← Chapters

အခန်း (၇၉၅-၇၉၆)

Vol. 67 Ch. 795-796

အခန်း (၇၉၅-၇၉၆)

Vol. 67 Ch. 795-796

အပိုင်း (၇၉၅)

“ကျွန်မရဲ့ တာဝန် ပြီးဆုံးသွားပြီ။”

ကျီးချင့်က ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။ “နောက်ဆက်တွဲ ကျွန်မရဲ့ သုတေသန လုပ်ငန်းတွေမှာပဲ အပြည့်အဝ အာရုံစိုက်နိုင်ပြီ။ ဘာမှ နှောင့်ယှက်စရာ မရှိတော့ဘူး။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်၏။ “ကလေး မွေးပြီးရင် မင်းက ပြုစုပျိုးထောင်ရအုံးမှာလေ။ မင်း ဗိုက်ထဲကနေ မွေးသွားရုံ သက်သက်ပဲလား။”

“သေချာတာပေါ့။”

ကျီးချင့်က ဖြေလိုက်သည်။

“သူတို့ကို ဆိတ်နို့ တိုက်လိုက်ရင် ရပြီမလား။ ကျွန်မရဲ့ အမေကို ပေးထိန်းခိုင်းလို့ ရသလို၊ ကလေးထိန်းကို ပေးထိန်းခိုင်းလို့လည်း ရတာပဲလေ။”

ယွင်ကျုံးဟဲ့ မျက်နှာ ချက်ချင်း တင်းမာသွား၏။

ကျီးချင့်က မျက်နှာလွှဲပြီး ပြောလိုက်သည်။ “ရှင်က ပါရမီရှင် သိပ္ပံပညာရှင် တစ်ယောက်ရဲ့ အနာဂတ်ကို နှောင့်နှေးအောင် လုပ်နေတာပဲ။”

ယွင်ကျုံးဟဲ့လည်း သူမကို ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ ဤအိမ်တွင် သူကသာ ဆုံးဖြတ်ခွင့် ရှိပြီး ကျီးချင့်က ပါးစပ်ကသာ မာနကြီးနေခြင်း ဖြစ်၏။

“သူတို့ကို ကျွန်မ မိခင်နို့ တိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မ မချော့ဘူးနော်။” ကျီးချင့်က ပြောလိုက်သည်။

“ကျွန်မ လာချော့မယ်...” မိဖုရား တူရှားက အမြန် ပြေးဝင်လာပြီး သူမ၏ အကြည့်များက ကလေး နှစ်ယောက်၏ မျက်နှာပေါ်သို့ ကျရောက်သွားရာ သံလိုက်ဓာတ်ဖြင့် ဆွဲငင်ခံထားရသကဲ့သို့ လုံးဝ မခွာနိုင်တော့ပေ။

“ဂုဏ်ယူပါတယ် အရှင်...” အကြီးအကဲ ကျီးချန်က လက်သီးဆုပ်၍ ပြောလိုက်သည်။

“အတူတူပါပဲ၊ အတူတူပါပဲ။”

ထို့နောက် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၏ ထိပ်သီး ခေါင်းဆောင်၊ အထက်လွှတ်တော်၏ ယခင် အုပ်ချုပ်ရေးမှူးသည် ယွင်ကျုံးဟဲ့နှင့်အတူ စကားစမြည် ပြောဆိုနေ၏။

အပြင်ပန်းတွင် သဘောထား သိသာထင်ရှားစွာ ပြောင်းလဲသွားခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ အရေးပါသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် အလွန် သိသာအောင် ပြသမည် မဟုတ်ပေ။

သို့ပေမည့် တကယ်တမ်းတွင်မူ သူပြောသော စကားတိုင်းက ယွင်ကျုံးဟဲ့၏ သဘောကျမှုကို ရရှိရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ဖားယားသည့် ပုံစံ မပေါက်အောင် ထိန်းထားသည်။

ယွင်ကျုံးဟဲ့၏ သူ့အပေါ် သဘောထားမှာလည်း ကြီးမားသော အပြောင်းအလဲ မရှိပေ။

အကြီးအကဲ ကျီးချန်သည် တကယ်ကို အမြင်ကျဉ်းသူ တစ်ဦးဟု ဆိုနိုင်သည်။ ယခင်က အကောင်းဆုံး ဖဲချပ်များကို သူ ဖျက်ဆီးပစ်ခဲ့သည်။

ချင်ဝမ် ကျီးရှန့် မည်ကဲ့သို့ လုပ်ခဲ့လဲ ဆိုခြင်းကို ကြည့်လိုက်ပါဦး။ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် တော်ဝင်မိသားစု စာသင်ကျောင်းက အစီရင်ခံစာကို မီးရှို့ပစ်ခဲ့သော်လည်း လျှို့ဝှက် လမ်းကြောင်း တစ်ခုမှတစ်ဆင့် ပေါက်ကြားစေခဲ့ပြီး ဤနည်းလမ်းဖြင့် လူတိုင်းကို ယွင်ကျုံးဟဲ့၏ တော်ဝင်မိသားစု သွေးကြောကို ယုံကြည်သွားစေခဲ့၏။

ထို့နောက် ကျီးယန်ကို အထက်လွှတ်တော်တွင် အရှေ့ဘက်ကို စစ်ချီရန် ဟန်ဆောင်၍ မဆင်မခြင် အဆိုပြုစေခဲ့ရာ ပြင်းထန်သော လူထု ဝေဖန်မှုများကို ခံခဲ့ရပြီး စတုတ္ထ တပ်တော် တပ်မှူး ရာထူးမှ ခေတ္တ နှုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

ဤသည်မှာ ချင်ဝမ် ကျီးရှန့်၏ ပထမဆုံး စမ်းသပ်မှုသာ ဖြစ်ပြီး အင်ပါယာ၏ အဓိက လူထု ဆန္ဒကို သိရှိပြီးနောက် သူသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် ကယ်တင်ရန် ကြိုးပမ်းခဲ့ပြီး ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့၏ လက်ထပ်ပွဲကို လျှို့ဝှက် စီစဉ်ပေးကာ ဤနည်းလမ်းဖြင့် အင်ပါယာ တော်ဝင်မိသားစု စာရင်း အတွင်းသို့ ဝင်ရောက်စေခဲ့၏။

ထို့နောက် ယွင်ကျုံးဟဲ့ကလည်း သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘဲ အံ့ဩစရာကောင်းသော အရည်အချင်းများကို ထုတ်ဖော်ပြသကာ အင်ပါယာ တစ်ခုလုံးကို တစ်လှမ်းချင်းစီ သိမ်းပိုက်နိုင်ခဲ့သည်။

ဤအရာများ အားလုံးက ရေစီးကြောင်းအတိုင်း သဘာဝကျစွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ချင်ဝမ် ကျီးရှန့်သည် တစ်ခါမှ မပေါ်လာခဲ့သလို ယွင်ကျုံးဟဲ့နှင့်လည်း မတွေ့ဆုံခဲ့ဖူးသော်လည်း လူနှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ သဟဇာတ ဖြစ်နေကြပြီး တူညီသော ရည်မှန်းချက် တစ်ခုအတွက် ကြိုးပမ်းနေကြခြင်း ဖြစ်၏။

ဆန့်ကျင်ဘက် အနေဖြင့် အကြီးအကဲ ကျီးချန်မှာမူ မိသားစုကို တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းမှ ထုတ်ပယ် မခံရရေးကိုသာ အမြဲတွေးတောနေ၏။ မိသားစုမှ တစ်ယောက်ယောက် နောက်တစ်ကြိမ် အထက် လွှတ်တော်သို့ ဝင်ရောက်နိုင်ရေးကိုသာ တွေးတောနေကာ မျက်မှောက်ရှိ အာဏာကိုသာ အမြဲ တွေးတော နေသည်။

ချင်ဝမ် ကျီးရှန့်သည် အမြဲတမ်း နိုင်ငံတော်အတွက် ကြံစည်နေသော်လည်း အကြီးအကဲ ကျီးချန်သည် အမြဲတမ်း အာဏာအတွက်သာ ကြံစည်နေသည်။ တစ်ယောက်က ကြီးကျယ်သော နိုင်ငံရေးသမားဖြစ်ပြီး နောက်တစ်ယောက်ကတော့ အာဏာမက်သူ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ခွဲကျော်က အကြီးအကဲ ကျီးချန်သည် ကျီးချင့်ကို ယွင်ကျုံးဟဲ့နှင့် ကွာရှင်းရန်ပင် ဖိအားပေးခဲ့သေးသည်။

ကျီးချင့်က ကွာရှင်းရန် ငြင်းဆန်ခဲ့သော်လည်း လောကတွင် လေမလုံသော နံရံ မရှိဆိုသည့်အတိုင်း ကျီးချန်၏ လုပ်ရပ်မျိုးစုံသည် နောက်ဆုံးတွင် လောက၏ လှောင်ပြောင်စရာ ဖြစ်သွားခဲ့၏။

အမတ်ကြီး ကျိန့်ချွဲသည် ခေါင်းမာသော ရှေးရိုးစွဲ တစ်ဦး ဖြစ်ခဲ့သောကြောင့် အင်ပါယာ နိုင်ငံရေးလောကမှ ထွက်ခွာရမည်မှာ သေချာသော်လည်း မည်သူကမှ သူ့ကို အထင်သေးမည် မဟုတ်ပေ။

သူသည် ရှေးရိုးစွဲ ဖြစ်သော်လည်း အနည်းဆုံးတော့ နိုင်ငံတော်ကို အပြည့်အဝ ချစ်မြတ်နိုးသူ ဖြစ်သည်။ အင်ပါယာ ပထမ စာသင်ကျောင်းက သူ့ကို အနားယူပြီးနောက် သမိုင်း သင်ကြားရန် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဖိတ်ကြားထားပြီး ဖြစ်သည်။

ထို့ကြောင့် အာဏာ ဆုံးရှုံးသွားလျှင်ပင် အမတ်ကြီး ကျိန့်ချွဲ၏ နာမည်ဂုဏ်သတင်းသည် ပျက်စီးသွားမည် မဟုတ်ပေ။

ဆန့်ကျင်ဘက် အနေဖြင့် ကျီးချန်သည် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းတွင် ဆက်ရှိနေသေးသော်လည်း ပြောရေးဆိုခွင့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် အစွမ်းကုန် ကြိုးစား၍ ပြန်လည် ကယ်တင်ရန် ကြိုးပမ်းနေပြီး အနာဂတ် ဝန်ကြီးအဖွဲ့တွင် သူ၏ သားအတွက် အနည်းဆုံး နေရာ တစ်နေရာ ရရှိရန် ကြိုးပမ်းနေ၏။ သို့ပေမည့် အနာဂတ် ဝန်ကြီးအဖွဲ့တွင် ကျီးချန် မိသားစုသည် နေရာ တစ်နေရာမျှပင် ရရှိမည် မဟုတ်ပေ။

“နောက်သုံးရက်နေရင် အုပ်ချုပ်ရေး နန်းတော်မှာ အထက်လွှတ်တော်နဲ့ တော်ဝင်မိသားစုရဲ့ ပူးတွဲ အစည်းအဝေးကြီး ကျင်းပတော့မယ်။ အဲဒီအချိန်ကျရင် အထက်လွှတ်တော် အမတ်တွေ အားလုံး၊ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အားလုံး တက်ရောက်ရမယ်။”

အကြီးအကဲ ကျီးချန်က ပြောလိုက်သည်။ “မင်း စိတ်ချပါ။ အဘိုးက သေချာပေါက် မင်းဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့က လက်သီးဆုပ်၍ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။”

ဤအခြင်းအရာသည် အမှန်တကယ်ပင် လှောင်ပြောင်ဖွယ်ရာ ကောင်းလွန်းလှ၏။ တော်ဝင်ဆွေမျိုးစု အဖွဲ့အစည်း၏ အမြင့်ဆုံး အဓိပတိခေါင်းဆောင်မှာ ချင်ဝမ် ကျီးရှန့် ဖြစ်ပြီး လောလောဆယ်တွင် ထိုအဖွဲ့အစည်းကို လက်တွေ့ဦးဆောင်အုပ်ချုပ်နေသူမှာလည်း ကျီးကျန်း ဖြစ်သည်။

ချင်ဝမ် ကျီးရှန့်သည် ယွင်ကျုံးဟဲ့၏ ဘုရင်ရာထူး အတည်မပြုရသေးမီ အချိန်အထိ ယွင်ကျုံးဟဲ့နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခြင်း မရှိခဲ့ချေ။

အကြောင်းမူကား ၎င်းတို့နှစ်ဦး ဆုံတွေ့ပါက မည်သူက အဓိက၊ မည်သူက အရန် ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲသွားမည်ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း၊ အနာဂတ်တွင် ယွင်ကျုံးဟဲ့အပေါ် မင်းလည်းမမည်၊ အမတ်လည်းမကျ ဟူသော အထင်အမြင်လွဲမှားမှု ဆိုးကျိုးများ ကျန်ရစ်ခဲ့မည်ကို ပူပန်ခြင်းကြောင့် ဖြစ်သည်။

စစ်ရေးနှင့် သက်ဆိုင်သော တိုက်ပွဲကာလများ၌ပင် ကျီးကျန်းသည် ယွင်ကျုံးဟဲ့အပေါ် အမတ်တစ်ဦးအား ဆက်ဆံရမည့် စံနှုန်းနှင့် ညီလာခံထုံးစံများအတိုင်းသာ ပြုမူဆက်ဆံခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယခုအခါတွင်မူ ကျီးချန်သည် မိမိကိုယ်မိမိ အဘိုးဟု ခေါ်ဝေါ်သုံးနှုန်းနေဆဲဖြစ်ပြီး သူ့ကိုယ်သူ ယွင်ကျုံးဟဲ့၏ အားကိုးအားထားပြုရာ ဖြစ်သည် ဟူသော မောက်မာသည့် ဟန်ပန်မျိုး ပြုမူနေသည်မှာ တကယ်ပင် ရယ်ချင်စရာ ကောင်းလို့နေတော့သည်။

ဤမျှ စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးလှသော လူမျိုးက ယခင်တုန်းက အထက်လွှတ်တော်၏ အုပ်ချုပ်ရေးမှူး ရာထူးကိုပင် ရယူခဲ့ဖူးသည် ဆိုသည်မှာ အံ့ဩစရာပင်။

သို့ရာတွင် ဤသည်ကလည်း သဘာဝကျလှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က အချုပ်အခြာ အာဏာပိုင် အုပ်ချုပ်ရေးမှူးမှာ မိဖုရား တူရှား၏ ယောက်ျားဖြစ်ပြီး သူတစ်ဦးတည်းကပင် စာပေနှင့် သိုင်းပညာဆိုင်ရာ အုပ်ချုပ်ရေးမှူး ရာထူးနှစ်ခုစလုံးကို ပူးတွဲတာဝန်ယူထားသောကြောင့် ဖြစ်၏။

သူ့အနေဖြင့် အကြွင်းမဲ့ အာဏာရှင်ဘုရင်တစ်ပါး ဖြစ်လာစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေသည့် အချိန်ကာလဖြစ်ရာ မိမိအလိုအတိုင်း ခိုင်းစေနိုင်မည့်၊ အစွမ်းအစ သိပ်မထူးချွန်သော အထက်လွှတ်တော် အုပ်ချုပ်ရေးမှူးတစ်ဦးကိုသာ လိုအပ်မည်မှာ ဧကန်မုချပင်။

ထိုအကြောင်းရင်းကြောင့်ပင် ကျီးချန်တစ်ယောက် ကံသီ၍ ရာထူးတက်လှမ်းခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ စစ်ရေး တိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိသွားသည့် သတင်းသည် တာ့ယန် အင်ပါယာသစ် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

တစ်ခဏချင်း အတွင်းမှာပင် အင်ပါယာရှိ လူသန်းပေါင်းများစွာ တုန်လှုပ်သွားကြ၏။ ထို့နောက် အင်ပါယာ၏ သတင်းစာများနှင့် စာစောင်များ အားလုံးတွင် ဤစစ်ရေး တိုက်ပွဲ၏ အသေးစိတ် ဖြစ်စဉ်များကို အသေးစိတ် ဖော်ပြကြသည်။

အင်ပါယာ အစိုးရ၏ သတင်းလွှာများကလည်း နှင်းပွင့်များကဲ့သို့ အင်ပါယာ၏ ခရိုင်တိုင်း၊ မြို့နယ်တိုင်းသို့ ပျံသန်းသွားကြ၏။

ရက်အနည်းငယ် အချိန်တို အတွင်းမှာပင် အင်ပါယာ နိုင်ငံသားတိုင်းသည် စစ်ရေးတိုက်ပွဲ၏ အသေးစိတ် ဖြစ်စဉ်များကို သိရှိသွားကြ၏။ တာ့ယန် အင်ပါယာသစ်၏ စုစည်းနိုင်စွမ်းနှင့် လှုံ့ဆော်နိုင်စွမ်းမှာ တကယ်ကို အားကောင်းလွန်းလှသည်။

ထို့အပြင် အခြေခံ ပညာရေးကျောင်းများ အသီးသီး၊ စာသင်ကျောင်းကြီးများ အသီးသီး၊ ကယ်ဆယ်ရေး စခန်းများ စသည့် အများပြည်သူနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ အားလုံးတွင် စစ်ရေး တိုက်ပွဲ တစ်ခုလုံး အကြောင်းကို ပြောပြသူများ ရှိ၏။

လူတိုင်းက အစပိုင်းတွင် အံ့ဩသွားကြပြီး မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။

‘အရှင် ယွင်ကျုံးဟဲ့ရဲ့ ကျောင်းသား စစ်တပ် တစ်ထောင်က အင်ပါယာရဲ့ အထူးချွန်ဆုံး စစ်သည် တစ်သောင်းကို တကယ်ပဲ အနိုင်ယူနိုင်ခဲ့တာလား။’

‘ဒါ အရမ်း တော်လွန်းတယ် မဟုတ်ဘူးလား။ အရမ်း ယုံနိုင်စရာ မရှိလောက်အောင်ပဲ မဟုတ်ဘူးလား။’

‘အရှင် ယွင်ကျုံးဟဲ့က နတ်ဘုရားများလား။ ဒါက အံ့ဩစရာ မဟုတ်တော့ဘူး၊ နတ်ဘုရား အစွမ်း ဖြစ်နေပြီ။’

သေချာပေါက် သတင်းစာများနှင့် အင်ပါယာ၏ သတင်းလွှာများ၏ ရည်ရွယ်ချက်မှာ ယွင်ကျုံးဟဲ့အတွက် လှုံ့ဆော်ပေးရန် သက်သက် မဟုတ်တော့ဘဲ စစ်ရေး စနစ်သစ်အတွက် လှုံ့ဆော်ပေးရန်ဖြစ်ကာ အင်ပါယာ နိုင်ငံသား အားလုံးကို အနာဂတ် ဆိုသည်မှာ မည်သို့သော အရာ ဖြစ်ကြောင်း ပြောပြရန် ဖြစ်၏။

သို့ပေမည့် အင်ပါယာ ပြည်သူများ၏ စိတ်ထဲတွင်မူ ဤသည်မှာ အင်ပါယာအတွက် လှုံ့ဆော်ပေးခြင်းပင် ဖြစ်သည်။

စစ်ရေး တိုက်ပွဲ၏ အောင်ပွဲ အကြောင်းကို ကြားသိပြီးနောက် မရေမတွက်နိုင်သော နိုင်ငံသားများသည် ထပ်မံ၍ လမ်းပေါ်သို့ ထွက်လာကြပြီး ယွင်ကျုံးဟဲ့၏ အလံများကို မြှောက်ကိုင်ထားကြ၏။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် ယွင်ကျုံးဟဲ့... အင်ပါယာကို အုပ်ချုပ်ပါ။”

“အရှင် ယွင်ကျုံးဟဲ့... ဘုရင်ရာထူးကို တက်ရောက်ပါ။”

ခရိုင်တိုင်းလိုလို၊ ပြည်နယ်တိုင်းလိုလိုတွင် နိုင်ငံသားများ ချီတက် ဆန္ဒပြကြပြီး ယွင်ကျုံးဟဲ့ ဘုရင် ဖြစ်လာရန် ကျယ်လောင်စွာ အော်ဟစ် တောင်းဆိုကြသည်။

ရက်အနည်းငယ်အကြာတွင် အုပ်ချုပ်ရေးနန်းတော် အတွင်း၌ တစ်ခါမှ မရှိဖူးသော ကြီးမားသည့် အစည်းအဝေးကြီး တစ်ရပ်ကို ကျင်းပခဲ့၏။

အထက်လွှတ်တော် အမတ် အားလုံး၊ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း အဖွဲ့ဝင် အားလုံး၊ ပြည်နယ်ကြီးများ၏ အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ် ဘုရင်ခံများ အားလုံး ရောက်ရှိလာကြ၏။ အစည်းအဝေး တက်ရောက်သူ အရေအတွက်သည် လူတစ်ရာကျော် ရှိသည်။

အစည်းအဝေး၏ ပထမ အစီအစဉ်မှာ အထက်လွှတ်တော် အမတ်ကြီး လီဖူကို အကွက်ဆင် ချောက်ချခဲ့သော အမှုကို ကြေညာခြင်း ဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီးခြင်း ဖြစ်၏။

အမတ်ကြီး ကျိန့်ချွဲ သည် တာဝန်ယူကာ ရာထူးမှ နှုတ်ထွက်ခဲ့သည်။ သေချာပေါက် လီဖူကို အကွက်ဆင် ချောက်ချခဲ့သော တကယ့် နောက်ကွယ်က ကြိုးကိုင်သူမှာ စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်၏။ သို့ပေမည့် သူ၏ အဆင့်အတန်းအရ ဂုဏ်သိက္ခာကို ငဲ့ကွက်ရမှာဖြစ်သည်။

အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးမည်လား။ ဤသည်မှာ အင်ပါယာကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်၏။

ဒုတိယ အစီအစဉ် အနေဖြင့် စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက အင်ပါယာ အထက်တန်းလွှာများထံသို့ အုပ်ချုပ်ရေး အစီရင်ခံစာ တင်ပြခြင်း ဖြစ်၏။ အစီရင်ခံစာ တစ်ခုလုံး၏ အကြောင်းအရာမှာ စာလုံးရေ တစ်သောင်းကျော် ရှည်လျားသည်။

ပထမဦးစွာ ပြီးခဲ့သော နှစ်များအတွင်း အင်ပါယာ၏ အောင်မြင်မှုများကို အသိအမှတ်ပြုပြီးနောက် ယဉ်ကျေးမှုသစ်၏ တိုးတက်မှုကို အသိအမှတ်ပြုကာ အင်ပါယာ တစ်ခုလုံး ယဉ်ကျေးမှုသစ် လှုပ်ရှားမှုကို အပြည့်အဝ စတင်ရန် တောင်းဆိုခဲ့၏။

နောက်ဆက်တွဲ အနေဖြင့် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက စစ်ရေး အစီရင်ခံစာ တင်ပြပြီး အဓိကအားဖြင့် စစ်ရေးစနစ်သစ်၏ တိုးတက်မှုကို အသိအမှတ်ပြုကာ အင်ပါယာ တစ်ခုလုံး စစ်ရေး ပြုပြင်ပြောင်းလဲမှု အပြည့်အဝ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အုပ်ချုပ်ရေးမှူး နှစ်ဦး၏ အစီရင်ခံစာများ ပြီးဆုံးသွားပြီးနောက် တစ်ရက်တာ အချိန် ကုန်ဆုံးသွားပြီး အစည်းအဝေး ရပ်နားလိုက်၏။

အပိုင်း (၇၉၆)

ဒုတိယနေ့ အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူး နှစ်ဦးက အင်ပါယာသည် တစ်ခါမှ မရှိဖူးသော အခြေအနေသစ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူတို့တွင် ယဉ်ကျေးမှုသစ် လှုပ်ရှားမှုနှင့် စစ်ရေး ပြုပြင်ပြောင်းလဲမှုသစ်များကို ဦးဆောင်ရန် ခွန်အား မရှိတော့သလို တိုးတက်သော တွေးခေါ်မှုလည်း မရှိတော့ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူး နှစ်ဦးသည် အထက်လွှတ်တော်နှင့် အင်ပါယာ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းထံသို့ အုပ်ချုပ်ရေးမှူး ရာထူးမှ တရားဝင် နှုတ်ထွက်ခွင့် တောင်းခံခဲ့၏။

တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း တစ်ခုလုံးတွင် ဤအခြေအနေကို လက်ခံနိုင်သူ တစ်ဦးမှ မရှိသလို အုပ်ချုပ်ရေးမှူး နှစ်ဦး၏ နှုတ်ထွက်လွှာကို လက်ခံရန် အရည်အချင်း ရှိသူ တစ်ဦးမှ မရှိပေ။

ထို့ကြောင့် တော်ဝင်မိသားစု၏ အမြင့်ဆုံး ခေါင်းဆောင်၊ အင်ပါယာ၏ ချင်ဝမ် ကျီးရှန့်က နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

သူသည် အုပ်ချုပ်ရေးမှူး နှစ်ဦးကို အရင်ဆုံး ဆက်လက် နေထိုင်ရန် တားမြစ်ခဲ့ပြီး သူတို့၏ အကျိုးပြုမှုများကို အသိအမှတ် ပြုခဲ့၏။

အုပ်ချုပ်ရေးမှူး နှစ်ဦးက အစီရင်ခံစာကို ထပ်မံ တင်ပြပြီး သူတို့၏ အမှားများကို အကြိမ်ကြိမ် ဝန်ခံခဲ့ကာ အင်ပါယာ၏ ယဉ်ကျေးမှုသစ်နှင့် စစ်ရေး ပြုပြင်ပြောင်းလဲမှုသစ်များကို ဦးဆောင်ရန် တကယ်ကို စွမ်းဆောင်နိုင်စွမ်း မရှိတော့ကြောင်း ထပ်မံ ပြောကြားခဲ့ကြသည်။

ချင်ဝမ် ကျီးရှန့်က ထပ်မံ တားမြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး နှစ်ဦးက ထပ်မံ နှုတ်ထွက်ခဲ့ကြ၏။

နောက်ဆုံးတွင် ချင်ဝမ် ကျီးရှန့်က အုပ်ချုပ်ရေးမှူး နှစ်ဦး၏ နှုတ်ထွက်လွှာကို လက်ခံရန် သူ့တွင် အခွင့်အာဏာ မရှိကြောင်းနှင့် ထိုနေရာရှိ လူအားလုံး၏ မဲခွဲ ဆုံးဖြတ်မှု လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူး နှစ်ဦး ထပ်မံ ထွက်လာကာ မိန့်ခွန်းပြောကြားပြီး ထိုနေရာရှိ အမတ်ကြီးများ အားလုံးကို သူတို့၏ နှုတ်ထွက်လွှာကို ခွင့်ပြုပေးပါရန် စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့ကြ၏။

နောက်ဆုံးတွင် ထိုနေရာရှိ အင်ပါယာ အထက်တန်းလွှာ တစ်ရာကျော်က မဲခွဲ ဆုံးဖြတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး နှစ်ဦး၏ နှုတ်ထွက်လွှာကို သဘောတူ ခွင့်ပြုလိုက်ကြသည်။

ဒုတိယနေ့ အစည်းအဝေး ပြီးဆုံးသွား၏။

တတိယနေ့ အစည်းအဝေးကို အင်ပါယာ၏ ချင်ဝမ် ကျီးရှန့် ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သည်။

လောကတစ်ခုလုံး၏ အခြေအနေကို အစီရင်ခံ တင်ပြခြင်း ဖြစ်ပြီး အထူးသဖြင့် အရှေ့ဘက်လောကနှင့် တာ့ရှန်း မိစ္ဆာနိုင်ငံ၏ အခြေအနေများကို ဖြစ်၏။

“အမတ်ကြီးတို့… အရှင် ယွင်ကျုံးဟဲ့ ကျုပ်တို့ အင်ပါယာကို ရောက်လာတာ သုံးနှစ်ကျော် ရှိသွားပြီ။ ဒါပေမဲ့ အရှေ့ဘက်လောကကနေ ရလာတဲ့ နောက်ဆုံး သတင်းအချက်အလက်က ဘယ်အချိန်ကလဲ ဆိုတာ ခင်ဗျားတို့ သိကြလား။”

ချင်ဝမ် ကျီးရှန့်က ပြောသည်။ “လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကျော်က နောက်ဆုံး အစီရင်ခံစာရဲ့ အကြောင်းအရာကတော့ တာယင် အင်ပါယာရဲ့ အမှောင် မိစ္ဆာဘုရင်ဟာ သိုင်းပြိုင်ပွဲမှာ ပိုင်ယင် မြို့စားကို အနိုင်ရရှိခဲ့ပြီး တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ အမြင့်ဆုံး ဘုရင် ဖြစ်လာတယ် ဆိုတာပါပဲ။ ဒါက အရှေ့ဘက်လောကကနေ ရလာတဲ့ နောက်ဆုံး အစီရင်ခံစာပါပဲ။ အဲဒီအချိန်ကစပြီး ဘာသတင်းမှ မကြားရတော့ပါဘူး။”

ချင်ဝမ် ကျီးရှန့်က ဆက်ပြော၏။ “ကျုပ်တို့ ကြောက်ရွံ့သင့်တယ်။ ကျုပ်တို့ အရှေ့ဘက်လောကမှာ သူလျှို ဘယ်နှယောက်များ စေလွှတ်ထားခဲ့လဲ။ ထောင်ချီ မက ရှိခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်မလာတော့သလို ဘယ်သူကမှ သတင်းအချက်အလက် မပို့လာတော့ဘူး။ ဒါက အရှေ့ဘက်လောကမှာ ရှိတဲ့ ကျုပ်တို့ရဲ့ အဖွဲ့အစည်း လုံးဝ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဆိုတာကို သက်သေပြနေတာပဲ။

ဒီနှစ်နှစ်ခွဲ အချိန်အတွင်းမှာ အရှေ့ဘက်လောကမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ။ ကျုပ်တို့ ဘာမှ မသိရဘူး၊ ကျုပ်တို့ မျက်ကန်းတွေ ဖြစ်သွားပြီ။ တာ့ရှန်း မိစ္ဆာနိုင်ငံက ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်နေပြီလဲ။ ကျုပ်တို့ ဘာမှ မသိရဘူး။

အမတ်ကြီးတို့... ဒါက အရမ်း အန္တရာယ်များတဲ့ ကိစ္စပါ။ ကျုပ်တို့က ချောက်ကမ်းပါးဘေး ရောက်နေပါပြီ။ “အမှောင် အင်အားတွေ၊ ဖျက်ဆီးမယ့် အင်အားတွေက ကျုပ်တို့နဲ့ ဘယ်လောက် ဝေးနေလဲ။ မိုင်သုံးသောင်းလား၊ မိုင်နှစ်သောင်းလား၊ ဒါမှမဟုတ် မိုင်တစ်သောင်းလား။ ဒါမှမဟုတ် မနီးမဝေးမှာပဲလား။ ကျုပ်တို့မှာ အချိန် ဘယ်လောက် ကျန်သေးလဲ။ အားလုံး ဘာမှ မသိရတော့ဘူး။

တာ့ယန် အင်ပါယာသစ် တည်ထောင်ပြီးတည်းက ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒါက တစ်ခါမှ မရှိဖူးတဲ့ ရန်သူပါ။ နောက်ဆက်တွဲ ဘယ်လို လျှောက်လှမ်းရမလဲ ဆိုတာ သေချာ စဉ်းစားရမယ့် ကိစ္စပါ။”

ချင်ဝမ် ကျီးရှန့်၏ အစီရင်ခံစာ ပြီးဆုံးသွားပြီးနောက်…

အထက်လွှတ်တော်၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီက အဆိုပြုချက် တစ်ခု တင်ပြခဲ့၏။ အင်ပါယာသည် တစ်ခါမှ မရှိဖူးသော အန္တရာယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး စနစ်ကို ဖျက်သိမ်းပြီး ဉာဏ်ပညာ ကြီးမားသော ခေါင်းဆောင် တစ်ဦးကို တင်မြှောက်သင့်ကြောင်း၊ သို့မှသာ အင်ပါယာ၏ အင်အား အားလုံးကို အများဆုံး စုစည်းနိုင်ပြီး ပြင်ပရန်သူကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း အဆိုပြုခဲ့သည်။

ဤအဆိုပြုချက်ကို လူတိုင်း သိထားပြီးသား ဖြစ်သော်လည်း ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့၏။

ထို့နောက် တတိယနေ့ အစည်းအဝေး ပြီးဆုံးသွားပြီး ငါးရက်ကြာ အနားယူမှာဖြစ်၏။ ငါးရက်ကြာပြီးမှ ဆက်လက် ကျင်းပမှာဖြစ်သည်။

အဘယ့်ကြောင့် ဤသို့ လုပ်ဆောင်ရသနည်း။ ဤသည်မှာ အင်ပါယာ ပြည်သူများအတွက် အချိန်ပေးခြင်းဖြစ်ပြီး လူထု ဆန္ဒကို ထပ်မံ၍ စမ်းသပ်ရန် ဖြစ်၏။

အုပ်ချုပ်ရေး နန်းတော် အစည်းအဝေး ခေတ္တ ရပ်နားသွားသော်လည်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

တစ်စုံတစ်ယောက်က အရှင် ယွင်ကျုံးဟဲ့ကို အင်ပါယာ၏ ဘုရင် အဖြစ် တင်မြှောက်လိုသော်လည်း အများစုက ကန့်ကွက်ခဲ့ကြသည် ဟူသော သတင်း ဖြစ်၏။

ဤသတင်း ထွက်ပေါ်လာပြီးနောက် အင်ပါယာ ပြည်သူများ ထပ်မံ ဆူပွက်သွားပြန်သည်။

မရေမတွက်နိုင်သော ပြည်သူများသည် လမ်းပေါ်သို့ ထပ်မံ ထွက်လာကြပြီး အုပ်ချုပ်ရေးရုံးများ အသီးသီးသို့ လာရောက်ကြကာ အုပ်ချုပ်ရေး နန်းတော် ရှေ့သို့ ရောက်ရှိလာကြ၏။

“အရှင် ဘုရင် ဖြစ်ရမယ်၊ အင်ပါယာရဲ့ ဘုရင်။”

ပညာရှင် တစ်ယောက်ပြီး တစ်ယောက် လမ်းပေါ်တွင် ဟောပြောကြသည်။

အင်ပါယာ နိုင်ငံသားများကို လက်ရှိ အခြေအနေ မည်မျှ အန္တရာယ်များကြောင်း၊ တာ့ရှန်း မိစ္ဆာနိုင်ငံသည် လောကကြီး၏ အများစုကို အုပ်စိုးနေပြီ ဖြစ်နိုင်ကြောင်း၊ တာ့ယန် အင်ပါယာသစ်ကိုပင် ဝိုင်းရံထားပြီး ဖြစ်နိုင်ကြောင်း ပြောပြကြ၏။

အင်ပါယာ၏ အခြေအနေမှာ ကြက်ဥများ ထပ်ထားသကဲ့သို့ အန္တရာယ်များနေပြီး ဤအချိန်တွင် လိုအပ်သည်မှာ ခွဲဝေမှု မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှု ဖြစ်ကြောင်း ပြောပြကြသည်။

ဉာဏ်ပညာ ကြီးမားပြီး အင်အားကြီးမားသော ခေါင်းဆောင် တစ်ဦး လိုအပ်ပြီး အင်ပါယာကို ဦးဆောင်ကာ ဤယဉ်ကျေးမှု ကာကွယ်ရေး စစ်ပွဲကို အနိုင်ယူရန် လိုအပ်ကြောင်း ပြောပြကြ၏။

ထို့နောက် မြေပုံ တစ်ချပ်သည် အင်ပါယာ တစ်ခုလုံး၏ နေရာတိုင်းတွင် ထွက်ပေါ်လာသည်။

ထိုအရာမှာ လောကမြေပုံ ဖြစ်ပြီး အပေါ်ရှိ အနက်ရောင် အပိုင်းများမှာ တာ့ရှန်း မိစ္ဆာနိုင်ငံ၏ နယ်မြေများ ဖြစ်နိုင်ခြေ ရှိပြီး မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းကာ အဆုံးအစမရှိ အင်အားကြီးမားကြောင်း ပြသထား၏။

တာ့ယန် အင်ပါယာသစ်၏ ပြည်တွင်း နယ်မြေမှာမူ တာ့ရှန်း မိစ္ဆာနိုင်ငံ၏ အပုံဆယ်ပုံ တစ်ပုံပင် မရှိဘဲ ကိုလိုနီ နယ်မြေများ ပေါင်းထည့်လိုက်လျှင်ပင် တာ့ရှန်း မိစ္ဆာနိုင်ငံ၏ ဆယ်ပုံတစ်ပုံမျှ မရှိကြောင်း ပြသထားသည်။

ထို့အပြင် တာ့ရှန်း မိစ္ဆာနိုင်ငံ တစ်ခုလုံးကို အမှောင် မိစ္ဆာဘုရင် ပုံစံ ရေးဆွဲထားပြီး တာ့ယန် အင်ပါယာသစ်ကို အချိန်မရွေး မျိုချပစ်နိုင်မည့် ပုံစံမျိုး ဖြစ်နေ၏။

မရေမတွက်နိုင်သော လူများက အင်ပါယာသည် အုပ်ချုပ်ရေးမှူး မဟုတ်ဘဲ တကယ့် ဘုရင် တစ်ပါး လိုအပ်ကြောင်း အော်ဟစ် တောင်းဆိုကြသည်။

ထို့နောက် မရေမတွက်နိုင်သော အင်ပါယာ နိုင်ငံသားများသည် လူသောင်းချီ လက်မှတ်ရေးထိုးထားသော အသနားခံစာများကို စတင် ရေးသားကြပြီး အုပ်ချုပ်ရေး နန်းတော်သို့ တင်ပြကာ ဘုရင် တင်မြှောက်ရန် အုပ်ချုပ်ရေး နန်းတော်ကို ခွင့်ပြုချက် တောင်းခံကြ၏။

ရက်အနည်းငယ်ဆိုသည့် အချိန်တို အတွင်းမှာပဲ အသနားခံစာ ဆယ်စောင်ကျော် ရှိလာပြီး အသနားခံစာ တစ်စောင်စီတိုင်းတွင် လူသောင်းချီ၏ လက်ဗွေရာများ ပါဝင်၏။ ဤသည်မှာ လူထု သဘောထား လှုံ့ဆော်မှုပင် ဖြစ်သည်။

အင်ပါယာ အထက်တန်းလွှာများသည် ဤဘုရင်ကို အထက်လွှတ်တော်နှင့် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းက တင်မြှောက်ခြင်း မဟုတ်ဘဲ အင်ပါယာ နိုင်ငံသားများက တင်မြှောက်ခြင်း ဖြစ်သည်ဟူသော အထင်အမြင်မျိုး ဖန်တီးလိုကြ၏။

ထို့ကြောင့် အင်ပါယာ၏ ဘုရင် ဖြစ်လာလျှင်ပင် အင်ပါယာ နိုင်ငံသား အားလုံး၏ အကျိုးစီးပွားနှင့် ဆန္ဒကို ကိုယ်စားပြုသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ လုပ်ရိုးလုပ်စဉ် အတိုင်းဟု ထင်ရသော်လည်း ၎င်းသည် လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုပင် ဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက နာမည် မမှန်ရင် စကား မပီသ ဖြစ်သွားပေလိမ့်မည်။

ငါးရက် အကြာတွင် အုပ်ချုပ်ရေး နန်းတော် အစည်းအဝေးကို ဆက်လက် ကျင်းပသည်။

အထက်လွှတ်တော် ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီကပင် ဆက်လက် စကားပြောကြားပြီး သူသည် အင်ပါယာ နိုင်ငံသား သန်းပေါင်းများစွာ၏ အသနားခံစာများကို ကိုင်ဆောင်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အမတ်ကြီးတို့… ဒါက အင်ပါယာ နိုင်ငံသားတွေရဲ့ အသံပါ။ ခင်ဗျားတို့ သိလား။ လမ်းခရီးမှာ အသနားခံစာတွေ အများကြီး လာနေပါသေးတယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာတွေက နိုင်ငံသား အများအပြားဟာ မိုင်ထောင်ချီ ခရီးကို မမှုဘဲ သက်ဆိုင်ရာ ပြည်နယ်ကြီးတွေရဲ့ အုပ်ချုပ်ရေးရုံးတွေဆီ အသနားခံစာတွေ သွားပို့နေကြပါတယ်။

ကျုပ်တို့ရဲ့ စာရင်းတွေအရ အင်ပါယာရဲ့ ခရိုင် အားလုံးက အသနားခံစာ တင်ထားကြပြီး ခရိုင်ခွဲ ခုနစ်ရာ၊ ခရိုင်ခွဲ အားလုံးရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းကျော်ကလည်း အသနားခံစာတွေ တင်ထားကြပါတယ်။ အုပ်ချုပ်ရေးမှူး စနစ်ကို ပြုပြင်ပြောင်းလဲပြီး အင်ပါယာရဲ့ ဘုရင် တင်မြှောက်ဖို့ တောင်းဆိုနေကြပါတယ်။

ဒါက အင်ပါယာ နိုင်ငံသား အားလုံးရဲ့ ဆန္ဒပါပဲ။ ဒါက တားဆီးလို့ မရတဲ့ သမိုင်းရေစီးကြောင်းကြီးပါပဲ။ ဒီနေရာကနေ အင်ပါယာရဲ့ ဘုရင် တင်မြှောက်ဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးကြဖို့ အမတ်ကြီးတွေကို ထပ်မံ တောင်းပန်ပါတယ်။”

ထို့နောက် အမတ်ကြီး ဟွာပီက အင်ပါယာ ဘုရင် တင်မြှောက်ရန် တရားဝင် အဆိုပြုလိုက်သည်။

တစ်ရက်တာ အချိန်ယူ၍ ဆွေးနွေးပြီးနောက်…

နောက်တစ်နေ့တွင် အစည်းအဝေး တက်ရောက်သူ အမတ်ကြီး တစ်ရာသည် အင်ပါယာ ဘုရင် တင်မြှောက်ရန် သင့်၊ မသင့်ကို လူသိရှင်ကြား မဲခွဲ ဆုံးဖြတ်ကြပြန်၏။

ထိုနေရာရှိ လူတစ်ရာစလုံး သဘောတူညီကြပြီး ရာခိုင်နှုန်းပြည့် အတည်ပြုနိုင်ခဲ့သည်။

နောက်ဆက်တွဲ အစီအစဉ်မှာ မည်သူ့ကို အင်ပါယာ၏ ဘုရင် အဖြစ် တင်မြှောက်မည်နည်း ဆိုသည်ပင် ဖြစ်သည်။ ဤဘုရင်ကို တော်ဝင်မိသားစုဝင်များထဲမှ ရွေးချယ်ရမှာဖြစ်၏။

တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းက အာဏာရှင် ဘုရင်လောင်း နှစ်ဦးကို တင်သွင်းခဲ့သည်။ တစ်ဦးမှာ ကျီးကျန်း ဖြစ်ပြီး နောက်တစ်ဦးမှာ ယွင်ကျုံးဟဲ့ ဖြစ်သည်။

သုံးရက် အကြာတွင် အစည်းအဝေးက ထပ်မံ၍ လူသိရှင်ကြား မဲခွဲ ဆုံးဖြတ်ပြီး ထိုနှစ်ဦးထဲမှ တစ်ဦးကို ဘုရင် အဖြစ် ရွေးချယ်မှာဖြစ်၏။

ချက်ချင်းပဲ အင်ပါယာ နိုင်ငံသားများသည် အုပ်ချုပ်ရေး နန်းတော်သို့ အသနားခံစာများ ထပ်မံ တင်ပြကြပြန်၏။ အရှင် ယွင်ကျုံးဟဲ့ကို အင်ပါယာ၏ ဘုရင် အဖြစ် တင်မြှောက်ရန် တောင်းဆိုကြသည်။

ပညာရှင် အများအပြားသည် ကျီးကျန်း ၏ အိမ်သို့ သွားရောက် အသနားခံကြပြီး အကြီးအကဲ ကျီးကျန်း အနေဖြင့် အခြေအနေ အရပ်ရပ်ကို ထောက်ထားကာ အင်ပါယာအတွက် အာဏာရှင်ဘုရင် ရွေးချယ်ခံရမှုမှ နုတ်ထွက်ပေးရန် တောင်းဆိုကြ၏။

အကြီးအကဲ ကျီးကျန်းလည်း အလွန် မတတ်သာအောင် ဖြစ်ရသည်။ သူသည် အရှင် ယွင်ကျုံးဟဲ့နှင့် ပြိုင်ဆိုင်ရန် တစ်ခါမှ မရည်ရွယ်ခဲ့ပေ။

ဤအရာများ အားလုံးသည် လုပ်ထုံးလုပ်နည်း မှန်ကန်စေရန်အတွက်သာ ဖြစ်၏။ ဤသည်မှာ သက်သက် ဟန်ဆောင်ခြင်း မဟုတ်ဘဲ အင်ပါယာ၏ အနာဂတ်အတွက် ဤသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။

ကိုယ်ပိုင် သဘောဖြင့် ပေးအပ်လိုက်သည်ဟူသော အထင်အမြင်မျိုး လုံးဝ မဖြစ်စေရဘဲ တရားမျှတမှုနှင့် သေချာပေါက် ကိုက်ညီရမှာဖြစ်၏။

သို့ပေမည့် နိုင်ငံသား အချို့ကိုတော့ အရှင် ယွင်ကျုံးဟဲ့ ဘုရင်ရာထူး ဆုံးရှုံးသွားမည်ကို စိုးရိမ်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ အကြီးအကဲ ကျီးကျန်းသည် တော်ဝင်မိသားစု အင်အားစုတွင် အမြစ်တွယ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် မရေမတွက်နိုင်သော အသနားခံစာများသည် နှင်းပွင့်များကဲ့သို့ အုပ်ချုပ်ရေး နန်းတော်သို့ ထပ်မံ ပျံသန်းလာပြန်သည်။

All Chapters