယောက် ဖြစ်ဖို့ မျှော်လင့်ရတာပေါ့။”
တပ်မှူးလေး ရှင်းကျန့်က ပြော၏။ “အုပ်ချုပ်ရေးမှူးမင်းကြီး... ဒါဆိုရင် ဒီစစ်ရေး တိုက်ပွဲမှာ ကျုပ်တို့ ပိုပြီးတော့တောင် လက်ညှာလို့ မဖြစ်တော့ဘူး။ သူ့ကို ရှက်စရာကောင်းတဲ့ အရှုံးတစ်ခု ပေးရမယ်။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောသည်။ “သေချာပေါက် သူ့ကို ရှက်စရာကောင်းတဲ့ အရှုံးတစ်ခု ပေးရမှာပေါ့။ အဲဒီလိုဆိုရင် သူက အင်ပါယာရဲ့ စစ်အာဏာကို ဝင်စွက်ဖက်ဖို့ ဘယ်လို မျက်နှာ ရှိတော့မှာလဲ။”
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် မြို့တော်မှ ထွက်ခွာကာ အရှေ့ဘက် ပြည်နယ်သို့ ထွက်ခွာသွား၏။
သူ တည်ထောင်ထားသော လျှို့ဝှက် စစ်ရေး လေ့ကျင့်ရေး စခန်းသည် အရှေ့ဘက် ပြည်နယ်၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ရှိပြီး ထိုနေရာသည် စွန့်ပစ်ထားသော သတ္တုတွင်းဟောင်း တစ်ခု ဖြစ်သည်။
ရှင်းကျုံးပါတီ တည်ထောင်ပြီး မကြာမီတွင် သူသည် စာသင်ကျောင်းကြီးများမှ ခန္ဓာကိုယ် အသန်မာဆုံးနှင့် တုံ့ပြန်မှု အမြန်ဆန်ဆုံး လူတစ်ထောင်ကျော်ကို ရွေးချယ်ကာ လျှို့ဝှက်ကျောင်းသား စစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုစွန့်ပစ် သတ္တုတွင်းဟောင်းသို့ စေလွှတ်ကာ လေ့ကျင့်စေခဲ့ခြင်း ဖြစ်၏။
စွန့်ပစ် သတ္တုတွင်းဟောင်းသည် မိဖုရား တူရှား၏ ပိုင်ဆိုင်မှု ဖြစ်သည်။
လျှို့ဝှက် စခန်းသို့ မရောက်မီ ယွင်ကျုံးဟဲ့၏ မြင်းလှည်း အရှေ့ဘက် ပြည်နယ်သို့ ရောက်ရှိသည်နှင့် တောင်ပြိုမတတ်၊ ပင်လယ်လှိုင်းများကဲ့သို့ ဆူညံသော အသံများကို ကြားလိုက်ရသည်။ နေရာတိုင်းတွင် လူအုပ်ကြီးများ ပြည့်နှက်နေ၏။
အထူးသဖြင့် အရှေ့ပြည်နယ် မြို့တော်အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ အဝေးပြေး လမ်းမကြီး နှစ်ဖက်စလုံးတွင် ရှင်းကျုံး ပါတီဝင်များ၊ အရှေ့ပြည်နယ် စာသင်ကျောင်းမှ ကျောင်းသားများနှင့် ဆရာများအပြင် သာမန် အင်ပါယာ နိုင်ငံသားများ အားလုံးက အလံများကို ဝှေ့ယမ်းကာ ယွင်ကျုံးဟဲ့ကို လာရောက် ကြိုဆိုကြသည်။
ယွင်ကျုံးဟဲ့သည် ပြတင်းပေါက်ကို ဖွင့်ကာ ကိုယ်တစ်ဝက် ထွက်ပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီရှိ လူအုပ်ကြီးကို လက်ပြ နှုတ်ဆက်လိုက်၏။
“အရှင်... အရှေ့ဘက် ပြည်နယ် ဘုရင်ခံက အရာရှိတွေ အားလုံးကို ဦးဆောင်ပြီး အရှေ့မှာ လာကြိုနေပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးရုံးမှာ အရှင့်အတွက် စားသောက်ပွဲတောင် ပြင်ဆင်ထားပြီးပါပြီ။”
စာရေး တစ်ဦးက တီးတိုး ပြောလိုက်သည်။ “အရှင် သွားမလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ကျုပ်ရဲ့ လက်ရှိ အဆင့်အတန်းက ရှင်းကျုံး ပါတီ ခေါင်းဆောင် သက်သက်ပဲ ရှိသေးတယ်။ အင်ပါယာ အရာရှိ ရာထူး ဘာမှ မရှိသေးဘူး။ ဒီလိုအချိန်မှာ အုပ်ချုပ်ရေးရုံးကို သွားတာ မသင့်တော်ပါဘူး။”
အမြဲတမ်း ယွင်ကျုံးဟဲ့သည် စည်းကမ်းကို အလွန် လိုက်နာခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က ရှင်းကျုံး ပါတီဝင်များ အုပ်ချုပ်ရေး နန်းတော်ကို သွားဝိုင်းသောကြောင့်သာ မဟုတ်ပါက သူသည် အုပ်ချုပ်ရေး နန်းတော်သို့ လုံးဝ သွားမည် မဟုတ်ပေ။
ယခင်က အုပ်ချုပ်ရေး နန်းတော်သို့ သွားရောက် မိန့်ခွန်းပြောကြားခဲ့ဖူးသော်လည်း ၎င်းမှာ ဖိတ်ကြား ခံရသောကြောင့် ဖြစ်ပြီး ပုံမှန်အားဖြင့် သူသည် အုပ်ချုပ်ရေးရုံး ကဲ့သို့သော နေရာများသို့ သွားရောက်လေ့ မရှိပေ။ ယခုအခါ သူသည် ဘုရင်ရာထူးနှင့် အလွန် နီးကပ်နေပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် ဘုရင် မဟုတ်သေးချေ။
‘ခင်ဗျားက အုပ်ချုပ်ရေးရုံးကို သွားတာ သွားလည်တာလား၊ ဒါမှမဟုတ် စစ်ဆေးရေး သွားတာလား။ အရှေ့ဘက် ပြည်နယ် ဘုရင်ခံ ကကော ယွင်ကျုံးဟဲ့ကို လည်ပတ်သူ ဧည့်သည် တစ်ယောက်လို သဘောထားပါ့မလား။ လုံးဝ မဖြစ်နိုင်ဘူးလေ။ နာမည် မမှန်ရင် စကား မပီသဘူး ဆိုသလိုပဲ လုံးဝ မသွားတာက ပိုကောင်းပါတယ်။’
အရှေ့ပြည်နယ် မြို့တော် အလယ်ရှိ ရင်ပြင်သို့ ရောက်ချိန်မှာတော့ အရှေ့ဘက် ပြည်နယ် ဘုရင်ခံသည် အရာရှိ ရာပေါင်းများစွာကို ဦးဆောင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့ မြင်းလှည်းကို ရပ်လိုက်၏။
“အရှင့်ကို အရိုအသေပေးပါတယ်။”
“အရှင့်ကို အရိုအသေပေးပါတယ်။”
အရှေ့ဘက် ပြည်နယ် ဘုရင်ခံသည် အရာရှိများ အားလုံးကို ဦးဆောင်ကာ ရှေ့သို့ တိုးလာပြီး အရိုအသေ ပေးကြ၏။
ယွင်ကျုံးဟဲ့က ရှေ့သို့ တိုးသွားကာ လက်ဆွဲ နှုတ်ဆက်ပြီး ပြောလိုက်သည်။ “မတွေ့ရတာ ကြာပြီ၊ အမတ်ကြီးရွှီ..”
“လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အရှင့်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရတာ မနေ့ကလိုပဲ။” အရှေ့ဘက် ပြည်နယ် ဘုရင်ခံက ပြောလိုက်၏။
ယွင်ကျုံးဟဲ့သည် သူ၏ နောက်ဘက်ရှိ အထူးချွန်ဆုံး ပညာရှင်၊ အထူးချွန်ဆုံး သိုင်းသမား၊ အရှေ့ဘက် ပြည်နယ် တပ်မှူး၊ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်တို့နှင့် တစ်ယောက်ချင်းစီ လက်ဆွဲ နှုတ်ဆက်သည်။ ၎င်းတို့ထဲမှ လူနှစ်ဦးမှာ ရှင်းကျုံး ပါတီဝင်များ ဖြစ်ကြသည်။
ဤသည်မှာ ကံကြမ္မာ၏ လှည့်စားမှုဟုပင် ဆိုရပေမည်။ လွန်ခဲ့သော သုံးနှစ်ကျော်က ယွင်ကျုံးဟဲ့သည် တာ့ယန်အင်ပါယာသစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က အိမ်မဲ့ရာမဲ့ ခွေးတစ်ကောင်ပမာ အရှေ့ဘက် ပြည်နယ်၏ ခိုလှုံခွင့်ကို တောင်းခံခဲ့ရသူသာ ဖြစ်သည်။ သို့သော်ငြား ယခုတစ်ဖန် ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူသည် အင်ပါယာတစ်ဝက်၏ သခင်အဖြစ် အာဏာစက်ကို ပိုင်ဆိုင်ထားသူ ဖြစ်နေ၏။
“အရှင်... ကျုပ်တို့ အရှင့်အတွက် စားသောက်ပွဲ ပြင်ဆင်ထားပါတယ်။” အရှေ့ဘက် ပြည်နယ် ဘုရင်ခံက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြော၏။ “ဘုရင်ခံမင်းကြီး... အခု ကျုပ် သွားတာ မသင့်တော်ပါဘူး။ ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် အရမ်း ကျေးဇူးတင်ပါတယ်။ စေတနာကိုပဲ လက်ခံပါရစေ။”
ထို့နောက် သူသည် ထိုနေရာရှိ လူတိုင်းကို တစ်ယောက်ချင်းစီ လက်ဆွဲ နှုတ်ဆက်သည်။
“အရှင် ပင်ပန်းသွားပါပြီ။”
“အရှင် ပင်ပန်းသွားပါပြီ။”
နောက်ဆုံးလူမှာ ရင်းနှီးသော သူတစ်ယောက် ဖြစ်ပြီး ကင်းမှူးလီရွှယ် ပင်ဖြစ်သည်။ သူမမှာ တင်းကျပ်ပြီး စေတနာ ကောင်းသော အစ်မကြီး ဖြစ်၏။
ယွင်ကျုံးဟဲ့ ရှေ့သို့ တိုးသွားကာ ဖက်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။ “အစ်မကြီး... မတွေ့ရတာ ကြာပြီနော်။ အရမ်း သတိရတယ်။ အိမ်က လူတွေရော နေကောင်းကြရဲ့လား။”
ကင်းမှူးလီရွှယ်၏ တုံ့ပြန်မှုမှာ အနည်းငယ် ထူးဆန်းပြီး ရှုပ်ထွေးနေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွင်ကျုံးဟဲ့၏ ပုံရိပ်များကို ထပ်တူချရန် အနည်းငယ် အခက်အခဲ ဖြစ်နေသောကြောင့်ပင်။
ပထမဆုံး အနေဖြင့် သူမသည် ယွင်ကျုံးဟဲ့နှင့် လအတော်ကြာ အတူတူ နေခဲ့ဖူးပြီး သူ့အကြောင်းကို သိပ်မသိသော်လည်း တကယ်ကို ရင်းနှီးကျွမ်းဝင်ခဲ့သည်။
သူ့ကို လူပျင်း လူချောလေး တစ်ယောက် အဖြစ် လုံးဝ သတ်မှတ်ထားခဲ့ပြီး သူက စည်းကမ်း ဖောက်ဖျက် သောကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများကိုလည်း အကြိမ်ကြိမ် လုပ်ခဲ့ဖူးကာ ဆူပူကြိမ်းမောင်းမှုများ မှာမူ မရေမတွက်နိုင်အောင် ရှိခဲ့၏။
သို့ပေမည့် အခြား တစ်ဖက်တွင် သူမ သိထားသည်မှာ နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုထဲမှ ယွင်ကျုံးဟဲ့ ဖြစ်ပြီး အလင်းရောင်များ တောက်ပနေကာ နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် အချိန်အတော်ကြာသည်အထိ သူမ ခွဲခြား၍ မရခဲ့ဘဲ ဤနတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုသည် အတုအယောင် လုပ်နေခြင်း ဖြစ်သည်ဟုပင် ထင်မြင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူမ သိထားသော ယွင်ကျုံးဟဲ့သည် ဒဏ္ဍာရီထဲက လူနှင့် လုံးဝ မတူဘဲ ထိုမျှလောက်လည်း မဆန်းကြယ်ပေ။ လူချစ်လူခင် ပေါများသော သာမန်လူ တစ်ယောက်သာ ဖြစ်ပြီး အလွန်ဆုံး ရုပ်အရမ်းချောရုံ သက်သက်သာ ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူမသည် ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ဘက် ဖြစ်မှုများ၊ ကိုယ်တွင်း ရုန်းကန်မှုများကို အကြိမ်ကြိမ် ခံစားခဲ့ရ၏။
သူမ၏ ယောက်ျားသည် ဆရာ တစ်ယောက်ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ အရူးအမူး ပရိသတ် ဖြစ်ကာ သူမ၏ ကလေး နှစ်ယောက်လည်း ထိုနည်းတူပင် ဖြစ်သည်။