← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 47 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 47 Ch. 887-888

အပိုင်း (၈၈၇) အိမ်ပြန်လာသည့် သင်္ဘော။

ဖန်ကျန်းရီ တဖြည်းဖြည်း နီးကပ်လာ၏။

ဆိပ်ကမ်းအတွင်းသို့ ရောက်ရှိလာချိန်တွင် ကြီးမားသော စားသောက်ပွဲကြီး ခင်းကျင်းထားသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ကြက်သေ,သေသွားကာ ထို့နောက် လူများကို ခေါ်ဆောင်၍ အတွင်းသို့ ဝင်ရောက်သွားသည်။

ဆိပ်ကမ်းနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ရာနှင့်ချီသော စူးရှသည့် အကြည့်များက ဖန်ကျန်းရီ၏ ကိုယ်ပေါ်သို့ ကျရောက်လာ၏။

ကျန်းပြောင်၏ လက်များက ချက်ချင်းပင် အင်္ကျီရှည်အတွင်းသို့ ဝင်သွားခဲ့သည်။

ဖန်ကျန်းရီသည် လက်ကို မြှောက်ကာ ကျန်းပြောင်အား အလွယ်တကူ မလှုပ်ရှားရန် အရိပ်အမြွက်ပြလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွားမိ၏။

ဤလူများအားလုံးက ရေတပ်သားများ ဖြစ်ရမည်။ အစပိုင်းတွင် အားလုံးက သတ်မှတ်ထားသော စစ်ဝတ်စုံများကို ဝတ်ဆင်ကာ ပင်လယ်ထွက်ခဲ့ကြသော်လည်း ဤနှစ်များအတွင်း အချိန်နှင့် ပင်လယ်လေ၏ တိုက်စားမှုအောက်တွင် အဝတ်အစားများ ဝတ်၍မရတော့သည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် လူတိုင်းက ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကြည့်ရသည်မှာ အရောင်အသွေး စုံလင်နေ၏။

အဝတ်အစားများက စုတ်ပြတ်နေသော်လည်း ထိုရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များက တကယ်ကို အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှပေသည်။

နှစ်ဖက်စလုံး အကဲခတ်နေကြစဉ် ရုတ်တရက် အားကောင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ညီအစ်ကိုတို့ ... နန်းတော်က ငါတို့ကို လာကြိုဖို့ လူလွှတ်လိုက်ပြီ။”

ရေတပ်သားများသည် သတိထားမှုကို ဖြည်းညင်းစွာ လျှော့ချလိုက်ပြီး တစ်ကိုယ်လုံး ပြေလျော့သွားကာ လူအတော်များများ၏ မျက်ထောင့်များတွင် မျက်ရည်များ စတင်စို့လာတော့၏။

နန်းတော်က ငါတို့ကို အိမ်ပြန်ခေါ်ဖို့ လာကြိုပြီလား။ ဒီနေ့ကို ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရလဲ။ အိပ်မက်ထဲမှာ ဘယ်လောက်ကြာအောင် တောင့်တနေခဲ့ရလဲ။ အခုတော့ အိပ်မက်တွေ တကယ်ဖြစ်လာပြီပဲ။

သို့ပေမည့် ယခုအခါ အစိုးရစစ်သည်များ၏ ဝတ်စုံများက ဤသို့ပြောင်းလဲသွားပြီလား။ တကယ်ကို တောက်ပပြီး လှပလွန်းလှသည်။

ဖန်ကျန်းရီသည် အရင်ဆုံး ကျိန့်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး နေရာတွင်ပင် ကြက်သေ သေနေသော လိုင်ကော်အာကိုလည်း မြင်လိုက်ရသည်။

ထို့နောက် အကြည့်များကို ရေတပ်သားများထံသို့ ပြောင်းရွှေ့လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ညီအစ်ကိုတို့ ပင်ပန်းသွားကြပြီ။ ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်တော်အရ စစ်သည်တော်တို့ကို အိမ်အပြန် လာကြိုတာပါ။”

မိုးလုံးဟိန်းမတတ် အော်ဟစ်သြဘာပေးသံများ ထွက်ပေါ်လာရာ သမိုင်းမှတ်တမ်းအရာရှိသည် အလွန်အမင်း တုန်လှုပ်သွားပြီး ကလောင်ကို ကိုင်ကာ စတင် မှတ်တမ်းတင်တော့၏။

ဖန်ကျန်းရီသည် ကျိန့်ဟွေ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သူနှင့် ကျိန့်ဟွေ့သည် နှစ်ကြိမ်သာ တွေ့ဖူးသော်လည်း ဤခိုင်မာပြတ်သားသော မျက်နှာပိုင်ရှင် အမျိုးသားကို ကြည့်ရင်း စိတ်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာမိ၏။

“အရာရှိကျိန့် ... ဒီတစ်ခေါက် ပင်ပန်းသွားပြီ။”

ကျိန့်ဟွေ့၏ ကျားမျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီး နှုတ်ခမ်းကိုစေ့ကာ ပြောလိုက်သည်။ “အမတ်ကြီးဖန် ကိုယ်တိုင် ရောက်လာတာကို ကျိန့်ဟွေ့အနေနဲ့ အရမ်းကို ဂုဏ်ယူမိပါတယ်။”

“အစ်ကိုကြီး ...”

ဘေးနားရှိ လိုင်ကော်အာသည် ဖန်ကျန်းရီကို စိုက်ကြည့်ရင်း ပါးစပ်ကြီးဟလျက် အဆုံးတွင် လည်ချောင်းထဲမှ ဤစကားတစ်ခွန်းကို အတင်းညှစ်ထုတ်လိုက်၏။

အသားမည်းမည်းနှင့် အရေပြားများ ကြမ်းတမ်းနေသော လိုင်ကော်အာကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်လုံးများကလည်း မနေနိုင်ဘဲ မျက်ရည်ဝဲလာခဲ့သည်။

ရှေ့သို့တက်ကာ သူ့ အား တင်းကျပ်စွာ ဖက်ထားလိုက်၏။

“ကော်အာ ... မင်း ပင်ပန်းသွားပြီ။ ဒီနှစ်တွေအတွင်းမှာ အစ်ကိုကြီးက မင်းကို သတိမရတဲ့ နေ့ရယ်လို့ မရှိခဲ့ပါဘူး။ အခု မင်း ဘေးကင်းကင်းနဲ့ အိမ်ပြန်လာတာကို တွေ့ရတာ အရမ်းကောင်းတာပဲ။”

လေတိုက်ခံ၊ နေပူခံခဲ့ရသဖြင့် ကလေးက ယခုအခါ သူ့ထက်ပင် ပို၍ အိုမင်းနေပုံပေါ်၏။ သို့သော်ငြား ပြန်ရောက်လာနိုင်လျှင် လုံလောက်ပြီ မဟုတ်ပါလား။

ပွေ့ဖက်ပြီးနောက် လိုင်ကော်အာက မျက်ထောင့်ကို သုတ်လိုက်သည်။ “အစ်ကိုကြီး ... ဒီနှစ်တွေအတွင်းမှာ အစ်ကိုကြီး ဘယ်လိုနေလဲ။”

“အစ်ကိုကြီးရဲ့ ဘဝက ဘယ်လိုရှိရမှာလဲ။ ကြည့်ရတာ သင်္ဘောပေါ်က ပစ္စည်းတွေ မချရသေးဘူးမလား။ ငါတို့ ထိုင်ပြီး အေးအေးဆေးဆေး ပြောကြတာပေါ့။”

ဖန်ကျန်းရီက ပြောရင်း လိုင်ကော်အာ၏ လက်မောင်းကို ဆွဲကာ ထိုင်ချလိုက်၏။ “ဒီဘက်က ကိစ္စတွေကို ရှင်းလင်းပြီးသွားရင် အစ်ကိုကြီး မင်းကို မြို့တော်ပြန်ခေါ်သွားပြီး ရှင်းကျူနဲ့ တွေ့ပေးမယ်။”

“ရှင်းကျူဆိုတာ ဘယ်သူလဲ။” လိုင်ကော်အာသည် ခေါင်းကို ကုတ်ရင်း မေးလိုက်သည်။

ဤနာမည်ကို သူက အလွန်ရင်းနှီးနေသလို ခံစားရသော်လည်း တစ်ခဏအတွင်း စဉ်းစား၍ မရနိုင်သေးချေ။

ဖန်ကျန်းရီ၏ အပြုံးများက မျက်နှာပေါ်တွင် အေးခဲသွား၏။

မေ့သွားပြီလား။

ပထမဆုံးအချစ်ကို ဒီလိုပဲ မေ့သွားပြီလား။ ပင်လယ်ထွက်သွားတာ သုံးနှစ်ရှိပြီဆိုတော့ အကုန်လုံး မေ့သွားပြီပဲ။ သောက်ခွေး ... ဒါက တကယ်ကို တစ်ဆင့်တည်းနဲ့ ကြီးပြင်းသွားတာပဲ။

“မင်း အစောပိုင်းတုန်းက သဘောကျခဲ့တဲ့ ချူအိမ်တော်က အစေခံကောင်မလေးလေ။”

“အို ... ကျုပ် မှတ်မိပြီ အစ်ကိုကြီး။ ဒါပေမဲ့ ဒီနှစ်တွေအတွင်း ပင်လယ်ထဲမှာ မျောပါနေရတော့ ကျုပ် သူ့အပေါ် ဘာခံစားချက်မှ မရှိတော့ဘူး။”

ကျိန့်ဟွေ့သည် နားထောင်ပြီးနောက် တံတွေးမြိုချလိုက်ကာ ခုံကို နှစ်ချက်ခန့်ပွတ်ပြီး လိုင်ကော်အာနှင့် အနည်းငယ် ခွာလိုက်၏။

ဖန်ကျန်းရီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ ... ယောကျ်ားကောင်းတစ်ယောက်က ဇနီးမယား မရှိမှာကို ဘာလို့ ပူပန်နေရမှာလဲ။ မေ့သွားရင်လည်း မေ့သွားပါစေတော့။ ငါတို့ ပိုကောင်းတာကို ထပ်ရှာကြတာပေါ့။ အရင်ဆုံး အဓိကကိစ္စကို ပြောကြရအောင်။ တခြားကိစ္စတွေ အိမ်ပြန်ရောက်မှ ဆက်ပြောမယ်။ မင်းတို့ ဒီတစ်ခေါက် ဘာအကျိုးအမြတ်တွေ ရခဲ့လဲ။ ရေတပ်သား ညီအစ်ကိုတွေအပြင် သင်္ဘောပေါ်မှာ ဘာတွေ ပါသေးလဲ။”

ကျိန့်ဟွေ့က လှည့်ကြည့်ကာ သင်္ဘောကို တစ်စီးချင်းစီ လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ “ဒီတစ်ခေါက် ကျုပ်တို့ရဲ့ အကျိုးအမြတ်က အရမ်းကို များပြားပါတယ်။ အဲဒီသင်္ဘောကတော့ ကွယ်လွန်သွားတဲ့ ညီအစ်ကိုတွေရဲ့ အရိုးပြာတွေကို တင်လာတာပါ။ အဲဒီတစ်စီးကတော့ အမတ်ကြီး တောင်းဆိုထားတဲ့ နိုင်ငံခြားက အပင်မျိုးစေ့တွေပါ။ ပြီးတော့ အဲဒီသင်္ဘောငါးစီးပေါ်မှာ တင်လာတာကတော့ ရွှေငွေရတနာတွေ၊ ထူးဆန်းတဲ့ ကျောက်မျက် ရတနာတွေနဲ့ တခြားဒေသထွက်ကုန်တွေပါ။

ပြီးတော့ အဲဒီသင်္ဘောတစ်စီးကတော့ ကျုပ်တို့ မူလလမ်းကြောင်းအတိုင်း ပြန်လာတဲ့အချိန်မှာ နိုင်ငံပေါင်း နှစ်ဆယ့်သုံးနိုင်ငံက တာ့ကျင်းနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သံတမန်အဖွဲ့တွေ စေလွှတ်လိုက်တာပါ။ ပြီးတော့ အဲဒီတစ်စီးကတော့ ဖေးခါတိုင်းပြည်က ဘုန်းတော်ကြီးတွေပါ ...”

ကျိန့်ဟွေ့သည် အလွတ်ကျက်ထားသည့်အလား ပြောဆိုနေပြီး ဖေးခါတိုင်းပြည်အကြောင်း ပြောသည့်အခါ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သည့် အမူအရာ ပေါ်လာ၏။ “ပြောရမှာ ရှက်ပေမဲ့ အမတ်ကြီး ... ကျုပ်တို့က ဖေးခါနဲ့ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ...”

ကျိန့်ဟွေ့က ဖေးခါတွင် ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြပြီးနောက် ဖန်ကျန်းရီသည် လွတ်လပ်စွာ လက်ယမ်းပြလိုက်သည်။ “ဒီကိစ္စက ဘာမှမဟုတ်ပါဘူး။ နောက်မှ ဆက်ပြောကြတာပေါ့။ ဒါပေမဲ့ ဒီဘုန်းတော်ကြီးတွေနဲ့ လက်မှုပညာရှင်တွေက အရမ်းကို တန်ဖိုးရှိတယ်။ ဒီအချက်ကို ခင်ဗျားတို့ အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ရေကြောင်းပြမြေပုံကို သွားယူခဲ့ပြီး ဘုန်းတော်ကြီးတွေကိုလည်း ကျုပ် ကိုလာတွေ့ဖို့ ခေါ်လာခဲ့။”

“အစ်ကိုကြီး ... ကျုပ် သွားလိုက်မယ်။” လိုင်ကော်အာက ပြောရင်း သင်္ဘောကြီးဆီသို့ လျှောက်သွားလိုက်သည်။

အချိန်သိပ်မကြာလိုက်ဘဲ သူသည် သေတ္တာတစ်လုံးကို ကိုင်ကာ ဘုန်းတော်ကြီးဝတ်စုံနှင့်တူသော အဝတ်အစား ဝတ်ဆင်ထားသည့် နိုင်ငံခြားသားတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထိုသူသည် ကျမ်းစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး သတိထားလျက် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။

နိုင်ငံခြားသား၏ မျက်နှာတစ်ခုလုံးတွင် မုတ်ဆိတ်မွေးများ ပြည့်နှက်နေပြီး မုတ်ဆိတ်များကို မရိတ်သည်မှာ အတော်ကြာပြီဖြစ်ပုံရကာ အသက်လေးဆယ်ကျော်ခန့် ရှိပုံရသော်လည်း အဝတ်အစားများမှာမူ သန့်ရှင်း သပ်ရပ်နေသည်။

လိုင်ကော်အာက မိတ်ဆက်ပေးလိုက်၏။ “အစ်ကိုကြီး ... ဒီလူက ဘုန်းတော်ကြီးတွေထဲမှာ ခေါင်းဆောင်လုပ်တဲ့သူပဲ။ အဆင့်အတန်း အမြင့်ဆုံးပဲ။ သူ့နာမည်က ဘုန်းတော်ကြီးဆော်ဂျာတဲ့။”

ဖန်ကျန်းရီသည် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ပျင်းရိသော အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ဘုန်းတော်ကြီးဘက်သို့ ညာလက်ကို ဖွဖွလေး ဝှေ့ယမ်းပြလိုက်သည်။ “မင်္ဂလာပါ ဘုန်းတော်ကြီး။”

ဘုန်းတော်ကြီးဆော်ဂျာသည် ဖန်ကျန်းရီကို စိုက်ကြည့်ကာ စကားစလိုက်၏။ “မင်္ဂလာပါ … ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ မေးလို့ရမလား။”

လိုင်ကော်အာက အလျင်အမြန် ရှင်းပြလိုက်သည်။ “ဘုန်းတော်ကြီးဆော်ဂျာက အရမ်းတော်တယ်။ ခြောက်လလောက် အချိန်အတွင်းမှာပဲ တာ့ကျင်းရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတာ။”

ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီက ဘုန်းတော်ကြီးကို ကြည့်သည့် အကြည့်များထဲတွင် မနှစ်မြို့မှုများ အနည်းငယ် တိုးလာခဲ့၏။

ချီးပဲ … လူတိုင်းက ဘာသာစကား ပါရမီရှင်တွေချည်းပဲ ဟုတ်လား။

ဖန်ကျန်းရီသည် မတ်တပ်ရပ်လိုက်ကာ လက်နှစ်ဖက်ကို ဖြန့်၍ မိတ်ဆက်လိုက်သည်။ “အင်း ... ကျုပ်က ဖန်ကျန်းရီပါ။ ကျုပ်ကို အမတ်ကြီးဖန်လို့ ခေါ်ရင် ရပါပြီ။ ဒီနေ့ ကျုပ်က နန်းတော်ကိုယ်စား အရှေ့ဖျားဒေသရဲ့ ပထမဆုံး အင်အားအကြီးဆုံး နိုင်ငံ၊ သိပ္ပံပညာရဲ့ အရင်းအမြစ်၊ ယဉ်ကျေးမှု သမိုင်းဝင်နိုင်ငံဖြစ်တဲ့ တာ့ကျင်းအင်ပါယာကို ရောက်ရှိလာတဲ့ ခင်ဗျားတို့ကို ကြိုဆိုပါတယ်။”

သမိုင်းမှတ်တမ်းအရာရှိသည် နားထောင်ရင်း အနည်းငယ် စိတ်လှုပ်ရှားလာကာ ကလောင်ကို လေကဲ့သို့ မြန်ဆန်စွာ ရေးမှတ်နေတော့၏။

အမတ်ကြီးဖန်က အခြားအရာများကို မပြောဘဲ စကားလုံးများကို သေချာစွာ စီစဉ်ထားသည်မှာ အလွန် ခိုင်မာလှသည်။

မည်သူထင်မည်နည်း၊ ဖန်ကျန်းရီ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီးဆော်ဂျာက မျက်မှောင်ကြုတ်လိုက်၏။ “အမတ်ကြီးဖန်က နန်းတော်ကို ကိုယ်စားပြုနိုင်တယ်ဆိုရင် ခင်ဗျားတို့ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက ဖေးခါမှာ ကျုပ်အသင်းတော်ကို လူပုံအလယ်မှာ စော်ကားခဲ့တာကို ခင်ဗျား သိပါသလား။ ခင်ဗျားတို့ လူတွေရဲ့ ပါးစပ်ကနေ ကျုပ် ကြားခဲ့ရတာပါ။ ပြီးတော့ တာ့ကျင်းက သင်္ဘောသား အတော်များများက ကျုပ်တို့ကို ပေးသင့်တဲ့ လေးစားမှု မပေးဘဲ ကျုပ်တို့ရဲ့ ယုံကြည်မှုကို လှောင်ပြောင်ခဲ့ကြသေးတယ်။ ဒါ ခင်ဗျားတို့က ဖေးခါနဲ့ ရဟန်းမင်းကြီးကို လူပုံအလယ်မှာ စစ်ကြေညာတာပဲ။”

နိုင်ငံခြား ဘုန်းတော်ကြီးက ဤမျှ ရဲရင့်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဖန်ကျန်းရီသည် ပခုံးတွန့်လိုက်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။ “အိုက်ယား ... ဒီလိုကိစ္စမျိုး ဖြစ်သွားတဲ့အတွက် ကျုပ်က တကယ်ကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့အားလုံးက အကြောင်းအကျိုးကို နားလည်တဲ့သူတွေပါ။ ဘုန်းတော်ကြီးက ဘယ်လိုမျိုး လျော်ကြေးကို လိုချင်သလဲဆိုတာ မသိရဘူးလား။”

ဖန်ကျန်းရီက ဤမျှ စကားပြောဆိုရ လွယ်ကူနေသည်ကို မြင်သောအခါ ဆော်ဂျာ၏ အမူအရာက အနည်းငယ် ပြေလျော့သွား၏။ “အမတ်ကြီးဖန်က တကယ်ကို အကြောင်းအကျိုး နားလည်တာပဲ။ ကျုပ် သင်္ဘောပေါ်မှာ တွေးကြည့်ဖူးတယ်။ လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှုနှစ်ခု အတူတူရှိနေရင် သေချာပေါက် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ တချို့ကိစ္စတွေက ခွင့်လွှတ်လို့ ရပါတယ်။ ဘုရားသခင်က ခင်ဗျားကို ခွင့်လွှတ်ပေးလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့က သင်္ဘောပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ လျော်ကြေးအနေနဲ့ ကျုပ်တို့ တာ့ကျင်းမှာ သာသနာပြုတဲ့အခါ အမတ်ကြီးဖန်က ကျုပ်တို့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်။

တကယ်လို့ ကျုပ်တို့ ချောချောမွေ့မွေ့ သာသနာမပြုနိုင်ဘူးဆိုရင် အမတ်ကြီးဖန်က သင်္ဘောလွှတ်ပြီး ကျုပ်တို့ကို အိမ်ပြန်ပို့ပေးဖို့ မျှော်လင့်ပါတယ်။”

ဟမ့် … နိုင်ငံခြားသားက အရမ်းကို လှပအောင် တွေးထားတာပဲ။ ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသည့် အပြုံးတစ်ခု ပေါ်လာ၏။

“ဒါဆို ... ကျုပ် ခင်ဗျားတို့ကို သာသနာပြုခွင့်လည်း မပေးသလို အိမ်ပြန်ခွင့်လည်း မပေးဘူးဆိုရင်ရော။”

ဘုန်းတော်ကြီးဆော်ဂျာသည် အလွန်အမင်း မကျေမနပ်ဖြစ်သွားကာ မျက်နှာကို တင်းမာလျက် ပြောလိုက်၏။ “ဒါဆိုရင် တရားမျှတမှုက ခင်ဗျားကို သေချာပေါက် တရားစီရင်လိမ့်မယ်။”

မျက်နှာပေးတော့ နှာခေါင်းပေါ်တက်ခွချင်နေတာပဲ။

ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အပြုံးများ ရုတ်တရက် ပျောက်ကွယ်သွားကာ ရှေ့သို့တက်၍ ဘုန်းတော်ကြီး၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “ကျုပ်စကားကို နားလည်နိုင်ပြီဆိုမှ ဘာလို့ ဒီလောက် အခြေအနေကို မဖတ်တတ်ရတာလဲ။ တရားမျှတမှုက ကျုပ်ကို တရားစီရင်မယ် ဟုတ်လား။”

သမိုင်းမှတ်တမ်းအရာရှိသည် မျက်နှာကို လေးနက်စွာထားလျက် တာ့ကျင်းသမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် အဖြစ် နန်းတော်နှင့် အသင်းတော်တို့ ထိပ်တိုက်တွေ့ဆုံမှုကို သေချာစွာ မှတ်တမ်းတင်နေ၏။

ဖန်ကျန်းရီသည် ဘုန်းတော်ကြီးဆော်ဂျာ၏ လည်ပင်းကို ဆွဲထားလျက် နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ခင်ဗျားကို ကျုပ် ပြောလိုက်မယ်။ တရားမျှတမှုက နောက်ကျတတ်ရုံ တင်မကဘူး သူက မေအေးပေး ... လုံးဝပျောက်ကွယ်သွားတတ်သေးတယ်။ ခင်ဗျား သေချာမှတ်ထား။ ကျုပ်တို့ ဒီနေရာက တာ့ကျင်းပဲ။ ... အာ ဒီစာကြောင်းကို မင်း မမှတ်နဲ့နော်။”

သူက သမိုင်းမှတ်တမ်း အရာရှိကို လှည့်ကာ မှာရသေး၏။

အပိုင်း (၈၈၈) သာသနာပြုလို့ရတယ်၊ အဆင့်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်း သွားရမယ်။

သမိုင်းမှတ်တမ်းအရာရှိသည် ဖန်ကျန်းရီကို အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်ထဲရှိ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။

ကျင်းအရှင်မင်းမြတ်၏ အမိန့်အရ သူသည် အသေးစိတ်မှစ၍ အားလုံးကို မှတ်တမ်းတင်ရမည်ဖြစ်သော်လည်း စောစောက အဓိပ္ပာယ်မရှိသည့် စကားတစ်ခွန်းကိုတော့ မှတ်တမ်းတင်ရန် မလိုအပ်ပုံရပေသည်။

ဘုန်းတော်ကြီးဆော်ဂျာ၏ နဖူးပေါ်တွင် ချွေးစေးများ အနည်းငယ် ပေါ်လာပြီဖြစ်သည်။

လူရိုင်းတွေ .. ဒီအရှေ့တိုင်းသားတွေက လုံးဝကို စစ်မှန်တဲ့ လူရိုင်းတွေပဲ။

ဒီလူက အစိုးရကို ကိုယ်စားပြုတာတောင် လူဆိုးပုံစံမျိုး လုပ်နေတာလား။ ဒါက ဘယ်လို နိုင်ငံမျိုးလဲ။

ဘုန်းတော်ကြီးဆော်ဂျာသည် ဖန်ကျန်းရီ၏ လက်ကို တွန်းဖယ်လိုက်ကာ အလိုအလျောက် ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး အပေါ်ယံတွင် ရဲတင်းဟန်ဆောင်ကာ ပြောလိုက်၏။ “အမတ်ကြီးဖန် ... စောစောက ခင်ဗျားစကားက အသင်းတော်ကို စစ်ကြေညာတယ်လို့ ကျုပ် သတ်မှတ်လိုက်လို့ရတယ်။”

ဖန်ကျန်းရီသည် မျက်နှာသုတ်ပုဝါကို ထုတ်ကာ လက်ကို သုတ်လိုက်ပြီး ပါးစပ်ကို ဖြဲလျက် ပြောလိုက်သည်။ “ဘုန်းတော်ကြီး ... ခင်ဗျား အခုချိန်ထိ အခြေအနေကို သေချာ မမြင်သေးဘူးလို့ ကျုပ် ထင်တယ်။

ကျုပ်တို့ တာ့ကျင်းက ပွင့်လင်းမြင်သာတဲ့ နိုင်ငံပါ။ ခင်ဗျားက ဧည့်သည်ဖြစ်တဲ့အတွက် ကျုပ်တို့က ယဉ်ကျေးစွာ ဆက်ဆံသင့်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက သင်္ဘောပေါ်က ဆင်းဆင်းချင်းမှာတင် အသင်းတော်ကို အသုံးချပြီး ကျုပ်တို့ကို ခြိမ်းခြောက်ရုံသာမက နန်းတော်ကိုပါ ခြိမ်းခြောက်နေတယ်။ ဒါက ခင်ဗျားရဲ့ အမှားပဲ။”

ဖန်ကျန်းရီက ပြောရင်း ရုတ်တရက် သက်ပြင်းချလိုက်ကာ လက်သုတ်ထားသော အဖြူရောင် ပုဝါလေးကို မြေကြီးပေါ်သို့ ပေါ့ပါးစွာ ပစ်ချလိုက်၏။

မြေကြီးပေါ်ရှိ မျက်စိနောက်ဖွယ် အဖြူရောင် ပုဝါလေးကို ကြည့်လိုက်သည်။

ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်ထောင့်များက နှစ်ချက်ခန့် တုန်ယင်သွားပြီး သူ့အပေါ် လေးစားမှု အနည်းငယ် ထိခိုက်သွားသလို ခံစားလိုက်ရ၏။

ဒါက ငါ့ကို ညစ်ပတ်တယ်လို့ ထင်နေတာမလား။ အရှေ့တိုင်းသားတွေက တကယ်ကို ရိုင်းစိုင်းတာပဲ။

“ခင်ဗျားတို့က အရင်ဆုံး ရိုင်းစိုင်းခဲ့တာပါ။ အမတ်ကြီးဖန်အနေနဲ့ ဒီအချက်ကို သိရှိဖို့ မျှော်လင့်ပါတယ်။” ဘုန်းတော်ကြီးဆော်ဂျာက သတိထားလျက် ပြောလိုက်သည်။

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ “ဘုန်းတော်ကြီး ... ခင်ဗျားလည်း အချက်တစ်ချက်လောက် သိရှိဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတင်မကဘူး ခင်ဗျားတို့ရဲ့ ရဟန်းမင်းကြီးပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ ယုံကြည်တဲ့ နတ်ဘုရားက လူ့ပြည်ဆင်းလာရင်တောင် ကျုပ်တို့ တာ့ကျင်းကို ရောက်ရင် စည်းမျဉ်းကို လိုက်နာရမယ်။

ခင်ဗျားက တာ့ကျင်းကို ပထမဆုံး ရောက်လာတာမို့လို့ အပြစ်မယူတော့ဘူး။ တကယ်လို့ ဒုတိယအကြိမ် ထပ်ရှိမယ်ဆိုရင် ခင်ဗျားတို့ ရဟန်းမင်းကြီး ကိုယ်တိုင် ရောက်လာရင်တောင် ကျုပ်က အနည်းဆုံးတော့ မှောင်မိုက်တဲ့ နေရာတစ်ခုရှာပြီး သူ့ကို ဖမ်းချုပ်ထားလိုက်မယ်။”

“ခင်ဗျား သတ္တိရှိလို့လား ...” ဘုန်းတော်ကြီးဆော်ဂျာသည် အလွန်အမင်း ဒေါသထွက်သွား၏။

သို့သော်ငြား စကား ထပ်ထွက်မလာသေးခင်မှာပင် ဖန်ကျန်းရီက ထပ်ပြောလိုက်သည်။ “ခင်ဗျားက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ပေမဲ့ ကျုပ်တို့ တာ့ကျင်းက ယဉ်ကျေးတဲ့ နိုင်ငံပါ။ ခင်ဗျားက အဝေးကြီးကနေ လာရတာဖြစ်ပြီး သာသနာပြုချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်လည်း ကျုပ်တို့က မစဉ်းစားပေးနိုင်တာ မဟုတ်ပါဘူး။ ခင်ဗျား ကောင်းကောင်းမွန်မွန် ပြောဆိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်သွယ်ဖို့ပဲ လိုပါတယ်။”

“ဒါဆို ခင်ဗျားက ...” ဆော်ဂျာ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွား၏။

သူ စကားမဆုံးသေးခင်မှာပင် မထင်မှတ်ဘဲ ဖန်ကျန်းရီက ထပ်မံဖြတ်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီနေ့တော့ အချိန်အခါ မသင့်သေးဘူး။ ခင်ဗျား အရင်ပြန်သွားလိုက်ပါ။ ကျုပ်တို့ နောက်နေ့မှ ဆက်ပြောကြတာပေါ့။”

“ဘယ်အချိန်လဲ။ ခင်ဗျားကို ဘယ်မှာ ရှာရမလဲ။” ဘုန်းတော်ကြီးဆော်ဂျာက အလျင်အမြန် မေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤခရီးစဉ်က ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပြီး ကမ္ဘာလောကသားများကို ကယ်တင်ရန်ဖြစ်ရာ အဓိကတာဝန်ကို လက်လွှတ်၍ မဖြစ်နိုင်ပေ။

ဖန်ကျန်းရီက တွေးတောလျက် ပြောလိုက်သည်။ “ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျုပ်ရဲ့ ရာထူးက အကဲဆတ်တယ်။ တွေ့ချင်တဲ့သူတိုင်း တွေ့လို့ရတာ မဟုတ်ဘူး။ ခင်ဗျားတို့ မြို့တော်ထဲရောက်ပြီး နေရာချထားပြီးသွားတဲ့အခါ သက်ဆိုင်ရာ ရုံးကိုရှာပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင့်ဆင့် သွားပြီးတဲ့နောက် ကျုပ် အချိန်ရပြီး ရုံးမှာရှိနေသေးတယ်ဆိုရင် ခင်ဗျားတို့နဲ့ ပြောပြမယ်။ ခင်ဗျား မလောပါနဲ့။ ကျုပ်တို့မှာ လူတွေ အများကြီး ရှိတယ်။ ပြဿနာရှိရင် ကျုပ်က ခင်ဗျားကို သေချာပေါက် ဖြေရှင်းပေးမှာပါ။”

“ခင်ဗျားက ကျုပ်တို့ရဲ့ သာသနာပြုတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုတာ သေချာလို့လား။ ဒီလိုကိစ္စမျိုးက အရှင်မင်းမြတ် ရဲ့ ခွင့်ပြုချက် ရသင့်တာ မဟုတ်ဘူးလား။ ကျုပ်တို့က တာ့ကျင်းအရှင်မင်းမြတ် ကို ဘယ်အချိန် သွားတွေ့ရမလဲ။” ဆော်ဂျာက ထပ်မေးလိုက်၏။

နိုင်ငံခြားသားက စည်းမျဉ်းစည်းကမ်းတွေကို အတော်လေး နားလည်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဖန်ကျန်းရီက ကျွတ်ခနဲ စုပ်သပ်လိုက်သည်။ “အာ ... ဒီကိစ္စက အရှင်မင်းကြီးရဲ့ ခွင့်ပြုချက် လိုအပ်တာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အဆင့်အတန်းနဲ့က အခု အရှင်မင်းကြီးကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကို မတွေးနဲ့တော့။ အင်း ... ဒါပေမဲ့ ခင်ဗျားရဲ့ကိစ္စကို ပြောရမယ်ဆိုရင် မလုပ်ပေးနိုင်တာ မဟုတ်ဘူး၊ မလုပ်ပေးဘူးလို့ ဆိုတာလည်း မဟုတ်ဘူး။ ကျုပ်တို့ တာ့ကျင်းမှာ ဘယ်လိုဖြစ်ရမယ်ဆိုတာမျိုး မရှိဘူး ... အားလုံးက ပြောလို့ရတယ်။ ပြောလို့မရတာ ဘာမှမရှိပါဘူး။

အဲဒါ ... ခင်ဗျားက လုပ်ထုံးလုပ်နည်းအတိုင်း ကျုပ်ကို ရှာလိုက်ရင် ရပြီ။ တကယ်လို့ နားမလည်ရင် အိမ်မှာ အကြောင်းကြားစာကို စောင့်နေလိုက်။ တခြားကိစ္စတွေ အများကြီး မမေးနဲ့တော့။ အင်း ... ဒါပဲ။”

ဘုန်းတော်ကြီးဆော်ဂျာသည် နားထောင်ရင်း တွေဝေသွားကာ နောက်ဆုံးတွင် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အပြုံးလေးတစ်ခု ပေါ်လာ၏။

ရှင်းသွားပြီ။ လုပ်လို့ရတယ်။

သာသနာပြုလို့ရရင် ကောင်းပြီ။ ကြည့်ရတာ တာ့ကျင်းက လူတွေကလည်း ကောင်းကောင်းမွန်မွန် ဆက်သွယ်လို့ ရသေးတာပဲ။

ဒီယုံကြည်မှုမရှိတဲ့ လူရိုင်းတွေကို စိတ်ရှည်မှုနဲ့ မေတ္တာတရားတွေသုံးပြီး နားချဖို့ လိုသေးတာပဲ ...

ဒါဆိုရင် သင်္ဘောပေါ် ပြန်တက်ပြီး ခဏစောင့်နေလိုက်တာပေါ့။ ကြည့်ရတာ မကြာခင် သင်္ဘောပေါ်ကနေ ဆင်းရတော့မှာပဲ။

ဘုန်းတော်ကြီးဆော်ဂျာကို ခေါ်သွားသည်ကို မြင်သောအခါ ကျိန့်ဟွေ့သည် မနေနိုင်ဘဲ ရယ်မောလိုက်၏။ “အမတ်ကြီးဖန် ... သူက နောက်ပိုင်း ကစားခံလိုက်ရတယ်ဆိုတာ သိသွားပြီး ဒေါသထွက်လာရင် ဘယ်လိုလုပ်မလဲ။

အမတ်ကြီးကို ကျုပ် တစ်ခွန်းလောက် သတိပေးရလိမ့်မယ်။ ဒီဘုန်းတော်ကြီးတွေက အရမ်းကို ထူးဆန်းတယ်။ ကျုပ်တို့ သင်္ဘောပေါ်မှာ စုံစမ်းကြည့်ဖူးတယ်။ ဒီလူတွေက သာသနာပြုဖို့ ကိုယ်တိုင် ဆန္ဒအလျောက် ထွက်လာကြတာတဲ့။ ခင်ဗျား စဉ်းစားကြည့် … ဘယ်ပုံမှန်လူက အဝေးကြီးမှာရှိတဲ့ မသိသေးတဲ့ အရှေ့တိုင်းနိုင်ငံကို သွားပြီး သာသနာပြုချင်မှာလဲ။ ဒီလူတွေက အရမ်းရူးသွပ်တယ်။ သင်္ဘောပေါ်မှာလည်း ပြဿနာရှာတာ မနည်းဘူး။ ခင်ဗျား သူတို့ကို အလျော့ပေးလိုက်တာ အကောင်းဆုံးပဲ။ နောက်ပိုင်း အဆင်မပြေဖြစ်သွားရင် ပြဿနာတက်မှာကို စိုးရိမ်ရတယ်။”

ဖန်ကျန်းရီသည် အထင်သေးစွာ ရယ်မောလိုက်၏။ “အဆင်မပြေဖြစ်သွားမယ် ဟုတ်လား။ ဒါဆို ကျုပ်က ငွေသုံးပြီး သူ့အတွက် ခြေနင်းစရာ လှေကားလေးတစ်ခု ဆောက်ပေးလိုက်မယ်။ ကြည့်ရသေးတာပေါ့။ ငွေရှိရင် တစ္ဆေကိုတောင် ကြိတ်ဆုံလှည့်ခိုင်းလို့ ရတယ်မလား။ နိုင်ငံခြားသား တစ္ဆေတွေလေ။ သူတို့က တစ္ဆေတွေပဲ။ ကျုပ် သူတို့ကို ဒူးထောက်ခိုင်းရင်တောင် ပြဿနာမရှိပါဘူး။

ကဲပါ ... သူတို့ကို အရင်ဆုံး ဂရုမစိုက်နဲ့အုံး။ ဒီကိစ္စတွေကို ကျုပ် နောက်ပိုင်း ရှင်းလင်းပေးမယ်။ ရေကြောင်းပြ မြေပုံက ဘယ်မှာလဲ။”

လိုင်ကော်အာသည် ထိုစကားကို ကြားသောအခါ ရှေ့သို့တက်လာပြီး သေတ္တာကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်သည်။

အတွင်းဘက်ရှိ နှစ်ခေါက် ခေါက်ထားသော သိုးရေစာရွက်တစ်ရွက်က ဖန်ကျန်းရီ၏ မျက်စိရှေ့တွင် ပေါ်လာ၏။

မြေပုံမှာ အလွန်အသေးစိတ် ရေးဆွဲထားခြင်း မဟုတ်သော်လည်း ရေကြောင်းလမ်းများနှင့် ကမ်းရိုးတန်းမျဉ်းများ ကို ရှင်းလင်းစွာ ရေးဆွဲထားပြီး ကုန်းတွင်းပိုင်း အစိတ်အပိုင်းမှာမူ အနည်းငယ် ပုံဖော်ထားကာ သင်္ကေတ အနည်းငယ်သာ ချန်လှပ်ထားသော ကွက်လပ်တစ်ခု ဖြစ်နေသည်။

ဖန်ကျန်းရီသည် ရေကြောင်းပြမြေပုံကို သေချာစွာ ကြည့်ရှုရင်း စိတ်ထဲတွင် လှိုင်းထန်သကဲ့သို့ စိတ်လှုပ်ရှားသွား၏။

ဤမြေပုံရှိနေပါက နောက်ပိုင်း ကမ္ဘာကြီးကို စူးစမ်းလေ့လာရာတွင် အများကြီး ပိုချောမွေ့သွားလိမ့်မည်။

တန်သွားပြီ။ အားလုံးက တန်သွားပြီ။

လိုင်ကော်အာသည် အဓိပ္ပာယ်မသိရသော သင်္ကေတများကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “အစ်ကိုကြီး ... ဒီနေရာတွေက ကျုပ်တို့ ရပ်နားခဲ့ဖူးတဲ့ နိုင်ငံတွေပါ။ အကြောင်းအရာတွေကို ဒီစာအုပ်ပေါ်မှာ မှတ်သားထားပါတယ်။ ဒေသရဲ့ ဓလေ့ထုံးစံတွေ၊ ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေ အားလုံးက စာအုပ်ထဲမှာ ပါပါတယ်။”

လိုင်ကော်အာသည် ပြောပြီးနောက် မြေပုံထည့်ထားသည့် သစ်သားသေတ္တာထဲမှ စာအုပ်တစ်အုပ်ကို ထပ်ထုတ်လိုက်သည်။

ဖန်ကျန်းရီသည် စာအုပ်ကို လှမ်းယူလိုက်ပြီး အကြည့်များက သေတ္တာထဲတွင် နောက်ထပ် သေတ္တာငယ်တစ်ခု ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် သေတ္တာငယ်ကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ဒါက ဘာလဲ။”

လိုင်ကော်အာက သေတ္တာငယ်ကို ကောက်ယူကာ ပြုံးလျက် ပြောလိုက်သည်။ “ဒါက နိုင်ငံခြားမှာ ကျုပ် တွေ့ခဲ့တဲ့ စားစရာပါ။ အရမ်းကို တန်ဖိုးရှိပြီး ထူးဆန်းတယ်။ အစ်ကိုကြီး မြည်းကြည့်လို့ရတယ်။”

သေတ္တာငယ်လေးကို ဖွင့်လိုက်သည်နှင့် အတွင်းဘက်ရှိ အနက်ရောင်နှင့် အညိုရောင် ရောစပ်နေသော အတုံးလေးများ ထွက်ပေါ်လာ၏။

ဖန်ကျန်းရီသည် မျက်ခုံးပင့်လိုက်သည်။ “ချောကလက်လား။”

“ချောကလက်။ အစ်ကိုကြီး ... ဒီအရာကို မြင်ဖူးလို့လား။”

“အို ... အို ... မြင်ဖူးတာပေါ့။” ဖန်ကျန်းရီက ချောကလက်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။

ဤအရာကို မစားရသည်မှာ နှစ်မည်မျှ ကြာနေပြီနည်း။ သာယာလှပသော မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရစေရန် စားလိုက်ခြင်းဖြစ်သည်။

သို့ပေမည့် ပါးစပ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော အချဉ်နှင့် အခါးအရသာက ခံတွင်းထဲတွင် လှိုင်းထသွားတော့၏။

အစစ်ကြီးပဲ။

ဖန်ကျန်းရီသည် ရွံရှာမှုကို အတင်းအကြိတ်ခံကာ မြိုချလိုက်ရသည်။

ဘေးနားရှိ ကျန်းပြောင်က သိချင်စိတ်ဖြင့် ခေါင်းကို ထုတ်ကြည့်လာ၏။

ဘာမဆိုစားတဲ့ သခင်လေးကို ဒီလောက်အထိ ရွံရှာသွားစေနိုင်တယ်ဆိုတော့ ကြည့်ရတာ သာမန် ဆိုးရွားတဲ့ အရသာမျိုး မဟုတ်ဘူးပဲ ...

“အမတ်ကြီးဖန် ... ဒီအရာကို ကျုပ် တစ်ချက်လောက် ကြည့်လို့ ရမလား။”

သမိုင်းမှတ်တမ်းအရာရှိကလည်း သိချင်စိတ်ဖြင့် လှမ်းကြည့်လာကာ ချောကလက်ကို လက်ညှိုးထိုးလျက် မေးလိုက်၏။

လတ်ဆတ်သော စားစရာတစ်မျိုး ဖြစ်ပြီး ကြည့်ရသည်မှာ မှတ်တမ်းတင်ရန် အလွန် တန်ဖိုးရှိပုံရသည်။

ဖန်ကျန်းရီက တစ်တုံးကို ကမ်းပေးလိုက်ပြီး သမိုင်းမှတ်တမ်းအရာရှိက အာရုံစူးစိုက်ကာ အနံ့ခံနေသည်ကို ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ “မြည်းကြည့်လိုက်ပါ။ ဘဝဆိုတာ ချောကလက်သေတ္တာ တစ်လုံးလိုပါပဲ။ နောက်တစ်တုံးက ဘယ်လိုအရသာဖြစ်မလဲဆိုတာ မင်း ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။”

ကျန်းပြောင်က ပီသစွာဖြင့် ပြောလိုက်၏။ “ကျုပ် ကြည့်ရတာ ဒီတစ်သေတ္တာလုံးက အရသာတစ်မျိုးတည်းပဲ ဖြစ်မယ်ထင်တယ်။”

ဖန်ကျန်းရီသည် ကျန်းပြောင်ကို ဒေါသတကြီး စိုက်ကြည့်ကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။ “မင်း ပါးစပ်ကို ပိတ်ထားစမ်း။ မင်းက ဘာလို့ ဒီလောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေရတာလဲ။”

လိုင်ကော်အာက ဝင်ပြောလိုက်၏။ “အစ်ကိုကြီး ... သူပြောတာ မမှားပါဘူး။ ဒီတစ်သေတ္တာလုံးက တကယ်ပဲ အရသာတစ်မျိုးတည်းပါ။ တခြားအရသာကို စားလို့မရဘူး။”

“မင်းလည်း စကားမပြောနဲ့တော့။ ဒါ ငါ့ကိုပဲ ပေးလိုက်တော့။ ငါ့မှာ တခြား အသုံးဝင်တဲ့နေရာ ရှိသေးတယ်။ ပြီးတော့ သင်္ဘောပေါ်က ပစ္စည်းတွေနဲ့ လူတွေအားလုံးကို အောက်ချဖို့ စီစဉ်ခိုင်းလိုက်။ ငါတို့ အားလုံးစုပြီး မြို့တော်ကို ပြန်မယ်။”

All Chapters