အခန်း (၈၈၁-၈၈၂)
Vol. 47 Ch. 881-882
အပိုင်း (၈၈၁) အာ့ကျူ အရှိန်အဝါ ပြသခြင်း။
လီယန်စုန့်တို့ လူစုမှာ ဦးနှောက် ဗလာကျင်းသွားကြပြီ ဖြစ်ပြီး ဖန်ကျန်းရီပင်လျှင် အတန်ငယ် ထင်မှတ်မထားသကဲ့သို့ ခံစားလိုက်ရ၏။
ယန်ရင်းချိုက်က အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး အမတ်ကို ပါးရိုက်ရတာလဲ။”
“မင်း ပါးစပ် ပိတ်ထားစမ်း။”
ကျင်းဘုရင်မင်းမြတ်သည် ဓားသွားလို အေးစက်သော အကြည့်တစ်ချက်ကို ရက်ရက်စက်စက် လှမ်းကြည့်လိုက်၏။
ယန်ရင်းချိုက် အသံတိတ်သွားပြီး ထပ်မံ စကားမဆိုရဲတော့ချေ...။
ရူးသွားပြီ ... အရှင်မင်းကြီးက ဖန်ကျန်းရီကြောင့် နှလုံးပျက်သွားခဲ့ပြီပဲ။
စကားဆိုနေဆဲမှာပင် စွန်းရှန်းသည် ယိမ်းယိုင်စွာ မတ်တပ်ရပ်လာပြီး ကျင်းဘုရင်မင်းမြတ်၏ ရေခဲလို အေးစက်သော မျက်နှာပေးကို ကြည့်ကာ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွား၏။
ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ ဒေါသထွက်မှု အစရှိသည့် အမျိုးမျိုးသော ခံစားချက်များ ပြည့်နှက်နေသည်။
စွန်းရှန်းသည် အံကို အသေကြိတ်လျက် ပြောလိုက်၏။ “ကျွန်တော်မျိုးက ရာထူး ထမ်းဆောင်တည်းက တစ်ရက်လေးတောင် ပင်ပန်းဆင်းရဲမခံခဲ့တဲ့နေ့ မရှိပါဘူး၊ အခု တရားမျှတတဲ့ စကားနှစ်ခွန်း ပြောလိုက်မိတာနဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို စော်ကားချင်တာပါလား။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို သေခိုင်းရင် ကျွန်တော်မျိုး မသေဘဲ နေလို့ မရပါဘူး၊ ဒါပေမဲ့ ကျွန်တော်မျိုးကို သန့်ရှင်းတဲ့ အမှန်တရား တစ်ခုတော့ ပြသပေးတော်မူပါ...။”
ကျင်းဘုရင်မင်းမြတ် က လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ “ပြောတာ ကောင်းတယ် ... မင်းက ကိုယ့်ဘာသာ အစော်ကားခံတာပဲ။ ကိုယ်တော့်ကို မေးနေစရာ မလိုဘူး ... မင်း သူ့ကို သွားမေးကြည့်စမ်းပါ။”
ဝမ်အာ့ကျူသည် သူ့အား လက်ညှိုးထိုးပြခံရသည်ကို မြင်သည့်အခါ တစ်ကိုယ်လုံး ချက်ချင်း တင်းကျပ်သွားပြီး ဘာလုပ်ရမှန်း မသိသကဲ့သို့ ဖြစ်သွား၏။
“ဝမ်အာ့ကျူ ... သူက ရှင်းကျန်းခရိုင် အုပ်ချုပ်ရေးမှူး စွန်းရှန်းပဲ၊ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ရေး ထူးချွန်ပြီး ပြည်သူကို သားသမီးလို ချစ်မြတ်နိုးတယ်လို့ ကြွားဝါနေသူပေါ့၊ မင်းက သူ အုပ်ချုပ်တဲ့ နယ်မြေက ပြည်သူ ဖြစ်မှတော့ ဒီမိဘအရာရှိက ပြည်သူကို ဘယ်လိုမျိုး ချစ်မြတ်နိုးလဲ ဆိုတာကို ကောင်းကောင်းမွန်မွန် ရှင်းပြစမ်းပါ။”
လူတိုင်း၏ အကြည့်များက ဝမ်အာ့ကျူထံသို့ ရောက်ရှိသွားကြ၏။
ဤတောဆန်ပြီး အဆင့်အတန်းမရှိသော လူ၏ ခြေထောက်နှစ်ဖက် တုန်ယင်နေသည်ကို ကြည့်ပြီး အားလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဤလူက ရှင်းကျန်းခရိုင်သား ပင် ဖြစ်နေသည်လား။
သူ မပြောရဲသည်ကို မြင်သည့်အခါ ဖန်ကျန်းရီသည် ရှေ့သို့ တိုးသွားပြီး တီးတိုး သတိပေးလိုက်၏။ “ဘာတွေ တုန်နေတာလဲ။ ကျက်သရေ မရှိတာတွေတောင် တုန်ထွက်လာပြီ ... အရှင်မင်းကြီးက ခင်ဗျားကို ပြောခိုင်းရင် အသံကျယ်ကျယ်နဲ့ ပြောလိုက်၊ ရင်ထဲမှာ ဘာပဲရှိရှိ အကုန် ထုတ်ပြောလိုက် ... အစိုးရက ခင်ဗျားရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရောက်လာပြီ။”
ဝမ်အာ့ကျူသည် အမောတကော အသက်ရှူနေပြီး မျက်လုံးထဲတွင် မျက်ရည်များ ပေါ်ထွက်လာ၏။
အစိုးရ ... အစိုးရက ငါ့ကို ကူညီပေးဖို့ ရောက်လာပြီလား။
“ပြောစမ်း ... ခင်ဗျားက ဘာလုပ်တဲ့သူလဲ၊ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။” ဖန်ကျန်းရီက စကားဖြင့် ဝမ်အာ့ကျူကို လမ်းညွှန်ပေးနေ၏။
“ကျုပ် ... ကျုပ်က လယ်စိုက်တဲ့သူပါ၊ ရှင်းကျန်းခရိုင်မှာ အသက်ရှင်လို့ မရတော့လို့ ဒီမှာ လာပြီး အရောင်းအဝယ် နည်းနည်း လုပ်ကြည့်မလို့ပါ။” ဝမ်အာ့ကျူမှာ အတန်ငယ် ကြောက်ရွံ့နေဆဲပင်။
ယန်ရင်းချိုက်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “အသက်ရှင်လို့ မရတော့ဘူးလား။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့ ... ရှင်းကျန်းခရိုင် အတွင်းမှာ ပြည်သူတွေကို ကူညီ ထောက်ပံ့တဲ့ အုပ်ချုပ်ရေး ကောင်းတွေ ရှိနေတာ၊ မင်း ကိုယ်တိုင် လယ်မြေ ရှိနေလျက်နဲ့ ဘာလို့ အသက်ရှင်လို့ မရနိုင်တာလဲ။ မင်း ကောင်းကောင်းမွန်မွန် ပြောရမယ်နော် ... အတုအယောင် တစ်စက်လေးတောင် မပါစေနဲ့။
အကယ်၍ မင်း ကိုယ်တိုင်က ပျင်းရိတဲ့သူ တစ်ယောက် ဖြစ်ပြီး တိုးတက်အောင် မကြိုးစားဘူး ဆိုရင် နေ့ရက်တွေ မကောင်းမွန်ဘူးဆိုပြီး တစ်ခြားသူတွေကို အပြစ်ပုံချလို့ မရဘူး။”
ပျင်းရိသူလား။ ငါက ပျင်းရိသူလား။
ဝမ်အာ့ကျူသည် လောကကြီး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဖခင်က စောစောတည်းက ဆုံးပါးသွားခဲ့ရာ သူသည် အိမ်တွင် တစ်ဦးတည်းသော လုပ်အားရှင် ဖြစ်ပြီး၊ အမြဲတမ်း သူကသာ မိသားစု စီးပွားရေးကို ဦးဆောင် လုပ်ကိုင်ခဲ့ရသူ ဖြစ်သည်။
နေ့စဉ်ရက်ဆက် လယ်မြေကို ကြိုးစားပန်းစား စိုက်ပျိုးခဲ့ပြီး မနက်စောစောမှ ညဘက်အထိ အလုပ်ရှုပ်ခဲ့ကာ ခွေးသေတစ်ကောင်လို ပင်ပန်းခဲ့ရသူ ဖြစ်၏။
ပျင်းရိသူ ... ဤသည်က သူ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားလိုက်ခြင်းပင်။
ဝမ်အာ့ကျူသည် အလွန်အမင်း ဝမ်းနည်း ဝေဒနာ ရရှိသွားပြီး စိတ်ထဲတွင် ဒေါသများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ မျက်လုံးမှ မျက်ရည်များ ထွက်ကျလာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျုပ် အရမ်း ကြိုးစားပြီး အသက်ရှင် နေထိုင်ခဲ့ပြီးပါပြီ။ ခင်ဗျားက ဘာအခြေခံနဲ့ ကျုပ်ကို ပျင်းရိတဲ့သူလို့ ပြောနေတာလဲ။”
ဖန်ကျန်းရီ၏ စိတ်ထဲတွင် သနားသွားမိ၏။
သနားစရာကောင်းသော ဝမ်အာ့ကျူမှာ အေးဆေး ငြိမ်သက်စွာ နေထိုင်နေသည်တောင်မှ တစ်ခြားသူများ၏ ကန့်လန့်တိုက် စွပ်စွဲခြင်းကို ခံနေရသေးသည် ... တကယ်ကို သနားစရာပင်။
“ကျုပ် နေ့တိုင်း မနက် မလင်းခင်တည်းက အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်၊ နေဝင်မှ အနားယူရတာ၊ အရင်တုန်းက တစ်ယောက်တည်း နေ့ရက်တွေက သင့်တင့်တယ်လို့ ဆိုနိုင်ပြီး အသက်ရှင်နေလို့ ရသေးတယ်။ ဒါပေမဲ့ သူ ရောက်လာပြီးတဲ့ နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။” ဝမ်အာ့ကျူသည် ပြောရင်းနှင့် စွန်းရှန်းအား ဒေါသတကြီး လက်ညှိုးထိုးပြလိုက်၏။
စွန်းရှန်း၏ မျက်လုံးနှစ်လုံး ပြူးကျယ်သွားပြီး အတန်ငယ် မယုံကြည်နိုင်သကဲ့သို့ ဖြစ်သွားသည်။
သူသည် ... ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အုပ်ချုပ်ရေးအရာ၌ ကြိုးပမ်းပြီး ပြည်သူကို ချစ်မြတ်နိုးသူဟု ထင်မှတ်ခဲ့သော်လည်း၊ ဤ ဘယ်က ပေါ်လာမှန်း မသိသည့် တောသားလေးက အရှင်မင်းကြီး၏ ရှေ့တော်မှာ သူ့အား လုပ်ကြံ စွပ်စွဲလို့နေ၏။ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ဤလူက ဖန်ကျန်းရီ ရှာဖွေလာသည့် သရုပ်ဆောင် တစ်ယောက်လား...။
စိတ်ထဲတွင် ဤကဲ့သို့သော သံသယမျိုး ရှိနေသော်လည်း ကျင်းဘုရင်မင်းမြတ်က လက်ရှိတွင် သူ့အား လုံးဝ မယုံကြည်ချေ။
ထို့ကြောင့် စွန်းရှန်းလည်း စကားအပို မပြောရဲချေ။
ဝမ်အာ့ကျူက ဆက်လက် ငိုယို တိုင်တန်းနေ၏။ “ဒီ ခွေးအရာရှိ ရာထူးတက်တည်းက ရှင်းကျန်းက ပြောင်းလဲသွားခဲ့ပြီ။
အရင်တုန်းက ကုန်ဈေးနှုန်းက တည်ငြိမ်တယ်လို့ ဆိုနိုင်ပေမဲ့ နောက်ပိုင်းကျတော့ အစိုးရက တစ်ခြားသူတွေကို ဈေးတင်တာ ကန့်သတ်လိုက်တော့ ပစ္စည်းတွေက ဝယ်ရတာ ပိုပိုပြီး ခက်ခဲလာတယ်။ နောက်ပိုင်းကျတော့ ကွယ်ရာကနေ နောက်ဖေးပေါက်လျှောက်ပြီး ဈေး ပိုမပေးရင် လုံးဝကို ဝယ်လို့ မရတော့ဘူး၊ မြို့ထဲက ကုန်ဈေးနှုန်း တွေက ပိုပိုပြီး မြင့်မားလာတယ်။
ဒါလောက်တင် မကသေးဘူး ... လယ်မလုပ်ရတဲ့ အချိန်တွေမှာ ကျုပ်က မြို့ထဲ ဝင်ပြီး အလုပ်လုပ်ရတယ်။ ကျပန်း အလုပ်လေးတွေ ရှာမှသာ သင့်တင့်စွာ အသက်ရှင်နိုင်တာ၊ အရင်နှစ်တွေတုန်းကဆိုရင် ကောင်းမွန်တဲ့ အလုပ်အကိုင်လေး တစ်ခု ရှာတွေ့နိုင်သေးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ် ခွန်အားကို ရောင်းချ .. ပိုက်ဆံ အနည်းငယ် ရှာနိုင်သေးတယ်။
ဒါပေမဲ့ နောက်ပိုင်းကျတော့ရော ဘယ်လိုနေလဲ ... မြို့ထဲက အလုပ်ရုံငယ်လေးအချို့ကို တစ်ခြားသူတွေက သိမ်းဆည်းသွားကြတယ်၊ သူတို့ ခေါ်တဲ့ လူဦးရေက နည်းပါးပြီး လုပ်ရတဲ့ အလုပ်တွေက များပြားတယ်၊ ရှာရတဲ့ အဲဒီ ပိုက်ဆံလေးက ကျုပ် ထမင်းစားဖို့တောင် မလောက်ဘူး ... ကျုပ်လည်း အိမ်မှာပဲ အောင်းနေလိုက်ပြီး အပြင် မထွက်ရဲတော့ဘူး၊ လျှောက်လည်း မလှုပ်ရှားတော့ဘူး ဆိုတော့ ထမင်းတစ်နပ် စားတာ သက်သာသွားတာပေါ့။
တစ်ခါတလေ အလုပ်သွားလုပ်လို့ အရမ်း ပင်ပန်းသွားပြီး ရောဂါ တစ်ခုခု ရလိုက်ရင် ကုသဖို့ ပိုက်ဆံ လုံးဝ မရှိဘူး။”
ဝမ်အာ့ကျူ၏ အသံမှာ ပြောလေလေ ပို၍ ကျယ်လောင်လာလေလေ ဖြစ်၏။ “အဲဒီ ဆေးဆိုင်တွေကိုလည်း သူဌေးတွေက သိမ်းဆည်းသွားကြပြီး ဆေးဖက်ဝင် ကုန်ကြမ်း ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာတယ်၊ လက်ထဲ ရောက်လာရင်လည်း ဝယ်လိုက်ရတာ အစစ်လား၊ အတုလား ဆိုတာကိုတောင် မသိရဘူး။ ခင်ဗျားတို့ သိကြရဲ့လား။
ကျုပ်ရဲ့ အိမ်နီးချင်း တစ်ယောက်ဆိုရင် ... အအေးမိရောဂါလေး တစ်ခု ရတာ လယ်ပါရောင်းပြီး ဆေးဝယ်ရတယ်။ နောက်ဆုံးကျတော့ ရောဂါလည်း မပျောက်ကင်းဘူး ... လယ်မြေလည်း မရှိတော့ဘူး။”
ဝမ်အာ့ကျူသည် ငိုသံပါကြီးဖြင့် ပြောဆိုနေပြီး ဤနေရာဆီ ရောက်ချိန်တွင် စွန်းရှန်းအား တည့်တည့်မတ်မတ် လက်ညှိုးထိုးတော့၏။ “အဲဒါတွေ အားလုံးက ခင်ဗျားကြောင့်ပဲ။ ကျုပ် အခု နေ့တိုင်း ထိတ်လန့် တုန်လှုပ်စွာနဲ့ အသက်ရှင် နေထိုင်နေရတာ။ ကျုပ် မကြာခင် ထမင်းတောင် စားနိုင်တော့မှာ မဟုတ်ဘူး၊ ကျုပ်ရဲ့ အိမ်မှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေက ဘာမှ မကျန်တော့ဘူး။
ကျုပ်ရဲ့ ပတ်ဝန်းကျင်က လူဘယ်လောက်များများရဲ့ လယ်မြေတွေကို မြေရှင်ကြီးတွေက ဈေးပေါပေါနဲ့ သိမ်းဆည်းသွားကြတယ်၊ ကျုပ်တို့က အစိုးရရုံးတော်ဆီ သွားပြီး သစ္စာ မျှတမှု ရှာချင်တာပါ ... ဒါပေမဲ့ ရုံးတော်ရဲ့ တံခါးဝကိုတောင် ဝင်လို့ မရဘူး၊ ရိုက်နှက် ဆဲရေးတာကိုပါ ခံကြရသေးတယ်။
ကျုပ်တို့ ဘာတွေ လုပ်နိုင်မှာလဲ။ ကွယ်ရာမှာ ညည်းတွား ပြောဆိုတာလေး နှစ်ခွန်းပဲ ရှိတာပါ ... ဒါပေမဲ့ ဒီ ညည်းတွားတာကိုတောင် ခင်ဗျားတို့က ခွင့်မပြုဘူး။ ကြားသွားရင် အကျဉ်းထောင်ထဲ ထည့်တာ ခံရသေးတယ်။”
ဝမ်အာ့ကျူသည် ရင်ဘတ်ကို ထုလျက် အော်ဟစ်လိုက်၏။ “ကျုပ် ကြောက်တယ် ... ကျုပ် ထမင်း မစားရမှာကို ကြောက်တယ်၊ ကျုပ်ရဲ့အိမ်က ဘိုးဘေးအမွေ ပစ္စည်းတွေကို တစ်ခြားသူတွေ သိမ်းပိုက်သွားမှာကို ကြောက်တယ်၊ ပြီးတော့ အစိုးရကိုလည်း ကျုပ် ကြောက်တယ် ... ကျုပ် လုပ်တာ ဘာမှားယွင်းသွားလို့လဲ။ ခင်ဗျားတို့က ကျုပ်ကို ပျင်းရိတဲ့သူ လို့ ပြောချင်သေးတာလား။ ကျုပ်က သာမန်အတိုင်းလေးပဲ အသက်ရှင် နေထိုင်ချင်တာပါ။”
စွန်းရှန်း၏ မျက်လုံးထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုတို့ ဖြတ်သန်းသွားသည်။ “မဖြစ်နိုင်ဘူး။ ဒါက ခင်ဗျား တစ်ယောက်တည်းဆီမှာ ဖြစ်ခဲ့တဲ့ ကိစ္စ ဖြစ်ရမယ်၊ ဒါမှမဟုတ် ခင်ဗျား လိမ်ညာနေတာပဲ။”
“ကျုပ်က လိမ်နေတယ်လား။”
ဝမ်အာ့ကျူသည် ကိုယ့်ကိုယ်ကိုယ် လက်ပြန် ညွှန်ပြလိုက်ပြီး မျက်လုံးများ ပြူးကျယ်လာ၏။ “ခွေးအရာရှိ … ခင်ဗျားအပြစ်ကို ကျုပ်ရဲ့ ခေါင်းပေါ်ကို အပြစ်ပုံချချင်သေးတာလား။ ခင်ဗျားရဲ့ ကိုယ်ကျင့်တရားတွေ ဘယ်ရောက်သွားလဲ၊ ကျုပ်က သာမန် အရပ်သားလေး တစ်ယောက်မို့လို့ အနိုင်ကျင့်လို့ ရတယ် ထင်နေတာလား။
ကျုပ်ရဲ့ အိမ်မှာ သစ်သီးခြံလေး တစ်ခြံပဲ ကျန်တော့တယ်၊ ဒါက ကျုပ်အဖေ ကျုပ်ကို လက်ဆင့်ကမ်း ပေးခဲ့တာ ... ကျုပ် အခု အဲဒါကိုလည်း မလိုချင်တော့ဘူး ... အဲဒါ ကျုပ်ရဲ့ ဘိုးဘေးအမွေ၊ ဘိုးဘေးအမွေ ပစ္စည်း။”
ဝမ်အာ့ကျူ အသံကုန် ဟစ်ကြွေး ငိုကြွေးတော့သည်။
“ကျုပ် မလိုချင်ဘူးလို့ ခင်ဗျား ထင်နေတာလား။ ကျုပ်က ရှင်းကျန်းမှာ တစ်သက်လုံး ရှင်သန်ခဲ့တာပါ၊ ဒါပေမဲ့ ကျုပ် အခု အသက်ရှင်လို့ မရတော့ဘူး၊ အသက်ရှင်လို့ မရတော့ဘူး။”
ဝမ်အာ့ကျူ စိတ်ခံစားချက် ထိန်းချုပ်မရ ဖြစ်သွားပြီး နေရာတွင် ရှိနေသော လူတိုင်း၏ စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩသွားကြသည်။
ကြည့်ရသည်မှာ သူတို့ လုံးဝ မမြင်တွေ့ခဲ့ရသည့် သီးခြား အကြောင်းအရင်း တစ်ခု ရှိနေပုံ ပေါ်၏။
သို့ပေမည့် စွန်းရှန်းသည် သတိလက်လွတ် ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး ဝမ်အာ့ကျူအား လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “ခင်ဗျား ပါးစပ် ပိတ်ထားစမ်း။ လိမ်လည်မှုတွေ၊ အားလုံးက လိမ်လည်မှုတွေချည်းပဲ ... အရှင်မင်းကြီး … ဒီလူက သေချာပေါက် ဖန်ကျန်းရီက ကျွန်တော်မျိုးကို လုပ်ကြံဖို့ ရှာလာတာပါ ... ကျွန်တော်မျိုးက ရှင်းကျန်းခရိုင်အောက်ပိုင်းက သတင်းတွေကို သုံးရက် တစ်ကြိမ် သတင်းယူတာပါ၊ ပြည်သူတွေရဲ့ ဘဝက ဒီလောက်အထိ သနားစရာကောင်းနေတာကို ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး ဘာမှ မသိဘဲ နေမှာလဲ။”
“မင်းအမေ ... မင်းက ကျုပ် လိမ်လည်နေတယ်လို့ ထပ်ပြောချင်သေးတာလား။” ဝမ်အာ့ကျူ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားပြီး အပေါ်သို့ အတင်း ခုန်အုပ်သွားတော့၏။
မမျှော်လင့်ဘဲ ဖြစ်သွားမှုအောက်တွင် စွန်းရှန်းမှာ မြေပေါ်သို့ ဘုန်းကနဲ ဖိချခံလိုက်ရပြီး၊ သူတို့နှစ်ဦး စတင် လုံးထွေး သတ်ဖြတ်ကြတော့သည်။
ကြီးမားသည့် အပြောင်းအလဲကြီးက လူတိုင်းကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။ ယန်ရင်းချိုက် က သတိပြန်ဝင်လာကာ အော်ဟစ်လိုက်၏။ “လာကြစမ်း … မြန်မြန် သူတို့ကို ဆွဲဖယ်လိုက်ကြစမ်း။”
“မလုပ်နဲ့ ... သူတို့ကို တိုက်ခိုက်ခိုင်းထားလိုက်။” ကျင်းဘုရင်မင်းမြတ် က အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“ကော်ပန်ပန် ... ကိုယ်တော် မင်းကို ရှင်းကျန်းခရိုင်မှာ လျှို့ဝှက် စုံစမ်းခိုင်းတာ ရလဒ် အများကြီး ရှိခဲ့လောက်ပြီ မဟုတ်လား။”
ကော်ထျန်းယန် ထွက်လာပြီး အသံတီးတိုးဖြင့် ပြောလိုက်၏။ “ကျွန်တော်မျိုး ရလဒ် အကြီးအကျယ် ရရှိခဲ့ပါတယ် ... အရှင်မင်းကြီး အခု နားထောင်မလား။”
“သူတို့ကို ပြောပြလိုက်စမ်း။”
“ဟုတ်ကဲ့ပါ ... ကျွန်တော်မျိုးက ရှင်းကျန်းခရိုင် အတွင်းမှာ လူလွှတ်ပြီး ခရိုင်ထဲက မြေရှင် မိသားစုတွေနဲ့ အစိုးရ ရုံးတော်ထဲအထိ လျှို့ဝှက် စုံစမ်းကြည့်တော့၊ တကယ်ပဲ အရာရှိဖန် ခန့်မှန်းခဲ့သလိုမျိုးပါပဲ ... ဒီ ဒေသခံ အင်အားစုတွေဟာ စွန်းရှန်းရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှု နည်းလမ်းတွေကြောင့် အခြေခံအားဖြင့် ပူးပေါင်းသွားခဲ့ကြတာပါ။
စွန်းရှန်းက လှည့်ဖျားခံထားရပြီး ... မြေရှင် မိသားစုတွေက ကွယ်ရာကနေ ပြည်သူတွေရဲ့ ဆိုင်ခန်းတွေ၊ လယ်မြေတွေကို ဈေးပေါပေါနဲ့ အကြီးအကျယ် ဝယ်ယူ သိမ်းပိုက်ကြတာပါ၊ အစိုးရရုံးတော်က လူတွေကတော့ လူမိုက်အဖြစ် ဟန်ဆောင်ပြီး သူတို့အတွက် လုံခြုံရေး ပေးကြတယ်၊ စွန်းရှန်း အရပ်ထဲ လာရောက် ကြည့်ရှုတဲ့ အခါတိုင်း သူတို့က ပူးပေါင်းပြီး ပြဇာတ် ကပြကြတာပါ...။
ဒီ အပြစ် သက်သေတွေကို ကျွန်တော်မျိုးက သူတို့ကို လက်မှတ်ထိုး ခိုင်းထားပြီးပါပြီ ... အရှင်မင်းကြီး အခု ကြည့်တော့မလား။”
ထိုလျှောက်တင်မှုကို နားထောင်ပြီးနောက် အမတ်များအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြပြီး မူလနေရာတွင် စွန်းရှန်း၏ ငိုကြွေးသံနှင့် ဝမ်အာ့ကျူ၏ ဒေါသတကြီး ဟိန်းဟောက်သံသာ ရှိတော့၏။
ကျင်းဘုရင်မင်းမြတ် က လက်ကို မြှောက်လိုက်ပြီး စူးရှသော အကြည့်များဖြင့် လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ “မလိုတော့ဘူး ... မင်းတို့အားလုံး ကြားပြီးကြပြီလား။ ဒီလောက်များတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးတွေ၊ မင်းဆက်နှစ်ဆက် အမတ်ကြီးတွေက တစ်ယောက်လေးမှ ပြဿနာကို မတွေ့ရှိနိုင်ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေဖြင့် အသက်အရွယ် ငယ်ရွယ်တဲ့ ဖန်ကျန်းရီက တစ်ခုလုံးကို ပြတ်ပြတ်သားသား မြင်တွေ့သွားခဲ့တယ်။
ကျန်းရီ ပြောတဲ့စကားတစ်ခွန်းက အရမ်းကောင်းတယ် ... 'ခြေထောက် ရွှံ့မပေဘူး' တဲ့ ... မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ပြည်သူတွေကို ပါးစပ်မှာ ချိတ်ဆွဲထားကြတာ၊ ဒါပေမဲ့ တကယ်တမ်း ဘယ်သူကများ နှလုံးသားထဲကနေ ဂရုစိုက်ကြလို့လဲ။”
ယန်ရင်းချိုက်သည် မခံမရပ်နိုင်ဘဲ ချေပလိုက်၏။ “အရှင်မင်းကြီး ... စွန်းရှန်းကလည်း လူယုတ်မာတွေရဲ့ လှည့်ဖျားတာကို ခံရတာပါ၊ ထပ်ပြီး ဆက်လွှတ်ထားရင် သူ အသတ်ခံရတော့မယ်။”
“လူယုတ်မာတွေရဲ့ လှည့်ဖျားတာကို ခံရတာလား။ ဘာလို့များ ရှင်းကျန်းခရိုင်မှာ သူကလွဲပြီး အားလုံးက လူယုတ်မာတွေ ဖြစ်နေရတာလဲ၊ ဒီလူယုတ်မာတွေက သူ ကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ဘူးလား။” ကျင်းဘုရင်မင်းမြတ် က အေးစက်စွာ ပြောလိုက်၏။
“အရှင်မင်းကြီး ... ထပ်ပြီး ဆက်လွှတ်ထားရင် တကယ် သေတော့မှာ။” ဖန်ကျန်းရီက တီးတိုး သတိပေးလိုက်သည်။
ဤ စွန်းရှန်းသည် စာပေပညာရှင်တစ်ဦးမျှသာ ဖြစ်ရာ ဝမ်အာ့ကျူ ဆိုသည့် ဤ လယ်သမား၏ လက်သီးသုံးချက် ကိုပင် မခံနိုင်ချေ၊ အခြေခံအားဖြင့် မြေပေါ်တွင် ဖိချခံရပြီး အသေ ရိုက်နှက်ခံနေရ၏။
လက်ရှိတွင် မျက်နှာတစ်ခုလုံး ဖူးယောင် နီရဲနေပြီး ပါးစပ်မှ သွေးများ အန်ထွက်ကာ ပုံပန်းသွင်ပြင်က အလွန် သနားစရာ ကောင်းလှသည်။
ကျင်းဘုရင်မင်းမြတ် က ထိုအခြေအနေကို မြင်တော့ လက်ကို ဝှေ့ယမ်းပြလိုက်၏။
ဖန်ကျန်းရီသည် ရှေ့သို့ ကမန်းကတန်း တိုးသွားပြီး ဝမ်အာ့ကျူကို ဆွဲဖယ်ရန် ပြင်ဆင်လိုက်သည်။
စွန်းရှန်း သေသွားတာ ပြဿနာ မရှိပေ၊ သို့ပေမည့် ဝမ်အာ့ကျူက စာပေပညာရှင် တစ်ဦးကို ရိုက်သတ်မိသွားလျှင် ကိစ္စက ကြီးမားသွားပေလိမ့်မည်။
သူတို့နှစ်ဦးသည် ဖုန်တလူးလူး သတ်ဖြတ်နေကြရာ ဖန်ကျန်းရီက ညစ်ပတ်သည်ဟု ခံစားရသဖြင့် အင်္ကျီလက်စွပ်ထဲမှ ငွေစတစ်ခုကို ဆွဲထုတ်လိုက်၏။
ဝမ်အာ့ကျူ၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်ရာ ဝမ်အာ့ကျူ၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။
ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်၏။ “ရပ်လိုက်ပါတော့ အာ့ကျူရာ ... ဒီနေရာမှာ အားလုံးက အစိုးရ အမှုထမ်းတွေချည်းပဲ။”
အပိုင်း (၈၈၂) ပျော်ရွှင်သော ဝမ်အာ့ကျူ။
ငွေစကို မြင်လိုက်ရသဖြင့် ဝမ်အာ့ကျူသည် အလိုအလျောက် လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
သူ၏အောက်တွင် ရောက်နေသော စွန်းရှန်းမှာ အမောဖြေခွင့် ရသွားပြီး မျက်နှာတစ်ခုလုံး သွေးနှင့် အညစ်အကြေးများ ပြည့်နှက်နေသည်။ သူက ဝမ်အာ့ကျူအား ထိတ်လန့်တကြား လှမ်းကြည့်နေသည်။
ဤလူ၏ ကြမ်းကြုတ်ပုံမှာ တစ်ချက်ထိုးတိုင်း သူ၏အသက်ကို နှုတ်ယူတော့မည့်အတိုင်းပင်။
ဖန်ကျန်းရီသည် ငွေစကို ကိုင်ဆောင်လျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ရာ ဝမ်အာ့ကျူလည်း လိုက်၍ မတ်တပ်ရပ်လိုက်၏။
ထို့နောက် ဖန်ကျန်းရီက ငွေစကိုင်ထားသောလက်ကို ရင်ဘတ်ထဲထည့်၍ ငွေစကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူက အမှုမထားသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ကဲ ... ခင်ဗျား ရင်ဖွင့်စရာရှိတာလည်း ဖွင့်ပြီးလောက်ပြီ၊ ဘဝစားဝတ်နေရေး ကိစ္စတွေကိုတော့ အစိုးရက သဘာဝကျကျပဲ ခင်ဗျားအတွက် ကူညီ ဖြေရှင်းပေးပါလိမ့်မယ်။"
ငွေစက ငါ့ကို ပေးတာ မဟုတ်ဘူးလား။
ဝမ်အာ့ကျူ ပါးစပ်ဟသွားပြီး အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်ရာ လူပေါင်းများစွာတို့က သူ့အား မကြည်လင်သော မျက်နှာပေးဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
ဝမ်အာ့ကျူသည် ဖန်ကျန်းရီ၏ နောက်ကွယ်သို့ တိုးဝင် ပုန်းရှောင်လိုက်သည်။
ကျင်းဘုရင်မင်းမြတ်က စွန်းရှန်းအား ကြည့်ကာ မေးလိုက်၏။ “စွန်းရှန်း ... မင်း အပြစ်ရှိမှန်း သိပြီလား။”
စွန်းရှန်းသည် မြေပေါ်တွင် ပျော့ခွေစွာ ထိုင်နေဆဲပင် ဖြစ်ပြီး မတ်တပ်ရပ်လိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသချေ။
သူ၏ မျက်လုံးနှစ်လုံးမှာ ဗလာကျင်းနေပြီး ထိတ်လန့်မှုထဲတွင် နစ်မျောနေဆဲ ဖြစ်ကာ ကျင်းဘုရင်မင်းမြတ် ၏ အမေးစကားကို ကြားရချိန်၌ ပထမဆုံးအကြိမ်အဖြစ် ယန်ရင်းချိုက်ထံသို့ အကြည့် ရောက်ရှိသွား၏။
အရှင်မင်းကြီး၏ ဤသဘောထားကို ကြည့်ရသည်မှာ သူ့အား သက်ညှာပေးရန် ရည်ရွယ်ချက် မရှိတော့ချေ။
ယန်ရင်းချိုက်သည် သူ၏ မူလ အထက်အရာရှိ ဖြစ်ပြီး သူ လုပ်ဆောင်ခဲ့သော ကိစ္စရပ် အများအပြားမှာ ထိုသူ၏ ညွှန်ကြားချက်များ ဖြစ်ကာ အလင်းနှင့်အမှောင် နှစ်ဖက်စလုံးတွင် ထောက်ခံမှု မနည်း ပေးခဲ့ဖူးသည်။
စောစောက သူ အသေအလဲ ရိုက်နှက်ခံနေရသော်လည်း ကိစ္စရပ်များ၏ အကြောင်းရင်းကို နားလည် သိရှိသွားခဲ့ပြီ ဖြစ်၏။
သူ တကယ်ပင် အသည်းနှလုံးများ ကွဲကြေမတတ် ခံစားခဲ့ရသည် ... ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ထပ်ကွမ်း နာကျင်ခဲ့ရပြီး သူသည် အစတည်းက လူယုတ်မာတို့၏ လှည့်ဖျားမှုကို ခံနေခဲ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့ပေမည့် သူသည် အလုပ်ကို သေသပ်စွာ မလုပ်ဆောင်နိုင်ခဲ့ဘူး ဆိုလျှင်တောင်မှ စိတ်ရင်းကတော့ အလွန်ကောင်းမွန်နေဆဲ ဖြစ်သည်။ သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ထားကို အရှင်မင်းကြီး သိရှိတော်မူပါက ပြင်ဆင်ရန် အခွင့်အရေး ရရှိနိုင်သေးသည်။
တစ်စုံတစ်ယောက်ကသာ သူ့အတွက် ကူညီ၍ စကားတစ်ခွန်း ပြောပေးမည် ဆိုပါက...
စွန်းရှန်း တစ်ချက် လှမ်းကြည့်လိုက်ရာ ယန်ရင်းချိုက်သည် ခန္ဓာကိုယ်ကို စောင်းထားပြီး သူနှင့် မျက်လုံးချင်း မဆုံလိုချေ။
ထို တစ်ချက်လေးနှင့်ပင် စွန်းရှန်းသည် စိတ်ကူးယဉ် မျှော်လင့်ချက်များကို အပြီးတိုင် စွန့်လွှတ်လိုက်တော့၏။
သန့်စင်သော မျက်ရည်နှစ်ကြောင်းက သွေးအညစ်အကြေးများနှင့် ရောနှောကာ ပါးပြင်တစ်လျှောက် ဖြည်းဖြည်းချင်း စီးကျလာသည်။
သူ၏ ဂုဏ်သိက္ခာ၊ မျက်နှာ၊ မာနတို့မှာ ... လုံးဝ ကင်းမဲ့ ပြန့်ကျဲသွားခဲ့ချေပြီ။
ပါးစပ်မှ အမြဲတမ်း သူ့အား မြှောက်စားမည်ဟု ဆိုခဲ့သော အထက်အရာရှိပင်လျှင် ပြတ်ပြတ်သားသား စွန့်ပစ်သွားခဲ့ပြီ ဖြစ်၏။
ကိုယ့်ကိုယ်ကိုယ် တရားမျှတ ဖြောင့်မတ်ပြီး ကြိုးစားပန်းစား လုပ်ကိုင်သူဟု ထင်မှတ်ခဲ့သည်။ နောက်ဆုံးကျတော့ လှည့်ဖျားခံရသည်မှာ သူ ဖြစ်လို့နေလေသည်။
အတွေးတို့ ဤနေရာဆီ ရောက်ရှိသွားချိန်တွင် စွန်းရှန်း၏ စိတ်ထဲ၌ မျှော်လင့်ချက် အားလုံး ပြိုလဲ ပြာကျသွားသည့် ခံစားချက်မျိုး ရရှိသွားတော့သည်။ သူသည် နာကျင်မှုကို အောင့်ခံလျက် ဒူးထောက်ပြီး ကျင်းဘုရင်မင်းမြတ်၏ ရှေ့တော်ဆီသို့ ဒူးနှစ်ဖက်ဖြင့် တစ်လှည့်စီ လျှောက်သွားပြီး အားရပါးရ ဦးတိုက်လိုက်၏။
ပြီးနောက် တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော်မျိုး ... သေရင်တောင် မထိုက်တန်ပါဘူး အရှင်မင်းကြီး။”
ကျင်းဘုရင်မင်းမြတ်က အေးစက်စွာ ပြောလိုက်၏။ “မင်း သေရမဲ့ အချိန် မရောက်သေးဘူး၊ မျက်လုံး ရှင်ရှင် ဖွင့်ကြည့်စမ်း ... ဒီ ဖျင်ဝမ်ခရိုင်နဲ့ ရှင်းကျန်းက ဘာတွေ ကွာခြားသလဲ ဆိုတာကို သေချာ ကြည့်စမ်း၊ အကုန် ကြည့်ရှုပြီးတဲ့ အခါကျမှ ကိုယ်တော် ကိုယ်တိုင် အဆုံးအဖြတ် ပေးမယ်။”
ကျင်းဘုရင်မင်းမြတ်သည် စကားဆိုပြီးနောက် ဝမ်အာ့ကျူအား ကြည့်လိုက်ရာ လေယူလေသိမ်းကလည်း အတန်ငယ် နူးညံ့ သိမ်မွေ့သွား၏။ “ဝမ်အာ့ကျူ ... ဒီနေ့ မင်း ရင်ထဲက နာကြည်းမှုတွေကို ကိုယ်တော် ကူပြီး ဖြေလျှော့ပေးလိုက်ပြီ၊ မင်း ကျေနပ်ရဲ့လား။”
ဝမ်အာ့ကျူမှာ ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် စကားမဆိုရဲချေ။
ဖန်ကျန်းရီက သူ့အား တစ်ချက်တွန်းလိုက်ရာ ဝမ်အာ့ကျူသည် အရှိန်အတိုင်း မြေပေါ်သို့ ဒူးထောက် လဲကျသွားပြီး လက်နှစ်ဖက်ကို စုစည်း ဦးတိုက်ကာ ပါးစပ်မှ အဆက်မပြတ် ရေရွတ်လိုက်၏။ “အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားတော်မူပါတယ် ...။ အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားတော်မူပါတယ်။ အရင်တုန်းက အရှင်မင်းကြီးရဲ့ အဆင့်အတန်းကို မသိခဲ့လို့ အဓိပ္ပာယ်မရှိ လျှောက်ပြောမိတာပါ ...။ အစိုးရက ဉာဏ်ပညာ ကြီးမားပါတယ်။”
ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ “မင်းမှာ ဘာအမှား ရှိလို့လဲ ... ထမင်း ဝအောင် စားချင်တယ်၊ ပြီးတော့ အိမ်ထောင်ပြုပြီး သားသမီး မွေးချင်တယ် ... ဒီလောက် ရိုးရှင်းတဲ့ ဆန္ဒလေးကိုတောင် တောင်းဆုပြုနေရတာက ကိုယ်တော့်ရဲ့ ပေါ့ဆမှုတွေပါ၊ မင်း ပြောခဲ့သလိုပဲ ... ကိုယ်တော် အလကား ဉာဏ်ပညာ ကြီးမားခဲ့တာပါ။”
ကျင်းဘုရင်မင်းမြတ် က ဆက်ပြော၏။ “ကောင်းပြီ ... ကိုယ်တော်လည်း သွားသင့်ပြီ။ မင်း အိမ်ပြန်မလား၊ ဖျင်ဝမ်ခရိုင်မှာပဲ ကျန်ရစ်မလား ဆိုတာကိုတော့ မင်း ကိုယ်တိုင် ဆုံးဖြတ်ပေတော့၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ မင်းကို ကောင်းမွန်တဲ့ ဘဝတစ်ခု သေချာပေါက် ရရှိစေရမယ်လို့ ကိုယ်တော် ကတိပေးပါတယ်။”
ဝမ်အာ့ကျူ ခေါင်းမော့ကြည့်ရင်း မျက်ရည်ဝဲလာခဲ့ချေသည်။
သူသည် မိဘနှစ်ပါးစလုံး ကင်းမဲ့ခဲ့ပြီး ဘဝတစ်ဝက်ကို လယ်မြေထဲ၌ ပင်ပန်းဆင်းရဲစွာ ရှာဖွေ စားသောက်ခဲ့ရသူ ဖြစ်ရာ သူ့အပေါ် ဤမျှအထိ ဂရုစိုက်ပေးသူ မရှိခဲ့သည်မှာ အချိန် ဘယ်လောက် ကြာမြင့်နေပြီမှန်းပင် မသိချေ။
ထို့အပြင် ဤပုဂ္ဂိုလ်မှာ အရှင်မင်းမြတ်ပင် ဖြစ်နေသေး၏။
အရှင်မင်းမြတ် ကိုယ်တိုင်က သူ့အား ကောင်းမွန်သော ဘဝတစ်ခု ဖြတ်သန်းရမည်ဟု ကတိပေးနေသည်။
မျက်ရည်များက မျက်ဝန်းပြင်တစ်လျှောက်မှနေ၍ ဖြည်းဖြည်းချင်း စီးကျလာပြီး ဝမ်အာ့ကျူသည် ရှိုက်ငိုလျက် ပြောလိုက်၏။ “ကျွန်တော်မျိုးရဲ့ ဘိုးဘေးသင်္ချိုင်းက ကောင်းချီး အခိုးအငွေ့တွေ ထွက်ပေါ်လာလို့ အရှင်မင်းကြီး ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ခွင့် ရတာပါ ...။ ကျွန်တော်မျိုး လက်ရှိမှာ ကောင်းမွန်စွာ နေထိုင်ရပါတယ်၊ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ကောင်းချီး ကျေးဇူးကြောင့်ပါ ... ကျွန်တော်မျိုး ...”
ကျင်းဘုရင်မင်းမြတ်က တီးတိုး ပြောလိုက်သည်။ “ဆက်ပြီး မငိုပါနဲ့တော့ ... ကိုယ်တော် ဖျင်ဝမ်ခရိုင်မှာ ဒီရက်ပိုင်း နေထိုင်နိုင်ခဲ့တာ မင်းရဲ့ သစ်သီးတွေကြောင့်ပါပဲ၊ မင်း စိုက်ပျိုးထားတဲ့ သစ်သီးတွေက ကောင်းမွန်တယ်၊ နောက်ပိုင်း ပိုက်ဆံရှာပြီးရင် လယ်မြေတွေ များများဝယ်၊ သစ်သီးတွေကို မြို့တော်ဆီ ရောင်းချေ။”
ဝမ်အာ့ကျူသည် ထိခိုက် လှုပ်ရှားစွာဖြင့် အသံကုန် ဟစ်ကြွေး ငိုကြွေးလိုက်၏။ “အရှင်မင်းကြီး ...။”
ဖန်ကျန်းရီက ကမန်းကတန်း ရှေ့တိုးသွားပြီး ပြောလိုက်သည်။ “ကဲ ... တော်လောက်ပြီ မငိုနဲ့တော့၊ နောက်ပိုင်း ကျင်းယီဝေတွေက ခင်ဗျားတို့အိမ်က သစ်သီးတွေကိုပဲ လာဝယ်လိမ့်မယ်၊ အိမ်မြန်မြန် ပြန်တော့။”
ဝမ်အာ့ကျူသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ပြီး တီးတိုး မေးလိုက်၏။ “တကယ်လား ...။ သခင်လေးလွီ ... သခင်လေးက ကိုယ်တိုင် ဆုံးဖြတ်နိုင်လို့လား။”
ဖန်ကျန်းရီက ပြုံးစိစိဖြင့် သူ့အား ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် မျိုးရိုးနာမည် လွီ မဟုတ်ဘူး၊ ကျုပ်ရဲ့ မျိုးရိုးနာမည်က ဖန် ... ဖန်ကျန်းရီ လို့ ခေါ်တယ်။”
ကျင်းယီဝေ ကိစ္စရပ်တွေကို သူ စီမံခန့်ခွဲခွင့် မရှိတော့ဘူး ဆိုပေမဲ့လည်း အရပ်ထဲတွင် သတင်းအချက်အလက် နှေးကွေးမှုကြောင့် သူ ရာထူးကနေ အနားယူသွားပြီမှန်း မသိကြသေးချေ။
ဝမ်အာ့ကျူ၏ ရှေ့တွင် ဟန်ပန်ထုတ်သည်က လုံးဝ ပြဿနာမရှိချေ။
ဝမ်အာ့ကျူသည် မျက်နှာကို သပ်လိုက်၏။ “ဒီနာမည်က ဘယ်နေရာမှာများ ကြားဖူးသလဲ မသိဘူး...။”
ဖန်ကျန်းရီက ပြောလိုက်သည်။ “ရပြီ၊ ခင်ဗျား မြန်မြန် သွားတော့။”
ဝမ်အာ့ကျူသည် မျက်ရည်ကိုသုတ်လိုက်ပြီး ဘာစကားမျှ မဆိုဘဲ ကိုယ်ကိုလှည့်ကာ ဖန်ကျန်းရီအား ဦးတိုက်လိုက်၏။
ထို့နောက် လီယန်စုန့်တို့ လူစု ရှိရာဘက်သို့ မျက်နှာမူပြီး တစ်ယောက်ချင်းစီ ဦးခိုက်ကာ ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေသည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်၊ သခင်ကြီးတွေအားလုံးကို ကျေးဇူးတင်ပါတယ် ...။ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်...။”
မြင်ကွင်းတစ်ခုလုံး ခဏချင်းပင် လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားပြီး လူတိုင်းသည် သူ ဦးတိုက်က် ပြီးစီးသည်အထိ တိတ်တဆိတ် စောင့်ကြည့်နေကြ၏။
ထို့နောက် မတ်တပ်ရပ်၍ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး မျက်နှာပေါ်တွင် ဖားယားသည့် အပြုံးကို ချိတ်ဆွဲလျက် ခါးညွှတ် အရိုအသေပေးပြန်သည်။
ဤ လုပ်ငန်းစဉ် တစ်ခုလုံး ပြီးမြောက်သွားချိန်မှသာ ဝမ်အာ့ကျူသည် စိတ်ချလက်ချ ထွက်ခွာသွား၏။
ဖန်ကျန်းရီလည်း တားဆီးခြင်း မရှိချေ၊ သီးခြား စိတ်မကောင်းစရာ တစ်မျိုးကိုသာ ခံစားရသည်။
သနားစရာကောင်းသော ဝမ်အာ့ကျူ ...
သူ၏ ပုံမှန် နေ့စဉ်ဘဝလေးဆီ ပြန်လည် ရောက်ရှိချင်ရုံသာ ဖြစ်သော်လည်း၊ ပြဿနာ စတင် ဖန်တီးခဲ့သူများအပေါ် ကျေးဇူး ကြီးမားလှကြောင်း တခမ်းတနား ဖော်ပြနေရ၏။
ဤကမ္ဘာလောကကြီးက ဤမျှအထိ ကမောက်ကမ နိုင်လှ၏၊ သူ မြင်ဖူးတာ များပြားသည် ဆိုသော်လည်း သွေးဆူ တက်ကြွမှုက အေးစက်ရန် ခက်ခဲတတ်ရာ ဤကဲ့သို့သော အရာများကို မြင်တွေ့ရချိန်တွင် အမြဲတမ်း နေမသိ၊ ထိုင်မသာ ဖြစ်မိသည်။
ဝမ်အာ့ကျူ ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ပြီး ကျင်းဘုရင်မင်းမြတ် သည်လည်း သက်ပြင်းဖွဖွ တစ်ချက် ချလိုက်ကာ စိတ်ခံစားချက်ကို လျင်မြန်စွာ ချိန်ညှိပြီး ယန်ဖုန်းဖန်အား မိန့်တော်မူ၏။ “ကဲ ... ဒီနေ့ လူတွေ အစုံအလင် ရှိနေပြီ ဆိုမှတော့ မင်းက ကိုယ်တော့်ကို ဒီ ဖျင်ဝမ်ခရိုင်ရဲ့ လက်ရှိ အခြေအနေကို ရှင်းပြစမ်းပါ။”
ယန်ဖုန်းဖန်၏ မျက်လုံးများက ဖန်ကျန်းရီအား အလွန် လျင်မြန်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။ ပြီးနောက် ဝမ်းမြောက်မှု တစ်စွန်းတစ်စက စိတ်နှလုံးထဲ၌ ပေါ်ပေါက်လာသည်။
ငါ သရုပ်ဆောင်ပြရမဲ့ အချိန် ရောက်ပြီလား ...
ယန်ဖုန်းဖန်က အရိုအသေပေး၏။ “ကျွန်တော်မျိုး အမိန့်အတိုင်း နာခံပါ့မယ် ... အရှင်မင်းကြီး ခရိုင်ရုံးတော်ဆီ အရင် ကြွတော်မူပါ၊ ကျွန်တော်မျိုး အခုချက်ချင်း သွားပြီး ခရိုင်မှတ်တမ်းတွေကို ယူဆောင်ပါ့မယ်။”
ကျင်းဘုရင်မင်းမြတ် က လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “မလိုပါဘူး ... ဒီ မြို့ထဲမှာပဲ လျှောက်ကြည့်ကြတာပေါ့၊ မသက်ဆိုင်တဲ့သူတွေ ကိုယ်တော့်နားမှာ အဖော်ပြုပေးစရာ မလိုဘူး၊ အကုန် သွားကြချေ။”
ကျင်းဘုရင်မင်းမြတ် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အစောင့်တပ်ဖွဲ့များ ပြန့်ကျဲသွားကြပြီး လီယန်စုန့် အပါအဝင် အမတ်ကြီးအချို့သာ ကျန်ရစ်တော့၏။
ယန်ဖုန်းဖန် စကားစတင် ပြောဆိုတော့မည့် အဆဲဆဲမှာပင် ပြဇာတ်ရုံ၏ တံခါးမှာ ဝုန်းကနဲ ပွင့်သွား၏။
ကြည့်ရှုသူတစ်စုက အထဲမှ ပြေးထွက်လာကြပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများမှာ နီရဲနေကြသည်။ စောစောက ဇာတ်လမ်း ဇာတ်ကွက်ကို ဆွေးနွေး ပြောဆိုနေကြသည်။
“ဟိုင်းယား ... တကယ်ပဲ မထင်မှတ်ထားဘူး၊ သန့်ရှင်းတဲ့ ဘုန်းတော်ကြီးကလည်း အနောက်မှာ တန်းစီနေတာကိုး ...”
ဖန်ကျန်းရီ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး အသံထွက် မငိုမိအောင်သာ တောင့်ခံထားရ၏။
ဘာကြီးလဲ ... ရမက်ပွဲ ကျင်းပတာ ထန်ဆန်းလည်း သွားပြီး တန်းစီနေတာလား။ ချီးတဲ့မှ .. ဒီကောင်တွေကွာ။
ဖန်ကျန်းရီ သနားစရာ ကောင်းစွာ ပြုံးလိုက်ပြီး ကျင်းဘုရင်မင်းမြတ် ၏ အင်္ကျီစကို တစ်ချက် ဆွဲကာ တီးတိုး ပြောလိုက်၏။ “အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ မြန်မြန် သွားကြပါစို့။”
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာမှာ ဒယ်အိုးအောက်ခြေလို မည်းမှောင်နေပြီး ပြဇာတ်ရုံကို လက်ညှိုးထိုးပြကာ မိန့်တော်မူသည်။ “ဒီ ပြဇာတ်ကို နောက်ပိုင်း ထပ်မကခိုင်းနဲ့တော့ ... မင်းတို့ တောက်ယွမ်ခရိုင်က ပြဇာတ်အဖွဲ့ကို ထိန်းသိမ်းခိုင်းစမ်းပါ၊ လူ့စာရိတ္တကို ဖျက်ဆီးလွန်းတယ်၊ ကိုယ်တော် ဒါမျိုးထပ်သိခဲ့ရင် လုံးဝ သက်ညှာမှာ မဟုတ်ဘူး။”
ဖန်ကျန်းရီက နာခံ၏။ “ကျွန်တော်မျိုး နားလည်ပါပြီ ... ပြန်ရောက်တာနဲ့ သူတို့ကို ဖျက်သိမ်းပစ်ပါ့မယ်။”