← Chapters

အခန်း (၇၉၁-၇၉၄)

Vol. 67 Ch. 791-792

အခန်း (၇၉၁-၇၉၄)

Vol. 67 Ch. 791-792

အပိုင်း (၇၉၁)

မြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံး၊ စစ်ရေး လေ့ကျင့်မှု စစ်မြေပြင်...

ဤစစ်ရေး တိုက်ပွဲ၏ စည်းမျဉ်းများမှာ အလွန် ရိုးရှင်း၏။ စတုရန်း ကီလိုမီတာ ဆယ်ကီလိုမီတာ ကျယ်ဝန်းသော နေရာ တစ်ခုကို စစ်မြေပြင် အဖြစ် သတ်မှတ်ထားပြီး နှစ်ဖက်စလုံးသည် မီတာ သုံးထောင်ခန့် ကွာဝေးကာ မိမိတို့၏ စခန်း အသီးသီးကို ကာကွယ်ရမှာဖြစ်သည်။

ဆယ်နာရီ အတွင်း တစ်ဖက်ရန်သူ၏ စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်သူသည် အနိုင်ရရှိသူ ဖြစ်သည်။ နှစ်ဖက်စလုံးတွင် ပြင်ဆင်ချိန် ငါးရက် ရရှိပြီး ကန့်သတ်ထားသော ပစ္စည်းများကို အသုံးပြု၍ မိမိတို့၏ စခန်းကို တည်ဆောက်နိုင်၏။

ထို့အပြင် စစ်မြေပြင် တစ်ခုလုံး၏ ပတ်လည်တွင် ယာယီ စင်မြင့်များ တည်ဆောက်ထားပြီး စစ်မြေပြင်ကို အပေါ်စီးမှ ကြည့်ရှုကာ လေ့ကျင့်မှု တစ်ခုလုံးကို ကြီးကြပ်နိုင်သည်။

အင်ပါယာ စစ်တပ်၊ အထက်လွှတ်တော်၊ ရှင်းကျုံး ပါတီနှင့် အင်ပါယာ နိုင်ငံသားများက လေ့လာစောင့်ကြည့်သူ ရာပေါင်းများစွာကို စေလွှတ်ထားပြီး မီတာ သုံးဆယ် မြင့်သော စင်မြင့်ပေါ်မှနေ၍ အသေးစိတ် ကြီးကြပ် နေကြ၏။

နှစ်ဖက် စခန်းများ အတွင်းတွင် ကျောက်တုံး ခံတပ် တစ်ခုစီရှိပြီး ကိုယ်ပိုင် စစ်သေနာပတိများက စစ်တပ်နှင့်အတူ ထွက်ခွာ တိုက်ခိုက်နိုင်သလို ခံတပ် အတွင်းတွင်လည်း နေထိုင်နိုင်သည်။

စခန်း ကျဆုံးသွားသည်နှင့် စစ်သေနာပတိ အဖမ်းခံရမှာဖြစ်ပြီး ထိုအရာမှာ စစ်ရေး တိုက်ပွဲ ပြီးဆုံးသွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

ဤစစ်ရေး တိုက်ပွဲတွင် ယွင်ကျုံးဟဲ့ ဦးဆောင်သော ကျောင်းသား စစ်တပ် တစ်ထောင်ကို အနီရောင် အဖွဲ့ဟု ခေါ်ဆိုပြီး သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦးဆောင်သော အထူးချွန်ဆုံး စစ်သည် တစ်သောင်းကို အပြာရောင် အဖွဲ့ ဟု ခေါ်ဆိုသည်။

စစ်မြေပြင်၏ အလယ် အစွန်ဘက်တွင် ယာယီ တည်ဆောက်ထားသော ခံတပ် စင်မြင့် နှစ်ခုရှိပြီး အင်ပါယာ အထက်လွှတ်တော်၊ စစ်တပ် ထိပ်သီး ခေါင်းဆောင်များနှင့် ရှင်းကျုံး ပါတီ ထိပ်သီး ခေါင်းဆောင်များက ဤနေရာမှနေ၍ တိုက်ပွဲ တစ်ခုလုံးကို ကြည့်ရှုနေကြ၏။

ယွင်ကျုံးဟဲ့၏ ကျောင်းသား စစ်တပ် တစ်ထောင်သည် စခန်း အတွင်းသို့ ဝင်ရောက် နေရာယူထားသည်မှာ ငါးရက် ရှိပြီဖြစ်ပြီး ကာကွယ်ရေးလိုင်း သုံးခုကို တည်ဆောက်ထား၏။ ရင်ဘတ်အမြင့် နံရံ၊ ကျုံးမြောင်းနှင့် နံရံမြင့်များ အသီးသီး ပါဝင်သည်။

စုစုပေါင်း စစ်သည် တစ်ထောင်ရှိပြီး အမြောက် အလက် သုံးဆယ်ကို ပြင်ဆင်ထားသည်။ ဤမျှ နီးကပ်သော အကွာအဝေး ဖြစ်သောကြောင့် အားလုံးကို ဟောင်ဝစ်ဇာ အမြောက်များ အသုံးပြုထားပြီး အများစုမှာ ၁၂၂ မီလီမီတာ ပြောင်းဝ ရှိ၏။

ရှေးဟောင်း အမြောက်များ ဆိုပါက အမြောက် တစ်လက်ကို အနည်းဆုံး လူဆယ်ယောက်ခန့် ဝိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သော်လည်း တာ့ယန် အင်ပါယာသစ်၏ ကုန်ထုတ်လုပ်မှု စွမ်းအားမှာ အရမ်း တော်လွန်းသောကြောင့် အစတည်းက အဆင့်မြင့်နေပြီး အမြောက် တစ်လက်ကို လူသုံးယောက်တည်းဖြင့် အသုံးပြုနိုင်သည်။

ခြေလျင်တပ်သား ရှစ်ရာသည် ပထမ ကာကွယ်ရေး လိုင်းရှိ နံရံပု နောက်ကွယ်တွင် တစ်ဝက် မှောက်လျက် အနေအထားဖြင့် ချိန်ရွယ်နေကြ၏။

အမြောက် အလက် သုံးဆယ်မှာမူ စခန်း အတွင်းတွင်ရှိပြီး အမြောက်တပ် တစ်ခုလုံး၏ မြင်ကွင်းမှာ အလွန် ကောင်းမွန်ကာ လုံလောက်သော အကာအကွယ်လည်း ရှိသည်။

သေချာပေါက် ရန်သူများက အမြောက်တပ် အတွင်းသို့ ဝင်ရောက်လာပါက တိုက်ခိုက်နေရန်ပင် မလိုတော့ဘဲ ရှုံးနိမ့်သွားပြီ ဖြစ်၏။

စင်မြင့်ပေါ်မှ ကြည့်လိုက်လျှင် ယွင်ကျုံးဟဲ့ဘက်မှ စစ်သည် တစ်ထောင်သည် တကယ်ကို အားနည်းလွန်းလှ၏။ လူလည်း နည်းသလို နေရာကလည်း သေးငယ်သည်။

ထို့အပြင် လေ့လာစောင့်ကြည့်သူ အများစုမှာ ကျောင်းသား စစ်သည်များ ကိုင်ဆောင်ထားသော လက်နက်က မည်သည့်အရာနည်း ဆိုသည်ကို မသိကြပေ။ သံတုတ်လား။ ဒါမှမဟုတ် သစ်သားတုတ်လား။

ထို့အပြင် စစ်သည် တစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် သံချပ်ကာ ဝတ်စုံမှ မရှိဘဲ ခေါင်းပေါ်တွင်တော့ အဝိုင်းပုံစံ သံခမောက်ကို ဆောင်းထားကြသည်။ ကြည့်ရသည်မှာ ထူးဆန်းပြီး အားနည်းနေ၏။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဘက်မှ အပြာရောင် အဖွဲ့ ကတော့ မတူညီပေ။ မြင့်မားသော သစ်သားတံတိုင်းကြီးများ ရှိပြီး စစ်သည် တစ်သောင်းတွင် မြင်းစီးသူရဲ နှစ်ထောင် ပါဝင်ကာ စစ်သည်တိုင်းက သွားအထိ လက်နက် အပြည့်အစုံ တပ်ဆင်ထားကြသည်။

လေးရှည်၊ ဒူးလေး၊ လှံရှည်နှင့် ဓားရှည်များမှာ အခြေခံ လက်နက်များ ဖြစ်ကြသည်။ တာ့ယန် အင်ပါယာသစ်၏ စစ်သည်များတွင် သီးသန့် လေးသည်တော် တပ်ဖွဲ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် စစ်သည် တိုင်း၏ လေးပစ် စွမ်းရည်က အလွန် ကောင်းမွန်သောကြောင့် ဖြစ်၏။

မြင်းစီးသူရဲ ဖြစ်လျှင်ပင် မြင်းစီးရင်း လေးပစ်နိုင်စွမ်း သေချာပေါက် ရှိရမှာဖြစ်၏။ ခန့်ညားသော မြင်းစီးသူရဲများ၊ ကြီးမားသော မြင်းကြီးများ အားလုံး သံချပ်ကာများ ဝတ်ဆင်ထားပြီး လက်ထဲတွင် ခမ်းနားသော အလံများကို ကိုင်ဆောင်ထားကြသည်။

ခြေလျင်တပ်သား ရှစ်ထောင်သည် ပေါ့ပါးပြီး ခိုင်မာသော သံချပ်ကာများကို ဝတ်ဆင်ကာ သံခမောက်များကို ဆောင်းထားကြပြီး သံမဏိ တံတိုင်းကြီး တစ်ခုကဲ့သို့ စနစ်တကျ ရှိနေကြ၏။

မီတာ သုံးထောင် ရှည်လျားသော သစ်သားတံတိုင်းသည် လေးမီတာတိတိ မြင့်မားပြီး အပေါ်တွင် ဧရာမ ဒူးလေးကြီးများ ရှိကာ တံတိုင်း နောက်ကွယ်ရှိ စခန်း အတွင်းတွင် ဧရာမ ကျောက်ခဲပစ်စက် နှစ်ဆယ် ရှိသည်။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဘက်မှ စစ်သည် တစ်သောင်းသည် ခန့်ညားထည်ဝါပြီး စစ်အင်အားမှာ အများကြီး ပိုမို ကြီးမား၏။

လူတိုင်း၏ အမြင်တွင် နှစ်ဖက်စလုံး၏ အင်အား ကွာခြားချက်မှာ အဆတစ်ရာမက ကွာခြားနေသည်။

ဤအကြောင်းရင်းကြောင့်ပင် လေ့လာစောင့်ကြည့်သူ အားလုံး၏ မျက်နှာများမှာ တည်ကြည်လေးနက်နေပြီး စိတ်နှလုံးများမှာလည်း ရှုပ်ထွေးနေကြ၏။

ပထမဆုံး အနေဖြင့် သူတို့က အင်ပါယာ စစ်တပ်ကို အနိုင်ရစေချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အင်ပါယာ၏ ဂုဏ်ယူစရာ ဖြစ်ပြီး အင်ပါယာ ပထမ တပ်တော်သည် တိုက်ပွဲတိုင်းကို အနိုင်ရရှိခဲ့သောကြောင့်ပင်။

ဒုတိယ အနေဖြင့် သူတို့က ယွင်ကျုံးဟဲ့ကိုလည်း မရှုံးစေချင်ကြပေ။ လက်ရှိ အခြေအနေသည် ယွင်ကျုံးဟဲ့ လုံးဝ ရှုံး၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် နတ်ဘုရား တစ်ပါးကဲ့သို့ သတ်မှတ်ခံထားရပြီဖြစ်ရာ အကယ်၍ ရှုံးနိမ့်သွားပါက အင်ပါယာရှိ သူ့ကို ကိုးကွယ်ယုံကြည်သူ မရေမတွက်နိုင်သော လူများအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။

သို့ပေမည့် လူတိုင်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ နှစ်ဖက်စလုံး၏ အင်အားက ဤမျှ ကွာဟလွန်းနေသောကြောင့် အရှင် ယွင်ကျုံးဟဲ့ ရှုံးနိမ့်ခြင်းက သဘာဝကျသည်ဟု တွေးထားကြသည်။

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးနောက် အရာအားလုံး ဖြစ်ပေါ်လာချိန်တွင် ထိုးနှက်ချက်က ထိုမျှလောက် ကြီးမားတော့မည် မဟုတ်ပေ။

“နှစ်ဖက် စစ်သေနာပတိတွေ... အလယ်မျဉ်းကို လာခဲ့ကြပါ။”

ကျီးကျန်း၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ယွင်ကျုံးဟဲ့နှင့် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တို့သည် မြင်းများကို အသီးသီး စီးကာ မိမိတို့၏ စခန်းများမှ ထွက်ခွာပြီး စစ်မြေပြင်၏ အလယ်သို့ ရောက်ရှိလာကြသည်။

ရုပ်ရည် အသွင်အပြင်ကိုသာ ကြည့်မည်ဆိုပါက သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် ယွင်ကျုံးဟဲ့ထက် အများကြီး ပိုမို ခန့်ညားထည်ဝါ၏။

သူသည် ရွှေရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး အရှိန်အဝါများ တောက်ပနေသော်လည်း ယွင်ကျုံးဟဲ့ ကမူ သာမန် အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး လှပသော သူဌေးသားလေး တစ်ယောက်နှင့် တူနေသည်။

စစ်မြေပြင် အလယ်သို့ ရောက်ချိန်မှာတော့ ကျီးကျန်းက ပြောလိုက်သည်။ “အခု မဲနှိုက်ကြပါမယ်။”

တိုက်ခိုက်မည့် မဲကို နှိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးသည် မီတာ သုံးထောင် ကွာဝေးနေပြီး အကယ်၍ နှစ်ဖက်စလုံးက မတိုက်ခိုက်ကြပါက အနိုင်အရှုံး ဆုံးဖြတ်ရန် ခက်ခဲမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် တိုက်ခိုက်မည့်မဲကို နှိုက်မိသော အဖွဲ့သည် အချိန်ပြည့်သွားသည့်တိုင်အောင် တစ်ဖက်ရန်သူ၏ ခံတပ်ကို မသိမ်းပိုက်နိုင်ပါက ရှုံးနိမ့်သူ အဖြစ် သတ်မှတ်ခံရမှာဖြစ်သည်။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “မလိုပါဘူး။ ကျုပ်တို့က တိုက်ခိုက်တဲ့ အဖွဲ့အဖြစ် လုပ်ပါ့မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စည်းမျဉ်း ရှိနေမှတော့ စည်းမျဉ်းအတိုင်းပဲ လုပ်ကြတာပေါ့။”

ကျီးကျန်းက မဲပုံး တစ်ခုကို ထုတ်ယူလာပြီး ပြော၏။ “မင်းကြီး နှစ်ပါး... မဲနှိုက်ပေးပါ။”

ယွင်ကျုံးဟဲ့က မဲပုံးထဲသို့ လက်နှိုက်ကာ မဲတစ်လိပ်ကို ကျပန်း ဆွဲထုတ်ပြီး အမြင့်သို့ မြှောက်ပြလိုက်ရာ ထိုမဲပေါ်တွင် ဓားတစ်လက် ပုံဆွဲထားသည်။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆွဲထုတ်လိုက်သော မဲပေါ်တွင်မူ ဒိုင်းလွှား တစ်ခု ပုံဆွဲထား၏။

တစ်ကွင်းလုံးရှိ လေ့လာစောင့်ကြည့်သူများ အားလုံး အံ့ဩတသသ ဖြစ်သွားကြသည်။ ယွင်ကျုံးဟဲ့ဘက်က ဤမျှ အားနည်းနေပါလျက်နှင့် တိုက်ခိုက်ရမည့် မဲကို နှိုက်မိသေးသည်လား။ ကံက ဤမျှ ဆိုးနေရသလား။

‘ဒါဆို ပြီးသွားပြီပေါ့။ ကျောင်းသား တစ်ထောင်ကို အင်ပါယာ အထူးချွန်ဆုံး စစ်သည် တစ်သောင်း ကာကွယ်နေတဲ့ ခံတပ်ကို သွားတိုက်ခိုင်းတာက ကြက်ဥနဲ့ ကျောက်တုံးကို သွားပေါက်သလို ဖြစ်မနေဘူးလား။’

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျုပ်တို့က အရင် စတင် တိုက်ခိုက်ပါ့မယ်။ ခင်ဗျားတို့က ကာကွယ်ဖို့ပဲ ပြင်ထားကြပါ။”

ထို့နောက် သူသည် မြင်းကို လှည့်ကာ မိမိ၏ စခန်းသို့ ပြန်သွားသည်။ ယွင်ကျုံးဟဲ့ လည်း စခန်းသို့ ပြန်သွား၏။

နှစ်ဖက်စလုံး ပြင်ဆင်ပြီးစီးသွားပြီဖြစ်၏။ လူတိုင်း နာရီ တိုက်နေကြပြီး နံနက် ကိုးနာရီ တိတိတွင် စစ်ရေး တိုက်ပွဲ တရားဝင် စတင်သည်။

အချိန်ကျပြီဖြစ်သောကြောင့် စင်မြင့်ပေါ်တွင် ဦးချိုမှုတ်သံများ ထွက်ပေါ်လာ၏။

“ဝူး... ဝူး... ဝူး... ဝူး...”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် သူ၏ ကတိကို တည်ခဲ့သည်။ ဦးချိုမှုတ်သံ ထွက်ပေါ်လာသည်နှင့် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တိုက်…”

သူ၏ အမိန့်ပေးသံနှင့်အတူ စစ်သည် တစ်ထောင်သည် တန်းစီကာ စနစ်တကျ ထွက်ခွာလာကြသည်။ လူတစ်ထောင်တည်းသာ ဖြစ်၏။

ဤသည်မှာ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ပြသလိုက်သော ဂုဏ်သိက္ခာပင် ဖြစ်သည်။ သူ့တွင် လူတစ်သောင်း ရှိသော်လည်း လူတစ်ထောင်ကိုသာ စေလွှတ်၍ တိုက်ခိုက်စေခြင်း ဖြစ်သည်။

ကျောင်းသား တစ်ထောင်နှင့် ဖွဲ့စည်းထားသော တပ်သားသစ်များကို လူအင်အား သာလွန်မှုဖြင့် အနိုင်ကျင့်ခြင်းသည် အရမ်း ရှက်စရာ ကောင်းလွန်းလှသည်။ ထို့အပြင် သူသည် မြင်းစီးသူရဲများကိုပင် မစေလွှတ်ဘဲ ခြေလျင်တပ်သားများကိုသာ စေလွှတ်ခဲ့၏။

အင်ပါယာ ပထမ တပ်တော်မှ စစ်သည် တစ်ထောင်သည် စနစ်တကျ ခြေလှမ်းများဖြင့် ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ ချီတက်လာကြသည်။

အစပိုင်းတွင် အမြန်နှုန်းက သိပ်မမြန်သော်လည်း တဖြည်းဖြည်း ပိုမြန်လာပြီး မီတာ တစ်ထောင် အကွာအဝေးသို့ ရောက်ချိန်မှာတော့ သူတို့ စတင် ပြေးလာကြ၏။

သို့ပေမည့် ပြေးနေချိန်တွင်ပင် တပ်ဖွဲ့ ပုံစံမှာ စနစ်တကျ ရှိနေဆဲဖြစ်ပြီး လူတိုင်းက တစ်ပုံစံတည်း တူညီသော သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားရာ ဤကဲ့သို့ စစ်ချီလာခြင်းကို ကြည့်ရသည်မှာ တကယ်ကို အရသာ ရှိလှသည်။

လူတစ်ထောင်၏ လှုပ်ရှားမှုသည် တစ်ပြေးညီတည်း ဖြစ်သည်။ အင်ပါယာ၏ အထူးချွန်ဆုံး စစ်သည် တစ်ထောင်သည် ပို၍ ပို၍ လျင်မြန်စွာ ပြေးဝင်လာကြရာ ထိုနေရာရှိ လေ့လာစောင့်ကြည့်သူများ မနေနိုင်ဘဲ မျက်စိ မှိတ်ထားလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ ကာကွယ်ရေး အဖွဲ့မှ ခြေလျင်တပ်သား ရှစ်ရာသည် နံရံပု နောက်ကွယ်တွင် ရပ်ကာ လုံးဝ အံ့ဩမှင်တက်သွားသကဲ့သို့ မလှုပ်မယှက် မှောက်နေကြဆဲ ဖြစ်သောကြောင့်ပင်။

လူတိုင်းက အများဆုံး တစ်ဆယ့်ငါးမိနစ်အတွင်း တိုက်ပွဲ ပြီးဆုံးသွားမည်ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ စခန်း ကျဆုံးကာ သူ၏ ကျောင်းသား တပ်သားသစ် တစ်ထောင်စလုံး တပ်လုံးကျွတ် သေဆုံးသွားမည်ဟု ထင်မှတ်နေကြသည်။

“မီတာ ရှစ်ရာ...”

“မီတာ ခုနစ်ရာ...”

“မီတာ ခြောက်ရာ..”

“မီတာ ငါးရာ...”

“ပစ်...”

တပ်မှူး၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ယွင်ကျုံးဟဲ့ ဘက်မှ ခြေလျင်တပ်သား ရှစ်ရာသည် စတင် ချိန်ရွယ် ပစ်ခတ်ကြ၏။

“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး...”

အထူးကောင်းမွန်သော ရိုင်ဖယ် သေနတ် ရှစ်ရာသည် အဆက်မပြတ် စတင် ပစ်ခတ်ကြပြီး ပစ်ခတ်မှု ကွန်ရက် တစ်ခုကို ဖန်တီးလိုက်ကြသည်။

ကျည်ဆန်များက မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ပစ်ထွက်သွားသည်။ မီတာ ငါးရာ အကွာအဝေးသည် တာ့ယန် တတိယပုံစံ ရိုင်ဖယ် သေနတ်၏ ထိရောက်သော ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်းတွင် လုံးဝ ရှိနေသော်လည်း ဤအကွာအဝေးတွင် ချိန်ရွယ်ရန်မှာ မလွယ်ကူပေ။

သို့ပေမည့် အင်ပါယာ စစ်သည်များ၏ တပ်ဖွဲ့ ပုံစံက အတော်လေး ပြွတ်သိပ်နေ၏။ ထို့ကြောင့် ပထမ အကြိမ် ပစ်ခတ်မှု အပြီးမှာတင် အများအပြား လဲကျသွားခဲ့သည်။

အပိုင်း (၇၉၂)

တစ်ခဏချင်း အတွင်းမှာပင် ထိုနေရာရှိ လေ့လာစောင့်ကြည့်သူ အားလုံးနှင့် ပြေးဝင်လာသော အင်ပါယာ စစ်သည်များ လုံးဝ အံ့ဩမှင်တက်သွားကြ၏။

‘ဒါ... ဒါ... ဒါ ဘာလက်နက်လဲ။ တစ်မိုင်လောက် အကွာအဝေးကနေ ပစ်နိုင်တယ်လား။ အရမ်း ရူးသွပ်လွန်းတယ် မဟုတ်ဘူးလား။’

အင်ပါယာ အထူးချွန်ဆုံး စစ်သည်များသည် အလေးချိန် တစ်ပိသာခွဲ ရှိသော လေးကို ဆွဲနိုင်ပြီး ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မီတာ နှစ်ရာကျော် ရှိသော်လည်း ထိရောက်သော ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မီတာ တစ်ရာကျော်သာ ရှိသည်။

‘ဒါပေမဲ့ အခုက မီတာ ငါးရာလေ။ ယွင်ကျုံးဟဲ့ရဲ့ တပ်တော်သစ် လက်နက်တွေက ပစ်မှတ်ကို ထိအောင် ပစ်နိုင်ရုံတင် မကဘူး၊ ဒီလောက်တောင် တိကျသေးတယ်လား။’

“လူစုခွဲ...”

“ပြေးဝင်... ပြေးဝင်... အမြန်နှုန်း တင်...”

အင်ပါယာ စစ်တပ်၏ တပ်မှူးများက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ကျန်ရှိနေသော အင်ပါယာ စစ်သည်များသည် လျင်မြန်စွာ လူစုခွဲလိုက်ကြပြီးနောက် ရူးသွပ်စွာ အမြန်နှုန်း တင်၍ ပြေးဝင်ကြ၏။

“ရွှီး.. ရွှီး... ရွှီး...”

ရိုင်ဖယ် သေနတ် ရှစ်ရာက အဆက်မပြတ် ပစ်ခတ်နေကြ၏။ တစ်ကြိမ် ပစ်ခတ်ပြီးတိုင်း သေနတ်မောင်းကို ပြန်ဆွဲရသော်လည်း အလွန် မြန်ဆန်စွာ ပြုလုပ်နိုင်သည်။

ကျည် ၁၅ တောင့် ဝင်သော ကျည်ကတ် ကုန်သွားပြီးနောက် ကျည်ကတ် လဲလှယ်ရန် အချိန်မှာ အများဆုံး နှစ်စက္ကန့်ပင် မကြာပေ။ ထို့ကြောင့် ဤကဲ့သို့သော ရိုင်ဖယ် သေနတ်သည် လေးမြားများကို လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်၏။

အင်ပါယာ၏ စစ်သည် ရာပေါင်းများစွာသည် ဆက်လက်၍ ရူးသွပ်စွာ ပြေးဝင်နေကြပြီး မီတာ နှစ်ရာ အကွာအဝေးသို့ ရောက်ရှိသွားသည်နှင့် လေးမြားများဖြင့် ပြန်လည် တိုက်ခိုက်နိုင်မှာဖြစ်သည်။

“ပြေး... ပြေး... ပြေး...”

မီတာ သုံးရာ အကွာအဝေးကို တစ်မိနစ်ပင် မကြာသော အချိန်အတွင်း ပြေးလွှား ဖြတ်သန်းနိုင်ခဲ့သည်။ ဤသည်မှာ လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး သံချပ်ကာ ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်များ အတွက် အလွန် အံ့ဩစရာကောင်းသော အမြန်နှုန်း ဖြစ်နေပြီ ဖြစ်၏။

သို့ပေမည့် သုံးမိနစ်ဆိုသော အချိန်အတွင်းမှာ အင်ပါယာ စစ်သည် တစ်ထောင်ထဲက တစ်ဝက်နီးပါး လဲကျသွားခဲ့ပြီ ဖြစ်သည်။

သေချာပေါက် သေဆုံးသွားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လေ့ကျင့်ရေး ကျည်များ ဖြစ်သောကြောင့်ပင်။ အင်ပါယာ စစ်သည် တစ်ယောက်ယောက် အပစ်ခံရသည်နှင့် မသေဆုံးလျှင်ပင် အသိစိတ်ဖြင့် မြေကြီးပေါ်တွင် လဲလျောင်းကာ သေဆုံးသွားကြောင်း ပြသရမှာဖြစ်၏။

မီတာ နှစ်ရာ အကွာအဝေးသို့ ရောက်ရှိလာပြီ ဖြစ်၏။ အင်ပါယာ စစ်သည်များသည် လေးကို တင်ကာ စတင် မြားပစ်ကြပြီး အထူး ပြုလုပ်ထားသော မြားဖူးများကို အသုံးပြုထားကြသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ စစ်သည်များ အားလုံးသည် နံရံပု နောက်ကွယ်တွင် ပုန်းအောင်းနေကြပြီး ခေါင်းတစ်လုံးသာ ပေါ်နေသည်။ မီတာ နှစ်ရာ အကွာအဝေးမှနေ၍ ချိန်ရွယ် မြားပစ်ရန် ဆိုသည်မှာ လုံးဝ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းပင် ဖြစ်၏။

ထို့အပြင် ဤအင်ပါယာ စစ်သည်များသည် မတ်တတ်ရပ်ကာ ချိန်ရွယ် မြားပစ်ရန် ပြင်ဆင်လိုက်သည်နှင့် သူတို့သည်လည်း ချိန်ရွယ်ခြင်းကို ခံလိုက်ရသည်။

ရိုင်ဖယ် သေနတ်သည် လေးမြားများထက် အများကြီး ပိုမို တိကျလှသည်။ တစ်ခဏချင်း အတွင်းမှာပင် အင်ပါယာ စစ်သည် အများအပြား ထပ်မံ လဲကျသွားပြန်၏။

“မြားပစ်တာကို ရပ်လိုက်။ ရန်သူ့ စခန်းထဲ ဝင်စီးပြီး ဓားနဲ့ တိုက်ခိုက်မယ်။” တပ်မှူး တစ်ဦး၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အင်ပါယာ စစ်သည်များသည် လေးမြားများကို လွှင့်ပစ်လိုက်ပြီး ဓားများကို ဝှေ့ယမ်းကာ ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

မီတာ နှစ်ရာ၊ မီတာ တစ်ရာ၊ မီတာ ငါးဆယ်၊ မီတာ သုံးဆယ်...

ထို့နောက် တိုက်ပွဲ ပြီးဆုံးသွား၏။

ယွင်ကျုံးဟဲ့ ဘက်မှ ခြေလျင်တပ်သား ရှစ်ရာသည် အလွန် ရက်စက်သော ပစ်ခတ်ရေး စက်ရုပ်များ ဖြစ်နေကြပြီး အကွာအဝေး နီးကပ်လာလေလေ၊ ပို၍ တိကျလေလေ ဖြစ်သည်။

အင်ပါယာ အထူးချွန်ဆုံး စစ်သည်များထဲမှ အနီးဆုံး ရောက်လာသူ တစ်ဦးသည် ပထမ ကာကွယ်ရေး လိုင်း၏ တစ်ဆယ့်ငါးမီတာ အကွာသို့ ရောက်ရှိလာပြီးနောက် အပစ်ခံလိုက်ရ၏။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဘက်မှ စေလွှတ်လိုက်သော ပထမဆုံး တိုက်ခိုက်ရေးအဖွဲ့ လူတစ်ထောင် စုစုပေါင်း တပ်လုံးကျွတ် သေဆုံးသွားသည်။

ယွင်ကျုံးဟဲ့ ဘက်တွင်မူ အသေအပျောက် အခြေခံအားဖြင့် သုညပင် ဖြစ်သည်။ တစ်ကွင်းလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွား၏။

မျက်မှောက်ရှိ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ဤအခြေအနေက လုံးဝ ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်လို့နေသည်။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးလည်း အံ့ဩမှင်တက်သွားသည်။ လူတိုင်း၏ စိတ်ထဲတွင် ဤစစ်ရေး တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သူ သေချာစွာ သိရှိထား၏။

ဤစစ်ရေး တိုက်ပွဲ၏ ရည်ရွယ်ချက်မှာ အနိုင်အရှုံး ခွဲခြားရန် မဟုတ်ဘဲ ယွင်ကျုံးဟဲ့၏ စစ်ရေး စနစ်သစ်ကို အတည်ပြုရန် ဖြစ်သည်။

ယခု ရလဒ် ထွက်ပေါ်လာပြီ ဖြစ်သည်။ နောက်ဆက်တွဲ မည်ကဲ့သို့ လုပ်ရမည်နည်း။ စစ်ရေး တိုက်ပွဲ ဆက်လုပ်ဦးမည်လား။ အကယ်၍ ဆက်လုပ်သွားပြီး သူ နိုင်သွားရင်တောင် အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။

တပ်မှူးလေး ရှင်းကျန့်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးမင်းကြီး... သေချာပေါက် ဆက်လုပ်ရပါမယ်။ ကျုပ်တို့ အင်ပါယာရဲ့ အထူးချွန်ဆုံး စစ်တပ်က သူ့ရဲ့ အဲဒီ မီးမွှေးတဲ့ တုတ်ချောင်းတွေ ရှေ့မှာ လုံးဝ တိုက်ခိုက်နိုင်စွမ်း မရှိဘူးဆိုတာ ကျုပ် လုံးဝ မယုံကြည်ပါဘူး။ တကယ်ပဲ ရွှံ့ရုပ်တွေလို ဖြစ်သွားမယ်ဆိုတာ လုံးဝ မယုံကြည်ပါဘူး။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် မျက်စိမှိတ်လိုက်ပြီးနောက် အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ဆက်လုပ်မယ်။ ဒီတစ်ခါ ခင်ဗျား ကိုယ်တိုင် ဦးဆောင်ပြီး ထွက်တိုက်။ မြင်းစီးသူရဲ နှစ်ထောင်၊ ခြေလျင်တပ်သား နှစ်ထောင်။ ဘာမှ ဂရုမစိုက်နဲ့၊ ခေါင်းငုံ့ပြီး ပြေးဝင်ရုံပဲ။ သူတို့ စခန်းထဲ ဝင်နိုင်တာနဲ့ သေချာပေါက် နိုင်ပြီ။ လူတစ်ရာလောက် ယွင်ကျုံးဟဲ့ရဲ့ စခန်းထဲ ဝင်နိုင်ရင်တောင် ကျုပ်တို့ နိုင်ပြီ။ သူတို့ရဲ့ တစ်ကိုယ်ရည် သိုင်းပညာက အရမ်းကို အားနည်းလွန်းတယ်။”

“ကောင်းပါပြီ။” တပ်မှူးလေး ရှင်းကျန့်က ဖြေသည်။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဘက်မှ စစ်တပ် လေးထောင် စတင် စုရုံးလာသည်။ မြင်းစီးသူရဲ နှစ်ထောင်၊ ခြေလျင်တပ်သား နှစ်ထောင်။

“တိုက်...”

“သတ်....”

“သတ်...”

“အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက်....”

တပ်မှူးလေး ရှင်းကျန့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် စစ်တပ် လေးထောင်ကို ဦးဆောင်ကာ ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွား၏။

ထိုနေရာရှိ လေ့လာစောင့်ကြည့်သူများ မျက်မှောင်ကြုတ်သွားကြသည်။ ‘ဒါ ဘာအဓိပ္ပာယ်လဲ။ စစ်ရေး တိုက်ပွဲက ပြီးဆုံးသွားလို့ ရနေပြီလေ။ အရှင် ယွင်ကျုံးဟဲ့ရဲ့ စစ်ရေး စနစ်ကို အတည်ပြုပြီးသွားပြီလေ။ ဘာလို့ ဆက်တိုက်နေအုံးမှာလဲ။ တကယ်ပဲ လူအင်အား၊ ခွန်အားတွေကို အားကိုးပြီး အရှင် ယွင်ကျုံးဟဲ့ကို အနိုင်ယူချင်နေတာလား။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး... ခင်ဗျားက ကိုယ့်ရဲ့ ဘုရင်ရာထူးကို ဒီလောက်တောင် ကာကွယ်ချင်နေတာလား။ ဒီမှာရှိတဲ့ လေ့လာစောင့်ကြည့်သူ အားလုံးကို မျက်ကန်းတွေလို့ ထင်နေတာလား။’

ဟွာပီသည် ကျီးကျန်း၏ ရှေ့သို့ တိုက်ရိုက် သွားရောက်ကာ ပြောလိုက်၏။ “အမတ်ကြီး.. တိုက်ပွဲ ပြီးဆုံးပြီလို့ ချက်ချင်း ကြေညာသင့်ပါတယ်။ ဆက်လုပ်နေဖို့ လုံးဝ မလိုအပ်တော့ပါဘူး။ အရှင် ယွင်ကျုံးဟဲ့ နိုင်သွားပါပြီ။”

ကျီးကျန်း အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း အေးဆေးစွာ ပြောလိုက်သည်။ “အရှင် ယွင်ကျုံးဟဲ့ ဘက်မှာ တခြား လက်နက်တွေ မသုံးရသေးဘူးလေ။ အဲဒါကြောင့် နည်းနည်း ထပ်ကြည့်ရအောင်။”

ဟွာပီက ပြောလိုက်၏။ “ရှင်းကျန့်က လူလေးထောင်ကို ဦးဆောင်ပြီး ပြေးဝင်လာတာ။ သေချာပေါက် လွတ်သွားတဲ့ သူတွေ ရှိနိုင်တယ်။ အကယ်၍ သူက တကယ်ပဲ လူဆယ်ဂဏန်းလောက်ကို ခေါ်ပြီး အရှင် ယွင်ကျုံးဟဲ့ရဲ့ စခန်းထဲ ဝင်သွားရင် ရလဒ်ကို ဘယ်လို တွက်မလဲ။ အရှင် ယွင်ကျုံးဟဲ့ ရှုံးတယ်လို့ တကယ်ပဲ သတ်မှတ်လိုက်မှာလား။”

ကျီးကျန်းက ပြောလိုက်သည်။ “ကျုပ်တို့ အရှင့်ကို ယုံကြည်သင့်ပါတယ်။”

“တိုက်... တိုက်... တိုက်...”

“သတ်... သတ်... သတ်...”

တပ်မှူးလေး ရှင်းကျန့်၏ စိတ်ထဲတွင် အဆုံးအစမရှိသော ဒေါသများ ပြည့်နှက်နေပြီး လူလေးထောင်ကို ဦးဆောင်ကာ ရူးသွပ်စွာ ပြေးဝင်လာ၏။

မီတာ သုံးထောင် အကွာအဝေးသည် အင်ပါယာ၏ အထူးချွန်ဆုံး စစ်မြင်းများအတွက် လုံးဝ ပြဿနာ မဟုတ်ပေ။ ထို့ကြောင့် ဤမြင်းစီးသူရဲ နှစ်ထောင်သည် ပို၍ ပို၍ မြန်ဆန်လာသည်။

လူလေးထောင်သည် သံမဏိ ရေလှိုင်းကြီးများကဲ့သို့ ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် မီတာ ၁၅၀၀ ခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် ယွင်ကျုံးဟဲ့ စခန်းမှ အမြောက်များ စတင် ပစ်လွှတ်လာသည်။

“ရွှီး... ရွှီး...ရွှီး... ရွှီး......”

အမြောက် အလက် သုံးဆယ်က အဆက်မပြတ် ပစ်ခတ်နေသည်။ အမြောက်ဆန်များသည် လေထဲတွင် ခုံးဝိုက်သော လမ်းကြောင်း တစ်ခုကို ဖန်တီးကာ ရှင်းကျန့် ဦးဆောင်သော မြင်းစီးသူရဲ တပ်ဖွဲ့ အတွင်းသို့ ပြင်းထန်စွာ ကျဆင်းလာ၏။

“ဝုန်း.. ဝုန်း... ဝုန်း...”

အမြောက်ဆန်များ ပြင်းထန်စွာ ပေါက်ကွဲသွား၏။ တစ်ခဏချင်း အတွင်းမှာပဲ မရေမတွက်နိုင်သော အင်ပါယာ စစ်သည်များ မြင်းပေါ်မှ လိမ့်ကျသွားကြသည်။

အရေးအကြီးဆုံး အချက်မှာ အင်ပါယာ စစ်မြင်းများသည် ဤကဲ့သို့သော ပေါက်ကွဲမှု ဒဏ်ကို တစ်ခါမှ မခံစားဖူးသောကြောင့် ချက်ချင်း လန့်ဖျပ်ကာ ထိန်းချုပ်မရ ဖြစ်သွားပြီး အရပ်လေးမျက်နှာသို့ ရူးသွပ်စွာ ထွက်ပြေးကြခြင်းပင်။

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း...”

ယွင်ကျုံးဟဲ့ စခန်းမှ အမြောက်များသည် အဆက်မပြတ် ပစ်ခတ်နေသည်။

အမြောက်ဆန်များ အဆက်မပြတ် ပေါက်ကွဲနေပြီး စစ်မြေပြင် တစ်ခုလုံး ချက်ချင်း ထွန်ယက်ခံလိုက်ရ သကဲ့သို့ ဧရာမ တွင်းကြီးများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာ၏။

အမြောက်ဆန် တစ်လုံး ပေါက်ကွဲတိုင်း ကြောက်စရာကောင်းသော ရှင်းလင်းမှုများ ဖြစ်ပေါ်လာပြီး မရေမတွက် နိုင်သော အင်ပါယာ အထူးချွန်ဆုံး စစ်သည်များ တိုက်ရိုက် လွင့်စင်သွားကြသည်။

ပေါက်ကွဲမှုက အစစ်အမှန် ဖြစ်သော်လည်း အမြောက်ဆန် အတွင်းတွင် တကယ့် ဗုံးစများ မထည့်ထားဘဲ အထူး ပြုလုပ်ထားသော အရောင်ဆိုး ဆေးမှုန့်များကိုသာ ထည့်သွင်းထားခြင်း ဖြစ်၏။

ထို့ကြောင့် ဤအချိန်တွင် တကယ်တမ်း အသေအပျောက်များ ရှိလာသည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် တကယ်ပဲ လွင့်စင်သွားကြသည်၊ တကယ်ပဲ သွေးအန်ကြသည်၊ တကယ်ပဲ ဦးနှောက် တုန်ခါသွားကြသည်။

ဤအခြေအနေ၌ ယွင်ကျုံးဟဲ့က လေ့ကျင့်ရေး အမြောက်ဆန်များကို သုံးထားသောကြောင့် စွမ်းအား အများကြီး လျော့ကျသွားခြင်းဖြစ်၏။

သို့ပေမည့် ထိုသို့ဖြစ်နေလျှင်တောင် စစ်နတ်ဘုရား၏ ဟိန်းဟောက်သံက ထိုနေရာရှိ လူအားလုံးကို လုံးဝ အံ့ဩမှင်တက်သွားစေခဲ့သည်။

‘စောစောက ရိုင်ဖယ် သေနတ် ရှစ်ရာရဲ့ ပစ်ခတ်မှုက လုံလောက်အောင် အံ့ဩဖို့ ကောင်းနေပြီ။ အခု အမြောက်တွေနဲ့ မြေလှန်ပစ်တာကတော့ လူတွေကို ဒဏ္ဍာရီထဲ ရောက်နေသလိုမျိုး ခံစားရစေတယ်။’

တပ်မှူးလေး ရှင်းကျန့်၏ စစ်မြင်း ထိန်းချုပ်မရ ဖြစ်သွားသောကြောင့် သူသည် ချက်ချင်း ခုန်ဆင်းလိုက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွား၏။

‘ကျုပ် စခန်းထဲ ဝင်စီးပြီး ယွင်ကျုံးဟဲ့ကို သတ်ပစ်ရမယ်။ တစ်ယောက်တည်း ကျန်ရင်တောင် နိုင်အောင် တိုက်ရမယ်။’

“တိုက်... တိုက်... တိုက်...”

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း...”

ယွင်ကျုံးဟဲ့၏ အမြောက် ဆယ်ဂဏန်းခန့်သည် မောပန်းသည်ကို လုံးဝ မသိသကဲ့သို့ ရူးသွပ်စွာ ပစ်ခတ်နေသည်။

အကွာအဝေး မီတာ ငါးရာ အတွင်းသို့ ဝင်ရောက်လာပြီးနောက် ခြေလျင်တပ်သား ရှစ်ရာက သေနတ်များ စတင် ပစ်ခတ်၏။

တစ်ဆယ့်ငါးမိနစ် အကြာတွင် တိုက်ပွဲ ထပ်မံ ပြီးဆုံးသွားပြန်သည်။

အရင်တစ်ခေါက်၌ လူတစ်ထောင်က တစ်ဆယ့်ငါး မီတာအတွင်းကို ရောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ လူလေးထောင်ထဲမှ အနီးဆုံးပုဂ္ဂိုလ်တစ်ဦးမှာ သုံးမီတာအတွင်းသို့ ရောက်ရှိလာခဲ့၏။

အမြောက်များ၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြမ်းတမ်းပြင်းထန်လှသည်။ ထို့အပြင် ဤသည်မှာ စစ်ရေးလေ့ကျင့်မှု ဖြစ်သည့်အတွက် အင်ပါယာစစ်သည်တို့မှာ ကိုယ်ပေါ်တွင် အရောင်ဆိုးထားသည့် ဆေးရောင်များ ထိမှန်သည်ကို မြင်တွေ့လိုက်သည်နှင့် တကယ့်တိုက်ပွဲတွင်သာဆိုပါက သာမန်ဒဏ်ရာမျှသာရရှိမည် ဖြစ်သော်လည်း၊ အသိစိတ် ရှိရှိဖြင့်ပင် အရှုံးပေးလဲကျသွားကြသည်။

All Chapters