← Chapters

အခန်း (၈၉၁-၈၉၂)

Vol. 47 Ch. 891-892

အခန်း (၈၉၁-၈၉၂)

Vol. 47 Ch. 891-892

အပိုင်း (၈၉၁) ကြီးမားတဲ့ ဆုချီးမြှင့်မှု၊ များပြားတဲ့ ဆုချီးမြှင့်မှု။

"အရှင်မင်းကြီး ... အဲဒီ ရွှေငွေတွေကို ကျွန်တော်မျိုးတို့က အမတ်ကြီးဖန်ရဲ့ အမိန့်အရ ကျင်းယီဝေတွေနဲ့ ပူးပေါင်းပြီး နန်းတော်ထဲကို အားလုံး သယ်ယူလာခဲ့ပါပြီ။ အခု နန်းဆောင်အပြင်ဘက်မှာ ရှိလောက်ပါပြီ။" ကျိန့်ဟွေ့က ထပ်မံ လျှောက်တင်လိုက်၏။

ကျင်းဘုရင်မင်းမြတ်သည် သတိပြန်ဝင်လာကာ အောက်ဖက်ရှိ တုံ့ပြန်မှုများကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ "တကယ်ကို အံ့ဖွယ်ကိစ္စပဲ။ အမတ်တို့အားလုံး ကိုယ်တော်နဲ့အတူ တာ့ကျင်းရေတပ်ရဲ့ အကျိုးအမြတ်တွေကို သွားကြည့်ကြမလား။"

လူတိုင်းက သဘာဝကျစွာပင် မငြင်းဆန်ကြချေ။

ငွေတုံး သန်းဆယ့်ခြောက်သန်းက အပြင်မှာ ရှိနေတာကို မြန်မြန်သွားကြည့်ရမှာပေါ့။

လူအုပ်ကြီး နန်းဆောင်အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ နောက်တစ်ကြိမ် ခေါင်းမူးသွားသလို ခံစားလိုက်ရပြန်၏။

ယခုအချိန်တွင် ဖုန်းထျန်းခန်းမဆောင်၏ ကွင်းပြင်အပြင်ဘက်၌ မရေမတွက်နိုင်သော သစ်သားသေတ္တာများ စုပုံနေသည်။

သေတ္တာကြီးတိုင်းမှာ တစ်ဝက်ခန့် ပွင့်နေပြီး အတွင်းရှိ ရွှေတုံးငွေတုံးများမှာ နေရောင်အောက်တွင် တလက်လက် တောက်ပနေကာ မျက်စိကျိန်းမတတ် လင်းလက်နေ၏။

သေတ္တာ အမြောက်အမြား အတွင်းတွင်လည်း တာ့ကျင်း၌ ရှားပါးလှသော အဖိုးတန် ရတနာများ ထည့်သွင်းထားသည်။

လေ့ကျင့်မှု ကောင်းစွာ ရရှိထားသော နန်းတော်အစောင့်များပင်လျှင် တစ်ခါတစ်ရံတွင် သူတို့၏ ဘေးဘက်သို့ အကြည့်များ ရောက်ရှိသွားတတ်၏။

မည်သို့ပင်ဆိုစေကာမူ ဤမျှ တလက်လက် တောက်ပနေသော ရွှေငွေရတနာများက တကယ်ကိုပင် လူကို စိတ်လှုပ်ရှားစေသည် မဟုတ်ပါလား။

ကျင်းဘုရင်မင်းမြတ်က သက်ပြင်းချကာ ပြောလိုက်သည်။ "သင်္ဘောအုပ်စုက ကိုယ်တော့်ကို တကယ်ပဲ မျှော်လင့်မထားတဲ့ အံ့အားသင့်စရာကို ပေးခဲ့တာပဲ။ နောင်တစ်ချိန်မှာ ဒီအချက် တစ်ချက်တည်းနဲ့တင် တို့ တာ့ကျင်းက ကြီးမားတဲ့ ခေတ်သစ်တစ်ခုကို ကြိုဆိုနိုင်တော့မယ်။

ဒီတစ်ခေါက် ပင်လယ်ထွက်ခဲ့တဲ့ သင်္ဘောအုပ်စုက စစ်သည်တွေရဲ့ အကျိုးပြုမှုက အကြီးမားဆုံးပဲ။ ပင်ပန်းဆင်းရဲခံခဲ့ရလို့ ကိုယ်တော် သေချာပေါက် ဆုအကြီးကြီး ချီးမြှင့်မယ်။"

ကျိန့်ဟွေ့က နှိမ့်ချစွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ။"

"မဟုတ်ဘူး ... ရှိတယ်။ ဒီတစ်ခေါက် ပင်လယ်ထွက်တဲ့ လူအားလုံးကို ဆုအကြီးကြီး ချီးမြှင့်ရမယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အသေးစိတ် ရှင်းလင်းဖို့ လိုသေးတယ်။ မင်းရဲ့ လက်အောက်က ရေတပ်သားတွေကို ကိုယ့်အိမ်ကိုယ် ပြန်ပြီး အနားယူခိုင်းလိုက်အုံး။ နောက်ပိုင်း အမိန့်တော် လာပို့ပေးတဲ့သူ ရှိလိမ့်မယ်။"

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ရှိပါတယ်။"

......

ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ ကျင်းဘုရင်မင်းမြတ်သည် လက်ထဲသို့ ရောက်လာသော အသေးစိတ် စာရင်းကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေ၏။

ပါးစပ်မှလည်း တကျွတ်ကျွတ် စုပ်သပ်ကာ ချီးကျူးနေပြီး ကွင်းပြင်တစ်ခုလုံး ပြည့်နှက်နေသည့် ရွှေငွေများ၏ မြင်ကွင်းထဲမှ ရုန်းမထွက်နိုင်သေးပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ဤအထဲမှ တစ်စိတ်တစ်ပိုင်းကို နန်းတွင်းဘဏ္ဍာတိုက်အတွက် ခွဲဝေပေးမည်မှာ သေချာသည် မဟုတ်ပါလား။

ကောင်းကင်မှ ကျလာသော ဤကြီးမားလှသည့် ချမ်းသာကြွယ်ဝမှုကြီးကြောင့် ဧကရာဇ်ပင်လျှင် သာမန်လူများကဲ့သို့ လောဘမကင်းနိုင်ချေ။

စာရင်းကို ကြည့်ပြီးနောက် ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။ "ကျန်းရီ ... ဒီတစ်ခေါက် ပြန်လာတဲ့ ရေတပ်စစ်သည်တွေကို ဘယ်လို ဆုချီးမြှင့်သင့်တယ်လို့ မင်းထင်လဲ။"

ဖန်ကျန်းရီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ကျွန်တော်မျိုး ထင်တာကတော့ ... ငွေတုံး သန်းတစ်ထောင် ခြောက်ရာ ငါးဆယ်ကျော် ရှိတယ်ဆိုတော့ အစွန်းထွက်တဲ့ ပမာဏကို ရေတပ်သားတွေကို ဆုအဖြစ် ပေးလိုက်ရင် ကောင်းပါလိမ့်မယ်။"

"ငွေတုံး ငါးသိန်းကျော်ဆိုတာ ... နည်းနည်း များမနေဘူးလား။"

"ကျွန်တော်မျိုး ပြောတာက ငွေတုံး ခြောက်သန်းခွဲပါ။"

"……"

ကျင်းဘုရင်မင်းမြတ်သည် တိတ်ဆိတ်သွား၏။ ဖန်ကျန်းရီက ဤမျှ ကြီးမားသော ပမာဏကို တောင်းဆိုလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။

တကယ်ကို ကိုယ့်ပိုက်ဆံ မဟုတ်တော့ မနှမြောဘူးပဲ။

"မင်း ဘယ်လို စဉ်းစားထားတာလဲ။"

ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... အနောက်နိုင်ငံတွေကို ပထမဆုံး စူးစမ်းလေ့လာခဲ့တဲ့ ရေတပ်သားတွေက သမိုင်းကို ရှေ့ဆောင်လမ်းပြတဲ့သူတွေပါ။ တစ်နည်းအားဖြင့် ပြောရရင် ဒီစစ်သည်တော်တွေ က မထွက်ခွာခင်တည်းက သေနိုင်ခြေ အရမ်းများတဲ့ သူတို့ရဲ့ ကံကြမ္မာကို လက်ခံထားပြီးသားပါ။

ဒီအချက် တစ်ချက်တည်းအပြင် ဒီနေ့ ရခဲ့တဲ့ ကြီးမားတဲ့ကောင်းကျိုးပြုမှုကို ပေါင်းလိုက်ရင် သူတို့တင်မကဘူး သူတို့ မိသားစုဝင်တွေ အားလုံးရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး စားဝတ်နေရေး မပူပန်ရအောင် လုပ်ပေးဖို့ နန်းတော်မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ကျဆုံးသွားတဲ့ စစ်သည်တွေ အများကြီး ရှိပါသေးတယ်။ သူတို့ရဲ့ မိသားစုဝင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးဖို့ ငွေကြေး လိုအပ်ပါတယ်။ ဒါကြောင့် ဒီငွေကို လုံးဝ ချွေတာလို့ မရပါဘူး။

ဒါ့အပြင် ဒါက တခြားလူတွေကို စံနမူနာပြပြီး ပင်လယ်ထွက်ဖို့ အားပေးရာလည်း ရောက်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး လုပ်တာက အကျိုးအမြတ် အများကြီး ရနိုင်တယ်ဆိုပေမဲ့ နန်းတော်က အကျိုးအမြတ် အားလုံးကို သိမ်းပိုက်ထားလို့ မရပါဘူး။ ဒီတစ်စိတ်တစ်ပိုင်းကို ပြည်သူတွေကို ခွဲဝေပေးပြီး ပြည်သူတွေ အနောက်ဘက်ကို သွားဖို့ အားပေးတာက ပိုကောင်းပါတယ်။ နန်းတော်ကတော့ သင်္ဘောတွေ ရောင်းပြီး အကျိုးအမြတ် ရယူနိုင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ်က ခေါင်း ညိတ်လိုက်၏။ "မင်းပြောတာ ယုတ္တိရှိတယ်။ ဒါပေမဲ့ ကိုယ်တော်ကတော့ ငွေတုံး ခြောက်သန်းခွဲဆိုတာ များလွန်းတယ်လို့ ထင်တုန်းပဲ။ တာ့ကျင်း တည်ထောင်ပြီးတည်းက အခုချိန်ထိ ဒီလောက်များတဲ့ ဆုချီးမြှင့်မှုမျိုး တစ်ခါမှ မကြားဖူးပါဘူး။"

တိုင်းပြည် တည်ထောင်ပြီးကတည်းက ဆိုတာ ဘာကိုဆိုလိုတာလဲ။ နောက်ဆုံးတော့ ကပ်စေးနှဲတာပဲ မဟုတ်ဘူးလား။ ပိုက်ဆံမသုံးရက်ဘူးပေါ့။

ဖန်ကျန်းရီသည် ယောက္ခထီးကြီး၏ ကပ်စေးနှဲမှုကို စိတ်ထဲတွင် တိတ်တဆိတ် အထင်သေးလိုက်ပြီး ပါးစပ်မှ ပြောလိုက်သည်။ "အရှင်မင်းကြီး ... ဒါက အစပဲ ရှိပါသေးတယ်။ ကျွန်တော်မျိုးတို့ နောက်ပိုင်းမှာ ငွေအကြီးကြီး ထပ်ရှာရအုံးမယ်လေ။ ဒီပိုက်ဆံ နည်းနည်းလေးကို စိတ်ထဲ ထားမနေပါနဲ့။"

"ငွေအကြီးကြီး ဟုတ်လား။"

ကျင်းဘုရင်မင်းမြတ်သည် တွေးတောရင်း ရယ်မောလိုက်၏။ "အင်း ... ဟုတ်တာပေါ့။ တကယ်ကို ငွေအကြီးကြီးပဲ။ မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးဌာနဘက်ကတော့ သေချာပေါက် ပြဿနာရှာကြမှာပဲ။"

"ကျွန်တော်မျိုး ထင်တာကတော့ အရှင်မင်းကြီးက ဘဏ္ဍာရေးဌာနကို တိုက်ရိုက် အမိန့်ပေးသင့်ပါတယ်။ ဒီငွေကို ချွေတာလို့ မရပါဘူး။ မဟုတ်ရင် တိုင်းပြည်က လူတွေရဲ့ စိတ်နှလုံးကို အေးစက်သွားစေလိမ့်မယ်။ အဲဒါဆို မကောင်းပါဘူး။"

"အင်း ... "

ကျင်းဘုရင်မင်းမြတ်က စဉ်းစားရင်း ရုတ်တရက် ပြောလိုက်သည်။ "ဒါကို အရင်မပြောနဲ့အုံး။ ကိုယ်တော် မင်းကို ရှာတာ တခြား အရေးကြီးတဲ့ ကိစ္စရှိလို့။ အစောတုန်းက ကျိန့်ဟွေ့က သူတို့ အနောက်တိုင်းက ထိုက်ဖူဘာသာကို ရန်စမိတယ်လို့ ပြောသွားတယ်။ မင်းက ဒီလိုကိစ္စတွေကို အမြဲ စိတ်ဝင်စားတတ်တော့ ဒီအချက်ကို မင်း ဘယ်လိုမြင်လဲ။"

ဖန်ကျန်းရီက စဉ်းစားလျက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ဒါက ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ထိုက်ဖူဘာသာရဲ့ အင်အားက တိတိကျကျ ဘယ်လောက် ကြီးမားလဲဆိုတာ ကျွန်တော်မျိုးတို့ မသိရပေမဲ့ အခြေခံအားဖြင့်တော့ တခြား ဘာသာတရားတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ အောက်ခြေက ဘာသာဝင်တွေက ဖြူစင်ပြီး စိတ်အားထက်သန်ကြပေမဲ့ အထက်ပိုင်းကတော့ အဂတိလိုက်စားပြီး လောဘကြီးကြပါတယ်။

အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ဘုန်းကြီးတွေလိုပါပဲ။ လည်ပင်းကို ညှစ်လိုက်ရင် မျက်ဖြူလန်သွားပြီး လွှတ်ပေးလိုက်တာနဲ့ ကြွားလုံးထုတ်တော့တာပါပဲ။"

ကျင်းဘုရင်မင်းမြတ်သည် ဆွံ့အသွားကာ ရယ်မောလိုက်၏။ "မင်းက အရမ်း အထင်သေးလွန်းနေပြီ။ ဘာသာတရား တစ်ခုက နိုင်ငံပေါင်းများစွာကို ထိန်းချုပ်နိုင်တယ်ဆိုတာ ကိုယ်တော် တစ်ခါမှ မကြားဖူးပါဘူး။ အဲဒီအထဲမှာ သေချာပေါက် ထူးခြားတဲ့ အစွမ်းအစတွေ ရှိနေမှာပဲ။"

ဖန်ကျန်းရီက ရယ်ကျဲကျဲဖြင့် ပြုံးလိုက်သည်။ "ဒါကတော့ ... ကျွန်တော်မျိုးက မဟာဗျူဟာအရ ရန်သူကို အထင်သေးပြရုံသတ်သတ်ပါ။ ဒါပေမဲ့ ဖြေရှင်းဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး။

ကျိန့်ဟွေ့ ပြန်လာတုန်းက ထိုက်ဖူဘာသာရဲ့ သာသနာပြုတွေကို ခေါ်လာခဲ့ပါတယ်။ ကျွန်တော်မျိုး တွေးမိတာက သူတို့ကတစ်ဆင့် ကိစ္စတော်တော်များများကို ဆက်လုပ်လို့ ရပါတယ်။ တကယ်လို့ သေချာလုပ်နိုင်ရင် ဒီသာသနာပြုတွေကို ကျွန်တော်မျိုးတို့ရဲ့ လူတွေအဖြစ် ပြောင်းလဲပစ်နိုင်မှာပါ။ အနည်းဆုံးတော့ ပြဿနာတစ်ခုခု ကြုံလာရင်တောင် ကျွန်တော်မျိုးတို့ဘက်က တရားမျှတမှု ရှိနေသရွေ့ သူတို့စိတ်ထဲမှာ ကျွန်တော်မျိုးတို့ဘက်ကို ပါလာမှာပါ။"

ကျင်းဘုရင်မင်းမြတ်သည် မျက်ခုံးပင့်လိုက်၏။ "သူတို့က သာသနာပြုတွေကိုပါ ခေါ်လာသေးတာလား။ ကောင်းပြီလေ ... မင်းမှာ နည်းလမ်းရှိတယ်ဆိုရင်တော့ မင်းပဲ အပြည့်အဝ တာဝန်ယူ ဖြေရှင်းလိုက်တော့။"

"အရှင်မင်းကြီး ... တကယ်တော့ ကျွန်တော်မျိုးမှာ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိပါတယ်။" ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။

"ပြောလေ။"

"နိုင်ငံပေါင်း နှစ်ဆယ့်သုံးနိုင်ငံက သံတမန်အဖွဲ့တွေ အခု ဟုန်လုစီဌာနမှာ စုဝေးနေကြပါတယ်။ ဒီလူတွေက ဘာသာစကား နားမလည်ကြလို့ သီးသန့် သင်ကြားရေးနဲ့ ဧည့်ခံပြုစုမှုတွေ လိုအပ်ပါတယ်။ ကျွန်တော်မျိုး တွေးမိတာက နည်းလမ်းဟောင်းတွေနဲ့ လက်ဆောင်ဆက်သတဲ့ စနစ်တွေက ဒီလူတွေနဲ့ သိပ်ပြီး မသင့်တော်တော့ပါဘူး။ သူတို့ကို ကျွန်တော်မျိုးဆီ လွှဲပေးလိုက်ရင် ပိုမကောင်းဘူးလား။"

"ဒါဆို မင်း ဘယ်လို ဖြေရှင်းဖို့ ပြင်ဆင်ထားလဲ။" ကျင်းဘုရင်မင်းမြတ်က သိချင်စိတ်ဖြင့် မေးလိုက်၏။

ဖန်ကျန်းရီက ပြန်လည် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက သူတို့ကို တာ့ကျင်းရဲ့ ပေါကြွယ်ဝတဲ့ ထွက်ကုန်တွေကို လိုက်ပြပြီး နေရာအနှံ့ လျှောက်သွားခိုင်းရုံပါပဲ။ အကောင်းဆုံးကတော့ သူတို့ ကိုယ်တိုင် တာ့ကျင်းကို လာပြီး ကုန်သွယ်ချင်လာအောင် ဆွဲဆောင်နိုင်ဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ကိုယ်တိုင် လာခိုင်းတာက ကျွန်တော်မျိုးတို့အတွက် ငွေအများကြီး သက်သာစေတယ်။ ဘာလို့ အရာအားလုံးကို ကိုယ်တိုင် တာဝန်ယူပြီး လုပ်နေရမှာလဲ။ ဒါ့အပြင် ကျွန်တော်မျိုးက အရှေ့ဆင်ခြေဖုံးတက္ကသိုလ်အတွက် အနာဂတ်မှာ အရည်အချင်းရှိတဲ့ သူတွေကို စုဆောင်းဖို့ ကြိုတင် ပြင်ဆင်ချင်လို့ပါ။”

“တက္ကသိုလ်မှာ နိုင်ငံခြားသားတွေ အများကြီး လက်ခံဖို့ ... အဲဒီလောက် လိုအပ်လို့လား။"

ကျင်းဘုရင်မင်းမြတ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "တက္ကသိုလ်က အရေးကြီးတဲ့ တီထွင်မှုတွေ အများကြီး လုပ်ထားတယ်ဆိုတာ မင်း သိသင့်တယ်။ တကယ်လို့ တစ်ယောက်ယောက်က ခိုးသင်သွားရင် ... "

"ဒီအချက်ကို အရှင်မင်းကြီး စိတ်ချပါ။ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေကို ကျွန်တော်မျိုး တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားပါ့မယ်။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "ကျွန်တော်မျိုး ဒီလို လုပ်ချင်ရတဲ့ အကြောင်းရင်းကလည်း ရွေးချယ်စရာ မရှိလို့ပါ။ တက္ကသိုလ်က သင်ကြားတာက သိပ္ပံပညာပါ။ ပါရမီရှင် တစ်ယောက်က သာမန်လူ တစ်သောင်းထက် ပိုသာပါတယ်။ ဥပမာ ပင်နီဆီလင်လို တီထွင်မှုမျိုးဆိုရင် လူတစ်ယောက်၊ နှစ်ယောက်ကပဲ ဦးဆောင်ပြီး လုပ်ခဲ့ကြတာပါ။ တာ့ကျင်းက ယဉ်ကျေးမှု အခြေခံ အရမ်း နက်ရှိုင်းလွန်းလို့ တကယ် ဉာဏ်ကောင်းတဲ့သူတွေက တက္ကသိုလ်ကို လာချင်တဲ့သူ အရမ်း ရှားပါတယ်။ ဒါပေမဲ့ တကယ်လို့ နိုင်ငံခြား ကျောင်းသားတွေကိုသာ လက်ခံမယ်ဆိုရင် သူတို့ နိုင်ငံမှာတင် အဆင့်ဆင့် ရွေးချယ်ခံရပြီး အတော်ဆုံးတွေကို ရွေးချယ်ပြီးမှ တာ့ကျင်းကို ရောက်လာမှာ သေချာပါတယ်။ နောင်တစ်ချိန် ပညာတတ်မြောက်သွားရင်လည်း တာ့ကျင်းအတွက် အသုံးပြုဖို့ သူတို့ကို ဂုတ်သွေး စုပ်ယူလို့ ရပါတယ်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။"

ဖန်ကျန်းရီ ပြောသည်မှာ ယုတ္တိရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ နိုင်ငံခြားသားများ ဖြစ်နေသည် မဟုတ်ပါလား။

ကျင်းဘုရင်မင်းမြတ်သည် အနည်းငယ် တုံ့ဆိုင်းနေကာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မဆုံးဖြတ်နိုင်သေးချေ။

ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင်မင်းကြီး ... ဒီကိစ္စတွေကို ကျွန်တော်မျိုးတို့ အခုပြောတာ အရမ်း စောပါသေးတယ်။ ကျွန်တော်မျိုးကို စမ်းသပ်ကြည့်ခွင့် ပေးလိုက်တာ ပိုကောင်းပါတယ်။ တကယ်လို့ အနာဂတ်မှာ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို နိုင်ငံခြား ကျောင်းသားတွေ တကယ် ဝင်လာရင်တောင် လုပ်ပိုင်ခွင့်က ကျွန်တော်မျိုးတို့ဆီမှာပဲ ရှိပါသေးတယ်။

ပထမအချက်က အရေအတွက်ကို ထိန်းချုပ်လို့ရပြီး၊ ဒုတိယအချက်ကတော့ သူတို့ကို စိတ်ကြိုက် ပြောင်းရွှေ့လို့ ရပါတယ်။ ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။"

ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ညီလာခံထဲမှာ အနောက်တိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းထက် ပိုသိတဲ့သူ မရှိပါဘူး။ ဒီကိစ္စကို မင်းဘာသာပဲ ချင့်ချိန်ပြီး လုပ်လိုက်တော့။"

အပိုင်း (၈၉၂) ကော်ဖီ

ညအချိန်။

ဖန်ကျန်းရီသည် လရောင်ကို အဖော်ပြု၍ မင်းသမီးအိမ်တော်သို့ ပြန်လာခဲ့သည်။

ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် နိုင်ငံခြားသားများကို အိမ်ရှေ့မင်းသားက အလွန် စိတ်ဝင်စားနေသဖြင့် သူ့ကို အတင်းဆွဲထားကာ နာရီပေါင်းများစွာ စကားပြောနေခဲ့၏။

နောက်ဆုံးတွင်တော့ ဤတစ်နေ့တာကို ဖြတ်သန်းပြီးဆုံးသွားကာ ကောင်းကင်ကြီးမှာလည်း လုံးဝ မှောင်မိုက်သွားခဲ့ပြီဖြစ်သည်။

ဖန်ကျန်းရီ မင်းသမီးအိမ်တော်အတွင်းသို့ ပြန်ရောက်လာချိန်တွင် လိုင်ကော်အာသည် သူ့ကို အိမ်တော်ထဲ၌ စောင့်ဆိုင်းနေဆဲပင်။

ဖန်ကျန်းရီ အိမ်ပြန်ရောက်လာသည်ကို မြင်သောအခါ လိုင်ကော်အာက ချက်ချင်း ကြိုဆိုလိုက်၏။ "အစ်ကိုကြီး ... ဘာလို့ အခုမှ ပြန်လာတာလဲ။"

"နန်းတော်ထဲမှာ ကိစ္စနည်းနည်း များနေလို့။ မင်း ဒီရက်ပိုင်း ဒီမှာပဲ နေလိုက်အုံး။ မနက်ဖြန် အချိန်ရရင် မင်းကို အပြင်ခေါ်သွားပြီး အိမ်တစ်လုံးဝယ်၊ ပိုင်ဆိုင်မှုတချို့ ဖန်တီးပေးမယ်။"

ဖန်ကျန်းရီက ပြောရင်း ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ချန်ထားသော ထမင်းနှင့် ဟင်းများမှာ အငွေ့တထောင်းထောင်း ထနေဆဲဖြစ်ရာ အကြိမ်ကြိမ် ပြန်နွှေးထားပုံရ၏။

မင်းသမီးအိမ်တော်အတွင်း၌ ရှေးဟောင်းစည်းကမ်းများ သိပ်မရှိချေ။ သူ နောက်ကျမှ ပြန်လာလျှင် ကျန်လူများက အရင်စားပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။ အထူးသဖြင့် လီမြောင်ဟန်က အိမ်ကို ကြီးကြပ်ပေးနေသည် မဟုတ်ပါလား။ သို့ပေမည့် အမြဲတမ်း သူ့အတွက် ထမင်းတစ်ပွဲတော့ ချန်ထားပေးလေ့ရှိသည်။

ဖန်ကျန်းရီသည် ပန်းကန်နှင့် တူကို ကောက်ကိုင်လိုက်ပြီး နောက်ထပ် ပန်းကန်နှင့် တူတစ်စုံ ရှိနေသေးသည်ကို မြင်သောအခါ မေးလိုက်၏။ "စားပြီးပြီလား။ မစားရသေးရင် အတူတူ စားကြတာပေါ့။"

လိုင်ကော်အာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "မင်းသမီးကို မြင်တော့ မစားရဲလို့ ... တကယ်တော့ နည်းနည်း ဆာနေပြီ။"

ဖန်ကျန်းရီက ရယ်မောလိုက်၏။ "ဘာတွေ အားနာနေတာလဲ။ ထိုင် …။"

လိုင်ကော်အာသည် ဝင်ထိုင်လိုက်ပြီး ဘယ်ညာကြည့်ကာ တီးတိုး မေးလိုက်သည်။ "အစ်ကိုကြီး ... ကျုပ် ညတုန်းက ချူအိမ်တော် သခင်မလေးကြီးနဲ့ သခင်မလေးလတ်တို့ မင်းသမီးနဲ့ အတူတူ ထမင်းစားနေကြတာကို မြင်လိုက်တယ် ... အစ်ကိုကြီးရဲ့ အခု အခြေအနေက ဘယ်လိုလဲ။"

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။ "သေချာတာပေါ့ ... အားလုံးက မိသားစုဝင်တွေချည်းပဲလေ။"

လိုင်ကော်အာသည် မျက်လုံးပြူးသွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ "အစ်ကိုကြီး ဘယ်လိုများ ယူလိုက်တာလဲ။"

"မယူရသေးဘူး။ ဒါပေမဲ့ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာတော့မှာပါ။"

ဤကိစ္စကို ပြောလိုက်သည်နှင့် ဖန်ကျန်းရီသည် ရုတ်တရက် ခံတွင်းပျက်သွားသလို ခံစားလိုက်ရ၏။

မူလက အမျိုးသမီးကျောင်း ဖွင့်ပြီးပါက မိန်းကလေး နှစ်ယောက်စလုံးက သူ့ကို လက်ထပ်ရန် သဘောတူ ထားခဲ့ကြသည်။

ချူယိုယီက သူမ အစောပိုင်းတုန်းက သူ့ကို လက်ဆောင်ပေးထားသည့် ဆံထိုးကို တခြားအမျိုးသမီး၏ ခေါင်းပေါ်တွင် မြင်တွေ့သွားပြီးနောက် မယူတော့ဘူးဟု ငိုယိုအော်ဟစ်ကာ အိမ်ကို အတင်းပြန်သွားခဲ့၏။

အချိန်အတိုင်းအတာတစ်ခုအထိ ချော့မော့ပြီးမှသာ ငြိမ်သက်သွားသော်လည်း တစ်နေ့ကုန် မျက်နှာလေး သုန်မှုန်နေခဲ့၏။

ချူချင်ဟန်ဘက်ကလည်း အတူတူ ကြန့်ကြာသွားခဲ့ရသည်။

သူက တီဖာနဲ့ ရှန်လီလင်ဟွာရဲ့ ဝတ်စုံတွေကိုတောင် သီးသန့် ချုပ်ခိုင်းထားပြီးပြီ။

အခု အသားက ပါးစပ်နား ရောက်နေပြီကို စားလို့မရဖြစ်နေတော့ ချော့မော့ဖို့ နည်းလမ်းတစ်ခု စဉ်းစားရအုံးမယ် ...

"ငါ့ကိစ္စကို မပြောပါနဲ့တော့။ မင်း အခု မြို့တော်ကို ပြန်ရောက်လာပြီဆိုတော့ ဘာလုပ်ဖို့ ပြင်ဆင်ထားလဲ။ မိန်းမတစ်ယောက်ရှာပြီး မြို့တော်မှာပဲ အခြေချလိုက်တော့။"

လိုင်ကော်အာက မေးလိုက်၏။ "တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက နောက်ထပ် ပင်လယ်မထွက်တော့ဘူးလား။"

ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာအဓိပ္ပာယ်လဲ။ မင်းက ထွက်ချင်သေးလို့လား။"

"သေချာတာပေါ့။ ယောကျ်ားကောင်းဆိုတာ အရပ်လေးမျက်နှာလုံးကို ရည်ရွယ်ရမှာပဲ။ အစ်ကိုကြီး ... ကျုပ် ထင်တာကတော့ အပြင်မှာက တာ့ကျင်းထက် အများကြီး ပိုပြီး အောင်မြင်မှု ခံစားရတယ်။ မမြင်ဖူးတဲ့ အရာတွေ အများကြီး မြင်ဖူးပြီး အမြင်တွေလည်း ကျယ်လာတယ်။ ဒါ့အပြင် အနောက်တိုင်း ကုန်းတွင်းပိုင်းအထိ မဝင်ရသေးတော့ နည်းနည်းတော့ မကျေနပ်နိုင်သေးဘူး။" လိုင်ကော်အာက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

သူ၏ ညီငယ်လေးတွင် ဤမျှ ကြီးမားသော ရည်မှန်းချက် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ တကယ်ကို စွမ်းရည်တွေ ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်း ပိုသန်မာလာတာပဲ။

ဖန်ကျန်းရီသည် ပန်းကန်နှင့် တူကို ချထားလိုက်ကာ သက်ပြင်းချလိုက်သည်။ "ကောင်းပြီ။ ငါ့ထက်တောင် အလားအလာ ပိုရှိသေးတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ပင်လယ်ထွက်ဖို့က အနည်းဆုံးတော့ နောက်ခြောက်လလောက် ကြာမှပဲ ဖြစ်မယ်။ အဲဒီ သင်္ဘောသားဟောင်းတွေက ထွက်သွားတာ ဒီလောက် ကြာပြီဆိုတော့ စိတ်ထဲမှာ ပြဿနာ နည်းနည်းပါးပါးတော့ ရှိနေမှာပဲ။ အနားယူဖို့ အချိန်လိုတယ်။ ဒါ့အပြင် လူသစ်တွေကို စုဆောင်း၊ ရွေးချယ်ပြီး လေ့ကျင့်ပေးဖို့လည်း အချိန်လိုသေးတယ်။ ဒါတွေကို မင်း အရင် မလောပါနဲ့။

မင်း အခုလောလောဆယ်တော့ မြို့တော်ထဲမှာ သေချာ လျှောက်လည်ပြီး ကစားလိုက်တာ ပိုကောင်းမယ်။ ဒီနှစ်တွေအတွင်း မြို့တော်ရဲ့ ပြောင်းလဲမှုက အတော်လေး ကြီးမားတယ်။"

လိုင်ကော်အာက တွေးတောလျက် ပြောလိုက်၏။ "အစ်ကိုကြီး ... အခု ကျုပ် အမှန်တိုင်း ပြောရရင် နည်းနည်း အားမနေတတ်ဘူး။ အစ်ကိုကြီး ကျွန်တော့်ကို အလုပ်တစ်ခုလောက် ရှာပေးပါလား။"

အလုပ်တစ်ခု ရှာပေးရမယ် ...

ဖန်ကျန်းရီသည် ဉာဏ်အလင်းပွင့်သွားကာ ပြောလိုက်သည်။ "ငါ့ဆီမှာ မင်း လုပ်ဖို့ သင့်တော်တဲ့ ကိစ္စတစ်ခု တကယ်ပဲ ရှိတယ်။"

"ဘာကိစ္စလဲ။" လိုင်ကော်အာက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

"နိုင်ငံပေါင်း နှစ်ဆယ့်သုံးနိုင်ငံက သံတမန်အဖွဲ့တွေက တာ့ကျင်းနဲ့ တစ်ခါမှ အဆက်အသွယ် မရှိခဲ့ဖူးဘူး။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မင်း ဟုန်လုစီဌာနကို သွားပြီး သူတို့ကို ဘာသာစကား သီးသန့် သွားသင်ပေးပါ။ ပထမအချက်က မင်းက အနောက်တိုင်း ဘာသာစကားကို ကျွမ်းကျင်တယ်။ ဒုတိယအချက်က မင်းက သူတို့နဲ့ ရင်းနှီးပြီးသား ဆိုတော့ ဒီကိစ္စအတွက် မင်းထက် ပိုသင့်တော်တဲ့သူ မရှိဘူး။ သုံးလ အချိန်အတွင်း သူတို့ကို နေ့စဉ်သုံး အခြေခံ စကားပြောတွေ တတ်အောင် သင်ပေးနိုင်မလား။"

လိုင်ကော်အာက ခေတ္တမျှ စဉ်းစားလိုက်သည်။ "ကျုပ်က အနောက်တိုင်း ဘာသာစကားကို ကျွမ်းကျင်တာ မှန်ပေမဲ့ အားလုံးက ရှောင်ရွှိုက်တို့ သင်ပေးထားတာတွေပါ။ နိုင်ငံပေါင်း နှစ်ဆယ့်သုံးနိုင်ငံက လူတွေရဲ့ ဘာသာစကားက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အားလုံးတူညီတာ မဟုတ်ဘူးလေ။

ဒါပေမဲ့ သူတို့ စေလွှတ်လိုက်တာ ဉာဏ်ကောင်းတဲ့သူတွေချည်းပဲ ဆိုတော့ ကျုပ် စမ်းကြည့်လို့ ရပါတယ်။ ဒါပေမဲ့ အပြည့်အဝတော့ အာမမခံရဲဘူး။"

ဖန်ကျန်းရီက ပြုံးလျက် သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ ဒီမှာက ဘာသာစကား ပတ်ဝန်းကျင် ရှိတယ်။ ဟုန်လုစီဌာနဘက်ကို ငါ သေချာ ပြောထားပေးမယ်။ လူအင်အားလည်း ငါ ရှာပေးလို့ ရတယ်။ မင်းရဲ့ အရည်အချင်းကို အစ်ကိုကြီး ယုံကြည်တယ်။ ဒါ့အပြင် ဖေးခါက သာသနာပြုတွေကိုလည်း မင်း တာဝန်ယူပြီး ကြည့်ထားပေးပါ။ သူတို့က သံတမန်အဖွဲ့တွေနဲ့ မတူဘူး။ ငါတို့အပေါ်မှာ ရန်လိုမှု နည်းနည်းပါးပါး ရှိနေတယ်။ သူတို့ကို သေချာ ကြည့်ထားပြီး နေထိုင်တဲ့ နေရာကနေ ပေးမထွက်နဲ့။ နောက်မှ ငါ ကိုယ်တိုင် သေချာ ပဲ့ပြင်ပေးမယ်။"

"ကောင်းပါပြီ။ အစ်ကိုကြီး ဘာလုပ်ခိုင်းခိုင်း ကျုပ် လုပ်ပါ့မယ်။"

"ရဲရဲဝံ့ဝံ့ လုပ်ပါ။ ပြဿနာရှိရင် ငါ တာဝန်ယူပေးမယ်။ ဒါနဲ့ ... ဒီတစ်ခေါက် ပင်လယ်ထွက်တာ တခြား ဘာပစ္စည်းကောင်းတွေ ပါသေးလဲ။" ဖန်ကျန်းရီက မေးလိုက်သည်။

လိုင်ကော်အာက ချက်ချင်း ဖြေလိုက်၏။ "အနောက်နိုင်ငံတွေမှာ အတော်လေး ခေတ်စားတဲ့ အရာတစ်ခု ရှိတယ်။ အရမ်းခါးတဲ့ သောက်စရာ တစ်မျိုးပါ။ ဖေးခါလူမျိုးတွေ အမြဲ သောက်လေ့ရှိတယ်။ ဘယ်လို ခေါ်ပါလိမ့် ... "

"ကော်ဖီလား။"

"အစ်ကိုကြီး ... ဒါကိုလည်း သိတယ်လား။" လိုင်ကော်အာသည် အံ့အားသင့်သွားသည်။

အစ်ကိုကြီးက တာ့ကျင်းမှာ အဝေးကြီး ရှိနေတာတောင် ချောကလက်ကို သိတယ်။ ကော်ဖီကိုပါ သိလိမ့်မယ်လို့ ထင်မထားဘူး။

"ဒီအရာက တကယ်တော့ ငါတို့ တာ့ကျင်းမှာလည်း ရှိတယ်။ ငါ့အဖေ လူငယ်ဘဝတုန်းက ကော်ဖီ စိုက်ဖူးတယ်။ ကော်ဖီတောင်သူလေ။ ဈေးကွက်မရှိလို့ ငါတို့အိမ်က ကော်ဖီခြံ ပျက်စီးသွားတာပါ။ နောက်တော့ တာ့ကျင်းမှာ ပျောက်ကွယ်သွားတာပဲ။" ဖန်ကျန်းရီက ချောမွေ့စွာဖြင့် လုပ်ကြံပြောဆိုလိုက်၏။

လိုင်ကော်အာက လေးစားစွာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ တာ့ကျင်းက တကယ်ကို မြေကျယ်ဝန်းပြီး သယံဇာတ ပေါကြွယ်ဝတာပဲ။ အစ်ကိုကြီး ... သင်္ဘောအုပ်စုထဲက တချို့လူတွေက လန်းဆန်းသွားအောင် ဒါကို သောက်ချင်ကြတယ်။ မျိုးစေ့တွေကိုလည်း ကျုပ်တို့ ယူလာခဲ့တယ်။ အစ်ကိုကြီး သောက်ချင်ရင် ကျုပ် သွားယူခိုင်းလိုက်မယ်။"

ဖန်ကျန်းရီက လက်ယမ်းပြလိုက်၏။ "မလိုပါဘူး။ အဲဒီအကောင်က ဆီးထက်တောင် သောက်ရဆိုးသေးတယ်။ ငါတို့ တာ့ကျင်းအစာအိမ်နဲ့ နိုင်ငံခြား သောက်စရာကို သောက်လို့ မရပါဘူး။ ဒါပေမဲ့ အနောက်တိုင်းသားတွေ သောက်ရတာ ကြိုက်တယ်ဆိုတာ ဒီအရာမှာ ဈေးကွက်ရှိတယ်ဆိုတာ ပြနေတာပဲ။ ဒီအရာက လက်ဖက်ရည်လိုပဲ စွဲလမ်းစေနိုင်ပြီး အမြတ်အစွန်း အရမ်းများတဲ့ ကုန်ပစ္စည်း တစ်ခု ဖြစ်လာလိမ့်မယ်။ နောင်တစ်ချိန်မှာ တာ့ကျင်းက ကိုယ်တိုင် စိုက်ပျိုးပြီး ကုန်အမှတ်တံဆိပ် ကောင်းကောင်း ဖန်တီး၊ နိုင်ငံခြားသားတွေကို ပြန်ရောင်းလို့ ရတယ်။"

"ကျွတ် ... အဲဒါက နိုင်ငံခြား ပစ္စည်းလေ။ ကျုပ်တို့ ကောင်းကောင်း ရောင်းလို့ ရပါ့မလား။ ပြီးတော့ တာ့ကျင်းမှာ အခု မစိုက်သေးဘူး။ သူတို့က ကျုပ်တို့ထက် ပိုကျွမ်းကျင်နေမှာပေါ့။"

ဖန်ကျန်းရီက အထင်သေးစွာ ပြောလိုက်သည်။ "ထုပ်ပိုးမှု ကောင်းကောင်း လုပ်နိုင်ရင် ကော်ဖီမှာ ချီးပါနေရင်တောင် ရောင်းလို့ ရတယ်။ အရသာက လုံးဝ အရေးမကြီးဘူး။ နိုင်ငံခြားသားတွေက ကုန်အမှတ်တံဆိပ် ဆိုတာ ဘာလဲ သိလို့လား။"

အရင်ဘဝတုန်းက ကြောင်ချီးကော်ဖီလို ရွံစရာကောင်းတဲ့ အရာမျိုးတောင် နာမည်ကြီးနိုင်သေးတာပဲ။ တာ့ကျင်းမှာ ထူးခြားတဲ့ ပန်ဒါဝက်ဝံတွေ ရှိတယ်။ ပန်ဒါချီးကော်ဖီဆိုပြီး လုပ်လို့ရတာပဲ။ ဝါးရနံ့လေးတောင် သင်းနေအုံးမယ်။ ပန်ဒါဝက်ဝံက ကော်ဖီစေ့ စားမစား ဆိုတာက အရေးမကြီးဘူး။ သူသာ ဆန္ဒရှိရင် ပန်ဒါဝက်ဝံကို အတင်းခွံ့ကျွေးလို့ရတယ်။

ဖန်ကျန်းရီသည် တွေးနေရင်းနှင့် တူကိုယူကာ အရက်ရည်ကို တို့ပြီး စားပွဲပေါ်တွင် စက်ဝိုင်းပုံစံတစ်ခု ရေးဆွဲလိုက်ကာ အတွင်းဘက်တွင် ခပ်မိုက်မိုက် ရေသူမပုံစံ တစ်ခုကို ရေးဆွဲလိုက်၏။

"ဒီလိုမျိုး … အရင်ဆုံး ကုန်အမှတ်တံဆိပ် တပ်လိုက်။ ပြီးရင် ကြိုးကြိုးစားစား ဝါဒဖြန့်လိုက်။ တာ့ကျင်းက မှူးမတ်တွေအားလုံး သောက်နေကြတယ်လို့ ပြောလိုက်။ ပြီးရင် အဲဒီဒေသမှာ ဆိုင်တချို့ စဖွင့်လိုက်။ အပြင်အဆင်ကို အထက်တန်းကျကျနဲ့ ခမ်းခမ်းနားနား လုပ်ရမယ်။ အဆင့်မြင့်တဲ့ ပုံရိပ်ကို ဖန်တီးရမယ်။ အားနေရင် ဒေသခံ မှူးမတ်တွေ ဒါမှမဟုတ် သူဌေးတွေကို လာမြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်။ အချုပ်ပြောရရင် ဝတ်စားဆင်ယင်မှုနဲ့ အငွေ့အသက်ပိုင်းက သေချာပေါက် ကောင်းမွန်နေရမယ်။ မှန်ပြတင်းပေါက်တွေ တပ်ထားပြီး သူတို့ကို အလုပ်လုပ်ရင်းနဲ့ သောက်ခိုင်းလိုက်။ လမ်းဘေးက နိုင်ငံခြား တောသားတွေ မြင်ရင် သွားရည်ကျပြီး မသေနိုင်ဘူးလား။

သေချာတာကတော့ သူတို့ကို အမြဲတမ်း သွားရည်ကျအောင် လုပ်ထားလို့ မရဘူး။ တစ်ခါတလေ ပွဲလေးတွေ လုပ်ပေးပြီး သာမန်ပြည်သူတွေ မြည်းစမ်းခွင့် ရအောင် လုပ်ပေးရမယ်။ သူတို့ ကော်ဖီဝယ်တဲ့အခါ လမ်းမပေါ်မှာ ကြော်ငြာ စကားစုတစ်ခု အော်လိုက်ရင် လျှော့ဈေးနဲ့ ဝယ်ခွင့်ပေးမယ်လို့ လုပ်လိုက်။ ဥပမာ - နိုင်ငံခြားမှာ ဆုံတွေ့ပြီး အရသာကို အပြည့်အဝ ခံစားလိုက်ပါ ဆိုတဲ့ စကားမျိုးပေါ့။ ဒါ့အပြင် ကုန်အမှတ်တံဆိပ် ပျံ့နှံ့မှုကိုလည်း တိုးမြှင့်ပေးနိုင်တယ်။

တစ်ခါတလေ အသင်းတော်ကို လာဘ်ထိုးပြီး သန့်ရှင်းသောရေ ကော်ဖီဆိုပြီး ပူးပေါင်းလုပ်လိုက်။ သူတော်စင် ဒါမှမဟုတ် သူတော်စင်မ လိုမျိုး ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး ကော်ဖီနဲ့ ကြက်သွန်ဖြူ တွဲစားရင် မိစ္ဆာတွေကို နှင်ထုတ်နိုင်တယ် ဆိုတဲ့ ပွဲမျိုးတွေ လုပ်ပြလိုက်။ အသင်းတော်နဲ့ ပူးပေါင်းပြီး ငွေရှာလို့လည်း ရသေးတယ် ... ဥပမာ အပြစ်ဖြေလွှတ်လွှာ လိုမျိုးပေါ့။ ကော်ဖီဝယ်ရင် အပြစ်ဖြေလွှတ်လွှာ လက်ဆောင်ပေးမယ် ဆိုတာမျိုးပေါ့။ အချုပ်ပြောရရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။" ဖန်ကျန်းရီက ချောမွေ့စွာ ပြောဆိုနေ၏။

လိုင်ကော်အာသည် သေချာစွာ နားထောင်ရင်း စိတ်ထဲတွင် အဆက်မပြတ် အံ့ဩနေမိ၏။ တစ်ချိန်တည်းမှာပဲ တိတ်တဆိတ် မှတ်သားထားလိုက်သည်။

All Chapters