← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း (၃၄၄) စွမ်းအားပြသခြင်း

ထိုသို့ပြောပြီးနောက် ဝူလျန်သည် အောက်ဘက်ရှိ မျိုးရိုးဗီဇပြောင်း ဘီလူးများကို တိုက်ခိုက်နေသော စွမ်းအားရှင်များဆီသို့ အကြည့်ကို ပြန်လည်လွှဲပြောင်းလိုက်လေသည်။

သံချပ်ကာကား၏ အမိုးပေါ်တွင် ရပ်နေသော ဝူယဲ့ဟောင်သည် အပေါ်ဘက်ရှိ တံတိုင်းပေါ်မှ စစ်သည် များကို ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းစေလိုက်၏။ ထိုစစ်သည်များသည် တိုက်ပွဲကို ဘာမှ ကူညီခြင်းမရှိဘဲ ဒီအတိုင်း ကြည့်နေကြခြင်း ဖြစ်ကြလေသည်။

သူ၏ ဘေးနားရှိ လက်အောက်ငယ်သား တစ်ဦးက ပြောလိုက်လေ၏။

"ကပ္ပိတိန်... ကျွန်တော်တို့ ဒီအတိုင်း ဆက်တိုက်နေလို့ မဖြစ်တော့ဘူး... ဒီဘီလူးတွေကို ဖောက်ထွက် ပြီး အခြေစိုက်စခန်းထဲကို ပြေးဝင်ကြမလား..."

ဝူယဲ့ဟောင်၏ အေးစက်သောအကြည့်မှာ ပို၍အေးစက်သွားကာ ပြောလိုက်လေ၏။

"ဒီဘီလူးတွေကို အကုန်လုံး မရှင်းဘဲနဲ့တော့ အခြေစိုက်စခန်းထဲကို ဝင်လို့ရမှာ မဟုတ်ဘူး..."

ထိုစကားကို ကြားသော် ထိုလူက အံကို တင်းတင်းကြုတ်ကာ မေးလိုက်လေသည်။

"ကျွန်တော်တို့ကို ဝိုင်းထားတာကို မြင်နေရတာတောင် ဘာလို့ သူတို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း ကြည့်နေနိုင်ရတာလဲ..."

ဝူယဲ့ဟောင်က ပြန်မဖြေဘဲ လက်ဖျစ်တီးလိုက်ရာ၊ ရွှေရောင် မိုးကြိုးတစ်ခု ထပ်မံကျဆင်းလာပြီး ဘီလူး တစ်အုပ်ကို ရှင်းပစ်လိုက်လေ၏။

မျိုးရိုးဗီဇပြောင်း ဘီလူးအချို့ကို ထပ်မံရှင်းလင်းပြီးနောက် သူက ပြောလိုက်လေသည်။

"မှတ်ထား... ငါတို့ရဲ့ တာဝန်က မစ္စယောင်ရန်ရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံဖို့နဲ့ သူမကို ဌာနချုပ်ကို ပြန်ခေါ်သွားဖို့ပဲ... ကျန်တဲ့ကိစ္စတွေက ငါတို့နဲ့ မဆိုင်ဘူး..."

သူ၏ ကပ္ပိတိန် ပြောကြားချက်ရှိသော်ငြားလည်း၊ ထိုလူသည် စစ်သည်များအပေါ် မကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူသည် မိမိ၏ မီးစွမ်းအင်ဖြင့် ဘီလူးများကို ပြာချရင်း ညည်းညူလိုက်လေ၏။

"ဒီဘီလူးတွေကို အကုန်သတ်လိုက်ရင်တောင် သူတို့က တံခါးမဖွင့်ပေးရင် ငါတို့ ဝင်လို့ရမှာ မဟုတ် ဘူး..."

ဝူယဲ့ဟောင်က တံတိုင်းထိပ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"သူတို့က တံခါးမဖွင့်ပေးဘူးဆိုရင် ငါတို့က အတင်း ဖွင့်ခိုင်းရုံပဲပေါ့..."

သူက လက်အောက်ငယ်သားကို ကြည့်ကာ ဆက်ပြောလိုက်လေသည်။

"လူတွေကို စုခိုင်းပြီး ကားထဲဝင်ဖို့ အချက်ပေးလိုက်..."

"ဟုတ်ကဲ့ ကပ္ပိတိန်..."

ထိုလူက ကောင်းကင်သို့ လက်မြှောက်ကာ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ရာ သုံးစက္ကန့်အကြာတွင် ပေါက်ကွဲသွားလေတော့သည်။

"ဘုန်း..."

အခြားသူများသည် အချက်ပြမှုကို မြင်သောအခါ သံချပ်ကာကားများဆီသို့ လျင်မြန်စွာ ရွှေ့လျားသွား ကြလေသည်။ သူတို့ သွားနေစဉ်အတွင်း ဝူယဲ့ဟောင်သည် မိုးတိမ်များအတွင်းရှိ မိုးကြိုးစွမ်းအင်ကို တည်ငြိမ်စွာ ထိန်းချုပ်လိုက်လေသည်။

နောက်ဆုံးလူသည် သံချပ်ကာကားအတွင်းသို့ ဘေးကင်းစွာ ရောက်ရှိသွားသောအခါ ဝူယဲ့ဟောင်သည် လက်နှစ်ဖက်ကို ရိုက်လိုက်လေသည်။

"ဖြောင်း..."

စက္ကန့်အနည်းငယ်အကြာတွင် ရွှေရောင်မိုးကြိုးပေါင်း မြောက်မြားစွာ တပြိုင်နက် ကျဆင်းလာခဲ့လေ တော့သည်။

"ဂျိန်း... ဝုန်း... ဝုန်း..."

မိုးကြိုးများသည် မျိုးရိုးဗီဇပြောင်း ဘီလူးများကို ချက်ချင်း သေဆုံးစေခဲ့ပြီး ဝူယဲ့ဟောင်သည် ထိုမိုးကြိုးများကို ဧရာမ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။

ခဏအကြာတွင် သူသည် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ရာ၊ ထိုဧရာမ မိုးကြိုးပိုက်ကွန်ကြီးမှာ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် အပြင်ဘက်သို့ ပြန့်ကားသွားခဲ့လေတော့သည်။

"ဂျိန်း... ဝူး... ဝုန်း..."

ရွှေရောင်မိုးကြိုးများ၏ တောက်ပသော အလင်းရောင်ကြောင့် ဝူလျန်၊ လီထျန်းယုနှင့် တံတိုင်းပေါ်ရှိ စစ်သည်များမှာ မျက်စိများပင်ကျိန်းသွားခဲ့ကြလေသည်။

အလင်းရောင်များ မပျောက်ကွယ်မီမှာပင် ဝူယဲ့ဟောင်သည် ဒူးထောက်လဲကျသွားလေတော့၏။ သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေသော်လည်း တည်ငြိမ်စွာ အမိန့်ပေး လိုက်လေသည်။

"သွားစို့..."

သူ၏ အမိန့်ကြောင့် ကားမောင်းသူက လီဗာကို နင်းလိုက်ရာ သံချပ်ကာကားများသည် ကျွင်းချန် စစ် အခြေစိုက်စခန်း၏ ပင်မဝင်ပေါက်ဆီသို့ အရှိန်ဖြင့် မောင်းနှင်သွားခဲ့လေတော့သည်။

တံတိုင်းပေါ်မှ ဝူလျန်နှင့် လီထျန်းယုတို့မှာ ဝူယဲ့ဟောင်၏ စွမ်းအားပြသမှုကို ကြည့်ကာ ဆွံ့အလျက် မှင်တက်နေကြလေတော့၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝူလျန်က ပြောလိုက်လေသည်။

"တံခါးဖွင့်ပေးလိုက်..."

"ဟုတ်ကဲ့ ကပ္ပိတိန်..." ဟု စစ်သည်တစ်ဦးက ပြန်ဖြေလိုက်လေသည်။

စစ်သည်များ တံခါးဖွင့်ရန် ပြင်ဆင်နေစဉ် လီထျန်းယုက ဝူလျန်ကို ကြည့်ကာ မှတ်ချက်ပေးလိုက်၏။

"ဒီလူက မရိုးရှင်းဘူးနော်..."

ဝူလျန်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"အင်း..."

"သူ့ကို တကယ်ပဲ အထဲပေးဝင်မှာလား... သူ့စွမ်းအားနဲ့ဆိုရင် ဒီအခြေစိုက်စခန်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်..." ဟု လီထျန်းယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

ဝူလျန်က သူ့ကို မျက်လုံးလှန်ကြည့်ကာ ပြန်ပြောလိုက်လေသည်။

"ငါတို့က အထဲပေးမဝင်ရင် နောက်ထပ် ပစ်မှတ်က ငါတို့ ဖြစ်သွားမှာပေါ့... မင်းကော သူ့ကို တိုက်နိုင် လို့လား..."

လီထျန်းယုသည် မိမိမှာ ဝူယဲ့ဟောင်၏ ပြိုင်ဘက်မဟုတ်မှန်း သိသဖြင့် "ကံကောင်းပါစေ ကပ္ပိတိန်ဝူ..." ဟုသာ ပြောလိုက်လေတော့သည်။

သူသည် ပြန်လည်ဖြေကြားမှုကို မစောင့်တော့ဘဲ လှည့်ထွက်သွားခဲ့လေသည်။

ယုန်တစ်ကောင်ထက်ပင် ပိုမိုမြန်ဆန်စွာ ပြေးထွက်သွားသော လီထျန်းယုကို ကြည့်ကာ ဝူလျန်သည် မျက်စိမျက်နှာပျက်လျက် တိုးတိုးလေး ကျိန်ဆဲလိုက်လေ၏။ ထို့နောက် ချဉ်းကပ်လာသော သံချပ်ကာ ကားများကို ကြည့်ကာ သက်ပြင်းချရင်း ကိုက်ခဲနေသော နားထင်ကို ပွတ်နေမိလေတော့သည်။

"ဒါကတော့ ဒုက္ခရောက်တော့မှာပဲ..."

သူသည် စိတ်မပါသော်ငြားလည်း ဧည့်သည်များကို ကြိုဆိုရန် တံတိုင်းပေါ်မှ ဆင်းလာခဲ့လိုက်လေသည်။

သံချပ်ကာကားတစ်စီး၏ အမိုးပေါ်တွင် ထိုင်နေသော ဝူယဲ့ဟောင်သည် အခြေစိုက်စခန်းအတွင်းရှိ လှုပ်ရှားမှုများကို သတိပြုမိလိုက်၏။ မိမိ၏ စွမ်းအားပြသမှုကြောင့် စစ်သည်များသည် တံခါးဖွင့်ပေးရန် ဖိအားပေးခံရမည်ကို ယုံကြည်စိတ်ချစွာဖြင့် ဝူယဲ့ဟောင်သည် တည်ငြိမ်စွာ ထိုင်နေခဲ့လေသည်။

ဝင်ပေါက်သို့ ရောက်သောအခါ ဝူယဲ့ဟောင်သည် ကားအမိုးပေါ်မှ ခုန်ဆင်းကာ ဝူလျန်ဆီသို့ လျှောက် သွားလိုက်လေသည်။

"ကျွန်တော်တို့ကို အထဲပေးဝင်ပါ..."

သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။

"...."

ဝူလျန်သည် ဝူယဲ့ဟောင်၏ အမိန့်ပေးသံကြောင့် နှုတ်ခမ်းများ တွန့်သွားသော်လည်း အတင်းပြုံး၍ ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"ကျွင်းချန် စစ်အခြေစိုက်စခန်းကနေ ကြိုဆိုပါတယ်... ခင်ဗျား တို့ ဘာကိစ္စနဲ့ လာတယ်ဆိုတာ သိပါရ စေ..."

"လူတစ်ယောက်ကို လာရှာတာပါ..."

ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေ၏။

ဝူယဲ့ဟောင်သည် အသေးစိတ် ရှင်းပြလိုဟန်မရှိသည်ကို မြင်သဖြင့် ဝူလျန်က ဆက်လက်မေးမြန်း လိုက်လေသည်။

"ဘယ်သူ့ကို ရှာနေတာလဲ... ကျွန်တော် ကူညီနိုင်မလားလို့ပါ..."

"ကျွန်တော်တို့ကိုယ်တိုင်ပဲ ရှာလိုက်ပါမယ်..."

ဝူယဲ့ဟောင်က ပြောလိုက်ကာ နောက်ထပ် သတင်းအချက်အလက်များကို ထုတ်ပြောခြင်း မရှိခဲ့ပေ။

ဝူလျန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြလေ၏။ ဝူယဲ့ဟောင်ကို ခဏမျှ စေ့စေ့စပ်စပ် ကြည့်ပြီးနောက် သူက ပြောလိုက်လေသည်။

"အထဲကို မဝင်ခင် ခင်ဗျားတို့ရဲ့ အထောက်အထားကို စစ်ဆေးဖို့ လိုအပ်ပါတယ်..."

အခြေစိုက်စခန်းအတွင်းသို့ ဝင်ရန် မလွယ်ကူကြောင်း ကြိုတင်ခန့်မှန်းထားသဖြင့် ဝူယဲ့ဟောင်သည် ယွီချန် ဌာနချုပ်မှ မထွက်ခွာမီကပင် စာရွက်စာတမ်းများကို ပြင်ဆင်လာခဲ့လေသည်။ သူသည် ဘာမှ မပြောဘဲ အိတ်ကပ်အတွင်းမှ အတုပြုလုပ်ထားသော အထောက်အထားကတ်ကို ထုတ်ယူကာ ဝူလျန် အား တုံ့ဆိုင်းခြင်းမရှိဘဲ ကမ်းပေးလိုက်လေသည်။

ဝူလျန်က အထောက်အထားကတ်ကို စစ်ဆေးနေစဉ်အတွင်း ဝူယဲ့ဟောင်သည် စစ်သည်များနှင့် ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ စစ်သည် အနည်းငယ်တွင်သာ စွမ်းအားရှိသည်ကို သတိပြုမိလိုက် သောအခါ သူသည် သူတို့အပေါ် စိတ်ဝင်စားမှု ချက်ချင်း ပျောက်ဆုံးသွားခဲ့လေသည်။

အထောက်အထားကတ်ကို စစ်ဆေးပြီးနောက် ဝူလျန်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိလေ၏။

*ဒီအထောက်အထားကတ်က တကယ့်အတိုင်းပဲ... သူက တကယ်ပဲ လူတစ်ယောက်ကို လာရှာ တာလား... ဒါပေမဲ့ ဒီလူ ရောက်လာတာက ထင်သလောက် မရိုးရှင်းဘူးလို့ ဘာလို့ ငါ ခံစားနေရတာ လဲ...*

အခြား သဲလွန်စမရှိသဖြင့် ဝူလျန်သည် အထောက်အထားကတ်ကို ဝူယဲ့ဟောင်အား ပြန်ပေးကာ မေးလိုက်လေသည်။

"ဘယ်လောက်ကြာကြာ နေဖို့ အစီအစဉ်ရှိလဲ..."

ဝူယဲ့ဟောင်က အထောက်အထားကတ်ကို ပြန်ယူရင်း ဖြေလိုက်လေ၏။

"ရှာနေတဲ့လူကို တွေ့တာနဲ့ ကျွန်တော်တို့ ချက်ချင်း ထွက်သွားမှာပါ..."

ထိုစကားကို ကြားသော် ဝူလျန်က စစ်သည်တစ်ဦးကို အမိန့်ပေးလိုက်လေသည်။

"သူတို့ကို နာမည်စာရင်းသွင်းဖို့ ခေါ်သွားပေးလိုက်..."

"ဟုတ်ကဲ့ ကပ္ပိတိန်..."

စစ်သည်က ပြန်ဖြေပြီးနောက် ဝူယဲ့ဟောင်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."

နောက်ဆုံးတွင် အထဲဝင်ခွင့် ရရှိသွားသည်ကို မြင်သောအခါ ဝူယဲ့ဟောင်သည် ဝူလျန်ကို တစ်ချက် ဝှေ့ကြည့်ကာ ကားအမိုးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေသည်။ ထို့နောက် သံချပ်ကာကား ခြောက်စီးသည် စစ်သည်၏ နောက်မှ အခြေစိုက်စခန်းအတွင်းသို့ ဖြည်းညင်းစွာ လိုက်ပါသွားလေ တော့သည်။

All Chapters