အခန်း (၈၈၉-၈၉၀)
Vol. 47 Ch. 889-890
အပိုင်း (၈၈၉) လိုင်ကော်အာ နန်းတော်တွင်းသို့ ဝင်ရောက်ခြင်း။
နန်းတော်အတွင်း၌ ဖန်ကျန်းရီ လူများကိုခေါ်ဆောင်၍ နန်းတော်တွင်းသို့ ဝင်ရောက်မည်ဟူသော သတင်းကို ရရှိပြီးဖြစ်သည်။
သာမန်အချိန်၌ နံနက်ခင်း ညီလာခံပြီးဆုံးချိန် ကျော်လွန်သွားပြီဖြစ်သော်လည်း အမတ်များမှာ ယနေ့တိုင် နန်းဆောင်ထဲမှ မထွက်ခွာသေးဘဲ စောင့်ဆိုင်းနေကြဆဲပင်။
ကျိန့်ဟွေ့ နန်းဆောင်တွင်းသို့ လာရောက်တွေ့ဆုံမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်၏။
အမတ်အားလုံးမှာမူ ဝမ်းသာအားရ ဖြစ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်အနေနှင့် အနောက်နိုင်ငံများကို စူးစမ်းရန် ငွေကြေးအမြောက်အမြား အသုံးပြုခဲ့သည်မှာ ... သုံးနှစ်ရှိပြီဖြစ်ပြီး သင်္ဘောအုပ်စု၏ အင်အားမှာလည်း တာ့ကျင်းသမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသည့် ပမာဏ ဖြစ်၏။
သူတို့သည် နန်းတော်အတွက် မည်ကဲ့သို့သော အံ့အားသင့်စရာများကို ယူဆောင်လာမည်နည်း။
ဖန်ကျန်းရီ ပါးစပ်ဖျားမှ ပြောဆိုခဲ့သည့် ရှေးဟောင်းအနောက်တိုင်းသမိုင်းများသည် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှပြီး တာ့ကျင်းနှင့် မယှဉ်သာအောင်ပင် ဖြစ်ရာ ယခုအချိန်တွင် မည်ကဲ့သို့သော မြင်ကွင်းမျိုး ရှိနေမည်ကို မသိရှိရပေ။
ကျင်းဘုရင်မင်းမြတ် သည် အမတ်များအတွက် လက်ဖက်ရည်နှင့် မုန့်များကို တည်ခင်းကျွေးမွေးရန် အမိန့်ပေးထားပြီး ဖန်ကျန်းရီ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။
အမတ်များမှာမူ လက်ဖက်ရည်ကို သောက်သုံးရင်း တက်ကြွစွာ ဆွေးနွေးနေကြသည်။
မည်သို့ပင်ဆိုစေကာမူ သိချင်စိတ်ဆိုသည်မှာ လူတိုင်းတွင် ရှိစမြဲပင်။
ဖန်ကျန်းရီ တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် နန်းဆောင်ထဲသို့ ပြေးဝင်လာသည်။ ပြီးနောက် ၎င်း၏နောက်မှ ချွေးပြန်နေသည့် မိန်းမစိုးငယ်တစ်ဦး လိုက်ပါလာကာ တားဆီးရန် ကြိုးစားနေသည်ကို မြင်သောအခါ လူတိုင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အကြည့်များက တစ်နေရာတည်းသို့ စုပြုံရောက်ရှိသွားသည်။
ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ် ကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အရှင်မင်းကြီး ... ကျိန့်ဟွေ့ နန်းဆောင်အပြင်ဘက်မှာ အသင့်စောင့်ဆိုင်းနေပါပြီ။”
ကျင်းဘုရင်မင်းမြတ် သည် အလွန်အမင်း ဝမ်းသာသွားကာ မျက်လုံးများတွင် အရောင်လက်လာသည်။ “ကျိန့်ကျင်းကို ဝင်ခွင့်ပြုလိုက်။ ”
...
ဖန်ကျန်းရီ ထိုနေ့က ဆိပ်ကမ်းသို့ ရောက်ရှိချိန်မှစ၍ ကျိန့်ဟွေ့အား မြို့တော်သို့ ကြိုတင်ပြန်လာရန်နှင့် နန်းတော်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်ထားရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကျိန့်ဟွေ့သည်လည်း မဆိုင်းမတွပင် မြို့တော်ရှိ နေအိမ်သို့ ပြန်သွားခဲ့ပြီး ယနေ့မှ နန်းတော်တွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်၏။
သုံးနှစ်ကျော်ကြာ ပင်လယ်ပြင်တွင် လွင့်မျောခဲ့ရသဖြင့် မြို့တော်၏ လမ်းမများမှာ သူ့အတွက် အလွန် စိမ်းသက်နေသည်။
ပြည်သူများ၏ ဝတ်စားဆင်ယင်မှု ပုံစံများမှာလည်း ပြောင်းလဲသွားခဲ့ပြီး လမ်းဘေးမှ လူအတော်များများက နောက်ဆုံးပေါ် သတင်းများကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
ယခု နန်းတော်မြို့ရိုးအတွင်းသို့ ရောက်ရှိလာမှသာ ကျိန့်ဟွေ့သည် အရင်က ရင်းနှီးကျွမ်းဝင်ခဲ့သည့် ခံစားချက်ကို ပြန်လည်ရရှိတော့သည်။
ပြည်သူ့ဘဝ ပြောင်းလဲမှုများမှာ အလွန်လျင်မြန်လှပြီး နန်းတော်ကြီးသာလျှင် ဘာမျှမပြောင်းလဲဘဲ ရှိနေပုံရ၏။
သို့ပေမည့် သူ ခရီးထွက်ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ရာ ဤသုံးနှစ်အတွင်း သူမြင်တွေ့ခဲ့ရသည့် အရာများက များပြားလွန်းလှသဖြင့် အရင်က ခမ်းနားကြီးကျယ်လှသော နန်းတော်ကြီးမှာလည်း မှတ်ဉာဏ်ထဲရှိပုံထက် အများကြီး ပိုသေးငယ်သွားသကဲ့သို့ ခံစားရသည်။
ကမ္ဘာလောကကြီးမှာ ကြီးမားလှ၏။ ပင်လယ်ထွက်မှသာ ကမ္ဘာ၏ အစစ်အမှန်ပုံစံကို မြင်တွေ့ခဲ့ရသည်။
ကျိန့်ဟွေ့သည် နန်းဆောင်အပြင်ဘက်တွင် ရပ်ရင်း စိတ်ထဲ၌ ဖော်ပြ၍မရနိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်နေကာ ဘေးနားရှိ လိုင်ကော်အာမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေပုံရ၏။
ကျိန့်ဟွေ့၏ အင်္ကျီလက်ကိုဆွဲ၍ ပြောလိုက်သည်။ “အစ်ကိုကြီးကျိန့် ... ခဏနေရင် အရှင်မင်းကြီးနဲ့ တွေ့ရတော့မှာ။ ကျုပ်ဘာလုပ်ရမလဲ၊ ဘာပြောရမလဲ။”
ကျိန့်ဟွေ့က ပြောလိုက်သည်။ “မင်းက ရေတပ်က ဖြစ်တဲ့အတွက် အောက်ခြေဝန်ထမ်းလို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်။ အတွင်းဝင်သွားရင် ငါ့နောက်က လိုက်ပြီး အရိုအသေပေး။ တခြားဘာမှ မပြောနဲ့။ အရှင်မင်းကြီး မေးတာကိုပဲ ဖြေ။”
လိုင်ကော်အာသည် တံတွေးမြိုချကာ ခေါင်းညိတ်လိုက်၏။
အမှန်တိုင်းပြောရလျှင် ပင်လယ်ပြင်တွင် ထွက်ခွာခဲ့သည်မှာ ကြာပြီဖြစ်၍ သူသည် ကြောက်ရွံ့ခြင်း မရှိတော့သော်လည်း ယခုအချိန်တွင် ဘုရင်နှင့် တွေ့ရမည်ဖြစ်ရာ ကြောက်ရွံ့နေမိသည်။
သူတို့နှစ်ဦး စောင့်ဆိုင်းနေစဉ် ကော်ထျန်းယန်သည် နန်းဆောင်အတွင်းမှ ပြေးထွက်လာသည်။ ကျိန့်ဟွေ့ကို မြင်သောအခါ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင် ပေါ်လာ၏။
ဤလူထွားကြီးကို သူမှတ်မိသေးသည်။ အစပိုင်းတွင် ရေတပ်သို့ ရွေးချယ်စဉ်က နန်းတော်ထဲ နှစ်ခါလောက် ရောက်ဖူးသည်။ ထိုအချိန်က သူသည် အလွန်သန်မာပြီး သူရဲကောင်းတစ်ဦးအလား ထင်မှတ်ခဲ့ရသည်။
သို့ပေမည့် ယခုမူ ပြောင်းလဲသွားပြီ။ သန်မာနေဆဲဖြစ်သော်လည်း ထိုမျက်နှာမှာမူ အတွေ့အကြုံများစွာနှင့် အိုမင်းရင့်ရော်နေကာ သုံးနှစ်တာကာလမှာ ဆယ်နှစ်လောက်ပင် အိုမင်းသွားသကဲ့သို့ ဖြစ်နေ၏။
ဆိုးရွားသော ပတ်ဝန်းကျင်က လူတစ်ယောက်ကို မည်မျှအထိ ပြောင်းလဲစေနိုင်သည်ကို သိသာလှပေသည်။
“အရာရှိကျိန့် ... ခရီးတစ်လျှောက် ပင်ပန်းသွားပါပြီ။ အရှင်မင်းကြီးက ဝင်ရောက်တွေ့ဆုံခွင့် ပေးလိုက်ပါပြီ ... ဘေးနားက ဒီတစ်ယောက်က ဘယ်သူလဲ။” ကော်ထျန်းယန်က လိုင်ကော်အာကို ကြည့်ကာ မေးလိုက်၏။
ကျိန့်ဟွေ့က ပြောလိုက်သည်။ “ကော်ထျန်းယန်ကို ကျေးဇူးတင်ပါတယ်။ သူက ကျုပ်ရဲ့ လက်ထောက်ပါ။ ခရီးတစ်လျှောက် အရာရာကို သူပဲ မှတ်တမ်းတင်ပေးရတာပါ။ ဒါကြောင့် အရှင်မင်းကြီး သိချင်တာမှန်သမျှ သူက အသေးစိတ် ရှင်းပြပေးနိုင်မှာမို့ ခေါ်လာတာပါ။ ကော်ထျန်းယန် ခွင့်ပြုပေးနိုင်မလား။”
စကားမဆုံးခင်မှာပင် ကော်ထျန်းယန်က လက်ယမ်းပြကာ ပြောလိုက်၏။ “အတူတူဝင်လာခဲ့ကြ။ အရှင်မင်းကြီး စောင့်နေတာ ကြာလှပြီ။”
“ကျေးဇူးတင်ပါတယ်။” ကျိန့်ဟွေ့သည် ကျေးဇူးတင်စကားဆိုပြီး လိုင်ကော်အာကို ခေါ်ဆောင်ကာ နန်းဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။
ကျိန့်ဟွေ့၏ အရိပ်အယောင် နန်းဆောင်ထက်သို့ ပေါ်လာချိန်တွင် နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ကျိန့်ဟွေ့၏ ခြေလှမ်းသံများသာ ရွှေနန်းဆောင်ကြမ်းပြင်ပေါ်တွင် ကြားနေရပြီး လူတိုင်း၏ အကြည့်များက ကျိန့်ဟွေ့၏ ခြေလှမ်းနှင့်အညီ ဖြည်းညင်းစွာ ရွေ့လျားသွားကြသည်။
ကျင်းဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်မှာလည်း မနေနိုင်ဘဲ အနည်းငယ် ရှေ့သို့ ကိုင်းညွတ်သွား၏။
ကျိန့်ဟွေ့သည် အဓိကနေရာသို့ ရောက်ရှိချိန်မှသာ ခြေလှမ်းရပ်လိုက်ကာ အရိုအသေပေး၍ ပြောလိုက်သည်။ “ကျွန်တော်မျိုး ကျိန့်ဟွေ့ … အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”
“ကျွန်တော်မျိုး လိုင်ကော်အာ … အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။” လိုင်ကော်အာသည် ကိုယ်ကိုကိုင်းညွတ်ကာ ပတ်ဝန်းကျင်ကို ခိုးကြည့်နေ၏။
သို့ပေမည့် ယခုအချိန်တွင် မည်သူမျှ သူ့ကို ဂရုမစိုက်ကြဘဲ အာရုံစိုက်မှုအားလုံးမှာ ကျိန့်ဟွေ့ဆီ၌သာ ရှိနေကြသည်။
ကျင်းဘုရင်မင်းမြတ် သည် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ထကြပါ။ ထိုင်ကြ။”
နှစ်ဦးစလုံး ထိုင်ချလိုက်ပြီးနောက် ကျင်းဘုရင်မင်းမြတ် က တွေးတောလျက် ပြောလိုက်သည်။ “ကျိန့်ကျင်း ... သုံးနှစ်ရှိပြီနော်။ ဒီသုံးနှစ်မှာ ပင်ပန်းသွားပြီ။”
အမတ်များက ခေါင်းညိတ်လိုက်ကြသည်။
ပင်ပန်းသည်မှာ အမှန်ပင်။ မျက်နှာပေါ်တွင် အားလုံး ပေါ်လွင်နေ၏။
ကျိန့်ဟွေ့က ပြောလိုက်သည်။ “သုံးနှစ်ဆိုတာ နည်းနည်းလေးပါ။ တာ့ကျင်းရဲ့ နယ်စပ်ကို စောင့်ရှောက်နေတဲ့ စစ်သည်တွေဆိုရင် ဒီထက်မက ကြာပါတယ်။ ကျွန်တော်မျိုးရဲ့ အကျိုးပြုမှုက ဘာမှမဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်သာ သင်္ဘောအုပ်စု ပြန်ရောက်လာတာပါ။”
ကျင်းဘုရင်မင်းမြတ် က ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ “သုံးနှစ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်လောက်တောင် ကြာလိုက်မလဲ။ ပင်လယ်ထွက်တယ်ဆိုတာ အသက်ကိုရင်းပြီး လုပ်ရတာ။ နယ်စပ်စောင့်တာနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ ကျယ်ပြောလှတဲ့ ပင်လယ်ကြီးထဲမှာ ရာသီဥတုက အမြဲပြောင်းလဲနေတယ်။ ဖန်ကျန်းရီ ပြောပြဖူးတာကို ကိုယ်တော် ကြားဖူးပါတယ်။ မင်းတို့ မနှိမ့်ချပါနဲ့။”
ကျိန့်ဟွေ့၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေသော်လည်း အသံမှာမူ တည်ငြိမ်နေဆဲပင်။ “ဒါက ကျွန်တော်မျိုးတို့ရဲ့ တာဝန်ပါ။ ဒီနေ့ အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို ရရှိရတာ ကျွန်တော်မျိုး သေရရင်တောင် နောင်တမရတော့ပါဘူး။”
ကျင်းဘုရင်မင်းမြတ် သည် ပြုံးလျက် ပြောလိုက်သည်။ “တကယ့်ကိုပဲ တိုင်းပြည်အတွက် သစ္စာရှိသူပဲ။ မင်းဘေးနားက တစ်ယောက်က ...”
“သူက ကျွန်တော်မျိုးနဲ့အတူ ပင်လယ်ထွက်ခဲ့တဲ့ လက်ထောက် လိုင်ကော်အာပါ။ ခရီးတစ်လျှောက် အောင်မြင်မှုတွေ အများကြီး ရခဲ့သလို အနောက်တိုင်း ဘာသာစကားကိုလည်း ကျွမ်းကျင်လို့ ကျွန်တော်မျိုးတို့ကို အကူအညီ အများကြီး ပေးခဲ့ပါတယ်။”
ကျိန့်ဟွေ့က ရှင်းပြလိုက်၏။ “ဒီနေ့ မြေပုံကို ဆက်သတဲ့အခါ သူ ရှင်းပြပေးတာ အကောင်းဆုံးမို့လို့ ခေါ်လာတာပါ။ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါအုံး။”
“မလိုပါဘူး၊ မလိုပါဘူး။ တိုင်းပြည်ရဲ့ အရည်အချင်းရှိတဲ့သူပဲ။ မြေပုံကို မြန်မြန်ယူခဲ့ပါ။”
ကျိန့်ဟွေ့သည် ခေါင်းညိတ်လိုက်ပြီး သူနှင့်အတူပါလာသည့် သေတ္တာရှည်ကို ထုတ်ကာ ဖွင့်လိုက်သည်။
ကော်ထျန်းယန်က ယူရန် သွားသော်လည်း ကျင်းဘုရင်မင်းမြတ် က တားလိုက်၏။ “မင်းတို့နှစ်ယောက် ကိုယ်တိုင်ပဲ လာပြောပြကြ။”
ဤသည်မှာ ယခင်က မရှိဖူးသည့် ယုံကြည်မှုမျိုးပင်။
ကျိန့်ဟွေ့ စိတ်ထဲတွင် လှုပ်ရှားသွားပြီး လိုင်ကော်အာကို ခေါ်ဆောင်ကာ နန်းပလ္လင်ရှေ့သို့ သွား၍ မြေပုံကို ဖြန့်လိုက်၏။
ဤသည်မှာ အရေးပေါ် ပြန်လည်ရေးဆွဲထားသည့် မြေပုံဖြစ်ပြီး မူလမြေပုံအတိုင်း အချိုးအစားကို ချဲ့၍ ရေးဆွဲထားကာ အချက်အလက်များစွာကိုလည်း ထပ်မံဖြည့်စွက်ထားသည်။
မြေပုံကို ဖြန့်လိုက်သောအခါ စားပွဲတစ်ခုလုံး ပြည့်သွား၏။
၎င်းပေါ်တွင် အနောက်တိုင်းနိုင်ငံများ၏ အချက်အလက်များ ပါရှိပြီး တာ့ကျင်း၏ ကမ်းရိုးတန်းမှစတင်ကာ အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားရာ ရင်းနှီးမှုမှသည် စိမ်းသက်မှုဆီသို့ ရောက်ရှိသွားသည်။
ကျင်းဘုရင်မင်းမြတ်သည် ကမ်းရိုးတန်းကို လက်ညှိုးထိုးရင်း သူတစ်ခါမျှ မကြားဖူးသော နိုင်ငံသစ်များဆီသို့ ရွေ့လျားသွား၏။
နောက်ဆုံးတွင် ဖေးခါအထိ ရောက်ရှိသွားပြီး နောက်ဘက်တွင်တော့ အမှတ်အသားပြုထားသည့် မသိရှိရသေးသော ဒေသများ ရှိနေသည်။
“သုံးနှစ် ... ကမ်းရိုးတန်းကို ဒီလောက်ရောက်ဖို့ သုံးနှစ်မလိုလောက်ဘူး။ ဘာလို့ ဒီလောက်ကြာသွားရတာလဲ။”
ကျိန့်ဟွေ့က လိုင်ကော်အာကို တစ်ချက်ကြည့်လိုက်သည်။
လိုင်ကော်အာက ချက်ချင်းပင် တိုးတက်စွာ ရှင်းပြလိုက်၏။ “အရှင်မင်းကြီး .. ကျွန်တော်မျိုးတို့ တာ့ကျင်းဆိပ်ကမ်းကနေ ထွက်ခွာပြီးနောက် လမ်းတစ်လျှောက် တွေ့သမျှနိုင်ငံတိုင်းမှာ သံတမန်ရေးအတွက် ရပ်နားခဲ့ရပါတယ်။ ကျွန်တော်မျိုးတို့ သင်္ဘောတွေက တခြားနိုင်ငံငယ်တွေနဲ့ မယှဉ်သာပါဘူး။ သူတို့က ကျွန်တော်တို့ရဲ့ အင်အားကို မြင်တဲ့အခါမှာ ကြိုဆိုပွဲတွေ လုပ်ပေးတတ်ကြတယ်။ ကျွန်တော်မျိုးတို့က သင်္ဘောအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဖြည့်တင်းရင်းနဲ့ ကုန်သွယ်မှုတွေကိုလည်း လုပ်ခဲ့ရပါတယ်။”
“ဒီနေရာကို ကြည့်ပါ။”
လိုင်ကော်အာက မြေပုံကို လက်ညှိုးထိုးလိုက်သည်။ “ဒီနိုင်ငံက ဂါနန်ပါ။ သတ္တုတွင်းတွေ ကြွယ်ဝပြီး စီးပွားရေး ထွန်းကားပါတယ်။ ဒါပေမဲ့ သူတို့ဘုရင်ကအစ ပြည်သူတွေအဆုံး တာ့ကျင်းရဲ့ ပစ္စည်းတွေကို တစ်ခါမှ မမြင်ဖူးကြဘူး။
ကျွန်တော်မျိုးတို့ရဲ့ ပိုးထည်နဲ့ ကြွေထည်တွေကို ပြလိုက်တဲ့အခါမှာ သူတို့က ရူးမတတ် အလုအယက် ဝယ်ယူကြပါတယ်။ တူညီတဲ့ အလေးချိန်ရှိတဲ့ ပိုးထည်က တူညီတဲ့ အလေးချိန်ရှိတဲ့ ရွှေနဲ့ တန်တယ်လို့တောင် ပြောလို့ရပါတယ်။”
အပိုင်း (၈၉၀) ဖန်ကျန်းရီ တကယ်စွမ်းတာပဲ။
တူညီသော အလေးချိန်ရှိသည့် ပိုးထည်က တူညီသော အလေးချိန်ရှိသည့် ရွှေနှင့် လဲလှယ်နိုင်သည် ဟုတ်လား။
ချီးတဲ့မှ ... ပိုက်ဆံလုတာထက်တောင် ပိုမြန်နေသေးသည်။
အမတ်များအားလုံးသည် အလွန်ဝမ်းသာနေကြပြီး အထူးသဖြင့် ဘဏ္ဍာရေးအမတ်ရှီဝမ်ရှူ၏ နှုတ်ခမ်းများသည် နားရွက်အထိပင် ချိတ်လုမတတ် ပြုံးရွှင်နေတော့၏။
တကယ်ကို ထီပေါက်တာပဲ။
ဤကဲ့သို့သော ကိစ္စကောင်းကြီးက သူတာဝန်ထမ်းဆောင်နေချိန်နှင့် တိုက်ဆိုင်နေရာ နောင်လာနောက်သားများ က သူ့ကို မည်သို့သတ်မှတ်ကြမည်နည်း။
ထိုအရာ သမိုင်းတွင်သွားမည့် ကိစ္စမဟုတ်ပါလား။
ကျင်းဘုရင်မင်းမြတ်သည်လည်း အလွန်အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ကိုယ်တော်တို့နိုင်ငံရဲ့ ပိုးထည်တွေကို တခြားနိုင်ငံတွေက အမြဲတမ်း သဘောကျကြပေမဲ့ အနောက်တိုင်းသားတွေက ဒီလောက်အထိ ရူးသွပ်နေကြတာလား။"
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။ "အရှင်မင်းကြီး ... ပစ္စည်းဆိုတာ ရှားပါးလေ တန်ဖိုးရှိလေပါပဲ။ သူတို့က တစ်ခါမှ မမြင်ဖူးတော့ အလုအယက် ဝယ်ကြတာ သဘာဝပါပဲ။ ပစ္စည်းကောင်းဆိုတာ ဘယ်နေရာရောက်ရောက် လူတိုင်းက အသိအမှတ်ပြုကြတာပါပဲ။"
လိုင်ကော်အာက ပြောလိုက်၏။ "မှန်ပါတယ်။ ဂါနန်က မှူးမတ်တွေက ဈေးကြီးတယ်လို့ မထင်တဲ့အပြင် သူတို့က အမြတ်ထွက်တယ်လို့တောင် ထင်နေကြတာပါ။ ပြီးတော့ ကြွေထည်တွေဆိုရင်လည်း ဂါနန်နန်းတွင်းက မှူးမတ်တွေက အရမ်းကို သဘောကျကြပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေအားလုံးက တာ့ကျင်းရဲ့ ဒေသထွက်ကုန်တွေ နဲ့ လက်မှုပညာက အရမ်း သေသပ်ပြီး ယဉ်ကျေးမှု အခြေခံက အရမ် နက်ရှိုင်းတယ်လို့ ချီးကျူးကြပါတယ်။"
၎င်းက ဆက်ပြောလိုက်သည်။ "ဒါ့အပြင် နိုင်ငံတော်တော်များများက ကျွန်တော်မျိုးတို့နိုင်ငံကို ချစ်ကြည်ရေးပြသတဲ့ အနေနဲ့ တာ့ကျင်းရဲ့ စစ်သည်တွေနဲ့ ပြည်သူတွေ အနားယူဖို့ သီးသန့်မြေနေရာ တစ်ကွက်ကို ဖယ်ပေးထားကြပါသေးတယ်။"
လိုင်ကော်အာသည် မြေပုံပေါ်တွင် လက်ညှိုးဖြင့် ဆက်လက် ရွှေ့လျားပြလိုက်၏။ "ဒါတွေကတော့ ကျွန်တော်မျိုးတို့ ကမ်းရိုးတန်းတစ်လျှောက်မှာ ရှာတွေ့ခဲ့တဲ့ ဆိပ်ကမ်းတွေပါ။ တချို့ကတော့ တာ့ကျင်း သင်္ဘောအုပ်စုက ရှာဖွေတွေ့ရှိခဲ့တဲ့ မပြုပြင်ရသေးတဲ့ သဘာဝဆိပ်ကမ်းကောင်းတွေပါ။ အရာရှိကျိန့်က ရွှေငွေတွေနဲ့ လဲလှယ်ပြီးတဲ့နောက် နိုင်ငံငယ်လေးတချို့ဆီကနေ ဒီဆိပ်ကမ်းတွေကို ဝယ်ယူခဲ့ပြီး တာ့ကျင်းရေတပ်အတွက် နောက်ပိုင်း ကြားခံစခန်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်ထားပါတယ်။"
ကျင်းဘုရင်မင်းမြတ်သည် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးလိုက်ပြီး ကျိန့်ဟွေ့ကို ချီးကျူးသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဤကိစ္စကို တကယ်ကို လှပအောင် လုပ်ဆောင်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် နယ်မြေ ချဲ့ထွင်လိုက်သည်နှင့် အတူတူပင်ဖြစ်၏။
ကျင်းဘုရင်မင်းမြတ်က မြေပုံပေါ်ရှိ ဓားငယ်ပုံစံ အနီရောင် သင်္ကေတတစ်ခုကို လက်ညှိုးထိုးကာ မေးလိုက်သည်။ "ဒါဆို ဒီအနီရောင် အမှတ်အသားတွေက ဘာအဓိပ္ပာယ်လဲ။"
လိုင်ကော်အာက ဖြေလိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးတို့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတိုင်းက ဂါနန်လို ဖော်ရွေကြတာတော့ မဟုတ်ပါဘူး။ ဒီအနီရောင် အမှတ်အသားပြထားတဲ့ နေရာတွေက ဒေသခံတွေ အရမ်း ကြမ်းတမ်းတာ ဒါမှမဟုတ် ဓလေ့ထုံးစံတွေ ထူးဆန်းတဲ့ နေရာတွေကို ကိုယ်စားပြုပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ သင်္ဘောအုပ်စုက သူတို့နဲ့ ပဋိပက္ခတချို့ ဖြစ်ခဲ့ဖူးပါတယ်။"
၎င်းက ဆက်ရှင်းပြလိုက်သည်။ "ဒီလူတွေက ရိုင်းစိုင်းပြီး ဆက်သွယ်ရ ခက်ခဲပါတယ်။ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုကို အရင်စပြီး တိုက်ခိုက်ခဲ့ပြီး ပစ္စည်းတွေကို လုယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ တာ့ကျင်းရေတပ် က အစွမ်းကုန် ပြန်လည်ခုခံခဲ့လို့ နောက်ဆုံးမှာတော့ လျော်ကြေးတွေ တောင်းဆိုနိုင်ခဲ့ပြီး ငြိမ်းချမ်းစွာနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒီလမ်းတစ်လျှောက် အချိန်တွေ အများကြီး ကြန့်ကြာခဲ့ရပေမဲ့ ဖြတ်သန်းသွားတဲ့ နိုင်ငံတိုင်းကတော့ တာ့ကျင်းရဲ့ ကရုဏာတရား ကြီးမားမှုနဲ့ သနားကြင်နာတတ်မှုတွေကို မချီးကျူးဘဲ မနေနိုင်ကြပါဘူး။"
ကျင်းဘုရင်မင်းမြတ်သည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေပြီး ထိုဝမ်းသာမှုများက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေတော့၏။ "ကောင်းတယ် ... ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဆက်ပြောအုံး။"
"သင်္ဘောအုပ်စုရဲ့ နောက်ဆုံးမှတ်တိုင်ကတော့ ဖေးခါမှာ ရပ်နားခဲ့ပါတယ်။ မူလကတော့ ဖေးခါကို ရောက်ပြီးရင် အနောက်တိုင်း ကုန်းတွင်းပိုင်းအထိ ဆက်ပြီး စူးစမ်းဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ပင်လယ်ထဲမှာ ဒီလောက် အချိန်အကြာကြီး ခရီးနှင်ခဲ့ရတော့ သင်္ဘောပေါ်က စစ်သည်တွေအားလုံးက ပန်းတိုင်ကို ရောက်ပြီဆိုတာ သိလိုက်ရတာနဲ့ အိမ်ပြန်ချင်စိတ်တွေ အရမ်း ပြင်းပြနေကြလို့ ဆက်ပြီး စူးစမ်းဖို့ ခွန်အား မရှိတော့ပါဘူး။ ဒါကြောင့် ဖေးခါမှာပဲ အနားယူ၊ မှတ်တမ်းတင်ပြီး တာ့ကျင်းကို ပြန်လာခဲ့ရတာပါ။"
လိုင်ကော်အာသည် အနည်းငယ် တုံ့ဆိုင်းသွားကာ ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်၏။
ဖေးခါမှာ အသင်းတော်နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအကြောင်းကို ဤနေရာတွင် ပြောရန် သင့်တော်မည်၊ မသင့်တော်မည်ကို မသိရှိပေ။
အကယ်၍ အရှင်မင်းကြီးကို တိုက်ရိုက် လျှောက်တင်လိုက်၍ အရှင်မင်းကြီး ဒေါသထွက်သွားရလျှင် ပြဿနာ တက်ပေလိမ့်မည်။
သို့ပေမည့် ဖန်ကျန်းရီက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လိုင်ကော်အာသည် သတ္တိမွေးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ပြည်သူတွေကြားထဲမှာ စုံစမ်းကြည့်ဖူးသလောက်ကတော့ ဖေးခါရဲ့ အနောက်ဘက်က အနောက်တိုင်း နိုင်ငံတွေအားလုံးက ထိုက်ဖူဘာသာကို အထွတ်အမြတ် ထားကြပါတယ်။ ကျွန်တော်မျိုးတို့ ကမ်းတက်ပြီးတဲ့နောက်မှာ အသင်းတော်နဲ့ ပဋိပက္ခ ဖြစ်ခဲ့တယ်။ ဒါကလည်း ကျွန်တော်မျိုးတို့ အမြန်ပြန်လာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။"
ကျင်းဘုရင်မင်းမြတ်သည် ခေတ္တမျှ ကြက်သေ,သေသွား၏။ "ဘာကိစ္စ ဖြစ်လို့လဲ။"
"သင်္ဘောအုပ်စု ရောက်သွားတဲ့အချိန်မှာ သူတို့ရဲ့ဘုရင်က ရောဂါအသည်းအသန် ဖြစ်နေပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ သင်္ဘောသားတွေက စေတနာနဲ့ အကြံဉာဏ် နည်းနည်းပါးပါး ပေးလိုက်တာကို သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေနဲ့ သွားငြိပြီး တာ့ကျင်းရဲ့ သင်္ဘောသားတွေကို သေဒဏ်ပေးမယ်ဆိုလို့ ပဋိပက္ခတွေ ဖြစ်လာခဲ့တာပါ။"
အမတ်များအားလုံး ဆူညံသွားကြသည်။
"ဒီအသင်းတော်က ဘယ်လို အရိုင်းအစိုင်း အဖွဲ့အစည်းမျိုးလဲ။ စကားနှစ်ခွန်းလောက် ပြောတာနဲ့ အသက်ကို ရန်ရှာတယ်ဆိုတာ တကယ်ကို ယုတ္တိမရှိတာပဲ။ သူတို့ဆီမှာ တရားမျှတမှုကို စီရင်ပေးမယ့် နန်းတော် မရှိဘူးလား။" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်၏။
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "နိုင်ငံတော် အုပ်ချုပ်ရေးကို ချုပ်ကိုင်ထားတဲ့ ဘုန်းကြီးတွေပဲလေ။"
အမတ်များအားလုံး ချက်ချင်း သဘောပေါက်သွားကြ၏။
ဘုန်းကြီးတွေက နိုင်ငံရေးကို ဝင်ရှုပ်တာကို နားလည်သွားကြပြီ။ ဤအပိုင်းနှင့် ပတ်သက်၍ သမိုင်းရာဇဝင်များ ရှိခဲ့ဖူးသည် မဟုတ်ပါလား။
ကျင်းဘုရင်မင်းမြတ်က အေးစက်စက် ရယ်မောလိုက်သည်။ "အနောက်တိုင်း နန်းတော်က အရည်အချင်းမရှိလို့ ဘုန်းကြီးတွေကို နိုင်ငံတော်အုပ်ချုပ်ရေးကို ချုပ်ကိုင်ခွင့် ပေးထားတာပဲ။ ရယ်စရာကောင်းလိုက်တာ။"
လိုင်ကော်အာက သတိထားလျက် ပြောလိုက်၏။ "မှန်ပါတယ်။ ကျွန်တော်မျိုး အကဲခတ်မိသလောက်ဆိုရင် အနောက်တိုင်းမှာ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ထိုက်ဖူဘာသာကို ရန်စမိရင် နောက်ပိုင်း ကုန်သွယ်ရေးနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ခဲသွားမှာကို စိုးရိမ်ရပါတယ်။"
ကျင်းဘုရင်မင်းမြတ်က ပြုံးလျက် ပြောလိုက်သည်။ "မင်းတို့ အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပါပြီ။ ဒီကိစ္စအတွက် အများကြီး တွေးပူစရာ မလိုပါဘူး။ ဒါဆို ဒါတွေအပြင် တခြား ဘာအကျိုးအမြတ်တွေ ရခဲ့သေးလဲ။"
တာ့ကျင်း၏ လက်ရှိ အင်အားနှင့်ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို ကျင်းဘုရင်မင်းမြတ်က တကယ်ပင် စိတ်ထဲ မထားပေ။
အကျိုးအမြတ်များကို ဆက်လက် တင်ပြရမည်ကို ကြားသောအခါ လိုင်ကော်အာက ကျိန့်ဟွေ့ကို ကြည့်ကာ ပြောလိုက်၏။ "ကျွန်တော်မျိုးက မြေပုံနဲ့ ပတ်သက်တာလောက်ပဲ ပိုသိပါတယ်။ ကျန်တာတွေကိုတော့ အရာရှိကြီးကျိန့်ကိုယ်တိုင် လုပ်ဆောင်ခဲ့တာပါ။"
ထိုစကားကို ကြားပြီးနောက် ကျိန့်ဟွေ့၏ စိတ်ထဲတွင် အလွန် ဂုဏ်ယူဝမ်းသာသွားသည်။
ဤခရီးတစ်လျှောက် လိုင်ကော်အာ၏ လုပ်ဆောင်ချက်များကို သူက အလွန် သဘောကျခဲ့ပြီး နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ရသဖြင့် သံယောဇဉ်များလည်း နက်ရှိုင်းနေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ယခုကဲ့သို့သော အခွင့်အရေးကောင်းကို ရရှိချိန်တွင် လိုင်ကော်အာကိုသာ တင်ပြခွင့် ပေးချင်ခဲ့သည်။ သူကိုယ်တိုင်မှာမူ ဤခရီးတစ်လျှောက် လှိုင်းလေမုန်တိုင်းများကို ဖြတ်သန်းခဲ့ရပြီးနောက် အရာများစွာအပေါ် အေးအေးဆေးဆေးပင် သဘောထားနိုင်နေပြီ ဖြစ်သည်။
တချို့ကိစ္စများက ရေစုန်မျောလိုက်ခြင်းက ပိုကောင်းပေသည်။
သို့သော်ငြား လိုင်ကော်အာက အခွင့်အရေးကို သူ့ထံ ပြန်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကျိန့်ဟွေ့သည် ရှေ့သို့တက်ကာ လျှောက်တင်လိုက်ရ၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒါတွေအပြင် ကျွန်တော်မျိုးတို့ ဖေးခါကနေ အပြန်ခရီးမှာ လမ်းတစ်လျှောက် နိုင်ငံတွေကို နောက်တစ်ကြိမ် ထပ်ပြီး သွားရောက် လည်ပတ်ခဲ့ပါတယ်။ ပြီးတော့ အရှင်မင်းကြီးကို လာရောက် ဖူးမြော်ဖို့အတွက် သံတမန်အဖွဲ့တွေ စေလွှတ်ဖို့ ဆန္ဒရှိတဲ့ နိုင်ငံပေါင်း နှစ်ဆယ့်သုံးနိုင်ငံ ရှိပါတယ်။
နောက်ဆုံးတစ်ခုကတော့ သင်္ဘောအုပ်စုက ယူဆောင်လာတဲ့ ရွှေငွေရတနာတွေပါ။ အားလုံးပေါင်းလိုက်ရင် ငွေတုံး တစ်ထောင် ခြောက်ရာ သုံးဆယ့်ငါးသန်းကျော် ရှိပါတယ်။"
"......"
ကျင်းဘုရင်မင်းမြတ်သည် ခေါင်းမူးသွားကာ တီးတိုး မေးလိုက်သည်။ "ဘယ်လောက်။"
"အားလုံးပေါင်း ငွေတုံး တစ်ထောင် ခြောက်ရာ သုံးဆယ့်ငါးသန်းလောက် ရှိပါတယ် အရှင်မင်းကြီး။" ကျိန့်ဟွေ့က လေးနက်စွာ လျှောက်တင်လိုက်၏။
အမတ်များအားလုံးလည်း ဆွံ့အသွားကြသည်။
ငွေတုံး တစ်ထောင် ခြောက်ရာ သုံးဆယ့်ငါးသန်းဆိုသည်မှာ မည်ကဲ့သို့သော ပမာဏနည်း။ လွန်ခဲ့သည့် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က တာ့ကျင်း၏ တစ်နှစ်စာ ဝင်ငွေမှာ ငွေတုံး သန်းနှစ်ဆယ်ကျော်သာ ရှိခဲ့သည် မဟုတ်ပါလား။
သာမန် ပင်လယ်ထွက် သင်္ဘောအုပ်စုလေး တစ်ခုအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေတုံး တစ်သန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ဤခရီးစဉ်တွင် နိုင်ငံခြား၌ မြေဝယ်ယူခြင်း၊ နိုင်ငံတော်၏ အင်အားကို ပြသခြင်းတို့အပြင် ငွေတုံး ဆယ့်ခြောက်သန်းကျော်ကိုပါ ယူဆောင်လာနိုင်ခဲ့သည်။
သင်္ဘောအုပ်စု တစ်ခုတည်းနဲ့တင် နိုင်ငံတစ်နိုင်ငံလောက် ချမ်းသာနေပြီလား။
ကောင်းကင်ဘုံ ... ခေတ်ကြီးက တကယ်ကို ပြောင်းလဲသွားပြီ။ လူတွေ လုံးဝ မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲသွားတာပဲ။
ရှီဝမ်ရှူဆိုလျှင် ပို၍ပင် စိတ်လှုပ်ရှားလွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေကာ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာအိုကြီးမှာလည်း ပြုံးဖြီးသွားတော့၏။
ချမ်းသာပြီ။ ချမ်းသာပြီ။
ဒီငွေတွေသာ ဘဏ္ဍာတိုက်ထဲ ရောက်သွားရင် နောက်ပိုင်း အလုပ်လုပ်ရတာ ဘာအခက်အခဲ ရှိတော့မှာလဲ။ ငွေလိုတဲ့သူတိုင်းကို တိုက်ရိုက် ခွင့်ပြုပေးလိုက်ရုံပဲလေ။
ဒီဘဏ္ဍာရေးအမတ်ရာထူးကို တစ်နေ့ကျရင် ဒီလောက် သက်သောင့်သက်သာနဲ့ လုပ်လို့ရနိုင်လိမ့်မယ်လား။
ဒါ့အပြင် ဒါက အနောက်နိုင်ငံတွေကို ကနဦး စူးစမ်းလေ့လာမှုသာ ရှိသေးတယ်။ အခု ရေကြောင်းလမ်းတွေလည်း ရှင်းလင်းသွားပြီဆိုတော့ နောက်ပိုင်း သင်္ဘောအုပ်စုတွေ ထပ်လွှတ်မယ်ဆိုရင် ပင်လယ်ကုန်သွယ်ရေး တစ်ခုတည်းကနေတင် နှစ်စဉ် ငွေတုံး သန်းပေါင်းများစွာ ဝင်ငွေရလာမှာ မဟုတ်ဘူးလား။
ရှီဝမ်ရှူသည် တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာကာ တံတွေးများကို အဆက်မပြတ် မြိုချနေမိ၏။
တကယ်လို့ အနောက်တိုင်း ကမ္ဘာကြီးတစ်ခုလုံးကို အပြည့်အဝ စူးစမ်းလေ့လာနိုင်ခဲ့မယ်ဆိုရင် ... ကောင်းကင်ဘုံ ... အနာဂတ်မှာ နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ တစ်နှစ်စာ ဝင်ငွေက သန်းပေါင်း ထောင်ချီပြီး တွက်ရတော့မှာ မဟုတ်ဘူးလား။
တစ်နှစ်စာ ဝင်ငွေကို ကုဋေဆိုတဲ့ ယူနစ်နဲ့တောင် တွက်လို့ ရနိုင်ပါအုံးမလား။ ရှေးယခင်ကတည်းက အခုချိန်ထိ တစ်ခါမှ မရှိဖူးတဲ့ အံ့ဖွယ်ကိစ္စကြီးပဲ။
လူတိုင်း၏ စိတ်ကူးများမှာလည်း အခြေခံအားဖြင့် တူညီနေကြပြီး တွေးနေရင်းနှင့် အကြည့်များက ဖန်ကျန်းရီထံသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။
သူပဲ။
အစတုန်းက သူသာ ပင်လယ်ထွက်ဖို့ အဆက်မပြတ် ဆူညံမနေခဲ့ဘူးဆိုရင် တာ့ကျင်းမှာ ဒီနေ့လို အခြေအနေမျိုး ရှိလာနိုင်ပါ့မလား။
သောက်ခွေး … ဒီကောင်လေးရဲ့ ကံကောင်းမှုက တကယ်ကို ကမ်းကုန်နေတာပဲ။ ဒါက ပြိုင်ဘက်ကင်းတဲ့ ကံတရားကောင်းချီးကြီးပဲ။ ပြိုင်ဘက်ကင်းတဲ့ ကံတရားကောင်းချီးကြီး။
အမတ်များ၏ စိတ်ထဲတွင် မနာလို အားကျမှုများဖြင့် ပြည့်နှက်နေတော့၏။
ဤအခိုက်အတန့်တွင် ညီလာခံခန်းမဆောင်ပေါ်၌ လူအများ၏ အာရုံစိုက်မှု အခံရဆုံး ပုဂ္ဂိုလ်ကြီးမှာမူ ခေါင်းငုံ့ထားလျက် စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေ၏။
ဒီလောက်များပြားတဲ့ ငွေတွေ ဝင်လာမယ်ဆိုရင် ... ရေကြီးသလို ဝင်လာမှာဆိုတော့ ငွေကြေးဖောင်းပွတော့မှာပဲ။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်အောင် နည်းလမ်းရှာရမယ်။