အခန်း (၇၉၃-၇၉၄)
Vol. 67 Ch. 793-794
အပိုင်း (၇၉၃)
တပ်မှူးလေး ရှင်းကျန့် တစ်ယောက်တည်း ဆက်လက် ပြေးဝင်လာသည်။ သူ့ကို ဘယ်သူမှ မပစ်ခတ်ဘဲ နံရံပုကို ကျော်ဖြတ်ကာ ဒုတိယ ကာကွယ်ရေးလိုင်းကို ကျော်ဖြတ်ပြီး စခန်းအတွင်းသို့ ဝင်ရောက်လာခွင့် ပြုထားလိုက်၏။
ယွင်ကျုံးဟဲ့သည် ခံတပ်၏ အမြင့်ဆုံး နေရာတွင် ပေါ်လာပြီး တပ်မှူးလေး ရှင်းကျန့်ကို ကြည့်နေသည်။
တပ်မှူးလေး ရှင်းကျန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက်... သတ်။”
ထို့နောက် သူ တစ်ယောက်တည်း ဓားကို ဝှေ့ယမ်းကာ ယွင်ကျုံးဟဲ့ ရှိရာ ခံတပ် အပေါ်ဆုံးထပ်သို့ ပြေးတက်သွားသည်။
ယွင်ကျုံးဟဲ့က ရိုင်ဖယ် သေနတ် တစ်လက်ကို ကောက်ကိုင်လိုက်၏။
“ဒိုင်း... ဒိုင်း...ဒိုင်း... ဒိုင်း......” ဆက်တိုက် ငါးချက် ပစ်လိုက်သည်။
တပ်မှူးလေး ရှင်းကျန့်သည် ရင်ဘတ်ပေါ်ရှိ အနီရောင် ဆေးကွက်ကို ကြည့်ကာ ခဏမျှ ကြောင်အမ်းသွားသည်။ လေ့ကျင့်မှု စည်းမျဉ်းများအရ သူ သေဆုံးသွားပြီ ဖြစ်၏။
သို့ပေမည့် အတော်ကြာပြီးနောက် တပ်မှူးလေး ရှင်းကျန့်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ကျုပ် မကျေနပ်ဘူး... မကျေနပ်ဘူး...”
ထို့နောက် သူသည် ဆက်လက်၍ ဓားကို ဝှေ့ယမ်းကာ ယွင်ကျုံးဟဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာ၏။
ဤမြင်ကွင်းကို ကြည့်ပြီး စင်မြင့်ပေါ်မှ မှန်ပြောင်းဖြင့် ကြည့်ရှုနေသော အထက်လွှတ်တော် ထိပ်သီး ခေါင်းဆောင်များနှင့် ကျီးကျန်းတို့ လုံးဝ အံ့ဩမှင်တက်သွားကြသည်။
“အရှင့်ကို ကာကွယ်ကြ...”
“အရှင့်ကို ကာကွယ်ကြ...”
“သူ့ကို သတ်လိုက်... သူ့ကို သတ်လိုက်...”
ကျီးကျန်း က ရူးသွပ်စွာ အော်ဟစ်လိုက်၏။ “ရှင်းကျန့်ကို သတ်လိုက်။”
“ဒိုင်း...” သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။
တပ်မှူးလေး ရှင်းကျန့် လဲကျသွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။
လက်ဖြောင့် တပ်သား တစ်ဦးက သူ၏ ခြေထောက်ကို ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဤတစ်ကြိမ်တွင် အသုံးပြုထားသည်မှာ တကယ့် ကျည်ဆန် အစစ် ဖြစ်သည်။
တပ်မှူးလေး ရှင်းကျန့်သည် မြေကြီးပေါ်တွင် မှောက်လျက် ယွင်ကျုံးဟဲ့ဆီသို့ အစွမ်းကုန် တွားသွားကာ အော်ဟစ်နေ၏။ “ကျုပ် မကျေနပ်ဘူး... မကျေနပ်ဘူး...”
“ဒိုင်း...”
လက်ဖြောင့် တပ်သားက ထပ်မံ ပစ်ခတ်လိုက်ပြီး တပ်မှူးလေး ရှင်းကျန့်၏ ကျန်ရှိနေသော ခြေထောက် တစ်ဖက်ကို ထိမှန်သွားသည်။
တပ်မှူးလေး ရှင်းကျန့်သည် ဆက်လက်၍ လက်နှစ်ဖက်ကို အသုံးပြုကာ ရှေ့သို့ တွားသွားနေပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် အဆုံးအစမရှိသော အမုန်းတရားများ ပြည့်နှက်နေ၏။
‘ဘာလို့လဲ။ ဘာလို့လဲ။ အားလုံးက တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေချည်းပဲ။ ခင်ဗျား ပေါ်လာလို့ ကျုပ်ချစ်သူကို ဆုံးရှုံးရတယ်၊ အနာဂတ်ကို ဆုံးရှုံးရတယ်။ ခင်ဗျားကတော့ ဘုရင်ရာထူးကို တက်ရတော့မယ်လား။’
လက်ဖြောင့် တပ်သားက တပ်မှူးလေး ရှင်းကျန့်၏ ခေါင်းကို ချိန်ရွယ်ထားပြီး စိတ်ထဲတွင် နောက်ပြန် ရေတွက်နေသည်။
ငါးစက္ကန့် အတွင်း ရှင်းကျန့် မရပ်တန့်သေးပါက သူ ချက်ချင်း ပစ်ခတ်၍ သတ်ပစ်မှာဖြစ်၏။
ယွင်ကျုံးဟဲ့က လက်ကာပြကာ အမိန့်ပေးလိုက်သည်။ “သူ့ကို ဖမ်းပြီး ထောင်ထဲ ထည့်ထားလိုက်။ တရားစီရင်ဖို့ စောင့်နေ။”
“ကောင်းပါပြီ။”
စစ်သည် နှစ်ဦး ရှေ့တိုးသွားပြီး တပ်မှူးလေး ရှင်းကျန့်ကို တိုက်ရိုက် ဖမ်းဆီးရန် ပြင်လိုက်၏။
ခြေထောက် နှစ်ဖက်စလုံး အပစ်ခံထားရသော်လည်း တပ်မှူးလေး ရှင်းကျန့်၏ သိုင်းပညာသည် အလွန် မြင့်မားနေဆဲဖြစ်ရာ ဓားကို တိုက်ရိုက် ဝှေ့ယမ်းပြီး ယွင်ကျုံးဟဲ့၏ စစ်သည် နှစ်ဦးကို ခုတ်ပိုင်းရန် ပြင်လိုက်သည်။
ထိုအထဲမှ စစ်သည် တစ်ဦးက ရှည်လျားသော ဗို့အားမြင့် လျှပ်စစ် တုတ်တံကို ထုတ်ယူကာ တပ်မှူးလေး ရှင်းကျန့်၏ လည်ပင်းကို အားကုန် ထိုးစိုက်လိုက်၏။
“ဂျစ်... ဂျစ်...ဂျစ်...”
အံ့မခန်း ဗို့အားမြင့် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာသည်။
တပ်မှူးလေး ရှင်းကျန့် တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင် တက်ကြွလာပြီး လုံးဝ သတိလစ် မေ့မြောသွားကာ အလွယ်တကူ အဖမ်းခံလိုက်ရ၏။
နောက်ဆက်တွဲ စစ်ရေး တိုက်ပွဲ ဆက်လုပ်ဦးမည်လား။ စည်းမျဉ်းများအရ ဆက်လုပ်ရမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ နှိုက်မိသည်မှာ တိုက်ခိုက်မည့်မဲ ဖြစ်သောကြောင့်ပင်။
အကယ်၍ ဆယ်နာရီ အတွင်း သူက တစ်ဖက်ရန်သူ၏ စခန်း ခံတပ်ကို မသိမ်းပိုက်နိုင်ပါက ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်သည်ဟု သတ်မှတ်မှာဖြစ်သည်။
ယခင်တိုက်ပွဲတွင် သူသည် မည်မျှပင် အံ့ဩဖွယ်ကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါစေ၊ မည်သို့ပင်ဆိုစေကာမူ ရှုံးနိမ့်ခြင်းဟူ၍သာ သတ်မှတ်ရပေမည်။
သို့သော်လည်း ယွင်ကျုံးဟဲ့၏ စစ်ရေးစနစ်သစ်မှာ အဘယ်မျှပင် အင်အားကြီးမားပြီး ခေတ်မီကြောင်းကိုမူ လူတိုင်းမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ၊ ဤစနစ်သစ်မှာ အခြေအနေအရပ်ရပ်ကို တစ်ခါတည်း အပြီးအပိုင် ပြောင်းလဲပစ်နိုင်စွမ်းရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ဤစစ်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေရန် လုံးဝလိုအပ်တော့မည် မဟုတ်ပေ။
ထိုအခါ လူအများက သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ အကြည့်ရောက်သွားကြသည်။ အကယ်၍ သူ့အနေဖြင့် လုံလောက်သည့် မွန်မြတ်သော စိတ်ထားကို ပိုင်ဆိုင်ထားမည်ဆိုပါက ယခုအချိန်အခါ၌ မိမိဘာသာ အရှုံးပေးခြင်းမှာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် သူတို့ဘက်မှ ခံတပ်၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ ယွင်ကျုံးဟဲ့၏ စစ်တပ်ကို ကြည့်နေ၏။ သူ၏ ဦးနှောက်မှာ လုံးဝ ဗလာ ဖြစ်နေသည်။
ဤကဲ့သို့သော ရလဒ်မျိုး ပေါ်ပေါက်လာလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူတို့၏ စစ်အင်အားမှာ ယွင်ကျုံးဟဲ့ထက် အဆတစ်ရာမျှ သာလွန်နေသောကြောင့် အလွယ်တကူပင် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့ခြင်းဖြစ၏။
သို့ရာတွင် ယွင်ကျုံးဟဲ့၏ စစ်ရေးစနစ်ရှေ့၌ အပြတ်အသတ် ရှုံးနိမ့်သွားရလိမ့်မည်ဟုမူ မည်သို့မှ မထင်ထားခဲ့မိပေ။ ယွင်ကျုံးဟဲ့၏ စစ်တပ်သစ်မှာ ဤမျှလောက်ပင် အင်အားကြီးမားနေရသည်လား။
ယခုကဲ့သို့ အခြေအနေမျိုးတွင် မည်သို့ဆက်လက် လုပ်ဆောင်သင့်သနည်း။ မိမိဘာသာ အရှုံးပေးဝန်ခံပြီး ဂုဏ်သိက္ခာရှိရှိဖြင့် ရာထူးမှ ဆင်းပေးခြင်းမှာ အသင့်တော်ဆုံး ဖြစ်နိုင်သည်။
သို့သော်ငြား သူ့တွင် ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိသလို၊ သူ၏ လက်ရှိအခြေအနေအပေါ် အလွန် မကျေမနပ် ဖြစ်နေမိ၏။
‘ယွင်ကျုံးဟဲ့... ခင်ဗျားက စစ်ရေး တိုက်ပွဲမှာ ရှုံးရင် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးမယ်လို့ ပြောထားတယ် မလား။ ဒါဆို ခင်ဗျား ကျုပ်ခံတပ်ကို လာတိုက်လေ... လာတိုက်လေ။
ကျုပ် ဒီလို လုပ်တာက အရမ်း အရှက်မရှိဘူး ဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ရဲ့ အုပ်ချုပ်ရေးမှူးရာထူးက ဆက်ပြီး ရှိနေလို့ မရတော့ဘူး ဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်နိုင်သရွေ့ ကျုပ် ဘာမဆို လုပ်မယ်။
ခင်ဗျားဆီမှာ လူတစ်ထောင်ပဲ ရှိတာ။ လူငါးထောင် ကာကွယ်နေတဲ့ ကျုပ်ရဲ့ခံတပ်ကို ခင်ဗျား သိမ်းပိုက်နိုင်မယ်လို့ ကျုပ် မယုံဘူး။
နံရံမြင့်တွေ ရှိရုံတင် မကဘူး၊ ကျောက်တုံး ခံတပ်တွေလည်း ရှိတယ်။ ခင်ဗျား ယွင်ကျုံးဟဲ့ရဲ့ ကျောင်းသား စစ်သည် တစ်ထောင်က ခံတပ်ကို လာတိုက်ရဲရင် ကျုပ်စစ်တပ်က ခင်ဗျားတို့ကို သတ်ရဲတယ်။ အရှက်မရှိရင်တောင် ကျုပ် နိုင်အောင် တိုက်မယ်။
ခင်ဗျားကို ထိခိုက်အောင် လုပ်နိုင်ရင် ကျုပ်နာမည် ပျက်သွားမှာကို ဂရုမစိုက်ဘူး။ ခင်ဗျားကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဘုရင်ရာထူး တက်သွားတာကို ကျုပ် မမြင်ချင်ဘူး။’
ချက်ချင်းပဲ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “စစ်သည်အားလုံး... တိုက်ပွဲဝင်ဖို့ ပြင်ဆင်။ စခန်းကို ကာကွယ်ထား။”
ဤအော်ဟစ်သံ အပြီးတွင် လူတိုင်း အံ့ဩမှင်တက်သွားကြသည်။ ကြီးကြပ်နေသော အထက်လွှတ်တော်နှင့် စစ်တပ် ထိပ်သီး ခေါင်းဆောင်များ အံ့ဩမှင်တက်သွားကြ၏။
‘ဒီသိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီလောက်တောင် အရှက်မရှိဘူးလား။ ဒီအခြေအနေထိ ရောက်နေတာတောင် သူက နိုင်ချင်နေသေးတာလား။’
အပြာရောင် စခန်းကို ကာကွယ်နေသော အင်ပါယာ စစ်သည် ငါးထောင် အပါအဝင် အံ့ဩမှင်တက် သွားကြသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် အကယ်၍ ဆက်လက် တိုက်ခိုက်နေဦးမည် ဆိုပါက နိုင်လျှင်တောင် တရားမျှတမှု ရှိမည် မဟုတ်ပေ။ သို့သော်ငြား စစ်တပ်က အမိန့်ကို နာခံရမှာဖြစ်သည်။
ကြီးကြပ်ရေး စင်မြင့်ပေါ်တွင် အမတ်ကြီး ဟွာပီက ပြောလိုက်၏။ “အမတ်ကြီး ကျီးကျန်း... တိုက်ပွဲ ပြီးဆုံးပြီလို့ တိုက်ရိုက် ကြေညာပြီး အင်ပါယာ စစ်တပ်ကို အပြာရောင် စခန်းကနေ ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပါ။”
“ကျုပ်တို့က ဒီလို လူမျိုးကို သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖြစ် တင်မြှောက်ခဲ့မိတာလား။ တကယ်ကို ကြီးမားတဲ့ အရှက်ကွဲမှုပဲ။”
“စောစောတည်းက အရှုံးပေးသင့်တာကို။ အခု အရှင် ယွင်ကျုံးဟဲ့ရဲ့ လူတစ်ထောင်ကို သူ့စခန်းကို သွားတိုက်ခိုင်းနေသေးတယ်လား။ လုံးဝ အရှက်မရှိတာပဲ။”
ကျောင်းသား စစ်သည် တစ်ထောင်သည် ရိုင်ဖယ် သေနတ်များ ကိုင်ဆောင်ထားလျှင်ပင် နံရံမြင့်များဖြင့် ခိုင်ခံ့သော စခန်းကို သွားရောက် တိုက်ခိုက် သိမ်းပိုက်ရန်မှာ အလွန် ခက်ခဲလှသည်။
ကျီးကျန်း၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ရောက်ရှိသွားသည်။ ဤအချိန်တွင် ဆုံးဖြတ်ပိုင်ခွင့် အာဏာကို ယွင်ကျုံးဟဲ့ထံ လွှဲအပ်ပေးရမှာဖြစ်၏။
စစ်ရေး တိုက်ပွဲကို ဆက်လက် လုပ်ဆောင်သင့်သလား။ အကယ်၍ သူက အပြာရောင် စခန်းမှ စစ်တပ်ကို ဆုတ်ခွာရန် အမိန့်ပေးလိုက်ပါက အင်ပါယာ၏ စည်းမျဉ်းများကို ထိခိုက်စေသလို အင်ပါယာ စစ်တပ်ကိုလည်း ထိခိုက်စေရာ ရောက်မှာဖြစ်သည်။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ဤလုပ်ရပ်သည် အရှက်မရှိသော်လည်း စည်းမျဉ်းများ အတွင်းတွင် ရှိနေဆဲဖြစ်ပြီး သူ၏ လက်အောက်ရှိ အင်ပါယာ စစ်တပ်မှာ အပြစ်ကင်းစင်၏။
ယွင်ကျုံးဟဲ့က အလံကို ဝှေ့ယမ်းခိုင်းလိုက်သည်။ စစ်ရေး တိုက်ပွဲ ဆက်လုပ်မည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ဆက်လုပ်ဦးမည်လား။
‘တကယ်ပဲ ကျောင်းသား စစ်သည် တစ်ထောင်ကို ရိုင်ဖယ် သေနတ်တွေ ကိုင်ခိုင်းပြီး ခိုင်ခံ့တဲ့ အပြာရောင် စခန်းကြီးကို သွားတိုက်ခိုင်းတော့မလို့လား။’
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့ ဘက်မှ စူးရှသော ခရာသံများ ထွက်ပေါ်လာသည်။
“ကော်ဇောခင်း ဗုံးကြဲမှု... တရားဝင် စတင်ပြီ။”
အမိန့်ပေးသံနှင့်အတူ အမြောက် အလက်သုံးဆယ်၏ ဘီးများ စတင် လည်ပတ်လာပြီး ထောင့်ပေါင်းစုံ ပြောင်းလဲကာ အမြောက်ဆန်များကို စတင် လဲလှယ်ကြ၏။
လူတိုင်း လုံးဝ အံ့ဩမှင်တက်သွားကြသည်။ ‘အရှင် ယွင်ကျုံးဟဲ့ရဲ့ စစ်တပ်က ဘာလုပ်နေတာလဲ။ ဒီလောက် ဝေးတဲ့ အကွာအဝေးကို ဒီအမြောက်တွေက ပစ်နိုင်လို့လား။
စောစောက ဒီအမြောက်တွေက မိုင်ဝက်လောက်ပဲ ပစ်နိုင်တာလေ။ အခု သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ စခန်း ခံတပ်က တစ်မိုင်လောက် ဝေးတာကို။ ဒီလောက် ဝေးတဲ့ အကွာအဝေးကို ဘယ်လိုလုပ် ပစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ထိနိုင်မှာလဲ။’
လူတိုင်း အသက်ရှူ အောင့်ထားလိုက်ကြသည်။
“ပစ်...”
“ပစ်...”
“ပစ...”
အမိန့်ပေးသံနှင့်အတူ အမြောက် အလက် သုံးဆယ်သည် တပြိုင်နက်တည်း မြည်ဟည်းလာကြ၏။
ထိတ်လန့်စရာ ကောင်းသော ကိစ္စရပ် ဖြစ်ပေါ်လာ၏။ ဤအမြောက်ဆန်များ၏ အမြန်နှုန်းက အလွန် မြန်ဆန်လွန်းလှပြီး လေထဲတွင် လှပသော ခုံးဝိုက် လမ်းကြောင်း တစ်ခုကို ဖန်တီးကာ ငါးစက္ကန့်ပင် မကြာသော အချိန်အတွင်း မီတာ ၃၀၀၀ အကွာအဝေးကို ဖြတ်သန်းပြီး သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ စခန်း အတွင်းသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ မီတာ ၃၀၀၀ သာမက၊ ထို့ထက် ပိုဝေးလျှင်ပင် လုံးဝ ပြဿနာ မရှိပေ။
“ဝုန်း.. ဝုန်း....”
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ မြေကြီး တစ်ခုလုံး တုန်ခါနေပြီး အမြောက်ဆန်များ ကျရောက်ရာ နေရာတိုင်းတွင် ကျောက်တုံးများ လွင့်စင်သွားသည်။
ကျောက်တုံး နံရံများပင်လျှင် ကြောက်စရာကောင်းသော သံချပ်ကာဖောက် အမြောက်ဆန်များကို မတားဆီးနိုင်ဘဲ တိုက်ရိုက် အပေါက်ဖောက်ခံရပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ အိမ်တစ်လုံးပြီး တစ်လုံး တစ်စစီ ကြေမွသွားပြီး ပြာအဖြစ် ပြောင်းလဲသွား၏။
အစစ်အမှန် ကော်ဇောခင်း ဗုံးကြဲမှုဖြစ်၏။ စခန်းကို တိုက်ခိုက်ရန် လူလွှတ်စရာ လုံးဝ မလိုပေ။ အမြောက် အလက် သုံးဆယ်က ဤကဲ့သို့ အဆက်မပြတ် ပစ်ခတ်နေသည်။
အမြောက်ဆန် အလုံးလိုက် အလုံးလိုက် မိုးသည်းထန်စွာ ရွာကျသကဲ့သို့ စခန်းပေါ်သို့ ကျဆင်းလာသည်။ အိမ်များ အားလုံး၊ ကာကွယ်ရေး အဆောက်အအုံများ အားလုံး လုံးဝ ပေါက်ကွဲ ပျက်စီးသွား၏။
အရင်က အမြောက် ပစ်ခတ်မှုတွေက ဘာမှ မဟုတ်ပေ။ ယခုမှ တကယ့် မြင်ကွင်းကြီးကို တွေ့ရခြင်းဖြစ်သည်။
မြေကြီးများ တုန်ခါနေပြီး မီးတောက်များက ကောင်းကင်ယံသို့ အဆက်မပြတ် ထိုးတက်နေသည်။ ကြောက်စရာ ကောင်းသော ပေါက်ကွဲသံများက နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေ၏။
ထိုနေရာရှိ ကြီးကြပ်သူများသည် ရူးသွပ်မိန်းမောစွာ ကြည့်ရှုနေကြပြီး ကြက်သီးမွေးညင်း ထသွားကြသည်။
ဤခံစားချက်သည် အရှင် ယွင်ကျုံးဟဲ့၏ တေးဂီတ ဖျော်ဖြေပွဲကို တိုက်ရိုက် နားထောင်နေရသကဲ့သို့ပင် ဝိညာဉ်ကို ရိုက်ခတ်သွားစေ၏။
သို့ပေမည့် ဤတစ်ကြိမ် အမြောက်များ တီးခတ်နေသည်က ပျက်စီးခြင်း ဆင်ဖိုနီ ဖြစ်ပေလိမ့်မည်။
လူတိုင်းက နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိကြသည်။ ‘ခေတ်ဟောင်း ကုန်ဆုံးသွားပြီ၊ လုံးဝ အသစ်စက်စက် ခေတ်သစ် ရောက်လာပြီ။ အအေး လက်နက်ခေတ် ကုန်ဆုံးသွားပြီ၊ ဒါကမှ တကယ့် စစ်နတ်ဘုရားပဲ။ လုံးဝ အသစ်စက်စက် စစ်ရေး တော်လှန်ရေးကြီး ကျရောက်လာပြီ။’
အပိုင်း (၇၉၄)
မိနစ် အတော်ကြာပြီးနောက်...
ယွင်ကျုံးဟဲ့ ဘက်မှ ရူးသွပ်သော အမြောက် ပစ်ခတ်မှု ပြီးဆုံးသွားသည်။ အကျယ်အဝန်း သိပ်မကြီးသော ဤစခန်းတွင် အမြောက်ဆန် မည်မျှ ပေါက်ကွဲခဲ့သည်ကို မသိနိုင်ပေ။
အတွင်းရှိ အိမ်များ အားလုံး၊ ယာယီ ခံတပ်များ အားလုံး ပေါက်ကွဲ ပျက်စီးသွားပြီး အပျက်အစီးများ အဖြစ် ပြောင်းလဲသွားသည်။
သို့ပေမည့် စစ်သည် ငါးထောင် ကာကွယ်နေသော မြင့်မားသည့် သစ်သားတံတိုင်းကြီးမှာမူ အခြေခံအားဖြင့် မလှုပ်ရှားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က အမြောက်တပ်ကို သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရှိနေသော ခံတပ်ကိုသာ ပစ်ခတ်ရန် အမိန့်ပေးထားပြီး အင်ပါယာ စစ်တပ် ကာကွယ်နေသော မြင့်မားသည့် သစ်သားတံတိုင်းကြီးကို မပစ်ခတ်ရန် အမိန့်ပေးထားသောကြောင့် ဖြစ်သည်။
ရူးသွပ်သော သတ်ဖြတ်နိုင်စွမ်း၊ ဖျက်ဆီးနိုင်စွမ်းကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယခု ဤပျက်စီးခြင်း ဆင်ဖိုနီသည် လုံလောက်အောင် အံ့ဩတုန်လှုပ်စရာ ကောင်းနေပြီ ဖြစ်၏။
အင်ပါယာ စစ်သည် ထောင်ချီသည် မြေကြီးပေါ်မှ ထလာကြပြီး ခေါင်းများကို အဆက်မပြတ် ခါရမ်းကာ ပုတ်နေကြသည်။
စစ်သည် ဆယ်ဂဏန်းခန့်သည် အပျက်အစီးများကို တူးဖော်လိုက်ကြပြီး ဖရိုဖရဲ ဖြစ်နေသော သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ရှာတွေ့ကာ တိုက်ရိုက် မယူလာကြ၏။
အင်ပါယာ စစ်သည် ထောင်ချီသည် စခန်း တံခါးကို ဖွင့်ကာ စခန်း အတွင်းမှ ထွက်လာကြပြီး ယွင်ကျုံးဟဲ့ ရှိရာ ဘက်သို့ ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်ကြသည်။
ဤစစ်ရေး တိုက်ပွဲ လုံးဝ ပြီးဆုံးသွားပြီဖြစ်ပြီး အင်ပါယာ စစ်တပ်က ဒူးထောက် အရှုံးပေးလိုက်ပြီ ဖြစ်၏။
မဟုတ်ပေ။ အရှုံးပေးရုံ သက်သက် မဟုတ်ပေ။ သစ္စာခံခြင်း၊ နာခံခြင်း၊ ကြည်ညိုခြင်းများပါ ပါဝင်သည်။
စစ်ရေး တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။ သို့ပေမည့် ထိုနေရာရှိ ထိပ်သီး ခေါင်းဆောင်ကြီးများသည် ဤရလဒ်ကို လုံးဝ ဂရုမစိုက်ကြတော့ဘဲ စင်မြင့်ပေါ်မှ ဆင်းလာကာ ယွင်ကျုံးဟဲ့၏ စခန်းဆီသို့ တိုက်ရိုက် လာရောက်ကြ၏။
“အရှင်...”
“အရှင်...”
ကျီးကျန်း ဦးဆောင်သော ထိပ်သီး ခေါင်းဆောင်ကြီးများသည် ရှေ့သို့ တိုးလာကာ အရိုအသေပေးကြပြီးနောက် သူတို့ လာရောက်ရသည့် အကြောင်းရင်းကို ပြောပြကြ၏။ သူတို့သည် ဤအသစ်စက်စက် လက်နက်ကို စမ်းသပ်ကြည့်ချင်ကြခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က တာ့ယန် တတိယပုံစံ ရိုင်ဖယ် သေနတ် တစ်လက်ကို ကမ်းပေးလိုက်ရာ ကျီးကျန်းက လှမ်းယူပြီး ချိန်ဆကြည့်ကာ မေးလိုက်၏။ “ရှစ်ပေါင်တောင် မပြည့်ဘူးလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ခုနစ်ပေါင် ခြောက်အောင်စပါ။ အကယ်၍ ကျည်ကတ် အပြည့်ဆိုရင်တော့ ရှစ်ပေါင်လောက် အတိအကျ ရှိပါတယ်။”
ကျီးကျန်းက ထပ်မေးလိုက်၏။ “အရမ်း ပေါ့ပါးတာပဲ။ ဓားတစ်လက်ရဲ့ အလေးချိန်လောက်ပဲ ရှိတာ။ အရှင်... ကျုပ် စမ်းကြည့်လို့ ရမလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာတာပေါ့။”
ထို့နောက် ယွင်ကျုံးဟဲ့သည် သူ့ကို ချိန်ရွယ်နည်း သင်ပေးရန် ပြင်လိုက်သည်။
ကျီးကျန်းက အမြန် တားမြစ်လိုက်၏။ “အရှင့်ကို မပင်ပန်းစေချင်ပါဘူး။ တပ်မှူး တစ်ယောက်ကိုပဲ သင်ပေးခိုင်းလိုက်ပါ။”
သူ၏ အမြင်တွင် ယခုအချိန်၌ ဘုရင်နှင့် အမတ် ကွာခြားမှု ရှိနေပြီဖြစ်ရာ ဘုရင်ကို ကိုယ်တိုင် ချိန်ရွယ် ပစ်ခတ်နည်း သင်ခိုင်းခြင်းသည် အလွန် ရိုင်းစိုင်းလွန်းရာ ကျသည်။
တပ်မှူး တစ်ဦး ရှေ့သို့ ထွက်လာပြီး ရိုင်ဖယ် သေနတ်၏ ပစ်ခတ်မှု သီအိုရီနှင့် ချိန်ရွယ်နည်းများကို ရိုးရှင်းစွာ ရှင်းပြလိုက်ပြီး လေတိုက်နှုန်းနှင့် မြေဆွဲအားက ကျည်ဆန် ပျံသန်းမှု လမ်းကြောင်းအပေါ် သက်ရောက်မှုများ ကိုလည်း အကြမ်းဖျင်း ရှင်းပြလိုက်၏။
ကျီးကျန်းသည် သေချာစွာ နားထောင်ပြီးနောက် ရိုင်ဖယ် သေနတ်ကို မြှောက်ကာ ချိန်ရွယ်လိုက်သည်။ အမှတ် သုံးခုကို တစ်တန်းတည်း ထားကာ ပစ်မှတ် အလယ်တည့်တည့်ကို ချိန်ရွယ်လိုက်သည်။
“ဒိုင်း...”
ခလုတ်ကို ဆွဲလိုက်သည်။ မီတာ တစ်ရာ အကွာအဝေးတွင် ပထမ တစ်ချက်က ပစ်မှတ်ကို တိုက်ရိုက် ထိမှန်သွားသော်လည်း အလယ်တည့်တည့်ကိုတော့ မထိမှန်ခဲ့ပေ။
သေနတ်မောင်းကို ပြန်ဆွဲကာ ဒုတိယ တစ်ချက် ပစ်ခတ်လိုက်သည်။
“ဒိုင်း...”
“ဒိုင်း...”
ထို့နောက် ကျီးကျန်း သည် အဆက်မပြတ် ပစ်ခတ်ရာ တိကျမှုက ပို၍ ပို၍ မြင့်မားလာသည်။ ကိုးချက်မြောက် ပစ်ခတ်မှုတွင် ပစ်မှတ်၏ အလယ်တည့်တည့်ကို ထိမှန်သွား၏။
ဤလူသည် အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ခွန်အား အပြည့်အဝ ရှိပြီး ခန္ဓာကိုယ်ကလည်း ကျန်းမာ သန်စွမ်းသည်။
“ပစ္စည်းကောင်းပဲ၊ ပစ္စည်းကောင်းပဲ။”
ပစ်ခတ်ပြီးနောက် အကြီးအကဲ ကျီးကျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “ဒီပစ္စည်းက လေးမြားတွေထက် အများကြီး ပိုကောင်းတယ်။ ပိုလည်း လွယ်ကူတယ်။ သတ်ဖြတ်နိုင်စွမ်းက ဘယ်လိုနေလဲ။”
ထို့နောက် သစ်သားရုပ် တစ်ခုကို ယူဆောင်လာပြီး အင်ပါယာ၏ အကောင်းဆုံး သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ပေးကာ မီတာ နှစ်ရာ အကွာအဝေးမှနေ၍ ပစ်ခတ်စေလိုက်သည်။
“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”
ထူးချွန်သော လက်ဖြောင့် တပ်သား တစ်ဦးက ကျည်ငါးတောင့် ဆက်တိုက် ပစ်ခတ်လိုက်၏။
ထို့နောက် လူတိုင်းက ဤသစ်သားရုပ်ကို သွားရောက် စစ်ဆေးကြည့်ရာ လေအေး တစ်ချက် ရှူသွင်းလိုက် မိကြသည်။
အင်ပါယာ၏ အကောင်းဆုံး သံချပ်ကာ ဝတ်စုံသည် ရိုင်ဖယ် သေနတ်၏ ကျည်ဆန်များကို မတားဆီးနိုင်ဘဲ တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရကာ သစ်သားရုပ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။
“ဒီရိုင်ဖယ် သေနတ်ရဲ့ စွမ်းအားက လေးမြားတွေထက် အများကြီး သာလွန်တာပဲ။ လေးမြားတွေ လုံးဝ ဖယ်ရှားခံရတော့မယ်။” အဆင့်မြင့် တပ်မှူး တစ်ဦးက သက်ပြင်းချကာ ပြောလိုက်ပြီး သူ၏ စိတ်ထဲတွင် အဆုံးအစမရှိသော နှမြောတသမှုများ ပြည့်နှက်နေသည်။
အင်ပါယာ စစ်တပ်တွင် လေးမြားသည် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး သိုင်းပညာ ကျောင်းများ၏ ဘွဲ့ယူ စာမေးပွဲတွင်လည်း လေးမြား ပစ်ခတ်မှုသည် အလွန် ကြီးမားသော ရာခိုင်နှုန်း ပါဝင်၏။
အင်ပါယာ စစ်သည်တိုင်းသည် လေးမြား ပစ်ခတ်မှုကို သင်ယူရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရ၏။ သို့ပေမည့် ယနေ့တွင်မူ ထိုအရာများ အားလုံး ဖယ်ရှားခံရတော့မှာဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အင်ပါယာ စစ်တပ်က စစ်သည်တိုင်းမှာ အရမ်း မြင့်မားတဲ့ လေးပစ် စွမ်းရည် ရှိကြတယ်။ လေးမြားတွေ ဖယ်ရှားခံလိုက်ရပေမယ့် သူတို့ရဲ့ ချိန်ရွယ်နိုင်စွမ်းကတော့ ဖယ်ရှားမခံရပါဘူး။ အချိန် သိပ်မယူရဘဲ ရိုင်ဖယ် သေနတ်ရဲ့ ချိန်ရွယ် ပစ်ခတ်မှု အဖြစ် ပြောင်းလဲသွားနိုင်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။
ပြီးတော့ စောစောက လုပ်ခဲ့တာက လေ့ကျင့်မှု တစ်ခု သက်သက်ပဲ ရှိသေးတယ်။ တကယ့် စစ်မြေပြင်က ဒီထက် အများကြီး ပိုရှုပ်ထွေးတယ်။ အဲဒါကြောင့် တစ်ကိုယ်ရည် သိုင်းပညာ၊ တစ်ကိုယ်ရည် ခံနိုင်ရည်က အရမ်း အရေးကြီးပါသေးတယ်။ အင်ပါယာရဲ့ စစ်တပ်က ဒီအသစ်စက်စက် လက်နက်တွေကို တပ်ဆင်လိုက်တာနဲ့ ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ပိုပြီးတော့တောင် အင်အားကြီး လာပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့၏ စကားသည် မှန်ကန်လှသည်။
နည်းပညာ အလွန် ဖွံ့ဖြိုးတိုးတက်သော ခေတ်သစ် စစ်ပွဲများ မရောက်မချင်း စစ်မြေပြင်တွင် သေနတ်များ ရှိနေလျှင်ပင် အနီးကပ် တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ခြေ ရှိသေးသည်။ ထိုအချိန်သို့ ရောက်ပါက တစ်ကိုယ်ရည် သိုင်းပညာသည် အသုံးဝင်နေဆဲပင် ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ဤကျောင်းသား စစ်သည် တစ်ထောင်သည် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း အင်ပါယာ စစ်တပ်နှင့် နှိုင်းယှဉ်ပါက အများကြီး ကွာဟနေသေးသည်။
စစ်မြေပြင်သို့ ရောက်သွားသည်နှင့် စစ်သည်တိုင်း၏ သယ်ဆောင်ရမည့် အလေးချိန်က အလွန် များပြားပြီး အလွန် မြင့်မားသော ခံနိုင်ရည် လိုအပ်ကာ ခိုင်မာသော စိတ်ဓာတ်လည်း လိုအပ်သည်။ ဤအရာများ အားလုံးသည် အင်ပါယာ စစ်တပ်၏ အားသာချက်များ ဖြစ်ကြ၏။
ထို့ကြောင့် အင်ပါယာ စစ်တပ်ကို ဖယ်ရှားရန် မလိုအပ်ဘဲ သူတို့ကို အဆင့်မြှင့်တင်ပေးရန်သာ လိုအပ်သည်။
ထိုအချိန်မှာပဲ လူတစ်ယောက် မြင်းကို အပြေးအလွှား စီး၍ ရောက်လာကာ သတင်းပို့လိုက်၏။ “အရှင်... အရှင်... ဒုတိယ ကျောင်းအုပ် ကျီးချင့် မီးဖွားတော့မယ်။”
ယွင်ကျုံးဟဲ့ ကြားလိုက်ရချိန်မှာတော့ အံ့ဩသွားသည်။ ‘ဒီလောက် မြန်တာလား။ တွက်ချက်မှုအရဆိုရင် မွေးဖွားမယ့်ရက် မတိုင်ခင် တစ်ပတ်လောက် လိုသေးတယ်လေ။’
ထိုနေရာရှိ လူများ အားလုံး ကြားလိုက်ရချိန်မှာတော့ ခါးညွှတ်ကာ ပြောလိုက်ကြ၏။ “ဂုဏ်ယူပါတယ် အရှင်...”
“ဂုဏ်ယူပါတယ် အရှင်... “
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။” ယွင်ကျုံးဟဲ့သည် ချက်ချင်း မြင်းလှည်းပေါ်သို့ တက်ကာ မြို့တော်သို့ ပြန်လာခဲ့သည်။
......................
မြို့တော်တော်ဝင် ဆေးရုံအတွင်းရှိ အဆောက်အအုံ အတွင်း၌ အမျိုးသား တစ်ယောက်မျှ မရှိဘဲ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြ၏။
အင်ပါယာသည် ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး ရှေးရိုးစွဲ ရှိပြီး သီးသန့် အမျိုးသမီး သမားတော်များ ရှိကာ အမျိုးသမီးများ၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော ရောဂါများ အားလုံး၊ ကလေးမွေးဖွားခြင်း အပါအဝင် အမျိုးသမီး ဌာနသို့ လာရောက် ပြသရပြီး အမျိုးသမီး သမားတော်များကသာ လုပ်ဆောင်ပေး ရသည်။
ထို့အပြင် ဤအဆောက်အအုံ အတွင်းသို့ အမျိုးသားများ ဝင်ရောက်ခွင့် မရှိဘဲ ယွင်ကျုံးဟဲ့လည်း ခြွင်းချက် မဟုတ်ပေ။
ကလေးမွေးဖွားပြီး နာရီအနည်းငယ် အကြာတွင် သီးသန့် အခန်းသို့ ပြောင်းရွှေ့ပြီးမှသာ အမျိုးသားများ ဝင်ရောက်ခွင့် ပြုသည်။
ထို့ကြောင့် နှစ်နာရီကြာ စောင့်ဆိုင်းပြီးနောက်တွင် ယွင်ကျုံးဟဲ့သည် နောက်ဆုံးတော့ သူ၏ ကလေးများကို တွေ့မြင်ခွင့် ရခဲ့၏။
အခုတစ်ကြိမ်၌လည်း အမြွှာကလေးများပင် မွေးလာပြီး သမီးငယ်နှစ်ဦးပင် ဖြစ်သည်။
ရက်သတ္တတစ်ပတ်ခန့် စော၍မွေးဖွားခဲ့ရပြီး အမြွှာဖြစ်လင့်ကစား ကလေးနှစ်ဦးစလုံး၏ ကိုယ်အလေးချိန်မှာ ပေါ့ပါးခြင်းမရှိဘဲ ခြောက်ပေါင်ခန့်စီ ရှိနေကြသည်။ ယခုအခါ၌ လွန်စွာငယ်ရွယ်သေးသော်လည်း ယွင်ကျုံးဟဲ့နှင့် ရုပ်ရည်ချင်း များစွာတူညီနေသည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်၏။
ယွင်ကျုံးဟဲ့၏ အမြွှာမျိုးဗီဇမှာ အလွန်ပင်ထူးခြားလှ၏။ ကျင်းကျုံးယွဲ့ကလည်း အမြွှာကလေးများ မွေးဖွားခဲ့သကဲ့သို့ ကျီးချင့်ကိုယ်တိုင်ကလည်း အမြွှာကလေးများကိုပင် မွေးဖွားပေးခဲ့ပြန်သည်။
ယွင်ကျုံးဟဲ့က ကလေးငယ်နှစ်ဦးအား ပွေ့ချီလိုက်သည့်အခါ ၎င်းတို့မှာ မျက်လုံးများ ဖွင့်ကြည့်နိုင်ရန် အားထုတ်ကြိုးပမ်းကြသည်။ သို့ပေမည့် အတန်ကြာအောင် ကြိုးပမ်းပြီးနောက် မျက်ခွံများမှာ တစ်ဝက်ခန့်သာ ပွင့်လာပြီးနောက်တွင်မူ ပင်ပန်းနွမ်းနယ်သည့်ဟန်ဖြင့် ပြန်လည်မှိတ်ကျသွားကြ၏။
သို့သော်လည်း ကလေးငယ်တို့၏ မျက်ခွံပွင့်သွားသည့် ခဏတာအတွင်း၌ ကျောက်မျက်ရတနာများပမာ တောက်ပနေသည့် မျက်လုံးအဝိုင်းလေးနှစ်လုံးကို တွေ့မြင်လိုက်ရသည်။
ယွင်ကျုံးဟဲ့က ကလေး နှစ်ယောက်ရဲ့ နဖူးလေးတွေကို သတိထားပြီး နမ်းလိုက်ရာ မျက်လုံးများ အနည်းငယ် ပူနွေးလာပြီး သူ၏ အခြား ကလေး သုံးယောက်ကို သတိရသွားမိ၏။
ကျင်းကျုံးယွဲ့၏ အမြွှာ သားသမီး နှစ်ယောက်သည် ယခုဆိုလျှင် အသက် ဆယ့်လေးနှစ် ရှိလောက်ပြီဖြစ်ပြီး ရွှီအန်းထင် မွေးဖွားခဲ့သော သား ယွင်ယောင် သည်လည်း အသက် ဆယ့်ငါးနှစ် ရှိလောက်ပြီ ဖြစ်သည်။
သူသည် တကယ်တမ်းတွင် ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူ၏ သားသမီးသုံးဦးစလုံး ကြီးပြင်း လာသည့်အချိန်ကာလများကို လုံးဝလွဲချော်ခဲ့ရပြီး၊ ယခုအခါတွင်လည်း ထိုကလေးသုံးဦးစလုံး မည်သည့် နေရာသို့ ရောက်ရှိနေသည်ကိုပင် မသိရှိရပေ။
အထူးသဖြင့် ယွင်ယောင်အကြောင်းကို တွေးမိတိုင်း ပို၍ပင် စိတ်မကောင်းဖြစ်ရသည်။ မည်မျှထူးချွန်ပြီး မည်မျှလိမ္မာသော ကလေးဖြစ်သနည်း။ ယွင်ကျုံးဟဲ့အနေဖြင့် သူ့ကို လအနည်းငယ်ခန့်သာ စောင့်ရှောက်ခွင့်ရခဲ့သည်။
ပိရမစ်သဲကန္တာရထဲတွင် ရှိနေစဉ်အခါက နောက်ဆုံးအချိန်၌ သွေးစွန်းဘုရင်မ၏ လက်ထဲသို့ ကလေးကို အပ်နှံခဲ့ရသည့် အဖြစ်အပျက်ကို ယခုတိုင် အမှတ်ရနေဆဲဖြစ်၏။
အမျိုးသမီး တစ်ဦးက ရှေ့သို့ တိုးလာပြီး ကလေးကို ဆိတ်နို့ တိုက်ရန် ပြင်လိုက်၏။ သူမမှာ ကျီးချင့်၏ မိခင် ဖြစ်သည်။
“ကျုပ်ပဲ လုပ်ပါ့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
နူးညံ့သော ဇွန်းလေးဖြင့် နွေးထွေးသော ဆိတ်နို့ကို ခပ်ယူကာ ကလေးလေးများကို တိုက်ကျွေးလိုက်သည်။
ခုမှမွေးဖွားစ ကလေးငယ်လေးများမှာ မျက်လုံးပင် ကောင်းစွာမဖွင့်နိုင်သေးသော်လည်း အစာစားလိုသည့် စိတ်မှာ ထက်သန်လှသည်။ ပါးစပ်ကလေးများ ဟကာ အဆက်မပြတ် စားသောက်နေပုံမှာ အလွန်ပင် ချစ်စရာ ကောင်းလှ၏။
ထိုကလေးငယ်တို့မှာ အမှန်ပင် စားနိုင်လွန်းလှသည်။ မွေးကင်းစအရွယ်ရှိသေးသော်လည်း ဆိတ်နို့ တစ်ပန်းကန်လုံးကို ကုန်စင်အောင် စားသောက်နိုင်ကြ၏။ စားသောက်ပြီးသည့်အခါ လေတက်စေရန်အတွက် ညင်သာစွာ ပုတ်ပေးပြီးနောက် နောက်တစ်ဦးကို ထပ်မံတိုက်ကျွေးရသည်။
ကလေးနှစ်ဦးစလုံး စားသောက်ပြီးစီးသွားသည့်အခါ ချက်ချင်းအိပ်စက်ခြင်းမပြုဘဲ ညင်သာစွာ လှုပ်ရှား လိုက်ပြီးနောက် ဝမ်းသွားလိုက်ကြသည်။ ဤသည်မှာ မိခင်ဝမ်းတွင်းမှ ပါလာသော အညစ်အကြေးများကို ပထမဆုံးအကြိမ် စွန့်ထုတ်ခြင်းပင်ဖြစ်၏။
အစောပိုင်းက အားမရှိသောကြောင့် မစွန့်ထုတ်နိုင်ခဲ့သော်လည်း ယခုအခါ ဗိုက်ဝသွားသဖြင့် အားအင် ပြည့်ဝလာခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် အညစ်အကြေးများကို သတိထား၍ ရှင်းလင်းပေးပြီးနောက် ကလေးငယ်များကို သန့်စင်ပေးကာ နူးညံ့ပျော့ပျောင်းသော အနှီးများဖြင့် လဲလှယ်ပေးလိုက်၏။
ကျီးချင့်မှာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယွင်ကျုံးဟဲ့ကို ကြည့်ရှုနေပြီး သူမ၏အကြည့်တို့မှာ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် အရည်ပျော်ကျလုမတတ်ပင် ဖြစ်နေသည်။
ယွင်ကျုံးဟဲ့သည် မိမိ၏စိတ်ထဲတွင် ခံစားနေရသော အပြစ်ရှိသည့်စိတ်ကို ပြန်လည်ကုစားနေခြင်းဖြစ်သည်။ ယခင်ကလေးသုံးဦးတုန်းကမူ ပတ်ဝန်းကျင်အခြေအနေမှာ အလွန်ဆိုးရွားလွန်းသောကြောင့် ဖခင်တစ်ဦး၏ တာဝန်ကို အပြည့်အဝ မကျေပွန်နိုင်ခဲ့ပေ။
သို့ပေမည့် ယခုအချိန်တွင်မူ ဤအင်ပါယာမှာ နွေးထွေးလုံခြုံနေပြီဖြစ်သည်။ အလုပ်ကိစ္စများဖြင့် အလွန်ပင် အလုပ်များနေသော်လည်း ကလေးငယ်များကို စောင့်ရှောက်ပေးနိုင်ပြီဖြစ်ရာ ယခင်က လစ်ဟင်းမှုများကို ပြန်လည်ဖြည့်ဆည်း ကုစားနိုင်တော့မှာဖြစ်သည်။
အညစ်အကြေးများ စွန့်ထုတ်ပြီးနောက်တွင်မူ ကလေးငယ်နှစ်ဦးမှာ ချိုမြိန်စွာဖြင့် အိပ်ပျော်သွားကြ၏။