အခန်း (၇၈၉-၇၉၀)
Vol. 67 Ch. 789-790
အပိုင်း (၇၈၉)
ကင်းမှူးလီရွှယ်သည် ယောက်ျားဖြစ်သူနှင့် တစ်ကြိမ်ပြီး တစ်ကြိမ် အချေအတင် ငြင်းခုံခဲ့ကြသည်။ သူမက ယွင်ကျုံးဟဲ့၏ ဝါဒဖြန့်မှုများသည် တစ်ယောက်ယောက်က အတုအယောင် လုပ်နေခြင်း ဖြစ်ပြီး ၎င်းမှာ ဦးနှောက်ဆေးသည့် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုသာ ဖြစ်သည်ဟု ပြောဆိုခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူမ သိထားသော ယွင်ကျုံးဟဲ့သည် ဒဏ္ဍာရီထဲက လူနှင့် လုံးဝ မတူဘဲ ထိုမျှလောက် မဆန်းကြယ်ပေ။ လူချစ်လူခင် ပေါများသော သာမန်လူ တစ်ယောက်သာ ဖြစ်ပြီး အလွန်ဆုံး ရုပ်အရမ်းချောရုံ သက်သက်သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူမနှင့် ယောက်ျားဖြစ်သူတို့ အကြိမ်ကြိမ် ပြင်းထန်စွာ စကားများ ရန်ဖြစ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ယောက်ျားက သူ၏ စံပြပုဂ္ဂိုလ်ကို ဇနီးဖြစ်သူက စော်ကားခြင်းကို လုံးဝ ခွင့်မပြုနိုင်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့သည် သူ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပင် ဖြစ်သည်။ ထို့ကြောင့် ဇနီးမောင်နှံ နှစ်ဦးသည် မြို့တော်သို့ ထွက်သွားကြပြီး ယွင်ကျုံးဟဲ့၏ ဟောပြောပွဲများကို နားထောင်ရန်၊ သူ၏ တီးခတ်မှုများကို နားထောင်ရန် သွားရောက်ခဲ့ကြ၏။
ထို့နောက် ကင်းမှူးလီရွှယ်လည်း နစ်မွန်းသွားခဲ့ပြီး ယွင်ကျုံးဟဲ့၏ နောက်လိုက် တစ်ဦး ဖြစ်လာခဲ့လေတော့သည်။
သူမ နားလည်သွားခဲ့သည်။ လူတိုင်းတွင် ရှုထောင့် အများအပြား ရှိတတ်သည်။ သူမနှင့် လအတော်ကြာ အတူတူ နေခဲ့သော ယွင်ကျုံးဟဲ့သည် အစစ်အမှန် ဖြစ်သလို ဒဏ္ဍာရီဆန်ဆန် ယွင်ကျုံးဟဲ့သည်လည်း အစစ်အမှန်ပင် ဖြစ်၏။
သူမနှင့် အတူတူ နေခဲ့သော ယွင်ကျုံးဟဲ့သည် သူ၏ စရိုက်လက္ခဏာကို ပြသခဲ့ခြင်း ဖြစ်ပြီး နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုတွင် ပြသနေသော ယွင်ကျုံးဟဲ့သည် သူ၏ အတွေးအခေါ်၊ အရည်အချင်းနှင့် ကိုယ်ကျင့်တရားကို ပြသနေခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ယွင်ကျုံးဟဲ့ ပင်ဖြစ်ပြီး ရှုထောင့် အမျိုးမျိုးမှ ကြည့်ပါက မတူညီသော အဖြေများကို ရရှိနိုင်၏။
ထို့ကြောင့် ကင်းမှူး လီရွှယ်သည် ယွင်ကျုံးဟဲ့၏ ပို၍ ခိုင်မာသော ထောက်ခံသူ တစ်ဦး ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွင်ကျုံးဟဲ့၏ အဆိုးရွားဆုံး အချိန်ကို မြင်တွေ့ခဲ့ဖူးပြီး ထိုအချိန်က ယွင်ကျုံးဟဲ့ ပင်လျှင် လှပနေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသောကြောင့်ပင်။
“အဓိက ကိစ္စ မေ့တော့မလို့။”
ကင်းမှူး လီရွှယ်က စာအုပ် အချို့ကို ထုတ်ယူလာပြီး ပြောသည်။ “စုစုပေါင်း လေးအုပ်ပါ။ အကယ်၍ အရှင် အချိန်ရရင် ကျွန်မကို လက်မှတ်လေး ထိုးပေးလို့ ရမလား။ ကျွန်မ၊ ယောက်ျားနဲ့ ကလေး နှစ်ယောက်အတွက်ပါ။”
“ရပါတယ်။” ယွင်ကျုံးဟဲ့က စာအုပ် လေးအုပ်ကို ယူကာ လက်မှတ်များ ရေးထိုးပေးပြီး ဆုတောင်း စကားများလည်း ရေးပေးလိုက်၏။
လာကြိုသူများထဲတွင် ကျူ့ယွီယန် မပါဝင်ပေ။ သူမသည် မြို့တော် ပထမ စာသင်ကျောင်းသို့ စောစောတည်းက ပြောင်းရွှေ့ခံခဲ့ရပြီး နောက်ပိုင်းတွင် ရှင်းကျုံး ပါတီ ဌာနချုပ်သို့ ထပ်မံ ပြောင်းရွှေ့ခံခဲ့ရကာ ယခုအခါ အုပ်ချုပ်ရေး အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။
အရှေ့ဘက် ပြည်နယ်မှ အရာရှိများ၊ နာမည်ကြီး ပုဂ္ဂိုလ်များနှင့် နာရီဝက်ခန့် စကားပြောဆိုပြီးနောက် ယွင်ကျုံးဟဲ့သည် မြင်းလှည်းပေါ်သို့ ထပ်မံ တက်ရောက်ကာ ထိုလျှို့ဝှက် စစ်ရေးအခြေစိုက် စခန်းဆီသို့ ထွက်ခွာသွား၏။
ဤစွန့်ပစ် သတ္တုတွင်းဟောင်းသည် ဧရာမ တောင်ကြားကြီး တစ်ခု အတွင်းတွင် တည်ရှိပြီး မိဖုရား တူရှား၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု ဖြစ်ကာ မည်သူမှ ဝင်ရောက်ခွင့် မရှိပေ။
ယခုအခါ ထိုနေရာသည် အသေးစား စစ်ရေး တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့၏။ ယွင်ကျုံးဟဲ့တို့ အဖွဲ့ မရောက်မီတည်းက တားဆီးခံခဲ့ရပြီး အထူး ဖြတ်သန်းခွင့် လက်မှတ်ကို ထုတ်ပြပြီးမှသာ အထဲသို့ ဝင်ခွင့် ရရှိခဲ့သည်။
သတ္တုတွင်းဟောင်း တစ်ခုလုံး အတွင်းတွင် မျိုးစုံသော လမ်းမကြီးများကလည်း ရှုပ်ယှက်ခတ်နေအောင် ဖောက်လုပ်ထား၏။
ဤနေရာသည် မြို့ငယ်လေး တစ်မြို့ကဲ့သို့ ဖြစ်နေပြီး အိမ်များ ပြည့်နှက်နေကာ မျိုးစုံသော သတ္တုကြိုစက်ရုံများ၊ ထုတ်လုပ်ရေး အလုပ်ရုံများ ရှိ၏။ မျိုးစုံသော ရေနွေးငွေ့ စက်ယန္တရားများလည်း တောင်လို ပုံနေသည်။
ဤနေရာတွင် စစ်သည် တစ်ထောင်ကျော်အပြင် သိပ္ပံပညာရှင် ရာဂဏန်းခန့်၊ အင်ဂျင်နီယာ ထောင်ချီနှင့် လက်မှုပညာရှင် ထောင်ချီတို့လည်း ရှိကြ၏။
ယွင်ကျုံးဟဲ့သည် မြေအောက် သုတေသန ဗဟိုဌာနသို့ အရင် ဝင်ရောက်ကာ ရူပဗေဒ ပညာရှင်များ၏ အစီရင်ခံစာကို နားထောင်သည်။
“အရှင်... အရှင့်ရဲ့ ဖော်စပ်နည်းအရ ကျုပ်တို့က ပြင်းထန်တဲ့ ပေါက်ကွဲအားရှိတဲ့ ယမ်းမှုန့် မျိုးစုံကို အများအပြား ထုတ်လုပ်ပြီးပါပြီ။ TNT ကို အဓိက သုံးထားပါတယ်။”
ရူပဗေဒ ပညာရှင် တစ်ဦးက ပြောလိုက်၏။ “ပြီးတော့ သမရိုးကျ အမြောက်ဆန် ငါးမျိုးကျော်ကိုလည်း ထုတ်လုပ်ပြီးပါပြီ။ အားလုံးက ရောစပ် ယမ်းမှုန့် အမြောက်ဆန်တွေချည်းပါပဲ။ လျှပ်စစ် ဖွံ့ဖြိုးလာတာကြောင့် အလူမီနီယမ် သာမိုက် အမြောက်ဆန် အနည်းငယ်လည်း ရှိသလို မီးစုန်းဗုံးတွေနဲ့ ဂျယ်လီဗုံးတွေလည်း ပါဝင်ပါတယ်။”
ဤသည်မှာ တာ့ယန်အင်ပါယာသစ်၌သာ ပိုင်ဆိုင်ထားသော ထူးခြားသည့် အားသာချက်ပင် ဖြစ်၏။ ၎င်းတို့၏ ကုန်ထုတ်လုပ်မှု စွမ်းအားမှာ အလွန်မြင့်မားလှသည့်အပြင် အတွေ့အကြုံရင့်ကျက်ပြီး ထက်မြက်သော သိပ္ပံပညာရှင် အများအပြားကိုလည်း ပိုင်ဆိုင်ထားသည်။
နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ်ကို အနည်းငယ်မျှ လမ်းကြောင်းပေးလိုက်ရုံဖြင့် ၎င်းတို့သည် ကိုယ်တိုင် သင်ယူလေ့လာပြီး မိမိတို့ဘာသာပင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်နိုင်ကြ၏။
ထို့အပြင် နေရာတိုင်းလိုလိုတွင် မရေမတွက်နိုင်သော ဧရာမ ရေနွေးငွေ့စက်ယန္တရားများ၊ အင်အားကြီးမားသည့် သတ္တုကျိုချက်နည်းပညာများ၊ နည်းပညာအလုပ်ရုံများတို့ဖြင့် ပြည့်နှက်နေသည်။
ထိုအချက်များကြောင့်ပင် ယွင်ကျုံးဟဲ့ စိတ်ကူးပုံဖော်ထားသည့် အမြောက်များနှင့် သေနတ်များကို တစ်နှစ်ပင် မပြည့်သည့် ကာလအတွင်း အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်၏။
အကယ်၍ တာ့ရှအင်ပါယာတွင်သာ ဖြစ်ခဲ့ပါက စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ် ချမှတ်နိုင်ရန်အတွက်ပင် မည်မျှကြာအောင် အချိန်ယူရမည်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အများအပြား ထုတ်လုပ်ထားတဲ့ လေ့ကျင့်ရေး ဗုံးတွေကော အဆင်သင့် ဖြစ်ပြီလား။”
အခြေစိုက် စခန်း၏ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်က ဖြေ၏။ “ထုတ်လုပ်ပြီးပါပြီ။ ဒါပေမဲ့ အရေအတွက်တော့ သိပ်မများပါဘူး။”
ယွင်ကျုံးဟဲ့က ပြောသည်။ “လောက်ပါတယ်။”
“စုဝေးကြ.... တန်းစီ...”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ စစ်သည် တစ်ထောင်ကျော် စနစ်တကျ တန်းစီလိုက်ကြ၏။
နေ့တိုင်း လေ့ကျင့်နေရပြီး နေပူမိုးရွာ ဒဏ်ကို ခံနေရသောကြောင့် အသားအရေများ မနုနယ်တော့ဘဲ ယခင်က စာသင်ကျောင်းကြီးများမှ တက္ကသိုလ် ကျောင်းသားများ ဖြစ်ခဲ့ဖူးကြောင်း ယခုအခါ လုံးဝ မသိသာတော့ပေ။
ရှင်းကျုံး ပါတီ စတင် တည်ထောင်ပြီး မကြာမီတွင် အထူး အစွန်းရောက်များ အများအပြား ပေါ်ထွက်လာခဲ့ပြီး သူတို့သည် အင်ပါယာ အရာရှိများ၏ စံအိမ်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ဝင်စီးခဲ့ကြကာ ရှင်းကျုံး ပါတီကို ဆန့်ကျင်သော ရှေးရိုးစွဲ အရာရှိများကိုပင် လုပ်ကြံရန် ကြိုးပမ်းခဲ့ကြသည်။
ဤလူငယ်များသည် အခွင့်အရေးသမားများ မဟုတ်ဘဲ တကယ့် စံပြဝါဒီများ ဖြစ်ကြပြီး စာသင်ကျောင်းကြီးများမှ အလွန် ထူးချွန်သော ကျောင်းသားများ ဖြစ်ကြ၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့က ဤလူများကို စုစည်းကာ အင်ပါယာ တပ်တော်သစ်၏ မျိုးစေ့များ ဖြစ်လာရန် ဆန္ဒရှိသလားဟု မေးမြန်းခဲ့သည်။
သူတို့က တုံ့ဆိုင်းခြင်း မရှိဘဲ လက်ခံခဲ့ကြသောကြောင့် ဤလျှို့ဝှက် အခြေစိုက် စခန်းသို့ ပို့ဆောင်ခံခဲ့ရပြီး လုံးဝ အသစ်စက်စက် လေ့ကျင့်မှုများကို ခံယူခဲ့ကြ၏။
တစ်နှစ်တာ ကာလအတွင်း နေ့စဉ် ဆယ့်နှစ်နာရီကြာ လေ့ကျင့်ခဲ့ကြသည်။ ချွေးမည်မျှ၊ သွေးမည်မျှ ကျဆင်း ခဲ့ရသည်ကို မသိနိုင်ပေ။
သေချာပေါက် သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တစ်ကိုယ်ရည် သိုင်းပညာသည် အင်ပါယာ အထူးချွန်ဆုံး သိုင်းသမားများကို မမီသေးပေ။ အကြောင်းမှာ ထိုသူတို့သည် သိုင်းပညာ သင်ယူခဲ့သည်မှာ ဆယ်နှစ်ကျော် ရှိပြီ ဖြစ်သောကြောင့်ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ တပ်သားသစ်များ သင်ယူရသည့် အဓိက အကြောင်းအရာများမှာ သေနတ်နှင့် အမြောက်များ ဖြစ်ပြီး ယမ်းမှုန့် အခြေခံ အသိပညာများ၊ ကျည်ဆန် ပျံသန်းမှု လမ်းကြောင်း စသည်တို့ ပါဝင်သည်။ သေချာပေါက် အခြေခံ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုများလည်း ပါဝင်၏။
ဤသည်မှာ ဤကမ္ဘာပေါ်တွင် ပထမဆုံးသော ပညာအရည်အချင်း အမြင့်မားဆုံး စစ်တပ် ဖြစ်မည်မှာ သေချာပြီး တစ်ယောက်ချင်းစီတိုင်းက ထိပ်တန်း စာသင်ကျောင်းကြီးများမှ လာသူများ ဖြစ်ကြ၏။ သူတို့ထဲတွင် တက္ကသိုလ် ကျောင်းသားများ ပါဝင်သလို အင်ပါယာ ပါရဂူများပင် ပါဝင်သည်။
ဤလျှို့ဝှက် အခြေစိုက် စခန်းသို့ ရောက်ရှိပြီးနောက်မှသာ သူတို့၏ တာဝန်က မည်မျှ ကြီးမားကြောင်း သိရှိသွားကြသည်။ တကယ့်ကို လောကသစ် တံခါးပေါက်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်၏။
မျိုးစုံသော အမြောက်များ၊ မျိုးစုံသော သေနတ်များကို မြင်ပြီးနောက် သူတို့၏ ရူးသွပ်သော စံပြ ရည်မှန်းချက်များသည် ချက်ချင်းပဲ ပစ်မှတ် ရှိသွားသကဲ့သို့ ဖြစ်သွားသည်။
‘ဒါကမှ အနာဂတ်ရဲ့ စစ်တပ်ပဲ၊ ဒါကမှ အနာဂတ်ရဲ့ စစ်ပွဲပဲ၊ ဒါကမှ... အနာဂတ်ပဲ။’
ထို့ကြောင့် သူတို့သည် ရူးသွပ်စွာ သင်ယူကြသည်။ သူတို့သည် လေ့ကျင့်မှုများတွင် ပါဝင်ရုံသာမက သေနတ် ထုတ်လုပ်ခြင်းနှင့် အမြောက် ထုတ်လုပ်ခြင်းများတွင်လည်း ပါဝင်ကြသည်။ နေ့တိုင်း မမောမပန်းနိုင်ဘဲ ပစ်ခတ် လေ့ကျင့်မှုများကို ပြုလုပ်နေကြ၏။
အင်ပါယာ၏ ပစ္စည်း အရင်းအမြစ်များက အရမ်း ပေါများလွန်းလှ၏။ ကျည်ဆန်များက တန်ဖိုးကြီး သော်လည်း လူတစ်ယောက်လျှင် နေ့စဉ် ကျည်ဆန် အတောင့် နှစ်ရာဖြင့် ပစ်ခတ် လေ့ကျင့်နိုင်သည်။
အမြောက်ဆန်များက တန်ဖိုးကြီးသော်လည်း အမြောက် တစ်လက်လျှင် နေ့စဉ် အမြောက်ဆန် ဆယ်ဂဏန်းခန့် စမ်းသပ် ပစ်ခတ်နိုင်၏။
ယွင်ကျုံးဟဲ့က လက်ထဲရှိ ရိုင်ဖယ် သေနတ်ကို ကြည့်ကာ လုံးဝ လက်က မချနိုင်အောင် ဖြစ်နေသည်။
“ဒါက တာ့ယန် တတိယပုံစံ ရိုင်ဖယ် သေနတ်ပါ။ ကျည် ၁၅ တောင့် ဝင်ပြီး ထိရောက်တဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက မီတာ ငါးရာပါ။”
အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်က ပြောလိုက်၏။ “အရှင် ပေးထားတဲ့ Semi-automatic ရိုင်ဖယ် သေနတ် ပုံကြမ်းကိုတော့ စမ်းသပ်ပုံစံ သေနတ် ထုတ်လုပ်နေပါပြီ။ ဒါပေမဲ့ မတည်ငြိမ်သေးပါဘူး။”
ယွင်ကျုံးဟဲ့က ရိုင်ဖယ်သေနတ်ကို မြှောက်ကာ မီတာ သုံးရာ အကွာအဝေးရှိ ပစ်မှတ်ကို စတင် ချိန်ရွယ် လိုက်သည်။
အသက်ရှူ အောင့်ထားပြီး အလွန် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုသို့ ရောက်ရှိသွား၏။
တစ်ခဏချင်း အတွင်းမှာပင် အချိန်တွေ နှေးကွေးသွားသကဲ့သို့ ခံစားရပြီး အဝေးရှိ ပစ်မှတ်ကိုလည်း အနီးသို့ ဆွဲယူလာသကဲ့သို့ ဖြစ်သွားကာ ယွင်ကျုံးဟဲ့က ပစ်မှတ်ကို ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။
“ဒိုင်း...”
“ဒိုင်း...”
“ဒိုင်း...”
ပစ်မှတ်၏ အလယ်တည့်တည့်ကို အားလုံး ထိမှန်သွားသောကြောင့် ထိုနေရာရှိ လူအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ အရှင်ယွင်ကျုံးဟဲ့၏ သေနတ်ပစ် စွမ်းရည်က ဤမျှ တိကျလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။ ကမ္ဘာမြေပေါ်တွင် ရှိစဉ်က သူ၏ အချိန် တစ်စိတ်တစ်ပိုင်းကို နိုင်ငံခြားတွင် ကုန်ဆုံးခဲ့သောကြောင့် သေနတ်များကို မကြာခဏ ကစားလေ့ ရှိသော်လည်း ဤမျှ မတိကျခဲ့ချေ။
သူ၏ ကိုယ်ပိုင် စွမ်းရည် တိုးတက်လာခြင်းအပြင် အဓိက အချက်မှာ ဤသေနတ်၏ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ဖြစ်၏။ တာ့ယန် အင်ပါယာသစ်၏ ပစ္စည်းသိပ္ပံနှင့် ပန်းပဲ နည်းပညာက အလွန် အဆင့်မြင့်လွန်းလှသည်။
ဤအင်ပါယာ၏ ကြီးမားသော ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် ကြီးမားသော ထုတ်လုပ်မှု စွမ်းအားကို သူ ထပ်မံ၍ ကျေးဇူးတင်မိသည်။ ထိုအရာက သူ့ကို နည်းပညာ သစ်ပင်ကို ဖြည်းဖြည်းချင်း တက်စရာ မလိုအောင်၊ ရှေးကျသော မီးပေါက်သေနတ်များမှ စတင်စရာ မလိုအောင် ပြုလုပ်ပေးခဲ့၏။
လက်ရှိ ဤရိုင်ဖယ် သေနတ်၏ စွမ်းအားသည် ၁၉ ရာစု ကမ္ဘာမြေ၏ အဆင့်အတန်းထက် လုံးဝ မနိမ့်ကျပေ။ အမေရိကန် နိုင်ငံသည် ၁၈၆၆ ခုနှစ်တွင် ဆက်တိုက်ပစ် ရိုင်ဖယ် သေနတ်များကို အများအပြား ထုတ်လုပ်နေပြီ ဖြစ်သည်။
တပ်သားသစ် တစ်ထောင်၏ ကျည်အစစ်ဖြင့် ပစ်ခတ် လေ့ကျင့်မှု တရားဝင် စတင်ပြီဖြစ်သည်။ ၎င်းသည် စစ်ရေး တိုက်ပွဲမတိုင်မီ ယွင်ကျုံးဟဲ့က ဤစစ်တပ်ကို နောက်ဆုံးအကြိမ် စစ်ဆေးခြင်းဟု ဆိုနိုင်၏။
“အရှင်က ကျုပ်တို့ မျက်စိရှေ့မှာ ရှိနေပြီ။”
တပ်မှူး တစ်ဦးက ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျုပ်တို့ အားလုံး ကိုယ့်ရဲ့ တာဝန်ကို သိသင့်တယ်။ ကျုပ်တို့က အင်ပါယာ တပ်တော်သစ်ရဲ့ မျိုးစေ့တွေပဲ။ ကျုပ်တို့က အနာဂတ်ကို ကိုယ်စားပြုတယ်။”
စစ်သည် တစ်ထောင်သည် စနစ်တကျ တန်းစီကာ မတ်မတ် ရပ်နေကြ၏။
“ခင်ဗျားတို့ နေ့တိုင်း အရမ်း ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ရတယ်။ အနည်းဆုံးတော့ ကိုယ်တိုင်က အရမ်း ပင်ပန်းအောင် လေ့ကျင့်ခဲ့ရတယ်လို့ ပြောကြတယ်။ အခု ခင်ဗျားတို့ရဲ့ လေ့ကျင့်မှု ရလဒ်ကို စမ်းသပ်မယ့် အချိန် ရောက်လာပြီ။”
ထိုတပ်မှူးက သေနတ်တိုကို တိုက်ရိုက် ထုတ်ယူကာ သူ့ခေါင်းကို ချိန်ရွယ်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ် ဘာမှ ထပ်မပြောတော့ဘူး။ နောက်ဆက်တွဲ ကျည်အစစ်နဲ့ ပစ်ခတ်တဲ့ ရလဒ် မကောင်းဘူး ဆိုရင် ကျုပ်လည်း အရှင့်ကို ဖြေရှင်းချက် မပေးနိုင်တော့ဘူး။ ကျုပ်ကိုယ်ကျုပ် စစ်ဥပဒေနဲ့ အရေးယူလိုက်တော့မယ်။”
ယွင်ကျုံးဟဲ့၏ မျက်နှာ အနည်းငယ် တုန်ယင်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။ ‘ဒီတပ်တော်သစ်က အရမ်း ရူးသွပ်လွန်းပြီး လုပ်ရပ်တွေက အရမ်း ပြင်းထန်လွန်းတယ်။’
အပိုင်း (၇၉၀)
ယနေ့သည် တပ်သားသစ် တစ်ထောင်က ယွင်ကျုံးဟဲ့အား လက်တွေ့ တိုက်ခိုက်မှုများကို ထပ်မံ ပြသခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ခုမှာ မီတာ လေးရာ အကွာအဝေးရှိ ပစ်မှတ်ကို ပစ်ခတ်ခြင်း ဖြစ်သည်။
မီတာ လေးရာ ပစ်ခတ်ခြင်းသည် တကယ်တော့ အနည်းငယ် လွန်ကဲသည်။ ခေတ်သစ် စစ်တပ်များ၏ ပစ်ခတ် လေ့ကျင့်မှုသည် ယေဘုယျအားဖြင့် မီတာ တစ်ရာနှင့် သုံးရာသာ ရှိသည်။ မီတာ လေးရာ ဆိုပါက အရမ်း အစွန်းရောက်လွန်းနေပြီဖြစ်၏။
ထို့အပြင် ဤတပ်မှူးသည် သေနတ်တိုဖြင့် သူ့ခေါင်းကို ချိန်ရွယ်ထားပြီး အကယ်၍ ရလဒ် မကောင်းပါက ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဟု ဆိုသည်။
ရူးသွပ်မှု ရှိခြင်း၊ အစွဲအလမ်း ကြီးခြင်းက ကောင်းသော်လည်း အရမ်း လွန်ကဲ၍တော့ မရပေ။ သေချာပေါက် ယွင်ကျုံးဟဲ့ ယခုအချိန်တွင် သူတို့၏ တက်ကြွမှုကို မရိုက်ချိုးချင်ချေ။
“ပထမတပ်စု... မတ်တတ်ရပ်ပြီး ပစ်ခတ်မယ်။ မီတာ နှစ်ရာ...”
“အသင့်...”
“ပစ်...”
“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”
“ပထမတပ်စု... ဒူးထောက်ပြီး ပစ်ခတ်မယ်။ မီတာ နှစ်ရာ့ငါးဆယ်။”
“ပစ်...”
“ပထမတပ်စု... မှောက်လျက် ပစ်ခတ်မယ်။ မီတာ လေးရာ...”
“ပစ်...”
ယွင်ကျုံးဟဲ့ မှန်ပြောင်းကို ကိုင်ကာ အမြင့်မှနေ၍ ဤတပ်တော်သစ်၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုကို ကြည့်ရှုနေသည်။
သူ၏ အနောက်ဘက်ရှိ ရှင်းကျုံး ပါတီမှ ခေါင်းဆောင် အချို့သည်လည်း မှန်ပြောင်းများကို ကိုင်ကာ ကြည့်ရှုနေကြပြီး ချက်ချင်းပဲ အလွန် အံ့ဩသွားကြ၏။
“ဒိုင်း... ဒိုင်း.... ဒိုင်း...”
ထို့နောက် စစ်တပ်သည် မီတာ တစ်ရာ ပစ်ခတ်မှု၊ မီတာ တစ်ရာ့ငါးဆယ် ပစ်ခတ်မှု၊ မီတာ သုံးရာ ပစ်ခတ်မှုတို့ကို အသီးသီး ပြသကြသည်။
အမြင့်ဆုံး အကန့်အသတ် ဖြစ်သော မီတာ ငါးရာ ပစ်ခတ်မှုလည်း ပါဝင်ပြီး ၎င်းတို့မှာ အထူး လက်ဖြောင့် တပ်သားများ ဖြစ်ကြ၏။
သေနတ် ပစ်ခတ်မှု ပြီးဆုံးသွားပြီးနောက် အမြောက် စမ်းသပ် ပစ်ခတ်မှု စတင်သည်။ မီတာ ငါးရာ ပစ်ခတ်မှု၊ မီတာ ရှစ်ရာ ပစ်ခတ်မှု၊ မီတာ တစ်ထောင် ပစ်ခတ်မှု အသီးသီး ဖြစ်သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
မြေစေးဖြင့် ပြုလုပ်ထားသော အိမ်ပစ်မှတ်များသည် အမြောက်ဆန်များ၏ ထိုးနှက်မှုအောက်တွင် တစ်လုံးပြီး တစ်လုံး တစ်စစီ ကြေမွသွားကြ၏။
ယွင်ကျုံးဟဲ့နှင့်အတူ လိုက်ပါလာသော လူအချို့ လုံးဝ အံ့ဩမှင်တက်သွားကြ၏။ မျက်မှောက်ရှိ ဤမြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
အတော်ကြာမှ ရှင်းကျုံး ပါတီမှ ထိပ်သီး ခေါင်းဆောင် တစ်ဦးက ပြောလိုက်၏။ “အစတုန်းက ဒီစစ်ရေး တိုက်ပွဲမှာ ကျုပ်တို့ မျှော်လင့်ချက် လုံးဝ မရှိဘူးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာ လုံးဝ အပြတ်အသတ် နိုင်မှာ သေချာသွားပြီ။ ဘာလို့လဲဆိုတော့ ဒါက လုံးဝ မတူညီတဲ့ တိုက်ခိုက်ရေး ပုံစံ တစ်ခု ဖြစ်နေလို့ပဲ။ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ပုံစံမျိုးပဲ။ အရမ်းကို တုန်လှုပ်ဖို့ ကောင်းတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် အင်ပါယာရဲ့ စစ်တပ် သိန်းချီက ဘာအတွက် ဆက်ရှိနေဖို့ လိုတော့မှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ဘူး။ သူတို့ ဆက်ရှိနေဖို့ အများကြီး လိုအပ်တယ်။ အင်ပါယာရဲ့ စစ်တပ် သိန်းချီက မူလတည်းက အရမ်း ထူးချွန်တယ်။ ခွန်အား၊ အမြန်နှုန်း၊ ခံနိုင်ရည်၊ တိုက်ခိုက်လိုစိတ် အားလုံးက ထိပ်တန်း အဆင့်တွေပဲ။ အကယ်၍ သူတို့ကိုသာ သေနတ်တွေ ကိုင်ခိုင်းလိုက်ရင် ပိုပြီး အင်အားကြီးလာဖို့ပဲ ရှိတယ်။
အဲဒါကြောင့် ဒီတစ်ကြိမ် စစ်ရေး တိုက်ပွဲက တိုက်ပွဲ တစ်ခု လုံးဝ မဟုတ်ဘဲ ခမ်းနားတဲ့ ဖျော်ဖြေမှု တစ်ခုပဲ။ ကျုပ်တို့က အပြတ်အသတ် အနိုင်ယူပြီး အင်ပါယာ တစ်ခုလုံးကို၊ စစ်တပ် အားလုံးကို စစ်ရေး တော်လှန်ရေးကြီး ရောက်လာပြီ၊ သူတို့ ပြောင်းလဲဖို့ လိုအပ်နေပြီ ဆိုတာကို သေချာ ပြောပြလိုက်မယ့်ပွဲပဲ။”
“အရှင် ယွင်ကျုံးဟဲ့... ကျည်အစစ်နဲ့ ပစ်ခတ် လေ့ကျင့်မှု အားလုံး ပြီးဆုံးပါပြီ။ ညွှန်ကြားချက် ပေးပါ။” ထိုတပ်မှူးက အစီရင်ခံစာ အားလုံးကို ယွင်ကျုံးဟဲ့ထံ ပေးအပ်လိုက်၏။
ဖတ်ရှုပြီးနောက် ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် စကားလုံး နှစ်လုံးတည်းသာ ရှိတော့သည်။ ‘တော်တယ်။’
တကယ်ကို အရူးအမူး လူတစ်စု ပီသသည်။ မူလတည်းက ပညာအရည်အချင်း မြင့်မားပြီး အရည်အသွေး မြင့်မားသည့်အပြင် စံပြ ရည်မှန်းချက်များ ပြည့်နှက်နေကာ သွေးချွေးများ ပေးဆပ်ရန် ဆန္ဒရှိကြသောကြောင့် ဤပစ်ခတ်မှု ရလဒ်များက အရမ်း ကောင်းလွန်းလှသည်။ လုံးဝ ပထမတန်းစား အဆင့်ပင် ဖြစ်၏။
အတူတကွ လိုက်ပါလာသူများထဲတွင် အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီ လည်း ပါဝင်သည်။
ဤအမတ်ကြီးသည် သွေးဆူလွန်း၍ စိတ်လှုပ်ရှားနေပြီး တုန်ယင်စွာ ပြောလိုက်၏။ “အရှင်... ဒီစစ်တပ်ကမှ အနာဂတ်ပါပဲ။ ဒီစစ်တပ်ကမှ ကျုပ်တို့ အင်ပါယာရဲ့ အမြင့်ဆုံး စစ်အင်အားကို ကိုယ်စားပြုနိုင်တာပါ။ အခု ကျုပ် စိတ်ချသွားပါပြီ၊ လုံးဝ စိတ်ချသွားပါပြီ။ ဒီစစ်ရေး တိုက်ပွဲမှာ ကျုပ်တို့ အရန် အစီအစဉ် လုပ်ထားစရာ မလိုတော့ဘူး။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “အရန် အစီအစဉ် ဟုတ်လား။”
ဟွာပီက ပြောလိုက်၏။ “အရမ်း ရှက်ရွံ့စွာနဲ့ ပြောရရင်... အရင်တစ်ခေါက် အရှင့်ကို တွေ့ပြီးတဲ့နောက်မှာ အရှင်က အကယ်၍ ရှုံးသွားရင် သေချာပေါက် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးမယ်လို့ ပြောခဲ့တယ်လေ။
အဲဒါကြောင့် အထက်လွှတ်တော်က စစ်တပ်က ထိပ်သီး ခေါင်းဆောင် တချို့ကို သွားရောက် စည်းရုံးပြီး သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ ပထမ တပ်တော်ကို ဖိအားပေးဖို့ ရည်ရွယ်ထားတာပါ။ သရေကျအောင် ဖန်တီးဖို့ ရည်ရွယ်ထားတာပါ။ အဲဒီလိုဆိုရင် အရှင် နယ်နှင်ဒဏ် ခံစရာ မလိုတော့ဘဲ မြို့တော်မှာ နေပြီး စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လို့ ရပြီလေ။”
‘ချီးတဲ့မှ...’
ယွင်ကျုံးဟဲ့ လုံးဝ စကားမပြောနိုင်တော့ပေ။ ဤလူများက နောက်ကွယ်မှ အကွက်ဆင်ရန် ရည်ရွယ်ထားရုံ သာမက ပထမ တပ်တော်ကို သရေကျအောင် ဖိအားပေးရန်ပင် ရည်ရွယ်ထားသည်လား။
ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီက ပြောလိုက်သည်။ “အရှင် စိတ်ချပါ။ ကျုပ်တို့ သွားမစည်းရုံးရသေးပါဘူး။ ပထမ တပ်တော်ကို ဖိအား မပေးရသေးပါဘူး။ ဒီတစ်ခါ ကျုပ် အရှင်နဲ့အတူ ဒီတပ်တော်သစ်ကို လာကြည့်တာက စိတ်ချရအောင်လို့ပါ။ အခုတော့ ဒီစည်းရုံးမှုက သေချာပေါက် ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
ကျုပ်ကတော့ နောက်ဆယ်ရက် နေရင် ဖြစ်လာမယ့် စစ်ရေး တိုက်ပွဲကို အရမ်း စောင့်မျှော်နေပါပြီ။ အရှင့်ရဲ့ ဒီတပ်တော်သစ်က အင်ပါယာ တစ်ခုလုံးကို လုံးဝ အံ့ဩသွားစေမှာ သေချာပါတယ်။ အရှင် ပြောတာ မှန်ပါတယ်။ ဒီစစ်ရေး တိုက်ပွဲမှာ အရှင်က အင်ပါယာ စစ်တပ်ကို လုံးဝ သိမ်းပိုက်နိုင်ပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က လက်ကမ်းပေးကာ ပြောလိုက်၏။ “အတူတူ ကြိုးစားကြတာပေါ့။”
သို့ပေမည့် ဤတစ်ကြိမ်တွင် ဒုတိယ အုပ်ချုပ်ရေးမှူးသည် ယွင်ကျုံးဟဲ့နှင့် လက်ဆွဲ မနှုတ်ဆက်တော့ဘဲ ခါးညွှတ်ကာ ပြောလိုက်သည်။ “အရှင့်ရဲ့ အမိန့်ကို နာခံပါ့မယ်။”
ယခင်က အမတ်ကြီး ဟွာပီ သည် ယွင်ကျုံးဟဲ့နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သေးသော်လည်း ယခုအခါ လက်ပင် မဆွဲတော့ဘဲ ဧကရာဇ်နှင့် အမတ်များ၏ ယဉ်ကျေးမှု ထုံးစံကို ပြသနေပြီ ဖြစ်၏။။
အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် နောက်ဆက်တွဲ စစ်ရေး တိုက်ပွဲ၌ ယွင်ကျုံးဟဲ့သည် သေချာပေါက် အနိုင်ရရှိမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် တစ်ခါမှ မရှိဖူးလောက်အောင် ခမ်းနားသော အနိုင်ရရှိမှု ဖြစ်မှာဖြစ်ပြီး အင်ပါယာ တစ်ခုလုံးနှင့် စစ်တပ် အများအပြားကို တစ်ခါမှ မရှိဖူးသော အမြင်အာရုံ တုန်လှုပ်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများကို ပေးစွမ်းနိုင်မှာ ဖြစ်သည်။
ဤတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ဘုရင်ရာထူးကို ရရှိမှာဖြစ်သည်။ ပထမဆုံး အာဏာရှင် ဘုရင် ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် တာ့ယန် အင်ပါယာသစ်၏ ပထမဆုံး ဧကရာဇ်ပင် ဖြစ်လာနိုင်၏။
ထို့ကြောင့် အမတ်ကြီး ဟွာပီသည် ဤအချိန်မှ စတင်၍ သူ၏ ယဉ်ကျေးမှု ထုံးစံများကို သတိထားရတော့မှာ ဖြစ်သည်။ လက်ဆွဲ နှုတ်ဆက်ခြင်းက အရမ်း တန်းတူညီမျှလွန်းနေပြီး နောင်တွင် ထိုသို့ လုပ်၍ မရနိုင်တော့ပေ။
နှစ်ရက် အကြာတွင်...
ယွင်ကျုံးဟဲ့သည် တပ်သားသစ် တစ်ထောင်ကျော်၊ အမြောက် ဆယ်ဂဏန်းခန့်နှင့် စစ်သုံးပစ္စည်းလှည်း ရာပေါင်းများစွာကို ဦးဆောင်ကာ လျှို့ဝှက် အခြေစိုက် စခန်းမှ ထွက်ခွာပြီး အဝေးပြေး လမ်းမကြီး တစ်လျှောက် မြောက်ဘက်သို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာလာခဲ့သည်။
အရပ်ရှည်ပြီး ကြီးမားသော မြင်းကြီးများပင်လျှင် ဤပစ္စည်းများကို ဆွဲယူရာတွင် အနည်းငယ် အားစိုက် နေရသည်။ ဤမြင်းများ၏ အရွယ်အစားမှာ ရှိုင်းယာမြင်းများ ထက်ပင် ကြီးမားပြီး သုံးမီတာခန့် မြင့်ကာ အားအင် အလွန် ကြီးမား၏။
ထို့အပြင် လှည်းကြီး တစ်စီးကို ဧရာမ မြင်းကြီးငါးကောင်က ဆွဲရပြီး အဝေးပြေး လမ်းမကြီးပေါ်တွင် မောင်းနှင်နေခြင်း ဖြစ်သော်လည်း တစ်နာရီလျှင် ကီလိုမီတာ နှစ်ဆယ်ထက် မပိုပေ။
“အင်ပါယာမှာ အရှင် ရှိနေတာ တကယ်ကို ကံကောင်းတာပဲ။” ကြီးမားသော လှည်းပေါ်တွင် မတ်မတ် ထိုင်နေကြသော တပ်သားသစ်များကို ကြည့်ရင်း တက်ကြွသော စိတ်ဓာတ်များ ပြည့်နှက်နေသည်ကို တွေ့ရသောကြောင့် အမတ်ကြီး ဟွာပီက မနေနိုင်ဘဲ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “တာ့ယန် အင်ပါယာသစ် ရှိနေတာ ကျုပ်အတွက် တကယ်ကို ကံကောင်းတာပါ။”
သူ၏ ဤစကားသည်လည်း အဆုံးအစမရှိသော သက်ပြင်းချမှုများ ပြည့်နှက်နေသည်။ တာ့ယန် အင်ပါယာသစ်သာ မရှိပါက အခြားအရာများ မဆိုထားနှင့်၊ ဤအမြောက်များနှင့် ပစ္စည်းများကို မိုင်သုံးထောင်ကျော် ဝေးကွာသော မြို့တော်သို့ သယ်ယူပို့ဆောင်ရန် အနည်းဆုံး နှစ်လ၊ သုံးလ အချိန်ယူရမှာဖြစ်သည်။
သို့ပေမည့် တာ့ယန် အင်ပါယာသစ်တွင်မူ နေရာတိုင်းတွင် အဝေးပြေး လမ်းမကြီးများရှိပြီး ရေတွက်၍ မရနိုင်သော ဧရာမ မြင်းကြီးများ ရှိကာ ထိပ်တန်း ပန်းပဲ နည်းပညာဖြင့် ဖန်တီးထားသော ထိပ်တန်း လှည်းများ ရှိသောကြောင့် ဤမိုင်သုံးထောင်ကျော် ခရီးကို အများဆုံး လေးရက်သာ အချိန်ယူရမှာဖြစ်၏။
သို့ပေမည့် ဧရာမ မြင်းကြီးများကို အသုံးပြု၍ လှည်းဆွဲခြင်းမှာ နှေးကွေးလွန်းနေသေးသည်။ လူများကို သယ်ယူရာတွင် အဆင်ပြေသော်လည်း ပစ္စည်း အမြောက်အမြားကို သယ်ယူမည် ဆိုပါက ရထား လိုအပ်သေးသည်။
ကျီးချင့် အဖွဲ့၏ ဦးဆောင်မှုအောက်တွင် တာ့ယန် အင်ပါယာသစ်၏ ပထမဆုံး ရေနွေးငွေ့ ရထားကို ဓာတ်ခွဲခန်း အတွင်း၌ စတင် တည်ဆောက်နေပြီ ဖြစ်သည်။ မကြာမီ ပထမဆုံးအကြိမ် စမ်းသပ် မောင်းနှင်နိုင်တော့မည်ဟု ယုံကြည်၏။
‘ဒါက အင်ပါယာသစ်ပဲ၊ အဆုံးအစမရှိတဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အင်ပါယာသစ်ပဲ။’
ယွင်ကျုံးဟဲ့က လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “အမတ်ကြီး ဟွာပီ... ကျုပ် အမြဲတမ်း ပြောချင်နေပေမယ့် မပြောဖြစ်ခဲ့တဲ့ စကား တစ်ခွန်း ရှိပါတယ်။ ကျုပ် အင်ပါယာကို အရှေ့ဘက်ကို စစ်ချီစေချင်ရတဲ့ နောက်ထပ် အရေးကြီးဆုံး အကြောင်းရင်း တစ်ခုကတော့ စစ်မီးလျှံတွေ တာ့ယန် အင်ပါယာသစ်ကို မကူးစက်စေချင်လို့ပါ။
ဘာလို့လဲဆိုတော့ ဒါက ကျုပ်တို့ရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး ကျုပ်တို့ အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ချက် ဖြစ်နေလို့ပါ။ စစ်မီးလျှံတွေရဲ့ တိုက်ခိုက်မှုကို မခံရမှသာ အင်ပါယာသစ်က သေနတ်တွေ၊ အမြောက်တွေကို အဆက်မပြတ် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး အင်အားကြီးမားတဲ့ စစ်တပ်တွေကို အဆက်မပြတ် လေ့ကျင့်ပေးနိုင်ကာ လောကကြီးကို ကယ်တင်ဖို့၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးဖို့ သွားနိုင်မှာပါ။”
လေးရက် အကြာတွင်...
ယွင်ကျုံးဟဲ့သည် လျှို့ဝှက် တပ်သားသစ် တစ်ထောင်ကို ဦးဆောင်ကာ မြို့တော် အတွင်းသို့ ဝင်ရောက် လာခဲ့၏။
ဤတပ်သားသစ် တစ်ထောင်သည် မြင်းလှည်းပေါ်မှ ဆင်းလာကြပြီး အသစ်စက်စက် စစ်ဝတ်စုံများကို ဝတ်ဆင်ကာ အသစ်စက်စက် စစ်ဦးထုပ်များကို ဆောင်းထားကြပြီး သားရေဘွတ်ဖိနပ်များကို စီးကာ ရိုင်ဖယ် သေနတ်များကို လွယ်ထားကြသည်။
“ညီညီညာညာ လမ်းလျှောက်...”
အမိန့်ပေးသံနှင့်အတူ တပ်သားသစ် တစ်ထောင်သည် သူတို့၏ စစ်တန်းလျား အတွင်းသို့ ဝင်ရောက် သွားကြ၏။
လှုပ်ရှားမှုများက အလွန် ညီညာပြီး စစ်ဝတ်စုံများကလည်း အလွန် လှပကာ စိတ်ဓာတ်လည်း အလွန် ကောင်းမွန်သည်။ သို့ပေမည့် သံခမောက် မဆောင်းထားသလို သံချပ်ကာ ဝတ်စုံလည်း မဝတ်ဆင်ထားပေ။
‘အဲဒီလိုဆိုရင် ဘာကာကွယ်မှုမှ မရှိတော့ဘူးပေါ့။ ဓားတစ်ချက် အခုတ်ခံရတာနဲ့ ပြီးသွားပြီပေါ့။’
ချက်ချင်းပဲ အင်ပါယာ ပြည်သူများသည် ဤစစ်ရေး တိုက်ပွဲအပေါ် ပို၍ပင် အကောင်းမမြင် ဖြစ်သွားကြ၏။ ထို့နောက် လူတိုင်းက ဤစစ်ရေး တိုက်ပွဲ အကြောင်း ပို၍ပင် နှုတ်ဆိတ်သွားကြသည်။
‘ဒီလိုဆိုရင် ရှုံးသွားရင်တောင် အရှင် ယွင်ကျုံးဟဲ့အတွက် ဆုတ်လမ်း ရှိသေးတာပေါ့။ အလွန်ဆုံး သူ ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးပြီးရင် သူ နယ်နှင်ဒဏ် ခံရတဲ့ နေရာမှာ နောက်ထပ် အုပ်ချုပ်ရေး နန်းတော် တစ်ခု တည်ဆောက်ပြီး အဲဒီမှာ စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လုပ်ခိုင်းလိုက်တာပေါ့။’
အချိန်များက ရေလို စီးဆင်းပြီး နေ့ရက်များ မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
ငါးလပိုင်း ဆယ့်ကိုးရက်နေ့ ရောက်ရှိလာသည်။ ယွင်ကျုံးဟဲ့နှင့် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ သဘောတူညီထားသော စစ်ရေး တိုက်ပွဲ တရားဝင် ရောက်ရှိလာပြီ။ အင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ တစ်ပွဲ တရားဝင် ရောက်ရှိလာပြီ ဖြစ်၏။
....................