← Chapters

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း (၃၄၆) လာရောက်လည်ပတ်ခြင်း

လမ်းတစ်ဖက်ရှိ ဗီလာ၏ ဒုတိယထပ်တွင် ရပ်နေသော အမျိုးသားနှစ်ဦးသည် အောက်ဘက်တွင် ဖြစ် ပျက်နေသည်များကို စိတ်ဝင်စားစွာဖြင့် စူးစမ်းကြည့်ရှုနေခဲ့ကြလေသည်။

ဗီလာမှ ကုန်တင်ကား ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟွာရှန့်ယန်က မှတ်ချက်ပေးလိုက်လေသည်။

"ဒီမစ္စယောင်ကတော့ မရိုးရှင်းဘူးထင်တယ်..."

သူ့ဘေးတွင် ရပ်နေသော မူရှီးချန်က ဗီလာထဲသို့ ပြန်ဝင်သွားသည့် ရှီရွှမ်းကို စိုက်ကြည့်ရင်း ပြောလိုက် လေ၏။

"ရူဟန်က မစ္စယောင်ဆီကို ဘယ်တော့လောက် သွားလည်ဖို့ စီစဉ်ထားလဲဆိုတာ ကျွန်တော် သိချင် မိတယ်..."

သူ၏ မျက်မှန်ကို အသာပင့်ရင်း ဟွာရှန့်ယန်က ပြန်ဖြေလိုက်လေသည်။

"ဖြစ်နိုင်တာက သူက မစ္စယောင်ဆီကို သွားလည်ဖို့ အစကတည်းက စိတ်ကူးမရှိတာလည်း ဖြစ်နိုင် တယ်..."

မူရှီးချန်က ထိုစကားကြောင့် မျက်ခုံးပင့်လိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက စပ်စုလိုသော လေသံဖြင့် ပြောလိုက်လေသည်။

"သူက ကြင်ယာတွေ့တဲ့ ကိစ္စကိုပဲ စဉ်းစားနေတုန်းလား..."

ဟွာရှန့်ယန်က ပခုံးတွန့်ပြလိုက်၏။ ယောင်ရန်၏ ဗီလာကို ကြည့်ရင်း မူရှီးချန်က တိုးတိုးလေး ရေရွတ် လိုက်လေသည်။

"မစ္စယောင်မှာ ရည်းစားရှိနေပြီ မဟုတ်လား... ရူဟန်က အားနာလို့ သူမကို မနှောင့်ယှက်ချင်တာများ လား..."

စက္ကန့်အနည်းငယ်အကြာတွင် သူက ခေါင်းခါလျက် ထပ်ပြောလိုက်လေ၏။

"ရူဟန်ရဲ့ စရိုက်အရဆိုရင် သူက သူစိမ်းတစ်ယောက်ကို ဂရုစိုက်မယ့်သူ မဟုတ်ဘူး... သူ တစ်ခုခု ကြီးကြီးမားမား ကြံစည်နေတာလားမသိဘူး..."

မူရှီးချန်က တစ်ယောက်တည်း စကားပြောရင်း စပ်စုလိုစိတ် ပိုမိုပြင်းပြလာသည်ကို သတိပြုမိသဖြင့် ဟွာရှန့်ယန်က သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"မင်း အဲဒီလောက် သိချင်နေရင် ရူဟန်ကို တိုက်ရိုက်ပဲ မေးလိုက်ပါလား... ခန့်မှန်းနေတာထက် ပိုမြန်တာ ပေါ့..."

မူရှီးချန်သည် ထိုအကြံပြုချက်ကို ခဏမျှ စဉ်းစားပြီးနောက် ငြင်းပယ်လိုက်လေသည်။

"မလုပ်ပါဘူး... ရူဟန်က အခုထိ ငါတို့ကို မပြောသေးဘူးဆိုရင် သူ မပြောချင်လို့ပဲ... ငါ့ဘာသာငါပဲ စုံစမ်းတော့မယ်..."

မူရှီးချန်၏ ပြတ်သားမှုကို မြင်သောအခါ ဟွာရှန့်ယန်က အကြံပေးလိုက်လေသည်။

"မသိမသာလေးပဲ လုပ်နော်... တကယ်လို့ ရူဟန် သိသွားရင် သူက မင်းကို ထိုးဖို့ ဝန်လေးမှာ မဟုတ်ဘူး ဆိုတာ မင်း သိတယ်မလား..."

မူရှီးချန်က ထိုစကားကို မျက်လုံးလှန်ပြလိုက်လေသည်။

"တိုက်ခိုက်တဲ့နေရာမှာ ငါက ရူဟန်ထက် မနိမ့်ပါဘူးကွာ..."

ဤအေးစက်သော စီအီးအိုမှာ စိတ်တိုနေသည်ကို ခံစားမိသဖြင့် ဟွာရှန့်ယန်က ပြောလိုက်လေသည်။

"ငါ ဓာတ်ခွဲခန်းကို ပြန်တော့မယ်... မစ္စယောင်အကြောင်း တစ်ခုခု သိလာရင် ငါ့ကို အကြောင်းကြား ဦး..."

"အင်း..." ဟု မူရှီးချန်က ပြန်ဖြေလိုက်လေသည်။

ထို့နောက် ဟွာရှန့်ယန်သည် အခန်းထဲမှ ထွက်ခွာသွား၏။ ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် တစ်ယောက် တည်း ကျန်ရှိနေသော မူရှီးချန်သည် လမ်းတစ်ဖက်ရှိ ဗီလာကို ကြည့်ကာ မျက်ဝန်းများတွင် စပ်စုလိုစိတ် များဖြင့် ပြည့်နေလျက်ရှိတော့သည်။

သူက မေးစေ့ကို ပွတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေ၏။

"မင်း ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ ယောင်ရန်..."

တစ်ဖက်တွင်မူ ရှီရွှမ်းသည် ဧည့်ခန်းသို့ ပြန်ရောက်လာကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်... ခေါင်းဆောင် ခန့်မှန်းထားတဲ့အတိုင်းပဲ၊ လမ်းတစ်ဖက်မှာ နေတဲ့သူတွေက ကျွန်တော် တို့ကို စောင့်ကြည့်နေတုန်းပဲ..."

ယောင်ရန်သည် ထိုစကားကို ကြားသောအခါ သူမ၏ ရည်းစားကို ကြည့်ကာ မေးလိုက်လေသည်။

"အန်ကယ်ရွှီရဲ့ ဗီလာမှာ နေတဲ့သူတွေက ကျွန်မတို့ကို စောင့်ကြည့်နေတယ်လို့ ရှင် ထင်တာလား..."

လုံယုက ခေါင်းငြိမ့်ပြကာ ပြန်မေးလိုက်လေသည်။

"ကို တို့ ရောက်ကတည်းက မင်း တစ်ခုခု သတိမထားမိဘူးလား..."

ယောင်ရန်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေ၏။

"ကျွန်မတို့ နေအိမ်ထဲကို ရွှေ့တုန်းက တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုးတော့ ခံစားခဲ့ရ တယ်... ဒါပေမဲ့ အဲဒီလူဆီက ဘာရန်လိုတဲ့ စိတ်မှ မခံစားရလို့ ကျွန်မ ဒီတိုင်းပဲ လျစ်လျူရှုထားလိုက် တာ..."

လုံယုနှင့် ရှီရွှမ်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်ကို မြင်သောအခါ သူမက မေးလိုက်လေသည်။

"ကျွန်မ တစ်ခုခု လွဲချော်သွားလို့လား..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြန်ဖြေလိုက်လေသည်။

"မဟုတ်ဘူး... မင်း ဘာမှ မလွဲချော်ပါဘူး... ငါက သူတို့ ဘာလို့ ငါတို့ကိုပဲ စောင့်ကြည့်နေပြီး ဘာလှုပ်ရှား မှုမှ မလုပ်သေးတာလဲဆိုတာ သိချင်နေတာ..."

ထိုစကားကို ကြားသော် ယောင်ရန်သည် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့လေ၏။

သူမက သူတို့နှစ်ဦးအား ကြည့်ကာ အကြံပြုလိုက်လေသည်။

"ရှင်တို့ သိချင်နေရင် သူတို့ဆီကို သွားလည်လိုက်ရင်ရော ဘယ်လိုလဲ... ဘယ်သူပဲ နေနေ၊ အန်ကယ်ရွှီ ဆီကို သွားလည်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့က ကျွန်မတို့အပေါ် ဘာရည်ရွယ်ချက် ရှိလဲဆို တာ စစ်ဆေးလို့ ရတာပဲလေ..."

"ယောင်ရန်ရဲ့ အကြံက မဆိုးဘူးပဲ..." ဟု ရှီရွှမ်းက ပြောလိုက်လေသည်။

လုံယုက ခဏမျှ စဉ်းစားပြီး ပြောလိုက်လေ၏။

"ကောင်းပြီလေ... သူတို့ဆီ သွားလည်ကြတာပေါ့..."

အားလုံးက သဘောတူကြသဖြင့် ယောင်ရန်က ပြောလိုက်လေသည်။

"လူကြီးတစ်ယောက်ဆီကို သွားလည်မှာဆိုတော့ လက်ဗလာနဲ့တော့ မသွားသင့်ဘူး... ဘာယူသွားရင် ကောင်းမလဲဆိုတာ ရှင်တို့ အကြံပြုချင်တာ ရှိလား..."

ရှီရွှမ်းက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

"အခုအချိန်မှာ ဆေးဝါးက တန်ဖိုးအရှိဆုံးပဲ... ကျွန်တော်တို့က တပ်ကြပ်ရွှီဆီကို သွားလည်မှာဆိုတော့ ဆေးဝါးတွေ ဒါမှမဟုတ် အားဖြည့်အစားအစာတချို့ ယူသွားရင်ရော ဘယ်လိုလဲ..."

သူ၏ အကြံပြုချက်ကြောင့် ယောင်ရန်၏ မျက်လုံးများ ဝင်းလက်သွားခဲ့လေ၏။ သူမက ရှီရွှမ်းကို လက်မထောင်ပြကာ ပြောလိုက်လေသည်။

"သိပ်ကောင်းတဲ့ အကြံပဲ..."

ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ဂျင်ဆင်း၊ ပျားနို့၊ ငှက်သိုက်နှင့် အခြားသော ဆေးဖက်ဝင် အပင်များ အပါအဝင် အားဖြည့်ပစ္စည်း ပုံကြီးကို ထုတ်ယူလိုက်လေ၏။ အားဖြည့်ပစ္စည်းများချည်းပဲ ယူသွားရန် မသင့်တော်ဟု တွေးတောကာ ယောင်ရန်သည် လက်ဖက်ရည် အစုံလိုက်တစ်စုံနှင့် အရည် အသွေးမြင့် ဒါဟုန်ဖောင် လက်ဖက်ခြောက် တစ်ဗူးကိုလည်း ထပ်ထည့်လိုက်လေသည်။

ဧည့်ခန်းစားပွဲပေါ်တွင် ပုံနေသော လက်ဆောင်များကို ကြည့်ကာ ရှီရွှမ်းမှာ ဆွံ့အသွားခဲ့လေတော့သည်။ ခဏအကြာတွင် သူမနေနိုင်တော့ပဲ ပြောလိုက်လေသည်။

"ယောင်ရန်... ပထမဆုံး အကြိမ် သွားလည်တာကို အဲဒီလောက် အများကြီး ယူသွားဖို့ မလိုပါဘူး..."

ထိုစကားကို ကြားသော် ယောင်ရန်က ခေါင်းကို ကုတ်ကာ မေးလိုက်လေသည်။

"ဟုတ်လား... ဒါဆို ဘယ်လောက်လောက် ယူသွားရမလဲ..."

ရှီရွှမ်းက ငှက်သိုက်တစ်ဗူး၊ လက်ဖက်ရည် အစုံလိုက်နှင့် လက်ဖက်ခြောက်ဗူးကို သီးသန့် ခွဲထုတ်လိုက် လေသည်။ ထို့နောက် သူက ပြောလိုက်လေ၏။

"ဒီလောက်ဆိုရင် လုံလောက်ပါပြီ..."

ရှီရွှမ်း၏ လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုကို ယုံကြည်သဖြင့် ယောင်ရန်က ခေါင်းငြိမ့်ကာ ကျန်ရှိ သော ပစ္စည်းများကို နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။

လက်ဆောင်များ အဆင်သင့် ဖြစ်ပြီဆိုသော် လုံယုက ပြောလိုက်လေ၏။

"သွားကြစို့... ဘယ်သူက ငါတို့ကို စောင့်ကြည့်နေတာလဲဆိုတာ အမြန်ဆုံး သိရတာ ပိုကောင်းတာပေါ့..."

လက်ဆောင်များကို ကိုင်ဆောင်ကာ သူတို့ သုံးဦးသည် ဗီလာထဲမှ ထွက်လာခဲ့ကြလေတော့သည်။

လမ်းတစ်ဖက်ရှိ ဗီလာ၏ ဒုတိယထပ်တွင် မူရှီးချန်သည် သူတို့ ခြံတံခါးဆီသို့ လျှောက်လာသည်ကို မြင်သောအခါ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိလေသည်။ ယောင်ရန်က လူခေါ်ဘဲလ်ကို နှိပ်လိုက် သည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးကလေးတစ်ခု ပေါ်လာခဲ့လေတော့သည်။

မကြာမီမှာပင် အစေခံတစ်ဦး သူ၏အနားသို့ ရောက်လာကာ ပြောလာလေသည်။

"သခင်လေးမူ... ဧည့်သည်သုံးယောက်က တပ်ကြပ်ရွှီကို တွေ့ဖို့ ရောက်နေပါတယ်... ဒါပေမဲ့ တပ်ကြပ်ရွှီ က အိမ်မှာ မရှိပါဘူး... သူတို့ကို နောက်မှ ပြန်လာဖို့ ပြောလိုက်ရမလား..."

မူရှီးချန်က လက်ကို မြှောက်ကာ တားလိုက်ပြီး ပြောလိုက်လေ၏။

"မလိုဘူး... သူတို့ကို ဧည့်ခန်းထဲကို ခေါ်လာခဲ့လိုက်... ငါ သူတို့ကို တွေ့လိုက်မယ်..."

"ဟုတ်ကဲ့ သခင်လေးမူ..."

အစေခံက အနည်းငယ် ဦးညွှတ်ကာ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။ မူရှီးချန်သည် သူ၏ ဖုန်းကို ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေ၏။ စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းဝင်သွားလေသည်။

ခဏအကြာတွင် ဟွာရှန့်ယန်၏ အသံ ပေါ်လာခဲ့လေ၏။

"မင်း သိချင်နေတဲ့အရာကို ရှာတွေ့ပြီလား..."

မူရှီးချန်က ပြန်ဖြေလိုက်လေသည်။

"မတွေ့သေးဘူး... ဒါပေမဲ့ သူမ ဒီကို ရောက်နေပြီ..."

ဖုန်းအခြားတစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟွာရှန့်ယန်က မေးလိုက်လေသည်။

"သူက ဘာလို့ အဲဒီကို ရောက်နေတာလဲ..."

"အစေခံကတော့ သူမက အန်ကယ်ရွှီဆီကို လာလည်တာလို့ ပြောတာပဲ... ဒါပေမဲ့ ဒီနေရာကို လာရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ..."

မူရှီးချန်က သူ၏ အေးစက်သော အသံထဲတွင် စိတ်ဝင်စားမှုနှင့် စပ်စုလိုစိတ်များ ရောပြွမ်းလျက် ပြန် ဖြေလိုက်လေတော့သည်။

All Chapters