အခန်း (၇၉၇-၇၉၈)
Vol. 67 Ch. 797-798
အပိုင်း (၇၉၇)
သုံးရက် အကြာတွင် အုပ်ချုပ်ရေး နန်းတော်သည် အစည်းအဝေးကို ထပ်မံ ကျင်းပပြီး အာဏာရှင် ဘုရင်ကို တရားဝင် တင်မြှောက်ကြသည်။ လူတစ်ရာစလုံး သဘောထား ဖော်ပြရမည်ဖြစ်ပြီး ကြားနေခွင့် မရှိပေ။
နောက်ဆုံး ရလဒ် ထွက်ပေါ်လာပြီဖြစ်၏။ စုစုပေါင်း အဖွဲ့ဝင် တစ်ရာတွင် အကြီးအကဲ ကျီးကျန်းကို အင်ပါယာ၏ ဘုရင် အဖြစ် သဘောတူသော မဲအရေအတွက်မှာ သုည ဖြစ်သည်။
ယွင်ကျုံးဟဲ့ကို အင်ပါယာ၏ ဘုရင် အဖြစ် သဘောတူသော မဲအရေအတွက်မှာ တစ်ရာ ဖြစ်သည်။ တစ်ရာ အချိုး သုည၊ လုံးဝ အပြတ်အသတ် မဲအရေအတွက်ပင် ဖြစ်၏။
ရယ်စရာ ကောင်းသလား။ မဟုတ်ပေ။ နည်းနည်းလေးမှ ရယ်စရာ မကောင်းချေ။ ပိုပြီးတောင် လေးစားစရာ ကောင်းသေးသည်။
အကြောင်းမှာ အကြီးအကဲ ကျီးကျန်းက သူ့ခေါင်းကို နင်းပြီး ယွင်ကျုံးဟဲ့ကို အာဏာရှင် ဘုရင် ရာထူးပေါ် တက်လှမ်းခွင့် ပြုခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
နောက်ဆုံးတွင် ချင်ဝမ် ကျီးရှန့် ကိုယ်တိုင် ရလဒ်ကို ကြေညာသည်။
ချင်ဝမ် ကျီးရှန့်က တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “အမတ်ကြီးတို့… ဒီရလဒ်ကို မကြေညာခင် ကျုပ်ကို ချင်ဝမ် ရာထူးကနေ နှုတ်ထွက်ခွင့် ပြုပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အံ့ဩသွားကြသည်။ ချင်ဝမ် ကျီးရှန့်က ဤသို့ လုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ချင်ဝမ် ကျီးရှန့်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ဆယ်ကျော်က ကျုပ်ရဲ့ အုပ်ချုပ်ရေးမှူး ဘဝ ပြီးဆုံးသွားခဲ့တယ်။ အထက်လွှတ်တော်က ကျုပ် လုပ်ဆောင်ခဲ့တာတွေ ကောင်းတယ်လို့ ထင်လို့ ကျုပ်ကို အင်ပါယာရဲ့ ချင်ဝမ်အဖြစ် ဘွဲ့ထူး ချီးမြှင့်ခဲ့တယ်။ အင်ပါယာ တစ်ခုလုံးမှာ တစ်ဦးတည်းသော ချင်ဝမ် ပေါ့။
ကျုပ်က တစ်ဖက်မှာ လောဘကြီးသလို၊ နောက်တစ်ဖက်မှာလည်း စိတ်မချလို့ အင်ပါယာရဲ့ နိုင်ငံရေး ကိစ္စတွေကို ကျုပ် စောင့်ကြည့်နေဖို့ လိုတယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ဒီချင်ဝမ်ဘွဲ့ကို မစွန့်လွှတ်ရက်ဘဲ တွယ်ကပ်နေခဲ့တာ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီချင်ဝမ်ဘွဲ့ကို တရားဝင် စွန့်လွှတ်ပါတယ်။ အမတ်ကြီးတို့ ခွင့်ပြုပေးကြပါ။ သေချာပေါက် ခွင့်မပြုရင်တောင် ကျုပ် စွန့်လွှတ်မှာပါ။”
လူတိုင်းက ချင်ဝမ် ကျီးရှန့်၏ စေတနာကို ချက်ချင်း နားလည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ၌ အာဏာရှင် ဘုရင် တစ်ပါး ရှိလာတော့မည်ဖြစ်ရာ ဒုတိယမြောက် ဘုရင် တစ်ပါး ထပ်မံ ပေါ်ထွက်လာ၍ မရတော့ပေ။ ထိုသို့မဟုတ်ပါက အာဏာရှင် ဘုရင်၏ ဩဇာအာဏာကို ခွဲဝေသွားမိစေမှာ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သူသည် ဤအရေးကြီးသော အချိန်တွင် ချင်ဝမ် ဘွဲ့ထူးကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ချင်ဝမ် ကျီးရှန့်သည် သူ၏ သရဖူကို ချွတ်လိုက်ပြီးနောက် ပြောလိုက်၏။ “ဒီနေရာကနေ ကျုပ် တရားဝင် ကြေညာပါတယ်။ အင်ပါယာ အထက်လွှတ်တော်၊ အင်ပါယာ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၊ အင်ပါယာရဲ့ ဘုရင်ခံ အထက် အရာရှိ အားလုံးရဲ့ ရွေးချယ် တင်မြှောက်မှုအရ အရှင် ကျီးရှား ဟာ တာ့ယန် အင်ပါယာသစ်ရဲ့ ပထမဆုံး ဘုရင် ဖြစ်လာပါပြီ။”
ထိုအချိန်မှစ၍ အရာအားလုံး အပြီးသတ် သတ်မှတ်သွားခဲ့ပြီးပြီ ဖြစ်သည်။
……….
ယွင်ကျုံးဟဲ့သည် အိမ်တွင် ကလေး နှစ်ယောက်နှင့်အတူ ဆော့ကစားနေစဉ် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းနှင့် အထက်လွှတ်တော်မှ လူများ ရောက်ရှိလာပြီ ဖြစ်ကြောင်း တစ်စုံတစ်ယောက်က လာရောက် သတင်းပို့၏။
သူသည် အလိုအလျောက် ကလေးများကို ပွေ့ချီကာ ထွက်သွားရန် ပြင်လိုက်သော်လည်း အပြင်ဘက်တွင် အလွန် အေးလွန်းသောကြောင့် ကလေး နှစ်ယောက်ကို ပုခက်ထဲတွင် ထည့်ထားခဲ့ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်း အပြင်ဘက်တွင် လူတစ်ရာကျော်ခန့်က စနစ်တကျ တန်းစီနေကြပြီး ယွင်ကျုံးဟဲ့ကို ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်၏။ “အရှင်... ကျုပ်တို့နဲ့အတူ နန်းတော်ကို လိုက်ခဲ့ပြီး ဘုရင်ရာထူးကို လက်ခံပေးပါ။”
ယနေ့တွင် ဤသတင်း ရောက်ရှိလာမည်ကို ကြိုတင်သိရှိထားသော်လည်း အမှန်တကယ် ရောက်ရှိလာချိန်၌ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားမိသည်။
စိတ်လှုပ်ရှားမှုနှင့်အတူ ဂုဏ်ယူဝမ်းမြောက်မှုတို့မှာလည်း အတိုင်းအဆမဲ့ ရှိနေသည်။ ထိုသို့ ဂုဏ်ယူရခြင်းမှာ မိမိကိုယ်မိမိအတွက်သာမက တာ့ယန်အင်ပါယာသစ်အတွက်လည်း ဖြစ်၏။
တာ့ကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့တွင် ရှိစဉ်အခါက ယွင်ကျုံးဟဲ့သည် အချိန်တိုင်းလိုလို အကြံအစည်များဖြင့် အပြန်အလှန် လှည့်စားနေခဲ့ရသောကြောင့် စိတ်ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။
သို့သော်ငြား တာ့ယန်အင်ပါယာသစ်သို့ ရောက်ရှိလာသည့်အခါတွင်မူ သူသည် မိမိ၏ အရည်အချင်းများကို စိတ်ကြိုက်ထုတ်ဖော်ပြသခွင့် ရရှိခဲ့၏။
ထိုမှတစ်ဆင့် တစ်ကြိမ်ပြီးတစ်ကြိမ် တောက်ပအောင်မြင်ခဲ့ကာ နောက်ဆုံးတွင်မူ ဘုရင်တစ်ပါး၏ ရာထူးနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤဖြစ်စဉ်တစ်လျှောက် အကြံအစည်များစွာ ပါဝင်ခဲ့သော်လည်း ထိုအရာမှာ အဓိက မဟုတ်ခဲ့ပေ။
“အရှင်... မြင်းလှည်းပေါ် တက်ပါ။” ကျီးရှန့်က တုန်ယင်စွာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့သည် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခမ်းနားသော မြင်းလှည်းပေါ်သို့ တက်လိုက်၏။
“အရှင်... အုပ်ချုပ်ရေး နန်းတော်ကို သွားမှာလား၊ ဒါမှမဟုတ် တာ့ယန် နန်းတော်ကို သွားမှာလား။” ဟွာပီက မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “အုပ်ချုပ်ရေး နန်းတော်ကို သွားမယ်။”
ဤအဖြေကို ကြားချိန်မှာတော့ ထိုနေရာရှိ လူအားလုံး စိတ်ထဲတွင် သက်ပြင်းချမိလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် တာ့ယန် နန်းတော်သည် ဧကရာဇ်အတွက် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ ပြတိုက်တစ်ခုကဲ့သို့ ဖြစ်နေကာ လက်တွေ့ အသုံးဝင်မှုထက် သင်္ကေတ အဓိပ္ပာယ်က ပို၍ ကြီးမားနေသောကြောင့်ပင်။
အကယ်၍ ယွင်ကျုံးဟဲ့က တာ့ယန် နန်းတော်ကို သွားမည်ဟု ဆိုပါက သူသည် ဧကရာဇ် ဖြစ်ရန် အလွန် လောကြီးနေပြီး အင်ပါယာ တစ်ခုလုံးကို သူ တစ်ယောက်တည်း ချုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ပြသနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေး နန်းတော်ကို သွားခြင်းက သူသည် ထိုနေရာရှိ အမတ်ကြီးများနှင့် အင်ပါယာ၏ အာဏာကို ဆက်လက် ခွဲဝေယူရန် ဆန္ဒရှိကြောင်း ပြသနေ၏။
ထို့နောက် အရာရှိ တစ်ရာကျော်၏ ခြံရံမှုဖြင့် ယွင်ကျုံးဟဲ့သည် မြင်းလှည်း စီးကာ အုပ်ချုပ်ရေး နန်းတော်ဆီသို့ ထွက်ခွာသွားသည်။
ချက်ချင်းပဲ မြို့တော် တစ်ခုလုံးသည် နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော နိုင်ငံသားများ ထွက်လာကြကာ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ရပ်၍ ကျယ်လောင်စွာ အော်ဟစ် အားပေးကြ၏။
“တာ့ယန် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။”
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ယွင်ကျုံးဟဲ့သည် ပြတင်းပေါက်မှ ထွက်ကာ မရေမတွက်နိုင်သော လူအုပ်ကြီးကို လက်ပြ နှုတ်ဆက်လိုက်သည်။
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် အုပ်ချုပ်ရေး နန်းတော်တွင် ဘုရင်ရာထူးကို တရားဝင် လက်ခံခဲ့သည်။ အရှေ့တိုင်း အင်ပါယာများ၏ နန်းတက်ပွဲ အခမ်းအနားများနှင့် နှိုင်းယှဉ်ပါက တာ့ယန် အင်ပါယာသစ်၏ နန်းတက်ပွဲသည် အများကြီး ပိုမို ရိုးရှင်းပြီး အခမ်းအနား တစ်ခုလုံးကို တစ်ရက်တည်းဖြင့် အဆုံးသတ်လိုက်၏။
ပြည်သူများကို ဒုက္ခပေးပြီး ငွေကုန်ကြေးကျ များပြားခြင်းမျိုး လုံးဝ မရှိပေ။ ထို့အပြင် ဘုရင် ဝတ်ရုံသည်လည်း အရှေ့တိုင်း အင်ပါယာများကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသလို ရွှေရောင် တောက်ပနေခြင်းမျိုးလည်း မဟုတ်ဘဲ သိုသိပ်မှုထဲတွင် ခမ်းနားမှု ပါဝင်နေသည်။
နန်းတော်၏ ညီလာခံ ခန်းမကြီးသည်လည်း အရှေ့တိုင်း အင်ပါယာများကဲ့သို့ ဧကရာဇ်၏ နေရာက အလွန် မြင့်မားနေပြီး အောက်ဘက်တွင် အမတ်များက တန်းစီ ရပ်နေရခြင်းမျိုး မဟုတ်ပေ။
ထိုနေရာသည် ခမ်းနားသော အစည်းအဝေးခန်းမ တစ်ခုနှင့် ပိုတူပြီး ဘုရင်၏ ထိုင်ခုံက အနည်းငယ် ပိုမြင့်ကာ အမတ်များကို အပေါ်စီးမှ ကြည့်နိုင်ရုံ သက်သက်သာ ဖြစ်သည်။
အောက်ဘက်ရှိ အမတ်များ အားလုံးတွင်လည်း ကိုယ်ပိုင် ထိုင်ခုံများ အသီးသီး ရှိကြသည်။ အခြေခံအားဖြင့် ဒူးထောက် အရိုအသေပေးသည့် အစဉ်အလာ မရှိဘဲ အလွန် ရှားပါးသော အခြေအနေမျိုးတွင်သာ ဒူးတစ်ဖက် ထောက်၍ အရိုအသေပေးခြင်း ရှိ၏။
ကောင်းကင်ကို ပူဇော်ပသရန် မလိုအပ်သလို ဘိုးဘေးများကို ပူဇော်ပသရန်လည်း မလိုအပ်ပေ။ အုပ်ချုပ်ရေး နန်းတော်၏ တံခါးဝသို့ သွားရောက်ကာ အင်ပါယာ နိုင်ငံသား တစ်သိန်းနှင့် တွေ့ဆုံပြီး ဘုရင်၏ မိန့်ခွန်းကို ပြောကြားရုံသာ ဖြစ်သည်။
ထိုသို့ဖြင့် တစ်ရက်တာ နန်းတက်ပွဲ အခမ်းအနား ပြီးဆုံးသွားသည်။ တာ့ယန် အင်ပါယာသစ်တွင် ပထမဆုံးအကြိမ် အနေဖြင့် ဘုရင် တစ်ပါး ရှိလာခဲ့ပြီ ဖြစ်၏။
နောက်ပိုင်းအချိန်များတွင် အင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများသည် မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ဖြစ်သော်လည်း လေညင်းလေးကဲ့သို့ ညဘက်တွင် တိတ်တဆိတ် ဝင်ရောက်လာကာ အကောင်အထည် ဖော်နေသည်။
အထက်လွှတ်တော်ကို ပြုပြင်ပြောင်းလဲကာ ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနကို ဖွဲ့စည်းလိုက်သည်။ ဝန်ကြီးအဖွဲ့က နိုင်ငံရေး ကိစ္စများကို တာဝန်ယူပြီး စစ်တပ် ဦးစီးဌာနက စစ်ရေး ကိစ္စများကို တာဝန်ယူ၏။
ထို့အပြင် ဝန်ကြီးဌာန ဆယ့်ငါးခုကို ဖွဲ့စည်းလိုက်ပြီး အရှေ့တိုင်း အင်ပါယာ၏ ဝန်ကြီးဌာန ခြောက်ခုထက် ကိုးခုတိတိ ပိုများသည်။
အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာသစ်သည် မတူညီသောကြောင့်ဖြစ်ပြီး သိပ္ပံနှင့်ပညာရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကိုလိုနီရေးရာဝန်ကြီးဌာန၊ ရီလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကြည်းတပ်ဝန်ကြီးဌာန၊ ရေတပ်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည်တို့ ပိုများလာ၏။
တရားရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲလိုက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ကာ စစ်ရေး ဝန်ကြီးဌာနကို ခွဲထုတ်လိုက်ပြီး ဝန်ထမ်းရေးရာ ဝန်ကြီးဌာနကို ဆက်လက် ထားရှိကာ ဘဏ္ဍာရေး ဝန်ကြီးဌာန အဖြစ် ပြောင်းလဲလိုက်သည်။
ထို့အပြင် ဤအရာများက လုံလောက်မည် မဟုတ်သေးဘဲ အနာဂတ်တွင် ထပ်မံ တိုးချဲ့ရဦးမှာဖြစ်သည်။ ဤဝန်ကြီးဌာန အများစုသည် ဝန်ကြီးအဖွဲ့၏ စီမံခန့်ခွဲမှု အောက်တွင်ရှိပြီး စစ်ရေးနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများသည် စစ်တပ် ဦးစီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင် ရှိ၏။
အချို့သော ဝန်ကြီးဌာနများ ဖြစ်သည့် ကိုလိုနီရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရီလူမျိုးရေးရာ ဝန်ကြီးဌာန တို့ကိုမူ ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနတို့က ပူးတွဲ စီမံခန့်ခွဲသည်။
အရင်က သဘောတူညီချက်အရ အထက်လွှတ်တော်အမတ် အနည်းငယ်သာ ဖယ်ရှားခံရပြီး ကျန်သူများ အားလုံးသည် ဝန်ကြီးအဖွဲ့၊ စစ်တပ် ဦးစီးဌာနနှင့် အင်ပါယာ ဝန်ကြီးဌာန အသီးသီးသို့ ဝင်ရောက် တာဝန် ထမ်းဆောင်ကြ၏။
ကျီးကျန်းသည် စစ်တပ် ဦးစီးဌာနကို ဦးဆောင်ပြီး အထက်လွှတ်တော် အုပ်ချုပ်ရေးမှူး ရာထူးမှ အနားယူသွားသော ဒုတိယ အုပ်ချုပ်ရေးမှူး ဟွာပီသည် ဝန်ကြီးအဖွဲ့ကို ဦးဆောင်သည်။
ကျီးရှန့် သည် အသက် အရမ်း ကြီးနေပြီ ဖြစ်သောကြောင့် ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် အနားယူရန် ရွေးချယ်ခဲ့၏။
အာဏာ လွှဲပြောင်းမှု တစ်ခုလုံးသည် အလွန် ချောမွေ့ခဲ့ပြီး မည်သည့် ဂယက်ရိုက်ခတ်မှုမျှ အခြေခံအားဖြင့် မရှိခဲ့ပေ။ အင်ပါယာ ဗဟိုအစိုးရကို ပြုပြင်ပြောင်းလဲပြီးနောက် ဒေသန္တရ အုပ်ချုပ်ရေး စနစ်ကိုလည်း ပြုပြင်ပြောင်းလဲသည်။
တာ့ယန်အင်ပါယာသစ်ကို မူလက ပြည်နယ်ကြီး လေးခု ခွဲခြားထားသော်လည်း ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အလွန် ကောင်းမွန်နေပြီဖြစ်ရာ ထိုသို့ ခွဲခြားထားရန် မလိုအပ်တော့ပေ။
ပြည်နယ်ကြီး လေးခု၏ အဓိက အရာရှိများနှင့် ရှင်းကျုံး ပါတီ၏ ထိပ်သီး ခေါင်းဆောင် အချို့သည် အင်ပါယာ ဗဟို အစိုးရသို့ တိုက်ရိုက် ဝင်ရောက်လာကြပြီး ဝန်ကြီးဌာန အသီးသီး၏ ထိပ်တန်း အရာရှိများအဖြစ် တာဝန်ယူကြသည်။
အင်ပါယာကို ပြည်နယ် ဆယ့်ငါးခုအဖြစ် ခွဲခြားလိုက်ပြီး ခရိုင်နှင့် မြို့နယ်များကိုတော့ မပြောင်းလဲပေ။ အင်ပါယာ တပ်တော် ကိုးခုကိုလည်း လောလောဆယ်တွင် ပြောင်းလဲခြင်း မရှိသေးသော်လည်း အနာဂတ်တွင် ပြောင်းလဲမှုများ ရှိလာမှာဖြစ်၏။
အင်ပါယာသည် ဗဟိုမှသည် ဒေသန္တရအထိ ပြုပြင်ပြောင်းလဲမှုများ ပြီးစီးသွားပြီးနောက် ယဉ်ကျေးမှုသစ် လှုပ်ရှားမှုကို ချက်ချင်း စတင်လိုက်သည်။
မြို့တော် အသီးသီး၊ သတ္တုတွင်း အသီးသီး၊ စက်ရုံ အသီးသီးတွင် လျှပ်စစ်မီး တပ်ဆင်မှုများကို ချက်ချင်း ပြုလုပ်ကြသည်။ ထို့နောက် ဧရာမ လက်နက်စက်ရုံ အချို့ကို အသစ် တည်ဆောက်လိုက်၏။
တာ့ယန် တော်ဝင် စစ်တက္ကသိုလ်ကို တည်ထောင်လိုက်ပြီး ယခင်က လေ့ကျင့်ပေးထားသော ကျောင်းသား စစ်သည် တစ်ထောင်ကျော် အားလုံးသည် စစ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြသည်။
တပ်တော် ကိုးခုရှိ တပ်မှူးအဆင့် အထက် တပ်မှူး အားလုံးသည် တော်ဝင် စစ်တက္ကသိုလ်သို့ အလှည့်ကျ လာရောက်၍ သေနတ်နှင့် အမြောက်များ အကြောင်း၊ အပူ လက်နက်များဖြင့် တိုက်ခိုက်ခြင်းနှင့် သက်ဆိုင်သော အသိပညာများကို သင်ယူကြရမှာဖြစ်၏။
လက်နက်စက်ရုံ အချို့ တည်ဆောက်ပြီးစီးသွားသည်နှင့် တပြိုင်နက် ကုန်ထုတ်လုပ်မှု စွမ်းအား အားလုံးကို အသုံးပြု၍ သေနတ်၊ အမြောက်နှင့် ကျည်ဆန်များကို အဆက်မပြတ် ထုတ်လုပ်မှာဖြစ်သည်။
သင်္ဘောကျင်းလုပ်ငန်း သုံးခုလုံး စတင်လည်ပတ်နေပြီဖြစ်ပြီး တစ်ဖက်တွင် အသစ်စက်စက် သံချပ်ကာ သင်္ဘောများကို တည်ဆောက်နေကာ အခြားတစ်ဖက်တွင် ရှိပြီးသား စစ်သင်္ဘောများကို ပြုပြင်မွမ်းမံနေ၏။
အရာအားလုံးသည် မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ အဆက်မပြတ် လုပ်ဆောင်နေပြီး အင်ပါယာ တစ်ခုလုံးသည် ရူးသွပ်သော တည်ဆောက်ရေး လှိုင်းလုံးကြီး အတွင်းသို့ ဝင်ရောက်သွားသည်။
လူတိုင်းသည် ခေတ်သစ် တစ်ခု အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရပြီး လူတိုင်းသည် အသိပညာသစ်များကို သင်ယူနေကြသည်။ လူတိုင်းသည် ဤကြီးမားသော တည်ဆောက်ရေး လှုပ်ရှားမှုတွင် ပါဝင်လာကြ၏။
အရာအားလုံးသည် မကြာမီ ရောက်ရှိလာတော့မည့် စစ်ပွဲကြီးအတွက် ဝန်ဆောင်မှု ပေးနေခြင်းပင် ဖြစ်၏။ အင်ပါယာ တစ်ခုလုံးသည် ဧရာမ စစ်ရေးယန္တရားကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရူးသွပ်စွာ လည်ပတ်နေသည်။
အပိုင်း (၇၉၈)
အင်ပါယာ တပ်တော် ကိုးခုတွင် စုစုပေါင်း စစ်သည် ခြောက်သိန်းသာ ရှိရာ အနာဂတ်တွင် လောကအဆင့် စစ်ပွဲကြီး ဖြစ်ပွားလာပါက သေချာပေါက် လုံလောက်မည် မဟုတ်ပေ။
သို့ပေမည့် အင်ပါယာ နိုင်ငံသား စုစုပေါင်းမှာ တစ်ဆယ့်နှစ်သန်းကျော်သာ ရှိရာ စစ်တပ် ထပ်မံ ဖွဲ့စည်းရန်မှာ အလွန် ခက်ခဲလှသည်။
ထို့ကြောင့် အင်ပါယာ အရန်စစ်တပ်များကို တိုးချဲ့ ဖွဲ့စည်းရန်မှာ အရေးတကြီး လိုအပ်နေပြီဖြစ်ပြီး အနာဂတ်တွင် အနည်းဆုံး စစ်သည်အင်အား တစ်သန်းခွဲခန့် ရှိရမှာဖြစ်၏။
ယခုအချိန်တွင် အရှေ့ဘက်သို့ စစ်ချီရန် အချိန် အနည်းငယ် လိုသေးသော်လည်း အင်ပါယာ တစ်ခုလုံးသည် အရှေ့ဘက်သို့ မည်သို့ စစ်ချီရမည် ဆိုသည်ကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
ဤနေရာမှ အရှေ့တိုင်း အင်ပါယာအထိ မိုင်ပေါင်း နှစ်သောင်းကျော် ကွာဝေးပြီး အလယ်တွင် အနည်းဆုံး မိုင်ပေါင်း တစ်သောင်းကျော် ကျယ်ဝန်းသော လူသူကင်းမဲ့သည့် နယ်မြေများ ရှိကာ တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေ၏။
စစ်ချီမည် ဆိုပါက လူသိန်းချီက အရှေ့ဘက်လောကဆီသို့ လမ်းလျှောက်သွားကြမည်လား။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ရိက္ခာ ထောက်ပံ့မှုက လုံးဝ လိုက်မီမည် မဟုတ်ဘဲ အင်ပါယာ မည်မျှပင် အင်အားကြီးမားပါစေ ဤကဲ့သို့သော ခရီးရှည် စစ်ချီမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။
ကျီးချင့်၏ အဖွဲ့ နောက်ဆုံး တည်ဆောက်ထားသော လေသင်္ဘောသည် အဝေးဆုံး ပျံသန်းနိုင်သည့် အကွာအဝေးမှာ မိုင်ပေါင်း နှစ်သောင်းကျော် ရှိပြီး ဤပျံသန်းနိုင်စွမ်းမှာ အလွန် အံ့ဩစရာ ကောင်းလှသည်။
သို့ပေမည့် ဤပျံသန်းနိုင်စွမ်းမှာ သီအိုရီအရသာ ဖြစ်ပြီး တကယ့် လက်တွေ့ ပျံသန်းနိုင်သည့် အကွာအဝေးမှာ မိုင်သုံးထောင်ပင် မကျော်လွန်ပေ။
ထို့အပြင် အင်ပါယာက အစွမ်းကုန် ကြိုးစား၍ တည်ဆောက်လျှင်ပင် ဤကဲ့သို့ ဧရာမ လေသင်္ဘော အများအပြား ရှိလာမည် မဟုတ်ဘဲ လူတစ်ထောင်ခန့်သာ သယ်ယူနိုင်မည်ဖြစ်ရာ စစ်တပ် သိန်းချီကို သယ်ယူပို့ဆောင်ရန် ဆိုသည်မှာ လုံးဝ အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ ရေလမ်းမှ သွားရန်ပင် ဖြစ်သည်။ သို့ပေမည့် ရေလမ်းမှ သွားရန်လည်း မလွယ်ကူပေ။ အကြောင်းမှာ အင်ပါယာ၏ ရေတပ်သည် ဖွံ့ဖြိုးတိုးတက်သော်လည်း ကိုလိုနီ နယ်မြေ အများအပြားကို ရှာဖွေ သိမ်းပိုက်ရန် လိုအပ်သောကြောင့်ပင်။
သို့ပေမည့် အင်ပါယာ ရေတပ်သည် ကြည်းတပ်၏ အထောက်အကူပြု အဖြစ်သာ ရှိခဲ့ပြီး တကယ့် အဓိက စစ်တပ် တစ်ခု ဖြစ်မလာခဲ့ပေ။
ဒုတိယ အနေဖြင့် အင်ပါယာတွင် ခရီးဝေး ရေကြောင်း သွားလာနိုင်သော ဧရာမ သင်္ဘောကြီးများ အလွန် နည်းပါးသည်။ ခရီးဝေး သင်္ဘောများ အားလုံးကို ပေါင်းလိုက်လျှင်ပင် စစ်သည် နှစ်သိန်းခန့်ကိုသာ သယ်ယူ ပို့ဆောင်နိုင်မှာဖြစ်၏။
နောက်ထပ် အရေးအကြီးဆုံး ပြဿနာ တစ်ခု ရှိသေးသည်။ ဤနေရာမှ အရှေ့တိုင်း အင်ပါယာသို့ သွားမည့် ရေလမ်းကြောင်းမှာ ပိတ်ဆို့နေပြီး အလယ်တွင် အနည်းဆုံး မိုင်ထောင်ချီ ကျယ်ဝန်းသော အမြဲတမ်း ရေခဲနေသည့် သမုဒ္ဒရာကြီး ရှိသည်။
ထို့ကြောင့် ရေလမ်းမှ သွားမည်ဆိုပါက လုံးဝ အသစ်စက်စက် ရေကြောင်း လမ်းသစ်ကို ရှာဖွေရမှာဖြစ်ပြီး လောက၏ သမုဒ္ဒရာ တစ်ဝက်ကျော်ကို ပတ်သွားရမှာဖြစ်သည်။ သို့ပေမည့် ဤသမုဒ္ဒရာများ အားလုံးသည် တစ်ခါမှ မစူးစမ်း မရှာဖွေရသေးသော နေရာများ ဖြစ်ကြ၏။
ထို့ကြောင့် ယခုအခါ ရေတပ်ဝန်ကြီးဌာနသည် စစ်သင်္ဘောများနှင့် လေသင်္ဘောများကို စေလွှတ်ကာ ရေကြောင်း လမ်းသစ်များကို စတင် ရှာဖွေနေပြီ ဖြစ်ပြီး အသစ်စက်စက် ရေကြောင်းပြ မြေပုံများကို ရေးဆွဲနေပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့သည် သုညမှ စတင်ရခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က သူတို့ကို အတော်လေး ပြည့်စုံသော လောကမြေပုံ တစ်ချပ်ကို ပေးအပ်ထားသောကြောင့်ပင်။
နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခုမှာ ကျိုးလီ ဖြစ်သည်။ သူ အကျဉ်းချခံရသည်မှာ ငါးနှစ်ကျော် ရှိနေပြီ ဖြစ်ပြီး လွန်ခဲ့သော လေးနှစ်က ယွင်ကျုံးဟဲ့သည် သူ့ကို လွတ်လပ်ခွင့် ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။
သို့ပေမည့် ယခုအခါ ယွင်ကျုံးဟဲ့သည် အရမ်း စိတ်လိုက်မာန်ပါ လုပ်၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အင်ပါယာ၏ အာဏာရှင် ဘုရင် ဖြစ်နေပြီဖြစ်ရာ အချို့သော စည်းမျဉ်းများကို တိုက်ရိုက် ချိုးဖောက်၍ မရသောကြောင့်ပင်။
ကျိုးလီ ၏ ခန္ဓာကိုယ်တွင် တာ့ရှန်း မိစ္ဆာနိုင်ငံ၏ သွေးကြော ပါဝင်နေသည်မှာ ငြင်းမရသော အမှန်တရား ဖြစ်ရာ ယွင်ကျုံးဟဲ့ အနေဖြင့် ကျိုးလီ ကို လွှတ်ပေးရန်၊ တာ့ရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိသူ အားလုံးကို လွှတ်ပေးရန်နှင့် ကျိုးလီကို အင်ပါယာ အရာရှိ အဖြစ် ခန့်အပ်ရန် တိုက်ရိုက် အမိန့်ပေး၍ မရနိုင်ပေ။
သူသည် ကျိုးလီ နှင့် ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းရမည် ဖြစ်သော်လည်း တာ့ယန် အင်ပါယာသစ် အပေါ်တွင်လည်း တာဝန်ယူရမှာဖြစ်သည်။ ထို့ကြောင့် သူသည် လုံးဝ အသစ်စက်စက် နည်းလမ်း တစ်ခုကို ပြောင်းလဲ အသုံးပြုခဲ့၏။
...................
လျှို့ဝှက် မြေအောက် အကျဉ်းထောင် တစ်ခု အတွင်းတွင် ကျိုးလီ သည် ရူးတော့မှာဖြစ်၏။ ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည်မှာ လေးနှစ်ခန့် ရှိနေပြီ ဖြစ်ပြီး စာအုပ်များ အားလုံးကိုလည်း ဖတ်ပြီးသွားပြီ ဖြစ်ရာ သူ နေ့တိုင်း လုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်မှာ ကိုယ့်ဘာသာကိုယ် စစ်တုရင် ကစားခြင်းပင် ဖြစ်သည်။
သို့ပေမည့် အကြိမ်ပေါင်း ထောင်ချီ ကစားပြီးနောက် အလွန် ရိုးအီနေပြီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကွဲအက်မှုများပင် ဖြစ်ပေါ်လာတော့မှာဖြစ်၏။
သို့ပေမည့် သူသည် အလွန် စိတ်ဓာတ် ခိုင်မာသူ တစ်ဦး ဖြစ်ပြီး နေ့တိုင်း ရက်ရေတွက်ရန် ဆက်လက် ကြိုးစားခဲ့ကာ တစ်ရက် ကုန်ဆုံးသွားတိုင်း နံရံပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲခဲ့သည်။
သူသည် မြေအောက် အကျဉ်းထောင်တွင် ရှိနေသောကြောင့် အပြင်ဘက်ကို မမြင်ရသလို နေ့၊ ညကိုလည်း မသိနိုင်ဘဲ နာရီလည်း မရှိရာ တစ်ရက် အချိန်ကို မည်သို့ သိရှိနိုင်မည်နည်း။
ထမင်းလာပို့သည့် အကြိမ်ရေကို ကြည့်ရုံသာ ဖြစ်ပြီး တစ်ရက်လျှင် နှစ်ကြိမ် အလွန် အချိန်မှန်သည်။ ယခုအခါ သူ၏ အခန်းနံရံပေါ်တွင် မျဉ်းကြောင်းပေါင်း ၂၀၁၈ ကြောင်း ရေးဆွဲထားပြီဖြစ်ရာ ငါးနှစ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ဤနေရာတွင် အကျဉ်းချခံထားရသည်မှာ ငါးနှစ်ခွဲတိတိ ရှိပြီဖြစ်၏။ လက်ရှိအချိန်တွင် သူသည် ယွင်ကျုံးဟဲ့ အပေါ် ထားရှိသည့် ယုံကြည်ချက် တစ်ခုတည်းကိုသာ အားကိုး၍ တောင့်ခံနေခြင်းဖြစ်သည်။
ယွင်ကျုံးဟဲ့သည် သူ့ကို လာရောက်ကယ်ထုတ်ပေးမည်ဟု ကတိပေးထားခဲ့သည်။ သူသည် ယွင်ကျုံးဟဲ့ကို အပြည့်အဝ ယုံကြည်ထားပြီး ထိုသူသည် မိမိပေးထားသည့် ကတိအတိုင်း သေချာပေါက် လုပ်ဆောင် ပေးလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်နေ၏။
တစ်နေ့တွင် သူသည် အကြိမ်မည်မျှ ဖတ်ပြီးမှန်း မသိတော့သော စာအုပ်ကို ထပ်မံ ဖတ်ရှုနေစဉ် ရုတ်တရက် အခန်းတံခါးသံ မြည်လာသည်။
သူ အနည်းငယ် အံ့ဩသွား၏။ ‘ဒီနေ့ ထမင်းလာပို့တဲ့ အချိန်က တစ်ဆယ့်ငါးမိနစ်လောက် စောနေပါလား။ ပြီးတော့ ခြေသံကလည်း မတူဘူး။’
နောက်တစ်မိနစ် အကြာတွင် ယွင်ကျုံးဟဲ့သည် သူ၏ ရှေ့တွင် ပေါ်လာသည်။
“ညီလေးယွင်…” ချက်ချင်းပဲ ကျိုးလီသည် ပြေးသွားကာ ယွင်ကျုံးဟဲ့ကို တင်းကျပ်စွာ ဖက်ထားပြီး အသံထွက်အောင် ငိုကြွေးလိုက်တော့၏။
ကျိုးလီ သည် နောက်ဆုံးတော့ မြေအောက် အကျဉ်းထောင်မှ ထွက်ခွာနိုင်ခဲ့ပြီး ရှုခင်းလှပသော စားကျက်ကွင်း တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လူနှစ်ဦးသည် မြင်းများကို အပြင်းနှင်ကာ အဆုံးအစမရှိသော မြက်ခင်းပြင်ကြီးပေါ်တွင် ပြေးလွှားနေကြ၏။
“ဟား... ဟား... ဟား... ဟား...ဟား… ဟား…”
ကျိုးလီက ရူးသွပ်စွာ ရယ်မောလိုက်ပြီး လွတ်လပ်မှု၏ အော်ဟစ်သံများ ထွက်ပေါ်လာကာ ဆံပင်ဖြူများက လေထဲတွင် ဝဲလွင့်နေသည်။
အထူးချွန်ဆုံး မြင်းစီးသူရဲ တပ်ဖွဲ့ တစ်ဖွဲ့က ဘေးတွင် အချိန်တိုင်း ကာကွယ်ပေးထားသည်။ ညဘက် အချိန်ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့နှင့် ကျိုးလီ တို့သည် အသားစားရင်း အရက်သောက်နေကြ၏။
“အစ်ကိုကျိုး… လွန်ခဲ့တဲ့ လေးနှစ်က ခင်ဗျားကို လွတ်လပ်ခွင့် ပေးမယ်လို့ ကျုပ် ကတိပေးခဲ့ဖူးတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ တောင်းပန်ပါတယ်။ ကျုပ်က ခင်ဗျားကို အကန့်အသတ်ရှိတဲ့ လွတ်လပ်ခွင့်ပဲ ပေးနိုင်တယ်။ အင်ပါယာ ဥပဒေကို ကျုပ် ချိုးဖောက်လို့ မရဘူး။ ဒါပေမဲ့ ခင်ဗျား စိတ်ချပါ။ အင်ပါယာက အသစ်စက်စက် ဥပဒေ တစ်ရပ်ကို ဆွေးနွေးနေပါပြီ။ တာ့ရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိတဲ့ သူတွေကို ဘယ်လို ခွဲခြား ဆက်ဆံမလဲ ဆိုတာနဲ့ ပတ်သက်ပြီးပေါ့။ ဒါပေမဲ့ လောလောဆယ် ဒီလို လူတွေက အရမ်း နည်းလွန်းလို့ ဒီဥပဒေသစ် ထွက်လာဖို့ အချိန် နည်းနည်း ယူရအုံးမယ်။”
ကျိုးလီက ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် ကြည့်နေပြီးမှ မေးလိုက်၏။ “ညီလေးယွင်... အခု ခင်ဗျားက...”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဒီနေရာက တာ့ယန် အင်ပါယာသစ်ပါ။ အခု ကျုပ်က အင်ပါယာရဲ့ အာဏာရှင် ဘုရင်၊ တစ်ဦးတည်းသော ဧကရာဇ်ပါ။”
ကျိုးလီ ပါးစပ် ဟသွားပြီး အတော်ကြာမှ ပြောလိုက်၏။ “တော်လိုက်တာ…”
သူ၏ ဤစကားသည် တကယ်ကို ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။ မြေအောက် အကျဉ်းထောင်ထဲတွင် နေ့တိုင်း အိပ်နေရခြင်းက ခက်ခဲသည် မှန်သော်လည်း ယွင်ကျုံးဟဲ့က လေးနှစ်တိုတို အချိန်အတွင်းမှာ အကျဉ်းသား တစ်ယောက် ဘဝကနေ အင်ပါယာ၏ ဘုရင် ဖြစ်လာသည့်လမ်းက ပိုခက်ခဲပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုကျိုး… နောက်ပိုင်း အချိန်တွေမှာ ခင်ဗျား ဒီစားကျက်ကွင်း နယ်မြေကနေ ထွက်သွားလို့ မရဘူး။ တောင်းပန်ပါတယ်။”
ကျိုးလီက မေးလိုက်၏။ “အာဏာရှင် ဘုရင်ကလည်း အင်ပါယာ ဥပဒေရဲ့ ကန့်သတ်ချက်ကို ခံရသေးတာလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာတာပေါ့။ ကျုပ်က အင်ပါယာအတွက် တာဝန်ယူရမယ်လေ။”
ကျိုးလီက ယွင်ကျုံးဟဲ့ကို ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်၏။ “ညီလေးယွင်... ကျုပ် အရမ်း ဝမ်းသာပါတယ်။ ခင်ဗျားရဲ့ ဒီအပြောင်းအလဲကို တွေ့ရလို့ အရမ်း ဝမ်းသာပါတယ်။ တကယ်တော့ တာ့ကျိုး အင်ပါယာမှာတုန်းက ခင်ဗျားက ကျုပ်ကို တာ့ကျိုး အင်ပါယာရဲ့ အိမ်ရှေ့မင်းသား ဖြစ်လာအောင် ကူညီပေးခဲ့ပြီး ကျုပ်တို့က တစ်ဖွဲ့တည်း ဖြစ်ပေမယ့် ကျုပ် စိတ်ထဲမှာတော့ ခင်ဗျားအပေါ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
ခင်ဗျားက အရမ်း ဥပဒေမဲ့လွန်းတယ်။ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် စည်းကမ်းတွေကို လုံးဝ ဂရုမစိုက်ဘဲ ဥပဒေကို မြက်ပင် စက္ကူလို သဘောထားပြီး အကြံအစည် မျိုးစုံကို အသုံးပြုခဲ့တယ်။ အဲဒါကြောင့် အဲဒီတုန်းက ကျုပ် စဉ်းစားနေခဲ့တာ။ တာ့ကျိုးရဲ့ ဧကရာဇ် ဖြစ်လာတာနဲ့ ခင်ဗျားရဲ့ ကိုယ်ကျင့်တရား အမြင်ကို ဘယ်လို ပြုပြင်ပေးရမလဲ ဆိုတာကိုပေါ့။ ဒါပေမဲ့ အခုတော့ ခင်ဗျားက တကယ်ကို ကြီးကျယ်ခမ်းနားလာပြီပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား ကျုပ်ကို အပြစ်မတင်ဘူးလား။”
ကျိုးလီက ဖြေ၏။ “ညီလေးယွင်... ခင်ဗျားရဲ့ဇနီး ကျင်းကျုံးယွဲ့ ဆီမှာ တာ့ရှန်း မိစ္ဆာနိုင်ငံ သွေးကြောက ကျုပ်ထက်တောင် ပိုများသေးတယ်။ ပြီးတော့ ခင်ဗျားရဲ့ အမြွှာ သားသမီး နှစ်ယောက်လည်း ရှိသေးတယ်။ အဲဒါကြောင့် ခင်ဗျား ဒီဘုရင် လုပ်ရတာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ကျုပ် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိပါတယ်။
ကျုပ်က ဧကရာဇ် မဖြစ်ခဲ့ဖူးသလို အိမ်ရှေ့မင်းသား ဆိုတာလည်း တစ်ရက်တောင် မပြည့်ခဲ့ပါဘူး။ ဒါပေမဲ့ စိတ်လိုက်မာန်ပါ လုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ဘုရင်တိုင်းဟာ အင်ပါယာကို ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်စေနိုင်တယ် ဆိုတာကို ကျုပ် သိပါတယ်။
ဘုရင် တစ်ပါး အနေနဲ့ ပထမဆုံး စည်းကမ်းကို လေးစားရမယ်၊ ကိုယ့်ရဲ့ အာဏာကို ကန့်သတ်နိုင်ရမယ်။ ကျုပ်ရဲ့ ခမည်းတော် ဧကရာဇ် ဝမ်ယွင်က အရမ်း တစ်ကိုယ်ကောင်းဆန်လွန်းလို့ နိုင်ငံ ပျက်စီးရတဲ့ ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့တာလေ။”
ယွင်ကျုံးဟဲ့က အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျိုးလီက မေးလိုက်၏။ “ဒါနဲ့... ကျင်းကျုံးယွဲ့နဲ့ ကလေး နှစ်ယောက်၊ ပြီးတော့ ခင်ဗျားရဲ့ တခြား မိသားစုဝင်တွေ သတင်းရော ရပြီလား။”
......................