အခန်း (၈၉၇-၈၉၈)
Vol. 47 Ch. 897-898
အပိုင်း (၈၉၇) - ကျုပ်က ခင်ဗျားတို့အတွက် အခွင့်အရေးတွေ တောင်းဆိုပေးနေတာလေ။
"ခင်ဗျားက အမြဲတမ်း ဒီလောက် စိတ်လှုပ်ရှားနေမယ်ဆိုရင် သုဒ္ဓကိန်းတွေကို ရေတွက်ကြည့်ပါ။ သင်္ချာက ခင်ဗျားကို တည်ငြိမ်သွားအောင် ကူညီပေးပါလိမ့်မယ်။"
ဖန်ကျန်းရီက ထရပ်လိုက်ပြီး ဘုန်းတော်ကြီး၏ ပခုံးကို ပုတ်ကာ ကုလားထိုင်ပေါ်သို့ ပြန်လည် ထိုင်ခိုင်းလိုက်၏။
သို့ပေမည့် ဘုန်းတော်ကြီးဆော်ဂျာကမူ ဖန်ကျန်းရီကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေဆဲပင်။
ဖန်ကျန်းရီက ပြုံးလိုက်ပြီး ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "စောစောက ခင်ဗျားရဲ့ ယုံကြည်မှု ယိမ်းယိုင်သွားတာကို ကျုပ် သတိထားမိလိုက်တယ်။"
"ကျုပ်မှာ အဲဒီလို မရှိဘူး။"
"ခင်ဗျားမှာ ရှိတယ်။"
"မရှိဘူး။"
"ရှိတယ်။"
ဘုန်းတော်ကြီး ထပ်မံ၍ ဒေါသပေါက်ကွဲတော့မည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်လှမ်းကာ ဘုန်းတော်ကြီး၏ ပခုံးကို ပုတ်လျက် ပြောလိုက်၏။ "တကယ်တော့ ခင်ဗျားရဲ့ စံပြရည်မှန်းချက်အပေါ် ကျုပ် လုံးဝ လေးစားပါတယ်။"
"ကျုပ် ဒီခရီးတစ်လျှောက် အခက်အခဲပေါင်းစုံကို ဖြတ်သန်းလာခဲ့ပြီး လူတွေရဲ့ စိတ်နေစိတ်ထား အမျိုးမျိုးကို မြင်တွေ့ခဲ့ရတယ်။ ကျုပ် လူငယ်ဘဝတုန်းက လူတော်တော်များများကို အရူးအမူး ကြည်ညိုခဲ့ဖူးတယ်။ အဲဒီအထဲမှာ ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျိုးမဖက်တဲ့သူတွေ၊ ကိုယ်ကျင့်တရား မြင့်မားတဲ့သူတွေ၊ ပြီးတော့ ပြည်သူတွေအတွက် အသက်စွန့်ရဲတဲ့ သူတွေပါတယ်။ ဒီလူတွေအားလုံးက ကျုပ်ရဲ့ စိတ်ထဲမှာ တောက်ပနေပြီး အမြဲတမ်း ကျုပ်ကို အလင်းရောင် ပေးခဲ့တယ်။
ဒါပေမဲ့ ကျုပ် အသက်ကြီးလာလေလေ၊ မြင်တွေ့ရတဲ့ အရာတွေ များလာလေလေ၊ နားလည်နိုင်တဲ့ ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာလေလေ၊ ကျုပ် စံပြအဖြစ် သတ်မှတ်ထားခဲ့တဲ့ အဲဒီလူတွေအားလုံးက နတ်ဘုရားစင်မြင့်ပေါ်ကနေ ပြုတ်ကျသွားပြီး အရင်ကလောက် မတောက်ပတော့ဘူး။
အဲဒီအချိန်ကစပြီး ကျုပ် အသိအမှတ်ပြုလိုက်တဲ့ သဘောတရား တစ်ခုရှိတယ်။ အဲဒါကတော့ ပြည့်စုံပြီး အပြစ်ကင်းစင်တဲ့သူ ဆိုတာ ကျုပ်ရဲ့ စိတ်ကူးထဲမှာ ဖန်တီးထားတဲ့ ရုပ်တုတစ်ခုသာ ဖြစ်ပြီး၊ အပြစ်ကင်းစင်တဲ့သူ ဆိုတာ တကယ်မရှိဘူး ဆိုတာပါပဲ။
အပူဓာတ် တစ်စိတ်တစ်ပိုင်း ရှိရင် အလင်းရောင် တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာမယ်။ ပိုးစုန်းကြူးလေး တစ်ကောင်လိုပဲ မှောင်မိုက်တဲ့ အထဲမှာ အလင်းရောင် နည်းနည်းလောက် ထုတ်လွှတ်ပေးနိုင်ရင် မီးရှူးမီးတိုင်ကို စောင့်နေစရာ မလိုပါဘူး။ အဲနောက်မှာ မီးရှူးမီးတိုင်ဆိုတာ တကယ် မရှိလာခဲ့ရင်တောင် ကျုပ်က တစ်ခုတည်းသော အလင်းရောင် ဖြစ်နေပါလိမ့်မယ်။"
"ကျုပ် ဒါတွေကို ပြောရတာက ထိုက်ဖူဘာသာမှာ မကောင်းတဲ့ အချက်တချို့ ရှိတယ်လို့ ထင်ပေမဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင် ယုံကြည်မှုကတော့ ဖြူစင်နေဆဲမို့ ခင်ဗျားအပေါ်မှာ ကျုပ် ဘက်လိုက်တဲ့အမြင် မရှိဘူးဆိုတာကို သိစေချင်တယ်"
ဘုန်းတော်ကြီးဆော်ဂျာက ပြန်လည် ချေပလိုက်၏။ "အသင်းတော် မကောင်းဘူးဆိုတာက ခင်ဗျား ပါးစပ်ကနေ အလကား လျှောက်ပြောနေတာပဲ မဟုတ်ဘူးလား။ တကယ်မှ မဟုတ်တာ။"
သူ၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့နေသော်လည်း လေသံကတော့ အတော်လေး ပြေလျော့သွားခဲ့ပြီဖြစ်သည်။ ဤမိစ္ဆာကောင်၏ စကားအချို့က သူ့ကို တကယ်ပင် ထိမိစေသည်ဟု ဝန်ခံရပေမည်။
"အကြွင်းမဲ့ အာဏာက အကြွင်းမဲ့ အဂတိလိုက်စားမှုကို ဖြစ်စေတယ်။ ကျုပ်က ခင်ဗျားထက် ပိုပြီး အာဏာရှိတယ်၊ ကျုပ်နဲ့ လာမငြင်းနဲ့။" ဖန်ကျန်းရီက ခြိမ်းခြောက်လိုက်သည်။
ဒီနိုင်ငံခြားသားလေးက ဘယ်သူ့နယ်မြေပေါ်မှာ ရောက်နေလဲဆိုတာ တကယ် မသိဘူးပဲ။
ဘုန်းတော်ကြီးဆော်ဂျာ ဆက်လက်၍ ချေပရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက ဖြတ်ပြောလိုက်၏။ "ကျုပ်မှာ နာမည်ကြီး စကားတစ်ခွန်း ရှိတယ်။ 'ကောင်းကင်နဲ့ မြေကြီးအတွက် စိတ်နှလုံးကို တည်ဆောက်မယ်၊ ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်းမှုကို တည်ဆောက်မယ်၊ ရှေးခေတ် ပညာရှိကြီးတွေအတွက် ပျောက်ကွယ်သွားတဲ့ ပညာရပ်တွေကို ဆက်ခံမယ်၊ နောင်လာနောက်သားတွေအတွက် ထာဝရ ငြိမ်းချမ်းရေးကို ဖန်တီးမယ်' ဆိုတဲ့ စကားကို လူအများအပြားက ဂန္ထဝင် စကားတစ်ခွန်းအဖြစ် သတ်မှတ်ထားကြတယ်။
ဒါကိုကြည့်ရင် ကျုပ်တို့ တာ့ကျင်းက ပညာတတ်တွေနဲ့ ခင်ဗျားတို့မှာ တူညီတဲ့ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။ လမ်းကြောင်း မတူပေမဲ့ ရောက်မယ့် နေရာက အတူတူပါပဲ။ ကျုပ်တို့ လူတိုင်းက ကောင်းကင်ဘုံမှာ နေထိုင်ချင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့နဲ့ မတူတာက ကျုပ်တို့က နတ်ဘုရားကို မယုံကြည်ဘူး။ ကျုပ်တို့ရဲ့ ကိုယ်ပိုင် လက်နှစ်ဖက်နဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေနဲ့ ကောင်းကင်ဘုံကို ဖန်တီးနိုင်ပြီး လောကသားအားလုံး တန်းတူညီမျှတဲ့၊ လူတိုင်း စားဝတ်နေရေး ပြည့်စုံတဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မယ်လို့ ကျုပ်တို့ ယုံကြည်တယ်။"
ဘုန်းတော်ကြီးဆော်ဂျာက ဖန်ကျန်းရီ စကားထဲက ဟာကွက်ကို ထက်မြက်စွာ ဖမ်းဆွဲလိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။ "ခင်ဗျားတို့ သွားနေတာက လမ်းလွဲကြီးပါ။ လူဆိုတာ မွေးလာကတည်းက အပြစ်ရှိတယ်။ ကိုယ့်ရဲ့ အပြစ်တွေကို ဆေးကြောနိုင်မှသာ ကောင်းကင်ဘုံကို သွားနိုင်မယ်။ လူတိုင်း စားဝတ်နေရေး ပြည့်စုံတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ လူတွေရဲ့ လောဘက အဆုံးမရှိဘူးလေ။"
"ခမည်းတော်က ပထမဆုံး မွေးဖွားလာတဲ့သူ ဆိုရင် သူ့ရဲ့ အပြစ်က အကြီးဆုံး ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ အခုဖြစ်နေတဲ့ ပြဿနာဆိုးတွေ အားလုံးက သူလုပ်ထားတာတွေချည်းပဲလေ။" ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါးဖြင့် စကားတစ်ခွန်း ထောက်လိုက်၏။
"..."
ဘုန်းတော်ကြီးသည် ခေါင်းကို လွှဲလိုက်ပြီး လက်နားရှိ လက်ဖက်ရည်ကရားကို ငေးကြည့်နေမိသည်။
ရိုက်ခွဲလိုက်။ ရိုက်ခွဲလိုက်ရင် ဒီမိစ္ဆာကောင် လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။
သူ တွေဝေနေစဉ်မှာပင် ဖန်ကျန်းရီက ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ "ခင်ဗျားပြောတာလည်း မှန်ပါတယ်။ လူတွေရဲ့ လောဘက အဆုံးမရှိဘူး။ ဒါပေမဲ့ ကျုပ်တို့က ရုပ်ဝတ္ထုတွေရဲ့ အဆုံးမရှိ တိုးတက်လာမှုနဲ့ လူတွေရဲ့ လောဘကို ဖြည့်ဆည်းပေးနိုင်တဲ့ အဆင့်အထိ သေချာပေါက် တိုးတက်နိုင်ပါတယ်။ ဒီနေ့ကို ရောက်လာလိမ့်မယ်လို့ ကျုပ် အခိုင်အမာ ယုံကြည်တယ်။ နှစ် ဆယ်၊ ရာ၊ ထောင်ချီပြီး အချိန်ယူရမယ် ဆိုရင်တောင် နောက်ဆုံးမှာ သေချာပေါက် လုပ်နိုင်မှာပါ။"
ဘုန်းတော်ကြီးသည် အံ့အားသင့်သွားပြီး ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ကာ ကြက်သေ သေသွားသည်။
ဒါက တစ်ခါမှ မစဉ်းစားဖူးတဲ့ လမ်းကြောင်းတစ်ခုပဲ။ အရှေ့တိုင်းသား တစ်ယောက်ဆီမှာ ဒီလို ရဲစွမ်းသတ္တိမျိုး ရှိနေတယ်ဆိုရင် တကယ်ကို လေးစားရပါလိမ့်မယ်။
ဒါပေမဲ့ ပြောရမယ်ဆိုရင် သူက ဖန်ကျန်းရီရဲ့ စကားကို အလေးမထားဘူး။
ဘုန်းတော်ကြီးဆော်ဂျာက ပြောလိုက်၏။ "အမတ်ကြီးဖန် ... ခင်ဗျားရဲ့ နေ့ခင်းကြောင်တောင် အိပ်မက်တွေက အရမ်းကောင်းပါတယ်။ ခင်ဗျား အသင်းတော်ကို အကြောင်းမဲ့ တိုက်ခိုက်နေတာတွေကိုလည်း ကျုပ် ဆက်ပြီး နားမထောင်ချင်တော့ဘူး။ ခင်ဗျားက ကျုပ်တို့ လမ်းကြောင်းမတူပေမဲ့ ရောက်မယ့်နေရာက အတူတူပဲလို့ ပြောထားတော့ အခု ကျုပ် တိကျတဲ့ အဖြေတစ်ခုပဲ လိုချင်တယ်။ ကျုပ်တို့ သာသနာပြုလို့ ရနိုင်သလား။ ခင်ဗျား အရင်က ပြောခဲ့တဲ့ အချက်သုံးချက်က အရမ်းကို တင်းကျပ်လွန်းလို့ ကျုပ်တို့ သဘောမကျပါဘူး။"
ဖန်ကျန်းရီက ပြုံးလိုက်သည်။ "သေချာပေါက် ရတာပေါ့။ ကျုပ် အခုလို အများကြီး ပြောရတာက အရှေ့နဲ့ အနောက်ကြားက အယူအဆပိုင်းဆိုင်ရာ ကြီးမားတဲ့ ကွာခြားချက်တွေကို သိစေချင်လို့ပါ။ ကျုပ်ရဲ့ အတွေးအခေါ်က ပြည်သူတွေရဲ့ အတွေးအခေါ်ကို ကိုယ်စားပြုတယ်။ ခင်ဗျားတို့ အနောက်တိုင်းမှာ သာသနာပြုခဲ့တဲ့ နည်းလမ်းဟောင်းအတိုင်း တာ့ကျင်းမှာ လာလုပ်မယ်ဆိုရင် သေချာပေါက် ခေါင်းကွဲသွားလိမ့်မယ်။ နောက်ဆုံး လူတွေနဲ့ ပဋိပက္ခတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျုပ်က ကန့်သတ်ချက် သုံးချက်ကို တောင်းဆိုခဲ့တာပါ။ အားလုံးက ခင်ဗျားတို့အတွက် ကောင်းဖို့ပါပဲ။
ခင်ဗျားတို့ကို ကိုယ့်ဘာသာ ပိုက်ဆံရှာခိုင်းပြီး ဘုရားကျောင်း ဆောက်ခိုင်းတာက ခင်ဗျားတို့ကို တာ့ကျင်းရဲ့ ယဉ်ကျေးမှုနဲ့ ပြည်သူတွေရဲ့ အခြေအနေကို နားလည်စေချင်လို့ပါ။ ဒါမှ နောက်ပိုင်းမှာ ဒေသနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ပြီး သာသနာကို ပိုကောင်းကောင်း ပြုနိုင်မှာပါ။ ခင်ဗျားတို့ကို ရည်မှန်းချက် သတ်မှတ်ပေးတာကလည်း တာ့ကျင်း လူ့အဖွဲ့အစည်းထဲကို ပိုမိုမြန်ဆန်စွာ ဝင်ဆံ့နိုင်အောင် တွန်းအားပေးဖို့ပါ။ တတိယအချက်ကတော့ မလုပ်မနေရ သတ်မှတ်ချက်ပါ။ တာ့ကျင်းရဲ့ ဗုဒ္ဓဘာသာမှာ အရင်က ပြစ်မှုကျူးလွန်ထားတဲ့ သူတွေက ပြစ်ဒဏ်ကနေ ရှောင်လွှဲဖို့ ခေါင်းတုံးတုံးပြီး ဘုန်းကြီးကျောင်းထဲ ဝင်သွားတာတွေ အများကြီး ရှိခဲ့တယ်။ ထိုက်ဖူဘာသာမှာလည်း ဒီလို အခြေအနေမျိုး မဖြစ်အောင် ကာကွယ်ဖို့ ဒါက မရှိမဖြစ် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းပါ။
ခင်ဗျား သိထားရမှာက ဒါက ထိုက်ဖူဘာသာ တစ်ခုတည်းကို ရည်ရွယ်တာ မဟုတ်ဘူး။ ကျုပ်တို့ဆီက ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ သေသွားရင်တောင် နောက်ဘဝ ပြန်ဝင်စားချင်ရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ ခင်ဗျား နားလည်နိုင်လား။"
ဘုန်းတော်ကြီးဆော်ဂျာက နာကျင်စွာ ခေါင်းယမ်းလိုက်၏။ "ကျုပ် နားမလည်နိုင်ပါဘူး။"
တာ့ကျင်းအစိုးရက နတ်ဘုရားကို မယုံကြည်ဘူးဆိုရင်တောင် လက်က ဘာလို့ ဒီလောက် ရှည်နေရတာလဲ ... သေသွားရင်တောင် လွတ်မြောက်လို့ မရဘူးလား။
"နားမလည်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ဒီအချက်ကို ပြောင်းလဲလို့မရဘူးဆိုတာ ခင်ဗျား သိထားရင် ရပြီ။" ဖန်ကျန်းရီက ပြောလိုက်သည်။
"ခင်ဗျားတို့ ထိုက်ဖူအသင်းတော်က အားနည်းသူတွေကို လှည့်စားပြီး လိမ်လည်တဲ့ လုပ်ရပ်တချို့ကို ကျုပ် အရမ်း မုန်းတီးပေမဲ့ ရိုသေကိုင်းရှိုင်းတဲ့ ဘာသာဝင်တွေဖြစ်တဲ့ ခင်ဗျားတို့အပေါ်မှာတော့ ကျုပ်က အရမ်းကို စေတနာ ထားပါတယ်။ ဒါကြောင့် ကျုပ် တတ်နိုင်သမျှ ခင်ဗျားတို့အတွက် အကောင်းဆုံး ခံစားခွင့်တွေကို တောင်းဆိုပေးခဲ့ပါတယ်။"
"ဘာ ခံစားခွင့်တွေလဲ။"
ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပေါ်လာပြီး ဤမိစ္ဆာကောင် အသင်းတော်ကို နောက်တစ်ကြိမ် စွပ်စွဲလိုက်သည်ကို လုံးဝ မေ့လျော့သွားခဲ့၏။
"ခင်ဗျားတို့ အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့အတွက် ကျုပ်က အလုပ်အကိုင်တွေ ပေးမယ်။ ပြီးတော့ အတိုးမဲ့ ချေးငွေနဲ့ နေစရာ နေရာကိုလည်း ထောက်ပံ့ပေးမယ်။ ပြီးတော့ ခွင့်ပြုချက် ရပြီးသွားရင် တောက်ယွမ်ခရိုင်မှာ ဘုရားကျောင်း ဆောက်ခွင့် ပြုမယ်။ သေချာတာကတော့ တောက်ယွမ်ခရိုင် တစ်ခုတည်းမှာပဲ ခွင့်ပြုတာပါ။ တခြားနေရာတွေမှာတော့ နန်းတော်က ခွင့်မပြုပါဘူး။
တောက်ယွမ်ခရိုင်ဆိုတာ ဘယ်နေရာလဲ။ ကျုပ် တစ်ခါမှ မကြားဖူးဘူး။"
ဘုန်းတော်ကြီးဆော်ဂျာက မကျေမနပ်ဖြင့် ပြောလိုက်၏။ "ပြီးတော့ ကျုပ်ကို အကြောင်းပြချက် ပေးနေသလိုပဲ။ ကျုပ် မြို့တော်မှာ သာသနာပြုချင်တယ်။"
"ဟွန့် ... ခင်ဗျားကို အကြောင်းပြချက် ပေးနေတယ် ဟုတ်လား။ ကျုပ် အားမနာဘဲ ပြောလိုက်မယ်။ တောက်ယွမ်ခရိုင်ဆိုတာ တာ့ကျင်းရဲ့ အကောင်းဆုံး ခရိုင်ပဲ။ စည်ကားမှု အပိုင်းကို ပြောရရင် မြို့တော်ထက်တောင် သာသေးတယ်။ မြို့ထဲက ပြည်သူတွေကလည်း ပညာရေး ကောင်းကောင်း ရထားကြပြီး ရိုးသားဖြောင့်မတ်သလို ကိုယ်ကျင့်တရားလည်း အရမ်းကောင်းတယ်။ ခင်ဗျားကို တောက်ယွမ်ခရိုင်မှာ အလုပ်လုပ်ပြီး သာသနာပြုခိုင်းတာ၊ ခင်ဗျား တိတ်တိတ်လေး ဝမ်းသာနေလိုက်တော့။" ဖန်ကျန်းရီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒီလောက်တောင် ကောင်းတာလား။" ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်လုံးများတွင် သံသယများ ရှိနေ၏။
"ဘာလို့လဲဆိုတော့ အဲဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ပိုင်နက် ဖြစ်နေလို့ပါ။ ဒါကြောင့် နန်းတော်ရဲ့ ဥပဒေတွေကို ရှောင်ကွင်းပြီး ခင်ဗျားတို့ကို သွားခွင့်ပြုနိုင်တာပါ။ ဒါက ကျုပ် ကိုယ်ပိုင်ငွေနဲ့ ခင်ဗျားကို ကူညီနေတာနော်။ အခုထိ ကျုပ်က ခင်ဗျားကို ရန်လိုနေတယ်လို့ ထင်နေသေးလား။" ဖန်ကျန်းရီက ကျယ်လောင်စွာ ပြောလိုက်သည်။
"အာ ... အင်း ... ကျေးဇူးတင်ပါတယ်။" ဘုန်းတော်ကြီး၏ မျက်နှာက အနည်းငယ် နီမြန်းသွား၏။
ဒီလူက ကောင်းတာလား၊ ဆိုးတာလားဆိုတာ သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး အခုတော့ လုံးဝ သေချာမသိတော့ပေ။
"ဒါပေမဲ့ ခင်ဗျား ပြောသလို တောက်ယွမ်ခရိုင်က အရမ်းကောင်းတယ်ဆိုရင်တောင် ကျုပ်တို့က အလုပ်လုပ်ပြီး ဘယ်တော့မှ ပိုက်ဆံ စုမိမှာလဲ။ အဲဒီက မြေဈေးက သေချာပေါက် အရမ်းကြီးမှာပဲ။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အိုက်ယား ... မဟုတ်ပါဘူး။ တောက်ယွမ်ခရိုင်က အပြင်နဲ့ ယှဉ်ရင် ပစ္စည်းတွေက အရည်အသွေးကောင်းပြီး ဈေးပေါတယ်။ အပြင်မှာ ရွှေတစ်ထောင်နဲ့တောင် ဝယ်လို့မရတဲ့ လက်ဖက်ခြောက်တွေက ကျုပ်တို့ ခရိုင်ထဲမှာတော့ ဈေးပေါလွန်းလို့ သေမတတ်ပါပဲ။ မြေဈေးကတော့ နည်းနည်း ကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ နေထိုင်စားသောက်မှု အပိုင်းမှာတော့ ခင်ဗျားတို့ လုံးဝ ပူစရာ မလိုပါဘူး။ ဒါနဲ့ နေပါအုံး ... ခင်ဗျားတို့ ဖေးခါမှာ ကြေးပြားတွေ သုံးလား။"
"သုံးပါတယ်။ ဘာလို့ ဒီလို မေးတာလဲ။" ဘုန်းတော်ကြီးဆော်ဂျာက သံသယဖြစ်စွာဖြင့် မေးလိုက်၏။
"ဒါဆိုရင် အဆင်ပြေပြီ။ ကျုပ် ရဲရဲဝံ့ဝံ့ ပြောရဲတယ်။ တောက်ယွမ်ခရိုင်မှာ တစ်လကို ကြေးပြား နှစ်ထောင် ရတာက အနောက်တိုင်းမှာ တစ်လကို ငွေပြား သုံးထောင် ရတာထက် အများကြီး ပိုပြီး ပျော်ရွှင်ဖို့ ကောင်းတယ်။ ဒီလိုဆိုရင် ခင်ဗျားတို့မှာ အခက်အခဲ ရှိနိုင်အုံးမလား။"
အပိုင်း (၈၇၈) အောင်မြင်စွာ နားချနိုင်ခြင်း။
ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်နှာပေါ်တွင် တွေဝေမှုများ အထင်းသား ပေါ်လွင်နေ၏။ သူတို့ သာသနာပြုအဖွဲ့သည် ယဉ်ကျေးမှုချင်းနီးစပ်သော ဖေးခါနိုင်ငံ ပတ်ဝန်းကျင်တွင်သာ ကျင်လည်ခဲ့ဖူးရာ ယခုကဲ့သို့ လုံးဝ စိမ်းသက်နေသော တာ့ကျင်းမြေတွင် သာသနာပြုရန်မှာ မလွယ်ကူလှပေ။
သို့ပေမည့် ဤခက်ခဲသောတာဝန်ကို အောင်မြင်ခဲ့လျှင် အသင်းတော်တွင် သူ၏ရာထူးများစွာ မြင့်တက်လာမည်ကို တွေးမိကာ လောဘစိတ်လေးကလည်း ကိန်းအောင်းလာပြန်သည်။ ထို့ကြောင့် တောက်ယွမ်ခရိုင်သို့ သွားရောက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ဖန်ကျန်းရီက ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ သန်ဘက်ခါတွင် တောက်ယွမ်ခရိုင်သို့ ကိုယ်တိုင် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ သို့သော်ငြား မသွားမီ သူတို့အဖွဲ့သားအားလုံး ရေကန်တွင် ရေချိုးသန့်စင်ရန်နှင့် သူပြင်ဆင်ပေးမည့် အဝတ်အစားသစ်များကို ဝတ်ဆင်ရန် တင်းကြပ်စွာ အမိန့်ပေးခဲ့၏။
အကြောင်းမှာ ထိုသူတို့ထံမှ ထွက်ပေါ်နေသော အနံ့အသက်များကို ဖန်ကျန်းရီ လုံးဝ သည်းမခံနိုင်တော့၍ ဖြစ်သည်။
အဝတ်အစားဆိုသည့် စကားသံကြားသည်နှင့် ဖန်ကျန်းရီ၏ ဉာဏ်နီဉာဏ်နက်များက လျှပ်တစ်ပြက် အလုပ်လုပ်သွား၏။ စားပွဲပေါ်ရှိ လက်ဖက်ရည်ကို လက်ချောင်းဖြင့်တို့ကာ အနောက်တိုင်းသားများပင် မမြင်ဖူးသေးသော ခပ်ဆန်းဆန်း ဝတ်စုံဒီဇိုင်းတစ်ခုကို ရေးဆွဲလိုက်၏။
နောက်တစ်နေ့ အထည်ချုပ်စက်ရုံတွင် ထိုဝတ်စုံကို ကိုယ်တိုင် ဝတ်ဆင်ပြလိုက်သောအခါ အိမ်ရှေ့စံ လီယွမ်ကျောက်မှာ ကြက်သေ, သေသွားတော့သည်။ ကြည့်ရသည်မှာ ထူးဆန်းနေသော်လည်း အလွန်သပ်ရပ်ပြီး လန်းဆန်းသော အသွင်ကို ဆောင်နေသည် မဟုတ်ပါလား။
ဖန်ကျန်းရီက ထိုဝတ်စုံကို အရှေ့တိုင်းဝတ်စုံ ဟု အမည်ပေးလိုက်ပြီး နိုင်ငံခြားသားများအားလုံးကို ဝတ်ဆင်ခိုင်းကာ နောင်တစ်ချိန်တွင် အနောက်နိုင်ငံများသို့ ပြန်လည်တင်ပို့၍ ကမ္ဘာ့ဖက်ရှင်လောက၏ နတ်ဘုရားတစ်ပါး အဖြစ် ငွေကြေးအမြောက်အမြား ရှာဖွေရန် ကြီးမားလှသော ရည်မှန်းချက်များကို စိတ်ကူးယဉ် နေတော့သည်။ အမှန်တကယ်လည်း နောင်နှစ်ပေါင်းများစွာအကြာတွင် ထိုအရှေ့တိုင်းဝတ်စုံသည် အနောက်တိုင်း အထက်တန်းလွှာတို့၏ အဆင့်အတန်းပြယုဂ်တစ်ခုအဖြစ် ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြားသွားခဲ့သည်။
အချိန်များကူးပြောင်းသွားပြီးနောက် ဖန်ကျန်းရီသည် လိုင်ကော်အာ၊ လုဖာနှင့် ဘုန်းတော်ကြီးဆော်ဂျာတို့အဖွဲ့ကို ခေါ်ဆောင်ကာ တောက်ယွမ်ခရိုင်သို့ မြင်းလှည်းဖြင့် ထွက်ခွာလာခဲ့၏။
လမ်းခရီးတွင် လိုင်ကော်အာက သူ၏အချစ်ဟောင်း ရှင်းကျူကို မေ့ပစ်လိုက်ပြီဖြစ်ကြောင်းနှင့် ကျယ်ဝန်းလှသော ကမ္ဘာကြီးကို ပိုမိုလေ့လာစူးစမ်းလိုစိတ်များ ပြည့်နှက်နေကြောင်း ရင့်ကျက်တည်ငြိမ်စွာ ပြောဆိုလာသည်။
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီက အလွန်သဘောကျသွားပြီး လိုင်ကော်အာနှင့် လုဖာတို့ကို အရေးကြီးသော တာဝန်တစ်ခု ပေးအပ်လိုက်သည်။ ၎င်းမှာ နိုင်ငံခြားသားများ တာ့ကျင်းဘာသာစကား သင်ယူနိုင်ရန် ပြဋ္ဌာန်းစာအုပ်တစ်ခု ပြုစုပေးရန်နှင့် နောင်တစ်ချိန် အနောက်နိုင်ငံများသို့ ထိုးဖောက ဝင်ရောက်မည့် အင်အားစုများ မွေးထုတ်ရန်ပင် ဖြစ်သည်။
သို့ပေမည့် ထိုစာအုပ်နောက်ကွယ်တွင် ဖန်ကျန်းရီ၏ အလွန်ကောက်ကျစ်သော အကြံအစည်များ ပုန်းကွယ်နေသည်ကိုမူ မည်သူမျှ မရိပ်မိခဲ့ကြပေ။
ယာဉ်တန်းကြီးသည် တောက်ယွမ်ခရိုင်မြို့ရိုးအောက်သို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာ၏။ မြို့တံခါးဝတွင် အသင့်စောင့်ကြိုနေသော အောက်ချန်သည် နှာခေါင်းချွန်ချွန် မျက်လုံးနက်နက်နှင့် နိုင်ငံခြားသား ရာနှင့်ချီ၍ ပေါ်လာသည်ကို မြင်သောအခါ အတော်လေး လန့်သွားခဲ့၏။
နိုင်ငံခြားသားများ သာသနာပြုမည့်ကိစ္စနှင့် ပတ်သက်၍ အောက်ချန်က စိုးရိမ်တကြီး မေးမြန်းလာရာ ဖန်ကျန်းရီက လူသူကင်းမဲ့သော နေရာတစ်ခုသို့ ခေါ်သွားပြီး သူ၏ အံမခန်း ရက်စက်လှသော အစီအစဉ်များကို တစ်ခုချင်း ချပြလေတော့သည်။
ဖန်ကျန်းရီက အေးစက်သော အပြုံးဖြင့် ရှင်းပြ၏။ နိုင်ငံခြားသားများကို လုပ်အားခနည်းပါးသော အလုပ်ကြမ်းများသာပေးပြီး ခရိုင်ရုံးက တစ်ဝက်တိတိ ဖြတ်ယူရမည်။ သူတို့ ပိုက်ဆံမစုမိအောင်နှင့် ဘုရားကျောင်း မဆောက်နိုင်အောင် အမှတ်ပေးစနစ်များဖြင့် တင်းကြပ်စွာ ချုပ်ကိုင်ထားရမည်။ အတင်းအကျပ် ဆောက်ချင်ပါကလည်း အိမ်သာထက်ပင် သေးငယ်သော စွန့်ပစ်မြေစောင့်နတ်ကွန်းပျက်ကိုသာ နေရာချပေးရန် အမိန့်ပေးလိုက်သည်။
ထို့အပြင် ဘာသာစကား သင်ပေးရာတွင် ခမည်းတော် ဆိုသည့်စကားလုံးကို နန်းတော် သို့မဟုတ် အရှင်မင်းကြီး ဟု တမင်လွဲမှားစွာ သင်ပေးမည်ဖြစ်ကြောင်း ပြောလိုက်ရာ အောက်ချန်မှာ အံ့ဩမှင်သက်သွားရသည်။ သို့မှသာ သူတို့ သာသနာပြုသောအခါ ဒေသခံများက သူတို့ကို စိတ်ကစဉ့်ကလျား အရူးများဟု ထင်မှတ်သွားစေမည်။ ထိုက်ဖူဘာသာမှ ထွက်မည့်သူများကို ငွေကြေးနှင့် ခံစားခွင့်များ ပြန်ပေးကာ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် လက်မှတ်ရေးထိုးခိုင်းပြီး နောင်တစ်ချိန် ဖေးခါသို့ ပြန်၍မရအောင် နောက်ဆုတ်လမ်းကို အပြီးတိုင် ဖြတ်တောက်မည်ဟုလည်း ဆို၏။
အကယ်၍ ဒေသခံများ ဘာသာဝင်ချင်လာပါက လမ်းဘေးလူမိုက်များကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အသင်းတော်ဝင်များကို ခရိုင်ရုံးက အလုပ်မခန့် ခံစားခွင့်များ ရုပ်သိမ်းမည် ဟု လူသိရှင်ကြား ကြေညာမည်။
ထို့နောက် ကျောင်းများနှင့် သတင်းစာများကို အသုံးပြု၍ စာမကြိုးစားသော လူညံ့များသာ ထိုဘာသာထဲဝင်သည် ဟု ဝါဒဖြန့်ကာ ထိုက်ဖူဘာသာထဲဝင်ခြင်းသည် အလွန်ရှက်ရွံ့ဖွယ်ကောင်းသော ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပြည်သူများကြားတွင် အမြစ်တွယ်သွားစေရန် ပြုလုပ်မည်ဟု သူ၏ မဟာဗျူဟာကို အဆုံးသတ်လိုက်သည်။
ဤကဲ့သို့ ဘက်ပေါင်းစုံမှ ချုပ်ကိုင်လှည့်စားမည့် ဖန်ကျန်းရီ၏ ကြောက်မက်ဖွယ် ဉာဏ်နီဉာဏ်နက်များကို ကြားနာရပြီးနောက် အောက်ချန်တစ်ယောက် နဖူးမှချွေးများကို သုတ်ကာ တိတ်တဆိတ် ထိတ်လန့် သွားမိ၏။ သာသနာပြုရန် စိတ်အားထက်သန်စွာ ရောက်ရှိလာကြသော ထိုနိုင်ငံခြားသားများမှာ အမှန်တကယ်ပင် နွားပေါက်စလေးများ ကျားကိုမကြောက်သကဲ့သို့ ဖြစ်နေကြောင်းကို သူ အသေအချာ နားလည် သဘောပေါက်သွားလေတော့၏။
‘သခင်လေးနဲ့ ဘက်ပြိုင်ပြီး သာသနာပြုချင်နေသေးတယ်။ ဒီကောင်တွေ တော်တော် ကံဆိုးတာပဲ။’
အောက်ချန်ကို အတိုချုပ် မှာကြားပြီးနောက် ဖန်ကျန်းရီသည် ဘုန်းတော်ကြီးဆော်ဂျာနှင့် စိတ်ပါလက်ပါ ဆွေးနွေးနေကြသည့် နိုင်ငံခြားသားများထံသို့ လျှောက်သွားလိုက်သည်။
ကျယ်လောင်စွာ မေးလိုက်သည်။ "ဘုန်းတော်ကြီး ... ဒီခရီးစဉ်တစ်လျှောက် ဘယ်လို ခံစားရလဲ။"
လမ်းတစ်လျှောက် မြင်းလှည်းဖြင့် လာခဲ့ရသဖြင့် ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းများကို သဘာဝကျကျ အားလုံး ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ညီညာပြန့်ပြူးသော လမ်းများ၊ လှပခမ်းနားစွာ တည်ဆောက်ထားသော တောက်ယွမ်မြို့သစ်ကြီး စသည်တို့ကို အားလုံး မျက်စိရှေ့တွင် မြင်တွေ့ခဲ့ရ၏။
ဘုန်းတော်ကြီးဆော်ဂျာက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "အခုတော့ အမတ်ကြီးဖန်ရဲ့ စကားတွေကို ကျုပ် ယုံပါပြီ။ ဒီနေရာက တကယ်ကို နေရာကောင်း တစ်ခုပဲ။"
မူလက လာစဉ်အတွင်း စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေခဲ့သော်လည်း လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည့် အရာများက ဖန်ကျန်းရီ၏ စကားများ လုံးဝ အလိမ်အညာ မဟုတ်ကြောင်း သက်သေပြနေပြီဖြစ်သည်။
ဒီလို လမ်းမျိုး၊ ဒီလို ပတ်ဝန်းကျင်မျိုးက ဖေးခါရဲ့ သာမန်ပြည်သူတွေ ကြားထဲမှာ လုံးဝ မရှိဘူး။ မြို့ပြင်က သေသပ်လှပတဲ့ အိမ်လေးတွေဆိုရင် ပိုပြီးတော့တောင် မရှိနိုင်ဘူး။
ဒီလို အဆောက်အအုံမျိုးက ဖေးခါမှာဆိုရင် သူဌေးကြီးတွေရဲ့ အိမ်တွေမှပဲ ဒီလောက် ယှဉ်နိုင်မှာ။
ဖန်ကျန်းရီက ဖွဖွလေး ပြုံးလိုက်ပြီး လက်ဆန့်ကာ ဖိတ်ခေါ်သည့် အမူအရာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် အခု ကျုပ်နဲ့အတူ မြို့ထဲကို ဝင်ပြီး ကြည့်ကြတာပေါ့။ ဒါပေမဲ့ ခင်ဗျားရဲ့ လူတွေကို ဟိုဒီ လျှောက်မသွားဖို့ သေချာ ထိန်းချုပ်ထားပါ။ ကျုပ်တို့ တောက်ယွမ်ခရိုင်က ပြည်သူတွေက ခင်ဗျားတို့လို ပြင်ပလူတွေကို တစ်ခါမှ မမြင်ဖူးလို့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင်ပါ။"
ဘုန်းတော်ကြီးဆော်ဂျာသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏နောက်ရှိ သာသနာပြုများဘက်သို့ လှည့်ကာ နားမလည်သော စကားများဖြင့် အများကြီး အော်ဟစ်လိုက်သည်။ ပြီးနောက် ဖန်ကျန်းရီဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။ "အမတ်ကြီးဖန် ... စိတ်ချပါ။ သူတို့အားလုံးက ရိုသေကိုင်းရှိုင်းတဲ့ ဘာသာဝင်တွေပါ။ ဒီနေရာက စည်းမျဉ်းတွေကို လုံးဝ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။"
"ကောင်းပြီ။ သွားကြစို့။"
နိုင်ငံခြားသား အမြောက်အမြားသည် မြို့စောင့်တပ်သားများ၏ သတိဝီရိယရှိသော အကြည့်များအောက်တွင် တန်းစီ၍ မြို့ထဲသို့ ဝင်ရောက်သွားကြ၏။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ဘုန်းတော်ကြီးဆော်ဂျာသည် ရုတ်တရက် မျက်စိပွင့်သွားသလို ခံစားလိုက်ရသည်။
ကျယ်ဝန်းသန့်ရှင်းသော လမ်းမကြီးများက အခြားပုံစံတစ်မျိုး ဖြစ်နေပြီး လမ်းမပေါ်တွင် လူများ ပြည့်နှက်နေကာ လူနေမှုဘဝ အငွေ့အသက်များက အပြည့်အဝ ရှိနေ၏။
သူ၏နောက်ရှိ သာသနာပြုများကလည်း မနေနိုင်ဘဲ တိုးတိုးလေး အံ့သြသံများ ထွက်ပေါ်လာသည်။ ပြီးနောက် ထပ်မံ၍ တီးတိုး ဆွေးနွေးမှုများ စတင်လာကြသည်။
သို့သော်ငြား ဤလူအုပ်ကြီးက တောက်ယွမ်ခရိုင် ပြည်သူများ၏ အာရုံစိုက်မှုကို အလျင်အမြန်ပင် ဆွဲဆောင်သွားခဲ့ပြီး လူတစ်ချို့က နားလည်မှုရှိစွာဖြင့် ခြေလှမ်းများရွှေ့ကာ လူတံတိုင်းကြီးသဖွယ် ဝိုင်းရံလိုက်ကြ၏။
နှာခေါင်းချွန်ချွန် မျက်လုံးနက်နက်နှင့် ဤနိုင်ငံခြားသားများက လူအတော်များများကို လန့်သွားစေခဲ့သည်မှာ သေချာလှသည်။ မြို့တံခါးအောက်ရှိ အချိန်နှင့် နေရာက တစ်ခဏတာမျှ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။
လူအုပ်ကြီးသည် သတိထားမှုများဖြင့် ဘုန်းတော်ကြီးဆော်ဂျာနှင့် အဖွဲ့ကို စိုက်ကြည့်နေကြသည်။
သာသနာပြုအဖွဲ့မှ လူများကလည်း စိုးရိမ်လာကြပြီး ဆက်လက် မဆွေးနွေးရဲတော့ဘဲ နှစ်ဖက်စလုံး အပြန်အလှန် စိုက်ကြည့်နေကြ၏။
ဖန်ကျန်းရီသည် လူအုပ်ထဲမှ ထွက်လာကာ ဘုန်းတော်ကြီးဆော်ဂျာ၏ ဘေးတွင် ရပ်လိုက်သောအခါ တစ်ဖက်မှ တောက်ယွမ်ပြည်သူများ၏ မျက်နှာများက ချက်ချင်း ပြေလျော့သွားကြသည်။
သခင်လေး အဲဒီမှာ ရှိနေမှတော့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ဘူး။ သူ့ရဲ့ ဧည့်သည်တွေလည်း ဖြစ်နိုင်တာပဲ။
ဖန်ကျန်းရီက သံသယအပြည့်ရှိသော အကြည့်များ သူ့အပေါ် ကျရောက်လာသည်ကို မြင်သောအခါ လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "အားလုံးပဲ မလန့်ကြပါနဲ့။ ကျုပ်က တောက်ယွမ်ခရိုင်ကို နိုင်ငံခြားသားတွေကို လေ့လာဖို့ ခေါ်လာတာပါ။ ခင်ဗျားတို့ အလုပ် ခင်ဗျားတို့ လုပ်ကြပါ။ ကိစ္စမရှိရင် လူစုခွဲလိုက်ကြတော့။ ဟိုဒီ လျှောက်မကြည့်ကြနဲ့။"
ဖန်ကျန်းရီအပေါ် ပြင်းထန်သော ယုံကြည်မှုကြောင့် လူအုပ်ကြီးသည် တဖြည်းဖြည်း ကွဲလွင့်သွားသော်လည်း တစ်ချို့လူများကတော့ နံရံထောင့်များသို့ သွားကာ တိတ်တဆိတ် အကဲခတ်နေကြဆဲပင်။
ဖန်ကျန်းရီက လှည့်ကာ ပြုံးလိုက်သည်။ "ခင်ဗျားတို့ အခုမှ စရောက်တော့ အားလုံးက နည်းနည်း စိမ်းနေကြလို့ပါ။ နောက်ပိုင်း ခင်ဗျားတို့ ဒီမှာ အသွားအလာ များလာရင် ဒီလို အခြေအနေမျိုး သေချာပေါက် မရှိတော့ပါဘူး။"
ဘုန်းတော်ကြီးဆော်ဂျာက ခေါင်းညိတ်လိုက်၏။ "ကျေးဇူးတင်ပါတယ် အမတ်ကြီး။ ဒီအချက်ကို ကျုပ် နားလည်နိုင်ပါတယ်။"
မည်သို့ပင်ဆိုစေကာမူ ဖေးခါနှင့် မတူညီသည်မှာ ယဉ်ကျေးမှုကို မဆိုထားနှင့် ရုပ်ရည်ကွာခြားမှုကပင် အရမ်းကြီးမားလွန်းလှသည်။ ကိုယ်ချင်းစာကြည့်လျှင် ဖေးခါကိုသာ ရုတ်တရက် အရှေ့တိုင်းသား ဒီလောက်များများ ရောက်လာမည်ဆိုပါက သူတို့လည်း သတိထားကြမည်မှာ သေချာသည်။
ဖန်ကျန်းရီသည် လူများကို ဦးဆောင်ကာ ဆက်လက် လျှောက်သွားလိုက်၏။
ဝိုင်းအုံကြည့်ရှုနေသော ပြည်သူများမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ဖန်ကျန်းရီ ဦးဆောင်နေသည်ကို မြင်သောကြောင့် ပြင်းထန်သည့် တုံ့ပြန်မှုများ မလုပ်ကြတော့ပေ။
သာသနာပြုအဖွဲ့မှ လူများမှာမူ လျှောက်ရင်း ကြည့်ရင်းဖြင့် သွားနေကြသည်။
သူတို့သည် တာ့ကျင်းသို့ ဝင်ရောက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ကျန်းလင်ဆိပ်ကမ်းမှ မြို့တော်အထိ အပေါ်ယံမျှသာ ကြည့်ခွင့်ရခဲ့ပြီး သိပ်မကြာခင်မှာပင် ဝေးလံခေါင်သီသော အိမ်ငယ်လေးထဲသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရ၏။
ယခုအခါ မြို့ကြီးထဲသို့ ဝင်ရောက်လာမှသာ တာ့ကျင်း၏ ရှုခင်းတစ်စိတ်တစ်ပိုင်းကို အပြည့်အဝ မြင်တွေ့ရသည်။
ထူးဆန်းသော ဗိသုကာပုံစံများ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်၊ အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းများ။
ဤအရာအားလုံးက ဘုန်းတော်ကြီးဆော်ဂျာ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။
ကောင်းလိုက်တာ။ ဒါက သေချာပေါက် အရမ်းကောင်းတဲ့ မြို့တစ်မြို့ပဲ။ သူ နိုင်ငံသုံးနိုင်ငံမှာ သာဿနာပြုဖူးပေမဲ့ အဲဒီနေရာတိုင်းက ဆင်းရဲပြီး နောက်ကျကျန်နေတဲ့ နေရာတွေချည်းပဲ။
မိုးရာသီရောက်တိုင်း ရွှံ့ဗွက်တွေ ထနေပြီး လမ်းပေါ်မှာ အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်ထားလို့ လေထုထဲမှာ အမြဲတမ်း အော့အန်ချင်စရာ အနံ့တွေ ပြည့်နှက်နေတတ်တယ်။
ပြည်သူတွေကရော။ ပြည်သူတွေလို့တောင် ခေါ်လို့မရလောက်ဘူး။ အားလုံးက တောသူတောင်သားတွေနဲ့ လယ်ကျွန်တွေချည်းပဲ။ တစ်ကိုယ်လုံး ညစ်ပတ်နေပြီး အဝတ်အစားတွေဆိုရင် ချေးတွေထပ်ပြီး မာခဲနေသလို ကပ်ပါးကောင်တွေ အများကြီး ရှိတယ်။ ပြီးတော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ဖုံးကွယ်လို့မရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတယ်။
ဒီနေရာကတော့ လုံးဝ ကွာခြားတယ်။
လမ်းတွေဆိုရင် ပြောစရာတောင် မလိုဘူး။ သာမန်လူတွေရဲ့ ဝတ်စားဆင်ယင်မှုက အတော်လေး သန့်ရှင်းတယ်ဆိုတာ မြင်နိုင်တယ်။
လေထုထဲမှာ အော့အန်ချင်စရာ အနံ့တွေ မရှိတဲ့အပြင် လမ်းဘေးက ဈေးဆိုင်လေးတွေကြောင့် ထူးဆန်းတဲ့ ရနံ့သင်းသင်းလေးတစ်ခုတောင် ရှိနေသေးတယ်။
ဒီလို အနံ့မျိုးကို သူ တစ်ခါမှ မရဖူးသေးဘူး။
အဲဒီလူတွေ လုပ်နေတဲ့ အစားအသောက် အနံ့တွေများလား။
ဒါပေမဲ့ တာ့ကျင်းကို ရောက်တည်းက တစ်ခါမှ အစားကောင်း အသောက်ကောင်း မစားဖူးဘူးလေ။ ရေလုံပြုတ်တွေချည်းပဲ စားခဲ့ရလို့ အခုဆို ဟင်းအနံ့ရတာနဲ့တောင် အော့အန်ချင်နေပြီ။
တာ့ကျင်းလူမျိုးတွေရဲ့ အစားအသောက်အပေါ် လိုလားမှုက လယ်ကျွန်တွေနဲ့ သိပ်မကွာဘူးလို့ သူ အကြိမ်ကြိမ် သံသယဝင်ခဲ့ဖူးတယ်။
ဒါပေမဲ့ ဒီအနံ့က နည်းနည်း ထူးခြားနေသလိုပဲ ...
ဘုန်းတော်ကြီးဆော်ဂျာ၏ အကြည့်များက လမ်းဘေးရှိ ဈေးဆိုင်လေးတစ်ခုဆီသို့ ရောက်သွား၏။ ဈေးဆိုင်လေးတွင် ပေါက်စီများ ပေါင်းနေပြီး ဟင်းချိုများ ချက်ပြုတ်နေကာ ရေနွေးငွေ့များ ဖြည်းညင်းစွာ တက်နေသည်။
သူ မနေနိုင်ဘဲ တံတွေး တစ်ချက် မြိုချလိုက်မိ၏။
"အမတ်ကြီးဖန် ... အဲဒါက ဘာလဲ။"
ဖန်ကျန်းရီက ခေါင်းစောင်း၍ တစ်ချက် ကြည့်လိုက်သည်။ "အို ... အဲဒါက ပေါက်စီလေ။ ခင်ဗျားတို့ မစားဖူးဘူးလား။"
ဘုန်းတော်ကြီးက ခေါင်းယမ်းလိုက်၏။ "မစားဖူးဘူး။ ကျုပ်တို့ အရင်တုန်းက နေတဲ့နေရာမှာ စားခဲ့ရတာက ပြုတ်ထားတဲ့ ဟင်းရွက်တွေရယ်၊ မန်ထိုလို့ခေါ်တဲ့ မုန့်တစ်မျိုးရယ်ပဲ ရှိတယ်။ ပေါင်မုန့်တောင် မရှိဘူး။"
သာသနာပြုအများစု၏ အကြည့်များက ဈေးဆိုင်လေးများပေါ်သို့ အဓိက ရောက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း ... လမ်းမှာ ဒီလောက် အချိန်ကြာခဲ့တော့ ခင်ဗျားတို့လည်း ဆာနေလောက်ပြီ။ ဒါဆိုရင် ကျုပ်က ခင်ဗျားတို့ကို ထမင်းအရင် သွားကျွေးမယ်။ ဗိုက်ဝသွားမှ ဖြည်းဖြည်းချင်း လျှောက်ကြည့်ကြတာပေါ့။"
ဘုန်းတော်ကြီးဆော်ဂျာသည် နှုတ်ခမ်းကို သပ်လိုက်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "အမတ်ကြီးဖန် ... ကျုပ်တို့မှာ ပိုက်ဆံ မရှိသေးဘူး။"
"ကိစ္စမရှိပါဘူး။ ဒီတစ်ခါတော့ ကျုပ်က အရင် ကျွေးလိုက်ပါ့မယ်။ အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြ။"