အခန်း (၈၉၅-၈၉၆)
Vol. 47 Ch. 895-896
အပိုင်း (၈၉၅) ကျုပ်ကို နားချနိုင်မှ သာသနာပြုလို့ရမယ်။
စကားသတ်သတ်သာ ဖြစ်သော်လည်း ဘုန်းတော်ကြီးဆော်ဂျာက ကျေးဇူးတင်စကား ပြောလိုက်၏။ "အမတ်ကြီးဖန်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ကို ပုံမှန်ဘဝလေး ရအောင် လုပ်ပေးရင် လုံလောက်ပါပြီ။
အခု ခင်ဗျား ရောက်လာပြီဆိုတော့ တာ့ကျင်းမှာ ကျုပ်တို့ သာသနာပြုမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ ရမလား။ တကယ်လို့ ရမယ်ဆိုရင် တာ့ကျင်းက ကျုပ်တို့ မြို့တော်ထဲမှာ ဘုရားကျောင်း ဆောက်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ ကျုပ်တို့ သာသနာပြုရတာ အဆင်ပြေမှာပါ။ သေချာတာကတော့ ခင်ဗျားတို့ကို အလကား ပိုက်ဆံထုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ကျုပ်တို့ ပိုက်ဆံရှာနိုင်လာတဲ့အခါ ပြည်သူတွေကိုလည်း ထောက်ပံ့ပေးပါ့မယ်။ ဒါ့အပြင် တာ့ကျင်းပြည်သူတွေအတွက် ဆုတောင်းပေးတာတွေလည်း လုပ်ပေးပါ့မယ်။"
ကျွတ်ကျွတ်ကျွတ်။ နိုင်ငံခြား ဘုန်းတော်ကြီးကလည်း နောက်ဆုံးတော့ ဘုန်းတော်ကြီးပါပဲ။ နည်းလမ်းတွေက သိပ်မကွာဘူး ... သာသနာပြုဖို့အတွက် အရာအားလုံးကို စဉ်းစားထားပြီး အိမ်ဆောက်မယ့် ပိုက်ဆံကို ဘယ်လိုပြန်ဆပ်မလဲ ဆိုတာကိုတော့ မစဉ်းစားထားဘူးပဲ။
ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ဘုန်းတော်ကြီး ... ဒီပြဿနာက အတော်လေး ရှုပ်ထွေးပါတယ်။ ကျုပ်တို့ အတွင်းကို ဝင်ပြီး ထိုင်ပြောကြတာ ပိုကောင်းမယ်။ ကျုပ်လည်း ဒီကိုရောက်တာ အတော်လေး ပင်ပန်းနေပြီဆိုတော့ လက်ဖက်ရည်သောက်ရင်း စကားပြောကြရင် ဘယ်လိုလဲ။"
ဘုန်းတော်ကြီးဆော်ဂျာက အလျင်အမြန် ပြောလိုက်၏။ "ခင်ဗျား ခဏစောင့်ပါ။ ကျုပ် တခြားလူတွေကို အပြင်ထွက်ခိုင်းလိုက်မယ်။ ပြီးမှ အမတ်ကြီးဖန်နဲ့ အသေးစိတ် ဆွေးနွေးတာပေါ့။"
စကားအဆုံးတွင် ဘုန်းတော်ကြီးသည် အိမ်ထဲသို့ ပြေးဝင်သွားပြီး မုတ်ဆိတ်မွေး ဖွာလန်ကြဲကာ စိတ်ဓာတ်ကျနေသော နိုင်ငံခြားသား အများအပြားကို မောင်းထုတ်လိုက်၏။ ထို့နောက်မှ ဖန်ကျန်းရီကို အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားသည်။ ကြည့်ရသည်မှာ သူလုပ်ရပ်က အတော်လေး လွန်သွားသည်ဟု ခံစားလိုက်ရ၏။
အိမ်က အနည်းငယ် သေးငယ်ပြီး လူဒီလောက်အများကြီး နှစ်လလောက် နေလိုက်ရတော့ အတွင်းမှာ ဒုက္ခသည်စခန်းလို ဖြစ်နေပြီပဲ။
သို့ပေမည့် ဘုန်းတော်ကြီး၏ စိတ်ရှည်မှုက တကယ်ကို ကောင်းမွန်လှပေသည်။ ဤနေရာတွင် သူသာဆိုလျှင် တစ်ပတ်အတွင်း ပုန်ကန်နေလောက်ပြီ။
ဧည့်ခန်းအတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားကာ အလျင်အမြန် နောက်သို့ ဆုတ်လိုက်၏။
အခန်းထဲတွင် ချဉ်စော်နံနေသော အနံ့ဆိုးကြီးနှင့် နိုင်ငံခြားသားများ၏ ပြင်းထန်လှသော ကိုယ်နံ့များက နေရာအနှံ့ ပြည့်နှက်နေပြီး သူ့ကို မူးမေ့သွားလုမတတ် ဖြစ်စေခဲ့သည်။
မအေးပေး ... အိမ်သာထက်တောင် ဆိုးနေပါလား။
သို့ပေမည့် ဘုန်းတော်ကြီးဆော်ဂျာက ထူးခြားမှုကို သတိမထားမိဘဲ ဖန်ကျန်းရီကို လှည့်ကြည့်ကာ မေးလိုက်သည်။ "အမတ်ကြီးဖန် ဝင်ခဲ့ပါလား။"
ဖန်ကျန်းရီသည် တံခါးဝတွင် ရပ်နေရင်း အခန်းထဲမှ အစိမ်းရင့်ရောင် ဓာတ်ငွေ့များ အဆက်မပြတ် ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသလို ခံစားရ၏။
သူ၏ မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်၍ ရဲရင့်စွာ ဝင်ရောက်သွားခဲ့သည်။
သူ၏ လိုက်လျောညီထွေဖြစ်မှု စွမ်းရည်က အလွန် အားကောင်းနေသော်လည်း သုံးမိနစ်ခန့် ကြာပြီးမှသာ သက်သာသွား၏။
ထိုအချိန်မှာပင် ဘုန်းတော်ကြီးက လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ သူ၏ရှေ့သို့ ချပေးလိုက်ပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။ "အခု အမတ်ကြီးဖန် ပြောလို့ရပြီလား။ ကျုပ်တို့ သာသနာပြုမယ့် ကိစ္စကို ခင်ဗျားတို့ နိုင်ငံရဲ့ အရှင်မင်းမြတ် သိပါသလား။"
ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ရွံရှာစွာဖြင့် တစ်ချက်ကြည့်လိုက်၏။
ဒီအရာကို နိုင်ငံခြားသား ဘယ်နှစ်ယောက်လောက် သုံးဖူးလဲ မသိဘူး။ စိတ်ထဲတွင် ရွံရှာနေသဖြင့် ယူမသောက်တော့ပေ။
ပါးစပ်မှ ဖြေလိုက်သည်။ "ခင်ဗျားတို့ သာသနာပြုမယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျုပ် စုံစမ်းပေးပြီးပါပြီ။ အမှန်တိုင်း ပြောရရင် အတော်လေး လုပ်ရခက်ပါတယ်။"
"အရင်တုန်းက အဆင်ပြေတယ်လို့ ပြောထားပြီးမှ အခု ဘာလို့ လုပ်ရခက်သွားတာလဲ။" ဆော်ဂျာသည် ချက်ချင်း စိုးရိမ်သွား၏။
နှစ်လလောက် စောင့်ပြီးမှ ဒီသတင်းကို ကြားရတာလား။
"အရင်တုန်းက ပြောတာက အခြေခံအားဖြင့် လုပ်လို့ရတယ်လို့ ပြောတာလေ။ ခင်ဗျားက အဓိပ္ပာယ်ကို သေချာနားလည်ဖို့ လိုတယ်။"
ဖန်ကျန်းရီက လက်ချောင်းကို ဆန့်ထုတ်ကာ စားပွဲကို ခေါက်လိုက်ပြီး ဆက်ပြောလိုက်၏။ "ခင်ဗျား အရင်နားထောင်ပါ။ ခင်ဗျားတို့က ဖေးခါလူမျိုးတွေ ဖြစ်ပြီး ကျုပ်တို့ တာ့ကျင်းက ဖေးခါ၊ အသင်းတော်ကြားမှာ ပဋိပက္ခတချို့ ရှိခဲ့တယ်။ ဒီအချက်တစ်ချက်တည်းနဲ့တင် ခင်ဗျားတို့ သာသနာပြုဖို့ ခက်ခဲနေပြီ။"
"ဒါက လုံးဝ ပြဿနာ မဟုတ်ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်တာပါပဲ။ ကျုပ်တို့သာ တာ့ကျင်းမှာ သာသနာပြုခွင့် ရမယ်ဆိုရင် တာ့ကျင်းနဲ့ ဖေးခါ၊ အသင်းတော်ကြားက ပဋိပက္ခတွေအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။ ခင်ဗျား စိတ်ချလိုက်ပါ။" ဘုန်းတော်ကြီးဆော်ဂျာက ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်၏။
ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်သည်။ "ခင်ဗျားက ဒီပြဿနာကို တကယ်ပဲ ဖြေရှင်းပေးနိုင်မယ်ဆိုရင် နောက်ပိုင်းကိစ္စတွေက အများကြီး ပိုလွယ်ကူသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ တာ့ကျင်းက ပြင်ပကမ္ဘာနဲ့ အမြဲတမ်း ရင်းရင်းနှီးနှီး ဆက်ဆံချင်တဲ့ ဆန္ဒရှိပါတယ်။"
ဘုန်းတော်ကြီးဆော်ဂျာက ပြုံးလျက် ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ ... ဒီပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုရင်တောင် သာသနာပြုဖို့က အဲဒီလောက် မလွယ်ပါဘူး။ ဘုန်းတော်ကြီး ... ခင်ဗျား သိထားရမှာက ကျုပ်တို့ တာ့ကျင်းမှာ ကိုယ်ပိုင် ဘာသာတရား ရှိပါတယ်။ ပြီးတော့ နန်းတော်ရဲ့ သဘောထားကလည်း မထောက်ခံသလို မကန့်ကွက်ပါဘူး။ ဒါဆိုရင် ခင်ဗျားတို့ရဲ့ ဘာသာတရားက ခြေကုပ်ယူနိုင်ဖို့ ဘာအားသာချက်တွေ ရှိလဲဆိုတာ မေးပါရစေ။ ခင်ဗျားသာ ကျုပ်ကို နားချနိုင်မယ်ဆိုရင် နန်းတော်ကိုလည်း သေချာပေါက် နားချနိုင်မှာပါ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကိုတောင် နားမချနိုင်ဘူးဆိုရင်တော့ တာ့ကျင်းမှာ ဆက်ပြီး အားထုတ်နေစရာ မလိုဘူးလို့ ကျုပ် ထင်ပါတယ်။" ဖန်ကျန်းရီက စကားလမ်းကြောင်း လွှဲလိုက်၏။
မင်းကို နားချနိုင်ရင် ရပြီလား။ ဒါဆို လွယ်သွားပြီပေါ့။
ဘုန်းတော်ကြီးဆော်ဂျာက အေးအေးဆေးဆေးဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ကျုပ်က အမတ်ကြီးဖန်ကို ရှင်းပြပါ့မယ်။ ထိုက်ဖူဘာသာရဲ့ သမိုင်းကြောင်းက အလွန် ရှည်လျားပါတယ်။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့တဲ့အချိန်ကစပြီး ... "
"ခဏနေအုံး"
ဖန်ကျန်းရီက လက်ကိုမြှောက်ကာ ပြုံးလျက် ပြောလိုက်၏။ "ကျုပ်ထင်တာကတော့ ဒီအပိုင်းကို ခင်ဗျား ရှင်းပြဖို့ မလိုတော့ပါဘူး။ ကမ္ဘာပေါ်က ယဉ်ကျေးမှုတိုင်းမှာ သူတို့ကိုယ်ပိုင် ဖန်ဆင်းရှင် ပုံပြင်တွေ ရှိကြတာချည်းပါပဲ။ ထည့်ပြောစရာ မလိုပါဘူး။"
"တာ့ကျင်းမှာလည်း ရှိတာလား။" ဘုန်းတော်ကြီးဆော်ဂျာက အံ့အားသင့်သွား၏။
"သေချာတာပေါ့။ ဖန်ကူး ကောင်းကင်နဲ့မြေကြီးကို ခွဲခြားခြင်း ဆိုတာ ... " ဖန်ကျန်းရီက အသေးစိတ် ရှင်းပြလိုက်သည်။
ဤဒဏ္ဍာရီများက တာ့ကျင်းတွင် မရှိသော်လည်း နိုင်ငံခြားသားကို ပြောပြရန် အဆင်မပြေစရာ မရှိချေ။ ယဉ်ကျေးမှုများက အားလုံးတူညီနေပုံရပြီး တပ်ဆင်လိုက်လျှင် မည်သည့် ထူးဆန်းမှုမျှ မရှိပေ။
သို့ပေမည့် ဆော်ဂျာသည် နားထောင်ပြီးနောက် အလေးမထားဘဲ တိုက်ရိုက် ပြောလိုက်၏။ "ဒါက လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်သတ်သတ်ပါ။ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးအနေနဲ့ ဘယ်လိုလုပ် သေဆုံးနိုင်မှာလဲ။"
ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်သည်။ "ဒါက ကျုပ်တို့ တာ့ကျင်းရဲ့ ယဉ်ကျေးမှုပဲ။ ခန္ဓာကိုယ် သေဆုံးသွားပေမဲ့ စိတ်ဓာတ်က ထာဝရ တည်ရှိနေတယ်။ ဒါကို လမ်းစဉ်အတွက် ကိုယ်ကျိုးစွန့်တယ်လို့ ခေါ်တယ်။ နောင်လာနောက်သားတွေကလည်း အဲဒီလိုပဲ ဆက်ခံကြတယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ ခေါင်းပေါ်မှာ အရာရာကို သိမြင်နိုင်စွမ်းရှိတဲ့ နတ်ဘုရားတစ်ပါး ရှိနေဖို့ မလိုဘူး။
ဒါ့အပြင် ကျုပ်က နိုင်ငံခြားက တခြားနိုင်ငံတွေရဲ့ ဖန်ဆင်းရှင် နတ်ဘုရားတွေအကြောင်းကိုလည်း အတော်လေး သိထားပါတယ်။ ကျုပ်အဖေ ငယ်ငယ်တုန်းက နိုင်ငံခြားကို ခရီးထွက်ခဲ့ဖူးတယ်။ ထျန်းကျူး ဆိုတဲ့ နေရာကို ရောက်ဖူးတယ်။ ထျန်းကျူးရဲ့ ဒဏ္ဍာရီက အရမ်းကို အံ့သြစရာ ကောင်းလှပါတယ်။
အဲဒီက နတ်ဘုရားတွေက သီချင်းဆို ကခုန်ရင်းနဲ့ စကြဝဠာကြီးကို ဖျက်ဆီးလိုက် ပြန်တည်ဆောက်လိုက် လုပ်ကြတယ်။ နတ်ဘုရားတွေက မနက်အိပ်ရာထတဲ့အခါ မနက်ခင်း လိင်တံတောင်မတ်မှုကြောင့် ကောင်းကင်ကိုတောင် အပေါက်ဖြစ်အောင် ထိုးဖောက်ချင်ကြတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဒဏ္ဍာရီတွေက ကျုပ်ရဲ့ ရှေ့မှာ ဆွဲဆောင်မှု ရှိနေမယ်လို့ ခင်ဗျား ထင်နေသေးလား။"
ဆော်ဂျာက တံတွေးမြိုချလိုက်၏။ ဘာ ထျန်းကျူး ဒဏ္ဍာရီလဲ။ အတော်လေး ဖောက်ပြန်နေတာပဲ။
"အမတ်ကြီးဖန် ... ကျုပ်တို့ဆီက ဒဏ္ဍာရီ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားပြောတဲ့ ထျန်းကျူး ပုံပြင်ကလည်း လုပ်ကြံဖန်တီးထားတာ ဖြစ်ရမယ်။"
"တခြားလူတွေဆီကကျတော့ လုပ်ကြံဖန်တီးထားတာ ဖြစ်ပြီး ခင်ဗျားတို့ဆီကကျတော့ မဟုတ်ဘူးလား။"
ဘုန်းတော်ကြီးဆော်ဂျာက အော်ဟစ်လိုက်၏။ "ငါ့ကို အစပြုပြီး ငါ့ကို အဆုံးသတ်တယ်။ ငါ့ကလွဲပြီး တခြားနတ်ဘုရား မရှိဘူး။ ဒါက သန့်ရှင်းသော ကျမ်းစာမှာ ရေးသားထားတာပါ။ ပြီးတော့ ကျုပ် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးတယ်။ ဖေးခါမှာ မြူတွေ ဖုံးလွှမ်းနေတဲ့အချိန်မှာ ခမည်းတော်ရဲ့ မျက်နှာက အဲဒီထဲကနေ ပေါ်လာတာကို လူထောင်ချီပြီး သက်သေပြနိုင်တယ်။ ခင်ဗျား မယုံရင် တခြားလူတွေကို သွားမေးလို့ရတယ်။"
ဖန်ကျန်းရီက နှုတ်ခမ်းကိုမဲ့လိုက်သည်။ "တခြား နတ်ဘုရား တန်ခိုးပြတာတွေ ရှိသေးလား။"
"သေချာတာပေါ့။ ဥပမာ ဘုရားကျောင်း မီးလောင်တဲ့အခါ ပစ္စည်းတွေအားလုံး ပြာကျသွားပေမဲ့ ခမည်းတော်ရဲ့ ရုပ်တုကတော့ နည်းနည်းလေးမှ မပျက်စီးဘူး။ ရောဂါကျွမ်းနေတဲ့ လူနာက စိတ်ရင်းမှန်နဲ့ ဆုတောင်းပြီးနောက် တစ်ညတွင်းချင်း ပြန်ကောင်းလာတယ်။ ပြီးတော့ ရှီးလော့တိုင်းပြည်မှာ မိစ္ဆာတွေ သောင်းကျန်းတုန်းက နာရီစင်က အကြောင်းပြချက်မရှိဘဲ ပြိုကျလာပြီး မိစ္ဆာတွေကို ဖိသတ်လိုက်တယ်။ နတ်ဘုရား တန်ခိုးပြတာတွေ အရမ်းကို များလွန်းလို့ ခင်ဗျားသာ နားထောင်ချင်ရင် သုံးရက်သုံးည ပြောရင်တောင် ပြီးမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက အထင်သေးစွာ ရယ်မောလိုက်၏။ "ခင်ဗျားပြောတဲ့ ပုံပြင်တွေ အများစုက လိမ်လည်ထားတာ ဒါမှမဟုတ် သဘာဝဖြစ်စဉ်တွေလို့ ကျုပ် ယူဆပါတယ်။ အသင်းတော်က ဒါကို သုံးပြီး ပြည်သူတွေကို လှည့်စားဖို့ ရည်ရွယ်ထားတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ် မြင်ဖူးတဲ့ အရာတွေက ခင်ဗျားပြောတာထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။"
"အသင်းတော်က ဘယ်တော့မှ လိမ်မပြောဘူး။" ဆော်ဂျာက ဒေါသတကြီး ငြင်းဆိုလိုက်သည်။
"ကျုပ်မှာ လုဖေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက သင်္ဘောသားတစ်ယောက်ပါ။ သူက နိုင်ငံခြားမှာ နတ်ဆိုးသစ်သီး လို့ခေါ်တဲ့ သစ်သီးတစ်မျိုးကို ရှာတွေ့ခဲ့တယ်။ စားပြီးသွားရင် ခန္ဓာကိုယ်ကို စိတ်ကြိုက် ဆန့်ထုတ်လို့ ရတယ်။ နိုင်ငံခြားမှာ မာလိုင်တိုင်းပြည် ဆိုတာ ရှိသေးတယ်။ မာလိုင်လူမျိုးတွေက မွေးရာပါ စွမ်းရည်တစ်မျိုး ရှိတယ်။ ဒဏ်ရာရသွားရင် ပေဆယ်ချီ မြင့်တဲ့ လူဘီလူးကြီးအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ပြီးတော့ ဟော့ယင်းရွာ ... ဒါတွေအားလုံးကို ကျုပ် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးတာပါ။ ဘယ်အရာက ခင်ဗျားပြောတာထက် အံ့သြစရာ မကောင်းတာ ရှိလို့လဲ။ ပြီးတော့ ခင်ဗျားတို့ ယုံကြည်တဲ့ နတ်ဘုရားကို သူတို့က မယုံကြည်ကြဘူးလေ။" ဖန်ကျန်းရီက လက်ဖြန့်ကာ ပြောလိုက်၏။
ဘုန်းတော်ကြီးဆော်ဂျာသည် အံ့အားသင့်သွားသည်။ "မဖြစ်နိုင်ဘူး ... မကြားဖူးပါဘူး။ ဒီလို မိစ္ဆာမျိုး ရှိသေးတာလား။"
ဖန်ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်၏။ "နီးနီးနားနားက အကြောင်း ပြောရရင် ကျုပ်လက်အောက်မှာ ကျန်းပြောင် ဆိုတဲ့ လူတစ်ယောက် ရှိတယ်။ သူက တစ်နပ်ကို သိုးတစ်ကောင် စားနိုင်တယ်။ တစ်ခါတုန်းက သူ အရမ်းဒေါသထွက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဦးရေပြားကို ဆွဲပြီး ကိုယ့်ကိုယ်ကိုယ် လေထဲ ပြန်မ,တင်ဖူးတယ်။"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ဘုန်းတော်ကြီးဆော်ဂျာက ချက်ချင်း ဝင်ပြောလိုက်သည်။
"ဟားဟား ... ခင်ဗျားတောင် အစစ်နဲ့ အတုကို ခွဲခြားနိုင်သေးတာပဲ။ ထိုက်ဖူဘာသာက လိမ်ပြောတာကိုကျတော့ ဘာလို့ ခင်ဗျားက ယုံကြည်နေရတာလဲ။"
"..."
ဘုန်းတော်ကြီးဆော်ဂျာ၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ အများအပြား ပေါ်လာ၏။
မင်းက ဒီနေရာမှာ ငါ့ကို ကစားနေတာလား။
အပိုင်း (၈၉၆) ဦးနှောက်ဆေးခံလိုက်ရသော ဘုန်းတော်ကြီး။
ဘုန်းတော်ကြီးဆော်ဂျာမှာ စကားတစ်ခွန်းမျှ မဟနိုင်တော့သည်ကို မြင်သောအခါ ဖန်ကျန်းရီက ဖွဖွလေး ပြုံးလိုက်၏။ "ဘုန်းတော်ကြီး ... ကျုပ်တို့ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက ဖေးခါအထိ ဘာလို့ ရောက်သွားတာလဲဆိုတာ ခင်ဗျား သိလား။"
"ဘာလို့လဲ။"
"အမှန်တိုင်းပြောရရင် အရင်တုန်းက ခင်ဗျားတို့ ဖေးခါလူမျိုးတွေ ကျုပ်တို့ တာ့ကျင်းကို မတော်တဆ ရောက်လာခဲ့ဖူးတယ်။ ကျုပ် ဒီကိုမလာခင်က သူတို့ဆီကနေ ထိုက်ဖူဘာသာနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို မေးမြန်းခဲ့ပါတယ်။"
ဖန်ကျန်းရီက အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ "ကျုပ် သိထားသလောက်ကတော့ ခင်ဗျားတို့ ဘာသာတရားရဲ့ ဩဇာလွှမ်းမိုးမှုက အရမ်းကြီးမားပြီး ဘာသာဝင်ဦးရေကလည်း ကမ္ဘာပေါ်မှာ ရှားပါးလောက်အောင် များပြားပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာကျတော့ ခင်ဗျားတို့ရဲ့ ဘာသာတရားက ကိုယ့်ရဲ့ အားသာချက်ကို အသုံးချပြီး ပြည်သူတွေဆီကနေ အဓမ္မ ငွေကြေးတွေ ကောက်ခံနေလို့ ပြည်သူတွေက ဆင်းရဲဒုက္ခ ရောက်နေရတယ်။
ခင်ဗျားတို့ဆီမှာ သန့်ရှင်းသောနှစ် ဆိုတဲ့ ပွဲတော်ရှိတယ်လို့ ကျုပ် ကြားတယ်။ သန့်ရှင်းသောနှစ် ရောက်တိုင်း ဘာသာဝင် အမြောက်အမြား စုဝေးကြပြီး ကိုယ့်ရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက် ရွှေငွေတွေ အများကြီး လှူဒါန်းကြတယ်။ ပြီးတော့ အမွေအနှစ်တွေ လှူဒါန်းတာတွေလည်း ရှိသေးတယ် ... ကျုပ်ပြောတာတွေထဲမှာ အလိမ်အညာ တစ်ခုလောက် ပါသလားဆိုတာ မေးပါရစေ။"
ဘုန်းတော်ကြီးဆော်ဂျာသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "ခင်ဗျား မေးတာက ရန်ငြိုးဖွဲ့တဲ့ မေးခွန်းတစ်ခုပဲ မဟုတ်ဘူးလား။"
"ရန်ငြိုးဖွဲ့တာ။ မဟုတ်ပါဘူး ... မဟုတ်ပါဘူး ... ကျုပ်တို့က စကားပြောနေတာပါ။ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်နေကြတာပါ။"
"ဘာသာဝင်တွေက သူတို့သဘောဆန္ဒအလျောက် လုပ်ကြတာပါ။ ဘယ်သူကမှ မကျေနပ်ဘူးလို့ ပြောတာကို ကျုပ် တစ်ခါမှ မကြားဖူးပါဘူး။ အမတ်ကြီးဖန် ... အခုတော့ ကျုပ် သဘောပေါက်သွားပါပြီ။ ခင်ဗျားက အသင်းတော်ကို ဘက်လိုက်တဲ့ အမြင်နဲ့ ကြည့်နေတာပဲ။ ကျုပ် ဘာပြောပြော ခင်ဗျားက ယုံမှာမဟုတ်ဘူး မဟုတ်လား။"
ဘုန်းတော်ကြီးဆော်ဂျာက မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ကို ဘယ်လိုလုပ် သာသနာပြုခွင့်ပေးမလဲဆိုတာ ခင်ဗျား တိုက်ရိုက်သာ အချက်အလက်တွေကို ပြောလိုက်ပါ။"
ဖန်ကျန်းရီက ရုတ်တရက် စားပွဲကို ရိုက်လိုက်၏။ "ပြတ်သားလှချည်လား။ ခင်ဗျားရဲ့ ဒီလိုစိတ်ဓာတ်မျိုးကို ကျုပ် သဘောကျတယ်။
ဒါဆိုရင် ကျုပ် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။ ခင်ဗျားတို့ ဒီမှာ သာသနာပြုချင်တယ်ဆိုရင် ပထမအချက် ကိုယ့်ဘာသာ ပိုက်ဆံရှာပြီး မြေဝယ်၊ ဘုရားကျောင်း ဆောက်ရမယ်။ ဒုတိယအချက် ကျုပ် သတ်မှတ်ပေးထားတဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် လုပ်ပြီးမှ တာ့ကျင်းမှာ ဘာသာဝင်တွေကို လက်ခံခွင့်ပြုမယ်။ နောက်ဆုံးအချက် ဘာသာဝင်တွေရဲ့ အရေအတွက်နဲ့ ဘယ်သူတွေဆိုတာကို နန်းတော်က ရွေးချယ်ပြီးမှ ဘုရားကျောင်းထဲ ဝင်ခွင့်ပြုမယ်။ ဒီအချက်သုံးချက်ကို ခင်ဗျား လက်ခံနိုင်မလား။"
ထိုစကားကို ကြားပြီးနောက် ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲသွားကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ခင်ဗျားက ကျုပ်တို့ကို သာသနာပြုခွင့် မပေးချင်လို့ သတ်သတ် အကြောင်းပြနေတာပဲ။ ကျုပ်တို့က ဘယ်လိုလုပ် ပိုက်ဆံရှာရမှာလဲ။ ပြီးတော့ ဘာသာစကားကလည်း နားမလည်ဘူး။
အမတ်ကြီးဖန် ... ခင်ဗျားက ကျုပ်တို့ကို ပြဿနာဖြေရှင်းပေးမယ့် သဘောထားမျိုးရော ရှိရဲ့လား။ ကျုပ် ထင်တာကတော့ ခင်ဗျားက ဘက်လိုက်နေတာ မဟုတ်ဘူး၊ ကျုပ်တို့ကို လှောင်ပြောင်နေတာပဲ။ ဒါက ရန်လိုတာပဲ။"
ကြည့်ရသည်မှာ သူထင်ထားသည့် တုံ့ပြန်မှုနှင့် သိပ်မကွာခြားပေ။ စကားကို ဖြည်းဖြည်းချင်း ပြောရမည်ဖြစ်ပြီး ဦးနှောက်ကိုလည်း ဖြည်းဖြည်းချင်း ဆေးကြောရမည် ဖြစ်၏။
ဘုန်းတော်ကြီးဆော်ဂျာ၏ အစွမ်းအစမဲ့ ဒေါသပေါက်ကွဲမှုများကို ရင်ဆိုင်ရင်း ဖန်ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်သည်။ "ဘုန်းတော်ကြီး ... ခင်ဗျား သိလား။ ကျုပ်က အရင်တုန်းက ဘာသာတစ်ခုကို ရိုသေကိုင်းရှိုင်းတဲ့ ဘာသာဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဘာသာက လောကသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကယ်တင်ပြီး သေဆုံးသွားသူတွေကို ကောင်းကင်ဘုံကို ပို့ဆောင်ပေးတယ်လို့ အမြဲပြောလေ့ရှိတယ်။ ကျုပ် လူငယ်ဘဝတုန်းက ဒီလိုကြီးမားတဲ့ ရည်ရွယ်ချက်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ကိုယ်တိုင်လည်း လက်တွေ့လုပ်ဆောင်ခဲ့ဖူးတယ်။ ဥပမာ အဖွားအိုတွေကို အိမ်ပြန်ပို့ပေးတာ၊ ပိုက်ဆံကောက်ရရင် ရဲအရာရှိကို သွားပေးတာပေါ့။ ဒါပေမဲ့ ကျုပ် အသက်ကြီးလာလေလေ၊ အတွေ့အကြုံတွေ များလာလေလေ ကျုပ်ရဲ့ စိတ်ထဲမှာ သံသယမျိုးစေ့တွေ စတင်တွယ်အမြစ်လာတော့တာပဲ။
လောကသားတွေအားလုံး တန်းတူညီမျှတယ်လို့ ဟောကြားပေမဲ့ ကျုပ် မြင်တွေ့ရတဲ့ နေရာတိုင်းမှာတော့ အဆင့်အတန်း ခွဲခြားမှုတွေ အများကြီးရှိနေတယ်။ ဘုရားကျောင်းတစ်ကျောင်းတည်းမှာတောင် ကိုရင်ကနေစပြီး ကျောင်းထိုင်ဆရာတော်အထိ ခံစားခွင့်တွေက မတူညီကြဘူး။ တရားအားထုတ်ရမယ့် နေရာဖြစ်သင့်တဲ့ ကျောင်းတွေကလည်း ပိုက်ဆံရှာတဲ့ နေရာတွေ ဖြစ်လာတယ်။ ဘာသာဝင် အမြောက်အမြားက အလှူငွေတွေ လှူဒါန်းကြပြီး လောကသားတွေကို ဆင်းရဲဒုက္ခထဲက ကယ်တင်မယ့် ဘုရားရှင်အတွက် ရွှေသင်္ကန်းကပ်ဖို့ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ဖြုန်းတီးကြတယ်။ နောက်ဆုံးမှာတော့ နိုင်ငံတော် အုပ်ချုပ်ရေးကိုပါ ဝင်ရောက်စွက်ဖက်လာကြတယ်။
ကျုပ် သိထားသလောက်ကတော့ ခင်ဗျားတို့ရဲ့ ဘာသာတရားကလည်း ဒီအတိုင်းပဲ။ ခင်ဗျားတို့ရဲ့ ရဟန်းမင်းကြီးက ရွှေလည်ဆွဲကို ဆွဲထားပြီး ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတိုင်းကလည်း အရမ်း ခမ်းနားကြီးကျယ်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ တရားတော်ကလည်း လောကသားတွေကို ကယ်တင်ဖို့ဆိုတာနဲ့ ဆင်တူနေတယ်။ ကျုပ်ပြောတာ မှန်တယ်မလား။"
ဆော်ဂျာ၏ မျက်နှာက အနည်းငယ် ရှက်ရွံ့သွားပြီး ရှင်းပြလိုက်၏။ "နတ်ဘုရားဆိုတာ ပုံသဏ္ဌာန် မရှိပါဘူး။ ဒါပေမဲ့ လောကသားတွေက မိုက်မဲလွန်းလို့ အဲဒီထဲက အမှန်တရားကို မမြင်နိုင်ကြဘူး။ ဒါကြောင့် ဘာသာဝင်တွေကို ဆွဲဆောင်ဖို့နဲ့ တရားတော်တွေကို ဖြန့်ဝေဖို့ ရုပ်တုတွေနဲ့ ခမ်းနားတဲ့ အလှဆင်မှုတွေကို သုံးရတာပါ။ ဒါက အခြေအနေ တစ်ရပ်လုံးအတွက် စဉ်းစားပေးရတာပါ။ ပြီးတော့ ကျုပ် ခင်ဗျားကို တစ်ခွန်း သတိပေးချင်တယ်။ ထိုက်ဖူဘာသာက ခင်ဗျားပြောတဲ့ ဘာသာနဲ့ မတူဘူး။"
"သေချာတာပေါ့ မတူတာ။ ကျုပ်ပြောတဲ့ဘာသာမှာ အခွန်ကောက်ဖို့ အခွင့်အာဏာ မရှိဘူးလေ။" ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ ဘုန်းတော်ကြီးက လက်သီးကို တင်းတင်းဆုပ်လိုက်၏။
"ခင်ဗျားပြောတာ ယုတ္တိရှိတယ်လို့ ခဏထားလိုက်အုံး … ဒါပေမဲ့ နတ်ဘုရားက လောကသားတွေအားလုံး တန်းတူညီမျှတယ်လို့ ချစ်မြတ်နိုးတယ်ဆိုရင် ဘာလို့ ရဟန်းမင်းကြီးက အထူးခံစားခွင့်တွေ ရယူပြီး ရွှေငွေရတနာတွေ ဝတ်ဆင်ထားရတာလဲ။ ဒါကလည်း ဘာသာဝင်တွေကို ဆွဲဆောင်ဖို့ပဲလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားကို ပြောနိုင်တာက ရာထူးမြင့်မားပြီး ဆင်းရဲတဲ့ ရဟန်းမင်းကြီး တစ်ယောက်ရဲ့ ဆွဲဆောင်မှုက ဇိမ်ခံနေတဲ့ သူတစ်ယောက်ထက် အများကြီး ပိုကြီးမားပါလိမ့်မယ်။ ဒီအချက်ကို ခင်ဗျား နားလည်သင့်တယ်။
နောက်တစ်ခုက ဘာလို့ ရဟန်းမင်းကြီးက ဇိမ်ခံနန်းတော်ထဲမှာနေပြီး မှူးမတ်တွေနဲ့ ဆက်သွယ်နေရတာလဲ။ ခင်ဗျားလို အောက်ခြေကလူကကျတော့ ဘာလို့ အောက်ခြေမှာ ဆင်းရဲဒုက္ခခံပြီး နေထိုင်နေရတာလဲ။ ပြီးတော့ နတ်ဘုရားနဲ့ အနီးစပ်ဆုံး နည်းလမ်းဖြစ်တဲ့ လောကသားတွေကို ကယ်တင်ဖို့အတွက် မိုင်ပေါင်း သောင်းချီဝေးတဲ့ တာ့ကျင်းကိုတောင် လာခဲ့ရတယ်။ ဒါက လုံးဝ တရားမျှတမှု မရှိဘူး။ အကြောင်းရင်းက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ အသင်းတော် အထက်ပိုင်းက လူတွေက လောဘတက်ပြီး ကိုယ့်ရဲ့ အပျော်အပါးအတွက်ပဲ စဉ်းစားလို့ပဲ။ ခင်ဗျားတို့က အသင်းတော်ရဲ့ ပိုက်ဆံရှာတဲ့ ကိရိယာတစ်ခုပဲ။"
ဘုန်းတော်ကြီးဆော်ဂျာက မကျေနပ်မှုကို မြိုသိပ်ကာ သွားကြားထဲမှ စကားတစ်ခွန်းကို အတင်း ညှစ်ထုတ်လိုက်၏။ "ခင်ဗျားက ရည်ရွယ်ချက်ရှိရှိ မှန်းဆနေတာပဲ။"
ဖန်ကျန်းရီက ခေါင်းယမ်းလိုက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ "မဟုတ်ဘူး။ ဒါက ရိုးရှင်းတဲ့ မှန်းဆမှု မဟုတ်ဘူး။ အတွေ့အကြုံအရ ပြောတာပါ။ ခင်ဗျားရဲ့ အဆင့်အတန်းက နိမ့်လွန်းလို့ အထက်ပိုင်းက ပဋိပက္ခတွေကို မမြင်နိုင်တာပါ။ ကျုပ်ကတော့ အာဏာရဲ့ ထိပ်ဆုံးမှာ ရှိနေလို့ မြင့်မြင့်မှာ ရပ်နေရင် အဝေးကြီးကို မြင်ရတာ သဘာဝပဲ။
ဘုန်းတော်ကြီး ... ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခု မေးမယ်။ ကောင်းကင်ဘုံက ဘယ်မှာရှိလဲဆိုတာ ခင်ဗျား သိလား။"
"ကောင်းကင်ပေါ်မှာ ရှိတာပေါ့။" ဘုန်းတော်ကြီးဆော်ဂျာက ဖြေလိုက်၏။
"ဒါဆို ငရဲကရော ဘယ်မှာလဲ။"
"ငရဲက မြေအောက်မှာ ရှိတယ်။"
"မဟုတ်ဘူး ... မှားတယ်။ ခင်ဗျားပြောတာက လောကသားတွေအားလုံး သိထားတဲ့ အခြေအနေ တစ်ခုပါပဲ။ ဒါပေမဲ့ အမှန်တရားက အမြဲတမ်း ထင်မှတ်မထားတာတွေ ဖြစ်နေတတ်တယ်။"
ဖန်ကျန်းရီက လက်ညှိုးတစ်ချောင်းကို ထောင်ကာ အမိုးကို ညွှန်ပြလိုက်၏။ "တကယ့် ငရဲက ကောင်းကင်ဘုံရဲ့ အောက်မှာရှိပြီး လူ့ပြည်က အောက်ဆုံးအလွှာမှာ ရှိတယ်။"
"ပေါက်ကရတွေ။ ခင်ဗျား ပြောတာ မှန်တယ်လို့ ဘာအထောက်အထားနဲ့ ပြောနိုင်တာလဲ။" ဘုန်းတော်ကြီး ဆော်ဂျာက အေးစက်စက် ရယ်မောလိုက်သည်။
ဖန်ကျန်းရီက တည်ငြိမ်စွာ ရှင်းပြလိုက်၏။ "ဘာသာဝင်တွေက ကောင်းကင်ဘုံကို သွားပြီး ဘာသာမဲ့တွေက ငရဲကို သွားတယ်။ လူ့ပြည်က ကြားထဲမှာ ညပ်နေတာဆိုတော့ တကယ်လို့ စဉ်းစားကြည့်ရင် ကောင်းကင်ဘုံနဲ့ ငရဲ သွားခွင့်က တန်းတူညီမျှ ဖြစ်သင့်တယ်။ ဒါဆို ဘာလို့ ငရဲသွားတဲ့သူက ကောင်းကင်ဘုံသွားတဲ့သူထက် အမြဲတမ်း ပိုများနေရတာလဲ။ အမှန်တရားက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ ကျုပ်တို့က ငရဲနဲ့ ပိုနီးနေလို့ပဲ။
အသင်းတော်က ခင်ဗျားတို့ကို မြင့်မားတဲ့ ရည်မှန်းချက်တွေ၊ ဖြူစင်တဲ့ စံပြတွေနဲ့ ဝေးကွာလှတဲ့ ပန်းတိုင်တစ်ခုကို ကတိပေးထားပြီး နောက်ဆုံးမှာတော့ ခင်ဗျားတို့ကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံကို ဝင်ရောက်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ လူ့ပြည်နဲ့ ကောင်းကင်ဘုံ ကြားမှာ ငရဲက ခြားနေတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။ နောက်ဆုံး တစ်ဖက်ကမ်းကို ရောက်ဖို့အတွက် ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်။
ဒီဖြစ်စဉ်ကြားထဲမှာ အလောင်းတွေက တောင်လိုပုံနေပြီး သွေးတွေက ပင်လယ်လို စီးဆင်းနေတယ်။ အရိုးတွေက တောအုပ်လို ဖြစ်နေတယ်။ လူနည်းစုလေးကသာ တခြားလူတွေရဲ့ အလောင်းတွေကို နင်းပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းကင်ဘုံကို ရောက်သွားကြတယ်။ နောက်ဆုံးမှာတော့ အဲဒီလူတွေက အစတုန်းက ကတိတွေကို မေ့သွားကြပြီ။ ပြီးတော့ အထက်စီးကနေ ရာဇလှံတံကို ဝှေ့ယမ်းပြီး သွေးပင်လယ်ငရဲထဲမှာ ရောက်နေတဲ့ ဘာသာဝင်တွေကို ယုံကြည်မှု မဖြူစင်ဘူး၊ ကိုယ်ကျိုးစွန့်တာ မလုံလောက်ဘူး၊ နတ်ဘုရားကို ချစ်တာ မစစ်မှန်ဘူးလို့ အပြစ်တင်နေကြတယ်။ ကျုပ်ပြောတာ မှန်တယ်မလား ဘုန်းတော်ကြီး။"
ဘုန်းတော်ကြီးဆော်ဂျာက ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ခင်ဗျားက လုံးဝကို စွပ်စွဲနေတာပဲ။ အမတ်ကြီးဖန် ... ခင်ဗျားမှာ ယုံကြည်မှု လုံးဝမရှိဘူး။ ဘာမှလည်း နားမလည်ဘူး။"
ဖန်ကျန်းရီက ခေါင်းကို ဖြည်းဖြည်းချင်း ယမ်းလိုက်ကာ ဘုန်းတော်ကြီးကို သနားစရာကောင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ "ကျုပ်ပြောတာတွေက လိမ်ပြောနေတာဆိုရင် ခင်ဗျား ဒေါသထွက်စရာ မလိုဘူးလေ။ ဒါကို ကြည့်ရင် ခင်ဗျားရဲ့ ယုံကြည်မှုက မဖြူစင်ဘူးဆိုတာ သိသာတယ်။ စိတ်ထဲမှာ သံသယတွေ ဝင်လာပြီပေါ့။ မဟုတ်ရင် ဘာလို့ မကောင်းတဲ့ဘက်ကို တွေးနေရတာလဲ။"
"ကျုပ်က ... ခင်ဗျားက ကျုပ်တို့ ဘာသာတရားကို စွပ်စွဲနေတာလေ။ ဒေါသထွက်ရမှာပေါ့။ ခင်ဗျားက ဒီလို သဘောထားမျိုးဆိုရင် ကျုပ်တို့ ဆက်မပြောကြနဲ့တော့။ ကျုပ် အိမ်ပြန်မယ်။ အိမ်ပြန်တော့မယ်။" ဘုန်းတော်ကြီးဆော်ဂျာသည် တစ်ကိုယ်လုံး တုန်ယင်နေ၏။
မိစ္ဆာကောင်။ ဒီအရှေ့တိုင်းသားက သူ မြင်ဖူးသမျှထဲမှာ အဆိုးယုတ်ဆုံး မိစ္ဆာကောင်ပဲ။
ဖန်ကျန်းရီသည် ရယ်မောလုမတတ် ဖြစ်သွားခဲ့သည်။
အိမ်ပြန်မယ် ဟုတ်လား။ ခင်ဗျားက ပြောရဲသေးတယ်ပေါ့။
"ဘုန်းတော်ကြီး ... ခင်ဗျား ကျုပ်ရဲ့ အဓိပ္ပာယ်ကို အထင်လွဲသွားပြီလို့ ထင်တယ်။ ကျုပ်က ခင်ဗျားဘက်မှာ ရပ်တည်နေတာပါ။ ထိုင်ပြီး ဖြည်းဖြည်းချင်း ပြောကြရအောင်။ ဘာပဲဖြစ်ဖြစ် ဒေါသတော့မထွက်ပါနဲ့။"