← Chapters

အခန်း (၈၉၉-၉၀၀)

Vol. 47 Ch. 899-900

အခန်း (၈၉၉-၉၀၀)

Vol. 47 Ch. 899-900

အပိုင်း (၈၉၉) ဆေးတံသောက်သူ။

စားသောက်ဆိုင်သို့ သွားရာလမ်းတွင် သာသနာပြုအဖွဲ့သည် ဆက်လက် အကဲခတ်နေကြပြီး ဘုန်းတော်ကြီးဆော်ဂျာက ရုတ်တရက် မေးလိုက်သည်။ "အမတ်ကြီးဖန် ... ဒီက လမ်းတွေက အရမ်းကောင်းတယ်ဆိုတာ ကျုပ် တွေ့ရတယ်။ ဒါပေမဲ့ ဘာလို့ လမ်းဘေးမှာ သစ်ပင်တွေ အများကြီး စိုက်ထားရတာလဲ။ နေရာမယူဘူးလား။"

"လှလို့လေ။"

"လှလို့သတ်သတ်ပဲလား။"

"ဟုတ်တယ်။ အလှတရားကလည်း ကုန်ထုတ်စွမ်းအားပဲလေ။ ကျုပ်တို့ တာ့ကျင်းက အရာရာကို သဘာဝတရားအတိုင်းပဲ သွားတယ်။ ဒီမြို့ရဲ့ ရှုခင်းတွေကလည်း သဘာဝတရားအတိုင်းပဲ။ ခင်ဗျား အရမ်းလှတယ် လို့ မထင်ဘူးလား။"

"အာ ... တကယ်ကို လှပါတယ်။ ဒါဆို အပြာရောင် အရုပ်လေးနဲ့ ပန်းရောင် အရုပ်လေး ဆွဲထားတဲ့ အဆောက်အအုံတွေကကော ဘာလုပ်တာလဲ။"

"အဲဒါ အိမ်သာလေ ... "

ဘုန်းတော်ကြီးဆော်ဂျာ၏ စိတ်ထဲတွင် ဝမ်းသာသလို ၊ ဝမ်းနည်းသလို ခံစားလိုက်ရ၏။ အိမ်သာကိုတောင် ဒီလောက် လှပအောင် ဆောက်ထားတာလား။ ဖေးခါမှာ ဒီလိုနေရာမျိုး မရှိဘူး။ အိမ်သာတက်ဖို့ သီးသန့်လမ်းတွေပဲ ရှိတာ ...

လမ်းတစ်လျှောက် စကားပြောရင်းနှင့် မကြာခင်မှာပဲ စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိသွား၏။

ဖန်ကျန်းရီက စီစဉ်ပေးလိုက်သည်။ "လုဖာ ... အထဲကို အရင်ဝင်ပြီး နေရာ လောက်၊ မလောက် သွားကြည့်။ ပြီးရင် တစ်ဝိုင်းကို ဆယ်ယောက်စီ အတူတူ ထိုင်ခိုင်းလိုက်။ တကယ်လို့ နေရာမလောက်ရင် စားပွဲတချို့ကို ရှင်းခိုင်းလိုက်။ အားလုံး ကျုပ်စာရင်းထဲ ထည့်ထားလိုက်။ တခြားလူတွေ လန့်သွားမှာစိုးလို့ ကျုပ်တို့ အခု ဒီမှာပဲ စောင့်နေမယ်။"

လုဖာက ဟုတ်ကဲ့ဟု ဖြေပြီးနောက် စားသောက်ဆိုင်အတွင်းသို့ ဝင်သွား၏။

အချိန်သိပ်မကြာလိုက်ဘဲ နေရာများကို စီစဉ်ပြီးနောက် သာသနာပြုအဖွဲ့ကို အတွင်းသို့ ခေါ်ဆောင်သွားသည်။

ဖန်ကျန်းရီ ဝင်ရန် ပြင်လိုက်စဉ် လိုင်ကော်အာက ရုတ်တရက် ပြောလိုက်၏။ "အစ်ကိုကြီး ... အစ်ကိုကြီးတို့ အရင် သွားနှင့်ပါ။ ကျုပ် နောက်မှ လိုက်လာခဲ့မယ်။"

ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်သည်။ "မင်းမှာ ကိစ္စရှိလို့လား။"

လိုင်ကော်အာက ရယ်ကျဲကျဲဖြင့် ပြုံးလိုက်ပြီး ရင်ဘတ်ထဲမှ တစ်ခုခုကို ထုတ်ယူလိုက်၏။ "ကျုပ်ဆီမှာ ပစ္စည်းကောင်းလေး တစ်ခု ရှိတယ်။ အရသာခံပြီးမှ အထဲဝင်လာခဲ့မယ်။"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်ကျန်းရီ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။ "ဒါ ... ဒါက။"

လိုင်ကော်အာသည် ဖန်ကျန်းရီ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လက်ထဲရှိ ပစ္စည်းကို မြှောက်ပြလျက် ပြောလိုက်၏။ "အစ်ကိုကြီး ... ဒီအရာကို အစ်ကိုကြီး မြင်ဖူးလို့လား။"

ဖန်ကျန်းရီသည် စကားမပြောဘဲ လိုင်ကော်အာ၏ လက်ထဲမှ ပစ္စည်းကို အမြန်ဆွဲယူလိုက်ကာ နှာခေါင်းဝတွင် တေ့၍ အနံ့ခံကြည့်လိုက်သည်။

ဆေးတံ။ သူသိထားသည့် ပုံမှန် ဆေးတံများနှင့် ပုံစံမတူသော်လည်း ဤအရာက မေဘေး ... သေချာပေါက် ဆေးတံပဲ။

အပေါ်တွင် ဆေးရွက်ကြီး အနံ့တွေ ရနေပြီး အထဲမှာ ဆေးရွက်ကြီးတွေတောင် ပါနေသေး၏။

ဖန်ကျန်းရီက တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။ "ဒီအရာကို မင်း ဘယ်က ရလာတာလဲ။"

လိုင်ကော်အာက ဖြေလိုက်၏။ "ဒါကို တန်းပါးကူ လို့ ခေါ်တယ်။ ဟုန်လုဧည့်ရိပ်သာမှာ တောင်ပိုင်းသမုဒ္ဒရာက လူတွေ အမြဲသောက်နေတာကို တွေ့လို့လေ။ အစပိုင်းတုန်းကတော့ အနံ့မကောင်းဘူးလို့ ထင်ပေမဲ့ နောက်တော့ နှစ်ခါလောက် စမ်းကြည့်လိုက်တော့ နည်းနည်း သဘောကျလာတယ်။ ဒါပေမဲ့ မီးရှို့လိုက်ရင် နေရာတိုင်းမှာ အနံ့ဆိုးတွေ ထွက်လာလို့ လူတွေကို ရှောင်ပြီး သောက်ရတယ် ... "

"အစ်ကိုကြီး ... ဒါက ပစ္စည်းကောင်းဗျ။ သောက်ပြီးသွားရင် လူကို လေထဲ လွင့်နေသလို ခံစားရစေတယ်။ အရမ်းကို လန်းဆန်းသွားတယ်။"

ဖန်ကျန်းရီသည် မျက်နှာကို တင်းမာထားပြီး စကားမပြောသည်ကို မြင်သောအခါ လိုင်ကော်အာက အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်၏။ "အစ်ကိုကြီး ... ဒါက ဘာပြဿနာ ရှိလို့လဲ။"

"လေထဲ လွင့်နေသလို ဖြစ်ရမယ် ... ဒါ မင်း စွဲလမ်းသွားပြီး အဆိပ်သင့်နေတာ။ ငါ အရင်က ဒီအရာကို မြင်ဖူးတယ်။ ဒါက ပြင်းထန်တဲ့ အဆိပ်ပဲ။ သောက်ပြီးရင် အဆုတ်တွေ အမည်းရောင် ပြောင်းသွားလိမ့်မယ်။"

ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်သည်။ "အစပိုင်းမှာ မင်းက ကောင်းတယ်လို့ ထင်ရပေမဲ့ နောက်ပိုင်းကျရင် ဒီအရာကို မခွဲနိုင်တော့ဘူး။ မင်းကို တဖြည်းဖြည်း စွဲလမ်းလာစေပြီး သောက်လေလေ ခန္ဓာကိုယ်ကို ပိုထိခိုက်လေလေပဲ။ ပြီးတော့ ကလေးမရနိုင်အောင်တောင် ဖြစ်သွားနိုင်တယ်။ အဆိုးဆုံးကတော့ သေတဲ့အထိတောင် ဖြစ်နိုင်တယ်။"

လိုင်ကော်အာသည် လန့်ဖြတ်ပြီး ခုန်ပေါက်သွားကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "တကယ်လား။ ကျုပ်က ပစ္စည်းကောင်းလို့ ထင်နေတာ။ သောက်ခွေး ... အဲဒီ တောင်ပိုင်းသမုဒ္ဒရာက လူတွေ တကယ် မကောင်းတဲ့ ကောင်တွေပဲ ... "

ဖန်ကျန်းရီက ခေါင်းယမ်းလိုက်သည်။ "တောင်ပိုင်းသမုဒ္ဒရာက လူတွေကလည်း ဒီအရာရဲ့ အဆိပ်ကို မသိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်း ကြောက်စရာ မလိုပါဘူး။ မင်း သောက်တဲ့ အချိန်က သိပ်မကြာသေးတော့ ပြန်ကောင်းလာနိုင်ပါသေးတယ်။ ဒီအရာကိုတော့ ငါ သိမ်းထားလိုက်ပြီ။ အချိန်ရရင် ဟုန်လုဧည့်ရိပ်သာကို သွားပြီး အဲဒီတောင်ပိုင်းသမုဒ္ဒရာက လူတွေရဲ့ ပစ္စည်းတွေ အားလုံးကို ဝယ်လိုက်ပါ။ ဒါတွေကို တာ့ကျင်း ဈေးကွက်ထဲ လုံးဝ ရောက်လာခွင့် မပေးနိုင်ဘူး။"

ဆေးလိပ်ဆိုသည်မှာ အခွန်ကောက်ရန် အကောင်းဆုံး လက်နက်တစ်ခုဖြစ်သည်။ နောက်ပိုင်းခေတ်များတွင် ဤအရာ၏ အခွန်ငွေက လူမည်မျှကို ကျွေးမွေးနိုင်သည်၊ စီးပွားရေးကို မြှင့်တင်ပေးနိုင်သည် စသဖြင့် လူများ ပြောလေ့ရှိကြသည်။

သို့ပေမည့်တွက်ခြေကို ဤသို့ တွက်၍ မရပေ။ ဆေးလိပ်ဝယ်သည့် ငွေများသာ သာမန် စားသုံးမှု ဈေးကွက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက လူ့အဖွဲ့အစည်းကို ကြီးမားစွာ အထောက်အကူ ပြုနိုင်ပြီး ပိုမိုမြင့်မားသည့် တန်ဖိုးများကို ဖန်တီးပေးနိုင်ပေမည်။

အခြားတစ်ဖက်တွင် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များမှာလည်း မရေမတွက်နိုင်အောင် များပြားလှသည်။ ဤသည်မှာ အလွန် ရှုပ်ထွေးလှသည့် တွက်ချက်မှုတစ်ခု ဖြစ်ပြီး အပေါ်ယံ မြင်ရသလောက် ရိုးရှင်းမှု မရှိချေ။

သို့သော်ငြား အချုပ်ပြောရလျှင် အကျိုးထက် အပြစ်က ပိုများမည်မှာ သေချာလှသည်။

ယခုအခါ ဤအရာက ပေါ်ထွက်လာပြီဖြစ်ရာ အနာဂတ်တွင် ဆုံးရှုံးမှုများ လျော့ကျစေရန် သတင်းစာများမှ တစ်ဆင့် ပြည်သူလူထုထံသို့ ၎င်း၏ ဆိုးကျိုးများကို စောစီးစွာ ကြေညာသင့်၏။

ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ စဉ်းစားနေစဉ် လိုင်ကော်အာက အနည်းငယ် ကြောက်ရွံ့နေဆဲဖြင့် ရင်ဘတ်ထဲမှ ဆေးတံကို ထုတ်ယူကာ ဖန်ကျန်းရီအား ကမ်းပေးလိုက်၏။ "ကျုပ် တကယ် ဘာမှမဖြစ်ပါဘူးနော် အစ်ကိုကြီး။ ကလေးမရနိုင်အောင်တော့ မဖြစ်နိုင်ဘူး မဟုတ်လား။"

ဖန်ကျန်းရီက လှမ်းယူလိုက်သည်။ "မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း မင်း လုံးဝ မထိရတော့ဘူး။ မင်း အရင်သွားပြီး ဘုန်းတော်ကြီးတို့အတွက် ဟင်းသွားမှာပေးလိုက်အုံး။"

လိုင်ကော်အာသည် စိတ်သက်သာရာ ရသွားကာ ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက သူ့ကို တားလိုက်ကာ တင်းမာသော အသံဖြင့် ပြောလိုက်၏။ "ဒါနဲ့ ... မင်းရဲ့ မီးခြစ်ကိုလည်း ငါ့ကို ပေးခဲ့။ နောက်ပိုင်း လုံးဝ မထိဖို့ သတိရပါ။ တကယ်လို့ ထိတာကို ငါသိရင် မင်း ခြေထောက် ရိုက်ချိုးပစ်မယ် ကြားလား။"

"သေရင်တောင် ဒီအရာကို မထိတော့ပါဘူး။ အစ်ကိုကြီး စိတ်ချပါ။" လိုင်ကော်အာက ပြောရင်း မီးခြစ်ကို ဖန်ကျန်းရီထံ ပေးလိုက်သည်။

ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။ "မှတ်ထားရင် ရပြီ။ ငါ အိမ်သာသွားပြီး ဒီအပင်ဆိုးကို အရင် ဖျက်ဆီးလိုက်ဦးမယ်။ ပြီးမှ လိုက်လာခဲ့မယ် ... "

...

လူသူကင်းမဲ့သော လမ်းသွယ်လေး တစ်ခုအတွင်း ရုပ်ဖျက်ထားသော လူတစ်ယောက်က ဘယ်ညာ အကဲခတ်နေ၏။

လူမရှိသည်ကို သေချာစွာ အတည်ပြုပြီးနောက် ထိုရုပ်ဖျက်ထားသော လူသည် ဆေးတံကို ထုတ်ယူကာ အားကုန် ပွတ်သပ်လိုက်ပြီးနောက် တုန်ယင်စွာဖြင့် မီးခြစ်ကို ထုတ်ယူကာ နှစ်ချက်ခန့် မှုတ်လိုက်သည်။

ဖန်ကျန်းရီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မျက်စိရှေ့ရှိ မီးပွင့်လေးများ တဖြည်းဖြည်း လင်းလက်လာသည်ကို ကြည့်နေ၏။

ဤမြင့်မြတ်ပြီး ခမ်းနားလှသော အခိုက်အတန့်တွင် သူသည် မျက်လုံးများကို မှိတ်ကာ တစ်ရှိုက် ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။

"ဟူး .. "

မီးခိုးများ မှုတ်ထုတ်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည် ရှိုက်သွင်းလိုက်၏။

"အဟွတ် ... အဟွတ် ... အဟွတ် ... သောက်ခွေး ..."

မျက်နှာ ရှုံ့မဲ့သွားလောက်အောင် အကြိမ်ကြိမ် ချောင်းဆိုးပြီးနောက် ဖန်ကျန်းရီသည် ရင်ဘတ်ထဲမှ ပြင်းထန်လှသော ပူစပ်မှုနှင့် မသက်မသာဖြစ်မှုကို အတင်းအံကြိတ်ခံကာ နောက်တစ်ရှိုက် ထပ်ရှိုက်လိုက်ပြန်သည်။

"ရှီး .. ဟူး … "

ညည်းသံလေး တစ်သံ ထွက်ပေါ်လာပြီး ဖန်ကျန်းရီ၏ ခန္ဓာကိုယ်က နှစ်ချက်ခန့် ယိမ်းယိုင်သွားကာ နံရံကို အားပြုလိုက်ရ၏။ ခေါင်းထဲတွင် မူးဝေမှုများ ကျန်ရှိနေသေးသော်လည်း မျက်နှာပေါ်တွင်တော့ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

ချီးတဲ့မှ ... ဒါပဲ။ ဒါပဲကွ။

အရင်ဘဝက မှတ်ဉာဏ်များကို ပြန်လည် မြည်းစမ်းပြီးနောက် ဖန်ကျန်းရီသည် ဆေးတံကို နှမြောတသစွာဖြင့် နှစ်ချက်ခန့် ကြည့်လိုက်၏။

ဒီအရာဆိုးကြီးက ကောင်းကျိုး နည်းနည်းလေးမှ မရှိဘူး။ ပြီးတော့ အဆုတ်ကလည်း နုနယ်နေသေးတော့ ဒီနေ့ တစ်ရှိုက် ရှိုက်လိုက်တာက အတိတ်ကို ပြန်သတိရလိုက်တာပဲ။ အခုချိန်ကစပြီး လုံးဝ အပြတ် ဖြတ်လိုက်တော့မယ်။

ဆုံးဖြတ်ချက်ချပြီးနောက် ဖန်ကျန်းရီသည် ဆေးတံကို သိမ်းဆည်းလိုက်ပြီး စားသောက်ဆိုင်သို့ ပြန်လှည့်လာခဲ့သည်။

...

စားသောက်ဆိုင်ရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အတွင်းမှ ငြင်းခုံသံ သဲ့သဲ့ကို ကြားလိုက်ရ၏။

ဖန်ကျန်းရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

နိုင်ငံခြားသား ဒီလောက်များများ ခေါ်လာတော့ နောက်ဆုံးမှာ ပြဿနာ နည်းနည်းပါးပါးတော့ ဖြစ်လာတာပဲ။

သူ အထဲသို့ ဝင်ရောက်သွားသောအခါ ဘုန်းတော်ကြီးဆော်ဂျာက ဒေါသတကြီးဖြင့် စားသောက်ဆိုင် ပိုင်ရှင်နှင့် ငြင်းခုံနေပုံရပြီး သူ့မိခင်ဘာသာစကားဖြင့် အလျင်စလို ဆဲဆိုနေသည်ကို မြင်တွေ့လိုက်ရ၏။

စားသောက်ဆိုင်ပိုင်ရှင်မှာမူ သူ၏ နားမလည်သော စကားများကို နားထောင်ရင်း ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်နေသည်။

လိုင်ကော်အာနှင့် လုဖာတို့က ဘေးမှနေ၍ ဖျန်ဖြေပေးနေကြ၏။

နိုင်ငံခြားသား အားလုံးက မတ်တပ်ရပ်ကာ ဘုန်းတော်ကြီးဆော်ဂျာ၏ နောက်တွင် ကျားများကဲ့သို့ ရပ်နေကြသည်။

ဖန်ကျန်းရီက ဖွဖွလေး ချောင်းဟန့်လိုက်ရာ ငြင်းခုံသံများ ချက်ချင်း ရပ်တန့်သွားသည်။

ဘုန်းတော်ကြီးဆော်ဂျာက ဘေးသို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်း တိုင်တန်းလိုက်၏။ "အမတ်ကြီးဖန် ... ဒီလူက ကျုပ်ကို အထင်သေးတယ်။ ဟင်းထဲကို တံတွေးထွေးထည့်တယ် ... "

ပြောပြောဆိုဆိုနှင့် ဟင်းပွဲကို ဖန်ကျန်းရီ၏ မျက်စိရှေ့သို့ မြှောက်ပြလိုက်သည်။

ဖန်ကျန်းရီက ခေါင်းငုံ့ကြည့်လိုက်ရာ ပဲငံပြာရည်နဲ့ ချက်ထားတဲ့ ဟင်းတစ်ပွဲထဲမှာ ရှင်းလင်းလှတဲ့ တံတွေးအမြှုပ်ကြီး တစ်ခု ပါနေတာကို မြင်လိုက်ရ၏။

ချက်ချင်းပင် မျက်နှာတင်းမာသွားကာ လုဖာကို ကြည့်လိုက်သည်။ "ဒါ ဘယ်လိုဖြစ်တာလဲ။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် မလုပ်တတ်ဘူးလား။"

လုဖာက အလျင်အမြန် ရှေ့တက်လာပြီး လက်တစ်ဖက်က ဖန်ကျန်းရီကို ဆွဲကာ အခြားတစ်ဖက်က စားသောက်ဆိုင် ပိုင်ရှင်ကို ဆွဲလျက် မီးဖိုချောင်ဘက်သို့ သွားလိုက်၏။

မီးဖိုချောင်သို့ ရောက်သောအခါ လုဖာက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "သခင်လေး ... တကယ်ပဲ အမှားဖြစ်သွားတာပါ။ စောစောက အဲဒီ ဘုန်းတော်ကြီးက ကျွန်တော်နဲ့ စကားပြောနေတုန်း နိုင်ငံခြားသားတွေက ပွင့်လင်းတော့ တာ့ကျင်းရဲ့ အစားအသောက်တွေက အရသာမရှိဘူးလို့ ပြောလိုက်တာကို စားပွဲထိုးက ကြားသွားတယ်။ ဟင်းလာချတဲ့အချိန်မှာ တံတွေး ထွေးထည့်လိုက်တာပဲ။ ဒီခွေးမသားက ထွေးချင်ရင်လည်း ဟင်းရည်ထဲ ထွေးထည့်ပါတော့လား။ ဉာဏ်နည်းနည်းလေးမှ မသုံးဘူး သောက်ခွေးပဲ။"

စားသောက်ဆိုင် ပိုင်ရှင်က ကြောက်ရွံ့စွာဖြင့် ပြောလိုက်၏။ "သခင်လေး ... ဒါ ဒါ ဒါ ... အဲဒီလူတွေက သခင်လေးရဲ့ ဧည့်သည်တွေမှန်း ကျုပ် မသိခဲ့ပါဘူး။ အောက်က စားပွဲထိုးကို မထိန်းနိုင်လိုက်လို့ပါ။ ကျုပ် အခုပဲ သူ့ကို အလုပ်ထုတ်ပစ်လိုက်ပါ့မယ်။ ဒီနေ့ ဒီလူတွေ စားသောက်တာ အားလုံး ကျုပ် ဒကာခံပါ့မယ်။"

ဖန်ကျန်းရီက မျက်နှာကို တင်းမာထားလျက် လက်ကို မြှောက်ကာ ပြောလိုက်သည်။ "ထားလိုက်တော့။ ထွေးလည်း ထွေးပြီးပြီဆိုတော့ စိတ်ဆိုးတာလည်း ဆိုးပြီးသွားပြီပဲ။ အလုပ်ထုတ်ပြီး ဘာလုပ်မလို့လဲ။ ကျုပ်တို့ တောက်ယွမ်ခရိုင်မှာ နိုင်ငံခြားသားတွေ ဒီလောက်များများ ရောက်လာပြီဆိုတော့ နိုင်ငံတကာ မြို့တော်ကြီး တစ်ခုလို့တောင် သတ်မှတ်လို့ ရနေပြီ။ ဝန်ဆောင်မှု အဆင့်အတန်းက နည်းနည်းလောက် တက်လာလို့ မရဘူးလား။ လူရွေးပြီးမှ ဟင်းချပေးတတ်တဲ့ အကျင့်ကြီးပဲ။

ဒီနိုင်ငံခြားသားတွေက ဝက်စာ စားလာခဲ့ရတာ။ ဘာမှ မမြင်ဖူး၊ မစားဖူးတဲ့ သူတွေကို ခင်ဗျားတို့က ဘာဖြစ်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ ဒီလို ပုံစံမျိုးနဲ့ ဘယ်လို စီးပွားရေး လုပ်မလဲ။ နောက်ပိုင်း သတိထားကြ။"

စားသောက်ဆိုင် ပိုင်ရှင်က အဆက်မပြတ် ခေါင်းညိတ်ပြကာ မျက်နှာတွင် ဖားယားသည့် အပြုံးများဖြင့် မေးလိုက်၏။ "ဒါဆို ... ဒါဆို သခင်လေး ... ဒီကိစ္စကို ဘယ်လို လုပ်ရမလဲ။"

ဖန်ကျန်းရီက နဖူးကို ပွတ်သပ်လိုက်သည်။

ဘယ်လိုလုပ်ရမလဲ။ သူတို့ကို ကျေကျေနပ်နပ်နဲ့ အလုပ်လုပ်ခိုင်းရအုံးမယ်လေ။ လာလာချင်းမှာပဲ ခွဲခြားဆက်ဆံခံရရင် နောက်ပိုင်း အလကား လုပ်အားတွေ ထွက်ပြေးသွားရင် မကောင်းဘူး။

"ဒီလိုလုပ် ... စောစောက ဟင်းပွဲတွေ အားလုံးကို ကြက်ဥအကာနဲ့ အမြှုပ်လေးတွေ လုပ်ပြီး အပေါ်က တင်လိုက် ... "

အပိုင်း (၉၀၀) - အစားအသောက် အနုပညာမှ မော်လီကျူး ဟင်းချက်နည်း။

ဖန်ကျန်းရီ ပြုံးစိစိဖြင့် ထွက်လာသောအခါ ဘုန်းတော်ကြီးဆော်ဂျာက ဆီးကြိုလာပြီး မျက်နှာသေဖြင့် မေးလိုက်၏။ "အမတ်ကြီးဖန် ... အဲဒီလူက ကျုပ်ကို စော်ကားတယ်၊ ဘယ်လိုလုပ်မလဲ။"

ဖန်ကျန်းရီက သူ၏ ပခုံးကို ပုတ်လိုက်သည်။ "ဘုန်းတော်ကြီး ... ဒေသနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရမယ်။ သူက ခင်ဗျားကို မစော်ကားပါဘူး။ ခင်ဗျားက ကျုပ်ရဲ့ ဧည့်သည်လေ။ ခရိုင်ထဲမှာ ဘယ်သူကများ ခင်ဗျားကို စော်ကားရဲမှာလဲ။ အဲဒီဟင်းက အဲဒီလိုမျိုးပဲလေ။"

ဘုန်းတော်ကြီးဆော်ဂျာသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "ဒါဆို ဟင်းထဲမှာ တံတွေးပါတာက ပုံမှန်ပဲပေါ့။ အမတ်ကြီးဖန် ... ကျုပ်က တာ့ကျင်း ယဉ်ကျေးမှုကို နားမလည်ပေမဲ့ အရူးတော့ မဟုတ်ပါဘူး။"

"ဘာ တံတွေးလဲ။ ဘယ်လို စကားပြောနေတာလဲ။ အဲဒါကို မော်လီကျူး ဟင်းချက်နည်း လို့ ခေါ်တယ်။ ကြက်ဥနဲ့ လုပ်ထားတဲ့ အချဉ်ရည်လေ။" ဖန်ကျန်းရီက အတည်ပေါက် ရှင်းပြလိုက်သည်။

(မော်လီကျူး ဟင်းချက်နည်း - မော်လီကျူး အစားအသောက် ပညာရပ် ဟုလည်း ခေါ်ဆိုပြီး ဟင်းချက်နည်းများ နှင့် ရလဒ်များ အားလုံးကို သိပ္ပံနည်းကျ ရှင်းပြကာ ကိန်းဂဏန်းများဖြင့် တိကျစွာ ထိန်းချုပ်ထားသော ဟင်းချက် အနုပညာ တစ်ရပ် ဖြစ်သည်)

"မော် ... မော် ... မော်လီကျူး ဟင်းချက်နည်း။ ဘာအဓိပ္ပာယ်လဲ။" ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်နှာတွင် နားမလည်မှုများ ပြည့်နှက်နေ၏။

"မော်လီကျူး ဟင်းချက်နည်း ဆိုတာက အဆင့်အမြင့်ဆုံး နည်းပညာတွေ၊ ဓာတုဗေဒနဲ့ ရူပဗေဒတွေကို အသုံးပြုပြီး အဏုကြည့် ရှုထောင့်ကနေ ဟင်းချက်ပညာကို ပြန်လည် တည်ဆောက်ထားတာ ... " ဖန်ကျန်းရီက အဟုတ်ကြီးကို ရှင်းပြနေတော့သည်။

အဓိပ္ပာယ် မသိရသော နာမည်ပေါင်းစုံကို နားထောင်ပြီးနောက် ဘုန်းတော်ကြီးမှာ လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "ခင်ဗျား ကျုပ်ကို လှည့်စားနေတာ မဟုတ်ဘူးလား အမတ်ကြီးဖန်။"

"ခင်ဗျားကို လှည့်စားတယ်။"

ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်သည်။ "ထမင်းစားပြီးရင် ခင်ဗျားတို့ကို အဏုကြည့် ကမ္ဘာကြီးကို သွားပြမယ်။ တကယ်လို့ မမြင်ရဘူးဆိုရင် အရှင်မင်းမြတ်ကို တိုင်တည်ပြီး ကျမ်းကျိန်ရဲတယ်။ စကားတစ်ခွန်း လိမ်ပြောခဲ့ရင် မိုးကြိုး ငါးစင်း ပစ်ပါစေ။"

ထိုအချိန်မှာပင် စားသောက်ဆိုင်မှ စားပွဲထိုးများက ဟင်းပွဲများကို စတင် လာချပေးနေပြီ ဖြစ်၏။

စားပွဲထိုး တစ်ယောက်က ဖန်ကျန်းရီ၏ အနီးသို့ လျှောက်လာပြီး ပဲငံပြာရည်နဲ့ ချက်ထားတဲ့ ဟင်းတစ်ပွဲကို ကိုင်လာရာ ထိုဟင်းထဲတွင်လည်း တံတွေးနှင့်တူသော အမြှုပ်လေးတစ်ခု ပါလာသည်။

ဖန်ကျန်းရီက အသာအယာ လက်နဲ့တို့ပြီး စုပ်စားလိုက်၏။

"တွေ့လား။ ဒါက အချဉ်ရည်ပဲ။"

တကယ်ပဲ အချဉ်ရည်လား။

ဘုန်းတော်ကြီးဆော်ဂျာ၏ နှုတ်ခမ်းများ နှစ်ချက်ခန့် လှုပ်ရှားသွားပြီး တစ်ခုခု ပြောချင်သော်လည်း လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။

ဒီလောက်ကြာမှ ကိုယ့်လူတွေက သတိမထားဘဲ အမှားလုပ်မိတာပဲ ... ဒီကိစ္စက တကယ်ပဲ၊ အားလုံးက ဘာသာရေးခေါင်းဆောင်တွေ ဖြစ်နေပြီး အဆင့်အတန်း မရှိသလို ဖြစ်သွားတာပဲ။

တဖြည်းဖြည်းနှင့် သူ၏ မျက်နှာ နီမြန်းလာပြီးနောက် ရုတ်တရက် နောက်သို့လှည့်ကာ အခြား သာသနာပြုများဘက်သို့ နားမလည်သော စကားများဖြင့် အများကြီး ရှင်းပြလိုက်၏။

အားလုံးက နားလည်သွားကြပြီး ငြိမ်သက်သွားမှသာ ဘုန်းတော်ကြီးက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "အမတ်ကြီးဖန် ... ဒါက ကျုပ် အခြေအနေကို သေချာ မလေ့လာမိတာပါ။ တကယ်ကို အားနာပါတယ်။"

ဖန်ကျန်းရီက သဘောထားကြီးဟန် ပြုလုပ်ကာ လက်နှစ်ဖက်ကို ဖြန့်၍ အားလုံးကို ပြောလိုက်၏။ "အင်း ... ဒါကလည်း ကျုပ်ရဲ့ ပေါ့ဆမှုပါပဲ။ ခင်ဗျားတို့ ဘာမှနားမလည်သေးဘူး ဆိုတာကို မေ့သွားလို့ပါ။ နားလည်မှုလွဲတာ ရှင်းသွားရင် ပြီးတာပါပဲ။ အားလုံး မြန်မြန်စားကြပါ။"

နှစ်လတာ လေ့ကျင့်မှုများအပြီးတွင် ဤနိုင်ငံခြားသားများသည် တူကို အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။ စားပွဲပေါ်ရှိ ဝက်အူချောင်း၊ သစ်သီးယို၊ ပဲလှော်၊ ကြက်သားအစာသွတ် ပေါက်စီ၊ ကြက်ဝါသုံးကောင် စသည့် အရသာရှိလှသော ဟင်းလျာများကို ကြည့်ကာ မစောင့်ဆိုင်းနိုင်တော့ဘဲ စတင် စားသောက်ကြတော့၏။

ဘုန်းတော်ကြီးဆော်ဂျာနှင့် ဖန်ကျန်းရီတို့သည် စားပွဲတစ်လုံးတည်း အတူထိုင်ကြပြီး ဖန်ကျန်းရီကလည်း အားမနာဘဲ ပန်းကန်နှင့် တူကို ယူကာ စတင်စားသောက်လိုက်သည်။

အိမ်ရှင်က စတင် စားသောက်သည်ကို မြင်သောအခါ ဘုန်းတော်ကြီးကလည်း ထမင်းပန်းကန်ကို ယူလိုက်၏။

စားပွဲပေါ်ရှိ မျက်စိကျိန်းမတတ် များပြားလှပြီး မွှေးကြိုင်လှသော ဟင်းလျာများကို ကြည့်ရင်း ဘုန်းတော်ကြီးသည် ခေတ္တမျှ ရွေးချယ်ရ ခက်ခဲသွားသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဟင်းတိုင်းက အလွန်ကောင်းမွန်ပုံရပြီး ထူးခြားလှပေသည်။

ဖန်ကျန်းရီက မေးလိုက်၏။ "ဘာလို့ မစားတာလဲ။ ဟင်းက ခံတွင်းမတွေ့လို့လား။"

ဘုန်းတော်ကြီးက ခေါင်းယမ်းလိုက်ပြီး အဆီအများဆုံး ဟင်းတစ်ပွဲကို ရွေးချယ်ကာ ဝက်သားဟင်း တစ်တုံးကို ကောက်ယူပြီး ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။ တစ်ခါမှ မခံစားဖူးသော မွှေးကြိုင်လှသည့် အရသာက လျှာပေါ်တွင် ချက်ချင်း ပေါက်ကွဲသွားရာ သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ချီးကျူးလိုက်၏။ "အရသာရှိလိုက်တာ။ ကျုပ် ဒီလို အရသာရှိတဲ့ အစားအသောက် တစ်ခါမှ မစားဖူးဘူး။"

ပြောပြီးသည်နှင့် နောက်ထပ် ဟင်းတစ်ပွဲကို အလျင်အမြန် ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ထမင်းပန်းကန်ကို ကိုင်ကာ မျက်လုံးမှိတ်လျက် သာယာနေသည့် အမူအရာကို ပြုလုပ်နေသည်။

"ကြက်သား။ ကြက်သားပဲ။ ကြက်သားကို ဒီလောက် နူးညံ့ပြီး အရည်ရွှမ်းအောင် ချက်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။"

ဖန်ကျန်းရီက သူ၏မျက်နှာအမူအရာကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်၏။ "ဖေးခါရဲ့ အစားအသောက်တွေက ဘယ်လိုနေလဲ မသိဘူး။"

ဘုန်းတော်ကြီးဆော်ဂျာက စဉ်းစားလိုက်ပြီး လွမ်းဆွတ်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "အရင်တုန်းက အသင်းတော်မှာ ကျုပ် ကိုယ်တိုင်ပဲ ဟင်းချက်စားတာ။ ဒီနေရာနဲ့တော့ သေချာပေါက် ယှဉ်လို့မရဘူး။ အပြင်က စားသောက်ဆိုင်တွေရဲ့ ဟင်းချက်နည်းတွေကလည်း ဒီနေရာကို မမီပါဘူး။

ရှက်စရာ ကောင်းတာက ... တာ့ကျင်းရဲ့ အစားအသောက်တွေ အားလုံးက ကျုပ် အရင်စားခဲ့ရသလိုပဲ အရသာမရှိဘူးလို့ ထင်နေခဲ့တာ။"

ဖန်ကျန်းရီက ရယ်မောလိုက်၏။ "ခင်ဗျားတို့ အရင်က စားခဲ့ရတာတွေက စုပေါင်းချက်တဲ့ ထမင်းဟင်းတွေလေ။ အရသာတော့ သေချာပေါက် ညံ့မှာပေါ့။ ဒါတွေက သီးသန့်ချက်တာဆိုတော့ အရသာ ကောင်းတာ သဘာဝပါပဲ။ ဒါပေမဲ့ ဘုန်းတော်ကြီးက ဟင်းလည်း ချက်တတ်သေးတာကိုး။ ဟင်းချက်တာနဲ့ ပတ်သက်ပြီး ပြောရရင် ကျုပ်လည်း အတော်လေး ကျွမ်းကျင်ပါတယ်။ ကျုပ် ကိုယ်တိုင် လုပ်ထားတဲ့ ဟင်းလေး တစ်ပွဲ ရှိတယ် ... ရော့ ... ခင်ဗျား ဒီငရုတ်သီးနဲ့ ဝက်သားကြော်ကို စားကြည့်။ ဒီအရာက အပေါ်အောက် နှစ်ဖက်လုံးကို စပ်စေတာ။ စပ်လား၊ မစပ်ဘူးလား။"

"စပ်တယ်ဟ …။"

သူတို့နှစ်ဦး စားရင်းသောက်ရင်း စကားပြောနေစဉ် သူတို့နောက်ရှိ သာသနာပြုအဖွဲ့ကြီးမှာတော့ အစားအသောက် ပွဲတော်ကြီး အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပျော်ရွှင်စွာ စားသောက်နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးသံများလည်း ထွက်ပေါ်နေ၏။ ထိုတံတွေး၊ ပဲငံပြာရည်နဲ့ ချက်ထားတဲ့ ဟင်းတစ်ပွဲကို ဘယ်သူက စားသွားမှန်းတောင် မသိတော့ပေ။

သာသနာပြုအဖွဲ့က ပြုံးရွှင်စွာဖြင့် စားသောက်နေကြပြီး လုဖာနှင့် လိုင်ကော်အာတို့ကတော့ အေးအေးဆေးဆေး စားရင်း ကြည့်နေကြသည်။

လုဖာက သာသနာပြုများကို စွေကြည့်ကာ ပြောလိုက်၏။ "ဒီနိုင်ငံခြားသားတွေ တကယ် အသုံးမကျဘူး။ ဘယ်လိုလုပ် ဒီလောက်တောင် စားနိုင်ရတာလဲ။ ကော်အာ ... နိုင်ငံခြားက အစားအသောက်တွေက အဲဒီလောက်တောင် ဆိုးလို့လား။"

လိုင်ကော်အာက ဖြေလိုက်သည်။ "ဒီလူတွေက သင်္ဘောပေါ်ကနေ တာ့ကျင်းကို ရောက်တည်းက တစ်နှစ်နီးပါးလောက် အစားကောင်း အသောက်ကောင်း မစားရတာ ကြာပြီ။ အခုမှ ပထမဆုံး အစားကောင်း စားရတာလေ။ အောက်ခြေက နိုင်ငံခြားသားတွေရဲ့ အစားအသောက်ကလည်း တကယ်ကို သိပ်မကောင်းလှဘူး။ ချက်ပြုတ်တဲ့ နည်းလမ်းက အရမ်းကြမ်းတမ်းတယ်။ ဒါပေမဲ့ မှူးမတ်တွေကတော့ အမှန်တိုင်း ပြောရရင် အစားအသောက် တော်တော်ကောင်းတယ်။ အားလုံးက အသားတွေချည်းပဲ။"

"ဟမ့်... အသားရှိရင် အရသာမဆိုးနိုင်ပါဘူး။"

...

စားသောက်ပြီးနောက် ဖန်ကျန်းရီသည် လူအုပ်ကြီးကို ဦးဆောင်ကာ တောက်ယွမ်ခရိုင်ကို ဆက်လက် လေ့လာကြည့်ရှုစေခဲ့သည်။

စားသောက်ပြီးနောက် သာသနာပြုအဖွဲ့သည် သိသိသာသာ ခွန်အားတွေ ပိုရှိလာပြီး စိတ်ခံစားချက်တွေကလည်း အများကြီး ပိုကောင်းလာကြ၏။

လမ်းတစ်လျှောက် နေရာအနှံ့အပြားကို လက်ညှိုးထိုးပြကာ အဆက်မပြတ် ဆွေးနွေးနေကြသည်။

ဖန်ကျန်းရီက တောက်ယွမ်ခရိုင်၏ ထူးခြားသော ဇာတ်စင်ပြဇာတ် တစ်ခုကို နိုင်ငံခြားသားများအတွက် စီစဉ်ပေးရန် မူလက စဉ်းစားထားသော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် လက်လျှော့လိုက်၏။

နားလည်နိုင်မလားဆိုတာ အရေးမကြီးဘူး။ နားလည်သွားရင် ပိုဆိုးမယ်။ အဲဒီအရာက တကယ့်ကို မိစ္ဆာတွေရဲ့ ဖန်တီးမှုပဲ။

သူကိုယ်တိုင်တောင် နည်းနည်း ခံနိုင်ရည်မရှိဘူး။ တကယ့်ကို မိစ္ဆာပဲ။

တကယ်လို့များ ဘုန်းတော်ကြီးက အဲဒါကို ကြည့်ပြီး ချက်ချင်း အထုပ်အပိုးသိမ်း၊ အိမ်ပြန်ဖို့ ပြင်ဆင်သွားရင် ဒုက္ခ။ ဒီလို မိစ္ဆာနေရာမျိုးနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်သွားရင် ဘယ်လိုလုပ်မလဲ။

...

လူအုပ်ကြီး လမ်းလျှောက်နေစဉ် ရုတ်တရက် အဖြူရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေသော အဆောက်အအုံ တစ်ခုကို တွေ့လိုက်ရ၏။

ဘုန်းတော်ကြီးဆော်ဂျာသည် ထပ်မံ၍ သိချင်စိတ် ပြင်းပြသော ကလေးလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ကိုယ်တိုင် မေးလိုက်သည်။ "အဲဒီ အဆောက်အအုံက ဘာလဲ။"

"အဲဒါ ရေချိုးတဲ့နေရာလေ။ ခင်ဗျား နောက်ပိုင်း စိတ်ဝင်စားရင် နေ့တိုင်း ဒီမှာ လာပြီး ရေနွေးချိုးလို့ ရတယ်။ ပိုက်ဆံ သိပ်မကုန်ပါဘူး။" ဖန်ကျန်းရီက ဖြေလိုက်၏။

ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်ခုံးများကြားတွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာသည်။ "ခင်ဗျားတို့ ဒီကလူတွေက နေ့တိုင်း ရေချိုးကြတာလား။"

"အဲဒီလောက်တော့ မဟုတ်ပါဘူး။ ကျုပ်လိုမျိုး သန့်ရှင်းရေးကို ကြိုက်ပြီး အခြေအနေပေးတဲ့ သူတွေကတော့ နေ့တိုင်း ချိုးတာပေါ့။ ကျုပ်တို့ ခရိုင်က သာမန်ပြည်သူတွေကတော့ တစ်လကို အနည်းဆုံး ဆယ်ခါ၊ ရှစ်ခါလောက်တော့ ချိုးကြပါတယ်။"

ဘုန်းတော်ကြီးဆော်ဂျာက တွေးတောလျက် ပြောလိုက်၏။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက တာ့ကျင်းလူမျိုးတွေရဲ့ နေထိုင်မှု အလေ့အထ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ရေခဏခဏ ချိုးတာက ခင်ဗျားကို ခမည်းတော်နဲ့ ဝေးကွာသွားစေလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့်တွေ က ကပ်ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်။"

ဖန်ကျန်းရီက လှောင်ရယ် ရယ်လိုက်သည်။ ဒါက တကယ်ပဲ အလယ်ခေတ် အတိုင်းပါလား။

"ခင်ဗျား မှားနေပြီ ဘုန်းတော်ကြီး။ ရေခဏခဏ ချိုးပြီး သန့်ရှင်းအောင် ထားမှ ရောဂါဘယတွေကို ကာကွယ်နိုင်မှာပါ။ ခင်ဗျားတို့ရဲ့ ဒီလို ဆိုးရွားတဲ့ အယူအဆတွေက လူဘယ်နှစ်ယောက်ကို သေစေမလဲ မသိဘူး။ ဒါကလည်း အသင်းတော်က ခင်ဗျားတို့ကို ပြောပြထားတာပဲ မဟုတ်လား။ ကျုပ် အရင်က ခင်ဗျားကို ပြောထားတယ်။ အဏုကြည့် ကမ္ဘာကြီးကို ပြမယ်လို့ ပြောထားတာလေ။ အခုပဲ သွားကြည့်ကြရအောင် ဘယ်လိုလဲ။"

အဏုကြည့် ကမ္ဘာကြီး ဟုတ်လား။

ဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် အများကြီး မျှော်လင့်ထားမိ၏။

All Chapters